ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၅/၁ စာ. ၁၈-၂၃
  • ဖန်ဆင်းရာကိုမဟုတ်ဘဲ ဖန်ဆင်းရှင်ကို ကိုးကွယ်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရာကိုမဟုတ်ဘဲ ဖန်ဆင်းရှင်ကို ကိုးကွယ်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအရေးပေါ်
  • လူလူချင်း ကိုးကွယ်မှုကို ရှောင်ခြင်း
  • မာရိဟာ ဘုရားရဲ့ မယ်တော်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မာရိ (ယေရှု၏ မိခင်)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သွန်သင်ချက်အမှား ၅– မာရိသည် ဘုရားသခင့်မယ်တော်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၅/၁ စာ. ၁၈-၂၃

ဖန်ဆင်းရာကိုမဟုတ်ဘဲ ဖန်ဆင်းရှင်ကို ကိုးကွယ်လော့

“သင်၏ဘုရား [ယေဟောဝါ] ကိုကိုးကွယ်ရမည်။ ထိုဘုရားကိုသာဝတ်ပြုရမည်။”—လုကာ ၄:၈။

၁။ “ကိုးကွယ်ခြင်း” စကားလုံးကို မည်သို့ရှင်းပြခဲ့၍ မည်သို့စစ်မှန်စွာကိုးကွယ်ရမည်နည်း။

“ကိုး ကွယ်ခြင်း” စကားလုံးကိုအဘိဓာန်တွင် ဤသို့ရှင်းပြသည်။ “ကြီးမြတ်သူအဖြစ်ယူမှတ်ခြင်း၊ အလွန်အမင်းရိုသေခြင်း၊ ဂုဏ်တင်ခြင်း သို့မဟုတ် အပ်နှံခြင်း။”aဤသို့သောကိုးကွယ်မှုကို မည်သူရထိုက်သနည်း။ ယေရှုက၊ “သင်၏ဘုရားယေဟောဝါ ကိုစိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့” ဟုပြောခဲ့သည်။ (မဿဲ ၂၂:၃၇ NW) စာတန်ကို “ကိုးကွယ်” လျှင်ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရရှိမည်ဟု ကမ်းလှမ်းခဲ့စဉ်ကလည်း ယေရှုသည်ငြင်းပယ်ပြီး ဤသို့မိန့်ဆိုခဲ့သည်။ “သင်၏ဘုရားယေဟောဝါကိုသာ ကိုးကွယ်ရမည်။ ကိုယ်တော်ကိုသာ ဝတ်ပြုရမည်။” (လုကာ ၄:၇၊ ၈) ယေရှု၏စကားနှင့်အပြုအမူများကိုထောက်ရှုလျှင် ယေဟောဝါဘုရားကိုသာ ဝတ်ပြုရမည်ဖြစ်ကြောင်း ထင်ရှားသည်။ ဤဝတ်ပြုရေးတွင် “မြင့်မြတ်သောလုပ်ငန်းတော်” ပါဝင်သည်။ အကြောင်းမှာ “အကျင့်မပါသောယုံကြည်ခြင်းသည် အသေ” ဖြစ်သောကြောင့်တည်း။—ယာကုပ် ၂:၂၆။

၂။ ဖန်ဆင်းရှင်ကိုသာ ကိုးကွယ်ရန် အဘယ်ကြောင့်လျော်ကန်သနည်း။

၂ ထိုသို့ယေဟောဝါကို ကိုးကွယ်ခြင်းသည် သင့်လျော်သည်။ အကြောင်းမှာ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံး၏ အကြီးမြတ်ဆုံးအချုပ်အခြာ၊ မိန်းမောဖွယ်ကောင်းကင်နှင့် အသက်မျိုးစုံအပါအဝင် မြေကြီး၏ဖန်ဆင်းရှင်ဖြစ်သောကြောင့်တည်း။ သို့ဖြစ်သောကြောင့် လူများအနေနှင့် ကိုယ်တော်တစ်ပါးတည်းကိုသာ “ကြီးမြတ်သူ၊ အလွန်အမင်းရိုသေခြင်း၊ ဂုဏ်တင်ခြင်း သို့မဟုတ် အပ်နှံခြင်း” ပေးထိုက်သည်။ သမ္မာကျမ်းစာကဆိုသည်။ “အိုထာဝရဘုရား [ယေဟောဝါ] ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာဒိတ် ၄:၁၁) မည်သည့်လူသာမည၊ မည်သည့်သက်ရှိသက်မဲ့မှ ထိုသို့သော “လေးမြတ်၊ ဂုဏ်တင်ခြင်း သို့မဟုတ် အပ်နှံခြင်း” ကိုမရထိုက်ချေ။ ယေဟောဝါတစ်ပါးတည်းသာ “အကြွင်းမဲ့အပ်နှံခြင်း” ရထိုက်လေသည်။—ထွက်မြောက်ရာ ၂၀:၃-၆။

အထူးအရေးပေါ်

၃။ ကျွန်ုပ်တို့သည် ဘုရားကိုကိုးကွယ်ရန် အဘယ်ကြောင့်အထူးအရေးကြီးသနည်း။

၃ ကျွန်ုပ်တို့သည် တရားစီရင်ရာအချိန်တွင် အသက်ရှင်နေသောကြောင့် ဘုရားကိုလျောက်ပတ်စွာ ယခုကိုးကွယ်ရန် အထူးအရေးကြီးသည်။ ထာဝရဆိုက်ရောက်ရာများကို ဆုံးဖြတ်ပေးလိမ့်မည်။ ဘုရား၏ပရောဖက်ပြုချက်နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား ဤ “နောက်ဆုံးကာလ” တွင်ခရစ်တော်ယေရှုသည် ကောင်းကင်တန်ခိုးနှင့်အတူ “ကောင်းကင်တမန်များခြံရံလျက်” ရောက်ရှိနေကြောင်း ပြောပြသည်။ ယေရှုကိုယ်နှိုက်က ယင်းရည်ရွယ်ချက်ကို ကြိုတင်ဟောခဲ့သည်။ “ရှေ့တော်၌လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည်သိုးနှင့်ဆိတ်ကို တစ်ခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ” မည်။ သိုးများသည် “ထာဝရအသက်” သို့ဆိုက်ရောက်မည်။ ဆိတ်များသည် “ထာဝရဖြတ်တောက်ရာသို့” ဆိုက်ရောက်မည်။—၂ တိမောသေ ၃:၁-၅။ မဿဲ ၂၅:၃၁၊ ၃၂၊ ၄၆။

၄။ (က) ဤကမ္ဘာအဆုံးတွင် ထာဝရဖျက်ဆီးခံရမည့်သူများအကြောင်း ပေါလုမည်သို့ဖေါ်ပြသနည်း။ (ခ) ထာဝရအသက်ရမည့်သူများ မည်သို့သောသဘောထားတင်ပြခဲ့ကြသနည်း။

၄ တမန်တော်ပေါလုကလည်းရေးခဲ့သည်။ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေး၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကိုခံရကြလတံ့။” (၂ သက်သာလောနိတ် ၁:၇-၉) ထို့ကြောင့်ခေါင်းမာသော၊ ဘုရား၏ရည်ရွယ်ချက်များကိုမသိလိုသော ဆိတ်ကဲ့သို့လူစား သို့မဟုတ် အခွင့်အရေးရှိတုံး လုပ်ဆောင်ရန်ငြင်းဆန်သူများ ဆိုက်ရောက်ရာသည် ထာဝရဖျက်ဆီးခြင်းဖြစ်သည်။ သို့သော်ယေဟောဝါအကြောင်းသိလိုပြီး ကိုယ်တော်၏သွန်သင်ချက်များကို နားထောင်ကာ ကိုယ်တော်၏ အလိုတော်အောက်ဝန်ခံသော နှိမ့်ချသည့်သိုးကဲ့သို့သူများ ဆိုက်ရောက်ရာသည် “ထာဝရအသက်” ဖြစ်သည်။ ကျမ်းစာကဆိုသည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားအလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၇။ ၂ ပေတရု ၂:၁၂ ကိုလည်းကြည့်ပါ။

၅၊ ၆။ (က) ယေဟောဝါနှင့်ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သမ္မာတရားကိုတွေ့ရန် လူတစ်ဦးဘာပြုလုပ်ရမည်နည်း။ (ခ) သမ္မာတရားရှာနေသူများသည် မည်သို့သော အသက်တာအခြေအနေရှိစေကာမူ သမ္မာတရားကိုတွေ့မည်ဖြစ်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။

၅ သိုးကဲ့သို့သူများသည် သမ္မာတရားကိုရှာရန် အချိန်၊ ခွန်အားနှင့်ရုပ်ပစ္စည်းများကို ပေးအပ်ဖို့အသင့်ရှိသည်။ သု၊ ၂:၁-၅ မှပြောသည်ကို သူတို့လုပ်ကြ၏။ “ငါ့သား၊ သင်သည်ပညာစကားကိုနားထောင်၍ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကိုနာခံ၍ ငါ့ပညတ်တို့ကိုကိုယ်အထဲ၌သွင်းမိလျှင်လည်းကောင်း၊ သိနားလည်ခြင်းအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ဘုရား [ယေဟောဝါ] ကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားကိုသိသောဉာဏ်နှင့် ပြည့်စုံလိမ့်မည်။”

၆ ယေဟောဝါကိုရှာရန်စိတ်သန်ခြင်းက သိုးကဲ့သို့သူများကို ဆိတ်ကဲ့သို့သူများမှ ခြားထားခြင်းဖြစ်သည်။ “ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကိုအစဉ်အမြဲစွန့်တော်မူမည်။” (၁ ရာဇဝင်ချုပ် ၂၈:၉) ထို့ကြောင့်လူတစ်ဦးသည် မည်သို့သောအမျိုးအနွယ်ဖြစ်ပါစေ၊ မည်သို့သောပညာအဆင့်အတန်းရှိပါစေ၊ ချမ်းသာ၊ ဆင်းရဲသည်ဖြစ်ပါစေ သူသည်စိတ်ရိုးမှန်ဖြင့် သမ္မာတရားကိုရှာလျှင်တွေ့မည်။ ရှာနေသူသည် မည်သည့်နေရာတွင်နေပါစေ သမ္မာတရားနှင့်ဆက်သွယ်မိရန် ခရစ်တော်နှင့် မိမိ၏ကောင်းကင်တမန်များသည် စီမံပေးမည်။ ထိုသို့ရှာနေခြင်းသည် မည်မျှဆုကျေးဇူးရရှိမည်နည်း။ ယေရှုက “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုသည်။—ယောဟန် ၁၇:၃။ ယေဇကျေလ ၉:၄ ကိုလည်းကြည့်ပါ။

လူလူချင်း ကိုးကွယ်မှုကို ရှောင်ခြင်း

၇၊ ၈။ (က) လူသားကို ကိုးကွယ်ခြင်းတွင် ဘာအန္တရာယ်ရှိသနည်း။ (ခ) မာရိနှင့်စပ်လျဉ်း၍ “အလွန်အမင်းလေးမြတ်၊ ဂုဏ်တင်အပ်နှံခြင်း” အကြောင်းရှင်းပြပါ။

၇ ကမ္ဘာတစ်ဝှန်းရှိသူများသည် လူသေ သို့မဟုတ် လူရှင်များကို “အလွန်အမင်းလေးမြတ်၊ ဂုဏ်တင်၊ ဆက်ကပ်ကြသည်။” ဤသို့ပြုခြင်းဖြင့် ဘုရားအားဝတ်ပြုသည့် တစ်စိတ်တစ်ပိုင်းဟု ယူမှတ်မည်ဖြစ်သော်လည်း အမှန်တွင်သူတို့အား စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်စေသည်။ သို့ပြုခြင်းဖြင့် ဘုရားအလိုတော်နှင့်ဆန့်ကျင်သော အယူများကိုယုံကြည်လုပ်ကိုင်စေသည်။ ထင်ရှားသောဥပမာတစ်ခုမှာ ရောမကာသိုလိပ်နှင့် အောသဒေါက်စ်ကာသိုလိပ်နိုင်ငံများရှိသန်းပေါင်းများစွာသည် ယေရှု၏မိခင်မာရိအပေါ်ထားရှိသည့် အမြင်ဖြစ်သည်။

၈ မာရိ၏ရုပ်တုများကို ဝတ်ပြုသည့်သဘောနှင့်ဦးချပြီး အသင်းတော်ခံယူချက်အယူ၌ “ကညာမာရိ သီအိုတခေါ့စ်” ဟုသူမအားရည်ညွှန်းသည်။ သီအိုတခေါ့စ် စာလုံးသည် “ဘုရားမွေးဖွားသူ” သို့မဟုတ် “ဘုရား၏မယ်တော်” ဟုဆိုလိုသည်။ The New Catholic Encyclopedia က၊ “မာရိသည်ဘုရားမယ်တော်ဖြစ်သည်။ . . . အကယ်၍မာရိသည်ဘုရားမယ်တော်အမှန်မဖြစ်လျှင် ခရစ်တော်သည် ဘုရားမှန်လည်းဖြစ်မည်မဟုတ်၊ လူမှန်လည်းဖြစ်မည်မဟုတ်” ဟုဆိုထားသည်။ ထိုကြောင့် သူတို့၏သုံးပါးပေါင်းတစ်ဆူအယူအရ ယင်းဘာသာရေးတို့က ယေရှုသည် လူ့အသွင်အနန္တတန်ခိုးရှင်ဘုရားဖြစ်ပြီး မာရိသည် “ဘုရားမယ်တော်” ဖြစ်သည်။ မာရိ၌ဆက်ကပ်ခြင်းကို ယင်းကဆက်ပြောသည်။ (၁) သန့်ရှင်းသောကညာ ဘုရားမယ်တော်၏ဂုဏ်တော်ကိုလေးမြတ်၊ ကိုင်းရှိုင်းခြင်း။ (၂) သူမ၏မိခင်ဆိုင်ရာနှင့် ဘုရင်မဆိုင်ရာ ကြားဖြန်သူအရာကြောင့် ကျွန်ုပ်တို့မယ်တော်ထံ ပတ္ထနာပြုတောင်းလျှောက်ခြင်း၊ . . . နှင့် [မာရိထံ] သီးသန့်ဆုတောင်းခြင်းပါဝင်သည်။

၉။ မာရိသည် “ဘုရားမယ်တော်” ဖြစ်ကြောင်း သမ္မာကျမ်းစာက သွန်သင်ပါသလော။

၉ သို့သော် သီအိုတခေစ် သည်၊ မှုတ်သွင်းခံကျမ်းစောင်များတွင် မတွေ့ရချေ။ မာရိသည် “ဘုရားမယ်တော်” ဖြစ်ကြောင်းကျမ်းစာတွင်ဘယ်နေရာ၌မျှ ဖေါ်ပြမထားချေ။ ယင်းကိုယေရှုသော်လည်းကောင်း၊ ပထမရာစုရှိ ခရစ်ယာန်များသော်လည်းကောင်း မသွန်သင်ချေ။ ထို့ပြင်ယေရှုသည် လူ့အသွင်အနန္တတန်ခိုးရှင်မဟုတ်ဘဲ ဘုရားသားတော်ဖြစ်ကြောင်း အထင်အရှားဖေါ်ပြသည်။bမာရိကိုကောင်းကင်တမန်တစ်ပါးက သားယောက်ျားဖွားမည့်အကြောင်းအသိပေးသောအခါ သူမအားဤသို့ပြောခဲ့သည်။ “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။” (လုကာ ၁:၃၅) ထိုကြောင့်ယေရှုသည် ဘုရားသားတော်ဖြစ်၍ လူ့အသွင်ဘုရားကိုယ်နှိုက် မဟုတ်ချေ။ ထို့ကြောင့်ပင် ယေရှုဖြစ်စေ၊ ကိုယ်တော်၏တပည့်တော်များဖြစ်စေ၊ မာရိကိုဘယ်သောအခါမှ “ဘုရားမယ်တော်” ဟုမခေါ်ခဲ့ချေ။

၁၀၊ ၁၁။ (က) ယေရှုသည် မိခင်အား မည်သို့ရှုမြင်ပုံကို မည်သည့်ဥပမာက တင်ပြသနည်း။ (ခ) တမန်တော်များနှင့် ယေရှု၏တပည့်တော်များသည် ကိုယ်တော်၏မိခင်ကို မည်သို့ရှုမြင်ခဲ့ကြသနည်း။

၁၀ ယေရှုသည် မိမိ၏မယ်တော်အား ရှုမြင်ပုံက သူမ၏အခြေအနေအဆင့်ကို ဖေါ်ပြသည်။ ကာနမင်္ဂလာဆောင်ပွဲတွင် သမ္မာကျမ်းစာမှတ်တမ်းကပြောပြသည်။ “စပျစ်ရည်ကုန်သောအခါ ယေရှု၏မယ်တော်က ‘စပျစ်ရည်မရှိ’ ဟုကြားပြော၏။” ဤတွင်ရောမကာသိုလိပ်ဒူးဝေးဘာသာပြန်ကျမ်းက “မိန်းမ၊ သင်နှင့်ငါအဘယ်သို့ဆိုင်သနည်း” ဟုယေရှုဖြေဆိုကြောင်း ဖေါ်ပြသည်။ (ယောဟန် ၂:၃၊ ၄) နောက်တစ်ကြိမ်တွင်လည်း ကိုယ်တော်ထံလူတစ်ဦးက “ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏” ဟုလျှောက်၏။ ထိုအချိန်သည်ယေရှုအနေနှင့် မိမိ၏မိခင်အား အထူးဂုဏ်တင်ရန်နှင့် အခြားသူများလည်း အလားတူပြုလုပ်ရန်ပြသဖို့ အခွင့်အရေးကောင်းပင်ဖြစ်သည်။ သို့သော်ယေရှုက “ဘုရား၏နှုတ်ကပတ်တော်ကို နာ၍ကျင့်စောင့်သောသူသည်မြတ်စွာသောမင်္ဂလာရှိသည်” ဟုမိန့်တော်မူ၏။—လုကာ ၁၁:၂၇၊ ၂၈။

၁၁ ယင်းအချက်များက ယေရှုသည်မာရိအားဆက်ကပ်ခြင်း သို့မဟုတ် ဂုဏ်တင်ခြင်း သို့မဟုတ် သူမအားအခြားဘွဲ့ထူးများဖြင့် ခေါ်ဆိုခြင်းများမပြုခဲ့ကြောင်း ပြသသည်။ ကိုယ်တော်သည်မိမိတို့၏တော်စပ်နေမှုကို ကိုယ်တော်အပေါ်လွှမ်းမိုးရန် ခွင့်မပြုခဲ့ချေ။ တမန်တော်များနှင့် တပည့်တော်များလည်း ကိုယ်တော်၏ပုံသက်သေကိုတုပကြသည်။ သူတို့၏မှုတ်သွင်းခံရေးသားချက်များတွင် မာရိကိုအထူးဂုဏ်တင်ခြင်း၊ ဘွဲ့ထူးပေးခြင်း၊ သို့မဟုတ် ချီးမြှောက်ခြင်းများမတွေ့ရချေ။ သူတို့သည်မာရိကို ယေရှုမိခင်အဖြစ်လေးစားသော်လည်း ယင်းထက်ပို၍မလွန်ခဲ့ချေ။ အမှန်ပင် သူတို့သည်သူမအားတစ်ခါမျှ “ဘုရားမယ်တော်” ဟုမခေါ်ခဲ့ချေ။ ယေရှုသည်လူ့အသွင်အနန္တတန်ခိုးရှင်မဟုတ်သောကြောင့် မာရိသည်ဘုရားနှုတ်ကပတ်တော်က ခွင့်ပြုသည်ထက်လွန်နေသောဘုရားမိခင် မဖြစ်နိုင်ကြောင်းသူတို့သိခဲ့ကြသည်။

မယ်တော်ဘုရားကိုးကွယ်မှု

၁၂။ မာရိသည် “ဘုရားမယ်တော်” ဖြစ်ကြောင်းအယူသည် မည်သည့်နေရာနှင့် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း။

၁၂ သို့ဖြစ်လျှင် ဤအယူအဘယ်ကဆင်းသက်သနည်း။ ယင်းသည်ကျွန်ုပ်တို့ခေတ် တတိယနှင့်စတုတ္ထရာစုတွင် မိစ္ဆာခရစ်ယာန်ဘောင်တွင်းသို့ တဖြည်းဖြည်းနှင့်ဝင်ရောက်လာသည်။ အထူးသဖြင့် ၃၂၅ စီအီးနောက်ပိုင်းတွင်ဖြစ်၍ ခရစ်တော်သည်ဘုရားဖြစ်သည်ဟု ကျမ်းစာနှင့်မညီသည့် သွန်သင်ချက်ကို နိုင်စီကောင်စီတွင် အတည်ပြုခဲ့စဉ်ကဖြစ်သည်။ ထိုမှားယွင်းသောအယူကို လက်ခံပြီးသည့်နောက် မာရိသည် “ဘုရားမယ်တော်” ဖြစ်ကြောင်းသွန်သင်ရန် ပိုလွယ်ကူစေခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ The New Encyclopœdia Britannica ကဤသို့ဆိုသည်။ “ယင်းဘွဲ့ [ဘုရားမယ်တော်] သည် တတိယနှင့်စတုတ္ထရာစုတွင် ဝတ်ပြုရေးအသုံးအနှုန်းအရ အလက်ဇန္ဒြီးယားမြို့တွင် ပေါ်ပေါက်လာပုံရသည်။ . . . စတုတ္ထရာစုအဆုံးပိုင်းတွင် သီအိုတခေါ့စ်သည် အောင်မြင်စွာဖြင့် ချာ့ချ်ကဏ္ဍအသီးသီးတွင် ထူထောင်ပြီးဖြစ်သည်။” The New Catholic Encyclopedia ကယင်းအယူသည် ၄၃၁ ခုနှစ်တွင် ဧဖက်ကောင်စီမှစ၍ တရားဝင်လက်ခံခဲ့ကြောင်း မှတ်သားထားသည်။

၁၃။ မာရိကို “ဘုရားမယ်တော်” ဟု တရားဝင်ခေါ်စေခဲ့သော ၄၃၁ စီ၊ အီး ရှိဧဖက်ကောင်စီကို ဘာကသြဇာလွှမ်းခဲ့ပုံရသနည်း။

၁၃ ယင်းကောင်စီတွေ့ဆုံရာနေရာနှင့် အဘယ်ကြောင့်တွေ့ဆုံရခြင်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ အီး၊ အို၊ ဂျိမ်းစ်ရေးသည့် The Cult of the Mother-Goddess စာအုပ်၌ ဤသို့ဖေါ်ပြသည်။ “ဧဖက်ကောင်စီသည် သီအိုတခေါ့စ်ခန်းမတွင် ၄၃၁ ခုနှစ်၌ စုဝေးခဲ့ကြသည်။ ထိုနေရာသည်အာတေမိ မိဘုရား သို့မဟုတ် ရောမအခေါ်အားဖြင့် ဒိုင်နာကိုဝတ်ပြုရာ အထင်ရှားဆုံးနေရာဖြစ်သည်။ ယင်းနေရာသည် စီအီး ၃၃၀ မှစ၍ မက်ဂ်နာမေတာ (ကြီးမြတ်သောမယ်တော်) အားအပ်နှံထားသော ဗိမာန်ကြီးအရိပ်အောက်တွင် သူမ၏ရုပ်တုကျလာသည်ဟုဆိုကြ၍ ထုံးတမ်းအရ မာရိ၏ယာယီနေရာရှိပြီး ‘ဘုရားမွေးဖွားသူ’ ဘွဲ့ကိုအမှန်ပင် ချီးမြှောက်ခဲ့ကြသည်။”

၁၄။ ဤအယူသည် ဒိဌိအရင်းခံဖြစ်ကြောင်း ရာဇဝင်က မည်သို့တင်ပြသနည်း။

၁၄ ထို့ကြောင့်သုံးပါးတစ်ဆူကဲ့သို့ “ဘုရားမယ်တော်” အယူသည် ဒိဌိအယူဖြစ်ပြီး ခရစ်ယာန်ယုံကြည်ခြင်းအားဖြင့် မျက်နှာဖုံးစွပ်ထားခြင်းဖြစ်သည်။ ယင်းအယူသည် ခရစ်တော်မတိုင်မီ ရာစုများစွာက ဒိဌိဘာသာများတွင် ထင်ရှားခဲ့သည်။ The New Encyclopœdia Britannica က “မယ်တော်ဘုရားမ” ခေါင်းစဉ်အောက်တွင် “ဘုရားမနှင့် ဖန်းတီးခြင်းဆိုင်ရာ မွေးဖွားခြင်း၊ ပွားများခြင်း၊ လိင်ပေါင်းစည်းမှု၊ မွေးမြူခြင်းနှင့် ကြီးထွားခြင်းသံသရာဆိုင်ရာ အမိနှင့်ဆိုင်သောအထိမ်းအမှတ်ဖြစ်သည်။ ကျောက်ခေတ်ဗီးနပ်စ်နှင့် ကညာမာရိတို့ကဲ့သို့သူများကိုလည်း ရည်ညွှန်းသည်။ . . . နတ်ဘုရားများကိုဖေါ်ပြရာ၌ အချို့ကို အမိဆိုင်ရာအထိမ်းအမှတ်ဖြင့်မဖေါ်ပြသော ယဉ်ကျေးမှုမရှိချေ။ . . . သူမသည် ကာကွယ်သူနှင့် နတ်ဘုရားသူငယ်ကို ကျွေးမွေးသူဖြစ်ပြီး လူသားအားလုံးအတွက်လည်းဖြစ်သည်။” ထို့ကြောင့်ကာသိုလိပ်ဘုန်းကြီး အင်ဒရူး ဂရီးလီက သူ၏ The Making of the Popes 1978 စာအုပ်တွင် “မာရိအထိမ်းအမှတ်သည် ခရစ်ယာန်ဘာသာကိုရှေး [ဒိဌိ] ဘာသာများနှင့် တိုက်ရိုက်ဆက်သွယ်ပေးသည်” ဟုဆိုသည်။

မတော်လျော်သော ဝတ်ပြုမှု

၁၅။ (က) မာရိနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဘောင်တွင် ဘာပေါ်ပေါက်ခဲ့သနည်း။ (ခ) သမ္မာကျမ်းစာအရ ဘုရားနှင့်ကျွန်ုပ်တို့စပ်ကြား မည်သူအသနားခံပေးသနည်း။

၁၅ မာရိကို “ဘုရားမယ်တော်” ဟုဆိုခြင်းသည် သူမအား လူသားများကိုးကွယ်ရန်ဖြစ်စေပြီး ယင်းသို့ပင် နှစ်ရာစုများစွာပြုခဲ့ကြသည်။ နိုင်ငံများစွာတွင် လူသန်းပေါင်းများစွာသည် သူမထံ သို့မဟုတ် သူမအားဖြင့် ပတ္တနာပြုခဲ့ပြီး သူမ၏ရုပ်တုထံ ဝတ်ပြုရေးဆိုင်ရာ အပ်နှံမှုများ ဆက်သကြသည်။ ဘာသာရေးဆရာများက မာရိကိုထိုသို့ကြည်ညိုခြင်းသည် ဘုရားကိုသွယ်ဝိုက်သောနည်းဖြင့် ကိုးကွယ်ခြင်းဖြစ်သည်ဟုဆိုမည်ဖြစ်သော်လည်း ဘုရားကထိုသို့မမြင်ချေ။ “ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့စပ်ကြားမှာ လူဖြစ်သောယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိတော်မူ၏။” (၁ တိမောသေ ၂:၅။ ၁ ယောဟန် ၂:၁၊ ၂) ယေရှုကိုယ်တိုင်က “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”—ယောဟန် ၁၄:၆။

၁၆။ ယေဟောဝါကိုသာ ဝတ်ပြုရမည့်အကြောင်း ပေတရုနှင့်ယောဟန် မည်သို့ရှင်းလင်းခဲ့သနည်း။

၁၆ မာရိကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ကြည်ညိုအပ်နှံခြင်း၊ သူမထံပတ္ထနာပြုခြင်း၊ သူမရုပ်တုရှေ့ဦးချခြင်းသည် ဖန်ဆင်းရှင်ထက်ဖန်ဆင်းရာကို ကိုးကွယ်နေခြင်းဖြစ်သည်။ ယင်းသည်ရုပ်တုကိုးကွယ်ခြင်းဖြစ်ပြီး ခရစ်ယာန်များအား “ရုပ်တုကိုကြဉ်ရှောင်ကြလော့” ဟုညွှန်ကြားထားခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၄) တစ်ပါးအမျိုးသားကော်နေလိသည် တမန်တော်ပေတရုအားကြည်ညိုစွာဖြင့် ဦးချသောအခါ ဘာဖြစ်သည်ကိုသတိပြုပါ။ “ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍ ပေတရု၏ခြေရင်း၌ ပြပ်ဝပ်ကိုးကွယ်လေ၏။ ပေတရုသည်သူ့ကိုချီပင့်လျက် ‘ထလော့။ ငါကိုယ်တိုင်လူဖြစ်သည်ဟုဆို၏။’” (တမန်တော် ၁၀:၂၅၊ ၂၆) ဝတ်ပြုရေးသဘောဖြင့် လူတစ်ဦးအားဦးချခြင်းသည် မသင့်လျော်သောကြောင့် ပေတရုလက်မခံချေ။ ထို့ပြင်ကောင်းကင်တမန်တစ်ပါးထံမှ ရူပါရုံရရှိပြီးနောက် တမန်တော်ယောဟန်က ဤသို့ဖော်ပြသည်။ “ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင် ထိုအရာများကိုပြသော ကောင်းကင်တမန်၏ခြေရင်း၌ ကိုးကွယ်အံ့သောငှာပြပ်ဝပ်၏။ ‘သူကလည်း မပြုပါနှင့်။ ငါကား သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။’”(ဗျာဒိတ် ၂၂:၈၊ ၉) ဘုရား၏ကောင်းကင်တမန်ကိုပင် ဝတ်မပြုရလျှင် လူသားများ သို့မဟုတ် သူတို့၏ရုပ်တုများဆိုလျှင် ပို၍ပင် ဝတ်မပြုသင့်ချေ။

၁၇။ မာရိကိုဂုဏ်တင်ခြင်းဖြင့် ဖြစ်နိုင်သောရလဒ်ကို ကာသိုလိပ်စွယ်စုံကျမ်းက မည်သို့ဝန်ခံသနည်း။

၁၇ ထိုသို့မာရိကိုကြည်ညိုအပ်နှံခြင်းသည်၊ The Catholic Encyclopedia တွင် အသိအမှတ်ပြုထားသည့်အတိုင်း မတော်လျော်သောဝတ်ပြုမှုကို ဖြစ်စေသည်။ ဤစောစောပိုင်းထုတ်ဝေသောစာအုပ်က “မင်္ဂလာရှိသောကညာကို ထိုသို့ရေပန်းစားသော ကြည်ညိုအပ်နှံခြင်းက အလွန်အကျွံ၊ မတော်မလျော်မှုများကို ဖြစ်စေသည်မှာ မငြင်းနိုင်ချေ” ဟုဖေါ်ပြခဲ့သည်။

၁၈။ ထိုသို့သောကျမ်းစာနှင့်မညီသည့် အယူသည် မည်သည့်ပင်ရင်းမှလာသနည်း။

၁၈ ထိုသို့ကျမ်းစာနှင့်မညီသောအယူသည် မည်သည့်အယူမှဆင်းသက်သနည်း။ ဘုရား၏ရန်သူ စာတန်မာရ်နတ်ထံမှဖြစ်သည်။ (ယောဟန်၈:၄၄) အဘယ်ကြောင့် ထိုသို့သောအယူကို သွန်သင်သနည်း။ အချုပ်အချာသခင်ယေဟောဝါကို အထင်သေး၊ နှိမ့်ချရန်၊ လူကိုချီးမြှောက်ရန် နှင့် ရှုပ်ထွေးစေရန် ဖြစ်သည်။ လူများကို စစ်မှန်သောဘုရားမှသွေဖည်စေပြီး ကယ်တင်ခြင်းကို သတ္တဝါများထံမှ ရှုမျှော်စေရန်ဖြစ်သည်။ ယင်းသည်နှစ်ရာစုပေါင်းများစွာ သာမန်လူများအပေါ် ဓမ္မဆရာများ၏သြဇာကို တိုးပွားစေခဲ့သည်။ အကြောင်းမှာ၊ ထိုသို့သောရှုပ်ထွေးသည့် သွန်သင်ချက်ကို ဓမ္မဆရာများသာနားလည်သောကြောင့် သူတို့၏ဘာသာရေးခေါင်းဆောင်များအောက် လုံးဝဝပ်နေရမည်ဟု သွန်သင်ခြင်းခံရလေသည်။

၁၉၊ ၂၀။ (က) ဘုရား၏ တရားစီရင်ခြင်းမလာမီ သိုးကဲ့သို့သောသူများသည် သမ္မာတရားတွေ့မည်အကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများသုံးသပ်မည်နည်း။

၁၉ သို့သော်ယေရှုကတင်ကူး၍ မိန့်မြွက်ခဲ့သည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄) ထို့ပြင်ယေဟောဝါက နိုင်ငံတော်ဟောပြောခြင်းဖြင့် ကိုယ်တော်သည် သိုးကဲ့သို့သောသူအားလုံးကို ‘ခြေတော်ရာသို့ လိုက်သွားနိုင်ရန် လမ်းခရီးတော်ကို ပြသသွန်သင်မည်’ ဟုကတိပြုထားသည်။ (ဟေရှာယ ၂:၂-၄) သူတို့အားယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးသို့ စုသိမ်းထားသောကြောင့် ယေရှုကဤသို့မိန့်ဆိုခဲ့သည်။ “သမ္မာတရားကိုလည်းသိသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” (ယောဟန် ၈:၃၂) ထို့ကြောင့်သမ္မာတရားကိုရှာသူတို့သည် တွေ့မည်ဖြစ်ပြီး ဖန်ဆင်းရှင်အလိုတော်ကို ထမ်းဆောင်ရန် ဟန့်တားထားသည့် မှားယွင်းသောဘာသာရေးသွန်သင်ချက်များမှ လွတ်မြောက်စေမည်ဖြစ်သည်။

၂၀ လူများကို ဖန်ဆင်းရှင်အားမှန်ကန်စွာကိုးကွယ်ခြင်းမှ သွေဖည်စေပြီး ဖန်ဆင်းရာများကို ကိုးကွယ်စေသည့် အများလက်ခံထားသော အခြားဘာသာရေးသွန်သင်ချက်နှင့် ထုံးတမ်းများရှိပါသေးသည်။ယင်းတို့အနက်အချို့ကား ဘာဖြစ်၍၊ ယင်းတို့မှရလဒ်ကား အဘယ်နည်း။ စစ်မှန်သောဝတ်ပြုရေးတွင် အဘယ်အရာပါဝင်သနည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကိုသုံးသပ်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a Webster’s Ninth New Collegiate Dictionary, 1986.

b ကင်းမျှော်စင် ဇွန်လ ၁ ရက်၊ ၁၉၈၉၊ စာမျက်နှာ ၁၀-၂၂ ကိုကြည့်ပါ။

မည်သို့ဖြေဆိုမည်နည်း။

▫ ယေဟောဝါကိုသာ ဝတ်ပြုရမည့်အကြောင်း ယေရှုမည်သို့ရှင်းလင်းစွာပြခဲ့သနည်း။

▫ လျော်ကန်စွာကိုးကွယ်ရန် ယခုအဘယ်ကြောင့်အထူးအရေးကြီးသနည်း။

▫ အဘယ်ကြောင့်မာရိကို ဂုဏ်မတင်သင့်သနည်း။

▫ မာရိသည် “ဘုရားမယ်တော်” ဖြစ်ကြောင်းအယူသည် အဘယ်ကစပေါ်ပေါက်ခဲ့သနည်း။

▫ တမန်တော်ပေတရုနှင့်ယောဟန်က ယေဟောဝါကိုသာ ကိုးကွယ်ရမည့်အကြောင်း မည်သို့အလေးအနက်တင်ပြခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ