ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးခြင်းမှ အကျိုးကျေးဇူးများ
“[ဉာဏ်ပညာ] ကို ချစ်မြတ်နိုးလော့၊ သင့်ကို ကာကွယ်လိမ့်မည်၊ . . . ယင်းကို သင်ပွေ့ဖက်သောကြောင့်ယင်းသည် သင့်အားဂုဏ်တင်လိမ့်မည်။”—သု. ၄:၆၊ ၈၊ ကဘ။
၁။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အမှန်တကယ်ချစ်မြတ်နိုးခြင်းတွင် အဘယ်အရာပါဝင်သနည်း။
ခရစ်ယာန်တစ်ဦးသည် မဖြစ်မနေ ကျမ်းစာဖတ်ရှုရမည်။ သို့ရာတွင် ဖတ်ရုံဖတ်ခြင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးကြောင်း မဖော်ပြပါ။ တစ်စုံတစ်ယောက်သည် ကျမ်းစာဖတ်နေသော်လည်း ကျမ်းစာပြစ်တင်ထားသည့်အရာများကို ပြုကျင့်နေမည်ဆိုလျှင် အသို့နည်း။ ထိုသူသည် ဆာလံ ၁၁၉ ကိုရေးသူချစ်မြတ်နိုးသည့်နည်းအတိုင်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးခြင်းမရှိကြောင်း ထင်ရှားပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးခြင်းက တောင်းဆိုချက်များနှင့်အညီ နေထိုင်စေခဲ့သည်။—ဆာလံ ၁၁၉:၉၇၊ ၁၀၁၊ ၁၀၅။
၂။ ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အခြေပြုသောဉာဏ်ပညာမှ အဘယ်အကျိုးကျေးဇူးများဆင်းသက်လာသနည်း။
၂ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်အညီ အသက်ရှင်နေထိုင်ခြင်းတွင် မိမိ၏အတွေးအခေါ်နှင့် ဘဝပုံစံကို အစဉ်မပြတ်ကိုက်ညှိနေဖို့ လိုအပ်သည်။ ထိုသို့သောလမ်းစဉ်က ဘုရားသခင်ရေးရာဉာဏ်ပညာကို ရောင်ပြန်ဟပ်ကာ ယင်းသည် သမ္မာကျမ်းစာလေ့လာခြင်းမှရရှိသော အသိပညာနှင့် နားလည်မှုကို လက်တွေ့ကျင့်သုံးခြင်းကိုဆိုလိုသည်။ “[ဉာဏ်ပညာကို] မြတ်နိုးလော့၊ သင့်ကိုကာကွယ်လိမ့်မည်။ ယင်းကိုလွန်စွာလေးမြတ်လော့၊ သင့်ကိုချီးမြှောက်လိမ့်မည်။ ယင်းကို သင်ပွေ့ဖက်သောကြောင့် ယင်းသည် သင့်အားဂုဏ်တင်လိမ့်မည်။ သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့်ပတ်ရစ်၍ လှပသောသရဖူကိုအပ်နှင်းလိမ့်မည်။” (သု. ၄:၆၊ ၈၊ ၉၊ ကဘ) ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးပြီး ယင်း၏လမ်းညွှန်မှုကိုခံယူလိုစိတ်မွေးမြူရန် ကောင်းလှသည့်အားပေးမှုပါတကား! ကာကွယ်မှု၊ ချီးမြှောက်မှုနှင့် ဂုဏ်တင်မှုကိုမလိုချင်သူ မည်သူရှိသနည်း။
တည်မြဲသောထိခိုက်နစ်နာမှုမှကာကွယ်ခံရ
၃။ ခရစ်ယာန်များသည် ယခင်ကထက် အဘယ်ကြောင့်ကာကွယ်ခံရဖို့ပိုလိုပြီး မည်သူ့ထံမှနည်း။
၃ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းနှင့် ကျင့်သုံးခြင်းမှရရှိသည့်ဉာဏ်ပညာအားဖြင့် မည်သို့ကာကွယ်ခံရသနည်း။ တစ်ခုမှာ စာတန် . . . လက်မှကာကွယ်ခံရခြင်းဖြစ်သည်။ ယေရှုသည် ဆိုးညစ်သောသူစာတန်၏လက်မှကယ်နုတ်ခံရရန် နောက်တော်လိုက်များကို ဆုတောင်းဖို့သင်ပေးခဲ့သည်။ (မဿဲ ၆:၁၃) ယနေ့ ကျွန်ုပ်တို့၏ဆုတောင်းချက်များ၌ ယင်းကိုထည့်တောင်းရန် အမှန်ပင်အရေးတကြီးလိုအပ်နေ၏။ စာတန်နှင့် သူ၏နတ်ဆိုးများသည် ၁၉၁၄ ခုနှစ်နောက်ပိုင်းတွင် ကောင်းကင်မှနှင်ချခံခဲ့ရသောကြောင့် သူသည် “မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်” ထွက်လျက်ရှိသည်။ (ဗျာဒိတ် ၁၂:၉၊ ၁၀၊ ၁၂) ဤကုန်ဆုံးလုအချိန်တွင် သူသည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလမ်းသောသူ” တို့ကို စစ်တိုက်သော်လည်း မအောင်မြင်သဖြင့် သူ၏ဒေါသမီးတောက်လောင်နေမည်ဖြစ်သည်။—ဗျာဒိတ် ၁၂:၁၇။
၄။ ခရစ်ယာန်များသည် စာတန့်ဖိစီးမှုများနှင့် ထောင်ချောက်များမှ မည်သို့ကာကွယ်ခြင်းခံရသနည်း။
၄ စာတန်သည် အမျက်ဒေါသနှင့် ဤခရစ်ယာန်ဓမ္မအမှုဆောင်များကို ဆင်းရဲခြင်းအမျိုးမျိုးတွေ့စေရန်နှင့် အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းခြင်းကိုလှုံ့ဆော်ပေးရန် သို့မဟုတ် သူတို့၏လုပ်ငန်းကိုအခြားနည်းများဖြင့်တားဆီးရန် ဆက်လက်လှုံ့ဆော်လျက်ရှိသည်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများကို ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းထက် လောကတွင်ထင်ပေါ်ကျော်ကြားခြင်း၊ စိမ်ပြေနပြေနေလိုခြင်း၊ ရုပ်ပစ္စည်းများကိုပိုင်ဆိုင်လိုခြင်းနှင့် အပျော်အပါးလိုက်စားခြင်းအစရှိသည့်အရာများကို အာရုံစိုက်စေရန်လည်း သူသွေးဆောင်လို၏။ စာတန့်ဖိစီးမှုကိုအလျှော့ပေးခြင်း သို့မဟုတ် သူ၏ထောင်ချောက်များတွင် ကျော့မိခြင်းမှ ဘုရားသခင့်သစ္စာရှိကျေးကျွန်များကို အဘယ်အရာက ကာကွယ်သနည်း။ ဆုတောင်းခြင်း၊ ယေဟောဝါနှင့်ရင်းနှီးသောနှစ်ကိုယ်ကြားဆက်ဆံရေးနှင့် ကိုယ်တော့်ကတိတော်များအမှန်ပြည့်စုံမည်ကို ယုံကြည်ခြင်းတို့သည် အမှန်အရေးပါ၏။ သို့သော် ဤအရာအားလုံးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်အသိပညာနှင့် ယင်း၏သတိပေးချက်များကိုနာခံရန် ဆုံးဖြတ်ချက်တို့နှင့်ဆက်စပ်လျက်ရှိသည်။ ကျမ်းစာနှင့် ကျမ်းစာအထောက်အကူပြုစာပေများကို ဖတ်ရှုခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်း၊ ယုံကြည်သူချင်းတစ်ဦး၏ ကျမ်းစာဆိုင်ရာဆုံးမစကားကိုနားထောင်ခြင်း သို့မဟုတ် ဘုရားသခင့်ဝိညာဉ်တော်က ပြန်သတိရစေသည့် ကျမ်းစာမူများကို စိတ်အားထက်သန်စွာဆင်ခြင်ခြင်းဖြင့် သတိပေးခံရကြသည်။—ဟေရှာယ ၃၀:၂၁; ယောဟန် ၁၄:၂၆; ၁ ယောဟန် ၂:၁၅-၁၇။
၅။ ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အခြေပြုသောဉာဏ်ပညာသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကိုအကာအကွယ်ပေးသနည်း။
၅ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးသူတို့သည် အခြားနည်းများဖြင့် ကာကွယ်ခံရကြ၏။ ဥပမာ၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းနှင့် လိင်အကျင့်ယိုယွင်းခြင်းတို့ကြောင့် စိတ်ဖိစီးခံရခြင်းနှင့် ရောဂါများရခြင်းတို့ကို သူတို့ရှောင်ကြဉ်ကြသည်။ (၁ ကောရိန္သု ၅:၁၁; ၂ ကောရိန္သု ၇:၁) အတင်းအဖျင်းပြောဆိုခြင်း သို့မဟုတ် မကြင်မနာပြောဆိုခြင်းတို့ဖြင့် ဆက်ဆံရေးကို မတင်းမာစေကြပါ။ (ဧဖက် ၄:၃၁) လောကပညာ၏လှည့်ဖြားသောအတွေးအခေါ်များကို ဆည်းပူးလေ့လာခြင်းအားဖြင့် သံသယသားကောင်များလည်း ဖြစ်မသွားကြပါ။ (၁ ကောရိန္သု ၃:၁၉) ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးခြင်းကြောင့် ဘုရားသခင်နှင့် မိမိတို့၏ဆက်ဆံရေးကိုလည်းကောင်း၊ ထာဝရအသက်ရရန်မျှော်လင့်ချက်ကိုလည်းကောင်း ဆုံးရှုံးစေနိုင်သည့်အရာများမှ ကာကွယ်ခံရကြ၏။ သမ္မာကျမ်းစာတွင်ပါရှိသော အံ့ဖွယ်ကတိတော်များကိုယုံကြည်ရန် မိမိတို့၏အိမ်နီးချင်းများကို ကူညီပေးကြ၏။ ဤသို့ပြုခြင်းအားဖြင့် “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း” ကယ်တင်မည်ဖြစ်ကြောင်းသိရှိကြသည်။—၁ တိမောသေ ၄:၁၆။
၆။ ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အခြေပြုသောဉာဏ်ပညာသည် ခဲယဉ်းသောအခြေအနေများအောက်တွင်ပင် ကျွန်ုပ်တို့ကိုမည်သို့ကာကွယ်နိုင်သနည်း။
၆ လူတိုင်း—ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးသူတို့ပင်—သည် “အချိန်အခါနှင့် တင်ကြိုမမြင်ရသည့် ဖြစ်ပျက်မှု” ရင်ဆိုင်ရသည်မှာ မှန်ပါသည်။ (ဒေ. ၉:၁၁) ကျွန်ုပ်တို့ထဲမှတချို့သည် သဘာဝကပ်ဘေးများ၊ အသည်းအသန်ဖျားနာမှုများ၊ မတော်တဆမှုများ သို့မဟုတ် အချိန်မတန်ဘဲသေဆုံးမှုတို့ကို တွေ့ကြုံကြရမည်မှာ ဧကန်။ သို့တိုင် ကျွန်ုပ်တို့ကာကွယ်ခံရကြ၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တကယ်ချစ်မြတ်နိုးသူတစ်ဦးကို အဘယ်ဘေးကမှ တည်မြဲသောထိခိုက်နစ်နာမှုကိုမဖြစ်စေနိုင်ပါ။ ထို့ကြောင့် အနာဂတ်တွင် ဖြစ်ပျက်မည့်အရာနှင့်ပတ်သက်၍ အလွန်အကျွံမစိုးရိမ်သင့်ပါ။ အတော်အသင့်ကြိုတင်ကာကွယ်မှုများပြုလုပ်ပြီးနောက် အရာရာကို ယေဟောဝါ၏လက်တော်၌အပ်ထားခြင်းက ပိုကောင်းကာ ယနေ့ဘဝ၏မလုံခြုံမှုက မိမိတို့၏ငြိမ်သက်မှုကို မပျောက်ပျက်စေဖို့ဖြစ်သည်။ (မဿဲ ၆:၃၃၊ ၃၄; ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်သည် ‘အရာခပ်သိမ်းကို အသစ်ဖြစ်စေ’ သောအခါ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် ပို၍ကောင်းသောအသက်တာ တကယ်ဖြစ်လာမည်ကို စိတ်စွဲနေပါ။—ဗျာဒိတ် ၂၁:၅; ယောဟန် ၁၁:၂၅။
သင့်ကိုသင် “ကောင်းသောမြေ” ဖြစ်ကြောင်းပြ
၇။ ယေရှုသည် ကိုယ်တော့်စကားကိုနားထောင်ရန်လာသည့် လူအုပ်ကို အဘယ်ဥပမာပေးခဲ့သနည်း။
၇ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တော်မှန်သောအမြင်ရှိခြင်း၏အရေးကြီးမှုကို ယေရှု၏ပုံဥပမာတစ်ခုတွင် အလေးအနက်ဖော်ပြထားသည်။ ယေရှုသည် ပါလက်စတိုင်းနယ်တစ်လျှောက် သတင်းကောင်းကို ကြွေးကြော်ခဲ့စဉ်က လူအုပ်သည် ကိုယ်တော့်စကားကိုနားထောင်ရန် စုဝေးခဲ့ကြသည်။ (လုကာ ၈:၁၊ ၄) သို့ရာတွင်၊ အားလုံးတော့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အမှန်တကယ်နှစ်သက်ခြင်းမရှိခဲ့ကြပါ။ လူများစွာသည် အံ့ဖွယ်အမှုများကို တွေ့မြင်လိုကြသဖြင့်လည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သွန်သင်နည်းကိုနှစ်သက်ကြသဖြင့်လည်းကောင်း ကိုယ်တော်ထံလာကြခြင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ ထို့ကြောင့် ယေရှုသည် လူအုပ်အား ပုံဥပမာတစ်ခုပြောပြခဲ့သည်– “မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာထွက်သွား၏။ အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်ကျော်နင်းခြင်းကိုခံရ၍ မိုးကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်သောအခါ မြေသြဇာမရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ညှဉ်းဆဲကြ၏။ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။”—လုကာ ၈:၅-၈။
၈။ ယေရှု၏ပုံဥပမာတွင် မျိုးစေ့ကားအဘယ်နည်း။
၈ ကြားနာသူများ၏နှလုံးအခြေအနေပေါ်မူတည်၍ သတင်းကောင်းဟောပြောခြင်းကိုတုံ့ပြန်ပုံတူမည်မဟုတ်ကြောင်း ယေရှု၏ပုံပမာကဖော်ပြသည်။ ကြဲသောမျိုးစေ့မှာ “ဘုရားသခင်၏တရားစကား” ဖြစ်၏။ (လုကာ ၈:၁၁) သို့မဟုတ် ဤပုံပမာကို နောက်မှတ်တမ်းတစ်ခုက ဖော်ပြသကဲ့သို့ ဤမျိုးစေ့သည် “[ဘုရားသခင့်] နိုင်ငံတော်၏တရားစကား” ဖြစ်သည်။ (မဿဲ ၁၃:၁၉) ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းစေကာ ကိုယ်တော့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည့် ဘုရင်ယေရှုခရစ်၏ ကောင်းကင်နိုင်ငံတော်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏အဓိကအချက်ဖြစ်သောကြောင့် အသုံးအနှုန်းနှစ်ခုအနက်တစ်ခုခုကို ယေရှုအသုံးပြုနိုင်သည်။ (မဿဲ ၆:၉၊ ၁၀) ဤသို့အားဖြင့် မျိုးစေ့သည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်ပါရှိသော သတင်းကောင်းဖြစ်၏။ ယေဟောဝါသက်သေများသည် မူလမျိုးကြဲသူ ယေရှုခရစ်ကိုတုပပြီး မျိုးစေ့ကြဲကြစဉ် ဤ[ဘုရားသခင့်]နိုင်ငံတော်သတင်းတရားကို ပေါ်လွင်စေကြသည်။ အဘယ်တုံ့ပြန်မှုကို သူတို့တွေ့ ရှိကြသနည်း။
၉။ (က) လမ်း (ခ) ကျောက် (ဂ) ဆူးမြေပေါ်တွင် ကျသောမျိုးစေ့ကား အဘယ်အရာကို ပုံတင်ပြထားသနည်း။
၉ မျိုးစေ့တချို့သည် လမ်းပေါ်ကျပြီး နင်းချေခြင်းခံရသည်ဟု ယေရှုဆိုခဲ့၏။ ယင်းက ၎င်းတို့၏နှလုံးများတွင် အမြစ်စွဲရန်အချိန်မပေးနိုင်သည့်အထိ ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို စိတ်မစွဲလမ်းသူတို့အား ရည်ညွှန်းသည်။ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးစိတ်မရှိစေနိုင်မီ “ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ [စာတန်] သည် လာ၍တရားစကားကို နှလုံးထဲမှနုတ်ယူ” လိုက်၏။ (လုကာ ၈:၁၂) မျိုးစေ့တချို့သည် ကျောက်ပေါ်တွင်ကျသည်။ ယင်းသည် ကျမ်းစာသတင်းတရားကို နှစ်သက်သဘောကျကြသော်လည်း သူတို့နှလုံးအပေါ် ယင်း၏အကျိုးသက်ရောက်မှုကို လက်မခံသူတို့ကိုဆိုလိုသည်။ ဤသူတို့တွင် အမြစ်မစွဲသောကြောင့် ဆန့်ကျင်မှုပေါ်လာသောအခါ သို့မဟုတ် သမ္မာကျမ်းစာဆုံးမစကားကို ကျင့်သုံးရန်ခက်ကြောင်း သူတို့သိလာသောအခါ “ဖောက်ပြန်” သွားကြသည်။ (လုကာ ၈:၁၃) ထို့အပြင် နှုတ်မြွက်စကားကိုကြားသော်လည်း “စိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့” ၏လွှမ်းမိုးမှုခံရသူတို့ရှိသည်။ နောက်ဆုံးတွင် ဆူးများရစ်နှောင်ခံရသည့်အပင်များကဲ့သို့ သူတို့သည် လုံးဝ “အသီးမသီးသောသူ” များဖြစ်ကြသည်။—လုကာ ၈:၁၄။
၁၀၊ ၁၁။ (က) မည်သူတို့ကို ကောင်းသောမြေဖြင့် ပုံတင်ပြသနည်း။ (ခ) ကျွန်ုပ်တို့၏နှလုံးများတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို “စွဲလမ်း” ရန် အဘယ်အရာပြုလုပ်ရမည်နည်း။
၁၀ နောက်ဆုံးအနေနှင့် ကောင်းသောမြေပေါ်ကျသည့် မျိုးစေ့ရှိသည်။ ယင်းသည် “ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး” ဖြင့်သတင်းတရားကိုလက်ခံသည့် လူတို့ကိုဆိုလိုသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ဤအမျိုးအစားထဲတွင်ပါဝင်သည်ဟု မိမိတို့ကိုယ်ကိုယူမှတ်လိုပေလိမ့်မည်။ သို့သော် အဆုံး၌မူ အရေးကြီးသည်မှာ ဘုရားသခင်၏သဘောထားဖြစ်၏။ (သု. ၁၇:၃; ၁ ကောရိန္သု ၄:၄၊ ၅) ကျွန်ုပ်တို့တွင် “ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး” ရှိကြောင်း ယခုအချိန်မှ ကျွန်ုပ်တို့သေဆုံးသည့်အထိ သို့မဟုတ် ဤစနစ်ဆိုးကိုဘုရားသခင်အဆုံးတိုင်စေသည့်အထိ ကျွန်ုပ်တို့၏လုပ်ရပ်များဖြင့် သက်သေထူကြောင်း ကိုယ်တော့်နှုတ်မြွက်စကားတော်ကဆိုသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကျွန်ုပ်တို့အစပြုတုံ့ပြန်မှုသည် အပြုသဘောပါလျှင် ယင်းသည် ကောင်း၏။ သို့ရာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံးနှင့်ခံယူသူသည် ယင်းကို “စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူ” တို့ဖြစ်ကြသည်။—လုကာ ၈:၁၅။
၁၁ ကျွန်ုပ်တို့၏နှလုံးတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို စွဲလမ်းဖို့တစ်ခုတည်းသောသေချာသည့်နည်းမှာ ၎င်းကိုသီးသန့်သော်လည်းကောင်း၊ ယုံကြည်သူချင်းများနှင့်သော်လည်းကောင်း ဖတ်ရှုလေ့လာရန်ဖြစ်သည်။ ဤတွင် ယေရှု၏စစ်မှန်သောနောက်လိုက်များ၏ ဝိညာဉ်ရေးအကျိုးကိုကြည့်ရှုပြုစုရန် ခန့်အပ်ခံရသည့်လမ်းကြောင်းမှတစ်ဆင့် ပြင်ဆင်ပေးသည့် ဝိညာဉ်ရေးအစာကို အကျိုးအပြည့်အဝ ရယူခြင်းပါဝင်သည်။ (မဿဲ ၂၄:၄၅-၄၇) အဆိုပါနည်းများဖြင့် နှလုံးထဲတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုစွဲမြဲစေသူတို့သည် “မြဲမြံစွာအသီးသီး” ရန်မေတ္တာ၏လှုံ့ဆော်မှုကိုခံရကြသည်။
၁၂။ ခံနိုင်ရည်ဖြင့် ကျွန်ုပ်တို့သီးရမည့်အသီးကား အဘယ်နည်း။
၁၂ အဘယ်အသီးသည် ကောင်းသောမြေတွင် သီးသနည်း။ သဘာဝလောကတွင် မျိုးစေ့များသည် အလားတူမျိုးစေ့ရှိသော အသီးကိုသီးသည့်အပင်များအဖြစ်သို့ ကြီးထွားလာကြရာ ယင်းသည် နောက်ထပ်အသီးများကိုသီးစေရန်ကြဲနိုင်၏။ အလားတူစွာ ဖြောင့်မတ်စင်ကြယ်သောနှလုံးရှိသူတို့တွင် တရားစကားမျိုးစေ့သည် ကြီးထွားလာရာ အခြားသူတို့၏နှလုံးများထဲတွင် တစ်လှည့်ပြန်မျိုးစေ့ကြဲနိုင်သည့်အထိ ဝိညာဉ်ရေးအရတိုးတက်ကြီးထွားလာစေသည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့၏မျိုးစေ့ကြဲခြင်းလုပ်ငန်း၏ အမှတ်အသားတစ်ခုသည် ခံနိုင်ရည်ဖြစ်သည်။ ယေရှုက မျိုးကြဲရာ၌ခံနိုင်ရည်၏အရေးကြီးမှုကို ဤသို့ဖော်ပြခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၃၊ ၁၄။
‘ကောင်းမှုအမျိုးမျိုးကိုသီးခြင်း’
၁၃။ ဘုရားသခင့်နှုတ်မြွက်စကားတော်အသိပညာနှင့် အသီးသီးခြင်းကိုဆက်စပ်ခဲ့သော အဘယ်ဆုတောင်းချက်ကို ပေါလုမြွက်ဆိုခဲ့သနည်း။
၁၃ အသီးသီးရန်လိုအပ်ကြောင်း တမန်တော်ပေါလုကလည်း ပြောခဲ့ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အသီးသီးခြင်းကို ဆက်စပ်ခဲ့သည်။ သူက ယုံကြည်သူချင်းများကို “ဉာဏ်ပညာအမျိုးမျိုးနှင့် ဝိညာဉ်ရေးဉာဏ်ဖြင့် [ဘုရားသခင့်] အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ၍ . . . ကောင်းမှုအသီးအမျိုးမျိုးကိုသီးသည့်အလျောက် စိတ်တော်နှင့်တွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်” ကြရန် ဆုတောင်းခဲ့သည်။—ကောလောသဲ ၁:၉၊ ၁၀၊ ကဘ; ဖိလိပ္ပိ ၁:၉-၁၁။
၁၄-၁၆။ ပေါလု၏ဆုတောင်းချက်နှင့်အညီ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူတို့သည် အဘယ်အသီးကိုသီးပွင့်ခဲ့ကြသနည်း။
၁၄ ထို့ကြောင့် ကျမ်းစာအသိပညာဆည်းပူးခြင်းသည် အဆုံးစွန်ပန်းတိုင်မဟုတ်ကြောင်း ပေါလုဖော်ပြသည်။ ယင်းအစား ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသည့်အတွက် ‘ကောင်းမှုအမျိုးမျိုးကိုဆက်သီး’ ခြင်းအားဖြင့် ‘ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်’ ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်သည်။ အဘယ်ကောင်းမှုနည်း။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ဤနောက်ဆုံးသောနေ့ရက်များတွင် ခရစ်ယာန်များအတွက် ထူးခြားသောတာဝန်ဖြစ်သည်။ (မာကု ၁၃:၁၀) ထို့အပြင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူတို့သည် ဤလုပ်ငန်းကို ငွေရေးကြေးရေးမှန်မှန်ထောက်ပံ့ရန် အတတ်နိုင်ဆုံးကြိုးစားကြသည်။ ‘စေတနာစိတ်နှင့်လှူသောသူကို ဘုရားသခင်နှစ်သက်’ ကြောင်းသိကြ၍ ဤအခွင့်ထူး၌ သူတို့မွေ့လျော်ကြသည်။ (၂ ကောရိန္သု ၉:၇) သူတို့၏အလှူများကို ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကိုညွှန်ကြားသော အချို့နေရာတွင် သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများထုတ်ဝေသည့် ဗေသလအိမ်တစ်ရာကျော်ကို ဖွင့်ထားသည့်စရိတ်အတွက် အသုံးပြုကြသည်။ သူတို့၏အလှူငွေသည် ခရစ်ယာန်စည်းဝေးကြီးများကျင်းပခြင်း၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် သာသနာပြုများကိုစေလွှတ်ခြင်းနှင့် အခြားအချိန်ပြည့်ဧဝံဂေလိဟောသူတို့၏စရိတ်စကများအတွက် အကုန်အကျခံဖို့လည်း အထောက်အကူပြုသည်။
၁၅ အခြားကောင်းမှုများမှာ စစ်မှန်သောဝတ်ပြုရေးနေရာများကို ဆောက်လုပ်ခြင်း၊ စောင့်ရှောက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးခြင်းက အစည်းအဝေးခန်းမကြီးများနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမများကို လျစ်လျူမရှုစေဖို့ ကိုယ်တော်အားဝတ်ပြုသူများကို စေ့ဆော်သည်။ (နေဟမိ ၁၀:၃၉ နှိုင်းယှဉ်။) ထိုသို့သောအဆောက်အဦများ၏ရှေ့တွင် ဘုရားသခင့်နာမတော်ပေါ်နေသောကြောင့် အတွင်းအပြင်တွင် သန့်ရှင်း၍ ဆွဲဆောင်မှုရှိစေပြီး ထိုသို့သောခန်းမများအတွင်း ဝတ်ပြုသူတို့၏အကျင့်အကြံသည် အပြစ်တင်ခွင့်နှင့်ကင်းရန် အရေးကြီးသည်။ (၂ ကောရိန္သု ၆:၃) တချို့ခရစ်ယာန်များသည် ပို၍တတ်နိုင်ကြ၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးခြင်းက ဆင်းရဲခြင်း သို့မဟုတ် ကျွမ်းကျင်မှုမရှိခြင်းကြောင့် လိုအပ်နေသည့် ကမ္ဘာ့အခြားဒေသများတွင် ဝတ်ပြုရာနေရာအသစ်များ ဆောက်လုပ်ခြင်းတို့၌ပါဝင်ရန် ဝေးလံသည့်အရပ်များသို့သွားဖို့ သူတို့ကိုလှုံ့ဆော်ပေးသည်။—၂ ကောရိန္သု ၈:၁၄၊ ၁၅။
၁၆ ‘ကောင်းမှုအမျိုးမျိုးကိုဆက်သီးခြင်း’ တွင် မိသားစုတာဝန်များကိုကြည့်ရှုခြင်းနှင့် ခရစ်ယာန်ချင်းများကို ဂရုစိုက်ခြင်းတို့လည်း ပါဝင်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးခြင်းက “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့” နှင့် “ဘုရားဝတ်ကိုရည်မှတ်၍ မိမိအိမ်ကိုပြုစု” ရန်လိုအပ်ရာများကို အကဲဆတ်တတ်ဖို့လှုံ့ဆော်ပေးသည်။ (ဂလာတိ ၆:၁၀; ၁ တိမောသေ ၅:၄၊ ၈) ဤကိစ္စနှင့်ပတ်သက်၍ ဖျားနာသောသူတို့ထံ လည်ပတ်ခြင်းနှင့် ငိုကြွေးမြည်တမ်းသူတို့ကိုနှစ်သိမ့်ပေးခြင်းသည် ကောင်းမှုဖြစ်သည်။ စိန်ခေါ်ချက်ဖြစ်သည့် ဆေးဘက်ဆိုင်ရာအခြေအနေများရင်ဆိုင်ရသူတို့ကိုကူညီရာ၌ အသင်းတော်အကြီးအကဲများနှင့် ဆေးရုံဆက်သွယ်ရေးကော်မတီဝင်များ၏ပြီးမြောက်မှုသည် မည်မျှကောင်းမှုပါတကား! (တမန်တော် ၁၅:၂၈၊ ၂၉) ထို့အပြင် သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏မိုက်မဲမှုကြောင့်ဖြစ်စေ ဖြစ်တတ်သောကပ်ဘေးများတိုးပွားလျက်ရှိသည်။ ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့် ယေဟောဝါသက်သေများသည် ဘေးဒဏ်များနှင့် မတော်တဆမှုများကိုကြုံတွေ့ရသူ ယုံကြည်သူချင်းများနှင့် အခြားသူများအတွက် အလျင်အမြန်ကယ်ဆယ်ရေးပြုလုပ်ခဲ့သောကြောင့် ကမ္ဘာ့ဒေသများစွာ၌ နာမည်ကောင်းရရှိခဲ့ကြပြီ။ ဤအရာအားလုံးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုသူတို့ချစ်မြတ်နိုးမှုကြောင့် ပြုခဲ့သောကောင်းမှုများပင်။
ကြီးကျယ်ခမ်းနားသောအနာဂတ်အကျိုးကျေးဇူးများ
၁၇၊ ၁၈။ (က) ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကိုကြဲခြင်းကြောင့် အဘယ်အရာ ပြီးမြောက်အောင်မြင်လျက်ရှိသနည်း။ (ခ) မကြာမီ အဘယ်တုန်လှုပ်ဖွယ်အဖြစ်အပျက်များ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူများ တွေ့ကြုံကြရမည်နည်း။
၁၇ ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကြဲခြင်းသည် လူသားတို့ကို အကျိုးကြီးစွာဆက်ပေးလျက်ရှိသည်။ မကြာမီနှစ်များအတွင်း နှစ်စဉ်လူ ၃၀၀,၀၀၀ ကျော်တို့သည် သူတို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ယင်းကိုရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ဖော်ပြသည့်အထိ ၎င်းတို့၏နှလုံးများတွင် ကျမ်းစာသတင်းတရားကို အမြစ်စွဲစေခဲ့ကြသည်။ သူတို့အတွက် ကြီးကျယ်ခမ်းနားသောအနာဂတ်စောင့်ကြိုနေသည်တကား!
၁၈ များမကြာမီ ယေဟောဝါသည် မိမိ၏နာမတော်ကိုဂုဏ်တင်တော့မည်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူများသိကြသည်။ မှားယွင်းသောကမ္ဘာ့ဘာသာရေးအင်ပါယာ “မဟာဗာဗုလုန်” သည် ဖျက်ဆီးခြင်းခံရပါလိမ့်မည်။ (ဗျာဒိတ် ၁၈:၂၊ ၈) ထိုအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်အညီ နေထိုင်ရန်ငြင်းဆန်သူတို့သည် ဘုရင်ယေရှုခရစ်အားဖြင့် သေဒဏ်စီရင်ခံကြရတော့မည်။ (ဆာလံ ၂:၉-၁၁; ဒံယေလ ၂:၄၄၊ ၄၅) ထို့နောက် ဘုရားသခင့်နိုင်ငံတော်သည် ရာဇဝတ်မှု၊ စစ်မှုနှင့် အခြားကပ်ဘေးများမှ အမြဲလွတ်မြောက်မှုရစေပါလိမ့်မည်။ နာကျင်မှု၊ ဖျားနာမှုနှင့် သေခြင်းတို့ကြောင့် လူတို့ကိုနှစ်သိမ့်ပေးရန် လိုတော့မည်မဟုတ်ချေ။—ဗျာဒိတ် ၂၁:၃၊ ၄။
၁၉၊ ၂၀။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အမှန်ချစ်မြတ်နိုးသူတို့အတွက် အဘယ်ကြီးကျယ်ခမ်းနားသောအနာဂတ်ရှိနေသနည်း။
၁၉ ထိုအခါ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူတို့သည် မည်မျှကြီးကျယ်ခမ်းနားသောကောင်းမှုများကို ပြီးမြောက်စေကြပါမည်တကား! အာမဂေဒုန်ကပ်ကျော်သူများသည် ဤမြေကြီးကို ပရဒိသုတစ်ခုအဖြစ်သို့ပြောင်းလဲစေသည့် ရွှင်လန်းဖွယ်အလုပ်ဖြင့် အစပြုကြပါလိမ့်မည်။ သူတို့သည် သေလွန်သူများထမြောက်ချိန်တွင်ပါဝင်မည့် သင်္ချိုင်းတွင် အနားယူနေပြီး ဘုရားသခင့်အမှတ်သညာတွင်ရှိနေကြသော လူသေတို့၏လိုအပ်ရာများအတွက် ပြင်ဆင်ပေးသည့်ပီတိဖြစ်ဖွယ်အခွင့်ထူးကို ရရှိကြပါလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုအချိန်တွင် ပိုင်သအုပ်စိုးရှင်ယေဟောဝါထံတော်မှ ကိုယ်တော်၏သားတော်ယေရှုခရစ်မှတစ်ဆင့် မြေကြီးသားများအပေါ် စုံလင်သောလမ်းညွှန်မှု စီးဆင်းလာပါလိမ့်မည်။ ကမ္ဘာသစ်နေထိုင်မှုအတွက် ယေဟောဝါ၏ညွှန်ကြားချက်များကို ဖော်ပြမည့် ‘စာစောင်များကိုဖွင့်ပေး’ ပါလိမ့်မည်။—ဗျာဒိတ် ၂၀:၁၂။
၂၀ ယေဟောဝါ၏သတ်မှတ်ချိန်တွင် သစ္စာရှိသောဘိသိက်ခံခရစ်ယာန်များအပြည့်အစုံသည် ‘ခရစ်တော်နှင့်အတူအမွေခံသူများ’ အဖြစ် သူတို့၏ကောင်းကင်ဆိုင်ရာဆုသို့ ထမြောက်ကြပါလိမ့်မည်။ (ရောမ ၈:၁၇) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမည့်အချိန်အတွင်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးသည့် မြေကြီးသားအားလုံးသည် စိတ်နှင့်ခန္ဓာစုံလင်သည့်အဖြစ်သို့ မြှင့်တင်ခြင်းခံကြရပါလိမ့်မည်။ နောက်ဆုံးစမ်းသပ်မှုအောက် သစ္စာရှိကြောင်းသက်သေထူကြပြီးနောက် သူတို့သည် ထာဝရအသက်ဆုချခံရကာ “ဘုရားသခင့်သားများ၏လွတ်ခြင်းချမ်းသာ” ကိုဝင်စားကြပါလိမ့်မည်။ (ရောမ ၈:၂၁; ဗျာဒိတ် ၂၀:၁-၃၊ ၇-၁၀) ယင်းသည် တကယ့်အံ့ဖွယ်အခါသမယတစ်ခုဖြစ်မည်တကား! ယေဟောဝါသည် ကျွန်ုပ်တို့အားကောင်းကင်မျှော်လင့်ချက်ကိုပေးသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ကိုပေးသည်ဖြစ်စေ ကိုယ်တော့်နှုတ်မြွက်စကားတော်ကို အစဉ်ချစ်မြတ်နိုးပြီး ဘုရားသခင်ရေးရာဉာဏ်ပညာအတိုင်း အသက်ရှင်နေထိုင်ရန်ဆုံးဖြတ်ထားခြင်းက ကျွန်ုပ်တို့ကိုကာကွယ်မည်ဖြစ်သည်။ ၎င်းအပြင် အနာဂတ်၌ ကျွန်ုပ်တို့ကိုဂုဏ်တင်ပါလိမ့်မည်၊ အကြောင်းမှာ ‘ယင်းကိုပွေ့ဖက်ထားသောကြောင့်ဖြစ်သည်။’—သု. ၄:၆၊ ၈။
သင်ရှင်းပြနိုင်သလော
◻ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုချစ်မြတ်နိုးခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ကာကွယ်မည်နည်း။
◻ ယေရှု၏မျိုးစေ့ပုံဥပမာကား အဘယ်နည်း၊ ယင်းကို မည်သို့ကြဲခဲ့သနည်း။
◻ ကျွန်ုပ်သည် “ကောင်းသောမြေ” ဖြစ်ကြောင်း မည်သို့သက်သေထူနိုင်ကြသနည်း။
◻ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုမြတ်နိုးသူများသည် အဘယ်အကျိုးကျေးဇူးများရရှိရန် မျှော်လင့်နိုင်သနည်း။
[Credit Line]
Garo Nalbandian
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေရှု၏မျိုးစေ့ပုံဥပမာသည်ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်ရှိသောသတင်းကောင်းကိုပုံဆောင်၏
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည်ကြီးမြတ်သောမျိုးကြဲသူအား တုပကြ၏
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အာမဂေဒုန်ကပ်ကျော်သူများသည် မြေကြီးအသီးများကိုစားသုံးပျော်မွေ့ကြမည်