“ကောင်းမြတ်ခြင်းအမျိုးမျိုး” ကိုဖြစ်ပွားစေခြင်း
“အလင်းတော်ဆိုင်ရာအသီးတွင်ကောင်းမြတ်ခြင်းအမျိုးမျိုး . . . ပါဝင်သည်။”—ဧဖက် ၅:၉၊ NW.
၁၊ ၂။ ရှေးကာလမှစ၍ အဘယ်အုပ်စုနှစ်စုတည်ရှိလာခဲ့သနည်း။ ယနေ့၄င်းတို့၏အခြေအနေ မည်သို့ခြားနားသနည်း။
လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်ခန့်၊ ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှုဖြစ်ပွားပြီးနောက်၌လည်းကောင်း၊ တစ်ဖန်နောဧလက်ထက်ရေလွှမ်းမိုးဘေးကြီးပြီးနောက်၌လည်းကောင်း လူသားတို့သည်အုပ်စုနှစ်စု၊ အဖွဲ့အစည်းနှစ်ခုအဖြစ်ကွဲသွားကြသည်။ တစ်စုမှာယေဟောဝါကို ဝတ်ပြုရန်ကြိုးပမ်းအားထုတ်သူများနှင့်ဖွဲ့စည်းထားပြီး ကျန်တစ်စုမှာစာတန်နောက်လိုက်သူများနှင့်ဖွဲ့စည်းထားသည်။ ၄င်းအဖွဲ့အစည်းများရှိသေးသလော။ ဧကန်မုချရှိနေပါသည်။ ပရောဖက်ဟေရှာယက ဤအုပ်စုအကြောင်းကိုဖော်ပြပြီးနောက် ကျွန်ုပ်တို့ခေတ်တွင်ရှိမည့်၄င်းတို့၏အခြေအနေကို ဤသို့တင်ကူးပြောခဲ့သည်။ “ကြည့်ရှုလော့၊ မှောင်မိုက်သည်မြေကြီးကိုလည်းကောင်း၊ ထူထပ်သောမှောင်မိုက်သည် လူမျိုးတို့ကိုလည်းကောင်း ဖုံးအုပ်သော်လည်း သင်၏အပေါ်မှာ [ယေဟောဝါ] သည်ထွန်းလင်းတော်မူ၍၊ ဘုန်းတော်သည်ထင်ရှားလျက်ရှိ၏။”—ဟေရှာယ ၆၀:၁၊ ၂၊ သမ္မ။
၂ မှန်ပေသည်၊ ဤအဖွဲ့အစည်းနှစ်ရပ်၏ကွဲပြားခြားနားမှုသည် အမှောင်နှင့်အလင်းကွဲပြားခြားနားသကဲ့သို့ကြီးမားလှသည်။ အလင်းတန်းလေးတစ်ခုသည် အမှောင်ထဲတွင်လမ်းပျောက်နေသူတစ်ဦးအား ဆွဲဆောင်သည့်ပမာ ဤမှောင်မိုက်လောကအပေါ်ထွန်းလင်းသည့် ယေဟောဝါ၏အလင်းတော်သည် စိတ်နှလုံးဖြောင့်မှန်သူ သန်းပေါင်းများစွာတို့ကို ဘုရားသခင့်အဖွဲ့အစည်းတော်သို့ ဆွဲဆောင်ခဲ့လေသည်။ ဟေရှာယဆက်၍ဆိုထားသည့်အတိုင်း “လူမျိုးခြားတို့ [အခြားသိုးများ] သည်သင်၏အလင်းသို့လည်းကောင်း၊ ဘုရင်တို့ [ဘိသိက်ခံနိုင်ငံတော်အမွေခံများ] လည်းသင်၏ထွန်းလင်းတောက်ပခြင်းသို့လည်းကောင်းလာကြလိမ့်မည်။”—ဟေရှာယ ၆၀:၃၊ သမ္မ။
၃။ မည်သည့်နည်းများဖြင့်ယေဟောဝါ၏ဘုန်းတော်ကို ခရစ်ယာန်များထင်ရှားစေကြသနည်း။
၃ ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော့်ဘုန်းတော်ကိုမည်သို့ထင်ရှားစေလျက်ရှိကြသနည်း။ တစ်ချက်အနေနှင့်တည်ထောင်ပြီးသော ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကိုဟောပြောကြသည်။ (မာကု ၁၃:၁၀) သို့သော်ထိုမျှသာမဟုတ်ပါ။ ကောင်းမြတ်ခြင်းဆိုင်ရာ အမွန်မြတ်ဆုံးစံနမူနာဖြစ်တော်မူသောယေဟောဝါကို သူတို့အတုယူကြသည်။ ဤသို့ဖြင့် သူတို့၏အကျင့်အားဖြင့် စိတ်နှိမ့်ချသူတို့ကို အလင်းတော်သို့ဆွဲဆောင်သိမ်းသွင်းကြသည်။ (ဧဖက် ၅:၁) “အထက်ကာလ၌ သင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ အရှင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍အလင်း၏သားသမီးများကဲ့သို့ကျင့်နေကြလော့” ဟူ၍ပေါလုဆိုသည်။ ဤသို့ဆက်လက်ဆိုထားပြန်သည်။ “အလင်းတော်ဆိုင်ရာအသီးတွင် ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရားတို့ပါဝင်သည်။ အရှင်ဘုရားလက်ခံဖွယ်ဖြစ်သောအရာသည်အဘယ်အရာဖြစ်သည်ကို ဆက်လက်၍အသေအချာစစ်ဆေးလျက် မှောင်မိုက်နှင့်ဆိုင်သောအကျိုးမဲ့အကျင့်များတွင်သူတို့နှင့်မဆက်ဆံ” ကြနှင့်။ (ဧဖက် ၅:၈-၁၁၊ NW) “ကောင်းမြတ်ခြင်းအမျိုးမျိုး” ဟုဆိုရာတွင်ပေါလုဘာကိုဆိုလိုသနည်း။
၄။ ကောင်းမြတ်ခြင်းကားအဘယ်နည်း။ ခရစ်ယာန်တစ်ဦး၌ယင်းကိုမည်သို့တွေ့ရသနည်း။
၄ လွန်ခဲ့သောဆောင်းပါး၌ဖော်ပြသည့်အတိုင်း ကောင်းမြတ်ခြင်းဆိုသည်မှာ မွန်မြတ်သောစာရိတ္တအရည်အသွေး၊ မွန်မြတ်သောစာရိတ္တအခြေအနေ၊ သီလစင်ကြယ်ခြင်းဖြစ်သည်။ ယေဟောဝါတစ်ပါးတည်းသာ အကြွင်းမဲ့သဘောဖြင့်ကောင်းမြတ်တော်မူကြောင်း ယေရှုမိန့်တော်မူ၏။ (မာကု ၁၀:၁၈) သို့သော်ငြားလည်း ခရစ်ယာန်တစ်ဦးသည် ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သောကောင်းမြတ်ခြင်းကို တိုးတက်ကောင်းမွန်အောင်ပြုပြင်ခြင်းအားဖြင့် ယေဟောဝါကိုအတုယူနိုင်ပေသည်။ (ဂလာတိ ၅:၂၂) “ကောင်းမြတ်သော” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစာလုံး အဂါသိုစ် (a·ga·thos΄) နှင့်စပ်လျဉ်း၍ Vine’s Expository Dictionary of Old and New Testament Words က “ယင်းသည်သီးခြားလက္ခဏာနှင့် ပင်ကိုယ်သဘာဝအားဖြင့် ကောင်းမြတ်သဖြင့် ယင်းကြောင့်ဖြစ်ပေါ်သည့်အကျိုးရလဒ်မှာ ကောင်းကျိုးပြုကြောင်းဖော်ညွှန်းသည်” ဟူ၍ဆိုထားသည်။ သို့ဖြစ်သောကြောင့် ကောင်းမြတ်ခြင်းကို ပြုစုပျိုးထောင်သောခရစ်ယာန်တစ်ဦးသည် ကောင်းမြတ်သူလည်း ဖြစ် သည်၊ ကောင်းမှု ပြု သူလည်းဖြစ်သည်။ (တရားဟောရာ ၁၂:၂၈ နှင့်နှိုင်းယှဉ်။) သူသည်ကောင်းမြတ်ခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သောအရာများ “မှောင်မိုက်နှင့်ဆိုင်သောအကျိုးမဲ့အကျင့်များ” ကိုပါရှောင်ရှားပေမည်။ ခရစ်ယာန်တစ်ဦး၏အကျင့်သီလ၌ ကောင်းမြတ်ခြင်းကိုထင်ရှားစေနိုင်သည့် အခြားနည်းလမ်းများမှာ ပေါလုဖော်ပြခဲ့သည့် ‘ကောင်းမြတ်ခြင်းအမျိုးမျိုး’ ပင်ဖြစ်သည်။ ၄င်းတို့အနက် အချို့ကားအဘယ်နည်း။
“အကောင်းကိုပြုလော့”
၅။ ကောင်းမြတ်ခြင်းတစ်မျိုးကားအဘယ်နည်း။ ယင်းကိုခရစ်ယာန်တစ်ဦး အဘယ်ကြောင့်ပြုစုပျိုးထောင်အပ်သနည်း။
၅ ရောမမြို့သားများထံ ပေးပို့သည့်စာတွင် ကောင်းမြတ်ခြင်းအမျိုးမျိုးအနက်တစ်မျိုးကို ပေါလုရည်ညွှန်းဖော်ပြထားသည်။ “အစိုးရသောမင်းအာဏာစက်” အောက်၌ဝန်ခံခြင်းအကြောင်းပြောဆိုရာတွင်သူက “မင်းအာဏာစက်ကိုမကြောက်ဘဲနေချင်သလော။ အကောင်းကိုပြုလော့။ ပြုလျှင်မင်း၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်” ဟုဆိုသည်။ သူရည်ညွှန်းသည့် “အကောင်း” ဆိုသည်မှာ လောကီအာဏာပိုင်များ၏ဥပဒေနှင့်အစီအမံများကို နာခံခြင်းဖြစ်သည်။ ယင်းတို့ကိုခရစ်ယာန်တစ်ဦးအဘယ်ကြောင့်လက်အောက်ခံအပ်သနည်း။ အကြောင်းမှာ အာဏာပိုင်တို့နှင့်မလိုအပ်ဘဲ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရန်၊ ထိုသို့ရင်ဆိုင်ရာမှ ခံရမည့်အပြစ်ဒဏ်နှင့် ကင်းဝေးရန်အတွက်ဖြစ်သည်။ သို့သော်ထိုထက်အရေးကြီးသည်မှာ ဘုရားသခင့်ရှေ့တော်မှောက်တွင် စင်ကြယ်သောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းရန်အတွက်ဖြစ်သည်။ (ရောမ ၁၃:၁-၇) ခရစ်ယာန်တစ်ဦးသည် ယေဟောဝါကိုအကြွင်းမဲ့နာခံရန် စောင့်ထိန်းသော်လည်း ‘ရှင်ဘုရင်ကိုရိုသေ’ သည်၊ ယေဟောဝါဘုရားသခင်တည်ရှိခွင့်ပြုထားသည့် အာဏာစက်များကိုပုန်ကန်ခြင်းမပြုပေ။ (၁ ပေတရု ၂:၁၃-၁၇) ဤနည်းအားဖြင့် ခရစ်ယာန်တို့သည် အိမ်နီးချင်းကောင်းများ၊ တိုင်းသူပြည်သားကောင်းများနှင့် စံနမူနာကောင်းများဖြစ်ကြသည်။
သူတစ်ပါးကိုထောက်ထားခြင်း
၆။ (က) ကောင်းမြတ်ခြင်း၏ အသွင်အပြင်နောက်တစ်ခုကားအဘယ်နည်း။ (ခ) ကျွန်ုပ်တို့၏ထောက်ထားလေးမြတ်ခြင်း ခံထိုက်သူများအဖြစ် မည်သူတို့ကိုသမ္မာကျမ်းစာ၌ဖော်ပြထားသနည်း။
၆ ကမ္ဘာသူကမ္ဘာသားအပေါင်းအတွက် “မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကိုသီးစေတတ်သောဥတုကို” စီမံပေးရာတွင် ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်း ထင်ရှားပေါ်လွင်လျက်ရှိသည်။ ဤသို့ဖြင့် သူတို့သည် ‘အစာအာဟာရနှင့်ဝပြော၍ဝမ်းမြောက်’ ကြသည်။ ကိုယ်တော်သည် အမှန်ပင်ထောက်ထားတတ်သည့်ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားစေသည်။ (တမန်တော် ၁၄:၁၇) ကိစ္စကြီးငယ်မရွေး သူတစ်ပါးအပေါ်ထောက်ထားခြင်းအားဖြင့် ဤကဏ္ဍတွင်ကိုယ်တော်ကိုကျွန်ုပ်တို့အတုယူနိုင်ကြသည်။ အထူးသဖြင့် မည်သူတို့ကိုထောက်ထားရမည်နည်း။ “သူတို့ဘောင်တွင် ကြိုးစားအားထုတ်ခြင်း၊ အရှင်ဘုရားအခွင့်နှင့်ကြီးကြပ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းများပြုသော” အကြီးအကဲများကို အထူးသဖြင့်ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။ “သူတို့ပြုသောအမှုအတွက်ကြောင့် [သူတို့ကို] အထူးထောက်ထားလေးမြတ်ကြရန်” ခရစ်ယာန်တို့အား သူတိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃၊ NW) ဤအတိုင်းကျွန်ုပ်တို့မည်သို့ပြုနိုင်သနည်း။ သူတို့နှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ဖြစ်သည်။ ဥပမာ၊ နိုင်ငံတော်ခန်းမတွင် လိုအပ်သောလုပ်ငန်းများလုပ်ဆောင်ခြင်းဖြစ်သည်။ အကူအညီလိုအပ်သည့်အခါတိုင်း အကြီးအကဲများထံလွတ်လွတ်လပ်လပ်ချဉ်းကပ်အကူအညီတောင်းကြသော်လည်း မဆင်မခြင်မတောင်းဆိုသင့်ပေ။ ထိုသို့ပြုမည့်အစား ကြိုးစားအားထုတ်လုပ်ဆောင်ကြသည့် ဤသိုးထိန်းတို့၏ဝန်ကိုပေါ့အောင် ကျွန်ုပ်တို့တတ်နိုင်သည့်နည်းဖြင့် ကူညီပေးကြမည်။ သိုးထိန်းအများတို့သည် အသင်းတော်တာဝန်များအပြင်အိမ်ထောင်တာဝန်များလည်းရှိကြသည်။
၇။ သက်ကြီးရွယ်အိုများကိုထောက်ထားစာနာကြောင်း ကျွန်ုပ်တို့အဘယ်နည်းများဖြင့်ပြသနိုင်သနည်း။
၇ အသက်အရွယ်ကြီးရင့်သူများကိုလည်း ကျွန်ုပ်တို့ထောက်ထားအပ်ပေသည်။ မောရှေပညတ်မှရှင်းလင်းပြတ်သားသော ပညတ်တစ်ချက်မှာ “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကိုရိုသေ [ထောက်ထား] ရမည်။ သင်၏ဘုရားသခင်ကိုကြောက်ရွံ့ရမည်။ ငါသည် [ယေဟောဝါ] ဖြစ်၏” ဟူ၍ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၃၂) ဤထောက်ထားမှုကို မည်သို့ပြသနိုင်ကြသနည်း။ လူငယ်များအနေဖြင့် မိမိတို့ဆန္ဒအလျောက်သက်ကြီးရွယ်အိုများအတွက် ဝယ်ခြမ်းခြင်း၊ တောက်တိုမည်ရလုပ်ပေးခြင်းဖြင့်ကူညီပေးကြလျှင် ကောင်းပေမည်။ အကြီးအကဲများအနေဖြင့် သက်ကြီးရွယ်အိုများစည်းဝေးတက်ရန် အကူအညီလိုမလိုထောက်ထောက်ထားထားစစ်ဆေးကြည့်နိုင်သည်။ အစည်းအဝေးများတွင် ငယ်ရွယ်သန်မာသူများအနေဖြင့် ဖြည်းဖြည်းဆေးဆေးသွားနေသည့် သက်ကြီးရွယ်အိုများကိုစိတ်မရှည်နိုင်ဘဲ တိုးဝှေ့၍ကျော်တက်ခြင်းပြုမည်မဟုတ်ပေ။ အသက်ကြီးသူတစ်ဦးထိုင်ခုံထိုင်ရာတွင်လည်းကောင်း၊ ထမင်းယူရာတွင်လည်းကောင်း နှေးကွေးနေလျှင်စိတ်ရှည်သည်းခံရပေမည်။
၈။ သမ္မာကျမ်းစာတွင် သီးခြားရွေးထုတ်ဖော်ပြထားသည့် အခြားအုပ်စုတစ်စုအား မည်သို့ထောက်ထားမှုပြသနိုင်ကြသနည်း။
၈ ထောက်ထားရမည့်အခြားလူစုအကြောင်းကို ဆာလံဆရာကအောက်ပါအတိုင်းဖော်ပြ၏။ “ဒုက္ခိတကိုထောက်ထားသောသူသည်မင်္ဂလာရှိ၏။” (ဆာလံ ၄၁:၁၊ သမ) ထင်ပေါ်ကျော်ကြားသူ၊ ချမ်းသာကြွယ်ဝသူကို ထောက်ထားရန်လွယ်ကူကောင်းလွယ်ကူမည်ဖြစ်သော်လည်း ဆင်းရဲသူ၊ ဒုက္ခိတကိုမည်သို့ဆိုမည်နည်း။ ကျမ်းရေးသူယာကုပ်က ဤသူတို့ကိုလည်းတန်းတူထောက်ထားမှုပြခြင်းသည် ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းနှင့်ခရစ်ယာန်မေတ္တာအတွက် စမ်းသပ်မှုတစ်မျိုးဖြစ်ကြောင်းသိသာစေသည်။ သူတို့၏အခြေအနေမည်သို့ရှိစေကာမူ အားလုံးကိုတန်းတူထောက်ထားခြင်းအားဖြင့် ဤစမ်းသပ်မှုကိုကျွန်ုပ်တို့အောင်မြင်နိုင်ကြပါစေ။—ဖိလိပ္ပိ ၂:၃၊ ၄။ ယာကုပ် ၂:၂-၄၊ ၈၊ ၉။
“ဆက်၍ကရုဏာသက်ကြလော့”
၉၊ ၁၀။ ခရစ်ယာန်တို့သည် အဘယ်ကြောင့်ကရုဏာထားသင့်သနည်း။ ဤကောင်းမြတ်ခြင်းမျိုးကို မည်သို့ပြသနိုင်သနည်း။
၉ ကောင်းမြတ်ခြင်းနောက်တစ်မျိုးကို ယေရှုဟောကြားသည့် ဥပမာအချို့၌တွေ့ရသည်။ ဥပမာတစ်ခု၌ ယေရှုကလုယက်ခြင်း၊ ရိုက်နှက်ခြင်းခံရ၍လမ်းပေါ်တွင်လဲနေသောသူတစ်ဦးကို တွေ့ရှိသည့်ရှမာရိလူတစ်ယောက်အကြောင်းမိန့်ကြားတော်မူခဲ့သည်။ ထိုဒဏ်ရာရသူဘေးမှနေ၍ လေဝိလူတစ်ယောက်၊ ယဇ်ပုရောဟိတ်တစ်ယောက်ဖြတ်သွားကြသော်လည်း အကူအညီမပေးကြချေ။ သို့ရာတွင်ထိုရှမာရိလူမူကား ရပ်တန့်၍အကူအညီပေး၏။ မျှော်လင့်ထားသည်ထက်ပင် ဆောင်ရွက်ပေးခဲ့သည်။ ၄င်းပုံပြင်ကို အင်္ဂလိပ်ဘာသာ၌ကောင်းသောရှမာရိလူဥပမာဟု များသောအားဖြင့်ခေါ်ကြသည်။ မည်သို့သောကောင်းမြတ်ခြင်းမျိုးကို ထိုရှမာရိလူပြသခဲ့သနည်း။ ကရုဏာဖြစ်သည်။ ထိုဒဏ်ရာရသူနှင့်စပ်ဆိုင်သူ မည်သူဖြစ်သနည်းဟု တရားနာသူအားယေရှုမေးတော်မူရာ “ထိုသူအားကရုဏာသက်သူဖြစ်သည်” ဟူ၍မှန်ကန်စွာဖြေဆိုခဲ့သည်။—လုကာ ၁၀:၃၇၊ NW။
၁၀ ကရုဏာထားတတ်သောခရစ်ယာန်တို့သည် ယေဟောဝါကိုတုပကြ၏။ ကိုယ်တော့်အကြောင်းကို ဣသရေလလူမျိုးအားမောရှေဤသို့ပြောခဲ့၏။ “သင်တို့၏ဘုရားသခင် [ယေဟောဝါ] သည်သနား [ကရုဏာ] တတ်သောဘုရားဖြစ်တော်မူသောကြောင့်၊ သင်တို့ကိုစွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အားကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့တော်မမူ။” (တရားဟောရာ ၄:၃၁) “သင်တို့အဖသည် ကရုဏာသက်တော်မူသည့်နည်းတူ သင်တို့လည်းသက်ကြလော့” ဟူ၍မိန့်တော်မူရာတွင် ဘုရားသခင့်ကရုဏာသည် ကျွန်ုပ်တို့အပေါ်မည်သို့အကျိုးသက်ရောက်သင့်သည်ကို ယေရှုပြသတော်မူ၏။ (လုကာ ၆:၃၆၊ သမ) ကျွန်ုပ်တို့မည်သို့ ကရုဏာပြနိုင်ကြသနည်း။ ယေရှု၏ဥပမာတင်ပြသည့်အတိုင်း အဆင်မပြေ၊ ဘေးအန္တရာယ်မကင်းသည့်တိုင်အောင် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များကို ကူညီရိုင်းပင်းရန်အသင့်ရှိခြင်းဖြင့်ဖြစ်သည်။ ကောင်းမြတ်သောသူတစ်ဦးသည် တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင်သည့်အနေအထား၌ရှိလျှင် မိမိညီအစ်ကိုဒုက္ခရောက်နေသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။—ယာကုပ် ၂:၁၅၊ ၁၆။
၁၁၊ ၁၂။ ကျေးကျွန်ဆိုင်ရာယေရှု၏ဥပမာအရ ကရုဏာတရား၌အဘယ်အရာပါဝင်သနည်း။ ယင်းကို ယနေ့ကျွန်ုပ်တို့မည်သို့ထင်ရှားဖော်ပြနိုင်သနည်း။
၁၁ ကရုဏာပြည့်ဝသောကောင်းမြတ်ခြင်းတွင် သူတစ်ပါးအားအပြစ်လွှတ်ရန် အသင့်ရှိခြင်းပါဝင်ကြောင်း ယေရှု၏ဥပမာနောက်တစ်ခုကတင်ပြသည်။ မိမိသခင် ထံငွေအခွက်တစ်သောင်းအကြွေးတင်သောကျွန်တစ်ယောက်အကြောင်းကို ကိုယ်တော်မိန့်ကြားတော်မူ၏။ ထိုကျွန်သည် ကြွေးမဆပ်နိုင်သဖြင့် ကရုဏာပြရန် အသနားခံသဖြင့် သခင်ဖြစ်သူသည် ဒေနာရိ ၆၀,၀၀၀,၀၀၀ ရှိသောများပြားလှသည့်ကြွေးကို ကြင်နာသနားစွာဖြင့်လျှော်ပစ်လိုက်သည်။ သို့သော်ထိုကျွန်သည် ပြင်သို့ထွက်၍ ဒေနာရိတစ်ရာကြွေးတင်သောကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်ကရုဏာမဲ့စွာနှင့် ကြွေးမဆပ်မချင်းထောင်ချလေ၏။ ကရုဏာတရားကင်းမဲ့သော ထိုကျွန်သည်လူကောင်းတစ်ယောက်မဟုတ်သည်မှာရှင်းလှသည်။ ဖြစ်ကြောင်းကုန်စင်ကို သခင်ဖြစ်သူကြားသိသောအခါ သူ့အားစာရင်းအတိအကျရှင်းရန်ဆင့်ခေါ်လေ၏။—မဿဲ ၁၈:၂၃-၃၅။
၁၂ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရသော ထိုကျွန်၏အခြေအနေနှင့် ဆင်တူသောအခြေအနေမျိုး၌ရှိနေကြသည်။ ယေဟောဝါသည် ယေရှု၏ပူဇော်သက္ကာကိုအခြေပြု၍ ကျွန်ုပ်တို့၏စာရင်းမှများပြားလှသော အပြစ်ကြွေးကိုလျှော်ပစ်တော်မူ၏။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သူတစ်ပါး၏အပြစ်ကို ခွင့်လွှတ်ရန်အသင့်ရှိအပ်ပေသည်။ “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်” ဆိုလိုသည်မှာ အကန့်အသတ်မရှိခွင့်လွှတ်ရန် အဆင်သင့်ရှိအပ်ကြောင်းယေရှုမိန့်တော်မူ၏။ (မဿဲ ၅:၇။ ၆:၁၂၊ ၁၄၊ ၁၅။ ၁၈:၂၁၊ ၂၂) ထို့ကြောင့်ကရုဏာရှိသောခရစ်ယာန်တစ်ဦးသည် အငြိုးထားမည်မဟုတ်ပေ။ အခဲမကျေမှုကြောင့် ခရစ်ယာန်ရောင်းရင်းတစ်ဦးကိုအမျက်သိုခြင်း၊ စကားမပြောဘဲနေခြင်းပြုမည်မဟုတ်ပေ။ ထိုသို့ကရုဏာကင်းမဲ့မှုသည် ခရစ်ယာန်တို့၏ကောင်းခြင်းလက္ခဏာတစ်ရပ်မဟုတ်ပေ။
ရက်ရောခြင်းနှင့်ဧည့်ဝတ်ကျေပွန်ခြင်း
၁၃။ ကောင်းမြတ်ခြင်း၌ အဘယ်အရာပါဝင်သေးသနည်း။
၁၃ ရက်ရောခြင်းနှင့်ဧည့်ဝတ်ကျေပွန်ခြင်းအားဖြင့်လည်း ကောင်းမြတ်ခြင်းကိုပြသနိုင်သည်။ အခါတစ်ပါး၌ လုလင်တစ်ယောက်သည် ဩဝါဒယူရန် ယေရှုအထံတော်သို့ချဉ်းကပ်ကာ “ဆရာ၊ ထာဝရအသက်ကိုရအံ့သောငှာ အကျွန်ုပ်သည်အဘယ်ကောင်းမှုကိုပြုရပါမည်နည်း” ဟုမေးလျှောက်သော် ယေရှုကဘုရားသခင့်ပညတ်တော်များကို စဉ်ဆက်မပြတ်ကျင့်စောင့်အပ်ကြောင်းမိန့်ကြားတော်မူ၏။ မှန်ပါသည်၊ ယေဟောဝါ၏ပညတ်တော်ကိုနာခံခြင်းသည် ကောင်းမြတ်ခြင်း၏သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သည်။ ထိုလုလင်က မိမိအတတ်နိုင်ဆုံးကျင့်စောင့်လျက်ရှိသည်ဟုအထင်ရှိ၏။ သူ့အိမ်နီးချင်းတွင် သူသည်လူကောင်းတစ်ယောက်ဖြစ်နေပုံရသော်လည်း တစ်စုံတစ်ရာလိုနေသည်ဟု သူခံစားနေရသည်မှာထင်ရှားသည်။ ထို့ကြောင့်ယေရှုက “သင်သည်စုံလင်ခြင်းသို့ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကို ရောင်း၍ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှငါ့နောက်သို့လိုက်လော့” ဟုမိန့်တော်မူ၏။ (မဿဲ ၁၉:၁၆-၂၂) ထိုလုလင်သည် ဝမ်းနည်းကြေကွဲစွာနှင့်ထွက်သွားလေ၏။ သူသည်အလွန်ချမ်းသာသူဖြစ်သည်။ ယေရှု၏သြဝါဒအတိုင်းသာ လိုက်နာခဲ့သည်ရှိသော် သူသည်ရုပ်ဝါဒဆန်သူမဟုတ်ကြောင်းပြသရာရောက်ပေမည်။ ကိုယ်ကျိုးမဖက်သောရက်ရောမှုအစစ်နှင့်ဆိုင်သော ကောင်းမှုကိုပါပြုလုပ်ရာရောက်ပေလိမ့်မည်။
၁၄။ ရက်ရောခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါနှင့်ယေရှုနှစ်ပါးစလုံး အဘယ်မွန်မြတ်သောသြဝါဒပေးတော်မူသနည်း။
၁၄ ဣသရေလလူမျိုးအား ရက်ရောရန်ယေဟောဝါတိုက်တွန်းတော်မူ၏။ ဥပမာ၊ ကျွန်ုပ်တို့ဤသို့ဖတ်ရ၏။ “အကယ်စင်စစ် [ဆင်းရဲသောအိမ်နီးချင်း] အားပေးရမည်။ ပေးသောအခါနှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့်သင်၏ဘုရားသခင် [ယေဟောဝါ] သည်သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ကောင်းချီးပေးတော်မူမည်။” (တရားဟောရာ ၁၅:၁၀။ သု၊ ၁၁:၂၅) ရက်ရောမှုရှိရန် ယေရှုခရစ် ကိုယ်တော်တိုင်ကလည်း ဤသို့တိုက်တွန်းတော်မူ၏။ “သူတစ်ပါးအားပေးကြလော့။ ပေးလျှင်သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်။” (လုကာ ၆:၃၈) ထိုမျှမက ယေရှုကိုယ်တော်တိုင်လည်း အလွန်ရက်ရောတော်မူ၏။ အခါတစ်ပါး၌ ကိုယ်တော်သည် ခေတ္တအနားယူရန်အချိန်ဖယ်ထားသည်။ လူထုပရိသတ်က ကိုယ်တော်ရှိသည့်နေရာကိုသိရှိကာ ကိုယ်တော်ထံရောက်လာကြသည်။ ယေရှုသည် အနားယူခြင်းကိုမေ့ပစ်ကာ လူထုပရိသတ်အကျိုးအတွက် မိမိကိုယ်ကိုရက်ရောစွာအသုံးခံခဲ့တော်မူ၏။ ၄င်းနောက်ကြီးမားသောလူထုပရိသတ်အတွက် စားစရာပြင်ဆင်ပေးခြင်းအားဖြင့် ထူးခြားထင်ရှားသောဧည့်ဝတ်ကျေပွန်မှုကိုပြသတော်မူ၏။—မာကု ၆:၃၀-၄၄။
၁၅။ ယေရှု၏တပည့်တော်တို့သည် ရက်ရောခြင်းတင်ပြရာတွင် ထူးမြတ်သည့်စံနာမူတစ်ရပ် မည်သို့ထားခဲ့ကြသနည်း။
၁၅ ယေဟောဝါနှင့်ယေရှုတို့၏သြဝါဒကို သစ္စာစောင့်သိသောအားဖြင့် ယေရှု၏တပည့်တော်အများတို့သည် ထူးခြားစွာရက်ရော၍ဧည့်ဝတ်ကျေပွန်ခဲ့ကြသည်။ ခရစ်ယာန်အသင်းတော်၏ကနဦးကာလများ၌ စီအီး ၃၃ ခုပင်တေကုတ္တေပွဲတော်တက်ရောက်လာကြသူ အများအပြားတို့သည် တမန်တော်တို့၏ဟောပြောခြင်းကို ကြားနာ၍ယုံကြည်သူများဖြစ်လာကြသည်။ ပိုမိုလေ့လာဆည်းပူးနိုင်ရေးအတွက် ဆက်လက်နေထိုင်ကြသဖြင့် အသုံးစရိတ်ပြတ်လာကြသည်။ သို့နှင့် ဒေသခံယုံကြည်သူတို့က မိမိတို့၏ညီအစ်ကိုအသစ်များ ယုံကြည်ခြင်း၌ပို၍ခိုင်ခံ့မြဲမြံစေရန်အတွက် မိမိတို့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာများကိုရောင်းချ၍ ကူညီထောက်ပံ့ကြ၏။ မည်မျှရက်ရောကြသည်တကား။—တမန်တော် ၄:၃၂-၃၅။ တမန်တော် ၁၆:၁၅။ ရောမ ၁၅:၂၆ လည်းရှု။
၁၆။ ယနေ့ကျွန်ုပ်တို့ရက်ရော၍ ဧည့်ဝတ်ကျေနိုင်သည့်နည်းအချို့ကိုဖော်ပြပါ။
၁၆ ယနေ့လည်းခရစ်ယာန်များ မိမိတို့ဒေသအသင်းတော်များနှင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် အချိန်နှင့်ငွေကြေးများထည့်ဝင်လှူဒါန်းကြသောအခါ၌ ခရစ်တော်ကဲ့သို့သော ရက်ရောခြင်းမျိုးကိုတွေ့ရသည်။ သဘာဝကပ်ဘေးနှင့်စစ်ဘေးဒဏ်ခံရသော ညီအစ်ကိုများကိုကယ်ဆယ်ရာတွင်လည်း ထိုအတိုင်းတွေ့ရသည်။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်စဉ်အတွင်း ပြုစုစောင့်ရှောက်ကြရာတွင်လည်း ရက်ရောခြင်းကိုထင်ရှားစွာတွေ့ရသည်။ သို့တည်းမဟုတ်အခြားသော ခရစ်ယာန်မိသားစုတို့နှင့်အတူ အပန်းဖြေရာတွင်လည်းကောင်း၊ မိသားစုကျမ်းစာလေ့လာရာတွင်လည်းကောင်း ‘ဖတဆိုးသားသမီးများ’ ကိုရက်ရောစွာခေါ်ဖိတ်ခြင်းသည်လည်း ဧည့်ဝတ်ကျေခြင်းဖြစ်ပြီး ခရစ်ယာန်ကောင်းမြတ်ခြင်း၏ပေါ်လွင်ချက်တစ်ရပ်ဖြစ်ပေသည်။—ဆာလံ ၆၈:၅။
အမှန်ကိုပြောခြင်း
၁၇။ ဟုတ်တိုင်းမှန်ရာပြောဆိုပြုမူခြင်းသည် ယနေ့အဘယ်ကြောင့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သနည်း။
၁၇ အလင်းတော်ဆိုင်ရာအသီးအကြောင်း ပေါလုဖော်ပြစဉ်တွင် ကောင်းမြတ်ခြင်းကို ဖြောင့်မတ်ခြင်း၊ အမှန်တရားတို့နှင့်သူဆက်စပ်ထားသဖြင့် ဟုတ်တိုင်းမှန်ရာပြောတတ်ခြင်းသည် ကောင်းမြတ်ခြင်းတစ်မျိုးဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ သူတော်ကောင်းတို့သည် မဟုတ်မမှန်မပြောတတ်ပေ။ မုသားဝါဒမှိုလိုပေါက်နေသည့် ယနေ့ခေတ်ကာလတွင် အမှန်အတိုင်းပြောခြင်းသည် အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။ လူအများသည် ဝင်ငွေခွန်ကြေညာလွှာကို အမှန်အတိုင်းမဖြည့်ကြချေ။ လုပ်သားများသည် အလုပ်မမှန်မကန်လုပ်ကြသည်။ ကျောင်းသားများသည် သင်ခန်းစာများနှင့်စာမေးပွဲများ၌ မမှန်မကန်လိမ်ညာကြသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးသဘောတူစာချုပ်,ချုပ်ရာတွင် မမှန်မကန်ပြုလုပ်ကြသည်။ ကလေးတို့သည် ဒဏ်ပေးခံမည်စိုး၍လိမ်ညာကြသည်။ ရန်ငြိုးစိတ်ရှိသော သွားပုပ်လေလွင့်ပြောသူတို့သည် သူတစ်ပါး၏အသရေကိုဖျက်ဆီးကြသည်။
၁၈။ မုသားသုံးသူများကို ယေဟောဝါမည်သို့ရှုမြင်သနည်း။
၁၈ မုသားပြောခြင်းကို ယေဟောဝါစက်ဆုပ်ရွံ့ရှာတော်မူ၏။ ကိုယ်တော်မုန်းတော်မူသော ‘အရာခုနစ်ပါး’ တွင် “မုသား၌ကျင်လည်သောလျှာတစ်ပါး” နှင့် “မုသားစကားကိုပြော၍မမှန်သောသက်သေတစ်ပါး” တို့ပါဝင်သည်။ (သု၊ ၆:၁၆-၁၉) “မုသားသုံးသူဟူသမျှ” တို့ကိုဘုရားသခင့်ကမ္ဘာသစ်တွင် နေစရာမရှိသည့် ကြောက်တတ်သောသူ၊ လူအသက်သတ်သူနှင့်မတရားမေထုန်ကျင့်သူတို့တွင် စာရင်းသွင်းထားသည်။ (ဗျာဒိတ် ၂၁:၈) ၄င်းပြင်သုတ္တံကျမ်း၌ဤသို့ဆိုထားသည်။ “ဖြောင့်သောလမ်းသို့လိုက်သောသူသည် [ယေဟောဝါ] ကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့လိုက်သောသူမူကား၊ [ကိုယ်တော်ကို] မထီမဲ့မြင်ပြုတတ်၏။” (သု၊ ၁၄:၂) မုသားသုံးသူသည်လိမ်လည်ကောက်ကျစ်၏။ ထို့ကြောင့်မုသားသုံးသူသည် ယေဟောဝါကိုမထီမဲ့မြင်ပြုရာရောက်၏။ မည်မျှကြောက်မက်ဖွယ်ပါတကား။ ဆုံးမပဲ့ပြင်ခြင်းခံရသည့်တိုင်အောင် သို့မဟုတ် ငွေရေးကြေးရေးနစ်နာဆုံးရှုံးရသည့်တိုင်အောင် အစဉ်သဖြင့်ဟုတ်တိုင်းမှန်ရာပြောကြပါစို့။ (သု၊ ၁၆:၆။ ဧဖက် ၄:၂၅) အမှန်အတိုင်းပြောသူတို့သည် “သမ္မာတရားဆိုင်ရာဘုရားသခင်” ယေဟောဝါကိုတုပကြသည်။—ဆာလံ ၃၁:၅၊ NW။
ကောင်းမြတ်ခြင်းကိုပြုစုပျိုးထောင်ခြင်း
၁၉။ ဖန်ဆင်းရှင်အတွက် ချီးမွမ်းဂုဏ်ယူစရာဖြစ်သောအဘယ်အရာကို ကမ္ဘာပေါ်တွင်တစ်ခါတစ်ရံတွေ့ရသနည်း။
၁၉ ဤသည်တို့မှာ ခရစ်ယာန်တစ်ဦးပြုစုပျိုးထောင်အပ်သည့် ကောင်းမြတ်ခြင်းအမျိုးမျိုးအနက်မှ အနည်းအကျဉ်းမျှသာဖြစ်သည်။ ကမ္ဘာသူကမ္ဘာသားတို့သည် အတိုင်းအတာတစ်စုံတစ်ရာအထိကောင်းမြတ်ခြင်းကို သိသာထင်ရှားစွာပြသနေကြသည်မှာမှန်ပါသည်။ ဥပမာအားဖြင့် အချို့သည်ဧည့်ဝတ်ကျေပွန်၍ အချို့တို့မှာကရုဏာထားကြသည်။ အမှန်အားဖြင့် ကောင်းသောရှမာရိလူဥပမာကိုဤမျှထူးခြားစေသည့်အရာမှာ ယုဒအသင်းတော်မှအကြီးအကဲဖြစ်သူတို့က ကရုဏာမသက်စေကာမူ ယုဒလူမဟုတ်သူတစ်ဦးက ကရုဏာသက်ကြောင်းယေရှုမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ လူ့မစုံလင်မှု နှစ်ပေါင်းခြောက်ထောင်ကျော်လာသည့်တိုင်အောင် အချို့လူသားများ၌အထက်ပါကောင်းခြင်းလက္ခဏာများ သဘာဝအားဖြင့်ဆက်လက်ရှိနေခြင်းအတွက် လူ့ဖန်ဆင်းရှင်ကိုချီးမွမ်းဂုဏ်ပြုထိုက်သည်။
၂၀၊ ၂၁။ (က) ခရစ်ယာန်ကောင်းမြတ်ခြင်းသည် ကမ္ဘာသူကမ္ဘာသားများ၌တွေ့နိုင်ဖွယ်ရှိသော မည်သည့်ကောင်းမြတ်ခြင်းနှင့်မဆို အဘယ်ကြောင့်ခြားနားသနည်း။ (ခ) ခရစ်ယာန်တစ်ဦးကောင်းမြတ်ခြင်းကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။ ထိုသို့ပြုရန်အဘယ်ကြောင့်ကြိုးစားအားထုတ်သင့်သနည်း။
၂၀ သို့ရာတွင် ခရစ်ယာန်များအဖို့ကောင်းမြတ်ခြင်းဆိုသည်မှာ ရယူပိုင်ဆိုင်နိုင်သောအရည်အချင်းဟုတ်မဟုတ်မျှသာမကပါ။ သူတို့သည် ဘုရားသခင်ကို တုပရသူများဖြစ်ကြသောကြောင့် ကောင်းမြတ်ခြင်းမှာ ဘက်ပေါင်းစုံပြုစုပျိုးထောင်ရမည့်အရည်အချင်းတစ်ရပ်ဖြစ်သည်။ မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။ ကောင်းမြတ်ခြင်းကို သင်ယူ နိုင်ကြောင်းသမ္မာကျမ်းစာဆို၏။ ‘ကောင်းမြတ်ခြင်းကိုသွန်သင်တော်မူပါ’ ဟူ၍ဆာလံဆရာက ဘုရားသခင်ထံဆုတောင်းခဲ့၏။ အဘယ်သို့အားဖြင့်နည်း။ “ပညတ်တော်များကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍” ဟူ၍သူပြောခဲ့သည်။ “ကိုယ်တော်သည် ကောင်းမြတ်၍၊ အကောင်းပြုတော်မူသည့်အလျောက် အထုံးအဖွဲ့တော်များကိုသွန်သင်တော်မူပါ” ဟူ၍ထပ်လောင်း၍ဆိုထားသည်။—ဆာလံ ၁၁၉:၆၆၊ ၆၈၊ သမ။
၂၁ မှန်ပါသည်၊ ကျွန်ုပ်တို့အနေဖြင့် ယေဟောဝါ၏ပညတ်တော်များကို သင်ကြား၍လိုက်နာကြမည်ဆိုပါက ကောင်းမြတ်ခြင်းကိုပြုစုပျိုးထောင်နိုင်ကြပေမည်။ ကောင်းမြတ်ခြင်းသည် ဝိညာဉ်တော်အသီးတစ်လုံးဖြစ်ကြောင်း အစဉ်သဖြင့်သတိရပါ။ ဆုတောင်းခြင်း၊ ခရစ်ယာန်ညီအစ်ကိုများနှင့်ပေါင်းသင်းခြင်း၊ ကျမ်းစာလေ့လာခြင်းအားဖြင့် ယေဟောဝါ၏ဝိညာဉ်တော်ကိုရရန် အားထုတ်မည်ဆိုပါက ဤအရည်အချင်းကိုပြုစုပျိုးထောင်ရန်အတွက် ကူညီမစမှုမုချရရှိပေမည်။ ၄င်းပြင်ကောင်းမြတ်ခြင်းသည် အစွမ်းတန်ခိုးထက်မြက်သည်။ အဆိုးကိုပင်အောင်နိုင်သည်။ (ရောမ ၁၂:၂၁) သို့ဖြစ်သောကြောင့် လူအပေါင်းကိုကောင်းမှုပြုရန်၊ အထူးသဖြင့်ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများကို ကောင်းမှုပြုရန်အထူးပင်အရေးကြီးလှပေသည်။ (ဂလာတိ ၆:၁၀) ကျွန်ုပ်တို့ဤသို့ပြုကြလျှင် “ကောင်းသောအကျင့်ကိုကျင့်သောသူရှိသမျှ” အတွက်ကတိထားရာ “ဘုန်းအသရေ၊ ငြိမ်သက်ခြင်း” ကိုခံစားရကြသူတို့တွင်ကျွန်ုပ်တို့လည်းပါဝင်ကြပေမည်။—ရောမ ၂:၆-၁၁၊ သမ္မ။
သင်ဖြေနိုင်သလော
▫ အစိုးရသောမင်းအာဏာစက်တို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည်ကောင်းသောအကျင့်ကို မည်သို့ဆက်ပြနိုင်သနည်း။
▫ ထောက်ထားရမည့်သူများတွင် မည်သူတို့လည်းပါဝင်သနည်း။
▫ ကရုဏာတရားသည် မည်သည့်နည်းများဖြင့်ထင်ရှားပေါ်လွင်သနည်း။
▫ ရက်ရောခြင်းနှင့်ဧည့်ဝတ်ကျေခြင်းဆိုင်ရာအဘယ်အပြုအမူများသည် ယနေ့ခရစ်ယာန်တို့ကိုထင်ရှားစေသနည်း။
▫ ကောင်းမြတ်ခြင်းကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။