စာရိတ္တသန့်ရှင်းမှုသည် လူငယ်များ၏အလှအပ
“အချင်းလူပျို၊ အသက်ပျိုသောအခါပျော်မွေ့လော့။ . . . ကိုယ်အလိုရှိရာလမ်းနှင့် ကိုယ်ဉာဏ်ပြသောလမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။”—ဒေသနာ ၁၁:၉။
၁၊ ၂။ (က) ယေဟောဝါရှင်သည်လူငယ်များအတွက် ဘာလိုလားသနည်း။ (ခ) သင့်နှလုံးနှင့်မျက်စိ နှစ်သက်ဆွဲဆောင်ရာတိုင်းနောက်လိုက်ခြင်းသည် အဘယ်ကြောင့်မိုက်မဲရာရောက်သနည်း။
“နုပျိုခြင်း၊ တက်ကြွခြင်းနှင့်နူးညံ့ခြင်းတို့သည် မိုးဦးရာသီနှင့်တူသည်။ ယင်းတို့၏တိုတောင်းသောအချိန်ကို ငြီးငြူနေမည့်အစား. . .ယင်းတို့တွင်ပျော်မွေ့ပါ။” ၁၉ ရာစုဂျာမန်ကဗျာဆရာက ထို့သို့ရေးသားခဲ့သည်။ အသင်လူငယ်များကို အကြံပြုထားသော ထိုစကားများသည် နှစ်ထောင်ပေါင်းများစွာက ဒေသနာကျမ်းစောင်တွင် ရေးသားထားသည်များကို ပဲ့တင်ထပ်သည်။ “အချင်းလူပျို၊ [သို့မဟုတ် အပျို] အသက်ပျိုသောအခါပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့် ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။” (ဒေသနာ ၁၁:၉က) ထို့ကြောင့်ယေဟောဝါဘုရားသခင်သည် လူငယ်သဘာဝနှစ်သက်ရာများကို မဆန့်ကျင်ကြောင်းပြသည်။ ကိုယ်တော်သည်သင်၏ အသက်ပျိုစဉ်ရှိသော အစွမ်း၊ ခွန်အားကို အပြည့်အဝခံစားစေချင်သည်။—သု၊ ၂၀:၂၉။
၂ ယင်းက၊ သင့်နှလုံးနှင့်မျက်စိ နှစ်သက်ဆွဲဆောင်ရာ ဘာကိုမဆိုလိုက်လုပ်နိုင်သည်ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါလေ။ (တောလည်ရာ ၁၅:၃၉။ ၁ ယောဟန် ၂:၁၆) ကျမ်းစောင်ကဆက်ပြောသည်။ “သို့ရာတွင်ထိုအမှုအရာအလုံးစုံတို့ကို [သင့်ဆန္ဒများပြည့်ဝစေရန် သင်ရွေးချယ်လျှောက်လိုက်ရာများ] ဘုရားသခင်စစ်ကြော၍ သင့်ကိုအပြစ်ပေးတော်မူမည် ဟုအောက်မေ့လော့။” (ဒေသနာ ၁၁:၉ခ) မှန်ပါသည်၊ သင့်လုပ်ရပ်များမှအကျိုးဆက်ကို သင်ရှောင်ဖယ်၍မရချေ။ လူကြီးများကဲ့သို့ပင် လူငယ်များသည်ယေဟောဝါ၏ တရားစီရင်ခြင်းအောက်တွင် ရှိလေသည်။—ရောမ ၁၄:၁၂။
၃၊ ၄။ (က) အဘယ်ကြောင့်မြင့်မားသော စာရိတ္တသန့်ရှင်းမှုစံချိန် ထိန်းသိမ်းထားရမည်နည်း။ (ခ) ဘုရားရှင်နှင့်သင်၏သန့်ရှင်းသော ရပ်တည်မှုပျောက်သွားရန် မည်သည့်ဖိအားများ သင့်အပေါ်ရှိသနည်း။ မည်သည့်မေးခွန်းများ မေးထားသနည်း။
၃ ယေဟောဝါ၏မျက်နှာသာ စီရင်ချက်ရရှိခြင်းသည် ထာဝရအသက်သို့ပို့ဆောင်စေရုံသာမက ယခုတွင်ပင်ဘုရားရှင်နှင့် အကျွမ်းတဝင်ဆက်ဆံရေးကို ရရှိစေသည်။ သို့သော်၊ သင်သည် မြင့်မားသောစာရိတ္တစံချိန်ကို ထိန်းသိမ်းထားရမည်။ ဆာလံ ၂၄၊ အခန်းငယ် ၃ မှ ၅ ကဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] ၏တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည်ရပ်နေရမည်နည်းဟူမူကား သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသာကိုမမှီဝဲမဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊ ထာဝရဘုရား၏လက်တော်မှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏လက်တော်မှ ဖြောင့်မတ်ခြင်းတရားကိုလည်းကောင်း ခံရလိမ့်မည်။” မှန်ပါသည်။ သင်သည်မြင့်မားသော စာရိတ္တစံချိန်ကို ထိန်းသိမ်းထားလျှင် ယေဟောဝါ၏မျက်စိတော်၌ လှပနေသည်။
၄ သို့ပင်ငြားလည်း၊ ဘုရားရှင်ရှေ့၌ သင်၏သန့်ရှင်းသောရပ်တည်မှု ပျောက်ဆုံးသွားရန် အဆက်မပြတ်ဖိအားပေးမှုများ ရှိနေသည်။ ဤနောက်ဆုံးနေ့ရက်များသည် အဆုံးသို့ရွေ့လျားစဉ် စာရိတ္တပျက်ပြားခြင်းနှင့် ညစ်ညူးသောသြဇာသက်ရောက်မှု ကပ်ဘေးကြီးဆိုက်နေသည်။ (၂ တိမောသေ ၃:၁-၅) လူငယ်များအတွက် စာရိတ္တသန့်ရှင်းမှု ထိန်းသိမ်းထားရန် ဤမျှလောက်ကြီးမားသော စိန်ခေါ်ချက်မရှိဘူးသေးချေ။ သင်ကောဤစိန်ခေါ်ချက်ကို အောင်မြင်စွာဖြင့် ရင်ဆိုင်နေပါသလော။ သင်ဆက်လက်၍ထိုသို့ပင် လုပ်ဆောင်နေမည်လော။
သင်ရင်ဆိုင်ရသောစိန်ခေါ်ချက်
၅။ မည်သည့်မသန့်ရှင်းသော ဩဇာသက်ရောက်မှုများက ဘုရားရှင်ရှေ့၌သန့်ရှင်းသော ရပ်တည်မှုကိုထိန်းသိမ်းထားရန် ခက်ခဲစေသနည်း။
၅ အပန်းဖြေဖျော်ဖြေမှုများသည် သန့်ပြန့်မှုကိုဘေးဖယ်ပြီး စာရိတ္တပျက်စီးခြင်းကို အမွှမ်းတင်ခြင်းဖြင့် လူငယ်များကိုတိုက်ခိုက်နေသည်။ ဥပမာ၊ ကြမ်းတမ်းဆိုးရွားသောရုပ်ရှင် တစ်ခုနှင့်စပ်လျဉ်း၍ ရုပ်ရှင်ဝေဖန်သူတစ်ဦးက ဤသို့ရေးသားခဲ့သည်။ “ဤရုပ်ရှင်တစ်ခုလုံးတွင် တုန်လှုပ်ဖွယ်လိင်ဆိုင်ရာ၊ တုန်လှုပ်ဖွယ်လူသတ်မှု၊ တုန်လှုပ်ဖွယ်ညစ်ညမ်းမှုများကို လှိုင်လှိုင်ဖော်ပြထားသည်။ ယင်းသည်ကြည့်ရှုသူ စံချိန်တင်သည်ဆိုလျှင် ရုပ်ရှင်များတွင်အရသာခံစားခြင်း . . . ဂုဏ်သရေအလွန်အမင်း ကျဆင်းနေကြောင်းပြသည်။” ထိုသို့သောရုပ်ရှင်များအပြင် လိင်ဆိုင်ရာကွက်ကွက်ကွင်းကွင်း စာသားများပါဝင်သည့် သီချင်းများနှင့် တရားမဝင်လိင်ကို အမွှမ်းတင်ထားသော တီဗွီအစီအစဉ်များက ထပ်ဆင့်လိုက်သေးသည်။ ထိုသို့သော “ညစ်ညူးသည့်အိုင်” ထဲတွင် သင့်ကိုယ်ကိုရောနှောပါဝင်စေခြင်းဖြင့် ဘုရားရှင်ရှေ့၌ သင်၏ကြည်လင်သော ဩတ္တပ္ပစိတ်ကိုထိန်းသိမ်း ထားနိုင်ပါမည်လော။ (၁ ပေတရု ၄:၄) သုတ္တံကျမ်းပြောသကဲ့သို့ပင်။ “လူသည်အဝတ်မလောင်ပဲ မီးကိုပိုက်ဖက်နိုင်သလော။”—သု၊ ၆:၂၇။
၆။ လူငယ်များ၊ သူတို့၏အပေါင်းအသင်းများထံမှ မည်သည့်ဖိအားပေးမှုများ ရင်ဆိုင်ရသနည်း။
၆ ဘုရားရှင်နှင့် သင်၏သန့်ရှင်းသော ရပ်တည်မှုပျောက်သွားရန် ဖိအားပေးမှုသည် နောက်တစ်နေရာဖြစ်သော သင်၏အပေါင်းအသင်းများ မှလည်းလာသည်။ ၁၇ နှစ်အရွယ်လောကမိန်းကလေးတစ်ဦး ဤသို့မြည်တမ်းခဲ့သည်။ “ကျွန်မဟာမဟုတ်တဲ့ အကြောင်းတွေကြောင့် ပထမဆုံးအကြိမ် လိင်ဆက်ဆံခဲ့တယ်။ ကျွန်မရဲ့ရည်းစားတောင်းဆိုနေမှုနဲ့ ကျွန်မကလည်း အားလုံးလုပ်နေတာပဲလို့ ယူဆမိလို့ပါပဲ။” မည်သူမှသူတစ်ပါး၏ ရယ်ခြင်းကိုမခံလိုကြချေ။ အခြားသူများနှင့် တူညီလိုခြင်းသည် သဘာဝပင်။ သို့သော်သင်သည် ကျမ်းစာစာရိတ္တအတွက် ရပ်တည်လျှင်၊ အခြားလူငယ်များ သင့်ကိုသရော်ကြလိမ့်မည်။ ဝင်ဆန့်လိုသောဆန္ဒနှင့် သင့်အပေါင်းအသင်းများ၏ လက်ခံမှုရလိုခြင်းသည်၊ မှားသည်ဟုသင်သိသည့် အရာတစ်ခုကိုချိုးဖောက်ရန် သင့်အားဖိအားပေးနိုင်သည်။—သု ၁၃:၂၀။
၇။ အဘယ်ကြောင့်လူငယ်များအတွက် မသန့်ရှင်းသောလွှမ်းမိုးမှုများကိုတိုက်လှန်ခြင်းသည် အထူးသဖြင့်ခက်ခဲသနည်း။ သို့သော်၊ ယေဟောဝါအဖွဲ့အစည်းရှိ ထောင်ပေါင်းများစွာသော လူငယ်များသည်သူတို့ကိုယ်ကို မည်သို့ပြသခဲ့ပြီနည်း။
၇ ဤလွှမ်းမိုးမှုများကို အထူးသဖြင့်လိင်ဆိုင်ရာ သွေးသားပြင်းပြနေသော ‘အရွယ်ရောက်ချိန်’ တွင် တိုက်လှန်ရသည်မှာ ခက်ခဲသည်။ (၁ ကောရိန္သု ၇:၃၆) ထို့ကြောင့်ပင် သုတေသနအဖွဲ့တစ်ခုက “အသက် ၁၉ နှစ်ရောက်၍ မထိမ်းမြားမီ လိင်ဆက်ဆံခြင်းမရှိသေးသူသည် ခြွင်းချက်လူငယ်ပင်ဖြစ်သည်” ဟုဆိုထားခြင်းမှာ မဆန်းချေ။ သို့နှင့်ပင် ယေဟောဝါ၏အဖွဲ့အစည်းရှိ အသင်လူငယ်များသည် သင်တို့ကိုယ်ကို ခြွင်းချက်များဖြစ်ကြောင်း ပြသခဲ့ကြပြီ။ သင်တို့သည် စိန်ခေါ်ချက်ကို လေးဘက်လေးတန်မှ ရင်ဆိုင်နေရပြီး၊ စာရိတ္တသန့်ရှင်းမှုကို ထိန်းသိမ်းထားကြသည်။
၈။ ခရစ်ယာန်လူငယ်အချို့သည် အဘယ်ကြောင့်သူတို့အား လောကအကျင့်ပျက်မှုများ ပွတ်တိုက်ခွင့်ပြုခဲ့ကြသနည်း။ ရလဒ်ကားအဘယ်နည်း။
၈ သို့သော်၊ ဝမ်းနည်းဖွယ်ကား ခရစ်ယာန်လူငယ်အတော်များများသည် လောက၏အကျင့်ပျက်မှုများကို သူတို့အားပွတ်တိုက်ခွင့်ပြုခဲ့ကြသည်။ သူတို့သည် ကောင်းမှုကိုချစ်သည်ဟု ဆိုသော်လည်း မကောင်းမှုကို မမုန်းချေ။ အနည်းဆုံးသူတို့မုန်းသင့်သလောက်မမုန်းကြချေ။ (ဆာလံ ၉၇:၁၀) အချို့ကိစ္စများတွင် ယင်းကိုသူတို့ချစ်ပုံပင်ရသည်။ ဆာလံ ၅၂:၃ တင်ပြထားသကဲ့သို့ပင်။ “သင်သည်သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသာစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။” အချို့ကျပြန်လည်း ချိန်းတွေ့ခြင်း၊ အပန်းဖြေမှုနှင့်စာရိတ္တစသည်တို့တွင် ယေဟောဝါအဖွဲ့အစည်းမှ လမ်းညွှန်မှုကိုဗြောင်ငြင်းပယ်သည်အထိပင်ဖြစ်သည်။ ရလဒ်အနေနှင့်အများအားဖြင့် သူတို့ကိုယ်နှိုက်နှင့် သူတို့၏မိဘများကို အရှက်ရစေခဲ့သည်။ သူတို့သည် ဘုရားရှင်မျက်စိတော်၌လည်း အလှပျက်ခဲ့ရသည်။—၂ ပေတရု ၂:၂၁၊ ၂၂။
စိန်ခေါ်ချက်ရင်ဆိုင်ရာ၌ အထောက်အကူ
၉။ စာရိတ္တသန့်ရှင်းစွာရှိနေရေး စိန်ခေါ်ချက်ကိုရင်ဆိုင်နိုင်ရန် ဘာလိုအပ်သနည်း။
၉ သင်သည်စာရိတ္တသန့်ရှင်းမှုရှိနေရန် စိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်မည်နည်း။ ဆာလံဆရာကြီးသည် အလားတူမေးခွန်းကိုမေးခဲ့သည်။ “လူပျိုသည် မိမိသွားရာလမ်းကိုအဘယ်သို့ သန့်ရှင်းစေနိုင်မည်နည်း။” သူကဆက်၍အဖြေပေးသည်။ “နှုတ်ကပတ်တော်အတိုင်းသတိပြုရမည်။” (ဆာလံ ၁၁၉:၉) မှန်ပါသည်၊ သင်သည်ဘုရားနှုတ်ကပတ်တော်မှ လမ်းညွှန်မှုလိုအပ်သည်။ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်သည်လည်း မိမိ၏အဖွဲ့အစည်းသည် ဤလောက၏မသန့်ရှင်းသော ဖိအားများကိုတွန်းလှန်ရာ၌ သင့်အားထောက်ကူရန် ထိုသို့သောလမ်းညွှန်မှု ပြင်ဆင်ပေးရန် စီမံပေးတော်မူ၏။
၁၀၊ ၁၁။ (က) လူငယ်များစာရိတ္တသန့်ရှင်းစွာ ရှိနေရေးကူညီရန် မည်သည့်စာအုပ်များ ပြင်ဆင်ပေးထားသနည်း။ (ခ) အချို့လူငယ်များ “လူငယ်များမေးကြ. . . ” ကဏ္ဍဖြင့် မည်သို့ကူညီပေးခံရသနည်း။ (ဂ) သင်ကိုယ်နှိုက် “လူငယ်များမေးကြ. . . ” ကဏ္ဍဖြင့်မည်သို့ အကျိုးရခဲ့သနည်း။
၁၀ လွန်ခဲ့သည့်နှစ်များက လူငယ်များကိုစိတ်ထဲထားပြီး လူငယ့်ဘဝ အနှစ်သာရ ကဲ့သို့သောစာအုပ်အတော်များများကို ပြင်ဆင်ခဲ့သည်။ ၁၉၈၂ ခုမှစ၍ နိုးလော့ မဂ္ဂဇင်းတွင် “လူငယ်များမေးကြ. . .” ကဏ္ဍသည် အပြာစာအုပ်များ၊ ဝတ္ထုများနှင့်လူပျိုလှည့်စဉ်ကာလတွင် လျောက်ပတ်စွာပြုမူခြင်းစသည့် အထောက်အကူပြုအကြံဉာဏ် များစွာပေးခဲ့လေသည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တင်ပြသွားသောကဏ္ဍများထဲတွင် တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းသည် “ကိလေသာစိတ်” ကိုနှိုးဆွပြီး လိင်သီလယိုယွင်းမှုသို့ လွယ်လွယ်နှင့်ဆိုက်ရောက်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။a (ကောလောသဲ ၃:၅) ထိုအကျင့်ကိုမည်သို့တိုက်လှန်မည်၊ အကျင့်ဆိုးပြန်ပေါ်လာလျှင် မည်သို့ဖြေရှင်းမည်ကို လက်တွေ့ကျအကြံဉာဏ်များ ပေးထားသည်။ ထိုဆောင်းပါးများအပေါ် အချို့လူငယ်များ ဤသို့ရေးသားတုံ့ပြန်ခဲ့ကြသည်။ “ကျွန်တော်ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း ပြဿနာရှိခဲ့တယ်။ အခုကျွန်တော် ၁၈ နှစ်ရှိပြီဖြစ်ပြီး တစ်ဖြည်းဖြည်းမူမှန်လာပါပြီ။ ဆောင်းပါးများအတွက် ကျေးဇူးတင်ပါတယ်။” “အခုကျွန်တော်ဟာ ဆောင်းပါးတွေထဲမှာပါတဲ့ အကြံဉာဏ်အတိုင်းလိုက်တော့ ကျွန်တော်.ရဲ့စိတ်တွေ ပိုပြီးကြည်လင်လာတယ်။ အရင်ကထက်ပိုပြီး သန့်ရှင်းမှုခံစားရတယ်။”
၁၁ ထိုသို့သောအကြောင်းများကို ဖတ်ရှုလေ့လာရခြင်းသည် အချိန်ကုန်သော်လည်း သို့ပြုခြင်းဖြင့်သင့်အား စာရိတ္တသန့်ရှင်းစွာရှိနေရန် ထောက်မပါလိမ့်မည်။ သင်သည်ထိုသို့သော စာပေများမှ အကျိုးအပြည့်အဝ ရယူနေပါသလော။ “လူငယ်များမေးကြ. . .” ဆောင်းပါးဖြစ်သော “လက်မထပ်မီလိင်-အဘယ်ကြောင့်မဆက်ဆံသင့်သနည်း”b ကိုတုံ့ပြန်သောအားဖြင့် ထိုစဉ်ကကျမ်းစာသင်နေသူ မိန်းကလေးတစ်ဦးက ဤသို့ရေးသားခဲ့သည်။ “အိမ်ထောင်မပြုမီ လိင်ဆက်ဆံမိတဲ့အတွက် မကောင်းမှု၊ အပြစ်ရှိခြင်း၊ မရှုစိတ်ခံစားရတာတွေ ကျွန်မသိရှိရပါတယ်။ ကျွန်မသိပ်ကိုဝမ်းနည်းမိတယ်။ ကိုယ်တော်ရဲ့လက်ခံမှု၊ ကိုယ်တော်ရဲ့ခွင့်လွှတ်မှုအတွက် နေ့စဉ်ပဲ၊ ယေဟောဝါရှင်ကို ကျွန်မကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ဆောင်းပါးတွေဟာ တစ်ခြားသူတွေကို ကျွန်မ လုပ်ခဲ့သလိုမလုပ်မီ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ့်ကိုပဲ နာကျည်းခဲ့ရပါတယ်။ ယေဟောဝါဘုရားရှင်ဟာ ဘာကြောင့်ကျွန်မတို့ကို ‘မတရားမေထုန်ရှောင်ကြဉ်’ ခိုင်းရတာလည်းဆိုတာ ကျွန်မအခုနားလည်ပါပြီ။”—၁ သက်သာလောနိတ် ၄:၃။
၁၂။ ယေဟောဝါစိတ်တော်နှင့်တွေ့လိုရန် ကျွန်ုပ်တို့အားဘာကလှုံ့ဆော်မည်နည်း။
၁၂ ယင်းကစိန်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်နိုင်ရန် နောက်အရာတစ်ခုသို့ ဆိုက်ရောက်စေသည်။ ယေဟောဝါသည် စကြဝဠာအချုပ်အခြာဖြစ်ကြောင်းနှင့် နာခံသင့်ကြောင်း သင်လေးမြတ်ရမည်။ (ဗျာဒိတ် ၄:၁၁) တစ်ချိန်တည်းမှာပင် ကိုယ်တော်သည်မေတ္တာရှင် ကောင်းကင်ခမည်းတော်ဖြစ်သော်လည်း ကျွန်ုပ်တို့အတွက်အကောင်းဆုံးအကျိုးလိုလားစိတ် ကိုယ်တော်.စိတ်နှလုံးတွင်ရှိသည်။ (သု၊ ၂:၂၀-၂၂။ ဟေရှာယ ၄၈:၁၇) ကိုယ်တော်၏ပညတ်များသည် ကျွန်ုပ်တို့အကျိုးအတွက်ရည်သန်ပြီး၊ မလိုအပ်ဘဲချုပ်ချယ်ထားခြင်းမဟုတ်ချေ။ ထို့ကြောင့်ယင်းတို့ကို နာခံခြင်းသည်ဉာဏ်ပညာရှိသော လမ်းစဉ်ဖြစ်သည်။ (တရားဟောရာ ၄:၅၊ ၆) ယေဟောဝါသည် အဘယ်ကြောင့်စာရိတ္တသန့်ရှင်းရန် တွန်းအားပေးခြင်းကို ရှင်းလင်းစွာနားလည်ခြင်းဖြင့် ယင်းတွင်ရှိအလှအပကို သင်မြင်လာအောင်ကူညီပေးမည်ဖြစ်ပြီး၊ ကိုယ်တော်စိတ်တော်နှင့်တွေ့လိုသောဆန္ဒ သင့်အားလှုံ့ဆော်ပေးပါလိမ့်မည်။—ဆာလံ ၁၁၂:၁။
၁၃။ မတရားမေထုန်ကိုတားမြစ်ထားသော ယေဟောဝါ၏ပညတ်သည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက် ဖြစ်ကြောင်းသင်မည်သို့ ရှင်းပြမည်နည်း။
၁၃ ဘုရားရှင်သည် လိင်ကိုအိမ်ထောင်အတွက်သာ ကန့်သတ်ထားပြီး မတရားမေထုန်ကိုကြပ်တည်းစွာ တားမြစ်ထားသည်ကိုသုံးသပ်ကြည့်ပါ။ (ဟေဗြဲ ၁၃:၄) ဤပညတ်ကိုလိုက်နာခြင်းဖြင့် သင့်အားကောင်းသည့်အရာတစ်ခုခု လက်လွတ်သွားစေပါသလော။ မေတ္တာရှင်ကောင်းကင်ခမည်းတော်သည် သင်၏ဘဝပျော်ရွှင်မှုကိုလုယူရန် ဥပဒေထုတ်ပါမည်လော။ ဝေးလေစွ။ ဘုရားပညတ်တော်ကို လျစ်လျူရှုသော သင့်အပေါင်းအသင်းများ၏ ဘဝမည်သို့ဖြစ်နေသည်ကို ကြည့်လိုက်ပါ။ မလိုလားအပ်သောကိုယ်ဝန်များကို အများအားဖြင့်ဖျက်ချခဲ့ရခြင်း သို့မဟုတ် အချိန်မတန်ဘဲ လက်ထပ်ခဲ့ကြရသည်။ အများအားဖြင့် ဖခင်မရှိဘဲကလေးကိုမွေးမြူရသည်။ ထို့ပြင်မတရားမေထုန်ကျူးလွန်သော လူငယ်များသည် ‘မိမိကိုယ်ကိုပင်ပြစ်မှား’ နေပြီး၊ လိင်ဆိုင်ရာကူးစက်ရောဂါများကို ရရှိစေသည်။ (၁ ကောရိန္သု ၆:၁၈) ယေဟောဝါထံအပ်နှံထားသူ လူငယ်တစ်ဦးသည် မတရားမေထုန်ကျူးလွန်သောအခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသည် ဆိုးရွားနိုင်သည်။ အပြစ်ရှိနေသောသြတ္တပ္ပစိတ်၏ မြည်တွန်တောက်တီးနေမှုကို ကြိုးစားချိုးနှိမ်နေရခြင်းကြောင့် နွမ်းနယ်မှုနှင့်အိပ်၍မပျော်သောညများကို ဖြစ်ပေါ်စေနိုင်သည်။ (ဆာလံ ၃၂:၃၊ ၄၊ ၅၁:၃) ထို့ကြောင့်၊ မတရားမေထုန်ကိုတားမြစ်သော ယေဟောဝါ၏ပညတ်သည် သင့်အားကာကွယ်ပေးရန်သာဖြစ်ကြောင်း မထင်ရှားပေလော။ စာရိတ္တသန့်ရှင်းမှုကို ထိန်းသိမ်းထားခြင်းသည် အမှန်ပင်အကျိုးရှိပါသည်တကား။
၁၄။ ဆယ်ကျော်သက်အိမ်ထောင်ပြုခြင်းသည် ကာကွယ်မှုဖြစ်သည်ဆိုခြင်းနှင့်စပ်လျဉ်း၍ ၁ ကောရိန္သု ၇:၉ နှင့် ၇:၃၆ ရှိပေါလု၏စကားများကိုကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်ကြောင်းရှင်းပြပါ။
၁၄ အခွင့်ရလျှင်၊ စာရိတ္တအပေါ်ဘုရားရှင်၏တင်းကြပ်သော ပညတ်တော်များကို လိုက်ရန်မလွယ်ချေ။ ထို့ကြောင့်ပင် အချို့လူငယ်များက အကောင်းဆုံးကာကွယ်နည်းမှာ ဆယ်ကျော်သက်အရွယ်တွင်ရှိစဉ် အိမ်ထောင်ပြုလိုက်ခြင်းသာဖြစ်သည်ဟု သဘောထိုင်ကြသည်။ သူတို့က ‘နောက်ဆုံးတော့’ ‘၁ ကောရိန္သု ၇:၉ က၊ “ကာမဂုဏ်ကိုမချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကိုပြုကြစေ။ ကိလေသာပူပန်ခြင်းစိတ်ရှိသည်ထက် ထိမ်းမြားစုံဘက်ခြင်းပြုသော် သာ၍ကောင်း၏” လို့ဆိုထားတယ်မဟုတ်လား’ ဟုဆိုကြသည်။ ထိုသို့ရှုမြင်ခြင်းသည် အမြင်ကျဉ်းခြင်းသာဖြစ်သည်။ ပေါလု၏စကားများသည် ဆယ်ကျော်သက်များကို ရည်ညွှန်းနေခြင်းမဟုတ်ပဲ ‘အရွယ်ရောက်’ သူများကိုသာဖြစ်သည်။ (၁ ကောရိန္သု ၇:၃၆) အများအားဖြင့် အရွယ်မရောက်သေးသူလူငယ်များသည် အိမ်ထောင်နှင့်ဒွန်တွဲလာသော တာဝန်များနှင့်ဖိအားပေးမှုများကို ခံယူရန်စိတ်ပိုင်းနှင့်ဝိညာဏပိုင်းအရ အသင့်မရှိသေးချေ။ Journal of Marriage and the Family ကဤသို့ရေးသားသည်။ “စောစောအိမ်ထောင်ပြုသူများသည် အိမ်ထောင်ကဏ္ဍထမ်းဆောင်ရန် ပြင်ဆင်မှုမရှိခဲ့ခြင်းကြောင့် အိမ်ထောင်ပျော်ရွှင်မှု ခံစားရခြင်းပိုနည်းသည်။ အိမ်ထောင်ကဏ္ဍထမ်းဆောင်ရာတွင် ညံ့ဖျင်းမှုကြောင့်ကျေနပ်မှု လျော့နည်းစေပြီး ယင်းမှတဆင့် အိမ်ထောင်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။” ထို့ကြောင့်အဖြေကား ငယ်ရွယ်စဉ်အိမ်ထောင်ပြုဖို့မဟုတ်ပဲ၊ အောင်မြင်သောအိမ်ထောင်ဖြစ်ရန် လိုအပ်သည့်အရည်အချင်းအားလုံး မွေးမြူပြီးသည်အထိ တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းထားဖို့ဖြစ်သည်။
သင့်ကိုယ်ကိုသန့်ရှင်းစွာထားလော့
၁၅။ သင့်ကိုယ်ကိုသန့်ရှင်းစွာထားရမည်ဆိုလျှင် မည်သည့်ခိုင်မာသောလုပ်ဆောင်ချက်များ လိုအပ်သနည်း။
၁၅ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ထို့ကြောင့်မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ . . .တည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။” (ကောလောသဲ ၃:၅) မှန်ပါသည်၊ အခိုင်အမာချမှတ် လုပ်ဆောင်ရန်လိုသည်။ စာရိတ္တသန့်ရှင်းစွာနေရန် သင်သန္နိဌာန်ချမှတ်ထားရမည်။ ကြိယာဖြစ်သော “သေစေ” စကားလုံးကို The Expositorʼs Bible Commentary ကဤသို့မှတ်ချက်ချသည်။ “ယင်းက၊ ကျွန်ုပ်တို့သည် မကောင်းသောလုပ်ရပ်နှင့်သဘောထားကို ချိုးနှိမ်ထားရုံသာဆိုလိုခြင်းမဟုတ်ချေ။ ယင်းတို့ကိုသုတ်သင်ပစ်ရမည်၊ ဘဝလမ်းစဉ်ဟောင်းကို လုံးဝဖျက်ဆီးပစ်လိုက်ရမည်။ ‘လုံးဝကွပ်မျက်’ ပစ်သည့်သဘောဆောင်သည်. . . ယင်းကြိယာနှင့်ဆိုလိုရင်းက တက်ကြွစွာဖြင့်ပြင်းပြင်းထန်ထန် ကိုယ်ပိုင်သန္နိဌာန်ချမှတ် လုပ်ဆောင်ရန်ဖြစ်သည်။”—မဿဲ ၅:၂၇-၃၀ နှင့်နှိုင်းယှဉ်။
၁၆။ စာရိတ္တသန့်ရှင်းစွာရှိနေရေးအတွက် စိတ်ပိုင်းသန့်ရှင်းရန် အဘယ်ကြောင့်သင် အထူးကြိုးပမ်းရမည်နည်း။
၁၆ သို့သော်၊ စာရိတ္တမသန့်ရှင်းသောလုပ်ရပ်များနှင့် သဘောထားများကို သင်မည်သို့ “လုံးဝကွပ်မျက်” သို့မဟုတ် “သုတ်သင်ပစ်” လိုက်နိုင်သနည်း။ ယေရှုက “လူ့အတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊. . . လောဘလွန်ကြူးခြင်း၊. . . ထွက်လာ” သည်ဟုဆိုရာ၌ ပြဿနာ၏အရင်းခံကိုပြနေခြင်းဖြစ်သည်။ (မာကု ၇:၂၁၊ ၂၂) ပုံဆောင်ရာနှလုံးတွင် စဉ်းစားခြင်းစွမ်းရည် ပါဝင်ခြင်းကြောင့်ယင်းသည် “စဉ်းစားဆင်ခြင်ခြင်း” နှင့်ဆက်နွယ်နေသည်။ စာရိတ္တသန့်ရှင်းစွာရှိနေရန် သင်သည်စိတ်ပိုင်းသန့်ရှင်းနေရန်လိုသည်။ မည်သို့နည်း။ စိတ်ကိုအာရုံများအားဖြင့် အစာကြွေးသောကြောင့် သင့်မျက်စိဖြင့်ကြည့်သည့်အရာများကို စောင့်ကြပ်ရန်လိုသည်။ လိင်သီလယိုယွင်းမှုကိုပြသ၊ အရေးတယူပြုသော စာအုပ်များ၊ တီဗွီအစီအစဉ်များ၊ ရုပ်ရှင်များကို ရှောင်ရန်ဖြစ်သည်။ သင့်နားနှင့်နားထောင်သည်များကိုလည်း သတိပြုရမည်၊ လိင်ဆိုင်ရာသက်သက်စာသားများပါသည့် သီချင်းများကိုရှောင်ရန်ဖြစ်သည်။ ထိုသို့ရပ်တည်ရန် ရဲစွမ်းလိုအပ်ပြီး၊ အထူးသဖြင့်သင်၏အပေါင်းအသင်းများရှေ့တွင်ဖြစ်သည်။ သို့သော်၊ သို့ပြုခြင်းဖြင့် သင့်အားစာရိတ္တသန့်ရှင်းနေရန်နှင့် ကိုယ့်ကိုယ်ကိုလေးစားရန် ထောက်ကူပေးပါလိမ့်မည်။
၁၇။ အဘယ်ကြောင့်အကျင့်ညစ်ညမ်းမှုကို သင်တို့စပ်ကြားတွင် စကားဖြင့်ပင်မပြောအပ်သနည်း။
၁၇ တမန်တော်ပေါလုကလည်း သွန်သင်ချက်ပေးခဲ့သည်။ “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကြူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။” (ဧဖက် ၅:၃၊ အငယ် ၁၂ လည်းရှု) ထို့ကြောင့်အကျင့်ညစ်ညမ်းမှုကို စကားဖြင့်ပင်မပြောသင့်။ ဆိုလိုသည်မှာ ယင်းအကြောင်းပြောဆိုနေခြင်း သို့မဟုတ် အပျော်အပျက်အဖြစ်မပြောသင့်။ အဘယ်ကြောင့်နည်း။ သမ္မာကျမ်းပညာရှင် ဝီလျှံဘားကလေး ဆိုသကဲ့သို့ပင်၊ “အကြောင်းတစ်ခုနှင့်ပတ်သက်၍ပြောခြင်း၊ အကြောင်းတစ်ခုနှင့်ပတ်သက်၍ အပျော်အပျက်ပြောခြင်း၊ စကားပြောရာတွင်ယင်းကို မကြာခဏပြောဆိုခြင်းသည် ၄င်းကိုစိတ်ထဲသွင်းပေးနေခြင်းဖြစ်ပြီး တစ်ကယ်ကျူးလွန်မိရန်နီးကပ်လာစေသည်။” (ယာကုပ် ၁:၁၄၊ ၁၅) အခြားလူငယ်များသည် ညစ်ညမ်းသောပျက်လုံးများထုတ်နေစဉ် သို့မဟုတ် လိင်ဆိုင်ရာလုပ်ရပ်များကို နိမ့်ကျသောစကားများဖြင့်ပြောဆိုနေစဉ် ‘ကိုယ်နှုတ်ကိုချည်နှောင်’ ရန် အမှန်ပင်သန္နိဌာန်ချထားရန်လိုလေသည်။ (ဆာလံ ၃၉:၁) ဖြောင့်မှန်၊ သန့်ရှင်းစွာနေခြင်းဖြင့် သင်သည်ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေပါမည်။—ဆာလံ ၁၁:၇။ သု ၂၇:၁၁။
၁၈။ (က) စာရိတ္တမသန့်ရှင်းမှုကို တိုက်ရာ၌အောင်နိုင်ရန် မသန့်ရှင်းသောအတွေးနှင့် အပြောအဆိုကိုရှောင်ရုံနှင့် အဘယ်ကြောင့်မလုံလောက်သနည်း။ (ခ) ဖိလိပ္ပိမြို့သားများထံ ပေါလုသွန်သင်ချက်မှ သင်မည်သို့အကျိုးခံစားနိုင်သနည်း။
၁၈ စာရိတ္တမသန့်ရှင်းမှုကို တိုက်လှန်ရာ၌အောင်နိုင်ရန် မသန့်ရှင်းသောအတွေးနှင့် အပြောအဆိုကို ငြင်းပယ်ရုံနှင့်မလုံလောက်ချေ။ တရုတ်စကားပုံတစ်ခုကဆိုသည်၊ “ဟာလာဟင်းလင်းဖြစ်နေသောစိတ်သည် တိုက်တွန်းချက်အားလုံးဝင်လာရန် ဖွင့်ထားသည်။” (မဿဲ ၁၂:၄၃-၄၅နှိုင်းယှဉ်ပါ) ပေါလုသည်မွန်မြတ်၊ သန့်ရှင်းသောအတွေးများနှင့် စိတ်ထဲတွင်ဖြည့်ထားရန်လိုကြောင်း အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့်ပင် ဖိလိပ္ပိမြို့သားများအား ဤသို့တိုက်တွန်းခဲ့သည်။ “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသောသတင်တစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြ [‘ထိုအရာတို့ကို ဂရုတစိုက်စဉ်းစား’c] လော့။”—ဖိလိပ္ပိ ၄:၈။
၁၉။ ဘုရားနှုတ်ကပတ်တော်ကို အဘယ်ကြောင့်အပတ်တကုတ် လေ့လာသင့်သနည်း။ ယင်းကသင့်ကို စာရိတ္တသန့်ရှင်းစွာရှိနေရန် မည်သို့သောနည်းဖြင့် ကူညီပေးမည်နည်း။
၁၉ ယင်းကဘုရားနှုတ်ကပတ်တော်ကို အပတ်တကုတ်လေ့လာရန် ဆိုလိုသည်။ (ယောရှု ၁:၈။ ဆာလံ ၁:၂) ၄င်းသည်သင်၏စိတ်နှင့်နှလုံးကို ခိုင်ခန့်စေမည်ဖြစ်ပြီး ယေဟောဝါနှင့်အနီးကပ်ကိုယ်ပိုင်ဆက်ဆံရေး ရရှိရန်သင့်ကိုကူညီပေးပါလိမ့်မည်။ သို့ဖြင့်၊ သင်သည် စာရိတ္တမသန့်ရှင်းမှုတွင်ပါဝင်ရန် သွေးဆောင်မှုကိုတွန်းလှန်ဖို့ သာ၍ကောင်းသောအခြေအနေတွင် ရှိနေပါလိမ့်မည်။ ယေဟောဝါနာမတော်ထိခိုက်စေခြင်းနှင့် သင်၏မိသားစု၊ အသင်းတော် အရှက်ရစေသည့်အဖြစ် သင်သက်ရောက်စေမည်မဟုတ်ချေ။ သို့အစား၊ သင်၏နုပျိုသောခွန်အားနှင့်အစွမ်းကို နောက်ပိုင်းတွင်သင်ပြန်ဝမ်းမနည်းစေမည့်နည်းဖြင့် အသုံးပြုပါလိမ့်မည်။ မှန်ပါသည်၊ သင်သည်ယေဟောဝါအမှုတော် ထမ်းဆောင်နေသောလူငယ်များ၏ စစ်မှန်သောအလှအပဖြစ်သည့် စာရိတ္တသန့်ရှင်းသည့်လမ်းစဉ်တွင် လိုက်လျှောက်နေပါလိမ့်မည်။—သု ၃:၁-၄။
[အောက်ခြေမှတ်ချက်များ]
a Awake! ၁၉၈၇၊ စက်တင်ဘာ ၈ ရက်ထုတ်၊ စာမျက်နှာ ၁၉-၂၁။ ၁၉၈၇၊ နိုဝင်္ဘာ ၈ ရက်ထုတ်၊ စာမျက်နှာ ၁၈-၂၀နှင့် ၁၉၈၈၊ မတ်လ ၈ ရက်ထုတ်၊ စာမျက်နှာ ၂၀-၃။
b Awake! ၁၉၈၅၊ ဒီဇင်္ဘာ ၈ ရက်၊ စာမျက်နှာ ၁၀-၁၂။
c The Expositorʼs Greek Testament.
လူငယ်များ–မည်သို့သင်ဖြေဆိုမည်နည်း
▫ အဘယ်ကြောင့်သင်သည် မြင့်မားသောစာရိတ္တစံချိန်ကို ထိန်းသိမ်းထားရမည်နည်း။
▫ ဘုရားရှင်ရှေ့တော်၌ သန့်ရှင်းမှုထိန်းသိမ်းထားရန် မည်သည့်ဖိအားပေးမှုက စိန်ခေါ်ချက်ဖြစ်စေသနည်း။
▫ စာရိတ္တသန့်ရှင်းစွာရှိရေး စိန်ခေါ်ချက်ကိုရင်ဆိုင်နိုင်ရန် သင့်အားဘာကကူညီပေးနိုင်သနည်း။
▫ သင့်ကိုယ်ကိုသန့်ရှင်းစွာ ထားရမည်ဆိုလျှင် မည်သည့်ခိုင်မာသောလုပ်ဆောင်ချက်များ လိုအပ်သနည်း။