စစ်မှန်သော အလှအပ ယင်းကို သင်ဖွံ့ဖြိုး စေနိုင်သည်
ရုပ်ရည်လှပချောမောခြင်းကိစ္စနှင့်ပတ်သက်၍ ကျမ်းစာက အမျိုးသား၊ အမျိုးသမီးများအဖို့ ဆုံးမသြဝါဒပေးထားသည်။ အမျိုးသားများအဖို့ ဤသို့ဆိုထားသည်။ ‘လူပျိုတို့၏ ဘုန်းကား အစွမ်းသတ္တိဖြစ်၏။’ (သု၊ ၂၀:၂၉) မှန်ပေသည်၊ လူပျိုတို့၏ ခွန်အားဗလသည် အလွန်တရာ စွဲမက်ဖွယ်ရာ ဖြစ်နိုင်သည်။ သို့သော် လူငယ့်ခွန်အားဗလ ဆုတ်ယုတ်သွားသောအခါ ဘာဖြစ်သွားသနည်း။ ကျမ်းစာသုတ္တံစကား ဤသို့ဆို၏။ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌ တည်လျှင် ဘုန်းကြီးသော သရဖူဖြစ်၏။ (သု၊ ၁၆:၃၁) ဖြောင့်မတ်ခြင်းတရားသည် စိတ်အချင်းအလှ၏ အသွင်တစ်မျိုးဖြစ်သည်။ လူပျိုတစ်ဦး ယင်းကိုပြုစု ပျိုးထောင်သွားလျှင် လူငယ်တို့၏ စွဲမက်ဖွယ်ကောင်းသော ခွန်အားဗလ ဆုတ်ယုတ်ပျောက်ကွယ်သွားသောအခါ၌ပင် ယင်းသည် ဆက်၍တည်မြဲနေပေမည်။
အမျိုးသမီးများနှင့် စပ်လျဉ်း၍ ကျမ်းစာ ဤသို့ဆို၏။ “ယဉ်ကျေးသောအရာသည် လှည့်စားခြင်နှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ယေဟောဝါကို ကြောက်ရွံ့သော မိန်းမမူကား ချီးမွမ်းခြင်းကို ခံရလိမ့်မည်။” (သု၊ ၃၁:၃၀) လှပချောမော၍ ယဉ်ကျေးဖွယ်ရာသော မိန်းမပျိုတစ်ဦးသည် နှစ်သက်စဖွယ် အပေါင်းအဖေါ်ဖြစ်သည်။ သို့သော် ရုပ်အဆင်းချောမောလှပခြင်း၏ နောက်ကွယ်တွင် ဟန်ဆောင်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း ပုန်းအောင်းနေသည်ဆိုပါက အဘယ်သို့ဆိုမည်နည်း။ သို့ဖြစ်ပါက ထိုအလှအပသည် အပေါ်ယံမျှသာ ဖြစ်ပြီး စိတ်အချင်းအကျည်းတန်ခြင်းကို ဖုံးအုပ်ထားခြင်းသာဖြစ်မည်။ ရူပါအလှညှိုးနွမ်းသွားသောအခါ ဘာကျန်ခဲ့မည်နည်း။ ရုပ်ရည်ချောမော လှပခြင်းကို ‘ယေဟောဝါကိုကြောက်ရွံ့ခြင်း’ ၌ အခြေစိုက်သည့် မညှိုးနွမ်းသော စိတ်အချင်းအလှအပနှင့် တွဲဖက်ထားလျှင် မည်မျှသာ၍ ကောင်းမည်တကား။
ဥပဓိရုပ် ပြောင်းလဲခြင်း
ဤစိတ်အချင်းအလှကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်၍ ရနိုင်ပါသလော။ ရပါသည်။ စင်စစ်အားဖြင့် ခရစ်ယာန်များအဖို့ဆိုလျှင် လုပ်ကိုလုပ်ရမည့် အရာဖြစ်သည်။ စစ်မှန်သော အလှအပကို ဘုရားသခင်တန်ဖိုးထားတော်မူ၏။ “အမှုအရာခပ်သိမ်းကို အခါသမယအလိုက် တင့်တယ်စွာ ဖန်ဆင်းတော်မူသည်။” (ဒေသနာ ၃:၁၁၊ သမ) ချစ်စရာမကောင်းသော စိတ်အချင်းဆိုင်ရာ အရည်အချင်းများကို အကျင့်အားဖြင့် ဖေါ်ပြသူတို့၏ ကိုးကွယ်မှုကို ကိုယ်တော်လက်ခံတော်မူမည် မဟုတ်ပေ။
ကောလောသဲမြို့သားများထံ ပေးပို့သော တမန်တော်ပေါလု၏စာက စိတ်အချင်းအလှကို ပြုစုပျိုးထောင်ရန် လိုကြောင်းညွှန်ပြသည်။ ရှေ့ဦးစွာအနေနှင့် ဤသို့နှိုးဆော် တိုက်တွန်းထားသည်။ “ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသောစကားကို သုံးခြင်း တို့ကိုလည်းကောင်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။ အချင်းချင်း မုသာစကား ကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ ကိုယ်ကို ချွတ်ပယ်” ကြလော့။ မှန်ပါသည်။ အထက်ပါ အကျည်းတန်လှသော အကျင့်များ ပြုကျင့်သူ မည်သူကိုမဆို ဘုရားသခင် ရွံမုန်းတော်မူ၏။ မှန်မှန်ကန်ကန် တွေးခေါ်တတ်သူတို့လည်း ရွံမုန်းကြသည်။ ထိုနောက် ပေါလုဤသို့ဆက်၍ဆို၏။ “ဖန်ဆင်းတော်မူသော သူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။” (ကောလောသဲ ၃:၈-၁၀) ဘုရားသခင့် အလိုတော်နှင့် ကိုက်ညီသော တွေးတောခံစားပုံကို ‘ဝတ်ဆင်’ ကြရမည်။ ဤ “လူသစ်” သို့မဟုတ် ‘ဥပဓိရုပ်သစ်’ ၏ ထူးခြားချက်ကား အဘယ်နည်း။
ခရစ်ယာန် အရည်အချင်းများ
ဥပဓိရုပ်သစ်၌ပါဝင်သည့် လှပတင့်တယ်သော အရည်အချင်းများစွာကို ကျမ်းစာ၌ ဖေါ်ပြထားသည်။ သို့သော် ဤစိတ်အချင်းအလှအတွက် အခြေခံအချက်ကို အောက်ပါ ယေရှု၏စကားများ၌ တွေ့ရသည်။ “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့ ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ (မဿဲ ၂၂:၃၇-၃၉) ဘုရားသခင်ကို ချစ်လျှင် ကိုယ်တော်နှစ်သက်သဘောကျသော လူစားမျိုးဖြစ်လိုသော ဆန္ဒရှိလာမည်။ ထိုသို့သောမေတ္တာက သူတစ်ပါးအား ကိုယ်တော်.အကြောင်း ပြောပြရန် လှုံ့ဆော်ပေးသည်။ တစ်ဖန် ဖန်ဆင်းရှင်အား သိကျွမ်းလာရန် သူတို့ကို ကူညီပေးမည်။—ဟေရှာယ ၅၂:၇။
ဥပဓိရုပ်သစ်၌ ပါဝင်သော အခြားအရည်အချင်းအချို့ကို အောက်ပါအတိုင်း တမန်တော်ပေါလုဖေါ်ပြထားသည်။ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းပေတည်း။”—ဂလာတိ ၅:၂၂၊ ၂၃။
ထို့ပြင် ကျမ်းစာက ခင်ပွန်းသည် ယောက်ျားများအား အတိအကျ ဤသို့မှာကြားထာသည်။ “ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ . . . အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။” (ဧဖက် ၅:၂၃၊ ၂၅) ဇနီးသည်မိန်းမများအားလည်း ကျမ်းစာက ဤသို့မှာကြားထား၏။ “အချင်းမိန်းမတို့ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ . . . မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို [အလွန်] ရိုသေခြင်းရှိစေလော့။ (ဧဖက် ၅:၂၂၊ ၃၃) လင်ယောက်ျားဖြစ်သူက တစ်ကိုယ်ကောင်းမဆန်ဘဲ မေတ္တာရှေ့ထား၍ စိတ်ရှည်သီးခံစွာဖြင့် မိမိတာဝန်ကို ထမ်းဆောင်ပါက မည်မျှနှစ်လိုစဖွယ် မိသားစုဘဝဖြစ်မည်တကား။ မိန်းမဖြစ်သူကလည်း လင်သားဖြစ်သူအား ပြိုင်ဆိုင်ခြင်း၊ အလွန်အမင်း အပြစ်တင်ဝေဖန်ခြင်း မပြုဘဲ မေတ္တာစိတ်ဖြင့် အားပေးထောက်ခံခြင်းအားဖြင့် သူမ၏ စိတ်အချင်းအလှကို ပြသပါက လင်သားဖြစ်သူက သူ့တာဝန်သူ ထမ်းဆောင်ရန် မည်မျှလွယ်ကူသွားမည်တကား။ ထိုသို့သော အခြေအနေမျိုး၌ရှိသော မိသားစုဘဝသည် အမှန်ပင် နှစ်လိုဖွယ် ကောင်းပေမည်။
ရှေ့ဆောင်းပါး၌ ကိုးကားတင်ပြသည့် ဥပမာများ၌ ယင်းအရည်အချင်းအချို့ လက်တွေ့သက်ဝင် လှုပ်ရှားကြောင်း ပြသသည်။ ရှုလံမြို့သူလေးသည် ရှောလမုန်၏ နန်းတွင်းမှ တစ်ဖိတ်ဖိတ် တစ်လက်လက် တောက်ပြောင်သော အရာများအတွက် သိုးထိန်းလေးကို စွန့်ပစ်ရန် ငြင်းပယ်သောအခါ သိုးထိန်းလေးအပေါ် တည်ကြည်ခိုင်မြဲ၍ နှစ်နှစ်ကာကာ မေတ္တာရှိကြောင်း ပြသခဲ့သည်။ ယောသပ်သည် သခင်ဖြစ်သူ ပေါတိဖါကို ပြစ်မှားရန် ငြင်းဆန်စဉ်တွင်ပင် ကိုယ်ကောင်းမြတ်ခြင်းကို ပြသခဲ့သည်။ ပေါတိဖါ၏မယား မြှူဆွယ်ဖြားယောင်းမှုမခံဘဲ ထွက်ပြေးခဲ့စဉ်ကလည်း စိတ်ချုပ်တည်းခြင်းကို သူတင်ပြခဲ့သည်။ ဘဝတွင် တွေ့ကြုံရသော ဆင်းရဲဒုက္ခများစွာကြောင့် စိတ်နာကျည်းမှုဖြစ်ခွင့်မပေးဘဲ နေခြင်းအားဖြင့်လည်း နူးညံ့သိမ်မွေ့ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို သူထင်ထင်ရှားရှား ပြသခဲ့သည်။
အကျည်းတန်လောကအတွင်းရှိ အလှအပ
အဆိုပါလှပတင့်တယ်သော အရည်အချင်းများသည် ယနေ့လက်တွေ့ကျပါသလော။ လက်တွေ့မကျဟု အများကထင်ကြသည်။ သူတို့သည် မိမိတို့နေထိုင်ရာ ဤကိုယ်ကျိုးရှာသော၊ အလိုရမ္မက်ကြီးသော လောကကို ခပ်တင်းတင်း၊ ခပ်မာမာ တန်ပြန်နိုင်အောင် ကြိုးစားကြသည်။ ဆက်လက်ရှင်သန်ရေးအတွက် ရက်စက်နိုင်ရမည်၊ ရည်မှန်းချက်ကြီးကြီးထားနိုင်ရမည်၊ ကိုယ်ကျိုးကိုသာ ပထမဦးစားပေး၍ နိုင်သမျှကို အာသာငမ်းငမ်း အရယူရမည်ဟု သူတို့ယူဆကြသည်။
ယင်းနှင့်ဆန့်ကျင်လျက် ကျမ်းစာက ဤသို့အားပေးထားသည်။ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။’ (ဖိလိပ္ပိ ၂:၃၊ ၄) ဤမွန်မြတ်လှသည့် ဩဝါဒကို လူသားများ ယေဘုယျအားဖြင့် မလိုက်နာကြသောကြောင့်သာ လူ့ဘောင်အဖွဲ့အစည်းကြီး ဤမျှဆိုးဆိုးရွားရွား ဆုတ်ယုတ်ပျက်ပြားနေရခြင်းဖြစ်သည်။
ထို့ပြင် မျက်မှောက်ကမ္ဘာကြီးတွင် လူတစ်ဦး၏ အောင်မြင်မှုကို ငွေကြေး သို့မဟုတ် ရာထူးဌာနန္တရတို့ဖြင့် တိုင်းတာကြသည်။ ငွေကြေးချမ်းသာသူကို အောင်မြင်သူအဖြစ် ယူမှတ်ကြသည်။ သို့တစေ၊ တန်ဖိုး အစစ်အမှန်နှင့်ပတ်သက်လာလျှင်မူကား ချမ်းသာခြင်း၊ ဆင်းရဲခြင်း သည် လုံးလုံးအရေးမကြီးပေ။ အမှန်ဆိုလျှင် စည်းစိမ်ချမ်းသာသည် အန္တရာယ်ပင် ပေးနိုင်သည်။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏” ဟူ၍ ကျမ်းစာသတိပေးထား၏။ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း” ဟူ၍လည်း ထပ်ဆင့်၍ ဆိုသည်။—၁ တိမောသေ ၆:၉၊ ၁၀။
တစ်ကိုယ်ကောင်းဆန်သောသူ၊ အလိုရမ္မက်ကြီးသောသူ၊ ရုပ်ဝါဒီဆန်သောသူ၊ ကရုဏာကင်းမဲ့၍ ရက်စက်သောသူတို့သည် ယခုခေတ်၌ မကြာခဏ အခိုက်အတန့်အားဖြင့် “အောင်မြင်မှု” ရရှိကြသည်မှာ ဆိုဖွယ်မရှိ။ သို့သော် ယင်းသည် စစ်မှန်သော အောင်မြင်မှု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရုပ်ဆိုးအကျည်းတန်လှသည့် ထိုသို့သော အသက်တာလမ်းစဉ်အတွက် ပေးဆပ်ရသော အဖိုးအခသည် ကြီးမားလှပေသည်။ ယင်းတို့မှာ လူချစ်လူခင်နည်းပါးခြင်း၊ အိမ်ထောင်ရေးပျိုကွဲခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်းနှင့် အထွေထွေစိတ်ဓာတ်ကျဆင်းမှုများဖြစ်သည်။ လူသည် ဘုရားသခင့်ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားရာဖြစ်သော်လည်း ဘုရားသခင်မူလက ထည့်သွင်းပေးထားသည့် အရည်အချင်းများနှင့် အကြီးအကျယ် ဖီလာဆန့်ကျင်ဖြစ်လောက်အောင် ပုန်ကန်ပါက ဘယ်သောအခါမျှ စိတ္တသုခရရှိမည် မဟုတ်ပေ။—ကမ္ဘာဦး ၁:၂၇။
စိတ်အချင်းအလှကို ဖွံ့ဖြိုးစေခြင်း
သို့ဖြစ်လျှင် ဤလောက၏ ဩဇာဆိုးကို တွန်းလှန်၍ မြင့်မြတ်သည့် ဘုရားရေးရာ အရည်အချင်းများကို ဖွံ့ဖြိုးအောင် အဘယ်သို့ပြုနိုင်မည်နည်း။ ‘ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် စိတ်ချုပ်တည်းခြင်း’ အရည်အချင်းများအကြောင်း ပေါလုအစီအရီ ဖေါ်ပြရာတွင် ယင်းတို့ကို “ဝိညာဉ်တော်၏ အကျိုးများ” ဟုခေါ်ထားသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထို့ကြောင့် လှပတင့်တယ်သော ဤစိတ်ပိုင်းဆိုင်ရာ အရည်အချင်းများကို ဖွံ့ဖြိုးစေလိုသည်ရှိသော် ဘုရားသခင့်ဝိညာဉ်တော် မရှိမဖြစ်လိုအပ်ပေသည်။
အဘယ်သို့အားဖြင့်နည်း။ ဘုရားသခင့် ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းရေးသားသော သမ္မာကျမ်းစာကို လေ့လာလျှင် အဆိုပါအရည်အချင်းများကို ခွဲခြားသိမြင်စေနိုင်သည့်ပြင် ယင်းတို့ကို ပြုစုပျိုးထောင်လိုသော ဆန္ဒကိုလည်း ခိုင်ခံ့စေနိုင်သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါသက်သေတို့သည် လူတို့အား ကျမ်းစာလေ့လာရန် အကူအညီပေးခြင်းကို မိမိတို့၏ ဓမ္မအမှု၏ တစ်စိတ်တစ်ဒေသအဖြစ် သဘောထားသောကြောင့် ဤရည်ရွယ်ချက်ဖြင့် အစဉ်ဝမ်းမြောက်သောစိတ်နှင့် ကူညီပေးလျက်ရှိကြသည်။ မိမိကိုယ်ကို ရိုးသားစွာ ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်ချွတ်ယွင်းချက်ကို သိမြင်လာနိုင်ပြီး ဤနေရာများ၌ ဘုရားသခင့်ဝိညာဉ်တော် စောင်မမှုအတွက် ဆုတောင်းနိုင်ကြမည်။ ဘုရားကိုးကွယ်သူချင်းတို့နှင့် ပေါင်းသင်းခြင်းအားဖြင့်လည်း ရောင်းရင်းတို့ထံ ကျွန်ုပ်တို့လိုအပ်သော အားပေးထောက်ခံမှုရရှိမည့်အပြင် ဘုရားသခင့်ဝိညာဉ်တော်၏ မစမှုကိုလည်း ရရှိပေမည်။ အောက်ပါအတိုင်း ယေရှုမိန့်တော်မူ၍ ဖြစ်သည်။ “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။”—မဿဲ ၁၈:၂၀။
လာလတံ့သော လှပတင့်တယ်သည့် ကမ္ဘာ
ကျွန်ုပ်တို့၏ မစုံလင်မှုများကို အပြည့်အဝအောင်နိုင်သောသူဟူ၍ တစ်ယောက်မျှမရှိသည်မှာ ဓမ္မတာဖြစ်သော်လည်း စိတ်အချင်းအလှကို ဖွံ့ဖြိုးစေရန် ကြိုးကုတ်အားထုတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ လုံ့လစိုက်ထုတ်မှုအပေါ် ဘုရားသခင်ကောင်းချီး သွန်းလောင်းတော်မူမည်ဖြစ်သည်။ အံ့ဖွယ်နည်းလမ်းဖြင့်လည်း ဆုချတော်မူမည်။ လက်ရှိအစီအစဉ် စနစ်နှင့် တစ်မျိုးတစ်ဘာသာစီဖြစ်သော စနစ်သစ်တစ်ခုကို မကြာမီဆောင်ကြဉ်းပေးမည့် ဘုရားသခင့်ရည်ရွယ်တော်မူချက်အကြောင်းကို ကျွန်ုပ်တို့အဖို့ ကျမ်းစာမှတ်တမ်းတင်ထားသည်။ ထိုတွင် “ဖြောင့်မတ်သော သူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ယေရှုကိုယ်တော်တိုင်ကလည်း “စိတ်သိမ်မွေ့သော သူတို့၌ မင်္ဂလာရှိ၏။ ထိုသူတို့သည် ဤမြေကြီးကို အပိုင်ရကြလတံ့” ဟုမိန့်တော်မူ၏။—မဿဲ ၅:၅၊ သမ။
ထိုကာလ၌ ဤအစီအစဉ်စနစ်ကြီး၏ မြင်မကောင်း ရှုမကောင်းသော ဂုဏ်တုဂုဏ်ပြိုင်ခြင်းနှင့် တစ်ကိုယ်ကောင်းဆံခြင်းတို့အစား တင့်တယ်လှပသော အေးချမ်းငြိမ်သက်ခြင်းနှင့် ကြည်လင်တည်ငြိမ်ခြင်းတို့ စိုးမိုးနေလိမ့်မည်။ “ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ယေဟောဝါကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
ထိုသို့သောအခြေအနေများသည် နှစ်သက်လိုလားဖွယ် မကောင်းပေလော။ ထိုအချိန်ရှိ ကမ္ဘာသူကမ္ဘာသားအားလုံး ဘုရားသခင်နှင့် အိမ်နီးချင်းအပေါ် ထားရှိသော မေတ္တာပေါ်မူတည်သည့် စိတ်အချင်းအလှ ပိုင်ရှင်များ ဖြစ်လာကြသောကြောင့်သာ ထိုအခြေအနေများ အကောင်အထည် ပေါ်လာနိုင်ခြင်းဖြစ်သည်။ မိမိအား ယခုဝတ်ပြုသူများ၊ ‘ဥပဓိရုပ်အသစ်’ ကို ပြုစုပျိုးထောင်၍ မိမိ၏စံချိန်များအတိုင်း အားထုတ်ကြိုးပမ်းလိုက်နာ သူများသည် ထိုဂတိတော် ပြည့်စုံသည်ကို မြင်တွေ့ရမည်ဟု ဘုရားသခင်ကတိပေး ထားတော်မူသည်။ ရူပကာချောမော လှပခြင်းနှင့် ရုပ်အဆင်းအလှတို့သည် ထိုသို့သောကောင်းချီးမင်္ဂလာများ ဘယ်တော့မျှ သက်ရောက်စေမည်မဟုတ်။ သို့ဖြစ်သောကြောင့် မှန်မှန်ကန်ကန် တွေးခေါ်စဉ်းစားတတ်သူများနှင့် ဘုရားသခင်ကိုယ်တော်တိုင် အလွန်နှစ်သက်သဘောကျသော စိတ်အချင်းအလှ သာ၍ကြွယ်ဝ၍ ပို၍တာရှည်ခံသော စိတ်မနောအလှကို ဖွံ့ဖြိုးတိုးတက်စေရန် ကောင်းလှသည့် အကြောင်းတရား ရှိပါသည်တကား။
[စာမျက်နှာ ၆ ပါပုံစာ]
ရုပ်ရည်ချောလှသူများသည် ကိုယ်ကျိုးရှာ၊ ကိုင်တွယ်စီမံခြင်းကို ရှောင်သင့်သည်။ သို့ပြုမည့်အစား ဘုရားအလိုတော်တွေ့သည့် အတွင်းအလှကို ပျိုးထောင်ပေးသင့်သည်။