ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၄၂၂-စာ. ၄၂၉
  • ဥပုသ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥပုသ်
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ခရစ်ယာန်တွေ ဥပုသ်စောင့်ရမှာလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သတ္တမနေ့ကို စောင့်ထိန်းသင့်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခရစ်ယာန်များသည် အနားယူရာနေ့ရက်ကို စောင့်ထိန်းသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အလုပ်လုပ်ရမယ့်အချိန်၊ အနားယူရမယ့်အချိန် ရှိတယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၄၂၂-စာ. ၄၂၉

ဥပုသ်

အဓိပ္ပာယ်သတ်မှတ်ချက်– Sabbath (ဥပုသ်) ဟူသောအင်္ဂလိပ်စကားကို ဟေဗြဲလို sha·vathʹ (ရှာဗသ်) မှကောက်ယူထားသည်။ အဓိပ္ပာယ်မှာ “နားသည်၊ စဲသည်၊ ရပ်ဆိုင်းသည်” ဟူ၍ဖြစ်၏။ မောရှေပညတ်ပါ ဥပုသ်စနစ်၌ အပတ်စဉ်ဥပုသ်၊ နှစ်တစ်လျှောက်လုံး အထူးသတ်မှတ်သော အခြားရက်များ၊ သတ္တမလနှင့် ငါးဆယ်မြောက်နှစ် ပါဝင်သည်။ ဂျူးတို့၏အပတ်စဉ်ဥပုသ်၊ သူတို့ပြက္ခဒိန်သီတင်းပတ်၏သတ္တမရက်သည် သောကြာနေ့နေဝင်ချိန်မှ စနေနေ့နေဝင်ချိန်အထိဖြစ်သည်။ ခရစ်ယာန်အမည်ခံများစွာတို့က ရိုးရာအတိုင်း တနင်္ဂနွေနေ့ကို နားနေ့၊ ဝတ်ပြုရာနေ့အဖြစ် သတ်မှတ်ကြသည်။ အချို့က ဂျူးပြက္ခဒိန်ရက်အတိုင်း ဥပုသ်စောင့်ကြသည်။

ခရစ်ယာန်များသည် သီတင်းပတ်ဥပုသ်စောင့်ရမည့်တာဝန်ရှိသလော

ထွ. ၃၁:၁၆၊ ၁၇– “ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင် ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။” (ဥပုသ်စောင့်ခြင်းမှာ ယေဟောဝါနှင့်ဣသရေလလူတို့စပ်ကြား လက္ခဏာသက်သေတစ်ရပ်ဖြစ်ကြောင်း သတိပြုပါ။ အခြားလူတိုင်းလည်း ဥပုသ်စောင့်ရလျှင် ထူးတော့မည်မဟုတ်။ “ထာဝရ” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် ‛oh·lamʹ (အိုလမ်) ဖြစ်၍ အခြေခံအားဖြင့် ပစ္စုပ္ပန်ကာလ၏ရှုထောင့်မှကြည့်လျှင် အကန့်အသတ်မဲ့သော၊ သို့တည်းမဟုတ် အဆုံးမမြင်နိုင်သော ရှည်လျားသည့်အချိန်ပိုင်းကိုဆိုလိုသည်။ ထာဝရကာလဖြစ်နိုင်သည်။ သို့သော် ထာဝရကာလကိုအမြဲဆိုလိုချင်မှဆိုလိုမည်။ ထပ်တူဟေဗြဲစကားလုံးကို တောလည်ရာ ၂၅:၁၃ ၌ ယဇ်ပုရောဟိတ်စနစ်နှင့်စပ်လျဉ်း၍ သုံးထား၏။ ဟေဗြဲ ၇:၁၂ အရ နောက်ပိုင်း၌ ၎င်းစနစ်ဆုံးခန်းတိုင်ခဲ့လေသည်။)

ရော. ၁၀:၄၊ သမ္မာ– “ယုံကြည်သောသူရှိသမျှအဖို့ ဖြောင့်မတ်ခြင်းအလိုငှာ ခရစ်တော်သည် ပညတ်တရား၏ဆုံးခြင်းအကြောင်းဖြစ်တော်မူ၏။” (ဥပုသ်စောင့်ခြင်းသည် ထိုပညတ်၏တစ်ကဏ္ဍဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ထိုပညတ်ကို အဆုံးတိုင်စေတော်မူသည်။ ဘုရားသခင့်ရှေ့မှောက်၌ ကျွန်ုပ်တို့ဖြောင့်မတ်ခြင်းရှိမရှိဟူသည့်အချက်သည်၊ ခရစ်တော်ကိုယုံကြည်ခြင်းပေါ်မူတည်သည်။ အပတ်စဉ်ဥပုသ်စောင့်ခြင်းနှင့်မဆိုင်။) (ဂလာတိ ၄:၉-၁၁၊ ဧဖက် ၂:၁၃-၁၆ တို့ကိုလည်းရှု။)

ကော. ၂:၁၃-၁၆– “[ဘုရားသခင်သည်] သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ . . . ပယ်ရှင်းတော်မူပြီ။ . . . ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကိုစောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြော မစီရင်စေနှင့်။” (လူတစ်ယောက်သည် ပညတ်တရားအောက်၌ရှိ၍ ဥပုသ်ဖျက်သောအပြစ်ကျူးလွန်သူအဖြစ် စီရင်ခံရလျှင် ထွက်မြောက်ရာ ၃၁:၁၄ နှင့် တောလည်ရာ ၁၆:၃၂-၃၅ အရ၊ သူ့ကို ပရိသတ်တစ်ရပ်လုံးက ခဲနှင့်ပေါက်သတ်ရမည်ဖြစ်သည်။ ဥပုသ်စောင့်ရမည်ဟု အငြင်းအခုံလုပ်သူတို့အနေနှင့် ထိုပညတ်တရားအောက်၌ ကျွန်ုပ်တို့မရှိဟူသောအချက်ကိုထောက်၍ ဝမ်းသာဖို့ကောင်းပေသည်။ ဤတွင်ကိုးကားသောကျမ်းချက်တင်ပြသည့်အတိုင်း ဣသရေလလူတို့အား ပေးတော်မူသောဥပုသ်ကိုစောင့်မှသာလျှင် ဘုရားသခင့်ရှေ့ မျက်နှာသာတော်ရမည်မဟုတ်တော့ချေ။)

တနင်္ဂနွေနေ့သည် ဘယ်ပုံဘယ်နည်းဖြင့် ခရစ်ယာန်ဘောင်အများထုအတွက် အဓိကဝတ်ပြုနေ့ ဖြစ်လာသနည်း

ခရစ်တော်သည် တစ်သီတင်း၏ပထမနေ့ (ယခုအခေါ် တနင်္ဂနွေနေ့) ၌ ရှင်ပြန်ထမြောက်သော်လည်း ထိုနေ့ကို သီတင်းပတ်၏အခါကြီးရက်ကြီးအဖြစ်သတ်မှတ်ရန် ကျမ်းစာကမညွှန်ကြားချေ။

“‘Dies Solis,’ သို့မဟုတ် ‘Sunday’ (တနင်္ဂနွေ) ဟူသော တိတ္ထိအမည်ဟောင်းကို အပတ်စဉ်ခရစ်ယာန်ပွဲအဖြစ် အောက်မေ့ခြင်းအကြောင်းရင်းမှာ အဓိကအားဖြင့် တိတ္ထိနှင့် [အမည်ခံ] ခရစ်ယာန်အယူပေါင်းစပ်မှုကြောင့်ဖြစ်၏။ ကွန်စတင်တိုင်းက ထိုအယူပေါင်းစပ်မှုကိုအကြောင်းပြု၍ [စီ.အီး. ၃၂၁ ခု၊ အမိန့်ထုတ်ပြန်ချက်၌] သီတင်းပတ်၏ပထမနေ့ကို ‘Sun (နေမင်းကြီး) ၏နေ့မြတ်’ အဖြစ် သတ်မှတ်ရန် မိမိ၏လက်အောက်ခံပြည်သူများဖြစ်သော တိတ္ထိနှင့်ခရစ်ယာန်တို့ထံ အဆိုသွင်း၏။ . . . ဤကား အင်ပါယာအတွင်း ကွဲပြားသောဘာသာတရားများကို တစ်မျိုးတည်းသောဥပဒေဖြင့် ပေါင်းစည်းသော သူ၏နည်းပရိယာယ်တည်း။”​—Lectures on the History of the Eastern Church (အရှေ့အသင်းတော်ရာဇဝင်ဆိုင်ရာလက်ချာများ။ နယူးယောက်၊ ၁၈၇၁)၊ အေ.ပီ. စတန်လီ စ. ၂၉၁။

အာဒံသည် ဥပုသ်စောင့်ရန် ပညတ်ခံရသဖြင့် သူ၏သားမြေးများလည်း ဥပုသ်စောင့်ရသလော

ယေဟောဝါသည် ကမ္ဘာကို လူသားများနေထိုင်နိုင်အောင်ပြင်ဆင်ပြီးနောက် ရုပ်ဝတ္ထုနှင့်မြေကြီးဆိုင်ရာမိမိလုပ်ငန်းမှ အနားယူတော်မူလေသည်။ ဤအချက်ကို ကမ္ဘာဦး ၂:၁-၃ က တင်ပြသည်။ သို့သော် သီတင်းပတ်၏သတ္တမနေ့ကိုဥပုသ်အဖြစ်စောင့်ရန် အာဒံအား ဘုရားသခင်ညွှန်ကြားကြောင်း ကျမ်းစာမည်သည့်နေရာ၌မျှ မဆိုထားချေ။

တရား. ၅:၁၅– “သင် [ဣသရေလ] သည်အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်ရုံးတော်ကိုဆန့်၍ ထိုပြည်မှ သင့်ကို နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူ၏။” (ယေဟောဝါက ဣသရေလလူတို့အား ကျွန်ဘဝမှကယ်လွှတ်ခြင်းနှင့်ဆက်စပ်လျက် ဥပုသ်ပညတ်ကို မိမိပေးခြင်းဖြစ်ကြောင်း မိန့်တော်မူ၏။ ဧဒင်အဖြစ်အပျက်နှင့်စပ်လျဉ်း၍ ပေးသည်ဟုမဆိုပါ။)

ထွ. ၁၆:၁၊ ၂၃-၂၉– “ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် . . . အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင် . . . သိန်တောသို့ရောက်ကြ၏။ [မောရှေ] ကလည်း နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့ ၌ သန့်ရှင်းသောဥပုသ်နေ့၊ . . . ဖြစ်၏ . . . ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ . . . ခြောက်ရက်ပတ်လုံး [မန္နမုန့်ကို] သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသောခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။ ထာဝရဘုရားကလည်း . . . ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ . . . ဟု မောရှေအား မိန့်တော်မူ၏။” (ယခင်အချိန်၌ ရက်သတ္တပတ်ဟူသောသတ်မှတ်ချက်ရှိခဲ့သော်လည်း ဥပုသ်စောင့်ခြင်းကို ယခုပထမအကြိမ်တင်ပြခြင်းဖြစ်၏။)

မောရှေပညတ်ကို “အခမ်းအနား” ကဏ္ဍနှင့် “သီလ” ကဏ္ဍ ဟူ၍ နှစ်မျိုးခွဲထားပြီး ခရစ်ယာန်များသည် “သီလပညတ်” (ပညတ်တော်ဆယ်ပါး) အောက်၌ ရှိသလော

ပညတ်တရားကို နှစ်ကဏ္ဍအဖြစ် ခွဲခြားထားသည်ဟူသောသဘောဖြင့် ယေရှုညွှန်းဆိုသလော

မ. ၅:၁၇၊ ၂၁၊ ၂၃၊ ၂၇၊ ၃၁၊ ၃၈– “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။” ဤပညတ္တိကျမ်း၌ အဘယ်အချက်များကို ယေရှုစာရင်းသွင်းတော်မူကြောင်း ရှေ့ဆက်သတိပြုပါ။ “လူအသက်ကိုမသတ်ရ . . . ဟူသောရှေးပညတ်စကား [ထွ. ၂၀:၁၃; ဆဋ္ဌမပညတ်] ကို သင်တို့ကြားရပြီ။ သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် [တရား. ၁၆:၁၆၊ ၁၇; ပညတ်တော်ဆယ်ပါးအဝင်မဟုတ်။] . . . သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကား [ထွ. ၂၀:၁၄; သတ္တမပညတ်] ကိုသင်တို့ကြားရပြီ။ တစ်ဖန်တုံ မယားနှင့်ကွာလိုလျှင် ဖြတ်စာကိုအပ်ပေးစေဟူသောပညတ်စကား [တရား. ၂၄:၁; ပညတ်တော်ဆယ်ပါးအဝင်မဟုတ်။] ရှိပြီ။ သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေဟူသောပညတ်စကား [ထွ. ၂၁:၂၃-၂၅; ပညတ်တော်ဆယ်ပါးအဝင်မဟုတ်။] ကို သင်တို့ကြားရပြီ။” (ထို့ကြောင့် ယေရှုသည် ပညတ်တော်ဆယ်ပါးကို ပညတ္တိကျမ်း၏အခြားအစိတ်အပိုင်းများနှင့် မခွဲခြားဘဲ တပေါင်းတစည်းတည်း ညွှန်းဆိုတော်မူ၏။ ကျွန်ုပ်တို့အနေနှင့် ၎င်းတို့ကို ခွဲခြားသင့်သလော။)

“ဆရာတော်၊ ပညတ်ကျမ်းမှာ အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်း” ဟု ယေရှုအမေးခံရစဉ် ပညတ်တော်ဆယ်ပါးကို ဘေးဖယ်၍ ဖြေဆိုတော်မူသလော။ ထိုသို့ဖြေမည့်အစား၊ “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်ရမည် ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။ ဒုတိယအကြီးမြတ်ဆုံးပညတ်ကား၊ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည် ဟူသောပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးတို့သည် မောရှေ၏ပညတ်ကျမ်းတစ်စောင်လုံးနှင့် ပရောဖက်ကျမ်းများ၏အချုပ်အခြာပင်ဖြစ်သတည်း” ဟု ဖြေကြားလိုက်၏။ (မ. ၂၂:၃၅-၄၀၊ သက) အကယ်၍ လူအချို့က ပညတ်တော်ဆယ်ပါး (တရား. ၅:၆-၂၁) ကိုစွဲကိုင်ပြီး ခရစ်ယာန်များ ၎င်းကိုစောင့်ထိန်းရမည်၊ အခြားပညတ်များကို စောင့်ထိန်းရန်မလို ဟုဆိုလျှင် မည်သည့်ပညတ်များ အကြီးဆုံးဖြစ်သည်ဆိုသော (တရား. ၆:၅; ဝတ်. ၁၉:၁၈ တို့ကိုကိုးကားသော) ယေရှု၏အဆိုကို ငြင်းပယ်ရာမရောက်ပေလော။

မောရှေပညတ်ကွယ်ပျောက်ခြင်းအကြောင်းပြောရာတွင် ပညတ်တော်ဆယ်ပါးပါ အဆုံးတိုင်ပြီဟုကျမ်းစာက တိုက်ရိုက်ဆိုသလော

ရော. ၇:၆၊ ၇– “ယခုမူကား၊ . . . ငါတို့သည် သေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ရောက်ကြပြီ။ သို့ ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင်ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ် [“တပ်မက်သောစိတ်၊” သမ] မရှိစေနှင့် ဟု ပညတ်တရားမဆိုလျှင် လောဘသဘောကိုငါမသိ။” (ဂျူးခရစ်ယာန်များ “ပညတ်တရား၏လက်မှ လွတ်မြောက်” ပြီဟု ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ပညတ္တိကျမ်းမှ အဘယ်အချက်ကို ဥပမာအဖြစ် ပေါလုကိုးကားသနည်း။ ဒသမပညတ်ဖြစ်၏။ ထို့ကြောင့် သူတို့အပေါ်ချုပ်ကိုင်ခြင်းမရှိတော့သော ပညတ္တိကျမ်း၌ ဒသမပညတ်လည်းပါဝင်ကြောင်း သိသာစေသည်။)

၂ ကော. ၃:၇-၁၁– “ထိုမှတစ်ပါး ပျောက်တတ်သောရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည်ကြောင့် ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင် ကျောက်ပြားပေါ်၌အက္ခရာတင်၍ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့်ပြည့်စုံသည်မှန်လျှင် ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည်မဟုတ်လော။ . . . ပယ်ရှင်းရသော အရာသည် ဘုန်းရှိလျှင် တည်နေသောအရာသည် သာ၍ဘုန်းရှိလိမ့်မည်။” (ဤတွင် “ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော” တရားအကြောင်းကိုရည်ညွှန်းထားသည်။ ထို့ ပြင် ၎င်းကို ဣသရေလအမျိုးသားတို့အား မောရှေပေးသောအခါ သူတို့သည် “သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်” ကြောင်းတင်ပြထားသည်။ ဘာကိုပြောနေသနည်း။ ထွက်မြောက်ရာ ၃၄:၁၊ ၂၈-၃၀ က ပညတ်တော်ဆယ်ပါး ပေးခြင်းဖြစ်ကြောင်းပြ၏။ ၎င်းတို့ကို ကျောက်ပြားပေါ်၌အက္ခရာတင်ထား၏။ သို့ ဖြစ်၍ ၎င်းပညတ်များသည် အထက်ကျမ်းချက်၌ဆိုသော “ပယ်ရှင်းရသောအရာ” ထဲတွင် ပါဝင်ကြောင်းသိသာ၏။)

ပညတ်တော်ဆယ်ပါးပါဝင်သော မောရှေပညတ်ကိုပယ်ရှားခြင်းက သီလဆိုင်ရာအချုပ်အချယ်ရှိသမျှ ပယ်ဖျက်လိုက်သည်ဟူသောသဘော သက်ရောက်သလော

လုံးဝမသက်ရောက်။ ပညတ်တော်ဆယ်ပါးမှသီလစံများစွာတို့ကို ခရစ်ယာန်ဂရိကျမ်းများပါ မှုတ်သွင်းခံစာစောင်များ၌ ပြန်လည်ထည့်သွင်းထားပေသည်။ (သို့သော် ဥပုသ်ပညတ်မပါပါ။) သို့ရာတွင် ပညတ်တစ်ပါး မည်မျှပင်ကောင်းစေကာမူ၊ အပြစ်ပြုလိုသောဉာဉ်က လူ့ဆန္ဒပေါ် စိုးမိုးနေသမျှကာလပတ်လုံး မတရားမှုရှိဦးမည်။ သို့တစေ၊ ပညတ်ပဋိညာဉ်ကိုအစားထိုးလိုက်သော ပဋိညာဉ်သစ်နှင့်စပ်လျဉ်း၍ ဟေဗြဲ ၈:၁၀ က ဤသို့ဆို၏– “နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” ဤပညတ်တို့သည် ကျောက်ပြားပေါ် ထွင်းသောပညတ်များထက် မည်မျှသာ၍ထိရောက်သည်တကား!

ရော. ၆:၁၅-၁၇– “ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် ဒုစရိုက်ကိုပြုရမည်လော။ ထိုသို့မပြုရ။ အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် အပြစ်တရား၏ကျွန်ဖြစ်ဖူးသော်လည်း ယခုတွင် ခံခဲ့ပြီးသောသြဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့်နားထောင်ကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။” (ဂလာတိ ၅:၁၈-၂၄ ကိုလည်းရှု။)

အပတ်စဉ်ဥပုသ်သည် ခရစ်ယာန်များအဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း

ခရစ်ယာန်များ နေ့စဉ်ခံစားရသော “ငြိမ်ဝပ်ခြင်းချမ်းသာ [“ဥပုသ်နားခြင်း၊” ကဘ]တစ်မျိုး” ရှိ၏

ဟေဗြဲ ၄:၄-၁၁ က ဤသို့ဆို၏– “ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်းပြု၍ ကျမ်းစာတစ်ချက် [ကမ္ဘာဦး ၂:၂] ၌လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာအလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။ ထိုကျမ်းစာ [ဆာလံ ၉၅:၁၁] ၌ တစ်ဖန်လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့မဝင်ရကြဟု လာသတည်း။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာသတင်းကို ရှေ့ ဦးစွာကြားရသောသူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။ တစ်ဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံး မရှိကြနှင့်ဟု ဆိုသည်ဖြစ်၍ ဤမျှလောက်ကာလကြာပြီးမှ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌လာသောအခါ တစ်စုံတစ်ခုသောနေ့ရက်ကို သေချာစွာမှတ်သားသတည်း။ ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည်မှန်လျှင် ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဖွယ်ရှိသနည်း။ ထို့ကြောင့် ဘုရားသခင်၏လူတို့အဖို့အလိုငှာ ငြိမ်ဝပ်ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။ ထိုကြောင့် ဣသရေလလူတို့သည် မယုံကြည်သောစိတ်ရှိသဖြင့် လဲသကဲ့သို့ [“ပုန်ကန်ခြင်းနမူနာအတိုင်း၊” ကဘ] ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။”

ခရစ်ယာန်တို့အား အဘယ်အရာများမှ နားရန် တိုက်တွန်းနေသနည်း။ “မိမိအမှုအရာ” များမှနားရန်တည်း။ မည်သည့်အမှုများနည်း။ မိမိတို့ဖြောင့်မတ်ကြောင်းကို သက်သေထူရန် ယခင်တစ်ချိန်ကပြုလုပ်သောအမှုများပင်။ အချို့အချို့သောဥပဒေများ၊ သတ်မှတ်ချက်များကို စောင့်ထိန်းလျှင် ဘုရားသခင့်မျက်နှာသာတော်ကိုဝယ်ယူ၍ ထာဝရအသက်ကို ပိုင်ဆိုင်နိုင်မည်ဟု ခရစ်ယာန်တို့သည် မယူဆကြတော့ချေ။ အယုံအကြည်မဲ့သူဂျူးများ ထိုသို့အယူမှားကြ၏။ သူတို့သည် “ကိုယ်ဖြောင့်မတ်ခြင်းကိုတည်စေခြင်းငှာ ရှာကြံသောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။” (ရော. ၁၀:၃) ခရစ်ယာန်စစ်တို့က မိမိတို့သည် အပြစ်သားများအဖြစ် မွေးလာကြကြောင်း၊ ခရစ်တော်၏ယဇ်ကိုယုံကြည်မှသာ ဘုရားသခင့်ရှေ့ ဖြောင့်မတ်သည့်အဖြစ်ကိုရနိုင်ကြောင်း သိမှတ်ကြပါသည်။ ဘုရားသခင့်သားတော်၏သွန်သင်ချက်ရှိသမျှကို နှလုံးသွင်း၍ကျင့်သုံးရန် အားထုတ်ကြပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှလာသော ဩဝါဒနှင့်အဆုံးအမကို နှိမ့်ချစွာလက်ခံကြသည်။ သို့ရာတွင် ဤနည်းအားဖြင့် ဘုရားသခင့်မျက်နှာတော်ကို ဝယ်ယူ နိုင်သည်ဟူ၍ကား မယူမှတ်ပါ။ မိမိတို့၏မေတ္တာနှင့်ယုံကြည်ခြင်းကို ဖော်ထုတ်သည့်သဘောသာဖြစ်သည်။ သူတို့သည် ဤသို့သောဘဝလမ်းစဉ်ကိုလိုက်သဖြင့် ဂျူးလူမျိုးတို့၏ “ပုန်ကန်ခြင်းနမူနာ” ကို ရှောင်ရှားကြပေသည်။

ကမ္ဘာဦး ၂:၂ ပါ “သတ္တမနေ့” သည် ၂၄-နာရီနေ့ရက်မဟုတ်။ (“ဖန်ဆင်းခြင်း” ခေါင်းစဉ်အောက် စာမျက်နှာ ၁၇၄၊ ၁၇၅ ကိုရှု။) ထို့နည်းတူ၊ ခရစ်ယာန်စစ်များ ပါဝင်ခံစားသော “ဥပုသ်နားခြင်း” သည်လည်း ၂၄-နာရီနေ့ရက်သာမဟုတ်။ သူတို့သည် ကျမ်းစာသြဝါဒကိုယုံကြည်နာခံခြင်းဖြင့် ၎င်းကိုနေ့စဉ်ခံစားနိုင်ပေသည်။ အထူးသဖြင့် ဘုရားသခင့်စနစ်သစ်အတွင်း ခံစားကြရမည်။

လူသားတို့ရှေ့မှောက်၌ အနှစ်တစ်ထောင် “ဥပုသ်” ရှိ၏

မာ. ၂:၂၇၊ ၂၈– “ထိုမှတစ်ပါး ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ဖြစ်သည်မဟုတ်။ သို့ ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု [ယေရှု] မိန့်တော်မူ၏။”

ဥပုသ်ကို မိမိနှင့်ဣသရေလလူတို့စပ်ကြား လက္ခဏာတစ်ရပ်အဖြစ် ယေဟောဝါသတ်မှတ်ကြောင်း၊ ဣသရေလလူတို့အား အလုပ်မှနားခွင့်ရစေရန်ရည်ရွယ်တော်မူကြောင်း ယေရှုသိတော်မူ၏။ မိမိ၏သေခြင်းကိုအခြေပြု၍ မောရှေပညတ်ကိုပြည့်စုံစေပြီး ၎င်းကိုပယ်ဖျက်တော်မူမည်ဖြစ်ကြောင်းကိုလည်း ယေရှုသိ၏။ ပညတ်တရားသည် ဥပုသ်ပညတ်နှင့်အတူ “နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏ . . . အရိပ်” ကိုပေးကြောင်း ကိုယ်တော်သဘောပေါက်၏။ (ဟေဗြဲ ၁၀:၁; ကော၊ ၂:၁၆၊ ၁၇) ထို “မင်္ဂလာအကျိုးတို့” နှင့်စပ်လျဉ်း၍ “ဥပုသ်နေ့” တစ်နေ့ရှိ၍ ကိုယ်တော်သည် ထိုဥပုသ်၏အရှင်ဖြစ်တော်မူ၏။

ခရစ်တော်သည် သခင်တို့၏သခင်အနေနှင့် ကမ္ဘာတစ်ခုလုံးကို အနှစ်တစ်ထောင် အုပ်စိုးတော်မူမည်။ (ဗျာ. ၁၉:၁၆; ၂၀:၆; ဆာ. ၂:၆-၈) ယေရှုကမ္ဘာပေါ်ရှိစဉ် ကရုဏာကြောင့် ဥပုသ်နေ့၌ အံ့ဖွယ်အကောင်းဆုံးသောကုသမှု ပြုတော်မူ၏။ သို့ ပြုခြင်းဖြင့် မိမိ၏အနှစ်တစ်ထောင်အုပ်စိုးရာကာလအတွင်း လူမျိုးအပေါင်းတို့အား မည်သို့ချမ်းသာပေးတော်မူမည်ကို သာဓကပြတော်မူပေသည်။ (လု. ၁၃:၁၀-၁၃; ယော. ၅:၅-၉; ၉:၁-၁၄) ဥပုသ်၏အဓိပ္ပာယ်မှန်ကိုနားလည်လေးမြတ်သူတို့သည် ထို “ဥပုသ်” နားခြင်းမှအကျိုးခံစားခွင့်ကိုလည်း ရကြပေမည်။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ခရစ်ယာန်ဆိုရင် ဥပုသ်စောင့်ရမယ်’

ဤသို့ ပြန်ပြောနိုင်သည်– ‘မိတ်ဆွေ ဘာကြောင့်ခုလိုထင်သလဲ မေးပါရစေ။’ ထို့နောက် ဆက်လက်၍– ‘ဒါနဲ့ပတ်သက်ပြီးကျမ်းစာဘယ်လိုပြောသလဲ၊ အဲဒီအတိုင်း ကျွန်တော်တို့ ယူမှတ်သင့်တယ်မဟုတ်လား။ . . . ဒါနဲ့ပတ်သက်လို့အထောက်အကူဖြစ်စေမယ့်ကျမ်းချက်တချို့ကို ကျွန်တော်တွေ့ထားပါတယ်။ မိတ်ဆွေကို တင်ပြပါရစေ။ (၎င်းနောက် အထက်စာမျက်နှာများမှ သင့်လျော်ရာအပိုင်းများကိုသုံးပါ။)’

‘ခင်ဗျားတို့ ဘာကြောင့်ဥပုသ်မစောင့်ကြတာလဲ’

ဤသို့ပြန်ပြောနိုင်သည်– ‘ကျွန်တော့်အဖြေဟာ မိတ်ဆွေဘယ်ဥပုသ်ကိုပြောနေသလဲဆိုတဲ့အချက်ပေါ် မူတည်ပါလိမ့်မယ်။ ကျမ်းစာက ဥပုသ်တစ်ခုထက်မကရှိတယ်ဆိုပြီးပြောတာ မိတ်ဆွေသိပါသလား။ . . . ဥပုသ်ပညတ်များကို ဘုရားသခင်က ဂျူးတွေကိုပေးခဲ့တယ်။ ခရစ်ယာန်တွေကျတော့၊ နောက်ဥပုသ်တစ်မျိုး စောင့်ရမယ်လို့ကျမ်းစာပြောတာ မိတ်ဆွေသိပါသလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘တစ်ပတ် တစ်ရက်ဥပုသ်ကို ကျွန်တော်တို့မစောင့်ပါဘူး။ အဲဒီဥပုသ်ကို “ပယ်ရှင်း” ရမယ်လို့ ကျမ်းစာပြောတဲ့အတွက်ကြောင့်ပါ။ (၂ ကော. ၃:၇-၁၁; ယင်းနှင့်ပတ်သက်၍ စာမျက်နှာ ၄၂၆ ပါရှင်းလင်းချက်ကိုရှု။)’ (၂) ‘ဒါပေမဲ့ ကျွန်တော်တို့အမြဲစောင့်တဲ့ ဥပုသ်နေ့တစ်နေ့ ရှိပါတယ်။ (ဟေဗြဲ ၄:၄-၁၁; စာမျက်နှာ ၄၂၇ ကိုရှု။)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ