အခန်း ၂၃
ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
၁။ ဘုရားသခင်၏ မျက်မြင်မရ အဖွဲ့အစည်းနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။
ဘုရားသခင်၌ မျက်မြင်ရအဖွဲ့အစည်းတစ်ရပ်ရှိသည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သေချာသိနိုင်သနည်း။ အကြောင်းတစ်ခုမှာ ကိုယ်တော်၌ မျက်မြင်မရအဖွဲ့အစည်းတစ်ရပ်ရှိ၍ ဖြစ်သည်။ ယေဟောဝါသည် ခေရုဗိမ်၊ သရပ်နှင့် အခြားသော ကောင်းကင်တမန်များကို ဖန်ဆင်း၍ ကောင်းကင်၌ မိမိအလိုတော်ကို ထမ်းရွက်စေတော်မူ၏။ (ကမ္ဘာဦး ၃:၂၄; ဟေရှာယ ၆:၂၊ ၃; ဆာလံ ၁၀၃:၂၀) ယေရှုခရစ်သည် ထိုသူတို့အားလုံးအထက် ကောင်းကင်တမန်မင်း ဖြစ်တော်မူ၏။ (၁ သက်သာလောနိတ် ၄:၁၆; ယုဒ ၉; ဗျာဒိတ် ၁၂:၇) ကောင်းကင်တမန်များအား ‘ရာဇပလ္လင်၊ အစိုးရခြင်းတန်ခိုး၊ သခင်အရာ၊ အာဏာစက်’ များအဖြစ် ဖွဲ့စည်းထားသည်ဟု ကျမ်းစာဖော်ပြသည်။ (ကောလောသဲ ၁:၁၆; ဧဖက် ၁:၂၁) သူတို့အားလုံး ယေဟောဝါ၏ အမိန့်အတိုင်း အမှုတော်ထမ်းကြ၏။ စေခန့်ထားသော လုပ်ငန်းတော်ကို စည်းလုံးစွာ လုပ်ဆောင်ကြ၏။—ဒံယေလ ၇:၉၊ ၁၀; ယောဘ ၁:၆; ၂:၁။
၂။ စကြဝဠာကို ဘုရားသခင် ဖန်ဆင်းထားပုံက ဖွဲ့စည်းစီစဉ်မှုကို ကိုယ်တော် အလေးထားကြောင်း မည်သို့ ပြသ သနည်း။
၂ ဖွဲ့စည်းစီစဉ်မှုကို ဘုရားသခင် အလေးထားကြောင်း ကိုယ်တော်၏ ဖန်ဆင်းရာ ရုပ်လောကကိုကြည့်လျှင် သိနိုင်သည်။ ဥပမာ၊ စကြဝဠာအတွင်း ကြယ်သန်းကုဋေပေါင်းများစွာရှိပြီး ၎င်းတို့ကို ဂယ်လက်ဆီခေါ် အုပ်စုကြီးများအဖြစ်ဖွဲ့စည်းထားသည်။ ၎င်းတို့သည် အာကာသအတွင်း စနစ်တကျသွားလာ၏။ ၎င်းဂယ်လက်ဆီများအတွင်းရှိ ကြယ်များနှင့် ဂြိုဟ်များသည်လည်း ထို့အတူပင် သွားလာကြ၏။ ဥပမာ၊ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ကျွန်ုပ်တို့နှင့် အနီးဆုံးသော ကြယ်ဖြစ်သည့် နေကို တစ်နှစ်လျှင်တစ်ကြိမ် ပတ်၍နေ၏။ တစ်ပတ်ပတ်တိုင်း ၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်နှင့် ၄၅.၅၁ စက္ကန့်တိတိ ကြာ၏။ မှန်သည်၊ စကြဝဠာသည် အဆင့်မြင့်မားစွာ ဖွဲ့စည်းထားပေသည်!
၃။ ဘုရားသခင့် မျက်မြင်မရ ဖန်ဆင်းရာများနှင့် ရုပ်ပိုင်းစကြဝဠာအတွင်း ထူးခြားပြောင်မြောက်စွာ ဖွဲ့စည်းထားပုံက ကျွန်ုပ်တို့အား ဘာကိုသင်ကြားပေးသနည်း။
၃ ဘုရားသခင်၏ မျက်မြင်မရ ဖန်ဆင်းရာများနှင့် ရုပ်ပိုင်းဆိုင်ရာ စကြဝဠာအတွင်း ထူးခြားပြောင်မြောက်သော ဖွဲ့စည်းစီစဉ်ထားပုံက ကျွန်ုပ်တို့အား တစ်ခုခု သင်ပေးနေသလော။ မှန်ပေသည်၊ ယေဟောဝါဘုရားသခင်သည် အစီအစဉ်စနစ်ကျနသော ဘုရားသခင်ဖြစ်သည်ဟူသောအချက်ကို သင်ပေးနေ၏။ သို့ ဖြစ်၍ ဤသို့သောဘုရားသခင်သည် မိမိကို တကယ်ချစ်သော ကမ္ဘာသားများကို ညွှန်ကြားချက်မပေး၊ ဖွဲ့စည်းစီစဉ်မှုမရှိဘဲ ပစ်ထားမည်မဟုတ်။
ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း—အတိတ်ကာလနှင့် မျက်မှောက်ကာလ
၄၊ ၅။ အာဗြဟံနှင့် ဣသရေလလူမျိုးလက်ထက်၌ ဘုရားသခင်သည် မိမိလူမျိုးတော် စီစဉ်ဖွဲ့စည်းလျက် ဦးဆောင်တော်မူကြောင်း ကျွန်ုပ်တို့မည်သို့ သိရသနည်း။
၄ ကျမ်းစာက ယေဟောဝါသည် မိမိကျေးကျွန်များကို စနစ်တကျဖွဲ့စည်း၍ အစဉ်လမ်းညွှန်လာခဲ့ကြောင်း ပြ၏။ ဥပမာ၊ အာဗြဟံကဲ့သို့သော ယုံကြည်သူတို့သည် မိမိတို့၏ မိသားစုများ၊ ကျေးကျွန်သင်းပင်းတို့ကို ဦးစီး၍ ယေဟောဝါကို ကိုးကွယ်ခဲ့ကြသည်။ ယေဟောဝါသည် အာဗြဟံနှင့် စကားပြောခြင်းအားဖြင့် မိမိအလိုတော်ကို အသိပေးတော်မူ၏။ (ကမ္ဘာဦး ၁၂:၁) ၎င်းအကြောင်းကို အခြားသူများ သိရှိရန် ပို့ချပါဟုလည်း အာဗြဟံအား ဤသို့ မိန့်မှာတော်မူ၏– “[အာဗြဟံ] သည် မိမိနောက်၌ဖြစ်သော သားများ၊ အိမ်သူအိမ်သားများတို့အား ပညတ်၍ သူတို့သည် [ယေဟောဝါ] ၏ တရားလမ်းသို့လိုက် . . . ကြမည်အကြောင်း အာဗြဟံကို ငါ [သိမှတ်] ပြီ။” (ကမ္ဘာဦး ၁၈:၁၉၊ သမ္မာ) လူမျိုးတစ်ခုအနေဖြင့် ယေဟောဝါကို လျောက်ပတ်စွာ ဝတ်ပြုနိုင်ရန် အစီအစဉ်ကျနစွာ စီစဉ်လိုက်ခြင်းဖြစ်ပေသည်။
၅ နောက်ပိုင်း၌ ဣသရေလလူမျိုး လူဦးရေတိုးပွား၍ သန်းချီဖြစ်လာသောအခါ ယေဟောဝါသည် ကိုယ်စီကိုယ်စီ မိမိနည်း မိမိဟန်ဖြင့် ကိုးကွယ်ကြရန်၊ ဖွဲ့စည်းစီစဉ်မှုနှင့် သီးခြားနေကြရန် အခွင့်မပေးခဲ့။ ဣသရေလလူတို့သည် ဖွဲ့စည်းထားသော ကိုးကွယ်သူများတည်းဟူသော လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခံရကြလေသည်။ ဣသရေလလူမျိုးကို “ယေဟောဝါ၏အသင်းတော်” ဟုခေါ်သည်။ (တောလည်ရာ ၂၀:၄; ၁ ရာဇဝင်ချုပ် ၂၈:၈၊ ကဘ) အသင်သည် ထိုအချိန်၌ ယေဟောဝါကိုးကွယ်သူ အစစ်တစ်ဦးဖြစ်ခဲ့လျှင် ထိုကိုးကွယ်သူများ၏ အသင်းတော်တွင် ပါဝင်ခဲ့ရမည်ဖြစ်သည်။ တသီးတခြား နေခဲ့ရမည်မဟုတ်။—ဆာလံ ၁၄၇:၁၉၊ ၂၀။
၆။ (က) မိမိမျက်နှာသာတော်သည် ခရစ်တော်၏ နောက်တော်လိုက်များအပေါ် သက်ရောက်ကြောင်း ဘုရားသခင် မည်သို့ပြသသနည်း။ (ခ) ခရစ်ယာန်တို့သည် ကိုးကွယ်ဝတ်ပြုရေးအတွက် ဖွဲ့စည်းထားခံရကြောင်း အဘယ်သာဓကရှိသနည်း။
၆ ပထမရာစုမှာကော အခြေအနေ မည်သို့ရှိသနည်း။ ကျမ်းစာက ယေဟောဝါ၏ မျက်နှာသာတော်သည် သားတော်ယေရှုခရစ်၏ နောက်တော်လိုက်များအပေါ်တွင် ရှိသည်ဟု ပြဆို၏။ ယေဟောဝါသည် သူတို့အပေါ် မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူ၏။ ဣသရေလလူမျိုးကို မဟုတ်တော့ဘဲ ဤခရစ်ယာန်အဖွဲ့အစည်းကို မိမိအသုံးပြုလျက်ရှိကြောင်း ပြသသည့်အနေနှင့် ကနဦးခရစ်ယာန်အချို့အား အနာရောဂါ ပျောက်ကင်းစေခြင်း၊ လူသေများကို ထမြောက်စေခြင်းနှင့် အခြားအံ့ဖွယ်အမှုများကို ပြုနိုင်သော တန်ခိုးပေးတော်မူသည်။ ခရစ်ယာန်ဂရိကျမ်းစာများကို သင်ဖတ်သောအခါ ခရစ်ယာန်တို့သည် ကိုးကွယ်မှုအတွက် စနစ်တကျ ဖွဲ့စည်းထားသည်ဟူသောအချက်ကို အလေးမထားမိဘဲ နေမည်မဟုတ်။ ကိုးကွယ်မှုအတွက် စည်းဝေးကြရန်ပင် ပညတ်ထားခံရ၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ကြောင့် သင်သည် ပထမရာစုရှိ ယေဟောဝါကို အမှန်ကိုးကွယ်သူတစ်ဦးဖြစ်ခဲ့လျှင် ကိုယ်တော်၏ ခရစ်ယာန်အဖွဲ့အစည်းတွင် ပါဝင်ခဲ့ရပေမည်။
၇။ ယေဟောဝါသည် မည်သည့်ကာလ၌မျှ အဖွဲ့အစည်းတစ်ခုထက်ပို၍ မသုံးခဲ့ကြောင်း မည်သို့သိရသနည်း။
၇ ယေဟောဝါသည် တစ်ခေတ်ခေတ်အတွင်း အဖွဲ့အစည်းတစ်ခုထက်ပို၍ အသုံးပြုခဲ့ဖူးသလော။ နောဧလက်ထက်၌ နောဧအပြင်၊ နောဧနှင့်အတူ သင်္ဘောအတွင်း၌ရှိသောသူများကိုသာ ဘုရားသခင် ကာကွယ်၍ သူတို့သည် ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့ကြသည်။ (၁ ပေတရု ၃:၂၀) ပထမရာစုတွင်လည်း ခရစ်ယာန်အဖွဲ့အစည်းနှစ်ခု၊ သို့မဟုတ် ထိုထက်မက မရှိခဲ့ပါ။ ဘုရားသခင်သည် တစ်ခုတည်းနှင့်သာ ဆက်ဆံခဲ့သည်။ “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး” သာရှိခဲ့သည်။ (ဧဖက် ၄:၅) ကျွန်ုပ်တို့ခေတ်တွင်လည်း ဘုရားသခင့်လူမျိုးတော်အတွက် ဝိညာဏညွှန်ကြားချက် ဆင်းသက်ရာပင်ရင်းတစ်ခုတည်းသာရှိမည်ဖြစ်ကြောင်း ယေရှုခရစ် တင်ကူးမိန့်ကြားခဲ့သည်။
၈။ ကျွန်ုပ်တို့လက်ထက်၌ ကမ္ဘာပေါ်တွင် ဘုရားသခင့်မျက်မြင်ရ အဖွဲ့အစည်းတစ်ခုသာရှိမည်ဖြစ်ကြောင်း ယေရှု မည်သို့ပြဆိုခဲ့သနည်း။
၈ နိုင်ငံတော်အာဏာနှင့် မိမိရောက်ရှိခြင်းအကြောင်း မိန့်ဆိုရာ၌ ယေရှု ဤသို့ ဆိုခဲ့သည်– “အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန် [ကျွေးမွေး] စေခြင်းငှာ အအုပ်အချုပ် ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။” (မဿဲ ၂၄:၄၅-၄၇) ခရစ်တော်သည် ၁၉၁၄ ခုနှစ်တွင် နိုင်ငံတော်အာဏာနှင့် ပြန်ရောက်လာသောအခါ ဝိညာဏ “အစားအသောက်”၊ သို့မဟုတ် သိအပ်ဖွယ်သတင်းများကို ပေးလျက်ရှိသော ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ အတန်းအစားတစ်ခုကို တွေ့ခဲ့ပါသလော။ တွေ့ခဲ့ပါသည်။ ၁၄၄,၀၀၀ သောမိမိ ‘ညီတော်’ များထဲမှ အကြွင်းအကျန်ဖြင့် ဖွဲ့စည်းထားသည့် ထိုသို့သော “ကျွန်” တစ်ဦးကို တွေ့ရှိခဲ့သည်။ (ဗျာဒိတ် ၁၂:၁၀; ၁၄:၁၊ ၃) ၁၉၁၄ ခုနှစ်မှစ၍ လူသန်းပေါင်းများစွာလည်း သူတို့စီမံပေးသော ‘အစာ’ ကို လက်ခံစားသုံး၍ သူတို့နှင့်အတူ စစ်မှန်သောဘာသာကို လိုက်စားလာခဲ့ကြပြီ။ ဘုရားသခင့်ကျေးကျွန်များ၏ ၎င်းအဖွဲ့အစည်းကို ယေဟောဝါသက်သေများဟု အများသိကြသည်။
၉။ (က) ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါသက်သေများဟူသောအမည်ကို အဘယ်ကြောင့် ဆောင်ထားသနည်း။ (ခ) သူတို့သည် မိမိတို့၏ ဝတ်ပြုရာနေရာကို နိုင်ငံတော်ခန်းမဟု အဘယ်ကြောင့် ခေါ်ကြသနည်း။
၉ ယေဟောဝါသက်သေများသည် ပြုလေရာရာ၌ ဘုရားသခင်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လမ်းညွှန်မှုကို အားထားကြသည်။ ယေဟောဝါသက်သေဟူသော သူတို့၏နာမည်ကိုယ်၌က သူတို့၏ အဓိကအလုပ်မှာ ခရစ်တော်ပြုခဲ့သကဲ့သို့ ယေဟောဝါဘုရားသခင်၏နာမတော်နှင့် နိုင်ငံတော်အတွက် သက်သေခံရန်ဖြစ်ကြောင်း ပြသနေသည်။ (ယောဟန် ၁၇:၆; ဗျာဒိတ် ၁:၅) ထို့ ပြင် သူတို့၏ကိုးကွယ်မှုအတွက် စုဝေးသည့်နေရာကိုလည်း နိုင်ငံတော်ခန်းမဟု ခေါ်၏။ အဘယ့်ကြောင့်ဆိုသော် မေရှိယ သို့မဟုတ် ခရစ်တော်အုပ်စိုးသော ဘုရားသခင့်နိုင်ငံတော်သည် ကျမ်းစာတစ်အုပ်လုံး၏ ခေါင်းစဉ်ဖြစ်သောကြောင့်တည်း။ ပထမရာစု ခရစ်ယာန်ဘာသာသည် ဘုရားသခင့်မျက်နှာသာ ရရှိခဲ့ကြောင်း ထင်ရှားသဖြင့် ယေဟောဝါသက်သေများလည်း မိမိတို့၏အဖွဲ့အစည်းကို ထိုပုံစံအတိုင်း ဖွဲ့စည်းကြ၏။ ကနဦးခရစ်ယာန်အဖွဲ့အစည်းအကြောင်းကို အကျဉ်းချုပ် သုံးသပ်ကြည့်ကာ ယနေ့ ဘုရားသခင့်မျက်မြင်ရ အဖွဲ့အစည်းနှင့် မည်သို့ဆင်တူကြောင်းကို မှတ်သားကြစို့။
ပထမရာစု နမူနာ
၁၀။ ပထမရာစု ခရစ်ယာန်အဖွဲ့အစည်း၏ လက္ခဏာအချို့မှာ အဘယ်နည်း။
၁၀ ပထမရာစုတွင် ခရစ်ယာန်များ မည်သည့်နေရာ၌ ရှိစေကာမူ ကိုးကွယ်မှုအတွက် အုပ်စုအလိုက် စည်းဝေးကြ၏။ ၎င်းအသင်းတော်များသည် ပေါင်းသင်းဆက်ဆံရန်နှင့် သင်ကြားလေ့လာရန် မှန်မှန်စည်းဝေးကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူတို့၏ အဓိကလုပ်ငန်းမှာ ခရစ်တော်ပြုသကဲ့သို့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ခြင်း ဖြစ်သည်။ (မဿဲ ၄:၁၇; ၂၈:၁၉၊ ၂၀) အသင်းတော်သားတစ်ဦး ဆိုးသောနေထိုင်ပုံဘက် လှည့်သွားလျှင် သူ့ကို အသင်းတော်မှ ဖယ်ထုတ်ပါသည်။—၁ ကောရိန္သု ၅:၉-၁၃; ၂ ယောဟန် ၁၀၊ ၁၁။
၁၁၊ ၁၂။ (က) ရှေးခရစ်ယာန်အသင်းတော်များသည် ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် “အသက်ကြီးသူများ” ထံမှ လမ်းပြညွှန်ကြားမှုရရှိကြောင်း အဘယ်အချက်က သက်သေတင်ပြသနည်း။ (ခ) “သီအိုကရက်တစ်” ညွှန်ကြားမှုဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။ (ဂ) ထိုညွှန်ကြားချက်ကို အသင်းတော်များ လက်ခံကြသဖြင့် အဘယ်အကျိုးများ ဖြစ်ပေါ်လာခဲ့သနည်း။
၁၁ ပထမရာစု ခရစ်ယာန်အသင်းတော်များသည် မိမိတို့ဘာသာမိမိတို့ အမှုကိစ္စများကို စီရင်ဆုံးဖြတ်လျက် တသီးတခြားစီ နေကြသလော။ ထိုသို့မဟုတ်။ ကျမ်းစာက သူတို့သည် တစ်ပါးတည်းသော ခရစ်ယာန်ယုံကြည်ခြင်း၌ စည်းလုံးလျက်ရှိသည်ဟု ဆိုထားသည်။ အသင်းတော်အားလုံးတို့သည် ပင်ရင်းတစ်နေရာတည်းမှ လမ်းပြညွှန်ကြားချက်များ ရရှိကြသည်။ သို့နှင့် အရေဖျားလှီးခြင်းကိစ္စနှင့်ပတ်သက်သော အငြင်းပွားမှုတစ်ရပ် ပေါ်လာသောအခါ အသင်းတော်များ၊ သို့မဟုတ် ပုဂ္ဂိုလ်များသည် မိမိတို့ဘာသာမိမိတို့ မည်သို့ပြုရမည်ကို မဆုံးဖြတ်ခဲ့ကြချေ။ ထိုသို့ပြုမည့်အစား တမန်တော်ပေါလု၊ ဗာနဗနှင့်အခြားပုဂ္ဂိုလ်တို့ကို “ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ် [အသက်ကြီးသူများ၊ ကဘ] ထံသို့သွား” ရန် စီစဉ်ကြ၏။ ထိုဝါရင့်သူ ယောက်ျားတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် “သန့်ရှင်းသောဝိညာဉ်တော်” ထောက်မမှုဖြင့် ထိုပြဿနာကို ဆွေးနွေးဆုံးဖြတ်ပြီးနောက် သစ္စာရှိယောက်ျားတို့ကို စေလွှတ်၍ အသင်းတော်များကို အကြောင်းကြားလေ၏။—တမန်တော် ၁၅:၂၊ ၂၇-၂၉။
၁၂ အသင်းတော်များသည် ဤသီအိုကရက်တစ်ကျသော၊ သို့မဟုတ် ဘုရားပေးလမ်းပြ ညွှန်ကြားချက်တို့ကို လက်ခံကြသောအခါ မည်သည့်အကျိုး ဖြစ်ထွန်းလာသနည်း။ ကျမ်းစာက ဤသို့တင်ပြသည်– “သူတို့ [တမန်တော်ပေါလုနှင့် အပေါင်းပါများ] သည် မြို့များကို လျှောက်သွားစဉ်တွင် ယေရုရှလင်မြို့၌နေသော တမန်တော်တို့နှင့် သင်းအုပ် [အသက်ကြီးသူများ၊ ကဘ] တို့သည်စီရင်သော ပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။ ထိုသို့ အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။” (တမန်တော် ၁၆:၄၊ ၅) မှန်သည်၊ အသင်းတော်အားလုံးသည် ယေရုရှလင်မြို့ရှိ အသက်ကြီးသူများအဖွဲ့ ဆုံးဖြတ်သည့်အတိုင်း လိုက်နာစောင့်ရှောက်ကြသဖြင့် ယုံကြည်ခြင်း ပို၍ခိုင်မြဲလာခဲ့ကြသည်။
ယနေ့ သီအိုကရက်တစ်ညွှန်ကြားမှု
၁၃။ (က) ယနေ့ ဘုရားသခင့်မျက်မြင်ရ အဖွဲ့အစည်းသည် ကမ္ဘာ့ မည်သည့်ဒေသနှင့် မည်သည့်အဖွဲ့မှတစ်ဆင့် လမ်းညွှန်မှုကို ရရှိကြသနည်း။ (ခ) အုပ်ချုပ်ရေးအဖွဲ့သည် ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ နှင့် မည်သို့ဆက်စပ်မှုရှိသနည်း။
၁၃ ယနေ့ ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းသည်လည်း သီအိုကရက်တစ် လမ်းပြညွှန်ကြားမှုတို့ကို ရရှိ၏။ ဘရုတ်ကလင်၊ နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်၌ ကမ္ဘာ့အစိတ်အပိုင်းအသီးသီးမှ အသက်ကြီးသော ခရစ်ယာန်ယောက်ျားများဖြင့် ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့တစ်ခုရှိသည်။ ၎င်းအဖွဲ့သည် ဘုရားသခင့်လူမျိုးတော်၏ ကမ္ဘာချီလုပ်ငန်းဆောင်တာများကို လိုအပ်သလို ကြီးကြပ်ပေးသည်။ ၎င်းအုပ်ချုပ်ရေးအဖွဲ့သည် ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး ထိုသစ္စာရှိ “ကျွန်” ၏ ပြောဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်သည်။
၁၄။ ဘုရားသခင့်လူမျိုးတော်၏ အုပ်ချုပ်ရေးအဖွဲ့သည် ဆုံးဖြတ်ရာ၌ အဘယ်အရာကို အားထားသနည်း။
၁၄ ထိုအုပ်ချုပ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်များသည် ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အသက်ကြီးသူများကဲ့သို့ ဘုရားသခင့်အမှုတော်၌ အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိခဲ့ကြပြီ။ သို့သော် သူတို့သည် ဆုံးဖြတ်ရာ၌ လူ့ပညာကို အားမထားကြပါ။ သီအိုကရက်တစ်ကျကျ အုပ်ချုပ်မှုကို ခံရသည်နှင့်အမျှ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ပေါ် အခြေပြုပြီး သန့်ရှင်းသောဝိညာဉ်တော် ညွှန်ကြားမှုအောက်၌ ဆုံးဖြတ်မှုကိုပြုသော ယေရုရှလင်မြို့ရှိ ကနဦးအုပ်ချုပ်ရေးအဖွဲ့၏ စံနမူနာကို လိုက်ကြသည်။—တမန်တော် ၁၅:၁၃-၁၇၊ ၂၈၊ ၂၉။
ကမ္ဘာချီ အဖွဲ့အစည်းတစ်ရပ်ကို ညွှန်ပြခြင်း
၁၅။ ဆုံးခန်းကာလတွင် ဘုရားသခင်သည် ကမ္ဘာပေါ်၌ ကြီးမားသည့် အဖွဲ့အစည်းတစ်ရပ်ရှိမည်ကို မဿဲ ၂၄:၁၄ ပါ ယေရှု၏စကားက ပြဆိုထားသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၁၅ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့” ဟူ၍ ယေရှုခရစ် မိန့်တော်မူရာ၌ ဆုံးခန်းချိန်အတွင်း ကမ္ဘာပေါ်တွင် ဘုရားသခင်ပိုင်ဆိုင်မည့်အဖွဲ့အစည်းသည် အရွယ်အစား မည်မျှရှိမည်ကို အရိပ်အမြွက်ပြတော်မူခဲ့၏။ (မဿဲ ၂၄:၁၄) ဘုရားသခင်၏ တည်ထောင်ပြီးသော နိုင်ငံတော်အကြောင်းကို သန်းထောင်ပေါင်းများစွာသော ကမ္ဘာ့လူဦးရေအား ပြောကြားခြင်းသည် မည်မျှကြီးမားသောအလုပ်ဖြစ်သည်ကို စဉ်းစားကြည့်ပါ။ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းပြညွှန်ကြားချက်တို့ကို အားထားသော ခေတ်သစ်ခရစ်ယာန်အဖွဲ့အစည်းသည် ထိုကြီးမားသောလုပ်ငန်းကို လုပ်ကိုင်ရန် အသင့်ပြင်ဆင်ထားသလော။
၁၆။ (က) ယေဟောဝါသက်သေများသည် ပုံနှိပ်စက်ရုံကြီးအများအပြားကို အဘယ်ကြောင့် ထူထောင်ခဲ့ကြသနည်း။ (ခ) ထိုစက်ရုံများမှ အဘယ်အရာများကို ထုတ်လုပ်သနည်း။
၁၆ ယခု ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်း၊ နေရာဒေသ၊ ကျွန်းကြီးကျွန်းငယ်ပေါင်း ၂၀၀ ကျော်တွင် နိုင်ငံတော်သတင်း ဟောပြောလျက်ရှိပြီ။ ယင်းလုပ်ငန်း အောင်မြင်ရေးအတွက် [၁၉၉၃ ခုနှစ်တွင်] ၄,၇၀၀,၀၀၀ မကသော နိုင်ငံတော်ကြေညာသူများကို ကူညီပံ့ပိုးသည့်အနေနှင့် နိုင်ငံများစွာတို့တွင် ကြီးမားသောပုံနှိပ်စက်ရုံများကို ထူထောင်ထားပြီ။ ထိုစက်ရုံများမှ ကျမ်းစာနှင့် ကျမ်းစာစာပေများကို အမြောက်အမြား ပုံနှိပ်ထုတ်ဝေနေသည်။ နေ့စဉ် ပျမ်းမျှခြင်း ကင်းမျှော်စင် နှင့် နိုးလော့!မဂ္ဂဇင်း နှစ်သန်းကျော် ပုံနှိပ်ဖြန့်ချိလျက်ရှိသည်။
၁၇။ (က) ကျမ်းစာဆိုင်ရာ ဤစာအုပ်ကို အဘယ်ကြောင့် ပြုစုရခြင်းဖြစ်သနည်း။ (ခ) ဘာကိုလုပ်ကိုင်ရန် သင့်အား ခေါ်ဖိတ်သနည်း။
၁၇ ထိုကျမ်းစာစာပေအားလုံးတို့သည် ယေဟောဝါ၏ မြင့်မြတ်သောရည်ရွယ်ချက်များကို အခြားသူများ တိုး၍ သိရှိစေရေးအတွက် ထောက်ကူသည့်အနေနှင့် ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ “ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း” ဟူသော စကားလုံးများသည် ကင်းမျှော်စင်မဂ္ဂဇင်းခေါင်းစဉ်၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ ဤကျမ်းစာစာပေများကို ဝေငှခြင်း၊ ၎င်းတွင်ပါရှိသော ကျမ်းစာအမှန်တရားများကို အခြားသူများအား ရှင်းပြခြင်းအလုပ်တွင် အသင်လည်းပါဝင်ရန် ကျွန်ုပ်တို့ ခေါ်ဖိတ်ပါသည်။ ဥပမာ၊ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသော ဤစာအုပ်မှ သိရှိခဲ့ရာများကို အသင်ပြန်ပြောပြနိုင်မည့် သူတစ်ယောက်ယောက် ရှိသလော။
၁၈။ (က) ယနေ့ ဘုရားသခင့် အဖွဲ့အစည်းသည် မည်သို့သော အဖွဲ့အစည်းဖြစ်သနည်း။ (ခ) ယခု ဘုရားသခင့် လူမျိုးတော်သည် အဘယ်ကြောင့် အားပေးတိုက်တွန်းမှု များစွာလိုအပ်နေသနည်း။
၁၈ ယနေ့ ဘုရားသခင့်အဖွဲ့အစည်းသည် ပထမရာစုမှာကဲ့သို့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံထားသော နိုင်ငံတော် ဟောပြောသူများအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ဤဟောပြောခြင်းလုပ်ငန်းတွင် အသင်းသားများအားလုံး ပါဝင်ရေးအတွက် အကူအညီပေးရန် ၎င်းကို တည်ထောင်ထားခြင်းဖြစ်သည်။ စာတန်နှင့် စာတန်သြဇာလွှမ်းမိုးနိုင်သောသူများက နိုင်ငံတော်သတင်းကို အတိုက်အခံပြုကြသောကြောင့် အသင်းသားများသည် အားပေးတိုက်တွန်းမှုနှင့် ဝိညာဏခွန်အား များစွာ လိုအပ်ပါသည်။ ထိုသို့ ဆန့်ကျင်တိုက်ခိုက်သူတို့သည် ယေရှုကို နိုင်ငံတော်အကြောင်း ဟောပြောသည့်အတွက် သတ်ခဲ့ကြသည်။ ယေရှု၏ နောက်တော်လိုက်များလည်း နှိပ်စက်ခံရမည်ဟု ကျမ်းစာ သတိပေးထားသည်။—ယောဟန် ၁၅:၁၉၊ ၂၀; ၂ တိမောသေ ၃:၁၂။
၁၉။ (က) ဘုရားသခင့် လူမျိုးတော်ကို ကူညီအားပေးရန် မည်သူများအား စီစဉ်ပေးထားသနည်း။ (ခ) အသင်းတော်ကို ပျက်စီးစေနိုင်သော မကောင်းသည့်သြဇာများမှ အသင်းတော်ကို မည်သို့ကာကွယ်သနည်း။
၁၉ ပထမရာစုမှာကဲ့သို့ ယနေ့လည်း အသင်းတော်တစ်ခုစီကို ကူညီအားပေးရန် “အသက်ကြီးသူများ” သို့မဟုတ် အကြီးအကဲများကို ခန့်အပ်ထားသည်။ သူတို့သည် ကျမ်းစာသြဝါဒကို သုံးကာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ရန် သင့်အားလည်း ကူညီပေးနိုင်သည်။ ဤအကြီးအကဲများသည် ‘ဘုရားသခင့်သိုးတော်စု’ ကိုလည်း ကာကွယ်ကြသည်။ အသင်းတော်သားတစ်ဦး ဆိုးသောအသက်တာလမ်းစဉ်သို့ လှည့်သွားပြီး မပြုပြင်လိုပါက “အသက်ကြီးသူများ” သည် ထိုသို့သောသူကို အသင်းတော်မှ နှင်ထုတ်ကြသည်။ သို့ပြုခြင်းဖြင့် ကျန်းခံ့၍ ဝိညာဉ်ရေးဘက် သန့်ရှင်းသောအသင်းတော်အဖြစ် ဆက်လက်ထိန်းသိမ်းကြသည်။—တိတု ၁:၅; ၁ ပေတရု ၅:၁-၃; ဟေရှာယ ၃၂:၁၊ ၂; ၁ ကောရိန္သု ၅:၁၃။
၂၀။ (က) ပထမရာစုတွင် ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့က မည်သူများကို စေလွှတ်ခဲ့ကြသနည်း။ အဘယ်အတွက်နည်း။ (ခ) ယနေ့ အုပ်ချုပ်ရေးအဖွဲ့သည် မည်သူများကို စေလွှတ်သနည်း။
၂၀ ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့သည် ပေါလုနှင့် သိလစသော အထူးကိုယ်စားလှယ်တို့ကိုစေလွှတ်၍ ဘုရားသခင့်လူမျိုးတော်ကို ညွှန်ကြားချက်များပေးပို့ကာ အားပေးတိုက်တွန်းသည့်နည်းတူ ယနေ့ အုပ်ချုပ်ရေးအဖွဲ့သည်လည်း ဤဆုံးခန်းကာလအတွင်း ပြုလျက်ရှိသည်။ (တမန်တော် ၁၅:၂၄-၂၇၊ ၃၀-၃၂) တိုက်နယ်ကြီးကြပ်မှူးဟုခေါ်သော အတွေ့အကြုံရင့်ကျက်သည့် ဓမ္မအမှုဆောင်တစ်ဦးကို သူ၏တိုက်နယ်အတွင်းရှိ အသင်းတော်တစ်ခုစီသို့ တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ရက်သတ္တပတ် တစ်ပတ်ကြာနေထိုင်ရန် စေလွှတ်လျက်ရှိသည်။
၂၁။ တိုက်နယ်ကြီးကြပ်မှူးများသည် ဘုရားသခင့်လူမျိုး အသင်းတော်ကို မည်သို့ကူညီသနည်း။
၂၁ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၇၀,၀၀၀ ကျော်ရှိသည်။ ၎င်းတို့ကို အသင်းတော် ၂၀ ခန့်စီရှိသော တိုက်နယ်များအဖြစ် ပိုင်းခြားဖွဲ့စည်းထားသည်။ တိုက်နယ်ကြီးကြပ်မှူးသည် မိမိတိုက်နယ်အတွင်းရှိ အသင်းတော်များသို့ လည်ပတ်သောအခါ နိုင်ငံတော်သက်သေခံများနှင့်အတူ လက်တွေ့ ကွင်းဆင်းပြီး ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို လက်တွဲဆောင်ရွက်ခြင်းဖြင့် သူတို့ကို တည်ဆောက်ပေးသည်။ ဤနည်းဖြင့် သူတို့ကို စေ့ဆော်အားပေးရုံမက သူတို့၏ ဓမ္မအမှုတော်တွင် တိုးတက်နိုင်ရန် အထောက်အကူဖြစ်စေသည့် အကြံဉာဏ်များလည်းပေးသည်။—တမန်တော် ၂၀:၂၀၊ ၂၁။
၂၂။ (က) ဘုရားသခင့် လူမျိုးကို အားပေးရန် တစ်နှစ် နှစ်ကြိမ် အဘယ်အရာ စီစဉ်ထားသေးသနည်း။ (ခ) သင့်အား အဘယ်အတွက် ဖိတ်ကြားသနည်း။
၂၂ တိုက်နယ်တစ်ခုစီရှိ အသင်းတော်များသည် များသောအားဖြင့် တစ်နှစ်လျှင်နှစ်ကြိမ်၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာစည်းဝေးပွဲများတွင် တွေ့ဆုံကြသည်ဖြစ်၍ အားပေးတိုက်တွန်းမှုကို ထပ်လောင်းရရှိ၏။ ထိုအခါများတွင် လူနှစ်ရာသုံးရာမှ ၂,၀၀၀၊ သို့မဟုတ် ၂,၀၀၀ ကျော်အထိ ရောက်ရှိလာကြသည်။ သင့်ဒေသအတွင်းကျင်းပမည့် နောက်စည်းဝေးပွဲကို တက်ရောက်ရန် သင့်အား ခေါ်ဖိတ်ပါသည်။ ၎င်းစည်းဝေးပွဲသည် ဝိညာဉ်ရေး လန်းဆန်းဖွယ်ဖြစ်ပြီး သင်ကိုယ်၌ အကျိုးခံစားရမည်ကို ကျွန်ုပ်တို့ စိတ်ချယုံကြည်ပါသည်။
၂၃။ (က) တစ်နှစ်တစ်ကြိမ် အဘယ်စည်းဝေးခြင်းများ ကျင်းပသေးသနည်း။ (ခ) ထိုစည်းဝေးကြီးများမှ တစ်ခုတွင် ပရိသတ်မည်မျှ ပါဝင်ခဲ့သနည်း။
၂၃ ထို့ပြင် ခရိုင်စည်းဝေးပွဲကြီးဟုခေါ်သော သာ၍ကြီးသော စည်းဝေးကိုလည်း တစ်နှစ်တစ်ကြိမ် ရက်အတန်ကြာ ကျင်းပပါသည်။ ထိုသို့သောစည်းဝေးပွဲကြီးသည် မည်မျှပျော်ရွှင်ချမ်းမြေ့ဖွယ်၊ ဝိညာဉ်ရေးအကျိုးပြုဖွယ်ဖြစ်သည်ကို သင်ကိုယ်တိုင် ကြိုးစားတက်ရောက် လေ့လာကြည့်ပါလေ။ အချို့နှစ်များတွင် ခရိုင်စည်းဝေးပွဲကြီးများအစား၊ ထို့ထက်ကြီးသော ပြည်လုံးကျွတ်၊ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများ ကျင်းပခဲ့သည်လည်းရှိသည်။ ၁၉၅၈ ခုနှစ်တွင် နယူးယောက်မြို့ ရန်ကီအားကစားရုံနှင့် ပိုလိုအားကစားကွင်း၌ ရှစ်ရက်တိုင်တိုင်ကျင်းပသော စည်းဝေးပွဲကြီးသည် အကြီးဆုံးဖြစ်သည်။ ထိုအချိန်တွင် “ဘုရားသခင်နိုင်ငံတော် အုပ်ချုပ်ပြီ–ကမ္ဘာကုန်လုပြီလော” ဟူသော လူထုဟောပြောပွဲသို့ လူပေါင်း ၂၅၃,၉၂၂ ယောက် တက်ရောက်ခဲ့ကြသည်။ ထိုအချိန်နောက်ပိုင်း ဤမျှကြီးမားသော လူထုပရိသတ် ဝင်ဆံ့နိုင်သောနေရာမရှိသဖြင့် အချက်အခြာကျသော မြို့ကြီးများ၌ စည်းဝေးပွဲကြီးများ ကျင်းပရန် စီစဉ်လာခဲ့ရသည်။
အသင်းတော်အတွင်း ကျင်းပသော စည်းဝေးများ
၂၄။ ဘုရားသခင့်လူမျိုး အသင်းတော်သည် အဘယ်ပတ်စဉ် စည်းဝေးငါးရပ်ကို ပြုလုပ်ကြသနည်း။
၂၄ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့သည် ယေဟောဝါလူမျိုးများ၏ အသင်းတော်အားလုံးတွင် တစ်မျိုးတည်း ကျင်းပပြုလုပ်သော ကျမ်းစာသွန်သင်ခြင်း အစီအစဉ်ကိုလည်း စီစဉ်ပေးသည်။ အသင်းတော်တစ်ခုစီ၌ ရက်သတ္တပတ် တစ်ပတ်လျှင် စည်းဝေးငါးရပ်ရှိသည်။ ၎င်းတို့မှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော်စည်းဝေး၊ လူထုစည်းဝေး၊ ကင်းမျှော်စင် သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းများ ဖြစ်ကြသည်။ ထိုစည်းဝေးများအကြောင်း အသင်ကောင်းစွာ သိချင်မှ သိမည်ဖြစ်သောကြောင့် ၎င်းတို့ကို အကျဉ်းချုပ် ဖော်ပြပါမည်။
၂၅၊ ၂၆။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးတို့သည် အဘယ်ရည်ရွယ်ချက်ကို ပြီးမြောက်စေသနည်း။
၂၅ သီအိုကရက်တစ် ဓမ္မအမှုကျောင်းသည် ကျောင်းသားများအား ဘုရားသခင့် နိုင်ငံတော်အကြောင်း ထိရောက်စွာ ပြောနိုင်ရန် အထောက်အကူပြုရေးအတွက် စီမံထားခြင်းဖြစ်သည်။ ကျောင်းစာရင်းဝင်သူတို့သည် အခါအားလျော်စွာ ပရိသတ်တစ်ရပ်လုံးအား ကျမ်းစာပါအကြောင်းတစ်ခုခုပေါ်မူတည်၍ တိုတောင်းသောဟောပြောချက်များကို ပေးရသည်။ ထို့နောက် အတွေ့အကြုံရင့်ကျက်သော အကြီးအကဲတစ်ယောက်က တိုးတက်ရာ တိုးတက်ကြောင်းအတွက် အကြံပြု၏။
၂၆ များသောအားဖြင့် ထိုနေ့ညနေ၌ပင် လုပ်ငန်းတော်စည်းဝေးကို ကျင်းပ၏။ ၎င်းစည်းဝေးအတွက် အောက်လိုင်းကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်၌ တင်ပြထားသည်။ ၎င်းစာစောင်မှာ အုပ်ချုပ်ရေးအဖွဲ့ တည်းဖြတ်သော နှစ်မျက်နှာ၊ သို့မဟုတ် ထိုထက်မကရှိသော လစဉ်ထုတ်စာစောင်ဖြစ်သည်။ ၎င်းစည်းဝေးတွင် နိုင်ငံတော်သတင်းကို ထိရောက်စွာပြောဆိုပုံဆိုင်ရာ လက်တွေ့ကျသည့် အကြံဉာဏ်များနှင့် လက်တွေ့သာဓကများကို တင်ဆက်ပါသည်။ ထိုနည်းတူ ခရစ်တော်ကလည်း မိမိနောက်တော်လိုက်များကို အားပေးတိုက်တွန်း၍ ဓမ္မအမှုတော်ကို မည်သို့ထမ်းရွက်ရမည်အကြောင်း သွန်သင်ပြသတော်မူခဲ့သည်။—ယောဟန် ၂၁:၁၅-၁၇; မဿဲ ၁၀:၅-၁၄။
၂၇၊ ၂၈။ လူထုစည်းဝေး၊ ကင်းမျှော်စင်သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းတို့သည် မည်သို့သော စည်းဝေးများနည်း။
၂၇ လူထုစည်းဝေးနှင့် ကင်းမျှော်စင်သင်တန်းတို့ကို အများအားဖြင့် တနင်္ဂနွေနေ့တွင် ကျင်းပသည်။ လူထုစည်းဝေးမှာ အရည်အချင်းပြည့် ဓမ္မအမှုဆောင်တစ်ဦးတင်ပြသော ကျမ်းစာဟောပြောချက်တစ်ခုဖြစ်ပြီး စိတ်ဝင်စားသူ လူသစ်များကို တက်ရောက်ရန် အထူးခေါ်ဖိတ်ကြသည်။ ကင်းမျှော်စင်သင်တန်းမှာ ကင်းမျှော်စင်မဂ္ဂဇင်း လထုတ်သစ်တစ်ခုမှ ကျမ်းစာဆောင်းပါးတစ်ခုကို အမေးအဖြေဆွေးနွေးခြင်းဖြစ်သည်။
၂၈ အသင်းတော်တစ်ရပ်လုံးသည် အထက်ပါစည်းဝေးများအတွက် နိုင်ငံတော်ခန်းမတစ်ခုတွင် စည်းဝေးကြသော်လည်း ပတ်စဉ်အသင်းတော်စာအုပ်ကြီးသင်တန်းအတွက်မူ အုပ်စုငယ်ဖွဲ့ ၍ ကိုယ်ပိုင်နေအိမ်များ၌ ကျင်းပကြပါသည်။ အသင် ယခုဖတ်နေသော ဤစာအုပ်ကဲ့သို့သော ကျမ်းစာနားလည်ရန်ထောက်ကူသည့် စာအုပ်တစ်အုပ်အုပ်ကိုမူတည်၍ တစ်နာရီခန့် ကျမ်းစာဆွေးနွေးပွဲ ပြုလုပ်ကြပါသည်။
၂၉။ (က) ခရစ်ယာန်စစ်များသည် အဘယ်အောက်မေ့ရာပွဲကို နှစ်စဉ်ကျင်းပကြသနည်း။ (ခ) မုန့်နှင့်စပျစ်ရည်ကို မည်သူတို့ ထိုက်ထိုက်တန်တန် သုံးဆောင်ကြသနည်း။
၂၉ ယေဟောဝါသက်သေများသည် အထက်ပါစည်းဝေးများကို မှန်မှန်ပြုလုပ်သည့်အပြင် ယေရှု အသေခံတော်မူရာ နှစ်ပတ်လည်နေ့တွင်လည်း အထူးစည်းဝေးတစ်ရပ် ကျင်းပကြပါသည်။ မိမိသေခြင်းကို အောက်မေ့သော ဤပွဲတော်ကို ဦးဦးဆုံးစီရင်ရာ၌ ယေရှုက “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူ၍ မိန့်မှာတော်မူ၏။ (လုကာ ၂၂:၁၉၊ ၂၀) ၎င်းအခမ်းအနားသည် ရိုးရိုးကလေးဖြစ်ပြီး လူသားများအတွက် ပူဇော်မည့် မိမိအသက်ကို ပုံဆောင်သည့်သဘောဖြင့် စပျစ်ရည်နှင့် တဆေးမဲ့မုန့်ကို ယေရှုအသုံးပြုတော်မူခဲ့သည်။ ထိုကြောင့် နှစ်စဉ်ကျင်းပသော ဤသတိရအောက်မေ့ရာ ညစာစားပွဲတွင် ယေရှု၏ ၁၄၄,၀၀၀ သော ဘိသိက်ခံနောက်တော်လိုက်များအနက် ကမ္ဘာပေါ်ကျန်ကြွင်းသူတို့သည် မုန့်နှင့် စပျစ်ရည်ကို သုံးဆောင်ခြင်းဖြင့် မိမိတို့၏ ကောင်းကင်မျှော်လင့်ချက်ကို ပြသကြ၏။
၃၀။ (က) မည်သူများလည်း လျောက်ပတ်သည့်အတိုင်း သတိရအောက်မေ့ပွဲကို တက်ရောက်ကြသနည်း။ သူတို့၏မျှော်လင့်ချက်ကား အဘယ်နည်း။ (ခ) ဤသူတို့အကြောင်းကို ယေရှု အဘယ်သို့ ဖော်ပြတော်မူခဲ့သနည်း။
၃၀ ကမ္ဘာတစ်လွှားရှိ နိုင်ငံတော်ခန်းမများ၌ သတိရအောက်မေ့ပွဲ တက်ရောက်ကြသော အခြားလူသန်းပေါင်းများစွာတို့မူ ရှုစားသူများဖြစ်ရ၍ ဝမ်းမြောက်ကြ၏။ မိမိတို့အား အပြစ်နှင့် သေခြင်းအောက်မှ ကယ်နုတ်ရန် ယေဟောဝါနှင့် ယေရှုခရစ်တို့ ပြုတော်မူရာများကို သူတို့လည်း ပြန်လည် သတိရကြ၏။ သို့သော် ကောင်းကင်အသက်တာကို မျှော်လင့်ကြမည့်အစား ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်နေထိုင်ရမည့် မျှော်လင့်ချက်ကြောင့် ရွှင်လန်းလျက်ရှိကြ၏။ သူတို့သည် နှစ်ခြင်းဆရာယောဟန်နှင့်တူသည်။ ယောဟန်က မိမိကိုယ်ကို ‘မင်္ဂလာဆောင်လုလင်၏ အဆွေခင်ပွန်း’ ဟု ခေါ်ဆိုခဲ့သည်။ ၁၄၄,၀၀၀ သော အသင်းသားများဖြင့် ဖွဲ့စည်းသော ခရစ်တော်၏ သတို့သမီးတွင် မိမိပါဝင်သည်ဟု မဆိုခဲ့။ (ယောဟန် ၃:၂၉) သန်းပေါင်းများစွာသော ဤသူများသည် ယေရှုပြောခဲ့သော “အခြားသိုး” တွင် ပါဝင်ကြသည်။ “သိုးစုငယ်” တွင် သူတို့ မပါပါ။ သို့ရာတွင် ယေရှုမိန့်ဆိုသည့်အတိုင်း သူတို့သည် “သိုးစုငယ်” နှင့် တစ်စည်းတစ်လုံးတည်း ဝတ်ပြုကြသောကြောင့် သူတို့အားလုံး “သိုးအုပ်တစ်အုပ်” ဖြစ်လာကြလေသည်။—ယောဟန် ၁၀:၁၆၊ သမ္မာ; လုကာ ၁၂:၃၂။
အဖွဲ့အစည်းတော်နှင့်အတူ ဘုရားသခင်ကို ဝတ်ပြုခြင်း
၃၁။ မှောက်မှားသောဘာသာတွင်နေပြီး ဘုရားသခင့် အဖွဲ့အစည်းတွင်လည်း ပါဝင်လိုသူများကို ဘုရားသခင်နှစ်သက်တော်မမူကြောင်း အဘယ်သာဓက ရှိသနည်း။
၃၁ ရှေးကာလများမှာကဲ့သို့ ယနေ့လည်း ယေဟောဝါဘုရားသခင်၌ မျက်မြင်ရအဖွဲ့အစည်းတစ်ရပ်ရှိသည်မှာ သိသာထင်ရှားလိုက်လေစွ! ကိုယ်တော်သည် ၎င်းကိုအသုံးပြု၍ လူတို့ကို မိမိ၏ ဖြောင့်မတ်သောစနစ်သစ်အတွင်း နေထိုင်ရန် လေ့ကျင့်ပေးလျက်ရှိတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင့်အဖွဲ့အစည်းအတွင်းမှာ ပါဝင်ပြီး တစ်ချိန်တည်း၌ မှားယွင်းသောဘာသာထဲတွင်လည်း ပါဝင်၍မဖြစ်နိုင်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆို၏– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ . . . ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။” ထို့ကြောင့် ဘုရားသခင် ဤသို့အမိန့်ပေးတော်မူ၏– “ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။”—၂ ကောရိန္သု ၆:၁၄-၁၇။
၃၂။ (က) “သူတို့အထဲမှထွက်” လိုလျှင် ကျွန်ုပ်တို့ မည်သို့ပြုရမည်နည်း။ (ခ) ဘုရားသခင်၏ မျက်မြင်ရ သီအိုကရက်တစ်အဖွဲ့အစည်းနှင့်အတူ ဘုရားသခင်ကို ဝတ်ပြုရန် ပြတ်သားသောခြေလှမ်း လှမ်းလျှင် အဘယ်ကောင်းချီးရရှိမည်နည်း။
၃၂ “သူတို့အထဲမှထွက်” ခြင်းသည် ဘာကိုဆိုလိုသနည်း။ ယေဟောဝါအသုံးပြုလျက်ရှိသော အဖွဲ့အစည်းအပြင် မှောက်မှားသော အခြားဘာသာရေးအဖွဲ့အစည်းတစ်ခုခုတွင် ဆက်လက်ပါဝင်နေမည်၊ ၎င်းကို ထောက်ခံနေမည်ဆိုလျှင် အထက်ပါအမိန့်တော်ကို နာခံရာ ရောက်မည်မဟုတ်။ ထို့ကြောင့် ထိုသို့သောဘာသာရေးအဖွဲ့အစည်းတွင် ကျွန်ုပ်တို့ပါဝင်နေသေးလျှင် ၎င်းမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း စာတင်ရန်လိုသည်။ မှားယွင်းသောဘာသာလိုက်စားသူများထဲမှထွက်လာပြီး ဘုရားသခင့်မျက်မြင်ရ သီအိုကရက်တစ်အဖွဲ့အစည်းနှင့် တွဲဖက်အမှုဆောင်လျက်ရှိပြီဆိုလျှင် “သူတို့တွင် ငါကျိန်းဝပ်မည်၊ သူတို့တွင် လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်” ဟူ၍ ဘုရားသခင်မိန့်ဆိုသောသူတို့တွင် အသင် ပါဝင်မည်ဖြစ်သတည်း။—၂ ကောရိန္သု ၆:၁၆။
[စာမျက်နှာ ၁၉၂ ပါ ရုပ်ပုံ]
ရေလွှမ်းမိုးစဉ်ကာလတွင် အဖွဲ့အစည်းတစ်ခုထက်ပို၍ ဘုရားသခင် သုံးခဲ့သလော
[စာမျက်နှာ ၁၉၆ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ ကမ္ဘာ့ ဌာနချုပ်
အမှုဆောင်ရုံးများ
ကွန်ပျူတာဌာန
စာအုပ်ချုပ်ဌာန
ဘရုတ်ကလင် ပုံနှိပ်တိုက်များ
ပတ်လည် ပုံနှိပ်စက်
ဖြန့်ချိရေးဌာန
[စာမျက်နှာ ၁၉၇ ပါ ရုပ်ပုံ]
အခြားကင်းမျှော်စင် ပုံနှိပ်တိုက်အများမှ အချို့
ဘရာဇီးလ်
အင်္ဂလန်
တာင်အာဖရိက
ဝါလ်ကီလ်၊ နယူးယောက်
ကနေဒါ
[စာမျက်နှာ ၁၉၈ ပါ ရုပ်ပုံ]
နယူးယောက်မြို့ ယေဟောဝါသက်သေများ၏ စည်းဝေးကြီးတစ်ခု၌ တက်ရောက်သူ ၂၅၃,၉၂၂ အနက်မှ အချို့
ပိုလိုအားကစားကွင်း
ရန်ကီအားကစားရုံ
[စာမျက်နှာ ၂၀၁ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ စည်းဝေးများတွင် ကျမ်းစာသွန်သင်ခြင်း အစီအစဉ်တစ်ရပ်