ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ အောက်တိုဘာ စာ. ၈-၁၃
  • “နောက်ဆုံးကာလ”ရဲ့ အဆုံးပိုင်းမှာ အလုပ်များနေကြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နောက်ဆုံးကာလ”ရဲ့ အဆုံးပိုင်းမှာ အလုပ်များနေကြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းမှာ ဘာဖြစ်မလဲ
  • ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေပါ
  • ဆက်ပြီး တပည့်ဖြစ်စေပါ
  • မှားယွင်းတဲ့ဘာသာအားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေပါ
  • ဘာတွေ သိခဲ့ရသလဲ
  • “ကြီးစွာသောဒုက္ခ” တစ်လျှောက် သစ္စာရှိနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • လူသားမဖန်တီးနိုင်သော “ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှု” ကိုရှုမျှော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ အောက်တိုဘာ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၄၀

“နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းမှာ အလုပ်များနေကြပါ

‘မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။ သခင့်အလုပ်မှာ အမြဲ အလုပ်များနေကြပါ။’—၁ ကော. ၁၅:၅၈။

သီချင်း ၅၈ ငြိမ်သက်ခြင်း မြတ်နိုးသူများကို ရှာဖွေခြင်း

အကြိုသုံးသပ်ချက်a

၁။ “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ဘာက သေချာစေသလဲ။

သင်ဟာ ၁၉၁၄ နောက်ပိုင်းမှာ မွေးဖွားတာလား။ ဒါဆို ဘဝတစ်လျှောက်လုံး “နောက်ဆုံးကာလ” မှာ အသက်ရှင်နေတာ ဖြစ်တယ်။ (၂ တိ. ၃:၁) ဒီကာလနဲ့ပတ်သက်ပြီး ယေရှု ကြိုဟောခဲ့တဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ ကြားနေရတယ်။ အဲဒီထဲမှာ စစ်ပွဲ၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ ကပ်ရောဂါ၊ မတရားမှု တိုးများခြင်း၊ ယေဟောဝါရဲ့ လူမျိုး နှိပ်စက်ညှဉ်းဆဲခံရခြင်းတို့ ပါဝင်တယ်။ (မ. ၂၄:၃၊ ၇-၉၊ ၁၂။ လု. ၂၁:၁၀-၁၂) တမန်တော် ပေါလု ကြိုပြောခဲ့တဲ့ လူစားမျိုးတွေကိုလည်း တွေ့မြင်နေရတယ်။ (“အခုခေတ်လူတွေရဲ့ စရိုက်” လေးထောင့်ကွက်ကို ကြည့်ပါ။) ယေဟောဝါကို ဝတ်ပြုသူတွေအနေနဲ့ “အဆုံးပိုင်းကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရကြောင်း အသေအချာ သိထားကြတယ်။—မိ. ၄:၁။

အခုခေတ်လူတွေရဲ့ စရိုက်

“ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကို တပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့ မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ တရားကို လက်တွေ့ မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။”—၂ တိ. ၃:၁-၅။

၂။ ဘယ်မေးခွန်းတွေရဲ့ အဖြေကို သိဖို့ လိုသလဲ။

၂ ၁၉၁၄ ကစပြီး နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်လို့ ကျွန်တော်တို့ အသက်ရှင်နေရတဲ့ ကာလဟာ “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်း ဖြစ်တယ်။ အဆုံး အလွန်နီးနေတဲ့အတွက် အရေးကြီး မေးခွန်းတချို့ရဲ့ အဖြေကို သိဖို့ လိုတယ်။ “နောက်ဆုံးကာလ” အဆုံးပိုင်းမှာ ဘယ်ဖြစ်ရပ်တွေ ဖြစ်မလဲ။ အဲဒီဖြစ်ရပ်တွေကို စောင့်မျှော်ရင်း ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ။

“နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းမှာ ဘာဖြစ်မလဲ

၃။ ၁ သက်သာလောနိတ် ၅:၁-၃ မှာပါတဲ့ ကြိုဟောချက်အရ တိုင်းနိုင်ငံတွေ ဘယ်လို ကြေညာကြမလဲ။

၃ ၁ သက်သာလောနိတ် ၅:၁-၃ ကိုဖတ်ပါ။ “ယေဟောဝါရဲ့ နေ့” အကြောင်း ပေါလု ပြောနေတာ။ ရှေ့နောက်စကားတွေအရ အဲဒီနေ့ဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ “မဟာဗာဗုလုန်” တိုက်ခိုက်ခံရခြင်းနဲ့ အစပြုပြီး အာမဂေဒုန်မှာ အဆုံးသတ်မယ့် အချိန်ကာလကို ရည်ညွှန်းတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၇:၅) အဲဒီ “နေ့” မတိုင်ခင်လေးမှာ တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာကြလိမ့်မယ်။ ကမ္ဘာ့ခေါင်းဆောင်တွေက နိုင်ငံအချင်းချင်း ဆက်ဆံရေး တိုးတက်လာတဲ့အခါတွေမှာ အဲဒီလို ပြောလေ့ရှိတယ်။b ဒါပေမဲ့ ကျမ်းစာမှာ ပြောထားတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်က အဲဒါနဲ့ မတူဘူး။ ဘာကြောင့်လဲ။ အဲဒီကြေညာချက်ကြောင့် ကမ္ဘာကြီးကို ပိုဘေးကင်းလုံခြုံတဲ့နေရာဖြစ်အောင် ကမ္ဘာ့ခေါင်းဆောင်တွေ လုပ်နိုင်ပြီလို့ လူတွေ ထင်ကြမှာ ဖြစ်လို့ပဲ။ တကယ်တမ်းတော့ “ကြီးစွာသောဒုက္ခ” စတာဖြစ်ပြီး ‘ပျက်စီးခြင်းဘေး ရုတ်တရက်’ ကြုံရလိမ့်မယ်။—မ. ၂၄:၂၁။

တီဗီကလာတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်ကို ကြည့်ပြီး ဆိုင်မှာ ကော်ဖီလာသောက်သူတွေ အံ့ဩနေကြ။ သက်သေခံမောင်နှံကတော့ လှည့်စားမခံကြ

“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ တိုင်းနိုင်ငံတွေရဲ့ မှားယွင်းတဲ့ ကြေညာချက်ကြောင့် လှည့်စားမခံပါနဲ့ (အပိုဒ် ၃-၆ ကိုကြည့်ပါ)h

၄။ (က) “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဘာကို စောင့်ကြည့်ရမလဲ။ (ခ) အဲဒါနဲ့ပတ်သက်ပြီး ဘာကို သိထားကြသလဲ။

၄ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်တဲ့ အချက်တချို့ကို ကျွန်တော်တို့ သိထားတယ်။ ဒါပေမဲ့ တချို့ကိုတော့ မသိဘူး။ ဘာအကြောင်းရင်းကြောင့် ကြေညာမလဲ၊ ဘယ်လို ကြေညာမလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး။ တစ်ကြိမ်တည်း ကြေညာမှာလား ဒါမှမဟုတ် တစ်ခုပြီးတစ်ခု ဆက်တိုက် ကြေညာမှာလားဆိုတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကမ္ဘာ့ခေါင်းဆောင်တွေ ဖော်ဆောင်နိုင်မှာ မဟုတ်မှန်း သိထားတဲ့အတွက် သူတို့ရဲ့ ကြေညာချက်ကြောင့် ကျွန်တော်တို့ လှည့်စား မခံသင့်ဘူး။ အဲဒီအစား ဒီကြေညာချက်ကို စောင့်ကြည့်ဖို့ လိုတယ်။ ဒါက “ယေဟောဝါရဲ့ နေ့” စတော့မယ်ဆိုတာ အချက်ပြတာပဲ။

၅။ “ယေဟောဝါရဲ့ နေ့” အတွက် အသင့်ဖြစ်အောင် ဘာလုပ်ရမယ်လို့ ၁ သက်သာလောနိတ် ၅:၄-၆ မှာ ဖော်ပြထားသလဲ။

၅ ၁ သက်သာလောနိတ် ၅:၄-၆ ကိုဖတ်ပါ။ “ယေဟောဝါရဲ့ နေ့” အတွက် အသင့်ဖြစ်ဖို့ ဘာလုပ်သင့်တယ်ဆိုတာ ပေါလု ပြောတယ်။ “တခြားသူတွေလို အိပ်မနေ” ဘဲ “နိုးနိုးကြားကြား” သတိရှိနေသင့်တယ်။ ဥပမာ၊ နိုင်ငံရေးမှာ မပါဘဲ ကြားနေဖို့ လိုတယ်။ ပါဝင်မိရင် “လောကနဲ့ပတ်သက်” တာပဲ။ (ယော. ၁၅:၁၉) ဘုရားသခင့် နိုင်ငံတော်သာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။

၆။ တခြားသူတွေကို ဘာလုပ်ဖို့ ကူညီပေးရမလဲ။ ဘာကြောင့်လဲ။

၆ ကိုယ်တိုင် နိုးနိုးကြားကြား ရှိရမယ့်အပြင် ကမ္ဘာပေါ်မှာ ဘာဖြစ်လာမယ်ဆိုတဲ့ ကျမ်းစာ ကြိုဟောချက်တွေကို တခြားသူတွေ သိအောင်လည်း ကူညီပေးရမယ်။ ကြီးစွာသောဒုက္ခ စပြီဆိုတာနဲ့ လူတွေ ယေဟောဝါဆီ လာဖို့ သိပ်နောက်ကျသွားပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်။c

ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေပါ

အများရှေ့ သက်သေခံနေတဲ့ မောင်နှံတစ်စုံဆီက စာပေတစ်စောင်ကို အမျိုးသားတစ်ယောက် ရယူနေ

ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ဘုရားသခင့် နိုင်ငံတော်ကသာ ကမ္ဘာမှာ စစ်မှန်တဲ့ ဘေးကင်းလုံခြုံမှု ရှိစေမှာ ဖြစ်ကြောင်း ကျွန်တော်တို့ ဖော်ပြ (အပိုဒ် ၇-၉ ကိုကြည့်ပါ)

၇။ အခုအချိန်မှာ ကျွန်တော်တို့ ဘာလုပ်ဖို့ ယေဟောဝါ မျှော်လင့်သလဲ။

၇ ယေဟောဝါရဲ့ “နေ့” မစခင် ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ အလုပ်များနေဖို့ ဘုရား မျှော်လင့်တယ်။ “သခင့်အလုပ်မှာ အမြဲ အလုပ်များနေ” ရမယ်။ (၁ ကော. ၁၅:၅၈) ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ ယေရှု ကြိုဟောခဲ့တယ်။ နောက်ဆုံးကာလအတွင်း ဖြစ်မယ့် ထူးခြားတဲ့အရာတွေအကြောင်း ပြောရင်း “အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မာ. ၁၃:၄၊ ၈၊ ၁၀။ မ. ၂၄:၁၄) အမှုဆောင်သွားတိုင်း အဲဒီကျမ်းစာကြိုဟောချက် ပြည့်စုံရေးမှာ သင်ပါဝင်နေတယ်ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။

၈။ ဟောပြောခြင်းလုပ်ငန်း ဘယ်လို ဆက်တိုးတက်နေသလဲ။

၈ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း တိုးတက်နေသလား။ နှစ်တိုင်း တိုးတက်နေတယ်။ ဥပမာ၊ နောက်ဆုံးကာလအတွင်း ကမ္ဘာတစ်ဝန်း သတင်းကောင်း ကြေညာသူ အရေအတွက် တိုးတက်မှုအကြောင်း စဉ်းစားကြည့်ပါ။ ၁၉၁၄ တုန်းက ၄၃ နိုင်ငံမှာ ကြေညာသူ ၅၁၅၅ ယောက်ပဲ ရှိတယ်။ အခု နိုင်ငံပေါင်း ၂၄၀ မှာ ကြေညာသူ ၈.၅ သန်းလောက် ရှိတယ်။ ဒါတောင် လုပ်ငန်း မပြီးသေးဘူး။ လူ့ပြဿနာအားလုံးရဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဆက်ကြေညာနေရမယ်။—ဆာ. ၁၄၅:၁၁-၁၃။

၉။ သတင်းကောင်းကို ဘာကြောင့် ဆက်ဟောနေရမလဲ။

၉ ဟောပြောခြင်းလုပ်ငန်း ပြီးပြီလို့ ယေဟောဝါ မပြောမချင်း ဆက်ဟောနေရမယ်။ ယေဟောဝါဘုရားနဲ့ ယေရှုခရစ်အကြောင်း လူတွေ သိလာဖို့ အချိန် ဘယ်လောက် ကျန်သေးသလဲ။ (ယော. ၁၇:၃) ကျွန်တော်တို့ မသိဘူး။ ကြီးစွာသောဒုက္ခ မစမချင်း “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” သတင်းကောင်းကို တုံ့ပြန်နိုင်သေးတယ်ဆိုတာတော့ ကျွန်တော်တို့ သိတယ်။ (တ. ၁၃:၄၈) အချိန်မနှောင်းခင် အဲဒီလူတွေကို ဘယ်လို ကူညီနိုင်သလဲ။

၁၀။ လူတွေကို အမှန်တရား သွန်သင်ပေးဖို့ ဘာတွေကို ယေဟောဝါ ပြင်ဆင်ပေးထားသလဲ။

၁၀ ယေဟောဝါက လူတွေကို အမှန်တရား သွန်သင်ပေးဖို့ ကျွန်တော်တို့ လိုအပ်တာမှန်သမျှကို အဖွဲ့အစည်းကတစ်ဆင့် ပြင်ဆင်ပေးနေတယ်။ ဥပမာ၊ အပတ်တိုင်း ကြားရက် အစည်းအဝေးမှာ လေ့ကျင့်မှု ရရှိကြတယ်။ ဦးဆုံးတွေ့ဆုံချိန်နဲ့ ပြန်လည်ပတ်မှုတွေမှာ ဘာပြောရမယ်ဆိုတာ သိဖို့ အဲဒီအစည်းအဝေးတွေက ကူညီပေးတယ်။ ကျမ်းစာသင်အံမှု ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းက သွန်သင်ခြင်း ကိရိယာတွေကိုလည်း ပြင်ဆင်ပေးထားတယ်။ သွန်သင်ခြင်း ကိရိယာတွေက

  • စကားစမြည် စပြောဖို့၊

  • စိတ်ဝင်စားမှုကို နှိုးဆွပေးဖို့၊

  • ထပ်သိချင်စိတ်ဖြစ်စေဖို့၊

  • ကျမ်းစာသင်အံမှုတွေကို အမှန်တရား သွန်သင်ပေးဖို့၊

  • စိတ်ဝင်စားသူတွေကို အဖွဲ့အစည်း ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်အောင်၊ နိုင်ငံတော်ခန်းမဆီ လာလည်အောင် ဖိတ်ခေါ်ဖို့

ကူညီပေးတယ်။ ဒါပေမဲ့ အဲဒီကိရိယာတွေ ရှိရုံနဲ့ မပြီးဘူး။ အသုံးပြုရမယ်။d ဥပမာ၊ စိတ်ဝင်စားသူတစ်ယောက်နဲ့ အပြန်အလှန် ပြောဆိုပြီးနောက် မဂ္ဂဇင်း ဒါမှမဟုတ် ဝေစာတစ်စောင် ပေးခဲ့တယ်။ ဒါမှ သူ့ကို ပြန်မဆက်သွယ်ခင် သူကိုယ်တိုင် ဆက်လေ့လာထားနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ လတိုင်း အလုပ်များနေဖို့က ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်တယ်။

၁၁။ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာတွေကို ဘာကြောင့် ပြင်ဆင်ပေးထားသလဲ။

၁၁ အမှန်တရား သိလာအောင် လူတွေကို ယေဟောဝါ ကူညီပေးတဲ့ နောက်ဥပမာတစ်ခုက jw.org ထဲက အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာများ ဖြစ်တယ်။ အဲဒီသင်ခန်းစာတွေကို ဘာကြောင့် ပြင်ဆင်ပေးထားတာလဲ။ လတိုင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူများစွာဟာ ကျမ်းစာသင်ခန်းစာတွေကို အင်တာနက်မှာ ရှာကြတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာပါတဲ့ လေ့လာမှုသင်ခန်းစာတွေက အဲဒီလူတွေကို ကျမ်းစာအမှန်တရားအကြောင်း သိစေနိုင်တယ်။ သင်နဲ့ စကားပြောသူတချို့ဟာ ကျမ်းစာသင်အံမှု လက်ခံဖို့ တွန့်ဆုတ်နေနိုင်တယ်။ ဒါဆိုရင် ဝက်ဘ်ဆိုက်ထဲက ဒီကဏ္ဍကို ပြပါ။ ဒါမှမဟုတ် လင့်ခ်ပို့ပေးပါ။e ဖြစ်နိုင်မယ်ဆိုရင် သူတို့နားလည်တဲ့ ဘာသာစကားနဲ့ သင်ခန်းစာတွေကို ပြပေးနိုင်တယ်။

၁၂။ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာတွေကနေ ဘာတွေ သင်ယူနိုင်သလဲ။

၁၂ အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာတွေမှာ “ကျမ်းစာနဲ့ အာဘော်ရှင်၊” “ကျမ်းစာမှာပါတဲ့ အဓိက ဇာတ်ကောင်များ၊” “ကျမ်းစာပါ မျှော်လင့်ချက်သတင်း” စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။ အဲဒီအကြောင်းအရာတွေက

  • လူတစ်ယောက်ကို ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ

  • ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ

  • လူတွေကို ဘုရား ဘာကြောင့် ဖန်ဆင်းခဲ့သလဲ

  • ဆင်းရဲဒုက္ခ ဘာကြောင့် ရှိနေရသလဲ

ဆိုတာတွေကို သင်ပေးတယ်။ ဒီအချက်တွေကိုလည်း ဆွေးနွေးထားတယ်–

  • ဆင်းရဲဒုက္ခနဲ့ သေခြင်းကို ယေဟောဝါ ဘယ်လို အဆုံးတိုင်စေမလဲ။

  • လူသေတွေကို ဘုရား ဘယ်လို အသက်ပြန်ရှင်စေမလဲ။

  • လူ့အစိုးရတွေကို ဘုရားနိုင်ငံတော်နဲ့ ဘယ်လို အစားထိုးမလဲ။

၁၃။ ကျမ်းစာလေ့လာမှု အစီအစဉ်ကို အွန်လိုင်း သင်ခန်းစာတွေနဲ့ အစားထိုးလိုက်တာလား။ ရှင်းပြပါ။

၁၃ ကျမ်းစာသင်အံမှု အစီအစဉ်ကို အွန်လိုင်း သင်ခန်းစာတွေနဲ့ အစားထိုးလိုက်တာ မဟုတ်ပါဘူး။ တပည့်ဖြစ်စေခြင်း အခွင့်ထူးကို ယေရှု ပေးထားတယ်။ စိတ်ဝင်စားသူတွေဟာ အွန်လိုင်း သင်ခန်းစာတွေကို ဝင်ကြည့်ပြီး သိလာတာတွေကို နှစ်သက်မယ်၊ ပိုသိချင်စိတ် ရှိလာပြီး နောက်ပိုင်း ကျမ်းစာသင်အံမှု လက်ခံလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ သင်ခန်းစာ တစ်ခုပြီးတိုင်း စာဖတ်သူဟာ ကျမ်းစာလေ့လာမှုအတွက် တစ်ယောက်ယောက်ကို လွှတ်ပေးဖို့ တောင်းခံလွှာ ဖြည့်နိုင်တယ်။ ကမ္ဘာတစ်ဝန်းမှာ ဝက်ဘ်ဆိုက်ကတစ်ဆင့် နေ့တိုင်း ကျမ်းစာသင်အံမှု ၂၃၀ လောက် တောင်းခံတာကို ရရှိနေတယ်။ အဲဒီလို လူချင်းတွေ့ပြီး သင်ယူဖို့ အရေးကြီးတယ်။

ဆက်ပြီး တပည့်ဖြစ်စေပါ

၁၄။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ ယေရှုရဲ့ မိန့်မှာချက်အတိုင်း ဘာလုပ်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြသလဲ။ ဘာကြောင့်လဲ။

၁၄ မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။ ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ‘တပည့်ဖြစ်လာအောင် သွန်သင်ပေးဖို့၊ ယေရှု မိန့်မှာထားသမျှကို လိုက်နာအောင် သွန်သင်ပေးဖို့’ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ယေဟောဝါနဲ့ ဘုရားနိုင်ငံတော်ဘက် ရပ်တည်ဖို့ ဘယ်လောက် အရေးကြီးကြောင်း လူတွေ နားလည်အောင် ကူညီပေးကြတယ်။ အဲဒါက သိလာတာတွေကို လက်တွေ့ကျင့်သုံးခြင်း၊ ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်းအားဖြင့် အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေဖို့ ကူညီပေးတာကို ဆိုလိုတယ်။ ဒါမှ ယေဟောဝါရဲ့ နေ့ကို သူတို့ လွတ်မြောက်နိုင်မယ်။—၁ ပေ. ၃:၂၁။

၁၅။ ဘာအတွက် ကျွန်တော်တို့ အချိန်မဖြုန်းသင့်သလဲ။ ဘာကြောင့်လဲ။

၁၅ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီစနစ်အဆုံးတိုင်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တပည့်ဖြစ်ဖို့ ပြုပြင်ပြောင်းလဲချင်စိတ် မရှိသူတွေနဲ့ ကျမ်းစာဆက်လေ့လာပြီး အချိန်ဖြုန်းမနေသင့်ဘူး။ (၁ ကော. ၉:၂၆) ကျွန်တော်တို့ရဲ့ လုပ်ငန်းက အရေးကြီးတယ်။ အချိန်မနှောင်းခင် သတင်းကောင်း ကြားဖို့ လိုအပ်နေသူတွေ အများကြီးရှိသေးတယ်။

မှားယွင်းတဲ့ဘာသာအားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေပါ

၁၆။ ဗျာဒိတ် ၁၈:၂၊ ၄၊ ၅၊ ၈ အရ ကျွန်တော်တို့အားလုံး ဘာလုပ်ရမလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၆ ဗျာဒိတ် ၁၈:၂၊ ၄၊ ၅၊ ၈ ကိုဖတ်ပါ။ ဒီအခန်းငယ်တွေက ဝတ်ပြုသူတွေဆီကနေ ယေဟောဝါ မျှော်လင့်တဲ့အရာ နောက်တစ်ခုကို ဖော်ပြတယ်။ ခရစ်ယာန်စစ်အားလုံးဟာ မဟာဗာဗုလုန်နဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ကျမ်းစာသင်သားတစ်ယောက်ဟာ အမှန်တရား မသိခင်တုန်းက မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့မယ်။ ဘာသာရေးပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မယ်။ အဲဒီအဖွဲ့အစည်းအတွက် ငွေကြေးတွေ လှူဒါန်းခဲ့မယ်။ ဒါပေမဲ့ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်နိုင်ဖို့ မှားယွင်းတဲ့ ဘာသာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ရမယ်။ ချာ့ချ် ဒါမှမဟုတ် မဟာဗာဗုလုန်နဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်စာ တင်ရမယ်။ လုံးဝ အဆက်အသွယ် ဖြတ်ရမယ်။f

၁၇။ ဘယ်အလုပ်အကိုင်မျိုးကို ခရစ်ယာန်တစ်ယောက် ရှောင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၇ ခရစ်ယာန်စစ်တစ်ယောက်ရဲ့ လောကအလုပ်ဟာ မဟာဗာဗုလုန်နဲ့ မပတ်သက်ဖို့ ဂရုစိုက်သင့်တယ်။ (၂ ကော. ၆:၁၄-၁၇) ဥပမာ၊ သူဟာ ချာ့ချ်မှာ အလုပ်လုပ်မှာ မဟုတ်ဘူး။ တခြားအလုပ်ဆိုရင်လည်း မှားယွင်းတဲ့ ဝတ်ပြုရေးအတွက် အသုံးပြုတဲ့ အဆောက်အအုံမှာ အရေးပေါ်မဟုတ်တဲ့ ပုံမှန်အလုပ်တွေကို လက်မခံသင့်ဘူး။ ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်ဆိုရင်လည်း မဟာဗာဗုလုန်နဲ့ပတ်သက်တဲ့ အလုပ်တွေကို လက်မခံသင့်ဘူး။ ဘာကြောင့် ဒီလို ပြတ်ပြတ်သားသား ရပ်တည်တာလဲ။ ဘုရားရှေ့မှာ မသန့်ရှင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ အပြစ်တွေမှာ မပါချင်လို့ပဲ။—ဟေရှာ. ၅၂:၁၁။g

၁၈။ လောကအလုပ်နဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက် ကျမ်းစာစံနှုန်းတွေကို ဘယ်လို လိုက်နာခဲ့သလဲ။

၁၈ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ အကြီးအကဲတစ်ယောက်ကို သူနေတဲ့မြို့ထဲက ချာ့ချ်မှာ လက်သမား လုပ်ပေးဖို့ ကန်ထရိုက်တာ တစ်ယောက်က ကမ်းလှမ်းတယ်။ ချာ့ချ်တွေမှာ မလုပ်ဘူးလို့ ညီအစ်ကို အမြဲငြင်းတာကို ဒီကန်ထရိုက်တာ သိတယ်။ ဒါပေမဲ့ အခုတော့ လုပ်ပေးမယ့်သူ အရေးပေါ် လိုနေတယ်။ ဒါတောင် ညီအစ်ကိုက ကျမ်းစာမူတွေအတိုင်း လိုက်နာပြီး အလုပ်ကို ငြင်းလိုက်တယ်။ နောက်အပတ် ဒေသခံ သတင်းစာမှာ ချာ့ချ် လက်ဝါးကားတိုင်နဲ့တွဲပြီး အလုပ်လက်ခံလိုက်တဲ့ လက်သမားရဲ့ ဓာတ်ပုံ ပါလာတယ်။ ညီအစ်ကိုသာ အလျှော့ပေးပြီး အလုပ်လက်ခံလိုက်ရင် သတင်းစာမှာ သူ့ဓာတ်ပုံ ပါလာမှာ။ ခရစ်ယာန်ချင်းတွေကြား ဘယ်လောက် နာမည်ပျက်စရာ ဖြစ်မလဲ၊ ယေဟောဝါ ဘယ်လို ခံစားရမလဲ ဆိုတာ စဉ်းစားကြည့်ပါ။

ဘာတွေ သိခဲ့ရသလဲ

၁၉-၂၀။ (က) ကျွန်တော်တို့ ဘာတွေ သိခဲ့ရသလဲ။ (ခ) ဘာတွေ သိရဦးမလဲ။

၁၉ ကျမ်းစာ ကြိုဟောချက်အရ ကမ္ဘာမှာ မကြာခင် ဖြစ်တော့မယ့် နောက်အရေးကြီးဖြစ်ရပ်က “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာမယ့် ဖြစ်ရပ်ပဲ။ ဒါပေမဲ့ စစ်မှန်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရအောင် တိုင်းနိုင်ငံတွေ လုပ်နိုင်မှာ မဟုတ်မှန်း ယေဟောဝါ သွန်သင်ပေးလို့ ကျွန်တော်တို့ သိထားတယ်။ အဲဒီဖြစ်ရပ်နဲ့ နောက်ဆက်တွဲ ဖျက်ဆီးခြင်းတွေ မဖြစ်ခင် ဘာလုပ်သင့်သလဲ။ သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ အလုပ်များနေဖို့ ယေဟောဝါ မျှော်လင့်တယ်။ တစ်ချိန်တည်းမှာ မှားယွင်းတဲ့ ဘာသာရေး အားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ အဲဒီထဲမှာ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခြင်း၊ မဟာဗာဗုလုန်နဲ့ပတ်သက်တဲ့ အလုပ်တွေကို ရှောင်ခြင်း ပါဝင်တယ်။

၂၀ “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေ ရှိသေးတယ်။ ကျွန်တော်တို့ လုပ်ဖို့ ယေဟောဝါ မျှော်လင့်တဲ့ အရာတွေလည်း ရှိသေးတယ်။ အဲဒါတွေက ဘာတွေလဲ။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြင်ဆင်နိုင်မလဲ။ နောက်ဆောင်းပါးမှာ သိရပါမယ်။

အောက်ပါအချက်တွေအကြောင်း သင် ဘာသိခဲ့ပြီလဲ

  • “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်။

  • ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းရဲ့ အရေးကြီးမှု။

  • မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကင်းကင်းရှင်းရှင်း နေနိုင်ပုံ။

သီချင်း ၇၁ ငါတို့ ယေဟောဝါရဲ့ တပ်တော်

a မကြာခင် တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြေညာတော့မှာကို ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ အဲဒီကြေညာချက်ဟာ ကြီးစွာသောဒုက္ခ စတော့မယ်ဆိုတာကို အချက်ပြပါလိမ့်မယ်။ ဒီအတောအတွင်း ကျွန်တော်တို့ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ။ ဒီဆောင်းပါးမှာ အဖြေရပါလိမ့်မယ်။

b ဥပမာ၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဝက်ဘ်ဆိုက်မှာ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရန်” လို့ ကြေညာထားတယ်။

c ဒီစာစောင်မှာပါတဲ့ “ဘုရားသခင့် တရားစီရင်ချက်များ—အမြဲ ကြိုတင်သတိပေးရဲ့လား” ဆောင်းပါးကို ကြည့်ပါ။

d သွန်သင်ခြင်း ကိရိယာ အသုံးပြုပုံနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ၂၀၁၈၊ အောက်တိုဘာလထုတ် ကင်းမျှော်စင် “အမှန်တရားကို သင်ပေးပါ” ဆောင်းပါးမှာ ကြည့်ပါ။

e သင်ခန်းစာတွေကို လောလောဆယ် အင်္ဂလိပ်၊ ပေါ်တူဂီစကားနဲ့ ရရှိနိုင်တယ်။ မကြာခင် တခြားဘာသာစကားတွေနဲ့ ရပါတော့မယ်။

f မှားယွင်းတဲ့ဘာသာနဲ့ ပတ်သက်နေတဲ့ လူငယ် အသင်းအဖွဲ့တွေ၊ ဖျော်ဖြေရေး လုပ်ဆောင်မှုတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။ ဥပမာ၊ ဝိုင်အမ်စီအေ (ခရစ်ယာန် လူငယ်အမျိုးသားများ အဖွဲ့) အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ၁၉၇၉၊ ဇန်နဝါရီ ၁ ရက်ထုတ် (အင်္ဂလိပ်) ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။ ဝိုင်ဒဗလျူစီအေ (ခရစ်ယာန် လူငယ်အမျိုးသမီးများ အဖွဲ့) အဖွဲ့နဲ့ပတ်သက်ရင်လည်း အလားတူပါပဲ။ ကိုယ့်ဒေသမှာရှိတဲ့ အဲဒီအဖွဲ့အစည်းတချို့က သူတို့ရဲ့ လုပ်ဆောင်မှုဟာ ဘာသာရေးနဲ့ မပတ်သက်ဘူးလို့ ပြောပေမဲ့ တကယ်တမ်းတော့ ဘာသာရေးကို အားပေးအားမြှောက် လုပ်နေတဲ့ အဖွဲ့အစည်းတွေပါပဲ။

g ဘာသာရေး အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေအကြောင်း ကျမ်းစာ ရှုမြင်ပုံ အသေးစိတ်ကို ၁၉၉၉၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” မှာကြည့်ပါ။

h ပုံအညွှန်း– တီဗီကလာတဲ့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်ကို ကော်ဖီဆိုင်မှာ ကြည့်နေကြ။ အမှုဆောင်ပြီးနောက် ခဏ ကော်ဖီဝင်သောက်တဲ့ သက်သေခံမောင်နှံကတော့ ဒီကြေညာချက်ကြောင့် လှည့်စားမခံကြ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ