အကြီးအကဲများ—ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယစွာဆက်ဆံပါ
“ငါတို့သည်သင်တို့နှင့်အတူရှိစဉ်အခါ သားသမီးများအား ယုယစွာပြုစုသည့်မိခင်ကဲ့သို့ သင်တို့အားပြုစုခဲ့ကြ၏။”—၁ သက်သာလောနိတ် ၂:၇၊ သက။
၁။ ယေဟောဝါ၏သစ္စာရှိသက်သေတိုင်း အဘယ်ကြောင့်လုံခြုံစိတ်ချမှု ရှိနိုင်သနည်း။
ယေဟောဝါသည်ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူ၏။ သိုးကဲ့သို့သောအစေခံများအတွက် လိုလေသေးမရှိ ပြင်ဆင်ပေးတော်မူသည့်အပြင် မိမိ၏သန့်ရှင်းသောနာမတော်အဖို့အလိုငှာ “ဖြောင့်မတ်ခြင်းတရားလမ်း” သို့ပို့ဆောင်တော်မူ၏။ ထို့ကြောင့်အလိုတော်ဆောင်သူတို့အနေဖြင့် မည်သည့်အန္တရာယ်မျှကြောက်စရာမလိုဘဲ သနားကြင်နာတတ်သော ဘုရားရှင်ထံမှနှစ်သိမ့်မှုကို မျှော်ကိုးနိုင်ကြသည်။ အမှန်ဆိုလျှင် ယေဟောဝါ၏သစ္စာရှိ သက်သေယောက်တိုင်းအနေဖြင့် ဘုရားရှင်၏မေတ္တာပြည့်ဝသော စောင့်ရှောက်မှုအောက်တွင် လုံခြုံစိတ်ချမှု အပြည့်ရှိနိုင်ကြသည်။—ဆာလံ ၂၃:၁-၄။
၂။ ဘုရားသခင်၏ဘုန်းတော်ပုံသဏ္ဌာန်အနေနှင့် ယေရှုသည်အဘယ်အရည်အချင်းများ ပြသတော်မူသနည်း။
၂ ယေရှုခရစ်သည် “ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်” တော်မူ၏။ (ဟေဗြဲ ၁:၁-၄) ထို့ကြောင့်ကောင်းသောသိုးထိန်း ယေရှုသည်လည်းမေတ္တာနှင့်သနားကြင်နာခြင်းတင်ပြသည်။ (ယောဟန် ၁၀:၁၄၊ ၁၅) သာဓကအနေနှင့် တစ်ခါကကိုယ်တော်သည် “လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ထိုသူတို့သည်ထိန်းသူမရှိ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကိုသနားခြင်းစိတ်ရှိ၍ များစွာသောဆုံးမသြဝါဒကို ပေးတော်မူ၏။”—မာကု ၆:၃၄။
၃။ (က) ယေဟောဝါနှင့်ယေရှုခရစ်နည်းတူ ခရစ်ယာန်လက်ထောက်သိုးထိန်းများ အဘယ်အရည်အချင်းများ ပြသသင့်သနည်း။ (ခ) ကြီးကြပ်မှူးတို့အားအဘယ်သြဝါဒနှင့် သတိပေးစကားများကို တမန်တော်ပေါလုပေးခဲ့သနည်း။
၃ ခရစ်ယာန်အားလုံးအနေဖြင့် ‘ဘုရားသခင့်ပုံစံတော်ကိုလိုက်လျက် မိမိတို့ကိုချစ်တော်မူသော ခရစ်တော်နည်းတူ မေတ္တာတရား၌ကျင့်ကြံ’ အပ်ပေသည်။ (ဧဖက် ၅:၁၊၂) ထို့ကြောင့်မေတ္တာရှေ့ထား သနားကြင်နာတတ်ဖို့လိုသည်။ အထူးသဖြင့်ဘုရားသခင့်သိုးတော်စုမှ လက်ထောက်သိုးထိန်းများ ထိုသို့ဖြစ်ဖို့လိုသည်။ တမန်တော်ပေါလုဤသို့ဆို၏။ “သင်တို့သည်ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည်မိမိ [သားတော်၏] အသွေးတော်နှင့်ဝယ်တော်မူသော အသင်းတော်ကိုလုပ်ကျွေးစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို [ကြီးကြပ်မှူးများအ ဖြစ်] ခန့်ထားတော်မူသော သိုးစုတစ်ခုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကားငါမရှိသည်နောက် ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာမှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်းငါသိ၏။”—တမန်တော် ၂၀:၂၈-၃၀။
၄။ (က) အချိန်တန်သော် တမန်တော် ၂၀:၂၉၊ ၃၀ ပါပေါလု၏သတိပေးစကားအတိုင်း ဘာဖြစ်ပျက်ခဲ့သနည်း။ (ခ) အဘယ်မေးခွန်းများကိုယခု စဉ်းစားသုံးသပ်ထိုက်သနည်း။
၄ အချိန်တန်သော် အယူဖောက်ပြန်သည့် “ကြမ်းတမ်းသောဝံပုလွေများ” ပေါ်လာကာ “သိုးတော်စုကိုကြင်နာစွာမဆက်ဆံ” ဘဲပြုမူကြသည်။ သို့ရာတွင် ယေဟောဝါသက်သေများဘောင်တွင်ရှိသော အကြီးအကဲများသည် ထိုသို့နိုင်ထက်စီးနင်းပြုမူခြင်း မရှိသည့်အတွက်ကျွန်ုပ်တို့ ဝမ်းမြောက်စရာပင်ဖြစ်သည်။ သို့တစေ၊ အဆိုပါဝိညာဉ်တော်ခန့်အပ်ခံ ကြီးကြပ်မှူးများထံမှ မည်သို့သောဆက်ဆံမှုမျိုးကို ယုံကြည်သူချင်းများ မျှော်လင့်နိုင်ကြသနည်း။ ထိုခန့်အပ်ခံများအနေဖြင့် ယေဟောဝါ၏သိုးများအားကြင်နာကြောင်း မည်သို့တင်ပြနိုင်သနည်း။
သိုးတော်စုအပေါ် အစိုးတရမပြု
၅။ (က) လောကီခေါင်းဆောင်များသည် လက်အောက်ငယ်သားများကိုအဘယ်သို့ ဆက်ဆံလေ့ရှိသနည်း။ (ခ) နောက်တော်လိုက်များတွင် နိုင်လိုမင်းထက်ပြုကျင့်ခြင်းအတွက် နေရာမရှိကြောင်းယေရှုအဘယ်သို့ ပြတော်မူခဲ့သနည်း။
၅ ခရစ်ယာန်အကြီးအကဲများသည် သနားကြင်နာသောနည်းဖြင့် ကျွန်ုပ်တို့အားဆက်ဆံမည်ကို ထိုက်ထိုက်တန်တန်မျှော်လင့်နိုင်သည်။ သူတို့သည်လက်အောက်ငယ်သားများအပေါ် နိုင်လိုမင်းထက်ပြုလေ့ရှိသော လောကီမင်းများနှင့်မတူကြချေ။ ဥပမာအားဖြင့်ဖရန့်ခ်လူမျိုး သျှားလမိန်းဘုရင် (စီအီး ၇၆၈-၈၁၄ ခုနှစ်အတွင်းအုပ်ချုပ်ခဲ့သည်) သည် “ဆက္ခဆန်လူမျိုးအား သေဒဏ်မသင့်လိုက ဗတ္တိဇံအတင်းအကြပ်ခံခိုင်းသည်။ ရက် ၄၀ ဥပုသ်ဖျက်သူအား ပြင်းထန်စွာအပြစ်ဒဏ်ပေးသည်။ နေရာတိုင်းတွင်ပညာပေးခြင်းအစား အင်အားကိုသုံးသည်။” (The History of the Christian Church, by William Jones) သို့သော်ယေရှု၏ နောက်တော်လိုက်တို့အထဲတွင် နိုင်လိုမင်းထက်မပြုရပေ။ ကိုယ်တော်အောက်ပါအတိုင်း မိန့်တော်မူထား၍ဖြစ်သည်။ “သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကားထိုသို့မပြုကြနှင့် လူသားသည်သူတစ်ပါးကို စေစားခြင်းငှာမလာ။ သူတစ်ပါးအစေခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။”—မဿဲ ၂၀:၂၅-၂၈။
၆။ (က) အကြီးအကဲများနှင့်စပ်လျဉ်း၍ အဘယ်အခြေခံအချက်များ ပေါ်လွင်ထင်ရှားသနည်း။ (ခ) အသင်းတော်သည် အကြီးအကဲများထံမှ အဘယ်အရာမျှော်လင့်ရန် အကြောင်းရှိသနည်း။ ဤသူတို့သည်မိမိတို့ကိုယ်ကို အဘယ်သို့သဘောထားရမည်နည်း။
၆ ‘ကြီးကြပ်မှူးအရာကို မျှော်မှန်းသည့်ခရစ်ယာန်သည် မွန်မြတ်သောအမှုအရာကို လိုလားတောင့်တသူဖြစ်၏။’ (၁ တိမောသေ ၃:၁) ဤအချက်နှင့်အထက်ပါယေရှု၏ ဩဝါဒတို့ကိုသုံးသပ်လိုက်သောအခါ အောက်ပါအခြေခံကျသောအချက်များ ပေါ်လွင်ထင်ရှားလာသည်။ (၁) ခရစ်ယာန်အကြီးအကဲတို့သည် သူတစ်ပါးအပေါ်နိုင်လိုမင်းထက်မပြုရ။ (၂) ယေရှု၏နောက်လိုက်များအထဲတွင် တာဝန်ထမ်းဆောင်သူတို့သည် သူတို့၏ကျွန်ဖြစ်ရမည်။ သခင်မဟုတ်ပေ။ (၃) ကြီးကြပ်မှူးအရာကိုမျှော်မှန်းသူသည် ယင်းကိုကြီးမြင့်သောရာထူးအဖြစ်မဟုတ်ဘဲ “မွန်မြတ်သောအမှုအရာ” အဖြစ်သဘောထားသင့်သည်။ (သု၊ ၂၅:၂၇။ ၁ ကောရိန္သု ၁:၃၁) “အကြီးအကဲ” ဟူသောအခေါ်အဝေါ်က လူတစ်ဦးကိုအခြား ယေဟောဝါကိုးကွယ်သူတို့ထက် ချီးမြှောက်ရာမရောက်ပေ။ အကြီးအကဲအားလုံးသည် ဘုရားအမှုတော်တွင်ဦးဆောင်သော ဝိညာဉ်ရေးနှင့်အတွေ့အကြုံရင့်ကျက်သည့် စိတ်နှိမ့်ချသူများဖြစ်ရန် အသင်းတော်အနေဖြင့်မျှော်လင့်စရာ အကြောင်းရှိသည်။ စင်စစ်ဆိုလျှင်အကြီးအကဲတို့အနေဖြင့် မိမိတို့ကိုယ်ကိုယေဟောဝါနှင့် ယေရှုခရစ်၏နှိမ့်ချသောကျွန်အဖြစ်လည်းကောင်း၊ ခရစ်ယာန်ချင်းတို့၏ကျွန်အဖြစ်လည်းကောင်း သဘောထားအပ်သည်။—ရောမ ၁၂:၁၁။ ဂလာတိ ၅:၁၃။ ကောလောသဲ ၃:၂၄။
၇။ (က) အကြီးအကဲတို့သည် သူတစ်ပါးနှင့်ဆက်ဆံရာတွင် ၂ ကောရိန္သု ၁:၂၄ ကိုအဘယ်သို့ကျင့်သုံးသင့်သနည်း။ (ခ) အုပ်ချုပ်ရေးအဖွဲ့ထံမှလက်ခံရရှိသော ညွှန်ကြားချက်များနှင့်ပတ်သက်၍ အကြီးအကဲများဘာလုပ်သင့်သနည်း။
၇ သူတစ်ပါးအတွက်နှိမ့်ချစွာနှင့် ပင်ပင်ပန်းပန်းအကျိုးဆောင်ခြင်းအားဖြင့် အကြီးအကဲတစ်ဦးအား “အစိုးတရပြု” လိုခြင်းမှ အလိုလိုဟန့်တားပြီးဖြစ်သည်။ ကျွန်ုပ်တို့၏အကြီးအကဲများသည် တမန်တော်ပေါလုကဲ့သို့သောသဘောထား တင်ပြကြသဖြင့်အလွန်သင့်မြတ်လှပေသည်။ ကောရိန္သုမြို့မှခရစ်ယာန်များအား သူက “ငါတို့သည်သင်တို့၏ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏” ဟုပြောကြားခဲ့သည်။ (၂ ကောရိန္သု ၁:၂၄) သို့ဖြစ်၍မေတ္တာဖြင့် ကြီးကြပ်သူတို့သည် မလိုအပ်သောလူ့စည်းမျဉ်းများဖြင့် ယုံကြည်သူချင်းတို့အား ဝန်ပိစေမည်မဟုတ်ပေ။ ယေဟောဝါသက်သေများမှ ကြီးကြပ်မှူးများသည် ကျမ်းစာမူများနှင့်အညီ ကြင်နာစွာအကျိုးဆောင်ကြသည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ လက်ခံရရှိသောညွှန်ကြားချက်များကို အမြန်ဆုံးလိုက်နာကျင့်သုံးခြင်းအားဖြင့်လည်း ဘုရားသခင့်သိုးတော်စုကို အထူးလေးစားကြောင်း ပြသကြသည်။—တမန်တော် အခန်းကြီး ၁၅။
၈။ ယုံကြည်သူချင်းအပေါ်ပေါလုအဘယ်သဘောထားရှိသနည်း။ ဤအချက်က ၂၀ ရာစုအကြီးအကဲများအပေါ် အဘယ်သို့အကျိုးသက်ရောက်သင့်သနည်း။
၈ ပေါလုသည်ဘုရားသခင့်သိုးတော်စုအပေါ် ကြင်နာယုယသည့်သဘောရှိသောကြောင့် သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များအားဤသို့ ပြောကြားနိုင်ခဲ့သည်။ “ငါတို့သည်သင်တို့နှင့်အတူရှိစဉ်အခါ သားသမီးများအား ယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အား ပြုစုခဲ့ကြ၏။ ငါတို့သည်သင်တို့အားလွန်စွာ ချစ်မြတ်နိုးပါ၏။ သင်တို့အားလွန်စွာ ချစ်မြတ်နိုးကြသည်ဖြစ်၍ ငါတို့သည်ထာဝရဘုရား၏သတင်းကောင်းကို သင်တို့အားကြားသိစေသည်သာမက ငါတို့၏အသက်ကိုပင် သင်တို့အတွက်ပေးလှူရန် အသင့်ရှိကြ၏။” (၁ သက်သာလောနိတ် ၂:၇၊ ၈။ သက) နို့စို့သူငယ်ရှိသောမိခင်သည် သားသမီးတို့ကိုအလွန်ချစ်သဖြင့် မိမိအကျိုးထက်သူတို့အကျိုးကို ဦးစားပေးပြီး ကြင်နာယုယတတ်၏။ ထို့အတူပေါလုပြုမူခဲ့သည်။ ဤ ၂၀ ရာစုအကြီးအကဲများအတွက် ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယရန်လှုံဆော်ပေးသည့် နမူနာဖြစ်သင့်ပါသည်တကား။
သက်သာရာနှင့် လန်းဆန်းရာအရင်းအမြစ်များ
၉။ ဟေရှာယ ၃၂:၁၊ ၂ တွင်ယေဟောဝါ၏မျက်မှောက်ခေတ်လူမျိုးတော်၏ အဘယ်အခြေအနေများအကြောင်း တင်ကူးဟောပြောထားသနည်း။
၉ ယေရှုခရစ်စိုးစံသည့် နိုင်ငံတော်အုပ်ချုပ်ရာ ယခုနေ့ရက်ကာလကိုရည်ညွှန်း၍ ပရောဖက်ဟေရှာယက ရှင်ဘုရင်တစ်ပါးသည် “ဖြောင့်မတ်စွာစိုးစံ” ၍ မှူးမတ်တို့သည်လည်း “တရားသဖြင့်” အုပ်စိုးစီရင်ကြမည်အကြောင်း တင်ကူးဟောပြောထားသည်။ သို့ဖြစ်သောကြောင့် မျက်မှောက်ခေတ်သီအိုကရက်တစ် အဖွဲ့အစည်းတွင်ရှိသော အကြီးအကဲတို့သည် တည်ထောင်ပြီးကောင်းကင်နိုင်ငံတော်၏ အကျိုးစီးပွားကို ထမ်းရွက်နေကြခြင်းဖြစ်သည်။ မင်းညီမင်းသားများနှင့်ဆိုင်သော အမှုတော်မုချဖြစ်ပေသည်။ ဟေရှာယ၏အောက်ပါ ပရောဖက်ပြုချက်စကားများသည် ဤတာဝန်ရှိသူများနှင့် သက်ဆိုင်ပေသည်။ “ထိုမင်းတို့သည် လေလုံ၍မိုးသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၃၂:၁၊ ၂။
၁၀။ ယေဟောဝါသက်သေများတွင်ရှိသော အကြီးအကဲတစ်ဦးစီသည် အဘယ်အရာ၏အရင်းအမြစ် ဖြစ်သင့်သနည်း။
၁၀ ခရစ်ယာန်ဘောင်မှ အနိုင်အထက်ပြုသော ဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ ယေဟောဝါသက်သေတို့အထဲမှ အကြီးအကဲများသည် သက်သာရာနှင့်အားဖြည့်ရာ အရင်းအမြစ်များ ဖြစ်ကြ၏။ အသက်ကြီးသူများအဖွဲ့အနေနှင့် သူတို့သည်ယေဟောဝါ၏ လူမျိုးတော်ဘောင်တွင် ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းတို့ကို တိုးပွားစေကြသည်။ အကြီးအကဲတစ်ဦးချင်းအနေနှင့်လည်း ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယစွာဆက်ဆံခြင်းအားဖြင့် ဤမွန်မြတ်သောအခြေအနေကို ပံ့ပိုးကူညီပေးနိုင်ပေသည်။
တရားခြင်း၊ ဖြောင့်မတ်ခြင်းနှင့်အတူ
၁၁။ (က) ပထမရာစုခရစ်ယာန်များတွင် တည်ရှိခဲ့သောအဘယ် ယေဘုယျအခြေအနေမျိုးသည် ယခုခေတ်ယေဟောဝါသက်သေများ၏ အသင်းတော်အများတွင် တည်ရှိနေသနည်း။ (ခ) ကြီးကြပ်မှူးတို့သည် အသင်းတော်အပေါ် အဘယ်တာဝန်ရှိသနည်း။ အဘယ့်ကြောင့်နည်း။
၁၁ ပထမရာစုခရစ်ယာန်အသင်းတော် အချို့တွင်ပြဿနာများ ပေါ်ပေါက်ခဲ့စေကာမူ အသင်းတော်၏ ယေဘုယျအခြေအနေမှာ ငြိမ်းချမ်းစည်းလုံး၍ ဝမ်းမြောက်ခြင်းရှိခဲ့သည်။ (၁ ကောရိန္သု ၁:၁၀-၁၂; ၃:၅-၉။ ဧဖက် ၁:၂။ ယာကုပ် ၂:၁-၉၊ ၃:၂-၁၂၊ ၄:၁၁၊ ၁၂။ ၁ ယောဟန် ၁:၃၊ ၄) ယနေ့လည်းဘုရားသခင်၏ ကောင်းချီး၊ ခရစ်တော်၏ဦးစီးမှု၊ ခန့်အပ်ခံကြီးကြပ်မှူးများ၏ သစ္စာရှိရှိလုပ်ဆောင်မှုများကြောင့် ယေဟောဝါသက်သေများ၏ အသင်းတော်များ၌ ကောင်းမွန်သောဝိညာဏ အခြေအနေမျိုးရှိကြသည်။ အသင်းတော်ငြိမ်သက်ခြင်း၊ စည်းလုံးခြင်းနှင့်ဝမ်းမြောက်ခြင်းတို့ကို ကာကွယ်ခြင်းအလို့ငှာ ဤကြီးကြပ်မှူးတို့သည် ဘုရားမစမှုကိုရှာယူ၍ အဖွဲ့အစည်းတော်အား သီလရေးနှင့်ဝိညာဉ်ရေး စင်ကြယ်စေရန်ဝီရိယရှိရှိ ကြိုးစားအားထုတ်ကြသည်။ (ဟေရှာယ ၅၂:၁၁) မသန့်ရှင်းသောအဖွဲ့အစည်းသည် ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်း ရှိမည်မဟုတ်သည့်ပြင် ဘုရားသခင့်မျက်နှာသာတော်နှင့် ကောင်းချီးကိုလည်း ခံစားရမည်မဟုတ်ပေ။ ကိုယ်တော်သည်ဒုစရိုက်ကို သည်းခံတော်မမူ။ “မကောင်းမှုကိုလည်း မကြည့်နိုင်အောင် စင်ကြယ်သောမျက်စိ ရှိတော်မူ၏။” (ဟဗက္ကုတ် ၁:၁၃) သို့ဖြစ်သောကြောင့် အကြီးအကဲတို့သည် အခြားအရာများအပြင် တရားရေးအမှုများကို မှန်ကန်စွာကျမ်းစာနှင့်အညီ ကိုင်တွယ်ကြရမည်။ သို့သော်ထိုသို့သောအမှုများကို ကိုင်တွယ်ရာတွင်အဘယ်အချက်အချို့ကို သတိရသင့်သနည်း။
၁၂။ အကြီးအကဲများသည် သမ္မာကျမ်းစာဥပဒေနှင့်အခြေခံမူများကို ချိုးဖောက်ရာမရောက်သည့် ကိုယ်ရေးကိုယ်တာကိစ္စများကို စစ်ဆေးပေးစရာမလိုအပ်စေကာမူ ဂလာတိ ၆:၁ ကိုထောက်ရှုလျှင် ဘာလုပ်သင့်သနည်း။
၁၂ တစ်ချက်အနေနှင့် ပုဂ္ဂိုလ်ရေးသဘောကွဲပြားမှုကိစ္စများကို သက်ဆိုင်သူတို့အချင်းချင်း ဖြေရှင်းနိုင်ဖွယ်ရှိသည်။ (မဿဲ ၁၈:၁၅-၁၇) အကြီးအကဲများသည် ‘ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အစိုးရသူများ’ မဟုတ်ရကား သမ္မာကျမ်းစာဥပဒေများနှင့် အခြေခံမူများကို အကြီးအကျယ်ဖောက်ဖျက်ရာမရောက်သည့် ကိုယ်ရေးကိုယ်တာကိစ္စသက်သက်ဆိုလျှင် သူတို့စစ်ဆေးပေးရန် မျှော်လင့်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း၊ လူတစ်ဦးသည် “သတိလစ်၍တစ်စုံတစ်ခုသော ဒုစရိုက်ကိုပြုမိ” သည့်အထောက်အထားရှိလျှင် ဝိညာဏပါရမီပြည့်စုံသူတို့အနေနှင့် “သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုပဲ့ပြင်” ပေးသင့်ပေသည်။—ဂလာတိ ၆:၁။
၁၃။ အကြီးအကဲများသည် တစ်ဆင့်ကြားစကားဖြင့်မဟုတ်ဘဲ သက်သေအထောက်အထားအားဖြင့်သာလျှင် အရေးယူသင့်ကြောင်းသမ္မာကျမ်းစာက မည်သို့တင်ပြထားသနည်း။
၁၃ အကြီးအကဲတို့သည် “တရားသဖြင့်” အမှုတော်ဆောင်၍ မျက်နှာမလိုက်ရပေ။ ထို့ကြောင့်တစ်ဆင့်ကြားစကားအားဖြင့်မဟုတ်ဘဲ အပြစ်ကျူးလွန်သည့် အထောက်အထား ပေါ်မူတည်၍ အရေးယူသင့်သည်။ ပေါလုက “သက်သေခံနှစ်ဦးသုံးဦးမရှိလျှင် [အသက်ကြီးသူ] ၌အပြစ်တင်သောစကားကို နားမထောင်နှင့်” ဟုသြဝါဒပေးထားသည်။ (၁ တိမောသေ ၅:၁၉) ယေဟောဝါသတ်မှတ်သောစံချိန်အရဆိုလျှင် ရှေးဣသရေလနိုင်ငံ၌ သေဒဏ်ထိုက်သောပြစ်မှုစွပ်စွဲခံရသူသည် ‘သက်သေခံတစ်ယောက်တည်းမဟုတ်ဘဲ သက်သေခံနှစ်ယောက်သုံးယောက်ရှိ’ မှ အသေခံရမည်ဖြစ်သည်။ ထိုမျှမက စွပ်စွဲခံရသူသည် စွပ်စွဲသူနှင့်ရင်ဆိုင်ရသည့် အခွင့်ရှိသည်မှာထင်ရှားသည်။ အထောက်အထားခိုင်လုံပါက ‘ထိုသူကိုအသေသတ်စိမ့်သောငှာ သက်သေခံတို့သည်အဦး ပြုရကြမည်။’—တရားဟောရာ ၁၇:၆၊ ၇။
၁၄။ (က) ဒယောတရပ်သည်မည်သို့ မတော်မတရားပြုရန်ကြိုးစားသနည်း။ (ခ) အကြီးအကဲများတရားရေးကိစ္စ ကိုင်တွယ်ရာတွင်ဘုရားသခင်အဘယ်အရာ မျှော်လင့်တော်မူသနည်း။
၁၄ အရေးယူခြင်းအတွက် ခိုင်လုံသောကျမ်းစာအခြေခံ ရှိရပေမည်။ အသင်းတော်ကြီးကြပ်မှူးတို့သည် စီအီးပထမရာစုနှစ်မှ မာနထောင်လွှားသော ဒယောတရပ်ကဲ့သို့မဟုတ်ကြသဖြင့် ဝမ်းသာစရာပင်။ ဒယောတရပ်သည် နယ်လှည့်ညီအစ်ကိုများအား ပျူငှာစွာလက်ခံချင်သူတို့ကိုမတရားစွာ “အသင်းတော်ထဲမှနှင်ထုတ်” ၏။ တမန်တော်ယောဟန်က ဤကိစ္စနှင့်အခြားသောမကောင်းမှုများကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ “ငါလာသောအခါသူသည် မိမိပြုသောအမှုကိုသတိရခြင်းငှာ ငါပြုမည်” ဟုသတိပေးခဲ့သည်။ (၃ ယောဟန် ၉၊ ၁၀) သို့ဖြစ်သောကြောင့်မျက်မှောက်ခေတ် တရားရေးကော်မတီအနေနှင့် မည်သည့်နှင်ထုတ်ခြင်းကိစ္စအတွက်မဆို သမ္မာကျမ်းစာအခြေခံအချက် ခိုင်ခိုင်လုံလုံရှိရန် အသေအချာဆောင်ရွက်ဖို့လိုသည်။a ခရစ်ယာန်အကြီးအကဲတို့သည် အခြားသူတို့ကိုတရားသဖြင့်ဆက်ဆံရန် ဘုရားရှင်လိုလားသည်မှာရှင်းပါသည်။ ယေဟောဝါ၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းတော်၏ အမှုအရေးတို့ကို စီမံခန့်ခွဲသူတို့သည် “ဘုရားသခင်ကိုခန့်ညားလျက် သစ္စာစောင့်သော၊ စွမ်းရည်ရှိသူတို့” အမှန်ပင်ဖြစ်ရကြမည်။—ထွက်မြောက်ရာ ၁၈:၂၁။
၁၅။ တရားရေးအမှုပြဿနာ စစ်ဆေးရာတွင်ဆုတောင်းခြင်းသည် အဘယ်ကဏ္ဍမှပါဝင်သင့်သနည်း။
၁၅ ခရစ်ယာန်တရားရေးကော်မတီတိုင်းအနေနှင့် လှိုက်လှဲစွာဆုတောင်းခြင်းဖြင့် ယေဟောဝါ၏မစမှုကို တောင်းလျှောက်သင့်ပေသည်။ ကြီးလေးသောအပြစ် စွပ်စွဲခံရသည့်ညီအစ်ကို သို့မဟုတ် ညီအစ်မနှင့်တွေ့ဆုံသည့်အခါ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ စင်စစ်ဆိုလျှင် ဆွေးနွေးနေစဉ်အတွင်း ဘုရားသခင့်ကူညီမစမှု အထူးလိုအပ်လာသည့်အခါတိုင်း ဆုတောင်းရန်သင့်တော်ပေသည်။—ယာကုပ် ၅:၁၃-၁၈။
၁၆။ အမှုကြားနာစစ်ဆေးခြင်းကို အကြီးအကဲများမည်သည့်နည်းဖြင့် ဆောင်ရွက်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၆ စွပ်စွဲခံရသောယုံကြည်သူချင်းမှာ ဘုရားသခင့်သိုးတော်စုမှ “သိုး” တစ်ဦးဖြစ်ကြောင်း ကြင်နာယုယစွာ ဆက်ဆံခံထိုက်သူဖြစ်ကြောင်း အကြီးအကဲများသိကြသည်။ (ယေဇကျေလ ၃၄:၇-၁၄ နှင့်နှိုင်းယှဉ်ပါ) တစ်ကယ့်သိုးများသည် ကာကွယ်မှုအတွက် သိုးထိန်းကိုအားထားရသည့် ကြောက်တတ်သောသတ္တဝါများဖြစ်သဖြင့် ကြင်နာယုယမှုလိုအပ်သည်။ သို့ဖြစ်လျှင် ဒေသဆိုင်ရာအသင်းတော်များရှိ ပုံဆောင်ရာသိုးများနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ သူတို့သည်ကြီးမြတ်သော သိုးထိန်းယေဟောဝါနှင့် ကောင်းသောသိုးထိန်းယေရှုခရစ်တို့၏ စောင့်ရှောက်မှုအောက်တွင် လုံခြုံမှုခံစားချက် ရှိကြမည်မှာမုချ။ သို့သော်သိုးတော်စု၏ လက်ထောက်သိုးထိန်းများသည် ယေဟောဝါ၏သိုးကဲ့သို့သော အစေခံများ၏စိတ်ထဲတွင် အေးချမ်းလုံခြုံသည့်ခံစားမှု ဖြစ်ပေါ်လာစေရန် ပြုမူဆောင်ရွက်ပေးကြရမည်။ သို့ဖြစ်၍ သင်သည်ခရစ်ယာန်လက်ထောက် သိုးထိန်းတစ်ဦးဖြစ်ပါက သင့်ညီအစ်ကို၊ ညီအစ်မများသည် သင်၏စောင့်ရှောက်မှုအောက်တွင် ငြိမ်သက်လုံခြုံမှုရှိသလော။ အကြီးအကဲများသည် သမ္မာကျမ်းစာဥပဒေနှင့် အခြေခံမူများကိုအခိုင်အမာ ထောက်ခံကြရမည်မှန်သော်လည်း သိုးများကိုမေတ္တာဖြင့်ဆက်ဆံရန် တရားရေးကြားနာစစ်ဆေးခြင်းများကို တည်ငြိမ်၊ စနစ်တကျ၊ ကြင်နာစွာနှင့် စာနာထောက်ထားလျက်ပြုလုပ်ရန် ကျမ်းစာကတောင်းဆိုထားသည်။
၁၇။ အကြီးအကဲများသည် အဘယ်ကျမ်းစာအချက်အလက်များကို အထူးသဖြင့်တရားရေးကြားနာ စစ်ဆေးချိန်တွင်နှလုံးသွင်းအပ်သနည်း။
၁၇ မစုံလင်ကြသဖြင့် “ငါတို့ရှိသမျှသည် စကားအားဖြင့်အကြိမ်ပေါင်းများစွာ မှားတတ်ကြ၏။” (ယာကုပ် ၃:၂) တစ်ဦးစီအနေဖြင့် ဘုရားသခင့်ကရုဏာတော်နှင့် ခရစ်တော်၏ “အပြစ်ဖြေရာ ပူဇော်သက္ကာ” လိုအပ်သည်။ (၁ ယောဟန် ၁:၈–၂:၂။ ဆာလံ ၁၃၀:၃) ထို့ကြောင့်ခရစ်ယာန် လက်ထောက်သိုးထိန်းသည် မိမိကိုယ်ကိုနှိမ့်ချစွာ မြင်သင့်သည်။ “သင်တို့သည်ကိုယ်၌ သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူသောယေရှု၏စကားကိုလည်း သတိရသင့်သည်။ (လုကာ ၆:၃၁) ဤသြဝါဒစကားကို တရားရေးအမှုကြားနာစစ်ဆေးချိန်တွင် အထူးသဖြင့်လိုက်နာ ကျင့်သုံးသင့်သည်။ ဝိညာဏပါရမီရှိသူတို့သည် ‘အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့်’ ပြစ်မှားသူခရစ်ယာန်အား ပဲ့ပြင်ရန်ကြိုးစားသင့်သည်။—ဂလာတိ ၆:၁။ ၁ ကောရိန္သု ၁၀:၁၂။
၁၈။ (က) တရားရေးကြားနာစစ်ဆေးချိန်တွင် အခြားသူတို့ကိုအကြီးအကဲများ ကြမ်းတမ်းစွာဆက်ဆံခဲ့သည်ရှိသော် အဘယ်သို့ဖြစ်စေနိုင်သနည်း။ (ခ) မာကု ၉:၄၂ကိုထောက်ရှုလျှင် အကြီးအကဲများနှင့် အခြားခရစ်ယာန်များသည် ဘာမပြုလုပ်ဖို့သတိထားရကြမည်နည်း။
၁၈ အကြီးအကဲတို့သည် တရားရေးအမှုကြားနာစစ်ဆေးချိန်တွင် အခြားသူတို့အားကြမ်းတမ်းစွာဆက်ဆံပါက ထိုသူတို့အားထိခိုက်နစ်နာ စေနိုင်သည်။ စိတ်လှုပ်ရှားမှု သို့မဟုတ် ကာယရေးဘက်တွင် ထိခိုက်မှုမရှိစေကာမူ ဝိညာဉ်ရေးနစ်နာစရာ အကြီးအကျယ်ဖြစ်စေနိုင်သည့်ပြင် ကြီးကြပ်မှူးတို့၏ အရည်အချင်းကိုလည်းစောဒကတက်စရာ ဖြစ်လာနိုင်သည်။ (ယာကုပ် ၂:၁၃၊ နှင့်နှိုင်းယှဉ်ပါ) သို့ဖြစ်သောကြောင့် အမှုကြားနာစစ်ဆေးချိန်နှင့် ကျန်အချိန်တိုင်းတွင်အကြီးအကဲတို့သည် ကြင်နာမှုရှိသင့်သည်။ သူတစ်ပါးထိမိ၍မလဲစေရန် သတိထားသင့်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ခရစ်ယာန်အားလုံး သတိထားဖို့လိုသည်မှာ ဆိုဖွယ်မရှိ။ ယေရှုအောက်ပါအတိုင်း မိန့်တော်မူခဲ့၍ဖြစ်သည်။ “ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည်မှားယွင်းစေ၏။ ထိုသူသည်လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချပစ်ခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။” (မာကု ၉:၄၂) အပေါ်ကြိတ်ဆုံကျောက်သည် တိရစ္ဆာန်တစ်ကောင်အားဖြင့် လည်ပတ်လောက်အောင် ကြီးမားနိုင်သည်။ လည်ပင်း၌ထိုမျှလေးသည့်ကျောက်ဆွဲ၍ ပင်လယ်၌ချခြင်းခံရသူသည် အသက်ရှင်လမ်းမရှိပေ။ သို့ဖြစ်သောကြောင့် အကြီးအကဲတစ်ဦးသည် မိမိနှင့်တကွထိမိ၍လဲသူ၏ဝိညာဉ်ရေး ထာဝရထိခိုက်မှုဖြစ်စေနိုင်သည့် ထိမိ၍လဲခြင်းမဖြစ်စေရအောင် အထူးသတိထားသင့်ပေသည်။—ဖိလိပ္ပိ ၁:၉-၁၁။
ဆက်၍ကြင်နာယုယမှုပြပါ
၁၉။ အကြီးအကဲလုပ်ဖော်ချင်းတို့အား ပေတရုအဘယ်သြဝါဒပေးခဲ့သနည်း။ ယင်းသြဝါဒအတိုင်း လျောက်ပတ်စွာလိုက်နာလျှင်သူတို့၏ မျှော်လင့်ချက်အလားအလာအပေါ် အဘယ်အကျိုးသက်ရောက်မည်နည်း။
၁၉ တမန်တော်ပေတရုက အောက်ပါအတိုင်းရေးသားလိုက်သောအခါ လုပ်ဖော်ကိုင်ဖက်ကြီးကြပ်မှူးတို့အနေဖြင့် သိုးတော်စုကိုမည်သို့ထိန်းရမည်အကြောင်း ဖော်ပြလိုက်သည်။ “သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကိုအာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာပုံသက်သေကို ပြသောသူဖြစ်ကြလော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီးပေါ်ထွန်းသောအခါ သင်တို့သည်မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။” (၁ ပေတရု ၅:၂-၄) ယင်းသြဝါဒကိုလိုက်နာကျင့်သုံးပြီး ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယပါမှ ဘိသိက်ခံကြီးကြပ်မှူးများသည် မသေနိုင်သောနံဝိညာဉ်သတ္တဝါအနေနှင့် ကောင်းကင်ဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်သည်။ မြေကြီးမျှော်လင့်ချက်ရှိသော အကြီးအကဲများသည်လည်း လာလတံ့သောကမ္ဘာ့ပရဒိတွင်ထာဝရအသက် ရရှိမည်ဖြစ်သည်။
၂၀။ (က) ခရစ်ယာန်လက်ထောက်သိုးထိန်းများအနေဖြင့် ယုံကြည်သူလုပ်ဖော်ချင်းတို့နှင့် မည်သို့ဆက်ဆံရမည်နည်း။ (ခ) မေတ္တာရှိသောအကြီးအကဲများ၏ စံပြအမှုတော်ဆောင်ခြင်းနှင့် ကြင်နာယုယခြင်းကို သင်မည်သို့သဘောရသနည်း။
၂၀ ယေဟောဝါဘုရားရှင်နှင့် ယေရှုခရစ်နှစ်ပါးလုံးသည် မေတ္တာကရုဏာရှိသော သိုးထိန်းများဖြစ်ကြသည်။ ထို့ကြောင့်ခရစ်ယာန် လက်ထောက်သိုးထိန်းများအနေဖြင့် မြင့်မြတ်သောစံများကို အခိုင်အမာထောက်ခံကြစဉ်တွင် သိုးကဲ့သို့သောယုံကြည်သူချင်းတို့ကို မေတ္တာကရုဏာထား၍ ဆက်ဆံရကြမည်။ အပ်နှင်းထားရာကိုကာကွယ်၍ ဘုရားသခင့်သိုးတော်စုအား ကြင်နာယုယစွာဆက်ဆံကြသော အဆိုပါကိုယ်ကျိုးစွန့်အကြီးအကဲများ၏ စံပြအမှုတော်ဆောင်ခြင်းကို ယေဟောဝါ၏သစ္စာရှိသက်သေအပေါင်း မုချအထူးလေးစားတန်ဖိုးထားကြသည်။ ကျွန်ုပ်တို့အလယ်တွင် ဦးဆောင်နေသူတို့အား နာခံခြင်းအားဖြင့်ထိုသို့သော တန်ဖိုးထားခြင်းနှင့်သင့်လျော်သော လေးစားခြင်းတို့ကို ပြသနိုင်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a ပုဂ္ဂိုလ်တစ်ဦးသည် တရားစီရင်ရာတွင် အကြီးအကျယ်မှားယွင်းနေသည်ဟုယုံကြည်လျှင် သူ့အားနှင်ထုတ်သည့်ဆုံးဖြတ်ချက်အတွက် အယူခံဝင်နိုင်သည်။
သင်မည်သို့ယူဆသနည်း
▫ မိမိ၏နောက်လိုက်များအထဲတွင် နိုင်လိုမင်းထက်သဘောအတွက် နေရာမရှိကြောင်းယေရှုခရစ် အဘယ်သို့ပြသခဲ့သနည်း။
▫ အုပ်ချုပ်ရေးအဖွဲ့မှညွှန်ကြားချက်များ လက်ခံရရှိသောအခါအကြီးအကဲများ ဘာပြုလုပ်သင့်သနည်း။
▫ ဟေရှာယ ၃၂:၁၊ ၂ အရအကြီးအကဲများသည် အဘယ်အရာများ၏အရင်းအမြစ် ဖြစ်ရကြမည်နည်း။
▫ အကြီးအကဲတို့သည် တစ်ဆင့်ကြားစကားဖြင့် အရေးမယူသင့်ကြောင်းသမ္မာကျမ်းစာက မည်သို့ပြသသနည်း။
▫ ခရစ်ယာန်လက်ထောက်သိုးထိန်းများအနေဖြင့် သိုးတော်စုကိုမည်သို့ဆက်ဆံအပ်သနည်း။