ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကိုအဘယ်ကြောင့် ချီးမွမ်းသင့်သနည်း
ဟာလေလုယ! ဤစကားလုံးကို ခရစ်ယာန်ဘောင်ချာ့ချ်တက်ရောက်သူအများစု ကောင်းကောင်းသိကြသည်။ ယင်းကို သူတို့ထဲမှအချို့သည် သူတို့၏တနင်္ဂနွေဝတ်ပြုမှုများတွင် အသံကျယ်ကျယ်ဖြင့်ကြွေးကြော်ကြသည်။ သို့သော် မည်မျှပင်သိစေကာမူ ထိုစကားလုံးသည် တကယ်တမ်းမည်သည့်အဓိပ္ပာယ်ရှိကြောင်း သိကြသလော။ အမှန်စင်စစ်၊ ယင်းသည် ဟေဗြဲစကားလုံးဖြစ်ကာ “ဂျားကိုချီးမွမ်းလော့” ဟူ၍ဖြစ်သည်။ ယင်းသည် ယေဟောဝါအမည်ရှိသောဖန်ဆင်းရှင်ကို ရွှင်လန်းစွာနှင့်အားတက်သရောကောင်းချီးပေးခြင်းဖြစ်သည်။a
“ဟာလေလုယ” စကားလုံးကို သမ္မာကျမ်းစာတွင် မကြာခဏတွေ့ရှိရသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်ကိုချီးမွမ်းရန်အကြောင်း မြောက်မြားစွာရှိသောကြောင့်ဖြစ်သည်။ ဂျား (ယေဟောဝါ) သည် ကြီးမားကျယ်ပြောသောစကြဝဠာ၏ ဖန်ဆင်းရှင်နှင့်အထောက်အပံ့ပေးသူဖြစ်သည်။ (ဆာလံ ၁၄၇:၄၊ ၅; ၁၄၈:၃-၆) ကိုယ်တော်သည် ကမ္ဘာပေါ် သက်ရှိများရှင်သန်စေရန် သက်ရှိဝန်းကျင်အဖွဲ့များကို စတင်ပေါ်ပေါက်စေခဲ့သည်။ (ဆာလံ ၁၄၇:၈၊ ၉; ၁၄၈:၇-၁၀) ကိုယ်တော်သည် အထူးသဖြင့် လူကိုစိတ်ဝင်စားတော်မူသည်။ ကိုယ်တော့်အလိုတော်ဆောင်ပါက ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤအသက်တာတွင် ကောင်းချီးများနှင့်အထောက်အပံ့များကိုပေးကာ သာ၍ကောင်းသောအသက်တာဖြင့်အသက်ရှင်ရမည့် သေချာသောမျှော်လင့်ချက်ကိုပေးတော်မူသည်။ (ဆာလံ ၁၄၈:၁၁-၁၄) ဤစကားကိုမှုတ်သွင်းခဲ့သူမှာ ဂျား (ယေဟောဝါ) ဖြစ်သည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
ထို့ကြောင့် ဤတိုက်တွန်းချက်က အားလုံးကိုရည်ညွှန်းပါသည်– “ဟာလေလုယ!” “ဂျားကိုချီးမွမ်းကြလော့၊ အသင်လူများ!” (ဆာလံ ၁၀၄:၃၅၊ ကဘ; အောက်ခြေမှတ်ချက်) သို့သော်၊ ဝမ်းနည်းစရာကား လူတိုင်း ထိုသို့မတုံ့ ပြန်ကြပေ။ ယနေ့၊ လူတို့သည် ဆင်းရဲဒုက္ခခံစားနေရသည်။ များစွာသောသူတို့သည် ငတ်ပြတ်မှု၊ ဖျားနာမှု သို့မဟုတ် ဖိစီးမှုခံနေရသည်။ လူမြောက်မြားစွာသည် မူးယစ်ဆေး သို့မဟုတ် အရက်ကိုအလွဲသုံးခြင်း၊ စာရိတ္တယိုယွင်းမှု သို့မဟုတ် ပုန်ကန်မှုတို့၏အကျိုးဆက်ကြောင့် ဝမ်းနည်းစရာများစွာကိုခံစားကြရသည်။ ထိုသို့သောသူများ ဘုရားသခင်ကိုချီးမွမ်းသင့်သည့် အကြောင်းတစ်ခုခုရှိပါသလော။
‘ယေဟောဝါသာလျှင်ကျွန်မကို မျှော်လင့်ချက်ပေးနိုင်ပါတယ်’
ရှိပါသည်၊ ယေဟောဝါသည် မိမိနှင့် မိမိအလိုတော်ကိုသိရန်၊ မိမိအားချီးမွမ်းလိုစိတ်ပေါ်လာစေသည့် ကောင်းချီးမင်္ဂလာများခံစားရရန် ခြွင်းချက်မထားဘဲ လူတိုင်းကို ဖိတ်ခေါ်ပါသည်။ ယင်းကို များစွာသောသူတို့တုံ့ ပြန်ကြသည်။ ဥပမာအနေနှင့် ဂွာတီမာလာနိုင်ငံရှိ အာဒရီယာနာကိုကြည့်ပါ။ အာဒရီယာနာ အသက်ခုနစ်နှစ်တွင် သူမ၏မိခင်သေဆုံးခဲ့သည်။ နောက်မကြာမီမှာပင် သူမ၏ဖခင်သည် သူမအားပစ်ထားခဲ့သည်။ သူမဆယ်နှစ်ရှိသောအခါ ဝမ်းစာရှာလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ရသည်။ ဘုရားသခင်နှင့် ချာ့ချ်၏အမှုကိုဆောင်ရန် သူမ၏မိခင်ကပြောခဲ့သောကြောင့် ကက်သလစ်အသင်းအမျိုးမျိုးနှင့်ပေါင်းခဲ့သော်လည်း သူမအသက် ၁၂ နှစ်ရှိသောအခါ စိတ်ပျက်ကာ လမ်းသရဲဂိုဏ်းတစ်ခုနှင့်ပေါင်းခဲ့သည်။ သူမသည် စ၍ဆေးလိပ်သောက်၊ မူးယစ်ဆေးသုံးကာခိုးတတ်လာတော့သည်။ ထိုသို့သောအမျိုးသမီးငယ်သည် အဘယ်ကြောင့် ဘုရားသခင်ကိုချီးမွမ်းလိုပါသနည်း။
အာဒရီယာနာ၏အမသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သော်လည်း အာဒရီယာနာက ပြက်ရယ်ပြုခဲ့သည်။ ထို့နောက် သူမတို့၏အဒေါ်သေဆုံးခဲ့သည်။ သူမအဒေါ်၏စျာပနအခမ်းအနားတွင် အာဒရီယာနာသည် စိတ်ရှုပ်ထွေးစရာမေးခွန်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူမ၏အဒေါ် မည်သည့်နေရာသို့ရောက်သွားသနည်း။ ကောင်းကင်တွင်လော။ မီးဟုန်းဟုန်းတောက်သောငရဲသို့ရောက်သွားသလော။ အလွန်ခေါင်းရှုပ်သောကြောင့် အာဒရီယာနာသည် သူမ၏အမသင်ပေးသည့်အတိုင်း ဘုရားသခင်၏နာမတော်ဖြစ်သည့် ယေဟောဝါကိုအသုံးပြုပြီးဆုတောင်းရန် သုသာန်ရှိဝတ်ကျောင်းသို့သွားခဲ့သည်။
မကြာမီ သူမသည် ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာကာ ခရစ်ယာန်အစည်းအဝေးများကိုတက်လာသည်။ သို့ပြုခြင်းက သူမအား အသက်နှင့်ပတ်သက်သော သဘောထားအသစ်ကိုရရှိစေကာ လမ်းသရဲဂိုဏ်းများနှင့် အဆက်ဖြတ်စေခဲ့သည်။ ယခုအခါ အသက် ၂၅ နှစ်ခန့်ရှိသော အာဒရီယာနာက “ယေဟောဝါကိုချစ်ခြင်းကသာ ဒီလိုဘဝလမ်းဆိုးကို ကျွန်မစွန့်လွှတ်ဖို့ ဖြစ်စေခဲ့ပါတယ်။ယေဟောဝါသာလျှင် မဟာကရုဏာတော်နဲ့ ကျွန်မကို ထာဝရအသက်မျှော်လင့်ချက်ပေးနိုင်ခဲ့ပါတယ်” ဟုပြောခဲ့သည်။ အာဒရီယာနာသည် ဘဝတွင် အခက်အခဲစတင်ကြုံတွေ့ရသော်လည်း ဘုရားသခင်ကိုချီးမွမ်းရန် သာ၍ကောင်းသောအကြောင်းများရှိခဲ့သည်။
ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့သည့်အခြေအနေတစ်ခုကို ယူကရိန်းနိုင်ငံမှ သတင်းရရှိသည်။ လူတစ်ဦးသည် သေဒဏ်စီရင်ခံဖို့ထောင်ထဲ၌စောင့်နေရသည်။ ထိုသူသည် သူ့ကိုယ်သူသနားနေသလော။ စိတ်ဓာတ်ကျနေသလော။ ထိုသို့လုံးဝမဖြစ်ပါ။ မကြာသေးမီက ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရခဲ့ပြီး ယေဟောဝါနှင့်ဆိုင်သည့်အသိပညာအချို့ရခဲ့ကာ သူ၏အမေနှင့်သွားတွေ့ရန် တောင်းဆိုခဲ့သည်။ မိမိတောင်းဆိုသည့်အတိုင်း ဖြည့်စွက်ပေးသည်ကိုကြားရ၍ သူတို့ထံ ယခုသူစာရေးသည်။ သူဤသို့ရေးသည်– “ကျွန်တော့်အမေဆီသွားလည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် နောက်ဆုံးနှစ်အတွင်းမှာ ဒါဟာပျော်စရာအကောင်းဆုံးသတင်းပါပဲ။”
မိမိနှင့် မိမိသက်သေခံခဲ့သည့် အကျဉ်းသားဖော်များအကြောင်း သူဤသို့ရေးခဲ့သည်– “အခု ကျွန်တော်တို့ ဘုရားသခင်ကိုယုံကြည်ပြီး ယုံကြည်ချက်နဲ့အညီ လုပ်ဆောင်ဖို့ကြိုးစားကြပါတယ်။” သူ၏စာကို ဤသို့နိဂုံးချုပ်လိုက်သည်– “မေတ္တာဟာ ဘာလဲဆိုတာကိုသိနားလည်လာဖို့၊ ယုံကြည်ခြင်းရှိဖို့ ကျွန်တော်တို့ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်အသက်ရှင်ရဦးမယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားတို့ကိုကူညီလုပ်ဆောင်ပါ့မယ်။ ခင်ဗျားတို့ အသက်ရှင်နေကြရပြီး ဘုရားသခင်ကိုချစ်ဖို့နဲ့ကိုယ်တော်ကိုယုံကြည်ဖို့ အခြားသူတွေကိုကူညီပေးရတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ကြပါ။” ဤသူသည် မိမိ၏သေဒဏ်ကို အယူခံဝင်ခဲ့သည်။ သို့သော် အသတ်ခံရသည်ဖြစ်စေ သို့မဟုတ် ထောင်ထဲ၌နှစ်ပေါင်းများစွာကုန်လွန်ခဲ့ရသည်ဖြစ်စေ ထိုသူ၌ ဘုရားသခင်ကိုချီးမွမ်းရန်အကြောင်း ရှိနေသည်မှာထင်ရှားပါသည်။
‘ကျွန်မမျက်စိကွယ်ပေမဲ့ မြင်နေရပါတယ်’
ယခု၊ [အမြင်] ရုတ်တရက်ဆုံးရှုံးသွားသည့် တက်ကြွသောဆယ်ကျော်သက်အမျိုးသမီးတစ်ဦးကို သုံးသပ်ကြည့်ပါ။ အာဂျင်တီးနားတွင်နေထိုင်သူ ဂလိုရီယာဖြစ်သည်။ သူမသည် အသက် ၁၉ နှစ်တွင် ရုတ်တရက်မျက်စိကွယ်သွားပြီး [အမြင်] ကို ဘယ်တော့မှပြန်မရတော့ပေ။ အသက် ၂၉ နှစ်တွင် သူမသည် လူတစ်ဦး၏အပျော်မယားလုပ်ပြီး မကြာမီ ကိုယ်ဝန်ရခဲ့သည်။ ထိုအခါ သူမ၏ဘဝသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ သို့သော် သူမ၏ကလေးသေဆုံးသွားသောအခါ စတင်၍မေးခွန်းများမေးလာသည်။ ‘ငါဘာကြောင့် ဒီလိုအဖြစ်မျိုးကြုံရတာလဲ။ ငါဘာလုပ်ခဲ့လို့လဲ။ ဘုရားတကယ်မှရှိရဲ့လား’ ဟူသည့်အချက်များကို သူမသိလိုသည်။
ဤအချိန်တွင် သူမ၏အိမ်တံခါးဝသို့ ယေဟောဝါသက်သေနှစ်ဦးရောက်လာသည်။ သူမ ကျမ်းစာစလေ့လာပြီး ကမ္ဘာသစ်တွင် မျက်မမြင်သူများပြန်မြင်လာမည်ဟူသည့် ကတိတော်ကို သိခဲ့ရသည်။ (ဟေရှာယ ၃၅:၅) ဂလိုရီယာအတွက် အံ့ချီးဖွယ်မျှော်လင့်ချက်တစ်ခုပါတကား! သူမ အလွန်ပျော်ခဲ့ပြီး အထူးသဖြင့် သူမ၏ခင်ပွန်းက တရားဝင်လက်ထပ်ရန် သဘောတူခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုနောက်တွင် သူမ၏ခင်ပွန်းသည် မတော်တဆထိခိုက်မှုဖြစ်၍ မသန်စွမ်းသူတစ်ဦးဖြစ်လာကာ ဘီးတပ်ကုလားထိုင်ဖြင့်နေရသည်။ ယနေ့ ဤမျက်မမြင်အမျိုးသမီးသည် အသက်ရှင်နေထိုင်ရေးအတွက် အလုပ်အလွန်ကြိုးစားလုပ်နေရသည်။ ထို့အပြင် သူမသည် ခင်ပွန်းသည်ကို ဂရုစိုက်ကြည့်ရှုရ၊ အိမ်အလုပ်အားလုံးကိုပါလုပ်ဆောင်ရသည်။ သို့တိုင် ဂလိုရီယာသည် ယေဟောဝါကို ချီးမွမ်းပါသည်တကား! သူမ၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများအကူအညီဖြင့် မျက်မမြင်ကျမ်းစာကိုလေ့လာကာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှခရစ်ယာန်အစည်းအဝေးများအားဖြင့် အားပေးမှုများစွာရရှိခဲ့သည်။ သူမဤသို့ပြောသည်– “ရှင်းပြဖို့တော့ခက်ပါတယ်၊ ကျွန်မ မျက်စိကွယ်ပေမဲ့ မြင်နေရသလိုပါပဲ။”
တစ်ခါတစ်ရံ လူတို့သည် ဘုရားသခင်ကိုချီးမွမ်းသောအခါ နှိပ်စက်ညှဉ်းပန်းခြင်းခံရကြသည်။ ခရိုအေးရှားမှအမျိုးသမီးတစ်ဦးသည် ဘုရားသခင်အကြောင်းသိရ၍ပျော်ခဲ့ရသော်လည်း ခင်ပွန်းသည်က သူမအသစ်တွေ့လာသည့်ယုံကြည်ခြင်းကို အတိုက်အခံလုပ်ပြီး တစ်နှစ်အရွယ်သမီးကလေးကိုခေါ်၍ သူမကိုပစ်ထားခဲ့သည်။ အိမ်မရှိ၊ အလုပ်မရှိ၊ ကလေးပင်မရှိတော့ဘဲ လမ်းပေါ်တွင် ခင်ပွန်းနှင့်မိသားစု၏စွန့်ပစ်ခြင်းကိုခံရ၍ အစတွင် သူမအလွန်ဝမ်းနည်းခဲ့သည်။ သူမ၏သမီးကလေးနှင့် မကြီးမချင်း အနည်းအကျဉ်းလောက်သာတွေ့ခဲ့ရသော်လည်း ယေဟောဝါကိုချစ်သည့်သူမ၏မေတ္တာက သူမကိုထောက်မပေးခဲ့သည်။ ဤအမျိုးသမီးသည် “အလွန်အဖိုးထိုက်သောပုလဲ” ကိုတွေ့ခဲ့ပြီး ယင်းကိုလက်လွတ်မခံခဲ့ပါ။ (မဿဲ ၁၃:၄၅၊ ၄၆) ဤအခက်အခဲကာလများတစ်လျှောက် သူမ၏ရွှင်လန်းမှုကို မည်သို့ထိန်းသိမ်းထားခဲ့သနည်း။ သူမဤသို့ပြောပြသည်– “ရွှင်လန်းခြင်းဟာ ဘုရားသခင်ရဲ့ဝိညာဉ်အသီးတစ်လုံးဖြစ်ပါတယ်။ အပင်တွေဟာ ပြင်ပရာသီဥတုဘယ်လိုပဲရှိရှိ ဖန်လုံအိမ်ထဲမှာရှင်သန်နိုင်သလိုပါပဲ ပြင်ပအခြေအနေတွေကိုမမှီခိုဘဲ ပြုစုပျိုးထောင်နိုင်ပါတယ်။”
ဖင်လန်နိုင်ငံတွင် ခြောက်နှစ်သားအရွယ်မားကပ်စ်သည် ကုမရသောကြွက်သားနှင့်ဆိုင်သည့်ရောဂါရှိကြောင်းသိခဲ့ရသည်။ မကြာမီမှာပင် ဘီးတပ်ကုလားထိုင်နှင့် သူနေရသည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူ၏အမေသည် ဖျားနာသူများကိုပျောက်ကင်းအောင်ကုပေးသည်ဟု ဟိုးလေးတကျော်ဖြစ်နေသော ပဲန်တီကော့စ္စတယ်လ်အသင်းသားတစ်ဦးထံ သူ့ကိုခေါ်သွားသည်။ သို့သော် သူ့အတွက် အံ့ဖွယ်ကုသမှုမဖြစ်ခဲ့ပါ။ ထို့ကြောင့် မားကပ်စ်သည် ဘုရားသခင်ကိုစိတ်ဝင်စားမှုမရှိတော့ဘဲ သိပ္ပံပညာနှင့်အခြားလောကီပညာရပ်နယ်ပယ်များကို လေ့လာလိုက်စားခဲ့သည်။ သို့နှင့် လွန်ခဲ့သည့်ငါးနှစ်ခန့်က ဘီးတပ်ကုလားထိုင်နှင့်အမျိုးသမီးတစ်ဦးသည် လူငယ်တစ်ဦးနှင့်အတူ မားကပ်စ်အိမ်သို့ရောက်လာကြသည်။ သူတို့သည် ယေဟောဝါသက်သေများဖြစ်ကြသည်။ ထိုအချိန်တွင် မားကပ်စ်သည် ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သော်လည်းဘာသာတရားအကြောင်းဆွေးနွေးဖို့မကန့်ကွက်ဘဲ သူတို့ကိုအိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။
နောက်ပိုင်းတွင် သူ့ထံ အိမ်ထောင်သည်မောင်နှံတစ်စုံ လာရောက်လည်ပတ်ပြီး ကျမ်းစာသင်အံမှုစခဲ့သည်။ နောက်ဆုံးတွင် ကျမ်းစာသမ္မာတရား၏တန်ခိုးက မားကပ်စ်၏အမြင်များကို ပြောင်းလဲပေးလိုက်ပြီး မသန်မစွမ်းဖြစ်သော်လည်း မိမိ၌ အမှန်ပင် ဘုရားသခင်ကိုချီးမွမ်းရန်အကြောင်းများ ရှိကြောင်းသိနားလည်လာသည်။ သူဤသို့ပြောသည်– “သမ္မာတရားနဲ့ယေဟောဝါအသုံးပြုနေတဲ့အဖွဲ့အစည်းကို တွေ့ရလို့ ကျွန်တော်သိပ်ပျော်ပါတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ဘဝမှာ ဦးတည်ချက်နဲ့ အဓိပ္ပာယ်ရှိနေပါပြီ။ ပျောက်တဲ့သိုးတစ်ကောင်ပြန်လာပြီး ယေဟောဝါရဲ့သိုးတော်စုကနေ ပြန်မထွက်သွားလိုတော့ပါဘူး!”—မဿဲ ၁၀:၆ နှိုင်းယှဉ်။
“ဂျားကိုချီးမွမ်း” ကြစို့
ဤတွေ့ ကြုံမှုများသည် ယနေ့လူသားများ မိမိတို့၏အခြေအနေမည်သို့ပင်ရှိစေကာမူ ဘုရားသခင်အားချီးမွမ်းရန်အကြောင်းရှိနိုင်ကြောင်း တင်ပြနိုင်သည့် မရေတွက်နိုင်သောတွေ့ ကြုံမှုများမှ အနည်းအကျဉ်းမျှသာဖြစ်သည်။ တမန်တော်ပေါလုဤသို့ရှင်းပြခဲ့သည်– “ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သောကတိတော်ကိုရသည်ဖြစ်၍၊ အရာရာ၌အကျိုးကိုပေးတတ်သည်။” (၁ တိမောသေ ၄:၈၊ ၉) ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်ဆောင်ပါက ကိုယ်တော်သည် “ယခုဘဝနှင့်ဆိုင်သောကတိတော်” ကိုပြည့်စုံစေမည်။ မှန်ပါသည်၊ ကိုယ်တော်သည် ဤအစီအစဉ်စနစ်တွင် ဆင်းရဲသူကိုချမ်းသာစေရန် သို့မဟုတ် ဖျားနာသူကိုကျန်းမာစေရန် ပြုလုပ်ပေးမည်မဟုတ်ပါ။ သို့သော် မိမိကိုဝတ်ပြုသူတို့အား မည်သို့သောအခြေအနေ၌မဆို ရွှင်လန်းမှုနှင့် ကျေနပ်ရောင့်ရဲမှုရှိစေရန် မိမိ၏ဝိညာဉ်တော်ကိုပေးတော်မူသည်။ မှန်ပါသည်၊ “ယခုဘဝ” တွင်ပင် ဖျားနာသူများ၊ ဖိစီးမှုခံရသူများနှင့်ဆင်းရဲသူများသည် ဘုရားသခင်ကိုချီးမွမ်းရန်အကြောင်းရှိနိုင်ပါသည်။
သို့သော် “နောင်ဘဝ” နှင့်ဆိုင်သောအသက်တာကော မည်သို့နည်း။ ယင်းအတွေးက ဘုရားသခင်ကို ကျွန်ုပ်တို့အားတက်သရော ချီးမွမ်းစေသင့်သည်တကား! ဆင်းရဲနွမ်းပါးမှုမရှိတော့မည့်အချိန်; “မြို့သားကလည်း ငါနာသည်ဟုမဆိုရ” သောအချိန်; ယေဟောဝါဘုရားသခင်သည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟူသည့်အချိန်ကို မြင်ယောင်ကြည့်ခြင်းက အလွန်အားရဖွယ်ဖြစ်သည်။ (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၃၊ ၄; ဆာလံ ၇၂:၁၆) ဘုရားသခင့်ထံတော်မှ ဤကတိတော်များကို သင်မည်သို့ယူမှတ်သနည်း။
အယ်လ်စဗေးဒေါနိုင်ငံရှိလူငယ်တစ်ဦးသည် ဤအကြောင်းအရာတချို့ကိုရှင်းပြထားသည့်ကျမ်းစာဝေစာတစ်ခုကို လက်ခံရရှိခဲ့သည်။ ယင်းကိုပေးသည့်သက်သေခံအား သူဤသို့ပြောခဲ့သည်၊ “မိန်းကလေး၊ ဒီဝေစာမှာပါတဲ့အတိုင်း တကယ်ဖြစ်လာရင် သိပ်ကောင်းမှာပဲနော်။” များစွာသောသူတို့ ထိုနည်းအတိုင်းပင်တုံ့ ပြန်ကြသည်။ မည်သို့ဆိုစေကာမူ ယင်းတို့သည် စကြဝဠာဖန်ဆင်းရှင်၊ ကမ္ဘာမြေကြီး၏သဘာဝသံသရာများကို လည်ပတ်စေသောအရှင်၊ ဆင်းရဲသားများနှင့်ဖျားနာသူများကိုပင် ရွှင်လန်းမှုရရှိရန်ကူညီပေးတော်မူသောအရှင်၏ ကတိတော်များဖြစ်သည်။ ကိုယ်တော်မိန့်တော်မူရာများကို ကျွန်ုပ်တို့ယုံကြည်နိုင်သည်။ အထက်ပါလူငယ်သည် ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာခဲ့ပြီး ယင်းတို့သည် အမှန်တကယ်ဖြစ်နိုင်ကြောင်းတွေ့ရှိခဲ့သည်။ သင်သည် ထိုသို့မပြုလုပ်ရသေးပါက ထိုသို့လုပ်ဆောင်ရန် သင့်ကို ကျွန်ုပ်တို့အားပေးပါသည်။ ဤသို့ဖြင့် ဤလက်ရှိအစီအစဉ်စနစ်ပျက်စီးသွားပြီး ဖန်ဆင်းရာအားလုံး ဤသို့ဥဒါန်းကျူးရင့်ခြင်းတွင် ပါဝင်ဆင်နွှဲကြသည့်အခါ ထိုတွင်သင်ရှိနေနိုင်ပါစေ—“ဟာလေလုယ!” “ဂျားကိုချီးမွမ်းကြလော့၊ အသင်လူများ!”—ဆာလံ ၁၁၂:၁; ၁၃၅:၁။
[အောက်ခြေမှတ်ချက်များ]
a သမ္မာကျမ်းစာတွင် “ဂျား” ကို “ယေဟောဝါ” ၏အတိုကောက်အဖြစ် တစ်ခါတစ်ရံသုံးလေ့ရှိသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဖန်ဆင်းရာအားလုံး ဤသို့ ဥဒါန်းကျူးရင့်ခြင်းတွင် ပါဝင်ဆင်နွှဲကြသည့်အခါထိုတွင်သင်ရှိနေနိုင်ပါစေ–“ဟာလေလုယ”