ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၂၀ စာ. ၉၂-၉၅
  • ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေလော့
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိမိတ်ကို သတိနှင့် စောင့်နေကြလော့
  • လူတို့ကို ခွဲခြားခြင်း
  • ရှေ့လျှောက် အဘယ်အရာ ဖြစ်ပျက်မည်နည်း
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • နိမိတ်အကြောင်း တမန်တော်တွေမေးကြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “နိုးနိုးကြားကြားရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၂၀ စာ. ၉၂-၉၅

အခန်း နှစ်ဆယ်

ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေလော့

၁။ ဤစနစ်ဟောင်း၏ စိတ်နှလုံး ပူဆွေးစရာများမှ ကယ်နုတ်ခံရခြင်း နီးပြီဖြစ်ကြောင်း ဦးစွာ သိရှိလိုက်ရသည့်အခါ သင်မည်သို့ ခံစားမိသနည်း။

သမ္မာကျမ်းစာ လေ့လာရာမှ သင် ဦးဆုံး သိရှိလာသည့် အရာများအနက် တစ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးကို ပရဒိသု ဖြစ်စေမည်ဟူသော ယေဟောဝါ၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ထိုကမ္ဘာသစ်တွင် စစ်မှု၊ ရာဇဝတ်မှု၊ ဆင်းရဲမှု၊ ဖျားနာမှု၊ ဆင်းရဲဒုက္ခနှင့် သေခြင်းတို့ ရှိတော့မည်မဟုတ်။ သေလွန်သူတို့ပင် အသက် ပြန်ရှင်လာကြမည်။ တကယ်ကောင်းသော မျှော်လင့်ချက်အလားအလာများ ပါတကား! ထိုအရာများ ဖြစ်လုနီးပြီဖြစ်ကြောင်းကို ၁၉၁၄ ခုနှစ်တွင် အစိုးရသောမင်းအဖြစ် အရူပနည်းဖြင့် ခရစ်တော် စတင်ရောက်ရှိခြင်း၊ ထိုအချိန်မှစ၍ ဤဆိုးယုတ်သည့် လောက၏ နောက်ဆုံးသော နေ့ရက်များအတွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိနေခြင်းတို့က အလေးအနက် သက်သေထူသည်။ ဤနောက်ဆုံးသော နေ့ရက်များ၏ အဆုံးတွင် ယေဟောဝါသည် လက်ရှိ အစီအစဉ်စနစ်ကို ဖျက်ဆီး၍ ကတိထားရာ ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးတော်မူမည်။

၂။ “ယေဟောဝါ၏ နေ့ရက်တော်” ကား အဘယ်နည်း။

၂ လာလတ္တံ့သော ၎င်းဖျက်ဆီးခြင်း အချိန်ကာလကို သမ္မာကျမ်းစာက “ယေဟောဝါ၏ နေ့ရက်တော်” ဟုခေါ်ထားသည်။ (၂ ပေတရု ၃:၁၀၊ ကဘ) ထိုနေ့ရက်တော်သည် စာတန်၏ လောကတစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်သည့် “ယေဟောဝါ၏ အမျက်တော် နေ့ရက်” ပင်ဖြစ်သည်။ (ဇေဖနိ ၂:၃၊ ကဘ) ၎င်းနေ့ရက်သည် ‘ဟေဗြဲဘာသာဖြင့် ဟာ-မဂေဒုန် [အာမဂေဒုန်] ဟုခေါ်ဝေါ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးစစ်ပွဲ’ ၌ အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ ထိုစစ်ပွဲတွင် “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များ” သည် ချေမှုန်းသုတ်သင်ခြင်း ခံရကြမည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆၊ ကဘ) ‘ယေဟောဝါ၏ နေ့ရက်’ နီးပြီကို သင်အခိုင်အမာ ယုံကြည်ကြောင်း သင့်ဘဝလမ်းစဉ်က ထင်ရှားစေသလော။—ဇေဖနိ ၁:၁၄-၁၈; ယေရမိ ၂၅:၃၃။

၃။ (က) ယေဟောဝါ၏ နေ့ရက်တော် အဘယ်အချိန်တွင် ရောက်ရှိလာမည်နည်း။ (ခ) “ထိုနေ့ရက်နာရီ” ကို ယေဟောဝါ မဖော်ပြခြင်းသည် မည်သို့ အကျိုးရှိသနည်း။

၃ စာတန်၏ အစီအစဉ်စနစ်ကို ဆန့်ကျင်တိုက်ခိုက်မည့် ယေဟောဝါ၏ ပါးကွက်အာဏာသား အနေနှင့် ယေရှုခရစ် ကြွလာမည့်ရက်စွဲ အတိအကျကို သမ္မာကျမ်းစာက ဖော်ပြမထားပါ။ “ထို . . . နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ။ သားတော်လည်း မသိ” ဟူ၍ ယေရှု မိန့်ဆိုခဲ့သည်။ (မာကု ၁၃:၃၂၊ သက) ယေဟောဝါကို တကယ်မချစ်သော သူတို့သည် သူတို့၏စိတ်ထဲတွင် ကိုယ်တော်၏ နေ့ရက်တော်ကို ရွှေ့ဆိုင်း၍ လောကီလိုက်စားမှုများနောက် ကောက်ကောက်ပါအောင် လိုက်လိုကြမည်ဖြစ်သည်။ သို့ရာတွင် ယေဟောဝါကို တကယ်ချစ်သော သူတို့မူကား ဤဆိုးယုတ်သည့် စနစ်၏ဆုံးခန်း မည်သည့်အချိန်၌ ရောက်ရောက် ကိုယ်တော်အား စိုးလ်အကြွင်းမဲ့ ဝတ်ပြုကြမည်ဖြစ်သည်။—ဆာလံ ၃၇:၄; ၁ ယောဟန် ၅:၃။

၄။ သတိပေးသည့်အနေနှင့် ယေရှုက အဘယ်အကြောင်းအရာ မိန့်ဆိုတော်မူခဲ့သနည်း။

၄ ယေဟောဝါအား ချစ်သောသူတို့ကို သတိပေးသည့်အနေနှင့် ယေရှုက “ထိုနေ့ရက်ကာလသည် အဘယ်အခါ ကျရောက်မည်ကို သင်တို့မသိကြသဖြင့် သတိနှင့် စောင့်နေကြလော့။ နိုးနိုးကြားကြား ရှိကြလော့” ဟု မိန့်တော်မူ၏။ (မာကု ၁၃:၃၃-၃၇၊ သက) စားသောက်ခြင်း၊ ‘ဘဝ၏ စိုးရိမ်ပူပန်ခြင်းတို့’ ကို အာရုံစိုက်လွန်းသောကြောင့် ဤခေတ်ကာလ၏ အရေးကြီးမှုကို မျက်ခြည်ပြတ်သွားသည့်အထိ မဖြစ်စေရန် ကျွန်ုပ်တို့ကို ကိုယ်တော်က တိုက်တွန်းထားသည်။—လုကာ ၂၁:၃၄-၃၆; မဿဲ ၂၄:၃၇-၄၂။

၅။ ပေတရု ရှင်းပြသည့်အတိုင်း ယေဟောဝါ၏ နေ့ရက်တော်သည် အဘယ်အရာများ ဆောင်ကြဉ်းလာမည်နည်း။

၅ အလားတူစွာ ပေတရုကလည်း “ယေဟောဝါ၏ နေ့ရက်တော် ရောက်ရှိခြင်းကို” စွဲမှတ်လျက်နေရန် ကျွန်ုပ်တို့အား ဩဝါဒပေးခဲ့သည်။ “ထိုနေ့ရက်၌ မိုးကောင်းကင်သည် မီးသင့်လောင်ကျွမ်း ပျက်စီး၍ သဘာဝ အင်အားစုများလည်း ပူပြင်းလွန်းအားကြီးသဖြင့် အရည်ပျော်ကြလိမ့်မည်။” “မိုးကောင်းကင်” ဖြစ်သည့် လူ့အစိုးရအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်သကဲ့သို့ “မြေကြီး” နှင့် ၎င်း၏ “သဘာဝ အင်အားစုများ” ဖြစ်ကြသော ဆိုးယုတ်သည့် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံး၊ ဘုရားသခင်ထံမှ သီးခြားလွတ်လပ်စွာ ရပ်တည်လိုသည့် သဘောထားနှင့် အကျင့်ပျက်၍ ဥစ္စာပစ္စည်းကို အဓိကထားသည့် ဘဝလမ်းစဉ်ကဲ့သို့သော ဤဆိုးယုတ်သည့်လောက၏ အကြံအစည်များနှင့် လုပ်ဆောင်မှုများသည်လည်း ဖျက်ဆီးခံရပေမည်။ ၎င်းတို့သည် “ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ် [ဘုရားသခင့် ကောင်းကင်နိုင်ငံတော်] နှင့် မြေကြီးသစ် [မြေကြီးဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းသစ်]” ဖြင့် အစားထိုးခံရလတ္တံ့။ (၂ ပေတရု ၃:၁၀-၁၃၊ ကဘ) ကမ္ဘာလှုပ်ခါမည့် ၎င်းဖြစ်ရပ်တို့သည် မျှော်လင့်မထားသော နေ့ရက်နာရီ၌ ရုတ်တရက် ကျရောက်လာပေမည်။—မဿဲ ၂၄:၄၄။

နိမိတ်ကို သတိနှင့် စောင့်နေကြလော့

၆။ (က) တပည့်တော်များ၏ မေးခွန်းအတွက် ယေရှု ပေးခဲ့သည့်အဖြေသည် ဂျူးစနစ်၏ဆုံးခန်းနှင့် မည်မျှ သက်ဆိုင်သနည်း။ (ခ) ယေရှု ဖြေကြားသည့် အဖြေ၏ အဘယ်အပိုင်းများသည် ၁၉၁၄ ခုနှစ် နောက်ပိုင်းကာလ၏ ဖြစ်ရပ်များနှင့် စိတ်သဘောထားများကို အာရုံစူးစိုက်သနည်း။

၆ ကျွန်ုပ်တို့ အသက်ရှင်နေသည့် ခေတ်ကာလကိုထောက်၍ နောက်ဆုံးသော နေ့ရက်များဖြစ်သည့် “အစီအစဉ်စနစ်၏ ဆုံးခန်းကာလ” ကို ခွဲခြားဖော်ပြသည့် ပေါင်းစပ်နိမိတ်၏ အသေးစိတ် အချက်အလက်များနှင့် အကျွမ်းတဝင် ရှိသင့်ပေသည်။ မဿဲ ၂၄:၃ တွင် မှတ်တမ်းတင်ထားသည့် တပည့်တော်များ၏ မေးခွန်းကို ယေရှု ဖြေကြားတော်မူရာ၌ အခန်းငယ် ၄ မှ ၂၂ တွင် ကိုယ်တော် ဖော်ပြခဲ့သည့် အချက်အချို့သည် စီ.အီး. ၃၃ ခုနှစ်နှင့် ၇၀ ပြည့်နှစ်အတွင်း ဂျူးစနစ်ပေါ်တွင် အသေးစား ပြည့်စုံခဲ့သည်ကို စွဲမှတ်ထားပါ။ သို့သော် ၎င်းပရောဖက်ပြုချက်သည် ခရစ်တော် “ရောက်ရှိတော်မူခြင်းနှင့် ဤအစီအစဉ်စနစ် ဆုံးခန်း” ကာလဖြစ်သည့် ၁၉၁၄ ခုနှစ်မှ အစပြုသောကာလအတွင်း အကြီးစား ပြည့်စုံလျက်ရှိသည်။ မဿဲ ၂၄:၂၃-၂၈ က စီ.အီး. ၇၀ ပြည့်နှစ်မှ ခရစ်တော် ရောက်ရှိခြင်းအချိန်အထိ ဖြစ်ပျက်မည့်အရာများကို ဖော်ပြထားသည်။ မဿဲ ၂၄:၂၉–၂၅:၄၆ ၌ဖော်ပြထားသည့် အဖြစ်အပျက်များသည် ဆုံးခန်းကာလအတွင်း ဖြစ်ပွားလျက်ရှိသည်။

၇။ (က) လတ်တလော အခြေအနေများက နိမိတ်ကို မည်သို့ ပြည့်စုံစေကြောင်း ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ အဘယ်ကြောင့် သတိပြုသင့်သနည်း။ (ခ) ၁၉၁၄ ခုနှစ်မှစ၍ နိမိတ် ပြည့်စုံလျက်ရှိကြောင်း ပြဆိုလျက် ဤအပိုဒ်၏အဆုံးမှ မေးခွန်းများကို ဖြေဆိုပါ။

၇ ဤနိမိတ်ကို ပြည့်စုံစေသည့် ဖြစ်ရပ်များနှင့် စိတ်သဘောထားများကို ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ မျက်စိရှင်ရှင်နှင့် သတိပြုရန်လိုသည်။ ဤအရာများကို သမ္မာကျမ်းစာ ပရောဖက်ပြုချက်နှင့် ဆက်စပ်ခြင်းဖြင့် ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေရန် အထောက်အကူ ပြုပေမည်။ ၎င်းပြင် ထိုနေ့ရက် နီးပြီဖြစ်ကြောင်း အခြားသူတို့အား သတိပေးရာ၌ ယုံကြည်လက်ခံချင်စဖွယ်ဖြစ်အောင် ပြောတတ်ဆိုတတ်အောင်လည်း ထောက်ကူပေးမည်။ (ဟေရှာယ ၆၁:၁၊ ၂) ဤရည်မှန်းချက်များကို စွဲမှတ်လျက် မဿဲ ၂၄:၇ နှင့် လုကာ ၂၁:၁၀၊ ၁၁ တွင် မှတ်တမ်းတင်ထားသည့် ၎င်းနိမိတ်၏ အစိတ်အပိုင်းများကို မီးမောင်းထိုးပြသည့် အောက်ပါမေးခွန်းများကို ပြန်လည်သုံးသပ်ကြပါစို့။

“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဟုကြိုဟောထားသည့် အချက်သည် ၁၉၁၄ ခုနှစ်မှ အစပြု၍ အဘယ် ထူးခြားသောနည်းဖြင့် ပြည့်စုံလာသနည်း။ စစ်ပွဲများနှင့်ပတ်သက်၍ ထိုအချိန်မှစ၍ အဘယ်အရာများ ဖြစ်ပျက်ခဲ့သနည်း။

၁၉၁၈ ခုနှစ်တွင် အဘယ်ကပ်ရောဂါသည် ပထမ ကမ္ဘာစစ်ကြီးထက် လူများကို ပို၍ သေစေခဲ့သနည်း။ လူတို့၏ ဆေးပညာ ထွန်းကားနေသည့်ကြားမှ အဘယ်ရောဂါများသည် လူသန်းပေါင်းများစွာကို သေဆုံးစေလျက်ရှိသနည်း။

လွန်ခဲ့သော ရာစုနှစ်၏ သိပ္ပံပညာ တိုးတက်မှုများကြားမှ အစာခေါင်းပါးမှုများက မည်သည့်အတိုင်းအတာအထိ ကမ္ဘာကြီးကို ထိခိုက်ခဲ့သနည်း။

၂ တိမောသေ ၃:၁-၅၊ ၁၃ သည် ယခင်ကတည်းက ဖြစ်မြဲဓမ္မတာ လူ့ဘဝပုံစံမဟုတ်ဘဲ နောက်ဆုံးသော နေ့ရက်များ၏ ဆုံးခန်းဆီသို့ ကျွန်ုပ်တို့ နီးကပ်လာသည်နှင့်အမျှ မကောင်းသော အခြေအနေများ ပို၍ ဆိုးရွားလာခြင်းကို ဖော်ပြနေကြောင်း အဘယ်အရာက သင့်ကို ယုံကြည်လက်ခံစေသနည်း။

လူတို့ကို ခွဲခြားခြင်း

၈။ (က) မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃ တွင် ဖော်ပြထားသည့် အခြားအဘယ် အဖြစ်အပျက်များကို ယေရှုက ဤအစီအစဉ်စနစ်၏ ဆုံးခန်းနှင့် ဆက်စပ်ထားသနည်း။ (ခ) ယေရှု၏ ပုံဥပမာက အဘယ်အရာကို ဆိုလိုသနည်း။

၈ အစီအစဉ်စနစ်၏ ဆုံးခန်းနှင့် ယေရှု ဆက်စပ်ထားသော အခြား အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှုများ ရှိပါသည်။ ၎င်းတို့အနက် တစ်ခုမှာ “နိုင်ငံတော်သားများ” ကို “နတ်ဆိုးသားများ” မှ ခွဲထုတ်ခြင်းဖြစ်သည်။ ရန်သူတစ်ဦးက တောမျိုးစေ့ ကြဲသွားသည့် ဂျုံခင်းနှင့်ပတ်သက်သည့် ပုံဥပမာတွင် ဤအကြောင်းကို ယေရှုမိန့်ကြားတော်မူခဲ့၏။ ဥပမာထဲမှ “ဂျုံပင်” သည် ဘိသိက်ခံ ခရစ်ယာန် အစစ်များကို ကိုယ်စားပြုသည်။ “တောပင်များ” သည် ခရစ်ယာန်ဟု အမည်ခံသော်လည်း မာရ်နတ် အုပ်ချုပ်သည့် ဤလောကကို တွယ်ကပ်နေသောကြောင့် “နတ်ဆိုးသားများ” ဖြစ်ကြောင်း ထင်ရှားသူများ ဖြစ်ကြသည်။ ဤသူတို့သည် “[ဘုရားသခင့်] နိုင်ငံတော်သားများ” မှခွဲထုတ်၍ ဖျက်ဆီးခြင်းအတွက် လျာထားသတ်မှတ် ခံရကြသည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ဤခွဲခြားခြင်းသည် အမှန်ပင် ဖြစ်ပျက်နေသလော။

၉။ (က) ပထမ ကမ္ဘာစစ်ကြီးပြီးနောက် ခရစ်ယာန် အမည်ခံအားလုံးကို ခွဲခြားသည့် အဘယ် ခွဲခြားမှုကြီး ဖြစ်ပျက်လာသနည်း။ (ခ) ဘိသိက်ခံ ခရစ်ယာန်တို့သည် နိုင်ငံတော်၏ အစေခံ အစစ်များဖြစ်ကြောင်း မည်သို့ သက်သေထူခဲ့ကြသနည်း။

၉ ပထမ ကမ္ဘာစစ်ကြီးပြီးနောက် ခရစ်ယာန် အမည်ခံသူအားလုံးသည် အတန်းအစား နှစ်ရပ်အဖြစ် ခွဲခြားခြင်း ခံရကြသည်– (၁) မိမိတို့၏ အမျိုးသားရေး သစ္စာစောင့်သိခြင်းကို စွဲကိုင်လျက် နိုင်ငံပေါင်းချုပ် အသင်းကြီး (ယခု ကုလသမဂ္ဂ) ကို လူသိရှင်ကြား အခိုင်အမာ ထောက်ခံအားပေးသည့် ခရစ်ယာန်ဘောင်၏ ဘုန်းကြီးဓမ္မဆရာများနှင့် ၎င်းတို့၏ တပည့်နောက်လိုက်များ၊ (၂) ဤလောက၏ တိုင်းနိုင်ငံများကို မဟုတ်ဘဲ ဘုရားသခင့် မေရှိယ နိုင်ငံတော်ကို အပြည့်အဝ ထောက်ခံကြသည့် ထိုစစ်ပြီးခေတ် ခရစ်ယာန်အစစ်များ။ (ယောဟန် ၁၇:၁၆) ဤသူတို့သည် “ဤနိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင့် နိုင်ငံတော်၏ အစေခံ အစစ်များဖြစ်ကြောင်း သက်သေပြကြသည်။ (မဿဲ ၂၄:၁၄) အဘယ်ရလဒ်များ ဖြစ်ထွန်းခဲ့သနည်း။

၁၀။ နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်း၏ ပထမဦးဆုံး ရလဒ်ကား အဘယ်နည်း။

၁၀ ဦးဆုံးအနေနှင့် ကောင်းကင်နိုင်ငံတော်၏ အဖွဲ့ဝင်များအနေနှင့် ခရစ်တော်နှင့်အတူ အုပ်ချုပ်ရန် မျှော်လင့်ချက်ရှိသော ဘုရားသခင့် ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံရကြသည့် အကြွင်းအကျန်များကို စုသိမ်းနိုင်ခဲ့သည်။ ထိုသူတို့သည် တိုင်းနိုင်ငံအသီးသီးတွင် ပြန့်ကြဲနေကြသော်လည်း အဖွဲ့အစည်းတစ်ခုတည်းထဲ စုသိမ်းခံခဲ့ကြရသည်။ ဤဘိသိက်ခံများအား တံဆိပ်ခတ်ခြင်းသည် အပြီးသတ်လုနီးပြီ။—ဗျာဒိတ် ၇:၃၊ ၄။

၁၁။ (က) အဘယ် စုသိမ်းခြင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်လျက်ရှိသနည်း။ အဘယ် ပရောဖက်ပြုချက်နှင့်အညီ ဖြစ်သနည်း။ (ခ) ဤပရောဖက်ပြုချက် ပြည့်စုံခြင်းက အဘယ်သဘောဆောင်သနည်း။

၁၁ ထို့နောက် ခရစ်တော်၏ ညွှန်ကြားမှုအောက်တွင် “လူမျိုး၊ အနွယ်၊ လူများနှင့် ဘာသာစကားများ အားလုံးမှထွက်လာ . . . သော လူအုပ်ကြီးတစ်အုပ်” ကိုစတင်စုသိမ်းခဲ့သည်။ ဤသူတို့ကား “ဆင်းရဲဒုက္ခကြီး” ကိုကပ်ကျော်၍ ဘုရားသခင့် ကမ္ဘာသစ်ထဲသို့ ဝင်ရောက်ကြမည့် “အခြားသိုးများ” ဖြစ်လာကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ကဘ; ယောဟန် ၁၀:၁၆) အဆုံးမတိုင်မီ ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောခြင်းဖြစ်သည့် ဤလုပ်ငန်းသည် မျက်မှောက်ခေတ်တိုင်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့သည်။ ယခု အရေအတွက် သန်းချီရှိလာပြီဖြစ်သည့် အခြားသိုးများမှ ဤလူအုပ်ကြီးသည် အရေးကြီးသည့် နိုင်ငံတော် သတင်းတရားကို ကြေညာရာ၌ ဘိသိက်ခံ အကြွင်းအကျန်များကို သစ္စာရှိရှိ ကူညီပေးလျက်ရှိကြသည်။ ဤသတင်းတရားကို တိုင်းနိုင်ငံအားလုံးတွင် ကြားနေရပြီဖြစ်သည်။

ရှေ့လျှောက် အဘယ်အရာ ဖြစ်ပျက်မည်နည်း

၁၂။ ယေဟောဝါ၏ နေ့ရက်တော် မရောက်လာမီ နောက်ထပ် မည်မျှ ဟောပြောစရာ ရှိသေးသနည်း။

၁၂ အထက်ပါ သာဓကအားလုံးက ကျွန်ုပ်တို့သည် နောက်ဆုံးသော နေ့ရက်များ၏အဆုံးနှင့် နီးပြီဖြစ်ကြောင်း၊ ယေဟောဝါ၏ နေ့ရက်တော်သည် အလွန်နီးနေပြီဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။ သို့ရာတွင် ထိုကြောက်မက်ဖွယ်ကောင်းသော နေ့ရက်တော် မစတင်မီ ပြည့်စုံရန်လိုသော ပရောဖက်ပြုချက်များ ကျန်ပါသေးသလော။ ကျန်ပါသေးသည်။ တစ်ချက်အနေနှင့် နိုင်ငံတော် အရေးကိစ္စနှင့်ပတ်သက်၍ လူတို့ကို ခွဲခြားခြင်းသည် မပြီးစီးသေးပါ။ ဆန့်ကျင်တိုက်ခိုက်မှုများကို နှစ်ပေါင်းများစွာ အပြင်းအထန် ခံစားခဲ့ရသည့် အချို့ဒေသများတွင် ယခုအခါ တပည့်တော်အသစ်များ တိုးပွားလျက်ရှိသည်။ သတင်းကောင်းကို လက်မခံသည့် ဒေသများ၌ပင် ကျွန်ုပ်တို့၏ သက်သေခံခြင်းအားဖြင့် ယေဟောဝါ၏ ကရုဏာတော်သည် ထင်ရှားလျက်ရှိသည်။ ထို့ကြောင့်၊ ဤလုပ်ငန်းကို ဆက်၍ လုပ်ဆောင်ပါလေ! ယင်းလုပ်ငန်း ပြီးစီးသည့်အခါ အဆုံးသည် ရောက်လာလိမ့်မည်ဟု ယေရှုက အာမခံထားသည်။

၁၃။ ၁ သက်သာလောနိတ် ၅:၂၊ ၃ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း အဘယ် မှတ်သားဖွယ်ဖြစ်ရပ် ဖြစ်ပျက်ရဦးမည်နည်း။ ၎င်းသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ် ရှိသနည်း။

၁၃ အလွန့်အလွန် အရေးကြီးသည့် ကျမ်းစာပရောဖက်ပြုချက် နောက်တစ်ခုက ဤသို့ဆိုသည်– “‘ငြိမ်းချမ်းသည်၊ လုံခြုံသည်’ ဟု ဆိုလျက်နေကြစဉ်မှာပင် ကိုယ်ဝန်ဆောင် အမျိုးသမီး၌ ပြင်းစွာသောဝေဒနာ သင့်ရောက်သကဲ့သို့ ရုတ်တရက် ပျက်စီးခြင်းဘေးသည် သူတို့အပေါ်သို့ တစ်မဟုတ်ချင်း သင့်ရောက်လိမ့်မည်။ သူတို့သည် မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်ကြမည်မဟုတ်။” (၁ သက်သာလောနိတ် ၅:၂၊ ၃၊ ကဘ) “ငြိမ်းချမ်းသည်၊ လုံခြုံသည်” ဟူသော ကြေညာချက်သည် မည်သည့်ပုံစံဖြင့် ပေါ်ထွက်လာမည်ကို စောင့်ကြည့်ရပေမည်။ သို့ရာတွင် လူသားတို့၏ ပြဿနာများကို ကမ္ဘာ့ခေါင်းဆောင်များက အမှန်ပင် ဖြေရှင်းလိုက်နိုင်မည်ဟူ၍ လုံးဝ မဆိုလိုပါ။ ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်ထားသူတို့မူ ထိုကြေညာချက်ကြောင့် လှည့်စားခံရကြမည် မဟုတ်ပေ။ ထိုကြေညာချက် ထွက်ပေါ်ပြီးသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ပျက်စီးခြင်းဘေး သင့်ရောက်လိမ့်မည်ဖြစ်ကြောင်း သူတို့ သိထားကြသည်။

၁၄။ ဆင်းရဲဒုက္ခကြီး ကာလအတွင်း အဘယ်ဖြစ်ရပ်များ ဖြစ်ပျက်လာမည်နည်း။ အဘယ် အစီအစဉ်ဖြင့်နည်း။

၁၄ ဆင်းရဲဒုက္ခကြီး အစပိုင်းတွင် လောကီမင်းတို့သည် မိစ္ဆာဘာသာ ကမ္ဘာ့အင်ပါယာဖြစ်သည့် မဟာဗာဗုလုန်ကို ဘက်ပြန်တိုက်ခိုက်၍ ၎င်းကို ချေမှုန်းသုတ်သင်လိမ့်မည်။ (မဿဲ ၂၄:၂၁; ဗျာဒိတ် ၁၇:၁၅၊ ၁၆) ၎င်းနောက် တိုင်းနိုင်ငံတို့သည် ယေဟောဝါ၏ အချုပ်အခြာ အာဏာတော်ကို ထောက်ခံသူတို့အား ဘက်ပြန်တိုက်ခိုက်မည်ဖြစ်ရာ လောကီအစိုးရများနှင့် ၎င်းတို့ကို ထောက်ခံသူများအပေါ် ယေဟောဝါ၏ အမျက်တော်ကို နှိုးဆွလိုက်ရာရောက်သဖြင့် သူတို့သည် ရှင်းရှင်း ဖျက်ဆီးခြင်း ခံရကြမည်ဖြစ်သည်။ ဤကား ဆင်းရဲဒုက္ခကြီး၏ အာမဂေဒုန် အထွတ်အထိပ် ဖြစ်ပေမည်။ ထို့နောက်၊ စာတန်နှင့် ၎င်း၏နတ်ဆိုးတို့သည် တွင်းနက်ကြီးထဲ ပစ်ချခံရမည်ဖြစ်ရာ လူသားများအပေါ် ဩဇာလွှမ်းနိုင်တော့မည်မဟုတ်။ ဤသို့ဖြင့် ယေဟောဝါ၏ နာမတော်အား ချီးမြှောက်ဂုဏ်တင်ရာ ကိုယ်တော့်နေ့ရက်တော် နိဂုံးကမ္ပတ် အဆုံးသတ်မည်ဖြစ်သည်။—ယေဇကျေလ ၃၈:၁၈၊ ၂၂၊ ၂၃; ဗျဒိတ် ၁၉:၁၁–၂၀:၃။

၁၅။ ယေဟောဝါ၏ နေ့ရက်တော် ဝေးသေးသည်ဟု ဆင်ခြင်တွေးဆခြင်းသည် အဘယ်ကြောင့် ပညာမဲ့ရာ ရောက်သနည်း။

၁၅ ဤစနစ်၏ဆုံးခန်းသည် ဘုရားသခင့် အစီအစဉ်အရ တိကျသောအချိန်တွင် ရောက်လာပါလိမ့်မည်။ နောက်ကျလိမ့်မည် မဟုတ်။ (ဟဗက္ကုတ် ၂:၃) ဂျူးများ မထင်မမှတ်သည့်အချိန်၊ အန္တရာယ် လွန်မြောက်ပြီဟု သူတို့ ထင်မှတ်သည့်အချိန်၊ စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့၏ ပျက်စီးခြင်းဘေး လျင်မြန်စွာ ကျရောက်ခဲ့သည်ကို သတိရပါ။ ရှေးဗာဗုလုန်မြို့ကော မည်သို့ဖြစ်သွားသနည်း။ ဧရာမ မြို့ရိုးကြီးများဖြင့် အခိုင်အမာ ကာရံထားသည့် လုံခြုံစိတ်ချရသော အင်အားကြီးမားသည့် မြို့ကြီးဖြစ်ခဲ့သည်။ သို့သော် တစ်ညတည်းတွင် ကျရှုံးသွားခဲ့သည်။ ထိုနည်းတူ လက်ရှိ ဆိုးယုတ်သော စနစ်ပေါ်သို့ ရုတ်တရက် ပျက်စီးခြင်း ကျရောက်ပါလိမ့်မည်။ ထိုသို့ ကျရောက်လာသည့်အခါ၌ ကျွန်ုပ်တို့သည် ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက် မှန်သော ကိုးကွယ်ဝတ်ပြုမှု၌ စည်းလုံးလျက်ရှိသူများ ဖြစ်နိုင်ကြပါစေ။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ယေဟောဝါ၏ နေ့ရက်တော်ကို စွဲမှတ်လျက်နေရန် အဘယ်ကြောင့် အရေးကြီးသနည်း။ မည်သို့ စွဲမှတ်လျက် နေနိုင်သနည်း။

• ဖြစ်ပျက်လျက်ရှိသော လူတို့အား ခွဲခြားခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့ကိုယ်တိုင်ကို မည်သို့ အကျိုးသက်ရောက်လျက် ရှိသနည်း။

• ယေဟောဝါ၏ နေ့ရက်တော် အစမပြုမီ ရှေ့လျှောက် အဘယ်အရာ ဖြစ်ပျက်စရာ ကျန်ရှိသေးသနည်း။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အဘယ်အရာ ပြုလုပ်နေရမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ