ယေရှုခရစ်ပေါ်ထွန်းချိန်၌ ကယ်တင်ခြင်း
“ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း ယခုပင် ဝမ်းမြောက်ကြလော့။”—၁ ပေတရု ၄:၁၃။
၁ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို မည်သို့ဆုကျေးဇူးချတော်မူခဲ့သနည်း။
ယေဟောဝါသည် မိမိ၏သက်သေများကို ဆုကျေးဇူးများစွာဖြင့်ကြွယ်ဝစေတော်မူသည်။ ကျွန်ုပ်တို့၏မဟာလမ်းညွှန်ရှင်ကြီးအဖြစ် မိမိ၏အလိုတော်နှင့်ရည်ရွယ်တော်မူချက်များဆိုင်ရာ ကြွယ်ဝသောအသိပညာများအားဖြင့် ကျွန်ုပ်တို့ကိုဉာဏ်အလင်းပေးတော်မူသည်။ ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အထဲတွင် အလင်းကိုရဲရင့်စွာထွန်းလင်းနိုင်သည့်အရည်အချင်းကို ပြုစုပျိုးထောင်ပေးသည်။ မှုတ်သွင်းခံတမန်တော်ပေါလုက ကျွန်ုပ်တို့အား ၁ ကောရိန္သု ၁:၆၊ ၇ တွင်ပြောထားသည်မှာ “ခရစ်တော်၏သက်သေကို သင်တို့တွင်တည်စေသည်ရှိသော် . . . သင်တို့သည် ငါတို့သခင်ယေရှု၏ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေစဉ် ဆုတော်တစ်စုံတစ်ခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏” ဟူ၍ဖြစ်သည်။
၂။ “ငါတို့သခင်ယေရှုပေါ်ထွန်းတော်မူခြင်း” ကအဘယ်ရွှင်လန်းဖွယ်မျှော်လင့်ချက်ပေးသနည်း။
၂ “ငါတို့သခင်ယေရှုပေါ်ထွန်းတော်မူခြင်း”—ယင်းကားအဘယ်နည်း။ ယေရှုသည် ဘုန်းပွင့်ဘုရင်အဖြစ်ပေါ်ထွန်းတော်မူပြီး မိမိ၏သစ္စာရှိနောက်တော်လိုက်များအား ဆုချတော်မူကာ ဘုရားတရားမဲ့သူများအား လက်စားချေရန်အချိန်ကို ယင်းကရည်ညွှန်းသည်။ ၁ ပေတရု ၄:၁၃ တွင်ဖော်ပြထားသည့်အတိုင်း သမာဓိစောင့်သိသောဝိညာဏဘိသိက်ခံခရစ်ယာန်များနှင့် သူတို့၏သစ္စာရှိအပေါင်းအဖော်များဖြစ်ကြသည့်လူအုပ်ကြီးသည် “အလွန်ဝမ်းမြောက်ရွှင်လန်း” ကြမည့်အချိန်ဖြစ်၏။ အကြောင်းမှာ ယင်းသည် စာတန်၏အစီအစဉ်စနစ်ကုန်ဆုံးတော့မည့် နိမိတ်လက္ခဏာပင်ဖြစ်သည်။
၃။ သက်သာလောနိတ်မြို့ရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများနည်းတူ ကျွန်ုပ်တို့မည်သို့ခိုင်မြဲစွာရပ်တည်ကြရမည်နည်း။
၃ ထိုအချိန်နီးလာသည်နှင့်အမျှ ဒေါသကြီးနေသောစာတန်သည် ကျွန်ုပ်တို့ကိုတိုး၍ဖိနှိပ်လေသည်။ ဟောက်သောခြင်္သေ့ကဲ့သို့ ကျွန်ုပ်တို့အား ဝါးမျိုရန်သူကြိုးစားသည်။ ကျွန်ုပ်တို့ခိုင်မြဲစွာရပ်တည်ကြရမည်။ (၁ ပေတရု ၅:၈-၁၀) ရှေးသက်သာလောနိတ်မြို့ရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သမ္မာတရားတွင်လူသစ်ဖြစ်စဉ်က ယနေ့ယေဟောဝါသက်သေများ တွေ့ကြုံခံစားရသောဒုက္ခဆင်းရဲခြင်းမျိုးကို ခံစားခဲ့ကြရသည်။ ထို့ကြောင့် တမန်တော်ပေါလု သူတို့ထံရေးသောစကားများသည် ကျွန်ုပ်တို့အတွက်အဓိပ္ပာယ်များစွာရှိသည်။ သူရေးသည်က ဤသို့။ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ သင်တို့ကိုဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသောသင်တို့၌ ငါတို့နှင့်အတူချမ်းသာခြင်းကိုလည်းကောင်း ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်။” (၂ သက်သာလောနိတ် ၁:၆–၈) မှန်ပါသည်။ ကယ်လွှတ်ခြင်းလာကိုလာရပါမည်။
၄။ ယေရှု၏ပေါ်ထွန်းချိန်တွင် စီရင်မည့် တရားစီရင်ချက်ကို ဓမ္မဆရာများ အဘယ်ကြောင့်ခံထိုက်သနည်း။
၄ ပေါလုအချိန်က ဆင်းရဲဒုက္ခအများစုမှာ ဂျူးဘာသာရေးခေါင်းဆောင်များအားဖြင့်ဖြစ်သည်။ အလားတူယနေ့လည်း ငြိမ်းချမ်းမှုမြတ်နိုးသူ ယေဟောဝါသက်သေများကိုဆန့်ကျင်မှုများသည် မိမိတို့ကိုယ်ကို ဘုရားသခင်ကိုကိုယ်စားပြုသူများဟုဆိုသူ၊ အထူးသဖြင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏ သွေးထိုးလှုံ့ဆော်မှုအားဖြင့်ဖြစ်လေ့ရှိသည်။ သူတို့သည် ဘုရားသခင်ကိုသိယောင်ဆောင်ကြသော်လည်း ကျမ်းစာ၏ “တစ်ဆူတည်းသောယေဟောဝါ” ကို ငြင်းပယ်ကာ ကိုယ်တော်အား လျှို့ဝှက်နက်နဲသည့်သုံးပါးပေါင်းတစ်ဆူဘုရားဖြင့် အစားထိုးလိုက်ကြသည်။ (မာကု ၁၂:၂၉) သူတို့သည် ကျွန်ုပ်တို့သခင်ယေရှု၏သတင်းကောင်းနှင့်ပတ်သက်သည့်အချက်များကိုနာမခံကြဘဲ လွတ်မြောက်မှုအတွက် လူ့အုပ်ချုပ်မှုကို မျှော်ကိုးကာ ရောက်ရှိလာတော့မည့် ခရစ်တော်၏ဖြောင့်မတ်သောနိုင်ငံတော်သတင်းကောင်းကို ငြင်းပယ်ကြသည်။ ဤဘာသာရေးဆန့်ကျင်သူအားလုံးတို့သည် “ကောင်းကင်ဘုံမှ သခင်ယေရှု၏ပေါ်ထွန်းတော်မူချိန်တွင်” ဖျက်ဆီးခံကြရမည်။
ယေရှုခရစ် “ကြွလာတော်မူခြင်း”
၅။ မဿဲ ၂၄:၂၉၊ ၃၀ တွင်ယေရှု၏ပေါ်ထွန်းခြင်းကို မည်သို့အတိအလင်းဖော်ပြထားသနည်း။
၅ ထိုပေါ်ထွန်းခြင်းအကြောင်းကို မဿဲ ၂၄:၂၉၊ ၃၀ တွင် ယေရှု ရှင်းလင်းပြတ်သားစွာပုံဖော်ပြထားသည်။ ကိုယ်တော်ရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်၏ဆုံးခန်းဆိုင်ရာ ပုပ္ပနိမိတ်၏ အခြင်းအရာအသီးအသီးကို ဖော်ပြရာတွင် ကိုယ်တော်က “နေသည်မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည်ကောင်းကင်မှကျလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။” ထိုအခါ “လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။” မြေကြီးပေါ်မှာ “လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသား [ဘုရားသခင့်မေရှိယဘုရင်] သည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” ဤ “ကြွလာတော်မူခြင်း” သည် ဂရိလို အယ်ရ်ခိုမယ်နော်န် ဖြစ်ပြီး ယေဟောဝါ၏တရားစီရင်သူချုပ်အဖြစ် ယေရှုပေါ်ထွန်းခြင်းကိုရည်ညွှန်းသည်။
၆၊ ၇။ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်” ကားမည်သို့နည်း။ ယင်းတို့တွင် မည်သူများပါဝင်မည်နည်း။
၆ ဤ “ကြွလာတော်မူခြင်း” ကို တမန်တော်ယောဟန်ကလည်း ဗျာဒိတ် ၁:၇ တွင်ဤသို့ဖော်ပြထားသည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွကြွလာတော်မူသည်။” ရန်သူများသည် ကိုယ်တော်အား ပကတိမျက်စိဖြင့် မမြင်နိုင်ကြပါ။ အကြောင်းမှာ ကိုယ်တော်သည် မျက်မြင်မရသောနည်းဖြင့် တရားစီရင်ရန်လာကြောင်းကို “မိုးတိမ်” ကပုံဆောင်သည်။ လူသားစင်စစ်သည် ကိုယ်တော်၏ကောင်းကင်ဘုန်းတော်ရောင်ခြည်ကို ပကတိမျက်စိဖြင့်သာမြင်ရပါက ဒမာသက်မြို့သို့သွားသောလမ်းပေါ်တွင် ဘုန်းပွင့်သောယေရှုက တောက်ပသောအလင်းအသွင်ဖြင့် ထင်ရှားပြသောအခါ မျက်စိကန်းသွားသောရှောလုကဲ့သို့ မျက်စိကန်းကုန်မည်ဖြစ်သည်။—တမန်တော် ၉:၃-၈၊ ၂၂:၆-၁၁။
၇ ဗျာဒိတ်ကျမ်းမှတ်တမ်းက “ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့်ငိုကြွေးမြည်တမ်းရကြလိမ့်မည်” ဟုပြောထားသည်။ ယင်းက ယေရှုသည် ယေဟောဝါ၏တရားစီရင်သူအခွင့်အာဏာနှင့် သူတို့အပေါ်ပျက်စီးခြင်းဘေးသွန်းချရန် ကြွလာကြောင်းကို မြေကြီးပေါ်ရှိဆန့်ကျင်သူများ သိမြင်နားလည်ကြမည်ကို ဆိုလိုသည်။ ထိုသူများကို “ကိုယ်တော်ကိုထိုးဖောက်သောသူတို့” ဟုအဘယ်ကြောင့်ဖော်ပြထားရသနည်း။ အကြောင်းမှာ ယေဟောဝါ၏ကျေးကျွန်များအပေါ် ယနေ့သူတို့၏ခါးသီးစွာမုန်းတီးခြင်းသည် ယေရှုအားညှဉ်းဆဲသူများကဲ့သို့ပင်ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည် ‘ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်’ အမှန်။
၈။ ရုတ်တရက်ပျက်စီးခြင်းအကြောင်း ယေရှုနှင့်ပေါလုတို့သည် မည်သို့သတိပေးသနည်း။
၈ ယေဟောဝါ၏ကလဲ့စားချေရာ ထိုနေ့ကြီး မည်သို့ရောက်ရှိလာမည်နည်း။ လုကာအခန်းကြီး ၂၁ ပါပရောဖက်ပြုချက်တွင် ၁၉၁၄ ခုနှစ်ကတည်းက မိမိရောက်ရှိကြောင်းနိမိတ်လက္ခဏာအဖြစ် ဘေးဒုက္ခရောက်မည့်အဖြစ်အပျက်များကို ယေရှုဖော်ပြတော်မူခဲ့သည်။ ထို့နောက် အခန်းငယ် ၃၄ နှင့် ၃၅ တို့တွင် ယေရှုက “သင်တို့သည် ကိုယ်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောသူအပေါင်းတို့ကို အုပ်မိလိမ့်မည်” ဟုသတိပေးတော်မူခဲ့သည်။ မှန်ပါသည်။ ယေဟောဝါ၏ ထိုကလဲ့စားချေရာနေ့ကြီးသည် အလျင်အမြန်နှင့် ရုတ်တရက်ရောက်လာမည်။ ၁ သက်သာလောနိတ် ၅:၂၊ ၃ တွင် ယင်းအချက်ကို တမန်တော်ပေါလုအတည်ပြုထောက်ခံထားသည်။ “သူခိုးသည် ညအခါလာသကဲ့သို့ သခင်ဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့ရက်သည် [အတိအကျ၊ ကဘ] ရောက်လာမည်။ ‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏’ ဟုဆိုစဉ်တွင် . . . သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။” ယခုပင်လျှင် နိုင်ငံများသည် ငြိမ်းချမ်းခြင်းနှင့်ငြိမ်သက်ခြင်းအကြောင်းပြောဆိုနေကြပြီး စစ်အာဏာဖြင့် ပဋိပက္ခဖြစ်နေသည့်အရပ်များတွင် ငြိမ်ဝပ်ပိပြားစေခြင်းငှာ ကုလသမဂ္ဂ၌ အာဏာပိုမိုရရှိရန် အဆိုသွင်းနေကြပါသည်။
၉။ မည်သူများအတွက် ‘အလင်းပျိုးကြဲလျက်ရှိ’ မည်နည်း။ အဘယ်ကြောင့်နည်း။
၉ အခန်းငယ် ၄ နှင့် ၅ တို့တွင် တမန်တော်ကဆက်၍ ဤသို့ပြောထားသည်။ “သို့သော်လည်း ညီအစ်ကိုတို့ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည့်အကြောင်း သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက်၏သားမဟုတ်။” ကျွန်ုပ်တို့သည် အလင်း၏သားများ၊—ဘုရားသခင့်ကမ္ဘာသစ်တွင် စစ်မှန်သောငြိမ်းချမ်းမှုနှင့်လုံခြုံမှုကိုမျှော်မှန်းတမ်းတသောသူများအတွက် အလင်းဆောင်ပေးသူများ—ဖြစ်ရခြင်းကို ဝမ်းမြောက်ကြသည်။ ဆာလံ ၉၇:၁၀၊ ၁၁ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရှုရသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချစ်သောသူတို့ မကောင်းသောအမှုကိုရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကိုစောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နှုတ်တော်မူ၏။ အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။”
ဖြစ်ပျက်မှုအစီအစဉ်
၁၀။ ဘုရားသခင်၏တရားစီရင်ရာနေ့အကြောင်း အဘယ်ကြိုတင်သတိပေးချက်ကို ကျွန်ုပ်တို့နာခံသင့်သနည်း။ (ဗျာဒိတ် ၁၆:၁၅)
၁၀ ကြီးစွာသောဒုက္ခရောက်လာသောအခါ ဖြစ်ပျက်မှုအစီအစဉ်မည်သို့ရှိမည်နည်း။ ဗျာဒိတ်ကျမ်းအခန်းကြီး ၁၆ ကိုဖွင့်ကြည့်ကြစို့။ အခန်းငယ် ၁၃ မှ ၁၆ အထိတွင် ဖော်ပြထားသည့်အတိုင်း ညစ်ညူးသောနတ်ဆိုးဝိညာဉ်များသည် ကမ္ဘာတစ်ခုလုံးရှိနိုင်ငံများကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲဖြစ်သော အာမဂေဒုန်သို့ စုဝေးစေသည့်အချက်ကို သတိပြုပါ။ တစ်ဖန် သူခိုးကဲ့သို့ရောက်လာမည့် စာရင်းရှင်းမည့်နေ့ကြီးအကြောင်း ထင်ရှားစွာဖော်ပြပြီး ကျွန်ုပ်တို့သည် နိုးကြားနေရန်—ကယ်တင်ခြင်းရထိုက်ကြောင်းအမှတ်အသားဖြစ်သည့် ဝိညာဏအဝတ်တန်ဆာကို ဝတ်ဆင်ထားရန်—သတိပေးထားသည်။ မြေကြီးပေါ်ရှိလူများ၊ နိုင်ငံများနှင့် တစ်စုံတစ်ယောက်သောသူ—တရားစီရင်ခံရမည့်အချိန် ရောက်ရှိလာသည်။ ထိုတစ်စုံတစ်ယောက်သောသူကား အဘယ်သူနည်း။
၁၁။ ဗျာဒိတ် ၁၇:၅ ပါမိန်းမသည် သူ့ကိုယ်သူ မည်သို့ဖော်ပြသနည်း။
၁၁ ယင်းကား မိမိကိုယ်ကို “တစ်စုံတစ်ယောက်သောသူ” ဖြစ်စေသူ ပုံဆောင်ရာမိန်းမတစ်ဦးဖြစ်သည်။ သူမကို ဗျာဒိတ် ၁၇:၅ တွင် “နက်နဲသောအရာ၊ ‘မဟာဗာဗုလုန်၊ ပြည်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ’” ဟုဖော်ပြထားသည်။ သို့ရာတွင် သူမသည် ယေဟောဝါသက်သေများအတွက် နက်နဲရာမဟုတ်တော့ပါ။ သူမသည် အဓိကအစိတ်အပိုင်းအဖြစ် ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများ အဓိကဖွဲ့စည်းပါဝင်သည့် ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာဖြစ်ကြောင်း မိမိကိုယ်ကိုရှင်းလင်းစွာ ထင်ရှားပေါ်လွင်စေပြီ။ ယေဟောဝါ၏အမြင်၌ ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်မှာ သူမသည် နိုင်ငံရေးကိစ္စများ၌စွက်ဖက်ခြင်း၊ ခရစ်ယာန်စစ်များကို နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် “သန့်ရှင်းသူတို့၏အသွေးနှင့်ယစ်မူး” ခြင်း၊ ဤ ၂၀ ရာစုတစ်ခုတည်းအတွင်း စစ်ပွဲများ၌ လူသန်းတစ်ရာကျော် သေကျေရခြင်းအပါအဝင် “မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်းတို့၏အသွေး” အပြစ်မကင်းခြင်းတို့ပင်ဖြစ်သည်။—ဗျာဒိတ် ၁၇:၂၊ ၆၊ ၁၈:၂၄။
၁၂။ ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများသည် အဘယ်ကြောင့်တရားစီရင်ခံထိုက်သနည်း။
၁၂ အဆိုးဆုံးအရာမှာ ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများသည် ဟန်ဆောင်အရေခြုံ၍ မိမိတို့ကိုယ်စားပြုပါသည်ဟုဆိုကြသော ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေခြင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စင်ကြယ်သောနှုတ်ကပါဌ်တရားတော်အစား ဗာဗုလုန်နှင့်ဂရိအတွေးအခေါ်များကိုသွန်သင်ပေးပြီး လောကီတစ်နိုင်ငံလုံးကျင့်သုံးနေသော စာရိတ္တယိုယွင်းသည့်ပေါက်လွတ်ပဲစားဘဝပုံစံများတွင် ပါဝင်ပတ်သက်နေကြခြင်းအားဖြင့် ကျမ်းစာစံချိန်များကို မခန့်လေးစားပြုနေကြသည်။ သူတို့အထဲရှိ ကလိန်ကကျစ်ကျသောလောဘကြီး စီးပွားရေးသမားများသည် “အချင်းသူဌေးသူကြွယ်တို့၊ ယခုလာကြ။ သင်တို့အပေါ်၌ရောက်လတ္တံ့သောဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့ မိမိတို့နှလုံးကိုမွေးမြူကြပြီ” ဟူသော ယာကုပ် ၅:၁၊ ၅ တွင် ပြစ်တင်ရှုတ်ထားသကဲ့သို့ပင် ရှိနေကြသည်။
မဟာဗာဗုလုန်နှင့်အတူကျဆုံး
၁၃။ ကြီးစွာသောဒုက္ခ၏ပြစ်ဒဏ်စီရင်ခြင်းသည် မည်သို့စတင်မည်နည်း။ ဗျာဒိတ် ၁၈:၄၊ ၅ တွင်အဘယ်အရေးတကြီးအကြောင်းကို အလေးအနက်ဖော်ပြထားသနည်း။
၁၃ ကြီးစွာသောဒုက္ခသည် မဟာဗာဗုလုန်ကို ယေဟောဝါဘုရားသခင် ပြစ်ဒဏ်စီရင်ခြင်းဖြင့် ရုတ်တရက်စတင်မည်။ ဗျာဒိတ် ၁၇:၁၅-၁၈ ကဘုရားသခင့် “အကြံ”—မဟာဗာဗုလုန်ကိုမှောက်လှန်ပစ်ရန် နိုင်ငံအသီးသီးပါဝင်သည့်ယူအဲန် “သားရဲ” ၏အားကြီးသည့်အစွမ်းတန်ခိုး၊ “ချိုဆယ်ချောင်း” ကိုလှုံ့ဆော်ရန်ကို ရုပ်လုံးဖော်ထားသည်။ “ယခုမြင်သောချိုဆယ်ချောင်းနှင့်သားရဲသည် ပြည်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏အလိုတော်ကိုပြုခြင်းငှာ . . . ဘုရားသခင်သည် သူတို့၌အကြံပေးတော်မူ၏။” ယင်းကြောင့် ဗျာဒိတ် ၁၈:၄၊ ၅ ပါကောင်းကင်မှအရေးတကြီးသတိပေးချက်ကို အံ့ဩစရာမဟုတ်ပေ။ “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင်မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။” ဆက်လက်၍သတိပေးနေသည်။ အလွန်နောက်မကျသွားမီ မဟာဗာဗုလုန်နှင့် လုံးဝအဆက်အသွယ်ဖြတ်လိုက်ပါ။
၁၄။ မဟာဗာဗုလုန်ပျက်စီးသွားခြင်းကို မည်သူငိုကြွေးမြည်တမ်းမည်နည်း။ အဘယ်ကြောင့်နည်း။
၁၄ မဟာဗာဗုလုန်ပျက်စီးသွားခြင်းကို လောကမည်သို့သဘောထားမည်နည်း။ ဖောက်ပြန်ယိုယွင်းသောနိုင်ငံရေးသမားများ—“လောကီရှင်ဘုရင်တို့”—သည် အဝေးကရပ်လျက် သူမအတွက်ပူဆွေးနေကြသည်။ အကြောင်းမှာ သူတို့သည် သူမ၏ဝိညာဏမတရားမေထုန်တွင် ရာစုနှစ်ပေါင်းများစွာ အပြန်အလှန်ပျော်ပါးလိုက်ရသောကြောင့်ဖြစ်သည်။ သူမအတွက်ငိုကြွေးမြည်တမ်းသူများတွင် “သူမအားဖြင့်ချမ်းသာကြွယ်ဝလာသော ခရီးသွားလာသည့်ကုန်သည်များ” ဖြစ်ကြသည့် လောဘကြီးစီးပွားရေးသမားများလည်းပါသည်။ ထိုသူတို့သည်လည်း သူမနှင့်ဝေးစွာခွာရပ်လျက် “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။—ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကိုဝတ်၍ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကိုဆင်သောမြို့ကြီး၊ ဤမျှလောက်ကြီးစွာသောစည်းစိမ်သည် တစ်နာရီခြင်းတွင် ပျက်စီးပါပြီတကား” ဟုပြောဆိုကြလိမ့်မည်။ ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသည့် ဘာသာရေးအဝတ်တန်ဆာများနှင့် ကမ္ဘာ့အထည်ဝါဆုံးသောဝတ်ကျောင်းကြီးများတို့သည် ထာဝရဖျက်ဆီးခြင်းခံရကြပြီတကား။ (ဗျာဒိတ် ၁၈:၉-၁၇) သို့ရာတွင် မဟာဗာဗုလုန်အတွက် လူတိုင်းငိုကြွေးမြည်တမ်းကြမည်လော။
၁၅၊ ၁၆။ ဘုရားသခင့်လူမျိုး ဝမ်းမြောက်စရာ အဘယ်အကြောင်းရှိသနည်း။
၁၅ ဗျာဒိတ် ၁၈:၂၀၊ ၂၁ ကအဖြေပေးထားသည်။ “ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်ပရောဖက်တို့၊ သူ့ကိုကြည့်ရှု၍ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ သူ့ကိုတရားစီရင်တော်မူပြီ။” ကြီးစွာသောကြိတ်ဆုံကျောက်ကို ပင်လယ်ထဲသို့ချပစ်လိုက်သကဲ့သို့ “ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ် [ခဲ့ပြီးဖြစ်] ၍ နောက်တစ်ဖန်မပေါ်မရှိရ။”
၁၆ မည်မျှဝမ်းမြောက်ဖွယ်အဖြစ်အပျက်ပါတကား။ ဗျာဒိတ် ၁၉:၁-၈ ကယင်းကိုဖော်ပြထားသည်။ ကောင်းကင်မှ “ဂျားကိုချီးမွမ်းကြလော့” ဟူသောကြွေးကြော်သံသည် လေးကြိမ်တိုင်ပေါ်ထွက်လာသည်။ ပထမဟာလေလုယသုံးခုသည် ယေဟောဝါကိုချီးမွမ်းသည်။ အကြောင်းမှာ နာမည်ပျက်ပြည်တန်ဆာမကြီး မဟာဗာဗုလုန်ကို ကိုယ်တော်သည် ဖြောင့်မတ်သောဒဏ်စီရင်ချက်ချမှတ်လိုက်သောကြောင့်ဖြစ်သည်။ ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာလုံးဝမရှိရတော့ချေ။ ဘုရားသခင်၏ပလ္လင်တော်မှအသံက “ဘုရားသခင်၏ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့ဘုရားသခင်ကိုချီးမွမ်းကြလော့” ဟုထွက်ပေါ်လာသည်။ ထိုသီချင်းတွင် ကျွန်ုပ်တို့ပါဝင်သီဆိုခွင့်ရခြင်းသည် မည်မျှထူးမြတ်သည့်အခွင့်အရေးကြီးဖြစ်မည်ပါတကား။
သိုးသငယ်၏ မင်္ဂလာဆောင်ပွဲ
၁၇။ ဗျာဒိတ် ၁၁:၁၇ နှင့် ၁၉:၆ ကိုနှိုင်းယှဉ်ရာတွင် အဘယ်ရှေ့နောက်အဖြစ်အပျက်နှစ်ခုတွင် ဘုရင်အဖြစ် ယေဟောဝါ စတင်အုပ်စိုးတော်မူသနည်း။
၁၇ စတုတ္ထမြောက်ဟာလေလုယက အခြားအကြောင်းအရာတစ်ခုကို မိတ်ဆက်ပေးသည်။ “အသင်လူအပေါင်းတို့၊ ဂျားကိုချီးမွမ်းကြ။ အကြောင်းမူကား၊ ငါတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ယေဟောဝါသည် ဘုရင်အဖြစ် စတင်စိုးစံလေပြီ။” သို့သော် ဗျာဒိတ် ၁၁:၁၇ တွင်ထပ်တူသီဆိုထားသည်မဟုတ်ပေလော။ ထိုတွင်ကျွန်ုပ်တို့ဖတ်ရသည်မှာ “အနန္တတန်ခိုးနှင့်ပြည့်စုံ . . . တော်မူသောထာဝရအရှင် [ယေဟောဝါ၊ ကဘ] ဘုရားသခင်၊ ကိုယ်တော်၏မဟာတန်ခိုးတော်ကိုယူဆောင်၍ စိုးစံတော်မူသောကျေးဇူးတော်ကို အကျွန်ုပ်တို့သည်ချီးမွမ်းပါ၏။” မှန်ပါသည်။ မည်သို့ဆိုစေ၊ ဗျာဒိတ် ၁၁:၁၇ ၏အထက်အောက်စကားများက “လူမျိုးတကာတို့ကို သံလှံတံနှင့်အုပ်စိုးလတ္တံ့သော” မေရှိယနိုင်ငံတော်ကို ၁၉၁၄ ခုနှစ်တွင် ယေဟောဝါပေါ်ထွန်းစေတော်မူခဲ့ကြောင်း ဖော်ပြပါသည်။ (ဗျာဒိတ် ၁၂:၅) ဗျာဒိတ် ၁၉:၆ သည် မဟာဗာဗုလုန်ပျက်စီးခြင်းနှင့်စပ်လျဉ်းသည်။ ပြည်တန်ဆာနှင့်တူသော ဘာသာရေးကိုဖယ်ရှင်းပြီးနောက် ယေဟောဝါ၏ဘုရားအဖြစ်တော်သည် ထာဝစဉ်သင်္ကာယနကင်းစင်ဖွယ်ရာဖြစ်သွားမည်။ အကြီးမြတ်ဆုံးပိုင်သအုပ်စိုးရှင်နှင့် ဘုရင်အဖြစ် ကိုယ်တော်အားဝတ်ပြုခြင်းသည် ယခုမှစ၍ထာဝစဉ်လွှမ်းမိုးလိမ့်မည်တည်း။
၁၈။ မဟာဗာဗုလုန်ကိုသုတ်သင်ပြီးနောက် အဘယ်ရွှင်လန်းဖွယ်ကြေညာချက်ပြုရန် လမ်းပွင့်လာသနည်း။
၁၈ ထို့ကြောင့် ဤသို့ရွှင်လန်းဖွယ်ကြေညာချက်ကို ထုတ်ဆင့်နိုင်သည်။ “ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏မင်္ဂလာဆောင်ပွဲကိုခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီ။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သောပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား သန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။” (ဗျာဒိတ် ၁၉:၇၊ ၈) မြေကြီးပေါ်ကျန်ရှိနေသေးသည့် ဘိသိက်ခံအကြွင်းအကျန်တို့သည် မည်သည့်အခါ ကောင်းကင်ရှင်ပြန်ထမြောက်ခြင်းခံရမည်ကိုဖော်ပြထားခြင်းမရှိပါ။ သို့သော် ဤတွင်ကျမ်းအထက်အောက်စကားများအရ သိုးသငယ်ခရစ်တော်ယေရှု၏ မင်္ဂလာဆောင်ပွဲတွင်ပါဝင်ခွင့်ရခြင်းသည် သူတို့အတွက် ပျော်ရွှင်ဖွယ်ရာအချိန်ဖြစ်ပြီး သူတို့သည် နာမည်ပျက်ပြည်တန်ဆာဖြစ်သော မဟာဗာဗုလုန်၏ကျရှုံးခြင်းကို ဦးစွာသက်သေခံခွင့်ရကြသူများဖြစ်သည့်အတွက် ပို၍ပင်ပျော်ရွှင်ကြသည်။
စာတန့်လောက ဖျက်ဆီးခံရ
၁၉။ ဗျာဒိတ် ၁၉:၁၁-၂၁ တွင် အခြားအဘယ်အဖြစ်အပျက်ကို ဖော်ပြထားသနည်း။
၁၉ ဗျာဒိတ် ၆:၂ တွင်ဖော်ပြထားသောမြင်းဖြူသည် ယခုတစ်ဖန်ပေါ်လာပြန်သည်။ ဗျာဒိတ် ၁၉:၁၁ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်။ “မြင်း [ဖြူ] စီးသောသူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။” ထို့ကြောင့် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” သည် လူမျိုးတို့ကိုဒဏ်ခတ်ရန်နှင့် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူ” ရန် မြင်းစီး၍ထွက်သွားသည်။ “လောကီရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများ” သည် အာမဂေဒုန်စစ်ပွဲဆင်နွှဲရန်စုရုန်းကြခြင်းမှာ အချည်းနှီးသာဖြစ်သည်။ မြင်းဖြူစီးသောသူသည် သူ၏အောင်မြင်ခြင်းကို ပြီးမြောက်စေမည်။ စာတန်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းနှင့်ပတ်သက်သည့် မည်သည့်အရာမျှ ကျန်ရှိတော့မည်မဟုတ်ပါ။—ဗျာဒိတ် ၁၉:၁၂-၂၁။
၂၀။ မာရ်နတ်ကိုယ်တိုင် အဘယ်သို့ဖြစ်သွားမည်နည်း။
၂၀ မာရ်နတ်ကိုယ်တိုင်ကား အဘယ်သို့နည်း။ ဗျာဒိတ် ၂၀:၁-၆ တွင် ယေရှုခရစ်ကို “အနက်ဆုံးသောတွင်း၏သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်” သောကောင်းကင်တမန်အဖြစ် ဖော်ပြထားသည်။ ကိုယ်တော်သည် မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးကို ကိုင်ဖမ်းချည်နှောင်ပြီး တွင်းနက်ကြီးထဲသို့ပစ်ချကာ တွင်းဝကိုပိတ်၍တံဆိပ်ခတ်လိုက်သည်။ စာတန်ဖမ်းချုပ်ခံရပြီး လူမျိုးများကိုမလှည့်ဖြားနိုင်တော့သဖြင့် သိုးသငယ်နှင့် သူ၏သတို့သမီးတို့၏ ဘုန်းအသရေရှိ အနှစ်တစ်ထောင်အုပ်ချုပ်ရေးရောက်ရှိလာသည်။ မျက်ရည်နှင့်ဝမ်းနည်းခြင်းများမရှိတော့။ အာဒံအပြစ်ကြောင့် သေဆုံးရခြင်းလည်းမရှိတော့။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းများမရှိတော့။ “ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
၂၁။ ယေရှုခရစ်ပေါ်ထွန်းတော်မူခြင်းကို ကျွန်ုပ်တို့စောင့်ဆိုင်းနေကြစဉ်အတွင်း အဘယ်သို့စိတ်ဆုံးဖြတ်ထားသင့်သနည်း။
၂၁ ကျွန်ုပ်တို့သခင်ယေရှုခရစ်ပေါ်ထွန်းတော်မူခြင်းကို ကျွန်ုပ်တို့စောင့်ဆိုင်းနေကြစဉ်အတွင်း ဘုရားသခင်၏မေတ္တာပြည့်ဝသောနိုင်ငံတော်ကတိတော်များအကြောင်းကို သူတစ်ပါးအားပြောကြားရာ၌ ဇွဲရှိကြောင်းတင်ပြကြစို့လေ။ ကယ်တင်ရာအချိန်နီးပြီ။ ပိုင်သအုပ်စိုးခွင့်ရှိတော်မူသောဘုရားသခင်၏ အလင်းပညာရရှိထားသည့်သားသမီးများအနေနှင့် ကျွန်ုပ်တို့သည် ရှေ့သို့သာတိုး၍တိုး၍ လျှောက်လှမ်းသွားကြစို့လေ။
ပြန်လည်သုံးသပ်ခြင်း
◻ ယေရှုခရစ်ပေါ်ထွန်းချိန်နီးကြောင်း အဘယ်အရာကတင်ပြသနည်း။
◻ ယေဟောဝါ၏ကလဲ့စားချေရာနေ့ကြီး မည်သို့ရောက်ရှိလာမည်နည်း။
◻ “ယေဟောဝါကိုချစ်သောသူတို့” သည် လက်ရှိကမ္ဘာ့အခြေအနေကို မည်သို့သဘောထားသင့်သနည်း။
◻ ကြီးစွာသောဒုက္ခရောက်လာသောအခါ ဖြစ်ပျက်မှုအစီအစဉ်မည်သို့ရှိမည်နည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှုသည် ‘မိုးတိမ်နှင့်တကွကြွလာတော်မူသည်’၊ မျက်မြင်မရသောနည်းဖြင့် တရားစီရင်ရန်လာ၏
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
များမကြာမီ မဟာဗာဗုလုန်၊ စာတန်၏ စနစ်ဆိုးနှင့် စာတန်ကိုယ်တိုင်ပင် သုတ်သင်ခံရမည်