ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဇူလိုင် ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကောလောသဲ ၁-၄
“စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို ဝတ်ဆင်ကြပါ”
လောကစိတ်ဓာတ်ကို မခံယူဘဲ ဘုရားသခင့်စွမ်းအားတော်ကို ခံယူပါ
၁၂ ငါ့ရဲ့အပြုအမူနဲ့ စိတ်သဘောထားက ဘယ်စိတ်ဓာတ်ကို ထင်ဟပ်ပြနေသလဲ။ (ကောလောသဲ ၃:၈-၁၀၊ ၁၃ ကိုဖတ်ပါ။) လောကစိတ်ဓာတ်က လူ့ဇာတိနဲ့ဆိုင်တဲ့ အကျင့်တွေကို အားပေးအားမြှောက်ပြုတယ်။ (ဂလ. ၅:၁၉-၂၁) ကျွန်ုပ်တို့မှာ ဘယ်စိတ်ဓာတ် လွှမ်းမိုးနေတယ်ဆိုတာက အခြေအနေကောင်းနေတဲ့ အချိန်မှာ မပေါ်ဘူး။ ညီအစ်ကို၊ ညီအစ်မတစ်ဦးဦးက ကျွန်ုပ်တို့ကို အရေးမစိုက်၊ ထိခိုက်နစ်နာစေပြီး ပြစ်မှားတဲ့အခါမျိုးမှာမှ ပေါ်လာတတ်တယ်။ အဲဒီအပြင် အိမ်မှာ မိသားစုကို ကျွန်ုပ် ကြင်ကြင်နာနာ ပြောဆိုဆက်ဆံသလား။ အိမ်သားတွေအပေါ် ကျွန်ုပ်တို့ရဲ့ ပြုမူဆက်ဆံပုံက ကျွန်ုပ်တို့အပေါ် ဘယ်စိတ်ဓာတ် လွှမ်းမိုးနေသလဲဆိုတာ ပေါ်နိုင်တယ်။ မိမိကိုယ်ကို ဆန်းစစ်ခြင်းက ကောင်းပါတယ်။ မိမိကိုယ်ကို ဒီလိုမေးပါ– ‘လွန်ခဲ့တဲ့ ခြောက်လအတွင်း ငါ့ရဲ့အပြုအမူ၊ အပြောအဆိုက ခရစ်တော်နဲ့ ပိုတူလာသလား ဒါမှမဟုတ် အကျင့်ဆိုးတွေကိုပဲ ပြန်ကျင့်မိသလား။’
၁၃ ဘုရားသခင့်စွမ်းအားတော်က “ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်”ပြီး “စရိုက်သစ်” ကို ဝတ်ဆင်ဖို့ ကူညီပေးနိုင်တယ်။ ဒါက ကျွန်ုပ်တို့ကို ပိုပြီးချစ်ခင်ကြင်နာတတ်သူတွေ ဖြစ်စေတယ်။ မကျေနပ်စရာအကြောင်း ရှိရင်တောင်မှ အကြွင်းမဲ့ ခွင့်လွှတ်လိုစိတ် ရှိစေတယ်။ မတရားဆက်ဆံခံရရင်တောင် “ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်း” နဲ့တုံ့ပြန်မှာမဟုတ်ဘူး။ အဲဒီအစား “သနားစာနာ” တတ်သူ ဖြစ်ဖို့ ကြိုးစားကြပါလိမ့်မယ်။—ဧ. ၄:၃၁၊ ၃၂။
သင် ပြုပြင်ပြောင်းလဲပြီးပြီလား
၁၈ ကျွန်ုပ်တို့ဟာ ပြုပြင်ပြောင်းလဲဖို့ ကျမ်းစာရဲ့ အကူအညီကို လိုချင်တယ်ဆိုရင် ကျမ်းစာကို ဖတ်ရှု လေ့လာရုံထက်မက လိုတယ်။ လူများစွာဟာ ကျမ်းစာဖတ်ကြပြီး ကျမ်းစာမှာ ပါတဲ့ အကြောင်းအရာတွေကို အတော်များများ သိထားတယ်။ သင် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ အဲဒီလိုလူတွေကို တွေ့ဖူးပါလိမ့်မယ်။ တချို့က ကျမ်းချက်တွေကို အလွတ်တောင်ရတယ်။ ဒါပေမဲ့ အဲဒါတွေက သူတို့ရဲ့အတွေးအခေါ်နဲ့ အသက်တာကို မပြောင်းလဲပေးဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ လူတွေက သမ္မာကျမ်းစာကို မိမိတို့ရဲ့ စိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း ရောက်ရှိခွင့်ပြုမှသာ သမ္မာကျမ်းစာက သူတို့ကို ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်တယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင် ကျွန်ုပ်တို့က ကျမ်းစာကနေ သိရှိလာတဲ့အချက်တွေကို တွေးတောဆင်ခြင်ဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်ပါတယ်– ‘ဒီအချက်ကို ဘာသာရေး သွန်သင်ချက်အဖြစ်ထက်မက ငါလက်ခံသလား။ ဒါဟာ အမှန်တရားပဲဆိုတာကို ငါ့အသက်တာနဲ့ သက်သေပြသလား။ ငါ လေ့လာသိရှိထားတာတွေက တခြားသူတွေကို သင်ပေးဖို့လောက်သာ မဟုတ်ဘဲ ငါ့အသက်တာမှာ ကိုယ်တိုင် လိုက်နာကျင့်သုံးသလား။ ယေဟောဝါ ငါ့ကို စကားပြောနေတယ်လို့ ခံစားရသလား။’ ဒီမေးခွန်းတွေကို တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ပိုရင်းနှီးစေပါလိမ့်မယ်။ သင်ယူသိရှိခဲ့တာတွေက ကျွန်ုပ်တို့ရဲ့နှလုံးကို ထိမိတဲ့အခါ ဘုရားသခင်ကို ပျော်ရွှင်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်ုပ်တို့ရဲ့ အသက်တာမှာ ပြုလုပ်နိုင်မှာ ဖြစ်တယ်။—သု. ၄:၂၃; လု. ၆:၄၅။
၁၉ ကျမ်းစာကို ပုံမှန်ဖတ်ပြီး တွေးတောဆင်ခြင်မယ်ဆိုရင် ပေါလုပြောခဲ့တာကို ဆက်ပြီးလုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ပေါလု ဒီလိုပြောခဲ့တယ်– “ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်၍ . . . တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့။” (ကော. ၃:၉၊ ၁၀) ကျွန်ုပ်တို့က ကျမ်းစာသွန်သင်ချက်တွေကို ကောင်းကောင်းနားလည်ပြီး လေ့လာသိရှိတာတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် စာတန်ရဲ့ ထောင်ချောက်တွေကနေ ကာကွယ်ပေးနိုင်တဲ့ ခရစ်ယာန်အရည်အသွေးတွေကို တင်ပြဖို့ လှုံ့ဆော်ခံရမှာ ဖြစ်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2 ၁၆၉ ပိုဒ်. ၃-၅
ဘုရားသခင့်နိုင်ငံတော်
“ချစ်ရတဲ့ သားတော်ရဲ့ နိုင်ငံတော်။” ယေရှု ကောင်းကင်တက်ပြီး ဆယ်ရက်အကြာ၊ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ တပည့်တွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းပေးခဲ့တယ်။ ဒီနည်းနဲ့ ယေရှုဟာ “ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ချီးမြှောက်ခံရ” ကြောင်း သက်သေအထောက်အထားကို တပည့်တွေ ရရှိခဲ့ကြတယ်။ (တ ၁:၈၊ ၉။ ၂:၁-၄၊ ၂၉-၃၃) ဒါကြောင့် “ပဋိညာဉ်သစ်” ဟာ တပည့်တွေအပေါ် အကျိုးသက်ရောက်မှုရှိလာပြီ။ သူတို့ဟာ “သန့်ရှင်းတဲ့လူမျိုး” သစ်၊ ဘုရားသခင့်အစ္စရေးလူမျိုးရဲ့ အဓိကမဏ္ဍိုင် ဖြစ်လာကြတယ်။—ဟီ ၁၂:၂၂-၂၄။ ၁ပ ၂:၉၊ ၁၀။ ဂလ ၆:၁၆။
အခု ခရစ်တော်ဟာ ဖခင်ရဲ့လက်ယာဘက်မှာ ထိုင်နေပြီ။ အသင်းတော်ရဲ့ ဦးခေါင်းလည်း ဖြစ်တယ်။ (ဧ ၅:၂၃။ ဟီ ၁:၃။ ဖိ ၂:၉-၁၁) အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့ကစပြီး တပည့်တွေအပေါ်အုပ်ချုပ်တဲ့ ပုံဆောင်နိုင်ငံတစ်ခု တည်ထောင်ပြီဆိုတာ ကျမ်းစာက ဖော်ပြတယ်။ ကောလောသဲမြို့မှာရှိတဲ့ ပထမရာစုခရစ်ယာန်တွေဆီ တမန်တော်ပေါလု စာရေးတုန်းက ယေရှုခရစ်မှာ နိုင်ငံတစ်ခု ရှိနေပြီဆိုတာ အခုလို ဖော်ပြခဲ့တယ်– “ဘုရားသခင်က ကျွန်တော်တို့ကို မှောင်မိုက်တန်ခိုးအောက်ကနေ ကယ်တင်ပြီး ချစ်ရတဲ့ သားတော်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ခဲ့တယ်။”—ကော ၁:၁၃။ တ ၁၇:၆၊ ၇ နဲ့နှိုင်းယှဉ်ပါ။
အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့ကနေ အစပြုတဲ့ ခရစ်တော်ရဲ့နိုင်ငံဟာ ဘုရားသခင့်အစ္စရေးလူမျိုးကို အုပ်ချုပ်တဲ့ ပုံဆောင်နိုင်ငံဖြစ်တယ်။ ဘုရားသခင့်အစ္စရေးလူမျိုးဟာ စွမ်းအားတော်နဲ့ မွေးဖွားခံရတဲ့ ခရစ်ယာန်တွေ ဖြစ်ပြီး ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်လာကြတယ်။ (ယဟ ၃:၃၊ ၅၊ ၆) စွမ်းအားတော်နဲ့မွေးဖွားခံရတဲ့ အဲဒီခရစ်ယာန်တွေ ကောင်းကင်ဆုကျေးဇူး ရရှိတဲ့အခါမှာတော့ သူတို့ဟာ ခရစ်တော်ရဲ့ ပုံဆောင်နိုင်ငံရဲ့ မြေကြီးဆိုင်ရာလက်အောက်ခံတွေ မဟုတ်တော့ဘူး။ အဲဒီအစား သူတို့က ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်တွေ ဖြစ်ကြမယ်။—ဗ ၅:၉၊ ၁၀။
ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲကျမ်းတို့မှ ပေါ်လွင်ချက်များ
၂:၈—ပေါလုသတိပေးခဲ့သော ‘လောကတရားနု [“လောက၏အခြေခံတရား၊” ကဘ]’ ကားအဘယ်နည်း။ ယင်းတို့မှာ စာတန့်လောက၏ အခြေခံတရား ဖြစ်သည်—လောကကို ဖွဲ့စည်း၊ လမ်းညွှန် သို့မဟုတ် လှုံ့ဆော်ပေးသည့် အခြေခံတရား သို့မဟုတ် မူများ ဖြစ်သည်။ (၁ ယော. ၂:၁၆) ယင်းတို့ထဲတွင် အတွေးအခေါ်၊ ရုပ်ဝါဒနှင့် ဤလောက၏ မှားယွင်းသော ဝတ်ပြုရေးတို့ ပါဝင်သည်။
ကျမ်းစာဖတ်ရှုခြင်း
ဇူလိုင် ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ သက်သာလောနိတ် ၁-၅
“အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ”
‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’
၁၂ အသင်းတော်ကို “ဦးစီး” ခြင်းမှာ သွန်သင်ပေးခြင်းထက်မက ပါဝင်တယ်။ ဒီအသုံးအနှုန်းကိုပဲ ၁ တိမောသေ ၃:၄ မှာ အသုံးပြုထားတယ်။ ကြီးကြပ်မှူးတစ်ဦးက “မိမိအိမ်ထောင်စုကို ကောင်းစွာ ဦးစီးလျက် လေးစားစွာ လက်အောက်ခံတတ်သော သားသမီးများရှိသူ ဖြစ်ရမည်” လို့ ပေါလု ပြောခဲ့တယ်။ ဒီမှာ ပြောထားတဲ့ “ဦးစီး” ဆိုတဲ့ အသုံးအနှုန်းက သားသမီးတွေကို သွန်သင်ပေးရုံသာမက မိသားစုကို ဦးဆောင်ပြီး “လက်အောက်ခံတတ်သော သားသမီးများ ရှိသူ” ဖြစ်ခြင်း ပါဝင်တယ်ဆိုတာ ထင်ရှားတယ်။ အလားတူပဲ အကြီးအကဲတွေက အသင်းတော်ကို ဦးဆောင်ခြင်းဖြင့် ယေဟောဝါကို လက်အောက်ခံတဲ့သူတွေ ဖြစ်လာဖို့ အားလုံးကို ကူညီပေးတယ်။—၁ တိ. ၃:၅။
‘သင်တို့တွင် ကြိုးစားအားထုတ်သောသူတို့ကို လေးစားကြပါ’
၁၉ သင့်အတွက် ရည်ရွယ်ထားတဲ့ ဆုလက်ဆောင်တစ်ခုကို သင်ရရှိတယ်ဆိုရင် ဘာလုပ်မလဲ။ အဲဒီဆုကို အသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြမလား။ ယေဟောဝါက ယေရှုခရစ်ကတစ်ဆင့် သင့်အတွက် “လူ့အသွင်ဆု” တွေကို ပြင်ဆင်ပေးထားတယ်။ ဒီဆုအတွက် သင် ကျေးဇူးတင်ကြောင်း တင်ပြနိုင်တဲ့ နည်းတစ်နည်းက အကြီးအကဲတွေ ပေးတဲ့ ဟောပြောချက်တွေကို အာရုံစိုက် နားထောင်ခြင်းနဲ့ သူတို့ပြောတဲ့ အချက်တွေကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားခြင်း ဖြစ်တယ်။ အစည်းအဝေးတွေမှာ အဓိပ္ပာယ်ရှိတဲ့ မှတ်ချက်တွေ ပေးခြင်းအားဖြင့်လည်း တင်ပြနိုင်တယ်။ လယ်ကွင်းလုပ်ငန်းလိုမျိုး အကြီးအကဲတွေ ဦးဆောင်နေတဲ့ အလုပ်မှာ ပါဝင်ထောက်မပါ။ အကြီးအကဲတစ်ယောက်ယောက်ရဲ့ အကြံပြုချက်ကနေ သင် အကျိုးရရှိတယ်ဆိုရင် သူ့ကိုပြောပြပါ။ ဒါ့ပြင် အကြီးအကဲတွေရဲ့ မိသားစုတွေကိုလည်း ကျေးဇူးတင်လေးမြတ်ကြောင်း ပြပါ။ အသင်းတော်မှာ အကြီးအကဲတစ်ဦး ကြိုးစားလုပ်ဆောင်ဖို့ သူ့မိသားစုက သူနဲ့အတူနေမယ့် အချိန်တွေကို စွန့်လွှတ်ရတယ်ဆိုတာ သတိရပါ။
‘မေတ္တာကို လုပ်ရပ်နဲ့ တကယ်ပြကြပါ’
၁၃ အားနည်းသူတွေကို ထောက်မပေးပါ။ ကျွန်တော်တို့ရဲ့ မေတ္တာစစ်မှန်မှုဟာ ‘အားနည်းသူတွေကို ထောက်မပေးပါ။ လူတိုင်းကို စိတ်ရှည်ပါ’ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်အားဖြင့် စမ်းသပ်ခံရနိုင်တယ်။ (၁ သက်. ၅:၁၄) အားနည်းသူတွေ နောက်ပိုင်းမှာ ယုံကြည်ခြင်း ခိုင်မာလာကြပေမဲ့ တချို့ကတော့ စိတ်ရှည်ဖို့၊ မပြတ်ထောက်မပေးဖို့ လိုအပ်တယ်။ တည်ဆောက်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေ ပြောပြတာ၊ အမှုဆောင်မှာ တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်တာ၊ သူတို့ပြောတာကို အချိန်ပေးနားထောင်တာတွေ ပါဝင်တယ်။ အဲဒီအပြင် ညီအစ်ကို/မတစ်ယောက် “အားသာ” တယ်၊ “အားနည်း” တယ်လို့ မစဉ်းစားဘဲ ယောက်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြောင်း အသိအမှတ်ပြုသင့်တယ်။ တမန်တော် ပေါလုတောင် ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြုခဲ့တယ်။ (၂ ကော. ၁၂:၉၊ ၁၀) ဒါကြောင့် ခရစ်ယာန်ချင်းတွေရဲ့ ထောက်မမှုကနေ ယောက်တိုင်း အကျိုးရရှိနိုင်ပါတယ်။
ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ
၁၆ ကျွန်တော်တို့ရဲ့ အပြောအဆို။ ကျွန်တော်တို့ရဲ့ သနားစိတ်က “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ သက်. ၅:၁၄) သူတို့ကို အားပေးဖို့ ဘာတွေပြောနိုင်သလဲ။ သူတို့ကို ဘယ်လောက် ဂရုစိုက်တဲ့အကြောင်း ပြောပြနိုင်တယ်။ သူတို့ရဲ့ အရည်အသွေးကောင်းတွေ၊ အစွမ်းအစတွေကို မြင်လာအောင် ချီးမွမ်းပေးနိုင်တယ်၊ ကူညီပေးနိုင်တယ်။ အမှန်တရား တွေ့အောင် သူတို့ကို ယေဟောဝါ ကူညီပေးခဲ့တာ ဖြစ်လို့ ကိုယ်တော့်အတွက် အဖိုးတန်သူတွေ ဖြစ်ရမယ်ဆိုပြီး ပြောနိုင်တယ်။ (ယော. ၆:၄၄) ‘စိတ်နှလုံးကြေကွဲနေတဲ့၊’ ‘စိတ်ကြေမွနေတဲ့’ ကျေးကျွန်တွေကို ယေဟောဝါ သိပ်ဂရုစိုက်တယ်ဆိုတာ စိတ်ချလာအောင် အားပေးနိုင်တယ်။ (ဆာ. ၃၄:၁၈၊ ကဘ) သနားကြင်နာတဲ့ အပြောအဆိုဟာ နှစ်သိမ့်မှု လိုအပ်နေသူတွေကို အမှန်တကယ် လန်းဆန်းအားတက်စေနိုင်တယ်။—သု. ၁၆:၂၄။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-1 ၈၆၃-၈၆၄
လိင်အကျင့်ယိုယွင်းခြင်း
လိင်အကျင့်ယိုယွင်းခြင်းဆိုတာ အပြစ်တစ်မျိုး ဖြစ်ပြီး ကျူးလွန်သူကို ခရစ်ယာန်အသင်းတော်ကနေ နှင်ထုတ်နိုင်တယ်။ (၁က ၅:၉-၁၃။ ဟီ ၁၂:၁၅၊ ၁၆) မျိုးပွားအင်္ဂါတွေကို မတော်မလျော် အသုံးပြုတာ ဖြစ်လို့ လိင်အကျင့်ယိုယွင်းတဲ့ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်ခန္ဓာကိုယ်ကို ပြစ်မှားရာရောက်တယ် ဆိုပြီး တမန်တော်ပေါလု ရှင်းပြခဲ့တယ်။ ဘုရားသခင်နဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေတယ်။ ဘုရားသခင့်အသင်းတော်ကို ညစ်ညူးစေတယ်။ သေစေနိုင်တဲ့ လိင်ဆိုင်ရာရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်။ (၁က ၆:၁၈၊ ၁၉) အကျင့်ယိုယွင်းသူဟာ အောက်ပါ အကြောင်းရင်းတွေကြောင့် ခရစ်ယာန်ညီအစ်ကိုတွေကို အခွင့်ကောင်းယူရာ ရောက်တယ် (၁သ ၄:၃-၇)– (၁) အသင်းတော်ထဲကို မသန့်ရှင်းမှု၊ လော်လည်မှု၊ အရှက်မဲ့မှုတွေ သွင်းလာတဲ့အတွက် (ဟီ ၁၂:၁၅၊ ၁၆)၊ (၂) အတူအကျင့်ယိုယွင်းခဲ့သူရဲ့ ကိုယ်ကျင့်တရား စင်ကြယ်မှုကို ဆုံးရှုံးစေတဲ့အတွက်၊ အတူ အကျင့်ယိုယွင်းခဲ့သူဟာ တစ်ကိုယ်ရေ ဖြစ်မယ်ဆိုရင် စင်ကြယ်တဲ့ အနေအထားနဲ့ အိမ်ထောင်ပြုနိုင်ခွင့်ကို ဆုံးရှုံးစေတဲ့အတွက်၊ (၃) ကိုယ့်မိသားစုရဲ့ ကိုယ်ကျင့်တရား စင်ကြယ်မှု အစဉ်အလာကို ဖျက်တဲ့အတွက် (၄) အတူအကျင့်ယိုယွင်းခဲ့သူရဲ့ မိဘ၊ လင်ယောက်ျား၊ စေ့စပ်ထားသူကို ပြစ်မှားတဲ့အတွက်။ ဒါက လူကို အရေးမလုပ်တာ မဟုတ်ဘဲ ဘုရားသခင်ကို အရေးမလုပ်တာဖြစ်တယ်။ လူ့ဥပဒေက ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမဲ့ ဘုရားကတော့ သေချာပေါက် အပြစ်ပေးပါလိမ့်မယ်။—၁သ ၄:၈။
‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’
၁၄ ဘုရားသခင့်လူမျိုးကို မာဂေါဂပြည်သား ဂေါဂမင်း စတင်တိုက်ခိုက်ပြီးနောက် ဘာဖြစ်မလဲ။ “လူသားသည် ကောင်းကင်တမန်တို့ကို စေလွှတ်၍ မိမိရွေးကောက်သောသူတို့ကို မြေကြီးစွန်းမှ ကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုရုံးစေတော်မူလိမ့်မည်” လို့ ကျမ်းစာ ပြောတယ်။ (မာ. ၁၃:၇; မ. ၂၄:၃၁) ဒီစုသိမ်းခြင်းလုပ်ငန်းဟာ ဘိသိက်ခံတွေကို စတင်ရွေးကောက်တဲ့ အချိန်ကို မဆိုလိုဘူး။ မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေကို နောက်ဆုံးတံဆိပ်ခတ်တဲ့ အချိန်ကိုလည်း မဆိုလိုဘူး။ (မ. ၁၃:၃၇၊ ၃၈) အဲဒီနောက်ဆုံးတံဆိပ်ခတ်ခြင်းဟာ ကြီးစွာသောဒုက္ခ မစခင်လေးမှာ ဖြစ်ပျက်လိမ့်မယ်။ (ဗျာ. ၇:၁-၄) ဒါဆို စုသိမ်းခြင်းလုပ်ငန်းက ဘာကို ဆိုလိုသလဲ။ ဒါက မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေ ကောင်းကင်ဆုကျေးဇူး ရရှိမယ့်အချိန်ကို ဆိုလိုတယ်။ (၁ သက်. ၄:၁၅-၁၇; ဗျာ. ၁၄:၁) အဲဒီအဖြစ်အပျက်ဟာ ဘုရားသခင့်လူမျိုးကို မာဂေါဂပြည်သား ဂေါဂမင်း စတင်တိုက်ခိုက်ပြီးနောက် တစ်ချိန်ချိန်မှာ ဖြစ်လိမ့်မယ်။ (ယေဇ. ၃၈:၁၁) ပြီးနောက် ယေရှု ပြောထားတဲ့အတိုင်း “ဖြောင့်မတ်သူတို့သည် မိမိတို့အဖ၏နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြ” ပါလိမ့်မယ်။—မ. ၁၃:၄၃။
၁၅ ဒါက ဘိသိက်ခံတွေဟာ ကောင်းကင်ကို “အရှင်လတ်လတ် ချီဆောင်ခံရ” မယ်လို့ ဆိုလိုတာလား။ ခရစ်ယာန်ဘောင်ထဲက လူများစွာကတော့ ခရစ်ယာန်တွေဟာ ကောင်းကင်ကို လူ့ခန္ဓာကိုယ်နဲ့ ချီဆောင်ခံရမယ်လို့ ယုံကြည်ကြတယ်။ မြေကြီးကို အုပ်ချုပ်ဖို့ ယေရှု ပြန်ကြွလာတာကိုလည်း ပကတိမျက်စိနဲ့ မြင်ရမယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ‘လူသားရဲ့ နိမိတ်လက္ခဏာဟာ ကောင်းကင်မှာ ထင်ရှား’ မယ်၊ ယေရှုဟာ “မိုးတိမ်ကိုစီး” ပြီး ကြွလာမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (မ. ၂၄:၃၀) ဒါကြောင့် ယေရှုဟာ မျက်စိနဲ့ မမြင်နိုင်တဲ့နည်းနဲ့ ပြန်ကြွလာမယ်ဆိုတာ ထင်ရှားတယ်။ ဒါ့အပြင် “လူ့အသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်” လို့လည်း ကျမ်းစာပြောတယ်။ ဒါကြောင့် ကောင်းကင်ကို ခေါ်ဆောင်ခံရမယ့်သူတွေဟာ ‘နောက်ဆုံးတံပိုးမှုတ်တဲ့အခါ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း’ အရင်ဆုံး “ပြောင်းလဲ” ရမှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၅၀–၅၃ ကိုဖတ်ပါ။) မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံ အကြွင်းအကျန်တွေဟာ ချက်ချင်း စုသိမ်းခံရမှာ ဖြစ်တယ်။
ကျမ်းစာဖတ်ရှုခြင်း
ဇူလိုင် ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ သက်သာလောနိတ် ၁-၃
“တရားမဲ့သူ ပေါ်ကိုပေါ်လာလိမ့်မယ်”
it-1 ၉၇၂-၉၇၃
ဘုရားတရား ကိုင်းရှိုင်းမှု
ယေဟောဝါရဲ့ “မြင့်မြတ်တဲ့ လျှို့ဝှက်ချက်” နဲ့ လုံးဝဆန့်ကျင်တဲ့ လျှို့ဝှက်ချက်တစ်မျိုး ရှိတယ်။ အဲဒါကတော့ “တရားမဲ့သူရဲ့ ဆိုးညစ်မှု” ပါ။ တမန်တော် ပေါလုခေတ်မှာ “တရားမဲ့သူ” ဟာ အခြေအမြစ်ရှိတဲ့၊ သိသာထင်ရှားတဲ့ အသွင် ဆောင်ထားတာ မဟုတ်လို့ ခရစ်ယာန်စစ်တွေအတွက်တော့ လျှို့ဝှက်ချက်သဖွယ် ဖြစ်ခဲ့တယ်။ “တရားမဲ့သူ” ဟာ ဘုရားတရားကိုင်းရှိုင်းတဲ့ ပုံစံမျိုးနဲ့ ကျင့်ကြံပြုမူနေလို့ အများစုအတွက်တော့ လျှို့ဝှက်ချက် ဖြစ်နေဦးမှာပဲ။ တကယ်တော့ ဒါဟာ စစ်မှန်တဲ့ ဘုရားတရားကိုင်းရှိုင်းမှုကနေ အယူဖောက်ပြန်သွားတာ ဖြစ်တယ်။ ပေါလုက သူ့လက်ထက်မှာ “တရားမဲ့သူရဲ့ ဆိုးညစ်မှု” ရှိနေတယ်လို့ ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်အသင်းတော်မှာ မတရားမှု လွှမ်းမိုးနေပြီး ဒီလိုနဲ့ နောက်ဆုံးမှာ အယူဖောက်ပြန်သူ အတန်းအစား ပေါ်လာမှာ ဖြစ်လို့ပဲ။ ယေရှုခရစ် ရောက်ရှိနေကြောင်း ထင်ရှားပြတဲ့ အချိန်မှာတော့ အယူဖောက်ပြန်မှု အဆုံးတိုင်သွားပါလိမ့်မယ်။ စာတန် ချုပ်ကိုင်ထားတဲ့ “တရားမဲ့သူ” ဟာ “‘ဘုရား’ လို့ အခေါ်ခံတဲ့ပုဂ္ဂိုလ်တွေ၊ လူတွေ ကိုးကွယ်တဲ့အရာတွေရဲ့ အထက်မှာ” မိမိကိုယ်ကိုယ် ချီးမြှောက်တဲ့ အယူဖောက်ပြန်သူ ဖြစ်တယ်။ (Gr., seʹba·sma) ဘုရားကို အကြီးအကျယ်ဆန့်ကျင်တဲ့ စာတန့်အသုံးတော်ခံ “တရားမဲ့သူ” ဟာ လူတွေကို အကြီးအကျယ် လှည့်ဖြားနိုင်ပြီး သူ့လို လိုက်လုပ်တဲ့သူတွေကို ပျက်စီးစေပါလိမ့်မယ်။ “တရားမဲ့သူ” ဟာ ဘုရားတရား ကိုင်းရှိုင်းသယောင် အရေခြုံထားတာမို့ သူ့ရဲ့ဆိုးညစ်မှုဟာ အောင်မြင်လိမ့်မယ်။—၂သ ၂:၃-၁၂။ မ ၇:၁၅၊ ၂၁-၂၃ နဲ့ နှိုင်းယှဉ်ပါ။
it-2 ၂၄၅ ပိုဒ်. ၇
မုသာစကား
ယေဟောဝါဘုရားက မုသာစကား နှစ်သက်တဲ့သူတွေကို “မှားယွင်းတဲ့ သွန်သင်ချက်တွေရဲ့ လှည့်ဖြားမှု ခံရအောင်” ခွင့်ပြုလိုက်တဲ့အတွက် သူတို့ဟာ ယေရှုခရစ်နဲ့ဆိုင်တဲ့ သတင်းကောင်းအစား ‘မုသာစကားတွေကို ယုံကြည်သွားကြတယ်။’ (၂သ ၂:၉-၁၂) ရှေးခေတ် အစ္စရေးဘုရင် အာဟပ်ရဲ့ အဖြစ်က ဒီအချက်ကို ဖော်ပြတယ်။ ရာမုတ်ဂိလဒ်မြို့ တိုက်ပွဲမှာ အာဟပ် ဘေးဆိုးကြုံရမယ်လို့ ယေဟောဝါရဲ့ ပရောဖက် မိက္ခာယ ကြိုပြောပေမဲ့ လိမ်လည်ဟောပြောတဲ့ ပရောဖက်တွေကတော့ အနိုင်ရမယ်ဆိုပြီး အာမခံကြတယ်။ မိက္ခာယ မြင်ရတဲ့ စိတ်အာရုံမှာ အာဟပ်ရဲ့ ပရောဖက်တွေ “လိမ်လည်ဟောပြောအောင် လုပ်ဖို့” ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါ ခွင့်ပြုလိုက်တယ်။ ပရောဖက်တွေ အမှန်တရား မပြောဘဲ သူတို့ ပြောချင်တာ ပြောဖို့၊ အာဟပ် ကြားချင်တာပဲ ပြောဖို့ ကောင်းကင်တမန် လုပ်လိုက်တဲ့ သဘောပါ။ ကြိုတင်သတိပေးထားပါလျက်နဲ့ အာဟပ်ဟာ ပရောဖက်တွေ လှည့်စားတာကို ခံခဲ့တယ်၊ အဲဒီအတွက် အသက်ပါ ပေးလိုက်ရတယ်။—၁ဘု ၂၂:၁-၃၈။ ၂ရာ ၁၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-1 ၈၃၄ ပိုဒ်. ၅
မီးလျှံ
“အခု တည်ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီး” ဟာ “မီးနဲ့ ဖျက်ဆီးဖို့ သတ်မှတ်ခံထားရ” တဲ့အကြောင်း ပေတရု ရေးခဲ့တယ်။ ကျမ်းချက်ရဲ့ ရှေ့နောက်စကားနဲ့ တခြားကျမ်းချက်တွေအရ ပကတိမီး မဟုတ်ဘဲ ထာဝရ ဖျက်ဆီးခြင်းကို ပြောနေမှန်း ထင်ရှားပါတယ်။ နောဧခေတ် ရေလွှမ်းမိုးဘေးဟာ ပကတိ ကောင်းကင်နဲ့ မြေကြီးကို မဟုတ်ဘဲ ဘုရားတရားမဲ့သူတွေကိုပဲ ဖျက်ဆီးခဲ့တယ်။ အဲဒီလိုပဲ တန်ခိုးကြီး ကောင်းကင်တမန်တွေနဲ့အတူ မီးလျှံနဲ့တကွ ယေရှုခရစ် ပေါ်ထွန်းလာတဲ့အခါ ဘုရားတရားမဲ့သူတွေနဲ့ ဆိုးသွမ်းတဲ့ လောကစနစ်ကိုပဲ ထာဝရဖျက်ဆီးမှာ ဖြစ်တယ်။—၂ပ ၃:၅-၇၊ ၁၀-၁၃။ ၂သ ၁:၆-၁၀။ ရှာ ၆၆:၁၅၊ ၁၆၊ ၂၂၊ ၂၄ နဲ့ နှိုင်းယှဉ်ပါ။
it-1 ၁၂၀၆ ပိုဒ်. ၄
ဗျာဒိတ်ရပြီး ပြောတဲ့သတင်း
“ဗျာဒိတ်ရပြီး ပြောတဲ့သတင်း”—အမှန်နဲ့ အမှား။ တမန်တော်တွေ ရေးတဲ့ ကျမ်းတချို့မှာ ဂရိစကားလုံး နျူမာ (စိတ်ဝိညာဉ်) ကို အထူးပုံစံတစ်မျိုးနဲ့ သုံးထားတယ်။ ဥပမာ၊ ၂ သက်သာလောနိတ် ၂:၂ မှာ တမန်တော် ပေါလုက သက်သာလောနိတ်က ညီအစ်ကိုတွေကို “ယေဟောဝါရဲ့နေ့ ရောက်ပြီဆိုတဲ့ သတင်းကြောင့် စိတ်လှုပ်ရှားပြီး ခင်ဗျားတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံးသွားတာမျိုး မဖြစ်စေနဲ့။ အဲဒီသတင်းဟာ ဗျာဒိတ် [စာသားအရ “စိတ်ဝိညာဉ်”] ရပြီးပြောတာ ဖြစ်နိုင်သလို နှုတ်သတင်းလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဆီက လာပုံပေါက်တဲ့ စာလည်း ဖြစ်နိုင်တယ်” ဆိုပြီး သတိပေးခဲ့တယ်။ ပေါလုက နျူမာ (စိတ်ဝိညာဉ်) ဆိုတဲ့ စကားလုံးကို “နှုတ်သတင်း၊” “စာ” စတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ ဆက်စပ်ပြီး အသုံးပြုခဲ့တာ ရှင်းနေပါတယ်။ စာအုပ်တစ်အုပ် (Lange’s Commentary on the Holy Scriptures [p. 126) မှာ ဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး “တမန်တော်က ပရောဖက်တစ်ယောက်ရဲ့ အဆိုပြုချက်၊ မမှန်ကန်တဲ့ ကြိုဟောချက်၊ နှုတ်သတင်းကို ရည်ညွှန်းတာ” လို့ ဖော်ပြထားတယ်။ (၁၉၇၆ မှာ P. Schaff ဘာသာပြန် တည်းဖြတ်ခဲ့) “စိတ်ဝိညာဉ်အားဖြင့် ပြောတဲ့စကားဆိုတာ ဘုရားဖွင့်ပြလို့ ပြောတာပါဆိုပြီး ခရစ်ယာန်အစည်းအဝေး တက်ရောက်သူတွေ ပြောတဲ့ ပရောဖက်ပြုစကား” လို့ စာအုပ်တစ်အုပ် (Vincent’s Word Studies in the New Testament) မှာ ဖော်ပြထားတယ်။ (1957, Vol. IV, p. 63) ဒါကြောင့် ဘာသာပြန်ကျမ်းတချို့က ဒီကျမ်းချက်နဲ့ အလားတူကျမ်းချက်တွေမှာ နျူမာကို “စိတ်ဝိညာဉ်” လို့ ပြန်ဆိုပေမဲ့ တခြားဘာသာပြန်ကျမ်းတွေမှာတော့ “စွမ်းအားတော် သတင်းစကား” (AT)၊ “ဟောကိန်း” (JB)၊ “သတင်းစကား” (D’Ostervald; Segond [French])၊ “ဗျာဒိတ်ရပြီး ပြောတဲ့သတင်း” (NW) ဆိုပြီး ဘာသာပြန်တယ်။
ကျမ်းစာဖတ်ရှုခြင်း
ဇူလိုင် ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ တိမောသေ ၁-၃
“မွန်မြတ်တဲ့အလုပ်အတွက် ကြိုးစားတက်လှမ်းပါ”
ဘုရားရေးရာဘက်မှာ တိုးတက်ဖို့ လိုအပ်နေတာ သင် သိသလား
၃ ၁ တိမောသေ ၃:၁ ကိုဖတ်ပါ။ ကြီးကြပ်မှူး ဖြစ်ဖို့ “ကြိုးစားနေသူ” တွေကို တမန်တော်ပေါလု ချီးမွမ်းထားတယ်။ အဝေးမှာ ရှိတာ တစ်ခုခုကို လှမ်းမီဖို့ဆိုရင် လက်ဆန့်ပြီး ကြိုးစားယူဖို့ လိုအပ်တယ်။ ညီအစ်ကိုတစ်ယောက်က အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီချင်တယ် ဆိုပါစို့။ ဒါဆို ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သူ သိတယ်။ အမှုထမ်း ဖြစ်လာပြီဆိုရင်လည်း ကြီးကြပ်မှူးအဖြစ် အရည်အချင်း ပြည့်မီနိုင်ဖို့ ဆက်ကြိုးစားရမယ်။
နဓ ၉/၇၈ ၄ ပိုဒ်. ၇
“နာမည်ကောင်းရ” သူတွေ
၇ အဲဒီအမျိုးသားတွေကို “နာမည်ကောင်းရ” သူတွေလို့ ပေါလု ဘာကြောင့် ပြောခဲ့မှန်း နားလည်ဖို့ လွယ်ပါတယ်။ တချို့ ထင်သလို ဒါက ချာ့ချ်အတွင်း ရာထူးတက်သွားတာမျိုး မဟုတ်ဘူး။ “ကောင်းမွန်စွာ အမှုဆောင်တဲ့” အသင်းတော် အမှုထမ်းတွေဟာ ယေဟောဝါနဲ့ ယေရှုဆီက ကောင်းချီးရမယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ အသင်းတော်တစ်ခုလုံးရဲ့ လေးစားမှုနဲ့ ထောက်မမှုကို ရထားကြတယ်။ ဒါကြောင့် သူတို့ဟာ “ခရစ်ယာန်ယုံကြည်ချက်အကြောင်း ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်” အမှန်ပဲ ရှိပါတယ်။ ကောင်းမွန်စွာ အမှုဆောင်ခြင်းအတွက် ကျေးဇူးတင်လေးမြတ်ခံကြရတယ်၊ ယုံကြည်ခြင်း ခိုင်မာကြတယ်၊ ယုံကြည်ချက်အကြောင်း ကြောက်စိတ် မရှိဘဲ ကြေညာနိုင်ကြတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-1 ၉၁၄-၉၁၅
ဆွေစဉ်မျိုးဆက်စာရင်း
ဆွေစဉ်မျိုးဆက်စာရင်းတွေကို လေ့လာ၊ ဆွေးနွေးတာက အကျိုးမရှိဘူး၊ အထူးသဖြင့် တိမောသေဆီ ပေါလု စာရေးခဲ့ချိန်မှာပဲ။ ခရစ်ယာန် အသင်းတော်ထဲမှာ ဂျူးလူမျိုး၊ လူမျိုးခြားဆိုပြီး ဘုရားသခင် မခွဲခြားတော့လို့ ဘယ်မျိုးရိုးကနေ ဆင်းသက်လာတယ်ဆိုတာ သက်သေပြဖို့ ဆွေစဉ်မျိုးဆက်စာရင်းတွေကို မဖြစ်မနေ ထိန်းသိမ်းထားစရာ မလိုတော့ဘူး။ (ဂ ၃:၂၈) ဒါဝိဒ်ကနေ ခရစ်တော်အထိ ဆွေစဉ်မျိုးဆက်စာရင်းက ရှိပြီးသားဖြစ်တယ်။ ပေါလု ဒီလိုသတိပေးပြီး သိပ်မကြာခင်မှာပဲ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတော့မှာ၊ ဂျူးမှတ်တမ်းမှတ်ရာတွေလည်း ပျက်စီးသွားတော့မှာ ဖြစ်တယ်။ အဲဒါတွေကို ဘုရား မထိန်းသိမ်းခဲ့ဘူး။ ဒါကြောင့် တိမောသေနဲ့ အသင်းတော်တွေဟာ အရေးမကြီးတဲ့ ဆွေစဉ်မျိုးဆက်စာရင်းတွေကို အချိန်ကုန်ခံ ရှာဖွေလေ့လာပြီး အငြင်းပွားနေလို့ အရေးကြီးတဲ့အရာတွေကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်သွားမှာကို ပေါလု စိတ်ပူတယ်။ ခရစ်တော်ဟာ မေရှိယဖြစ်ကြောင်း သက်သေထူဖို့ ကျမ်းစာမှာပါတဲ့ ဆွေစဉ်မျိုးဆက်စာရင်းနဲ့တင် လုံလောက်ပါတယ်။ အဲဒါက ခရစ်ယာန်တွေအတွက် အရေးကြီးဆုံး ဆွေစဉ်မျိုးဆက်စာရင်းပါ။ ကျမ်းစာပါ တခြားဆွေစဉ်မျိုးဆက်စာရင်းတွေဟာ ကျမ်းစာမှတ်တမ်း စစ်မှန်ကြောင်း သက်သေထူဖို့၊ မှန်ကန်တဲ့ သမိုင်းမှတ်တမ်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေဖို့ ဖြစ်တယ်။
‘ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း’
၁၅ ယေဟောဝါနှင့်သာ သီးသန့်လုံးလုံး သက်ဆိုင်သော နောက်ထပ် ဘွဲ့အမည်တစ်ခုမှာ “ထာဝရဘုရင်” [ကဘ] ဖြစ်သည်။ (၁ တိမောသေ ၁:၁၇; ဗျာဒိတ် ၁၅:၃) ၎င်းက အဘယ် အဓိပ္ပာယ် ရှိသနည်း။ အကန့်အသတ်ရှိ ကျွန်ုပ်တို့၏ ဉာဏ်စွမ်းဖြင့် ဉာဏ်မမီနိုင်သော်လည်း ယေဟောဝါသည် အတိတ်နှင့် အနာဂတ် လားရာနှစ်ဖက်စလုံးတွင် ထာဝရ ဖြစ်တော်မူ၏။ ဆာလံ ၉၀:၂ က ဤသို့ဆိုသည်– “ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏။” သို့ဖြစ်၍ ယေဟောဝါ၌ အစမရှိ; ကိုယ်တော်သည် အစဉ်တည်ရှိတော်မူ၏။ ကိုယ်တော်သည် စကြဝဠာ၌ မည်သူတစ်ဦးတစ်ယောက်မျှ၊ တစ်စုံတစ်ရာမျှ မရှိမီ တည်ရှိတော်မူခဲ့ရာ ကိုယ်တော်အား “အသက်ကြီးသောသူ” ဟု ဆီလျော်စွာ ခေါ်ဆိုနိုင်သည်တကား! (ဒံယေလ ၇:၉၊ ၁၃၊ ၂၁) ကိုယ်တော်သည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ဖြစ်ထိုက်ကြောင်းကို မည်သူ အငြင်းပွားဝံ့အံ့နည်း။
ကျမ်းစာဖတ်ရှုခြင်း
ဇူလိုင် ၂၉-ဩဂုတ် ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ တိမောသေ ၄-၆
“ဘုရားတရားကိုင်းရှိုင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ”
ရောင့်ရဲသောစိတ်၏ လျှို့ဝှက်ချက်ကို သင်ယူခြင်း
ပေါလုသည် ပျော်ရွှင်မှု ရှိပြီး စိတ်ကျေနပ်ခဲ့ရသည့် အဓိကအချက်မှာ သူ၏ ရောင့်ရဲသော စိတ်ကြောင့်ပင် ဖြစ်သည်။ သို့သော် ရောင့်ရဲခြင်း ရှိ၏ဟု ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရိုးပြောရလျှင် အခြေခံလိုအပ်ရာများဖြင့် ရောင့်ရဲတင်းတိမ်ခြင်း ဖြစ်သည်။ ၎င်းနှင့်စပ်လျဉ်း၍ သူ၏ ခရစ်ယာန်ဓမ္မအမှု လုပ်ဖော်ဆောင်ဖက် တိမောသေအား ပေါလု ဤသို့ပြောခဲ့သည်– “ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရား[သခင်]ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွား မှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါဘဲ လာသည် ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျက် ရှိ၏။ သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။”—၁ တိမောသေ ၆:၆-၈။
ရောင့်ရဲသောစိတ်ကို ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းနှင့် ပေါလု ဆက်စပ်ဖော်ပြထားကြောင်း သတိပြုပါ။ စစ်မှန်သော ပျော်ရွှင်မှုသည် ဘုရားသခင်ရေးရာ မွေ့လျော်ခြင်းမှ လာကြောင်း၊ ယင်းကို ရုပ်ပစ္စည်းပိုင်ဆိုင်မှု သို့မဟုတ် ကြွယ်ဝချမ်းသာမှုမှ ရသည် မဟုတ်ဘဲ ကျွန်ုပ်တို့ ထမ်းဆောင်နေသည့် ဘုရားသခင့်အမှုတော်ကို ဦးစားထား လုပ်ဆောင်ခြင်းမှ ရကြောင်း သူအသိအမှတ်ပြုခဲ့သည်။ “စားရန်၊ ဝတ်ရန်” တို့မှာ ဘုရားသခင့်ရေးရာ မွေ့လျော်မှုကို သူဆက်လက်ဆောင်ရွက်စေဖို့ အကြောင်းရင်း ဖြစ်ခဲ့သည်။ သို့နှင့် ပေါလုအတွက် ရောင့်ရဲသော စိတ်ရှိခြင်း၏ လျှို့ဝှက်ချက်မှာ အခြေအနေ မည်သို့ပင် ရှိနေပါစေ ယေဟောဝါကို အားကိုးခြင်း ဖြစ်သည်။
ချမ်းသာကြွယ်ဝလိုခြင်း—ယင်းက သင့်ကို ထိခိုက်စေနိုင်ပုံ
လူအများစုမူ ရုပ်ပစ္စည်းများနောက် တကောက်ကောက် လိုက်သည့်အတွက် မသေကြသည်မှာ မှန်ပါသည်။ သို့သော် သူတို့သည် စည်းစိမ်ဥစ္စာ ရှာဖွေခြင်းတွင် အာရုံနစ်မြုပ်ထားသည့်အတွက် စစ်မှန်သော စိတ်ကျေနပ်မှု မရရှိဘဲ အသက်ရှင်နေကြရသည်။ ထို့ပြင် အလုပ်ဖိစီးမှု၊ ငွေကုန်ကြေးကျများမှုကြောင့် အလိုလို ထိတ်လန့်ခြင်း၊ အိပ်မရ ဖြစ်ခြင်း၊ အမြဲလိုလို ခေါင်းကိုက်ခြင်း၊ အနာရောဂါ ဖြစ်ခြင်းစသည့် ကျန်းမာရေး ပြဿနာများက ဘဝအရည်အသွေးကို ကျဆင်းစေကာ အသက်ကိုပင် တိုစေနိုင်သည်။ လူတစ်ဦးသည် မိမိဦးစားထားရာများကို ပြောင်းလဲဖို့ လိုကြောင်း အသိတရား ဝင်လာလျှင်ပင် အခါနှောင်းသွားပေမည်။ အိမ်ထောင်ဖက်၏ ယုံကြည်ကိုးစားမှုကို ရရှိတော့မည် မဟုတ်ချေ။ သားသမီးများလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကာ မိမိကိုယ်တိုင်၏ ကျန်းမာရေးသည်လည်း ယိုယွင်းလာပေမည်။ ထိခိုက်ပျက်စီးမှုအချို့ကို ပြန်လည်ပြုပြင်၍ ရနိုင်ဖွယ် ရှိသော်လည်း များစွာ ကြိုးစားအားထုတ်ဖို့တော့ လိုပေမည်။ ထိုသို့သောသူများသည် အမှန်ပင် “နာကျင်ခြင်း ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာစေခဲ့” ကြပြီ။—၁ တိမောသေ ၆:၁၀၊ ကဘ။
အောင်မြင်မှုရရှိစေနိုင်သည့် နည်းလမ်းခြောက်ခု
ဤဆောင်းပါးတွဲ၏ အဖွင့်ဆောင်းပါးတွင် ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း အောင်မြင်မှု၏ သော့ချက်အဖြစ် စည်းစိမ်ဥစ္စာနောက် တကောက်ကောက် လိုက်နေသူတို့သည် အမှန်တကယ်တွင် တံလျှပ်ကို ရေထင်နေကြခြင်း ဖြစ်သည်။ သူတို့သည် စစ်မှန်သော အောင်မြင်မှုကို ရှာမတွေ့သည့်အပြင် ပြဿနာများစွာကို သူတို့ကိုယ်တိုင် လက်ယက်ခေါ်နေကြ၏။ ဥပမာ၊ လူတို့သည် ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက် လိုက်နေစဉ် မိသားစုနှင့် မိတ်ဆွေများ၏ ဆက်ဆံရေးကို စွန့်လွှတ်လေ့ရှိသည်။ အခြားသူတို့ကမူ အလုပ်ကြောင့် မဟုတ်ဘဲ စိုးရိမ်ပူပန်မှုကြောင့် အိပ်ရေးဝဝ မအိပ်ရချေ။ “အလုပ်လုပ်သောသူသည် များစွာ စားသည် ဖြစ်စေ၊ အနည်းငယ် စားသည် ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏” ဟု ဒေသနာ ၅:၁၂ က ဆိုသည်။
ငွေသည် ရက်စက်ကြမ်းကြုတ်သော သခင်တစ်ဦး ဖြစ်ရုံသာမက လိမ်လည်လှည့်ဖြားသူတစ်ဦးလည်း ဖြစ်သည်။ “စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း” အကြောင်း ယေရှုခရစ် ပြောဆိုခဲ့သည်။ (မာကု ၄:၁၉) တစ်နည်းအားဖြင့် စည်းစိမ်ဥစ္စာသည် ပျော်ရွှင်မှု ပေးသည်ဟု ဆိုသော်လည်း အမှန်တွင် ထိုသို့ မဟုတ်ချေ။ ပို၍ပို၍ ရလိုသည့် စိတ်ကိုသာ ဖြစ်ပေါ်စေ၏။ “ငွေကို တပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒ မပြေနိုင်” ဟု ဒေသနာ ၅:၁၀ က ဆို၏။
လိုရင်းပြောရလျှင် ငွေကို တပ်မက်ခြင်းသည် ကိုယ့်ကိုယ်ကို ရှုံးနိမ့်စေခြင်း ဖြစ်ပြီး နောက်ဆုံးတွင် စိတ်ပျက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ခြင်းကိုပင် ဖြစ်ပေါ်စေသည်။ (သု. ၂၈:၂၀) ပျော်ရွှင်မှု၊ အောင်မြင်မှုတို့နှင့် ပို၍ဆက်စပ်နေသည့် အရာများမှာ ရက်ရောခြင်း၊ ခွင့်လွှတ်သည့် စိတ်သဘော ရှိခြင်း၊ ကိုယ်ကျင့်တရား စင်ကြယ်ခြင်း၊ ချစ်ခြင်းနှင့် ဘုရားသခင်နှင့် ကောင်းသော ဆက်ဆံရေး ရှိခြင်းတို့ ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ကြည်လင်တဲ့ အမှားအမှန်သိစိတ်
၁၇ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ” လို့ တမန်တော် ပေတရု ရေးခဲ့တယ်။ (၁ ပေတရု ၃:၁၆) ဝမ်းနည်းစရာကတော့ ယေဟောဝါရဲ့ အခြေခံမူတွေကို လူတွေ လျစ်လျူရှုတဲ့အခါ အမှားအမှန်သိစိတ်က သတိမပေးတော့ဘူး။ အဲဒီလိုအမှားအမှန်သိစိတ်ဟာ “သံပူခတ်ခံရသလို ထုံထိုင်းနေတယ်” ဆိုပြီး ပေါလု ပြောခဲ့တယ်။ (၁ တိမောသေ ၄:၂) ဆိုးဆိုးရွားရွား သံပူထိဖူးသလား။ သံပူထိထားတဲ့ အရေပြားဟာ အမာရွတ် ထပြီး အာရုံခံလို့ မရတော့ဘဲ ထုံလာတယ်။ လူတစ်ယောက် အမှားတွေ ဆက်တိုက် လုပ်နေရင် သူ့အမှားအမှန်သိစိတ် “ထုံထိုင်း” လာပြီး အလုပ်မလုပ်တော့ဘူး။
it-2 ၇၁၄ ပိုဒ်. ၁-၂
လူတွေရှေ့ ကျမ်းစာဖတ်ခြင်း
ခရစ်ယာန် အသင်းတော်မှာ။ ပထမရာစုတုန်းက လူအနည်းငယ်လောက်မှာပဲ ကူးရေးထားတဲ့ ကျမ်းလိပ်တွေ ရှိလို့ လူတွေရှေ့ ကျမ်းစာဖတ်ခြင်းအစီအစဉ် လိုအပ်လာတယ်။ တမန်တော် ပေါလုက သူ့စာတွေကို ခရစ်ယာန်အသင်းတော် အစည်းအဝေးတွေမှာ ဖတ်ခိုင်းတယ်။ တခြားအသင်းတော်တွေကို ရေးတဲ့ စာတွေကိုလည်း လဲလှယ်ပြီး ဖတ်ခိုင်းတယ်။ (ကော ၄:၁၆။ ၁သ ၅:၂၇) ပေါလုက ကြီးကြပ်မှူး ခရစ်ယာန်လူငယ် တိမောသေကို “လူတွေရှေ့ ကျမ်းစာဖတ်တာ၊ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေ” ကြိုးစားလုပ်ဆောင်ဖို့ အကြံပေးခဲ့တယ်။—၁တိ ၄:၁၃။
လူတွေရှေ့ ကျမ်းစာဖတ်တဲ့အခါ ပြေပြေပြစ်ပြစ် ဖြစ်သင့်တယ်။ (ဟဗ ၂:၂) လူတွေရှေ့ စာဖတ်တယ်ဆိုတာ တခြားသူတွေကို အသိပညာ ရစေဖို့ဖြစ်လို့ စာဖတ်သူဟာ ကိုယ်ဖတ်မယ့် အကြောင်းအရာကို ကောင်းကောင်း သဘောပေါက်ထားရမယ်၊ စာရေးသူရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်ရမယ်၊ နားထောင်နေသူတွေ တလွဲ သဘောမပေါက်သွားဖို့ ဂရုတစိုက် ဖတ်ရမယ်။ ဗျာဒိတ် ၁:၃ အရ ပရောဖက်ပြုချက်တွေကို ဖတ်ရွတ်တဲ့သူ၊ ကြားနာပြီး လိုက်နာတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။
ကျမ်းစာဖတ်ရှုခြင်း