ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၈-၁၃
  • ယေဟောဝါသည် သင့်ကို တန်ခိုးနှင့်ပြည့်စုံစေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် သင့်ကို တန်ခိုးနှင့်ပြည့်စုံစေနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော့်သားတော်အားဖြင့် တင်ပြသည့်တန်ခိုးတော်
  • ကောလောသဲမြို့တွင် တန်ခိုးနှင့်ပြည့်စုံစေခြင်း
  • ယနေ့လည်း တန်ခိုးနှင့်ပြည့်စုံစေခြင်းခံရ
  • မည်သည့်အတွက် တန်ခိုးနှင့်ပြည့်စုံစေသနည်း
  • ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်လှမ်းဖို့ အခြားသူတို့ကိုကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေဟောဝါ—တန်ခိုးစွမ်းအားနှင့် ပြည့်စုံတော်မူသောအရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၈-၁၃

ယေဟောဝါသည် သင့်ကို တန်ခိုးနှင့်ပြည့်စုံစေနိုင်

“ထိုဘုရားသည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။”—ဟေရှာယ ၄၀:၂၉။

၁၊ ၂။ ယေဟောဝါ၏ ကြွယ်ဝသည့်တန်ခိုးတော်၏ အထောက်အထားအချို့ကား အဘယ်နည်း။

ယေဟောဝါဘုရားသခင်သည် ‘တန်ခိုးတော်ကြီး’ တော်မူသည်။ ဘုရားသခင်၏ “ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်” တို့၏အထောက်အထားကို ရုပ်လောကရှိ လက်ရာပြောင်မြောက်သော ကိုယ်တော့်ဖန်ဆင်းရာများတွင် ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ ဖန်ဆင်းရှင်အဖြစ်တော်၏ ထိုသို့သောအထောက်အထားများကို ဝန်ခံရန်ငြင်းပယ်သောသူများသည် ခွင့်လွှတ်မခံထိုက်သူများဖြစ်ကြသည်။—ဆာလံ ၁၄၇:၅; ရောမ ၁:၁၉၊ ၂၀။

၂ အလင်းနှစ်သန်းရာပေါင်းများစွာ ကျယ်ပြောသော နဂါးငွေ့တန်းများ မရေမတွက်နိုင်အောင်ပါဝင်သည့် စကြဝဠာကြီးကို သိပ္ပံပညာရှင်များက နှိုက်နှိုက်နှဲနှဲစူးစမ်းလေ့လာကြည့်သောအခါ ယေဟောဝါ၏တန်ခိုးတော်သည် သာ၍အထောက်အထားခိုင်လုံလာကြောင်း တွေ့ရှိလာကြသည်။ လမိုက်သော်လည်း ကြည်လင်သည့်ညတစ်ညတွင် ကောင်းကင်ပြင်ကြီးကို ငေးမောကြည့်သောအခါ ဆာလံဆရာကဲ့သို့သင်ခံစားရပေမည်– “ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း၊ ကျွန်တော်မျိုးတွေ့မြင်ရပါ၏။ သို့ဖြစ်၍ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည် သူ့အားဂရုပြုတော်မူရပါသနည်း။ သာမန်လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုစောင့်ရှောက်တော်မူရပါသနည်း။” (ဆာလံ ၈:၃၊ ၄၊ သတင်းကောင်း) လူသားဖြစ်သောကျွန်ုပ်တို့အား ယေဟောဝါမည်မျှကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်တော်မူပါသည်တကား! ဦးဆုံးလူယောက်ျားနှင့် လူမိန်းမတို့အား လှပသောမြေကြီးစံအိမ်ကို ကိုယ်တော်ပေးခဲ့သည်။ ယင်း၏မြေဆီပင်လျှင် အစွမ်းတန်ခိုးရှိသည်—အသီးအနှံများပေါက်စေနိုင်ပြီး အာဟာရပြည့်ဝ၍သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သီးပွင့်စေနိုင်သည်။ လူသားနှင့်တိရစ္ဆာန်တို့သည် ဤသို့သော ဘုရားသခင့်တန်ခိုးတော်ထင်ရှားပြသမှုမှ ကာယစွမ်းအားကိုရယူကြသည်။—ကမ္ဘာဦး ၁:၁၂; ၄:၁၂; ၁ ဓမ္မရာဇဝင် ၂၈:၂၂။

၃။ စကြဝဠာရှိ ရုပ်ဝတ္ထုများအပြင် အခြားမည်သည့်အရာက ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားပြသသနည်း။

၃ ကောင်းကင်သည် အလွန်စွဲမက်စိတ်ဝင်စားစရာကောင်းခြင်း၊ မြေကြီးသည် အပင်အမျိုးမျိုး တိရစ္ဆာန်အဖုံဖုံတို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်ခြင်းတို့အပြင် ယင်းတို့သည် ဘုရားသခင်၏တန်ခိုးတော်ကို ကျွန်ုပ်တို့အားထင်ရှားပြသကြသည်။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၂၀) သို့သော် ကျွန်ုပ်တို့အာရုံစိုက်၍ လေးမြတ်ထိုက်သော ကိုယ်တော့်တန်ခိုးတော်၏ အထောက်အထားတစ်ခု ရှိပါသေးသည်။ ‘မည်သည်က စကြဝဠာထက်ပို၍ ဘုရားသခင့်တန်ခိုးတော်ကို ထင်ရှားပြသသေးသနည်း’ ဟု သင်တွေးတောပေမည်။ အဖြေမှာ ယေရှုခရစ်ဖြစ်သည်။ အမှန်အားဖြင့် မှုတ်သွင်းခံရ၍ တမန်တော်ပေါလုပြောသည်မှာ ခရစ်တော်နှက်တိုင်တင်ခံရခြင်းသည် “ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်” ဖြစ်သည်ဟူ၏။ (၁ ကောရိန္သု ၁:၂၄) ‘အဘယ်ကြောင့်နည်း၊ ယင်းသည် လောလောဆယ်ကျွန်ုပ်၏အသက်တာနှင့် မည်သို့ပတ်သက်မှုရှိသနည်း’ ဟု သင်မေးကောင်းမေးပေမည်။

ကိုယ်တော့်သားတော်အားဖြင့် တင်ပြသည့်တန်ခိုးတော်

၄။ မိမိ၏သားတော်နှင့်စပ်လျဉ်း၍ ဘုရားသခင်၏တန်ခိုးတော် မည်သို့တင်ပြခြင်းခံရသနည်း။

၄ မိမိ၏ပုံသဏ္ဌာန်တော်နှင့်အညီဖြစ်သည့် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဖန်ဆင်းခဲ့စဉ်က ဘုရားသခင်၏တန်ခိုးတော် ဦးဆုံးထုတ်ဖော်ပြသခြင်းခံခဲ့ရသည်။ ဤနာမ်ဝိညာဉ်သားတော်သည် ယေဟောဝါ၏ကြွယ်ဝသည့်တန်ခိုးတော်ကို အသုံးပြု၍ အခြားအရာအားလုံးကို ဖန်ဆင်းခြင်းအားဖြင့် “လုပ်သားချုပ်” အဖြစ် ကိုယ်တော်အားအမှုဆောင်သည်။ (သု. ၈:၂၂၊ ၃၀၊ ကဘ) ကောလောသဲမြို့ရှိ ခရစ်ယာန်ညီအစ်ကိုချင်းတို့အား ပေါလုဤသို့စာရေးခဲ့သည်– “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ . . . တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာလည်းကောင်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။”—ကောလောသဲ ၁:၁၅၊ ၁၆။

၅-၇။ (က) အတိတ်က ဘုရားသခင်၏ တန်ခိုးတော်ထင်ရှားပြသမှုတွင် လူသားများမည်သို့ ပါဝင်ပတ်သက်ခဲ့သနည်း။(ခ) ယနေ့ခရစ်ယာန်များ၏ အမှုကိစ္စတွင် ဘုရားသခင်၏ တန်ခိုးတော်ထင်ရှားနိုင်ကြောင်း ယုံကြည်နိုင်ရန် မည်သည့်အကြောင်းရှိသနည်း။

၅ ကျွန်ုပ်တို့သည် ‘မြေကြီးပေါ်ရှိဖန်ဆင်းရာများ’ အဝင်ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင့်တန်ခိုးတော်သည် ကျွန်ုပ်တို့လူသားများထံ သက်ရောက်နိုင်သလော။ မစုံလင်သောလူသားများနှင့် ဘုရားသခင်ဆက်ဆံလာခဲ့ချိန်တစ်လျှောက်လုံး ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို မိမိ၏ကျေးကျွန်များ လုပ်ဆောင်ပြီးမြောက်နိုင်ရန် အခါအားလျော်စွာ ထူးခြားသောတန်ခိုးများပေးတော်မူခဲ့သည်။ မစုံလင်သောလူသားများသည် အသက် ၇၀ သို့မဟုတ် ၈၀ အထိသာ အသက်ရှင်နိုင်ကြောင်း မောရှေသိခဲ့သည်။ (ဆာလံ ၉၀:၁၀) သူကိုယ်တိုင်ကား မည်သို့နည်း။ အနှစ် ၁၂၀ အထိ သူအသက်ရှင်ခဲ့သော်လည်း “သူ၏မျက်စိမမှုန်သေး၊ ခွန်အားလည်းမလျော့သေး။” (တရားဟောရာ ၃၄:၇) ဘုရားသခင်သည် မိမိ၏ကျေးကျွန်တစ်ဦးချင်းအား ထိုမျှကြာရှည်စွာအသက်ရှင်စေရန် သို့မဟုတ် ထိုမျှအစွမ်းခွန်အားရှိစေရန် လုပ်ပေးမည်ဟုမဆိုလိုသော်လည်း ယေဟောဝါသည် လူသားများအား အစွမ်းတန်ခိုးနှင့်ပြည့်စုံစေနိုင်ကြောင်း ယင်းကသက်သေထူသည်။

၆ ယောက်ျားနှင့်မိန်းမတို့အား တန်ခိုးနှင့်ပြည့်စုံစေနိုင်သော ဘုရားသခင်၏အစွမ်းသတ္တိနောက်ထပ်တင်ပြချက်ကို အာဗြဟံ၏ဇနီးအား ကိုယ်တော်လုပ်ပေးသည့်အရာတွင် တွေ့မြင်နိုင်သည်။ “စာရာသည် ကတိထားတော်မူသောသူအား သစ္စာစောင့်တော်မူသည်ဟု ယူမှတ်သောကြောင့် အသက်အတိုင်းအတာလွန်သော်လည်း မျိုးစေ့ကိုသန္ဓေလွယ်နိုင်ရန် တန်ခိုးကိုရရှိခဲ့သည်။” ဘုရားသခင်သည် တရားသူကြီးများနှင့် ဣသရေလလူအချို့တို့အား တန်ခိုးနှင့်မည်သို့ပြည့်စုံစေခဲ့ကြောင်း စဉ်းစားကြည့်ပါ– “ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်တို့အပြင် ရှမွေလနှင့် အခြားသောပရောဖက်များသည် . . . အားနည်းသောအခြေအနေမှ တန်ခိုးနှင့်ပြည့်စုံအောင်ပြုခြင်း ခံခဲ့ကြရသည်။”—ဟေဗြဲ ၁၁:၁၁၊ ၃၂-၃၄၊ ကဘ။

၇ ထိုသို့သောတန်ခိုးတော်သည် ကျွန်ုပ်တို့၏ကိစ္စတွင်လည်း လှုပ်ရှားဆောင်ရွက်နိုင်သည်။ ယခု ကျွန်ုပ်တို့သည် အံ့ဖွယ်နည်းဖြင့်သားသမီးရရှိရန် မျှော်လင့်ကြမည်မဟုတ်သကဲ့သို့ ရှံဆုံကဲ့သို့ ခွန်အားဗလပြနိုင်ကြမည်လည်းမဟုတ်ပါ။ သို့သော် ကောလောသဲရှိ သာမန်လူသားများအား ပေါလုဖော်ပြသကဲ့သို့ ကျွန်ုပ်တို့တန်ခိုးနှင့်ပြည့်စုံနိုင်ကြသည်။ မှန်ပါသည်၊ ယနေ့အသင်းတော်များတွင် ကျွန်ုပ်တို့တွေ့ရသကဲ့သို့သော ယောက်ျား၊ မိန်းမနှင့် ကလေးများထံသို့ ပေါလုစာရေးခဲ့ပြီး သူတို့သည် “ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံ” အောင်ပြုခြင်းခံခဲ့ကြသည်ဟု သူပြောခဲ့သည်။—ကောလောသဲ ၁:၁၁။

၈၊ ၉။ ပထမရာစုနှစ်က ကျွန်ုပ်တို့ကဲ့သို့သော လူသားများနှင့်ပတ်သက်၍ ယေဟောဝါ၏တန်ခိုးတော် မည်သို့ထင်ရှားသနည်း။

၈ ယေရှု၏မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ယေဟောဝါသည် မိမိ၏တန်ခိုးတော်လှုပ်ရှားဆောင်ရွက်မှုရှိကြောင်းကို မိမိ၏သားတော်အားဖြင့်တင်ပြခဲ့သည်။ ဥပမာ၊ ကပေရနောင်မြို့တွင် ကြီးစွာသောလူအုပ်ကြီးက ကိုယ်တော့်ထံ စုရုံးရောက်ရှိလာကြသောအခါ “ကုသမှုပြုနိုင်ရန် ယေဟောဝါ၏တန်ခိုးတော်သက်ရောက်ခဲ့သည်။”—လုကာ ၅:၁၇၊ ကဘ။

၉ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များအား ‘သူတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ တန်ခိုးကိုခံရမည်’ ဟု အာမခံတော်မူခဲ့သည်။ (တမန်တော် ၁:၈) မှန်လိုက်လေခြင်း! စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့အပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပျက်ခဲ့သည်များကို သမိုင်းဆရာတစ်ဦးက ဤသို့မှတ်တမ်းတင်သည်– “သခင်ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့်သက်သေခံ၍ ထိုသူအပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့်ပြည့်စုံကြ၏။” (တမန်တော် ၄:၃၃) ပေါလုကိုယ်တိုင် ဘုရားသခင်ခန့်အပ်သည့်လုပ်ငန်းကို လုပ်ဆောင်နိုင်ရန် အစွမ်းတန်ခိုးဖြင့်ပြည့်ဝစေခြင်းခံရသူတစ်ဦးဖြစ်သည်။ သူပြောင်းလဲပြီး မျက်စိအလင်းပြန်ရလာသောအခါ “အားတိုးပွားသဖြင့် [တန်ခိုးများစွာဆက်လက်ဆည်းပူးသဖြင့်၊ ကဘ] ဒမာသက်မြို့၌နေသောယုဒလူတို့ ပြောသမျှသောစကားကိုချေ၍ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။”—တမန်တော် ၉:၂၂၊ သမ္မာ။

၁၀။ ပေါလု၏ကိစ္စတွင် ယေဟောဝါ၏တန်ခိုးတော်သည် မည်သို့အကူအညီဖြစ်သနည်း။

၁၀ ပေါလုသည် မိုင်ထောင်ပေါင်းများစွာရှည်လျားသည့် သာသနာပြုခရီးစဉ်သုံးခုကို ပြီးမြောက်ရန်လိုအပ်သည့် ဝိညာဏနှင့်စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အကြောင်း စဉ်းစားကြည့်လျှင် ထူးခြားသောတန်ခိုးလိုအပ်ခဲ့မည်အမှန်။ ခက်ခဲမှုအမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ပြီး ထောင်ချခံရခြင်းတို့ကို ခံရပ်ကာ အာဇာနည်အဖြစ်သေခြင်းကိုလည်း ရင်ဆိုင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ “ဒေသနာတော်ကို အကုန်အစင်ဟောပြော၍ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသောကြောင့်” ဟု ပေါလုအဖြေပေးသည်။—၂ တိမောသေ ၄:၆-၈၊ ၁၇; ၂ ကောရိန္သု ၁၁:၂၃-၂၇။

၁၁။ ကောလောသဲမြို့ရှိ မိမိ၏ညီအစ်ကိုချင်းတို့အား ဘုရားသခင်၏ တန်ခိုးတော်နှင့် ပတ်သက်သော မည်သည့်မျှော်လင့်ချက်ကို ပေါလုညွှန်ပြခဲ့သနည်း။

၁၁ ကောလောသဲမြို့ရှိ မိမိ၏ “ခရစ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်သောညီအစ်ကိုများ” ထံ ပေါလုစာရေးသောအခါ “ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံ” နိုင်ကြောင်း အာမခံလိုက်သည်မှာ အဆန်းမဟုတ်ပါ။ (ကောလောသဲ ၁:၂၊ ၁၁) ယင်းစကားများသည် မူလအားဖြင့် ဘိသိက်ခံများကိုရည်ညွှန်းသော်လည်း ခရစ်တော်၏ခြေတော်ရာကို လိုက်လျှောက်သူအားလုံးသည် ပေါလု၏စာမှ ကြီးစွာသောအကျိုးရယူနိုင်သည်။

ကောလောသဲမြို့တွင် တန်ခိုးနှင့်ပြည့်စုံစေခြင်း

၁၂၊ ၁၃။ ကောလောသဲမြို့သားများထံ ရေးသောစာ၏ နောက်ခံအကြောင်းကား အဘယ်နည်း။ ယင်းအပေါ်တုံ့ပြန်မှုကား အဘယ်အရာဖြစ်နိုင်သနည်း။

၁၂ ရောမပြည်နယ်အာရှတွင်ရှိသော ကောလောသဲအသင်းတော်ကို ဧပဖြအမည်ရှိ သစ္စာရှိခရစ်ယာန်တစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်နိုင်သည်။ စီ.အီး. ၅၈ ခုနှစ်ခန့်တွင် ရောမမြို့၌ ပေါလုအကျဉ်းချခံရကြောင်း သူကြားသောအခါ ထိုတမန်တော်ထံ သွားရောက်လည်ပတ်ပြီး ကောလောသဲအသင်းတော်ရှိ ညီအစ်ကိုများ၏မေတ္တာနှင့် တည်ကြည်မြဲမြံမှုအကြောင်း သတင်းကောင်းပါး၍အားပေးရန် ဧပဖြဆုံးဖြတ်ခဲ့သည်။ ကောလောသဲအသင်းတော်တွင် ပဲ့ပြင်တည့်မတ်ပေးရန် လိုအပ်သော ပြဿနာအချို့နှင့်ပတ်သက်သည့် အဖြစ်မှန်ကိုလည်း ပြန်ပြောပြဖွယ်ရှိသည်။ သို့နှင့် အသင်းတော်ကို အားပေးရန်နှင့် သွန်သင်ဆုံးမရန် စာတစ်စောင်ရေးသားဖို့ ပေါလုလှုံ့ဆော်ခံရသည်။ သင်လည်း ထိုစာ၏အခန်းကြီး ၁ မှ အတော်အတန်အားပေးမှုရယူနိုင်သည်။ အကြောင်းမှာ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား အစွမ်းတန်ခိုးပြည့်စုံအောင် မည်သို့ပြုပေးနိုင်ကြောင်း ယင်းကထင်ရှားစေသောကြောင့်ဖြစ်သည်။

၁၃ ကောလောသဲမြို့ရှိ ညီအစ်ကိုညီအစ်မများအား ပေါလုက “ခရစ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်သော သစ္စာရှိညီအစ်ကိုများ” ဟု ဖော်ပြသောအခါ သူတို့မည်သို့ခံစားရမည်ကို သင်စဉ်းစားကြည့်နိုင်သည်။ သူတို့သည် ခရစ်ယာန်ဖြစ်လာကတည်းက ‘သန့်ရှင်းသူအားလုံးအပေါ် ထားသည့်မေတ္တာ’ နှင့် ‘သတင်းကောင်းအသီးသီးခြင်း’ တို့ကြောင့် ချီးမွမ်းခံခဲ့ရသည်တကား! ကျွန်ုပ်တို့အသင်းတော်၊ ကျွန်ုပ်တို့တစ်ဦးစီနှင့်ပတ်သက်၍ ထိုအသုံးအနှုန်းကို သုံးနိုင်မည်လော။—ကောလောသဲ ၁:၂-၈၊ ကဘ။

၁၄။ ကောလောသဲမြို့သားများနှင့်ပတ်သက်၍ ပေါလုမည်သို့ဆန္ဒရှိသနည်း။

၁၄ ပေါလုသည် ကြားသိရသည့်မှတ်တမ်းကြောင့် အလွန်ဘဝင်ခိုက်သွားရကား သူတို့အတွက် မခြားမလပ်ဆုတောင်းပေးပြီး “ဉာဏ်ပညာအမျိုးမျိုးနှင့် ဝိညာဏသိနားလည်မှုတို့အားဖြင့်ဖြစ်သည့် [ဘုရားသခင်၏] အလိုတော်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝခြင်းအားဖြင့် ယေဟောဝါနှင့်အတူ လျောက်ပတ်စွာလျှောက်လှမ်းနိုင်ရန်” တောင်းလျှောက်ပေးသည်တိုင်ပင်ဖြစ်သည်။ သူတို့သည် “အလုပ်မွန်တိုင်းတွင် ဆက်၍အသီးသီးနေပြီး ဘုရားသခင်၏ တိကျမှန်ကန်သောအသိပညာတွင် တိုးပွားနေရန်၊ အပြည့်အဝခံရပ်နိုင်ရန်နှင့် ရွှင်လန်းစွာသည်းခံနိုင်ရန်အတွက် ဘုန်းကျက်သရေပြည့်ဝသောခွန်အားတော်နှင့်အညီ တန်ခိုးရှိသမျှဖြင့် အစွမ်းတန်ခိုးနှင့်ပြည့်ဝစေခြင်းခံရ” ရန် သူဆုတောင်းပေးခဲ့သည်။—ကောလောသဲ ၁:၉-၁၁၊ ကဘ။

ယနေ့လည်း တန်ခိုးနှင့်ပြည့်စုံစေခြင်းခံရ

၁၅။ ကောလောသဲမြို့သားများထံ ပေါလုရေးသည့်စာတွင် ထင်ဟပ်သည့် အလားတူသဘောထားကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။

၁၅ ပေါလုသည် ကျွန်ုပ်တို့အတွက် မည်မျှကောင်းသည့်ပုံသက်သေကို ချမှတ်ခဲ့သည်တကား! ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ ညီအစ်ကိုညီအစ်မများသည် ဆင်းရဲဒုက္ခများကြားထဲမှ ရွှင်လန်းမှုကိုထိန်းသိမ်းပြီး ခံရပ်နိုင်ရန် ကျွန်ုပ်တို့ဆုတောင်းပေးဖို့လိုသည်။ အခြားအသင်းတော် သို့မဟုတ် အခြားနိုင်ငံရှိ ညီအစ်ကိုများ ဒုက္ခရောက်နေသည့်သတင်းကို ကျွန်ုပ်တို့ကြားသိရပါက ပေါလုနည်းတူ ထိုညီအစ်ကိုများအတွက် သတ်သတ်မှတ်မှတ်ဆုတောင်းပေးသင့်သည်။ အနီးအနားရှိ အသင်းတော်တစ်ခုသည် သဘာဝဘေးဒဏ်တစ်ခုခု သို့မဟုတ် ဝိညာဉ်ရေးအခက်အခဲတစ်ခုခု၏ဒဏ်ကို ခံရနိုင်သည်။ ခရစ်ယာန်များသည် ပြည်တွင်းစစ်ဖြစ်နေသော သို့မဟုတ် လူမျိုးစုချင်းသတ်ဖြတ်မှုဖြစ်နေသော နိုင်ငံတွင် ခါးစည်းခံနေခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ညီအစ်ကိုများ “ယေဟောဝါနှင့်အတူ လျောက်ပတ်စွာလျှောက်လှမ်းနိုင်ရန်၊” သူတို့ဒုက္ခခံရစဉ် ဘုရားသခင့်နိုင်ငံတော်အသီးကို ဆက်လက်သီးနိုင်ရန်၊ အသိပညာတိုးပွားရန် အကူအညီပေးဖို့ ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးသင့်သည်။ ဤနည်းအားဖြင့် ဘုရားသခင့်ကျေးကျွန်များသည် ကိုယ်တော့်ဝိညာဉ်တော်တန်ခိုးကို ရရှိကြပြီး “တန်ခိုးရှိသမျှဖြင့် အစွမ်းတန်ခိုးနှင့် ပြည့်ဝစေခြင်းခံရ” ကြမည်။ ခမည်းတော်သည် နားညောင်းတော်မူပြီး တုံ့ပြန်မည်ဖြစ်ကြောင်း သင်စိတ်ချနိုင်ပါသည်။—၁ ယောဟန် ၅:၁၄၊ ၁၅။

၁၆၊ ၁၇။ (က) ပေါလုရေးခဲ့သည့်အတိုင်း မည်သည့်အရာအတွက် ကျွန်ုပ်တို့ကျေးဇူးတင်သင့်သနည်း။(ခ) မည်သည့်သဘောအားဖြင့် ဘုရားသခင့်လူများသည် လွတ်မြောက်မှုနှင့် ခွင့်လွှတ်မှုကို ရကြသနည်း။

၁၆ ကောလောသဲအသင်းတော်သားများသည် ‘အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို သူတို့ ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူသောသူကို ကျေးဇူးတင်’ သင့်ကြောင်း ပေါလုရေးပေးလိုက်သည်။ ကျွန်ုပ်တို့လည်း ကိုယ်တော့်နိုင်ငံတော်၏ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးဆိုင်ရာနယ်ပယ်တွင်ဖြစ်စေ ကောင်းကင်ဘုံရှင်ခမည်းတော်၏ အစီအစဉ်တွင် ကျွန်ုပ်တို့၏အနေအထားအတွက် ကိုယ်တော်အားကျေးဇူးတင်ကြစို့။ ဘုရားသခင်သည် မစုံလင်သောလူသားများကို မိမိ၏အမြင်တွင်လျောက်ပတ်အောင် မည်သို့ပြုတော်မူသနည်း။ ဘိသိက်ခံရသော မိမိ၏ညီအစ်ကိုများထံ ပေါလုဤသို့ရေးသားခဲ့သည်– “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။”—ကောလောသဲ ၁:၁၂-၁၄။

၁၇ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်ဆိုင်ရာဖြစ်စေ၊ မြေကြီးဆိုင်ရာဖြစ်စေ ယေဟောဝါ၏ ချစ်တော်မူသောသားတော်၏ ရွေးဖိုးပူဇော်သက္ကာအပေါ် ကျွန်ုပ်တို့ယုံကြည်ခြင်းအားဖြင့် အထမြောက်သော ဤလောကမှောင်မိုက်၏ ဆိုးညစ်သည့်အစီအစဉ်မှ လွတ်မြောက်ခြင်းအတွက် ကျွန်ုပ်တို့သည် ဘုရားသခင်အား နေ့စဉ်ကျေးဇူးတင်ကြသည်။ (မဿဲ ၂၀:၂၈) ဝိညာဉ်တော်အားဖြင့် ဘိသိက်ခံရသော ခရစ်ယာန်များသည် ‘ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ’ ခြင်းခံရရန် ရွေးဖိုးမှ ထူးခြားသည့်နည်းဖြင့် အကျိုးခံစားကြရသည်။ (လုကာ ၂၂:၂၀၊ ၂၉၊ ၃၀) သို့သော် “အခြားသိုး” များလည်း ရွေးဖိုး၏အကျိုးကျေးဇူးကို ယခုကတည်းက ခံစားနေကြရသည်။ (ယောဟန် ၁၀:၁၆) ဘုရားသခင်၏ မိတ်ဆွေများအဖြစ် ကိုယ်တော့်ရှေ့ ဖြောင့်မတ်သောရပ်တည်မှုကို ရရှိရန် ကိုယ်တော့်ခွင့်လွှတ်မှုကို ရရှိနိုင်ကြသည်။ ဤဆုံးခန်းကာလတွင် သူတို့သည် ဘုရားသခင်၏ “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” ကိုကြွေးကြော်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ကြသည်။ (မဿဲ ၂၄:၁၄၊ ကဘ) ထို့အပြင် သူတို့သည် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်ရေး ပြီးဆုံးသောအခါ လုံးလုံးဖြောင့်မတ်မှုရှိပြီး ကာယရေးအရ စုံလင်လာကြမည်ကို မျှော်လင့်ကြသည်။ ဗျာဒိတ် ၇:၁၃-၁၇ တွင် ဖော်ပြထားသည့်အချက်ကို သင်ဖတ်ရသောအခါ ယင်းသည် ကယ်တင်ခံရခြင်းနှင့် ကောင်းချီးများ၏ အထောက်အထားဖြစ်ကြောင်း သင်သဘောတူပေမည်။

၁၈။ ကောလောသဲသြဝါဒစာတွင် ဖော်ပြထားသော မည်သည့်ပြန်လည်သင့်မြတ်မှုကို ဘုရားသခင်ဖြစ်မြောက်အောင်မြင်ပေးနေလျက်ရှိသနည်း။

၁၈ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားအပေါ် ကျွန်ုပ်တို့မည်မျှအကြွေးတင်ကြောင်း သဘောပေါက်ရန် ပေါလု၏စာက အကူအညီပေးသည်။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် မည်သည့်အရာကို လုပ်ဆောင်ပြီးမြောက်သနည်း။ “လက်ဝါးကပ်တိုင်မှာသွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့စေခြင်း [ဖြစ်သည်။]” ဘုရားသခင်၏ရည်ရွယ်ချက်မှာ ဧဒင်တွင်ပုန်ကန်မှုမတိုင်မီကကဲ့သို့ ဖန်ဆင်းရာအားလုံး မိမိနှင့်သဟဇာတပြန်လည်ဖြစ်စေရန်ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းရန် အသုံးပြုခံရသူသည် ဤပြန်လည်သင့်မြတ်မှုအထမြောက်ရန် အသုံးပြုခံရသူပင်ဖြစ်သည်။—ကောလောသဲ ၁:၂၀။

မည်သည့်အတွက် တန်ခိုးနှင့်ပြည့်စုံစေသနည်း

၁၉၊ ၂၀။ ကျွန်ုပ်တို့၏ သန့်ရှင်းစင်ကြယ်မှုနှင့် အပြစ်တင်ခွင့်ကင်းလွတ်မှုတို့သည် မည်သည့်အရာပေါ်တွင် မူတည်သနည်း။

၁၉ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်သော ကျွန်ုပ်တို့နှင့်အတူ တာဝန်များလိုက်ပါလာသည်။ ကျွန်ုပ်တို့သည် တစ်ချိန်က အပြစ်များလှပြီး ဘုရားသခင်နှင့်ဝေးကွာနေခဲ့ကြသည်။ သို့သော် ယခုအခါ ယေရှု၏ပူဇော်သက္ကာကို ယုံကြည်ပြီး ဆိုးညစ်သည့်အလုပ်များတွင် စိတ်မရောက်တော့သည့်အတွက် ပင်ကိုအားဖြင့် “သန့်ရှင်းစင်ကြယ်” သည့်အနေအထားနှင့် ကျွန်ုပ်တို့ရပ်တည်ကြပြီး “[ဘုရားသခင်ရှေ့] အပြစ်တင်ခွင့်နှင့်ကင်းလွတ်” လျက်ရှိကြသည်။ (ကောလောသဲ ၁:၂၁၊ ၂၂) ကြည့်ပါဦး၊ ရှေးသစ္စာရှိသက်သေများကို ယေဟောဝါရှက်တော်မမူသည့်နည်းတူ ကျွန်ုပ်တို့၏ဘုရားသခင်အဖြစ် အခေါ်ခံရရန် ကျွန်ုပ်တို့အားလည်း ရှက်တော်မမူပါ။ (ဟေဗြဲ ၁၁:၁၆) ကျွန်ုပ်တို့သည် ဂုဏ်ထင်ရှားသော ကိုယ်တော့်နာမတော်ကို လွဲမှားစွာခံယူထားကြသည် သို့မဟုတ် ကမ္ဘာကုန်သည့်အထိ ထိုနာမတော်ကိုကြေညာရန် ရှက်ကြောက်ကြသည်ဟူ၍ ယနေ့ မည်သူမျှမစွပ်စွဲနိုင်ပါတကား!

၂၀ သို့သော် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့် သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်” ဟူသော ကောလောသဲ ၁:၂၂၊ ၂၃ တွင် ပေါလုဖြည့်စွက်ထားသည့် သတိပေးချက်ကို မှတ်သားပါ။ ယေဟောဝါအပေါ် သစ္စာရှိနေခြင်း၊ ကိုယ်တော့်ချစ်သားတော်၏ ခြေတော်ရာကိုလိုက်လျှောက်ခြင်း တို့အပေါ် များစွာမူတည်သည်။ ယေဟောဝါနှင့် ယေရှုတို့သည် ကျွန်ုပ်တို့အတွက် များစွာလုပ်ဆောင်ခဲ့ပါသည်တကား! ပေါလု၏သြဝါဒကို လိုက်လျှောက်ခြင်းအားဖြင့် သူတို့အားကျွန်ုပ်တို့ချစ်ကြောင်း တင်ပြနိုင်ကြပါစေ။

၂၁။ ယနေ့ အဘယ်ကြောင့် ကျေနပ်အားရစေသော ကြီးမားသည့်အကြောင်း ကျွန်ုပ်တို့၌ရှိသနည်း။

၂၁ ‘သူတို့ကြားရပြီးသော ဧဝံဂေလိတရား’ သည် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” ပြီးဖြစ်ကြောင်း ကောလောသဲခရစ်ယာန်များ ကြားသိရသောအခါ သူတို့အလွန်ကျေနပ်အားရကြပေမည်။ ယနေ့ နိုင်ငံ ၂၃၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူလေးသန်းကျော်တို့က ကြွေးကြော်နေကြကြောင်း ကြားသိရခြင်းသည် ပို၍စိတ်အားတက်ကြွဖွယ်ပင် ဖြစ်သေးတော့သည်။ နှစ်စဉ် လူမျိုးခပ်သိမ်းတို့အထဲမှ ၃၀၀,၀၀၀ နီးပါးသောလူများသည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်သူများဖြစ်လာကြပါသည်တကား!—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၂၂။ ဆင်းရဲဒုက္ခခံရစေကာမူ ကျွန်ုပ်တို့အတွက် ဘုရားသခင်ဘာလုပ်ပေးနိုင်သနည်း။

၂၂ ပေါလုသည် ကောလောသဲမြို့သားများထံ စာရေးစဉ်က ထောင်ချခံနေရသော်လည်း သူ့အဖြစ်ကို မည်သို့မျှသူဝမ်းမနည်းပါ။ ယင်းအစား “သင်တို့အဖို့အလိုငှာ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်” သည်ဟု သူပြောခဲ့သည်။ “ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်း” ရှိရမည်ဖြစ်ကြောင်း ပေါလုသိခဲ့သည်။ (ကောလောသဲ ၁:၁၁၊ ၂၄) သို့သော် ကိုယ်ပိုင်ခွန်အားဖြင့် ယင်းသို့မတတ်နိုင်ကြောင်း သူသိသည်။ ယေဟောဝါကသူ့အား အစွမ်းတန်ခိုးနှင့် ပြည့်ဝစေခဲ့ပါသည်တကား! ယနေ့လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ထောင်ချခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် ထောင်ပေါင်းများစွာသော သက်သေခံများသည် ယေဟောဝါအမှုတော်ဆောင်ခြင်းမှ ရရှိသည့်ရွှင်လန်းမှုကို မဆုံးရှုံးကြချေ။ ယင်းအစား ဟေရှာယ ၄၀:၂၉-၃၁ ပါ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ မှန်ကန်မှုကို ကောင်းစွာသဘောပေါက်နားလည်လာကြသည်– “မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ . . . ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။”

၂၃၊ ၂၄။ ကောလောသဲ ၁:၂၆ တွင်ဖော်ပြထားသော နက်နဲရာကား အဘယ်နည်း။

၂၃ ခရစ်တော်၌ ဗဟိုပြုလျက်ရှိသော သတင်းကောင်း၏ ဓမ္မအမှုဆောင်ခြင်းသည် ပေါလုအတွက် အလွန်အရေးကြီးသည်။ ဘုရားသခင်၏ရည်ရွယ်ချက်တွင် ခရစ်တော်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါမှုအကြောင်း အခြားသူများအား သိနားလည်စေလိုသောကြောင့် ယင်းကို “ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း . . . နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်ကို အကုန်အစင်ဟောပြော” သည်ဟု ဖော်ပြခဲ့သည်။ သို့သော် အစဉ်အမြဲ နက်နဲရာဖြစ်မနေပါ။ “ယခုတွင် သန့်ရှင်းသူတို့အားဖော်ပြသော နက်နဲရာ” ဟု သူဆက်ပြောထားသည်။ (ကောလောသဲ ၁:၂၆) ဧဒင်တွင် ပုန်ကန်မှုပေါ်ပေါက်ခဲ့စဉ်က ‘မိန်းမ၏မျိုးနွယ်သည် မြွေ၏ခေါင်းကို ကြိတ်လိမ့်မည်’ ဟု ကြိုပြောထားခြင်းအားဖြင့် သာ၍ကောင်းသောအရာများ ရောက်လာမည်ဖြစ်ကြောင်း ယေဟောဝါကတိပြုတော်မူသည်။ (ကမ္ဘာဦး ၃:၁၅) ယင်းက မည်သို့အဓိပ္ပာယ်ရှိသနည်း။ ယင်းသည် လူမျိုးဆက်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်းများစွာကြာသည့်အထိ နက်နဲရာဖြစ်နေခဲ့သည်။ ထို့နောက် ယေရှုကြွလာပြီး “သတင်းကောင်းအားဖြင့် အသက်ရှင်ခြင်းနှင့် မဖောက်မပြန်မပျက်စီးနိုင်ခြင်းတရားကို ပေါ်လွင်ထင်ရှားစေတော်မူသတည်း။”—၂ တိမောသေ ၁:၁၀၊ သတင်းကောင်း။

၂၄ မှန်ပါသည်၊ ဤ “နက်နဲရာ” သည် ခရစ်တော်နှင့် မေရှိယနိုင်ငံတော်တွင် ဗဟိုပြုလျက်ရှိသည်။ ပေါလုက ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် အုပ်ချုပ်ခွင့်ရမည့်သူများကို ရည်ညွှန်း၍ “ကောင်းကင်အရာ” ဟုဖော်ပြခဲ့သည်။ ထိုသူတို့သည် ဤမြေကြီးပေါ်တွင်တည်မည့် ထာဝရပရဒိသု၌ စံစားကြမည့် “မြေကြီးအရာ” များအပေါ် မရေမတွက်နိုင်သော ကောင်းချီးများ သက်ရောက်စေရန် အကူအညီပေးကြမည်။ ယင်းကို “နက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်” ဟုခေါ်ဆိုခြင်းသည် မည်မျှသင့်တော်လျောက်ပတ်ကြောင်းကို သင်သိနိုင်ပေသည်။—ကောလောသဲ ၁:၂၀၊ ၂၇။

၂၅။ ကောလောသဲ ၁:၂၉ တွင် ဖော်ပြထားချက်နှင့်အညီ ယခု ကျွန်ုပ်တို့၏သဘောထား မည်သို့ရှိသင့်သနည်း။

၂၅ ပေါလုသည် ကောင်းကင်နိုင်ငံတော်ရှိ မိမိ၏နေရာကို အလွန်မျှော်လင့်တောင့်တခဲ့သည်။ သို့သော် ယင်းသည် ဘာမျှမလုပ်ဘဲ ထိုင်၍မျှော်လင့်နေရသည့် အရာမဟုတ်ကြောင်း သူသဘောပေါက်သည်။ “ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍ ငါ၌ တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။” (ကောလောသဲ ၁:၂၉) အသက်ကယ်သည့်ဓမ္မအမှုဆောင်ခြင်းကို ပေါလုလုပ်ဆောင်ပြီးမြောက်ရန် ယေဟောဝါသည် ယေရှုအားဖြင့် သူ့ကို တန်ခိုးနှင့်ပြည့်စုံစေသည်ကို သတိပြုပါ။ ယနေ့ ကျွန်ုပ်တို့အားလည်း ထိုနည်းတူယေဟောဝါလုပ်ပေးနိုင်သည်။ သို့သော် ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုမေးသင့်သည်မှာ ‘ကျွန်ုပ်တွင် သမ္မာတရားလေ့လာခါစက ရှိခဲ့ဖူးသောဧဝံဂေလိစိတ်ဓာတ် ရှိသလော’ ဟူ၍ဖြစ်သည်။ သင့်အဖြေကား မည်သို့နည်း။ ကျွန်ုပ်တို့တစ်ဦးစီသည် ‘အမှုဆောင်ရွက်၍ ယေဟောဝါ၏တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်’ နိုင်ရန် မည်သည့်အရာက အကူအညီပေးနိုင်သနည်း။ နောက်ဆောင်းပါးက ထိုအကြောင်းကို ဆွေးနွေးထားသည်။

သင်သတိပြုမိသလော

◻ ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ကို လူသားများအကျိုးအလို့ငှာ အသုံးပြုမည်ဖြစ်ကြောင်း အဘယ်ကြောင့် ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။

◻ ကောလောသဲအခန်းကြီး ၁ ပါ ပေါလုစကားများ၏ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။

◻ ကောလောသဲ ၁:၂၀ တွင် ဖော်ပြထားသော ပြန်လည်သင့်မြတ်မှုကို ဘုရားသခင်မည်သို့ အထမြောက်စေတော်မူသနည်း။

◻ မိမိ၏တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့မှတစ်ဆင့် အဘယ်အရာကို ယေဟောဝါ ပြီးမြောက်အောင်မြင်စေနိုင်တော်မူသနည်း။

[စာမျက်နှာ ၈ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကောလောသဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ