ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁၅ စာ. ၂၉-၃၁
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလုရွေးချယ်ခဲ့
  • ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကိုတိမောသေတိုးပွားစေခဲ့
  • တိမောသေ၏စရိုက်အပေါ် အလင်းဖြာခြင်း
  • အသုံးခံနိုင်သူဖြစ်စေပါ!
  • “သခင်၌သစ္စာရှိသော ငါ၏ချစ်သား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ပေါလုနဲ့ တိမောသေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လူတွေကို ကူညီပေးချင်တဲ့ တိမောသေ
    ကလေးတွေကို သင်ပေးပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁၅ စာ. ၂၉-၃၁

တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”

ခရစ်ယာန်တမန်တော်ပေါလုသည် ခရီးသွားဖော်အဖြစ် တိမောသေကို ရွေးချယ်ခဲ့စဉ်က သူသည် အတော်အတန်ငယ်ရွယ်သူဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ၁၅ နှစ်ခန့် တွဲဖက်လုပ်ဆောင်ခဲ့ကြသည်။ သူတို့နှစ်ဦး၏ပေါင်းသင်းဆက်ဆံရေးသည် တိမောသေအား ပေါလုက “သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား” ဟူ၍လည်းကောင်း၊ “ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်” ဟူ၍လည်းကောင်း ခေါ်ဆိုနိုင်သည်အထိ တိုးတက်ခဲ့သည်။—၁ ကောရိန္သု ၄:၁၇; ၁ တိမောသေ ၁:၂။

ပေါလုသည် တိမောသေကို ထိုမျှလောက်ချစ်ရခြင်းသည် သူ၏စရိုက်မှာ မည်သို့ဖြစ်၍နည်း။ တိမောသေသည် ဤမျှအရေးပါသောလုပ်ဖော်ကိုင်ဖက်တစ်ဦး မည်သို့ဖြစ်လာခဲ့သနည်း။ တိမောသေ၏လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ မှုတ်သွင်းခံမှတ်တမ်းမှ အဘယ်အကျိုးရှိသင်ခန်းစာများရနိုင်သနည်း။

ပေါလုရွေးချယ်ခဲ့

စီ.အီး. ၅၀ ခန့်၌ တမန်တော်ပေါလု၏ဒုတိယသာသနာပြုခရီးစဉ်တွင် လုတ္တရ (ယခုခေတ် တူရကီ) မြို့သို့လည်ပတ်ချိန်က တပည့်တော်လူငယ်တိမောသေနှင့် သူတွေ့ဆုံခဲ့သည်။ ဆယ်ကျော်သက်နှောင်းပိုင်း သို့မဟုတ် ၂၀ ကျော်ခါစရှိသော တိမောသေသည် လုတ္တရမြို့နှင့်ဣကောနိမြို့၌ရှိသော ခရစ်ယာန်တို့တွင် အသရေရှိသောသူဖြစ်ခဲ့၏။ (တမန်တော် ၁၆:၁-၃) “ဘုရားသခင်ကိုဂုဏ်တင်သူ” ဟုအဓိပ္ပာယ်ရှိသည့် သူ့အမည်နှင့်အညီ နေထိုင်ခဲ့သူဖြစ်သည်။ ကလေးဘဝမှစ၍ တိမောသေကို သူ့အဖွားလောဣနှင့် မိခင်ဥနိတ်တို့က သမ္မာကျမ်းစာသွန်သင်ပေးခဲ့သည်။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) အစောပိုင်းနှစ်အနည်းက သူတို့မြို့သို့ ပေါလုပထမဦးဆုံးလည်ပတ်ချိန်အတွင်း ခရစ်ယာန်ဘာသာကို သူတို့သက်ဝင်ယုံကြည်ခဲ့ပုံရှိသည်။ ယခု သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုဖြင့် တင်ကူးမိန့်ကြားချက်တစ်ခုက တိမောသေ၏အနာဂတ်ကို ဖော်ပြခဲ့၏။ (၁ တိမောသေ ၁:၁၈) ထိုညွှန်ကြားချက်နှင့်အညီ ပေါလုနှင့်အသင်းတော်မှအသက်ကြီးသူတို့သည် ထိုလူငယ်အပေါ် လက်တင်ခြင်းအားဖြင့် အထူးလုပ်ငန်းတော်အတွက် သီးသန့်ခန့်ခွဲခဲ့ရာ သာသနာပြုအဖော်တစ်ဦးအဖြစ် တမန်တော်က သူ့ကိုရွေးချယ်ခဲ့သည်။—၁ တိမောသေ ၄:၁၄; ၂ တိမောသေ ၁:၆။

တိမောသေ၏ဖခင်သည် မယုံကြည်သူဂရိလူမျိုးဖြစ်သောကြောင့် သူသည် အရေဖျားမလှီးခဲ့ချေ။ အမှန်အားဖြင့် ၎င်းသည် ခရစ်ယာန်လိုအပ်ချက်တစ်ခုမဟုတ်ခဲ့ပါ။ သို့ရာတွင် သူတို့လည်ပတ်မည့်ဂျူးများအတွက် ထိမိလဲစရာမဖြစ်စေရန် တိမောသေသည် ဤနာကျင်သောလုပ်ထုံးကို ခံယူခဲ့ရသည်။—တမန်တော် ၁၆:၃။

တိမောသေကို ဂျူးတစ်ဦးဟု ယခင်ကယူမှတ်ခဲ့သလော။ ရဗ္ဗိအာဏာပိုင်များ၏အဆိုအရ “လူမျိုးကွဲအိမ်ထောင်မှသားသမီးများ၏အနေအထားကို ၎င်း၏ဖခင်မဟုတ် မိခင်အားဖြင့် ဆုံးဖြတ်သည်” ဟုပညာရှင်အချို့က ပြောဆိုကြသည်။ ဆိုလိုသည်မှာ “ဂျူးအမျိုးသမီးတစ်ဦးသည် ဂျူးသားသမီးများကိုမွေးဖွား၏” ဟူ၍ဖြစ်သည်။ သို့ရာတွင် ဤသို့သော “လူတို့နှင့်ဆိုင်သည့် ရဗ္ဗိပညတ်သည် စီ.အီး. ပထမရာစုကတည်းက တည်ရှိပြီး၊ မပြီး” နှင့်ပတ်သက်၍လည်းကောင်း၊ ယင်းကို အာရှမိုင်းနားမှဂျူးများလိုက်နာ၊ မလိုက်နာကြောင်းကိုလည်းကောင်း စာရေးဆရာရှည်းကိုဟဲန်က သံသယဖြစ်ခဲ့သည်။ သူသည် သမိုင်းဆိုင်ရာအထောက်အထားကို သုံးသပ်ပြီးနောက် ဤသို့ကောက်ချက်ချသည်– တစ်ပါးအမျိုးသားများသည် ဣသရေလအမျိုးသမီးများကို လက်ထပ်ကြသောအခါ “ထိုမိသားစုသည် ဣသရေလအသိုင်းအဝိုင်းထဲတွင် နေထိုင်မှသာ ယင်းအိမ်ထောင်စုများမှ သားသမီးများကို ဣသရေလလူမျိုးဟု ယူမှတ်ကြ၏။ အမိမြေတွင်နေသောအခါ မျိုးရိုးစဉ်ဆက်သည် မိခင်မျိုးရိုးဖြစ်သည်။ ဣသရေလအမျိုးသမီးသည် တစ်ပါးအမျိုးသားခင်ပွန်းနှင့်အတူ တိုင်းတစ်ပါးသို့ပြောင်းရွှေ့နေထိုင်ခဲ့ပါက သူ့သားသမီးများကို တစ်ပါးအမျိုးသားဟူ၍ ယူမှတ်ခဲ့ကြသည်။” မည်သို့ပင်ဆိုစေကာမူ၊ တိမောသေ၏မိဘမျိုးရိုးရောနှောမှုသည် ဟောပြောခြင်းလုပ်ငန်း၌ အကျိုးပြုခဲ့မည်ဖြစ်သည်။ တိမောသေသည် ဂျူးများ သို့မဟုတ် တစ်ပါးအမျိုးသားများနှင့်ပေါင်းသင်းရန် အခက်အခဲရှိမည်မဟုတ်ဘဲ သူတို့စပ်ကြားရှိ ကွာဟချက်များကိုပေါင်းကူးပေးနိုင်ခဲ့ပေမည်။

လုတ္တရမြို့သို့ပေါလုလည်ပတ်ခြင်းသည် တိမောသေ၏အသက်တာတွင် အလှည့်အပြောင်းဖြစ်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကို လိုက်နာရန် ဤလူငယ်၏စိတ်ဆန္ဒပြင်းပြမှုနှင့် ခရစ်ယာန်အကြီးအကဲများနှင့်နှိမ့်ချစွာ ပူးပေါင်းဆောင်ရွက်ခြင်းက ကြီးမားသောကောင်းချီးများနှင့် လုပ်ငန်းတော်အခွင့်အရေးများကို ရရှိစေခဲ့သည်။ တိမောသေသည် ထိုအချိန်က သိမသိမထင်ရှားသော်လည်း ပေါလု၏ညွှန်ကြားမှုအောက်၌ နောက်ပိုင်းတွင် အရေးကြီးသောသီအိုကရက်တစ်တာဝန်များကို ခံယူရမည်ဖြစ်ပြီး အိမ်နှင့်ဝေးလံသော အင်ပါယာမြို့တော်ဖြစ်သည့် ရောမမြို့တိုင်ရောက်ရှိမည်။

ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကိုတိမောသေတိုးပွားစေခဲ့

တိမောသေ၏ဆောင်ရွက်မှုမှတ်တမ်းတစ်ပိုင်းတစ်စကိုသာ ကျွန်ုပ်တို့ရရှိထားကြသော်လည်း သူသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးပွားအောင် နေရာအနှံ့သို့ ခရီးသွားခဲ့ကြောင်းသိရသည်။ စီ.အီး. ၅၀ တွင်ပေါလု၊ သိလတို့နှင့်အတူ တိမောသေသွားခဲ့သော သူ၏ပထမဆုံးခရီးစဉ်သည် အာရှမိုင်းနားတစ်လျှောက်နှင့် ဥရောပအထိ ရောက်ရှိခဲ့စေသည်။ သူသည် ဖိလိပ္ပိမြို့၊ သက်သာလောနိတ်မြို့နှင့် ဗေရိမြို့တို့တွင် ဟောပြောခြင်းကင်ပိန်းများ၌ပါဝင်ခဲ့၏။ အတိုက်အခံပြုမှုကြောင့် အာသင်မြို့သို့ ပေါလုပြောင်းရွှေ့ခဲ့ရပြီးနောက် ဗေရိမြို့တွင်ရှိ ဖွဲ့စည်းခဲ့သောတပည့်တော်အုပ်စုကိုကြည့်ရှုရန် တိမောသေနှင့်သိလတို့ကို ထားရစ်ခဲ့သည်။ (တမန်တော် ၁၆:၆–၁၇:၁၄) နောက်ပိုင်းတွင် ပေါလုသည် သက်သာလောနိတ်အသင်းတော်အသစ်ကို အားပေးရန် တိမောသေကိုစေလွှတ်ခဲ့သည်။ တိမောသေသည် ကောရိန္သုမြို့တွင် ပေါလုနှင့်တွေ့ဆုံသောအခါ အသင်းတော်၏တိုးတက်မှုသတင်းကောင်းကို ယူဆောင်လာခဲ့သည်။—တမန်တော် ၁၈:၅; ၁ သက်သာလောနိတ် ၃:၁-၇။

တိမောသေသည် ကောရိန္သုမြို့သားများနှင့်အတူ မည်မျှကြာမြင့်စွာနေထိုင်ခဲ့သည်ကို သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။ (၂ ကောရိန္သု ၁:၁၉) သို့သော် ဖြစ်နိုင်ဖွယ်ရှိသည်ကား စီ.အီး. ၅၅ ခန့်တွင် ပေါလုသည် သူတို့၏အခြေအနေနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်သတင်းရရှိခဲ့သောကြောင့် သူတို့ထံ တိမောသေကို ပြန်စေလွှတ်ရန်စဉ်းစားခဲ့သည်။ (၁ ကောရိန္သု ၄:၁၇; ၁၆:၁၀) နောက်ပိုင်းတွင် ဧရတ္တုနှင့်အတူ တိမောသေကို ဧဖက်မြို့မှ မာကေဒေါနိမြို့သို့စေလွှတ်ခဲ့သည်။ ပေါလုသည် ကောရိန္သုမြို့မှ ရောမမြို့သို့စာရေးသောအခါ တိမောသေသည် သူနှင့်အတူတစ်ဖန်ရှိခဲ့သည်။—တမန်တော် ၁၉:၂၂; ရောမ ၁၆:၂၁။

ယေရုရှလင်မြို့သို့ ပေါလုခရီးထွက်သောအခါ သူနှင့်အတူ တိမောသေနှင့်အခြားသူများသည် ကောရိန္သုမြို့မှထွက်ခွာခဲ့ကြပြီး အနည်းဆုံးတရောမြို့အထိ လိုက်ပါသွားခဲ့ကြသည်။ တိမောသေသည် ယေရုရှလင်မြို့သို့ ဆက်လိုက်သွားသည်၊ မသွားသည်ကိုကားမသိရှိရချေ။ သို့သော် စီ.အီး. ၆၀-၆၁ ခန့်၌ ရောမအကျဉ်းထောင်မှ ပေါလုရေးခဲ့သောစာစောင်သုံးစောင်၏ နိဒါန်းတွင် သူ့အမည်ပါခဲ့သည်။a (တမန်တော် ၂၀:၄; ဖိလိပ္ပိ ၁:၁; ကောလောသဲ ၁:၁; ဖိလေမုန် ၁) ရောမမြို့မှ ဖိလိပ္ပိမြို့သို့ တိမောသေကိုစေလွှတ်ဖို့ ပေါလုစီစဉ်ခဲ့သည်။ (ဖိလိပ္ပိ ၂:၁၉) ပေါလု ထောင်မှလွတ်လာပြီးနောက် တိမောသေသည် တမန်တော်၏ညွှန်ကြားချက်အရ ဧဖက်မြို့တွင်နေရစ်ခဲ့၏။—၁ တိမောသေ ၁:၃၊ ၄။

ပထမရာစုတွင် ခရီးသွားလာခြင်းသည် မလွယ်ကူသည့်အပြင် သက်သောင့်သက်သာမရှိသော်လည်း အသင်းတော်အကျိုးအတွက် ခရီးစဉ်များစွာကိုသွားလိုသော တိမောသေ၏စိတ်ဆန္ဒသည် အမှန်ပင်ချီးမွမ်းဖွယ်ရာဖြစ်သည်။ (ဩဂုတ် ၁၅၊ ၁၉၉၆ ခုနှစ်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၉ လေးထောင့်ကွက်ရှု။) သူ၏ခရီးစဉ်များထဲမှတစ်ခုတည်းသာနှင့် ယင်းက တိမောသေအကြောင်း အဘယ်အရာပြောပြသည်ကို သုံးသပ်ပါ။

တိမောသေ၏စရိုက်အပေါ် အလင်းဖြာခြင်း

အကျဉ်းချခံနေရသောပေါလုသည် ဖိလိပ္ပိမြို့ရှိ ညှဉ်းပန်းနှိပ်စက်ခံနေရသော ခရစ်ယာန်များထံ ဤသို့စာရေးခဲ့စဉ်က တိမောသေသည် ရောမမြို့တွင် တမန်တော်နှင့်အတူရှိခဲ့သည်– “သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာစေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။ အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူတစ်ယောက်မျှ ငါတို့၌မရှိ။ လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကိုမရှာ၊ ကိုယ်အကျိုးကိုသာရှာကြ၏။ သို့သော်လည်း သားသည် အဘနှင့်အတူဆောင်ရွက်သကဲ့သို့၊ သူသည် ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့သိကြ၏။”—ဖိလိပ္ပိ ၁:၁၊ ၁၃၊ ၂၈-၂၉; ၂:၁၉-၂၂။

ထိုစကားများသည် ယုံကြည်သူချင်းများအတွက် တိမောသေ၏စိုးရိမ်ပူပန်စိတ်ကို ထင်ရှားပြခဲ့သည်။ သင်္ဘောနှင့်မသွားခဲ့လျှင် ဤခရီးစဉ်သည် အေဒရီအက်တစ်ပင်လယ်ကို တိုတောင်းသောဖြတ်ကျော်ခြင်းအပါအဝင် ရောမမြို့မှ ဖိလိပ္ပိမြို့သို့ရောက်ရှိရန်ရက် ၄၀ ခြေကျင်လျှောက်ဖို့လိုပြီး ရောမမြို့သို့ ပြန်လာရန်ရက် ၄၀ ထပ်လျှောက်ရန်လိုသည်။ တိမောသေသည် ညီအစ်ကို၊ ညီအစ်မတို့၏အကျိုးဆောင်ရန် ဘာကိုမဆိုပြုဖို့ အသင့်ရှိခဲ့၏။

တိမောသေသည် ကျယ်ပြန့်စွာခရီးဝေးသွားခဲ့သော်လည်း တစ်ခါတစ်ရံ ကျန်းမာရေးချူချာခဲ့သည်။ သူ၌ အစာအိမ်ရောဂါရှိပြီး “အကြိမ်ကြိမ်မကျန်းမမာ” ဖြစ်ခဲ့ရသည်မှာထင်ရှားပါသည်။ (၁ တိမောသေ ၅:၂၃၊ သမ) သို့တိုင် သတင်းကောင်းအတွက် သူကြိုးစားအားထုတ်ခဲ့၏။ ပေါလုသည် သူနှင့်ဤမျှရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပါ!

တမန်တော်၏သွန်သင်မှုအောက်တွင် နေထိုင်ရပြီး သူတို့အတူတူတွေ့ကြုံခဲ့သောအမှုများကြောင့် တိမောသေသည် ပေါလု၏စရိုက်များကို ရောင်ပြန်ဟပ်ခဲ့သည်မှာ ပေါ်လွင်ပါသည်။ သို့ဖြင့် ပေါလုသည် သူ့ကိုဤသို့ပြောနိုင်ခဲ့သည်– “ငါဆုံးမ . . . ပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း၊ သင်သည် ရှာဖွေနားလည်ရပြီ။” တိမောသေသည် ပေါလုနှင့်အတူ မျက်ရည်ကျခဲ့၏၊ သူ၏ဆုတောင်းချက်များတွင် ဆုတောင်းပေးခံခဲ့ရ၏၊ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် သူနှင့်အတူ ကြိုးစားဆောင်ရွက်ခဲ့သည်။—၂ တိမောသေ ၁:၃၊ ၄; ၃:၁၀၊ ၁၁။

‘သူ၏အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြုစေနှင့်’ ဟုတိမောသေကို ပေါလုအားပေးခဲ့သည်။ ယင်းက တိမောသေသည် မိမိ၏လုပ်ပိုင်ခွင့်ကိုအသုံးပြုရန် ရှက်ကြောက်၍ တွန့်ဆုတ်ခဲ့ကြောင်း ဖော်ပြပေမည်။ (၁ တိမောသေ ၄:၁၂; ၁ ကောရိန္သု ၁၆:၁၀၊ ၁၁) သို့သော် သူတစ်ဦးတည်းအမှုဆောင်နိုင်သောကြောင့် ပေါလုသည် တာဝန်ကြီးသောသာသနာပြုလုပ်ငန်းများကိုလုပ်ကိုင်ရန် သူ့ကိုယုံကြည်စိတ်ချစွာ စေလွှတ်နိုင်ခဲ့၏။ (၁ သက်သာလောနိတ် ၃:၁၊ ၂) ဧဖက်မြို့ရှိ အသင်းတော်တွင် သီအိုကရက်တစ်ကြီးကြပ်မှု ကောင်းကောင်းလိုအပ်နေကြောင်းကို ပေါလုသိခဲ့သောအခါ သူသည် တိမောသေကိုနေရစ်စေ၍ “ခြားနားသောအယူဝါဒသစ်ကို မသွန်သင်ကြ” ဖို့ “အချို့သောသူတို့ကို ပညတ်ထား” ရန်တိုက်တွန်းခဲ့သည်။ (၁ တိမောသေ ၁:၃၊ ၄) တိမောသေသည် တာဝန်များစွာအပ်နှင်းခံခဲ့ရသော်လည်း ကျိုးနွံခဲ့သည်။ သူသည် ရှက်ကြောက်တတ်ခဲ့သော်လည်း သတ္တိရှိသည်။ ဥပမာ၊ ယုံကြည်ခြင်းကြောင့် စုံစမ်းခြင်းခံနေရသောပေါလုကို ကူညီပေးရန် ရောမမြို့သို့ သူသွားခဲ့သည်။ အမှန်ဆိုလျှင် တိမောသေသည် အလားတူအကြောင်းကြောင့် အကျဉ်းချခံခဲ့ရ၏။—ဟေဗြဲ ၁၃:၂၃။

တိမောသေသည် ပေါလုထံမှ များစွာတတ်သိလာခဲ့သည်မှာ သံသယမရှိချေ။ တမန်တော်သည် သူ၏အပေါင်းအဖော်ထံ ခရစ်ယာန်ဂရိကျမ်းတွင်တွေ့ရှိရသော ဘုရားသခင်ရေးရာမှုတ်သွင်းခံစာနှစ်စောင်ကို ရေးသားခဲ့ခြင်းအကြောင်းက သူ့ကိုမည်မျှလေးမြတ်ကြောင်း များစွာသက်သေထူသည်။ စီ.အီး. ၆၅ ခန့်၌ ပေါလုသည် အာဇာနည်အဖြစ် မိမိကွပ်မျက်ခံရတော့မည်ကို သိရှိလာသောအခါ တိမောသေကို တစ်ဖန်ဆင့်ခေါ်ခဲ့၏။ (၂ တိမောသေ ၄:၆၊ ၉) တမန်တော်ကိုမကွပ်မျက်မီ တိမောသေသည် ပေါလုနှင့်တွေ့ခဲ့သည်၊ မတွေ့ခဲ့သည်ကို ကျမ်းစာတွင် မဖော်ပြထားချေ။

အသုံးခံနိုင်သူဖြစ်စေပါ!

တိမောသေ၏ပုံသက်သေကောင်းမှ များစွာသင်ယူနိုင်၏။ သူသည် ပေါလုနှင့်ပေါင်းသင်းခြင်းဖြင့် ရှက်ကြောက်တတ်သောလူငယ်တစ်ဦးမှ ကြီးကြပ်မှူးတစ်ဦးအဖြစ်သို့တိုးတက်လာကာ အကျိုးများစွာရရှိခဲ့သည်။ ယနေ့ ခရစ်ယာန်လူငယ်လူရွယ်များသည် အလားတူပေါင်းသင်းခြင်းမှ များစွာအကျိုးရရှိနိုင်သည်။ သူတို့သည် ယေဟောဝါ၏လုပ်ငန်းတော်ကို သူတို့၏ဘဝလုပ်ငန်းဖြစ်စေပါက ပြုလုပ်ထိုက်သည့်အလုပ်များစွာရှိပါလိမ့်မည်။ (၁ ကောရိန္သု ၁၅:၅၈) သူတို့အသင်းတော်တွင် ရှေ့ဆောင်များ၊ သို့မဟုတ် အချိန်ပြည့်ဟောပြောသူများဖြစ်လာပေမည်၊ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်လျက်ရှိသောနေရာတွင် အမှုဆောင်နိုင်ပေမည်။ ဖြစ်နိုင်ခြေများစွာတို့တွင် အခြားတိုင်းပြည်တွင် သာသနာပြုလုပ်ငန်းလုပ်ကိုင်ခြင်း သို့မဟုတ် ကင်းမျှော်စင်အသင်း၏ကမ္ဘာ့ဌာနချုပ် သို့မဟုတ် ၎င်း၏ဌာနခွဲတစ်ခုခုတွင် အမှုဆောင်ခြင်းတို့ဖြစ်သည်။ အမှန်မှာ ယေဟောဝါ၏အမှုတော်ကို စိုးလ်အကြွင်းမဲ့ထမ်းဆောင်ခြင်းအားဖြင့် တိမောသေတင်ပြခဲ့သည့် ထပ်တူစိတ်ဓာတ်မျိုးကို ခရစ်ယာန်အားလုံး တင်ပြနိုင်ကြသည်။

သင်သည် ဝိညာဉ်ရေးဘက် ဆက်လက်ကြီးထွားရန်၊ လျော်ကန်သည်ဟု ယေဟောဝါယူဆမည့် မည်သို့သောအဖြစ်အနေတွင်မဆို ကိုယ်တော်၏အဖွဲ့အစည်းတွင်အသုံးတော်ခံရသူဖြစ်ရန် ဆန္ဒရှိသလော။ သို့ဖြစ်လျှင် တိမောသေလုပ်ဆောင်သည့်နည်းတူ လုပ်ဆောင်ပါ။ အသင်တတ်စွမ်းနိုင်သမျှ အသုံးတော်ခံရသူဖြစ်လာရန် အသင့်ရှိပါ။ အနာဂတ်တွင် သင့်အတွက် အဘယ်လုပ်ငန်းတော်အခွင့်အရေးများ ဖွင့်ပေးမည်ကို မည်သူသိသနည်း။

[အောက်ခြေမှတ်ချက်များ]

a ပေါလု၏အခြားစာလေးစောင်၌လည်း တိမောသေအကြောင်းဖော်ပြထားသည်။—ရောမ ၁၆:၂၁; ၂ ကောရိန္သု ၁:၁; ၁ သက်သာလောနိတ် ၁:၁; ၂ သက်သာလောနိတ် ၁:၁။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘သူကဲ့သို့ စိတ်သဘောတူသောသူတစ်ယောက်မျှ ငါတို့၌မရှိ’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ