သင်၏တိုးတက်မှုကို ထင်ရှားစေပါ
“ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။”—၁ တိ. ၄:၁၅။
၁၊ ၂။ တိမောသေရဲ့ အစောပိုင်းအသက်တာအကြောင်းနဲ့ သူ့အသက် ၂၀ လောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲအကြောင်း ကျွန်ုပ်တို့ ဘာသိရသလဲ။
ယခု တူရကီဟုခေါ်သော ရောမလက်အောက်ခံနယ် ဂလာတိပြည်သည် လူငယ်တိမောသေ၏ ဇာတိမြေဖြစ်သည်။ ယေရှုသေဆုံးပြီးနောက် ဆယ်စုနှစ်များအတွင်း ထိုနေရာ၌ ခရစ်ယာန်အသင်းတော်များ တည်ထောင်ခဲ့သည်။ တစ်ချိန်ချိန်တွင် လူငယ်တိမောသေ၊ သူ့မိခင်နှင့် အဘွားသည် ခရစ်ယာန်အယူဝါဒကို သက်ဝင်ယုံကြည်ခဲ့ပြီး အသင်းတော်တစ်ခု၏ တက်ကြွသောအသင်းသားများ ဖြစ်လာကြသည်။ (၂ တိ. ၁:၅; ၃:၁၄၊ ၁၅) တိမောသေသည် ခရစ်ယာန်လူငယ်တစ်ဦးအနေနှင့် သူရင်းနှီးပြီးသားဝန်းကျင်အလယ်တွင် ပျော်ရွှင်ခဲ့မည်မှာ သေချာသည်။ သို့သော် ရုတ်တရက် အပြောင်းအလဲရှိလာခဲ့သည်။
၂ တမန်တော်ပေါလု ထိုဒေသသို့ ဒုတိယအကြိမ်လည်ပတ်သောအခါ ထိုသို့စတင်ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် တိမောသေသည် ဆယ်ကျော်သက်နှောင်းပိုင်း သို့မဟုတ် ၂၀ ကျော်စအရွယ် ဖြစ်ပေမည်။ ဖြစ်နိုင်သည်မှာ လုတ္တရမြို့တွင် ပေါလုလည်ပတ်စဉ် တိမောသေသည် ဒေသခံအသင်းတော်ရှိ “ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်” ကြောင်း ကြားသိခဲ့သည်။ (တ. ၁၆:၂) လူငယ်တိမောသေသည် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်မှုရှိကြောင်း ထင်ရှားသည်။ ထို့အပြင် စွမ်းအားတော်၏ညွှန်ကြားမှုအောက်တွင် ပေါလုနှင့် ဒေသခံအကြီးအကဲအဖွဲ့သည် တိမောသေအပေါ် လက်တင်ပြီး အသင်းတော်အထူးတာဝန်တစ်ခုအတွက် သူ့ကို ခန့်အပ်ခဲ့သည်။—၁ တိ. ၄:၁၄; ၂ တိ. ၁:၆။
၃။ အဘယ်လုပ်ငန်းတော်အခွင့်ထူးကို တိမောသေရရှိခဲ့သလဲ။
၃ တိမောသေသည် ပေါလု၏နယ်လှည့်အဖော်အဖြစ် အမှုဆောင်ရန်ဟူသော အထူးဖိတ်ခေါ်ချက်တစ်ခုကို ရရှိခဲ့သည်။ (တ. ၁၆:၃) တိမောသေ မည်မျှအံ့ဩ၍ စိတ်လှုပ်ရှားသွားမည်ကို မြင်ယောင်ကြည့်ပါ။ လာမည့်နှစ်များ၌ တိမောသေသည် ပေါလုနှင့်အတူ၊ တစ်ခါတစ်ရံတွင် အခြားသူများနှင့်အတူ ခရီးသွားလာမည်ဖြစ်ပြီး တမန်တော်များနှင့် အသက်ကြီးသူများကိုယ်စား တာဝန်အမျိုးမျိုးထမ်းဆောင်ရတော့မည်ဖြစ်သည်။ ပေါလုနှင့် တိမောသေသည် ညီအစ်ကိုများ၏ယုံကြည်ခြင်းကို တည်ဆောက်ရန် နယ်လှည့်လုပ်ငန်းတွင် အတူတကွပါဝင်ခဲ့ကြသည်။ (တမန်တော် ၁၆:၄၊ ၅ ကိုဖတ်ပါ။) ထို့ကြောင့် တိမောသေ၏တိုးတက်မှုသည် ခရစ်ယာန်များကြားတွင် ထင်ရှားလာသည်။ တမန်တော်ပေါလုသည် တိမောသေနှင့်အတူ ဆယ်နှစ်ခန့်လုပ်ဆောင်ပြီးနောက် ဖိလိပ္ပိမြို့သားများထံ ဤသို့ရေးခဲ့သည်– “ထိုသူ [တိမောသေ] ကဲ့သို့ သင်တို့အကျိုးကို အမှန်လိုလားသော စိတ်ထားမျိုးရှိသူတစ်ယောက်မျှ ငါ၌မရှိ။ . . . သားသည် အဖနှင့်အတူ ကြိုးပမ်းသကဲ့သို့ သတင်းကောင်းပျံ့နှံ့စေရန် ကိုယ့်ကိုယ်ကိုယ်ပေးဆက်၍ ငါနှင့်အတူ ကြိုးပမ်းခဲ့ကြောင်း သင်တို့သိကြ၏။”—ဖိ. ၂:၂၀-၂၂။
၄။ (က) တိမောသေကို အဘယ်ကြီးလေးတဲ့တာဝန်တွေ အပ်နှင်းခဲ့သလဲ။ (ခ) ၁ တိမောသေ ၄:၁၅ မှာပါတဲ့ ပေါလုရဲ့စကားနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၄ ဖိလိပ္ပိမြို့သားများထံ ပေါလုစာရေးချိန်တွင် တိမောသေအား အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ ခန့်အပ်ရသည့် ကြီးလေးသောတာဝန်ကို လွှဲအပ်ခဲ့သည်။ (၁ တိ. ၃:၁; ၅:၂၂) တိမောသေသည် ယုံကြည်အားကိုးထိုက်သော ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးဖြစ်နေကြောင်း ထင်ရှားသည်။ သို့တိုင် ယင်းစာ၌ပင် ပေါလုသည် တိမောသေအား ‘လူအပေါင်းတို့ရှေ့တွင် သူ၏တိုးတက်မှုကို ထင်ရှားစေရန်’ တိုက်တွန်းခဲ့သည်။ (၁ တိ. ၄:၁၅) တိမောသေသည် မိမိ၏ခရစ်ယာန်တိုးတက်မှုကို ထင်ရှားပြသခဲ့ပြီမဟုတ်လော။ သို့ဆိုလျှင် ပေါလု၏ ဤစကားများသည် အဘယ်အရာ ဆိုလိုသနည်း၊ ဤအကြံပြုချက်မှ ကျွန်ုပ်တို့ မည်သို့ အကျိုးရရှိနိုင်သနည်း။
ခရစ်ယာန်အရည်အသွေးများ ထင်ရှားပြသပါ
၅၊ ၆။ ဧဖက်အသင်းတော်ရဲ့ သန့်ရှင်းစင်ကြယ်မှု ဘယ်လိုထိခိုက်ခံနေရသလဲ၊ အဲဒါကို တိမောသေ ဘယ်လိုကာကွယ်နိုင်ခဲ့သလဲ။
၅ ၁ တိမောသေ ၄:၁၅ ၏အထက်အောက်စကားကို ဆန်းစစ်ကြည့်ကြစို့။ (၁ တိမောသေ ၄:၁၁-၁၆ ကိုဖတ်ပါ။) ပေါလုသည် ဤစာကို မရေးသားမီ မက်ဆီဒိုးနီးယားသို့ ခရီးသွားခဲ့ပြီး တိမောသေကို ဧဖက်မြို့တွင် နေရစ်စေခဲ့သည်။ အကြောင်းမှာ ထိုမြို့မှ အချို့သူတို့သည် အယူမှားသွန်သင်ချက်များကို စတင်ပြောဆိုခြင်းဖြင့် အသင်းတော်ကို ကွဲပြားစေကြသည်။ တိမောသေသည် အသင်းတော်၏ သန့်ရှင်းစင်ကြယ်မှုကို ကာကွယ်ရမည်ဖြစ်သည်။ ဤတာဝန်ကို သူမည်သို့ ပြီးမြောက်ခဲ့သနည်း။ တစ်စိတ်တစ်ပိုင်းအနေနှင့် အခြားသူများလိုက်နာရန် စံနမူနာကောင်းပြခြင်းဖြင့် ဖြစ်သည်။
၆ ပေါလုသည် တိမောသေကို ဤသို့စာရေးခဲ့သည်– “သင်၏အပြောအဆို၊ အပြုအမူနှင့် ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် သစ္စာရှိသူများအတွက် စံနမူနာဖြစ်စေလော့။ ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။” (၁ တိ. ၄:၁၂၊ ၁၅) ယင်းတိုးတက်မှုသည် တိမောသေရရှိထားသော အခွင့်အာဏာထက် သူ၏ ခရစ်ယာန်အရည်အသွေးများနှင့် ပိုသက်ဆိုင်သည်။ ဤတိုးတက်မှုမျိုးကို ခရစ်ယာန်ယောက်တိုင်း တင်ပြသင့်သည်။
၇။ အသင်းတော်မှာရှိတဲ့ သူတွေအားလုံး ဘာလုပ်ဖို့လိုသလဲ။
၇ ယနေ့လည်း တိမောသေအချိန်ကကဲ့သို့ပင် အသင်းတော်တွင် တာဝန်အမျိုးမျိုးရှိသည်။ အချို့တို့သည် အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအဖြစ် အမှုဆောင်ကြသည်။ အခြားသူတို့မှာ ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကြပြီး အချို့မှာ နယ်လှည့်လုပ်ငန်း၊ ဗေသလလုပ်ငန်း သို့မဟုတ် ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် ပါဝင်နေကြသည်။ အကြီးအကဲများသည် သွန်သင်ခြင်းအစီအစဉ်များဖြစ်သော စည်းဝေးပွဲနှင့် စည်းဝေးကြီးများတွင် ပါဝင်ကြသည်။ သို့သော် ခရစ်ယာန် ယောက်ျား၊ မိန်းမနှင့် ငယ်ရွယ်သူအားလုံးသည် သူတို့၏တိုးတက်မှုကို ထင်ရှားပြနိုင်သည့် အနေအထားတွင်ရှိကြသည်။ (မ. ၅:၁၆) အမှန်မှာ တိမောသေအဖြစ်တွင်ကဲ့သို့ အထူးအခွင့်အရေးများရရှိထားသော ခရစ်ယာန်များပင် လူအပေါင်းရှေ့တွင် ခရစ်ယာန်တိုးတက်မှု ထင်ရှားပြရမည်ဖြစ်သည်။
အပြောအဆိုတွင် စံနမူနာပြပါ
၈။ ကျွန်ုပ်တို့ရဲ့ အပြောအဆိုက ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးကို ဘယ်လိုထိခိုက်နိုင်သလဲ။
၈ တိမောသေ စံနမူနာပြခဲ့ရသည့်ကဏ္ဍတစ်ခုမှာ သူ၏အပြောအဆိုဖြစ်သည်။ ဤကဏ္ဍတွင် ကျွန်ုပ်တို့၏တိုးတက်မှုကို မည်သို့ ထင်ရှားပြနိုင်သနည်း။ ကျွန်ုပ်တို့၏အပြောအဆိုက ကျွန်ုပ်တို့သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း ဖော်ပြသည်။ ယေရှု ဤသို့သင့်လျော်စွာဖော်ပြ၏– “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (မ. ၁၂:၃၄) ယေရှု၏မိတူဖကွဲညီ ယာကုပ်ကလည်း ကျွန်ုပ်တို့၏အပြောအဆိုသည် ကျွန်ုပ်တို့၏ဝတ်ပြုရေးကို ထိခိုက်နိုင်ကြောင်း အသိအမှတ်ပြုကာ ဤသို့ရေးခဲ့သည်– “မှန်ကန်စွာဝတ်ပြုနေသည်ဟု မိမိကိုယ်ကိုထင်မှတ်သော်လည်း မိမိလျှာကို မထိန်းနိုင်၊ မိမိစိတ်နှလုံးကို လှည့်ဖြားနေသူဖြစ်လျှင် ထိုသူ၏ဝတ်ပြုမှုသည် အချည်းနှီးဖြစ်၏။”—ယာ. ၁:၂၆။
၉။ ကျွန်ုပ်တို့ရဲ့အပြောအဆိုက ဘယ်နည်းတွေနဲ့ စံနမူနာဖြစ်သင့်သလဲ။
၉ ကျွန်ုပ်တို့၏အပြောအဆိုက ကျွန်ုပ်တို့မည်မျှတိုးတက်နေကြောင်း အခြားသူများအား သိရှိစေသည်။ ထို့ကြောင့် ဂုဏ်သိက္ခာမရှိသော၊ အပျက်သဘောထားရှိသော၊ အပြစ်ရှာတတ်သော သို့မဟုတ် ထိခိုက်စေသောစကားများပြောမည့်အစား ရင့်ကျက်သောခရစ်ယာန်များသည် တည်ဆောက်စရာဖြစ်သော၊ နှစ်သိမ့်မှုဖြစ်စေသော၊ စိတ်သက်သာစေသော၊ အားပေးမှုဖြစ်စေသောစကားများ ပြောဆိုရန် ကြိုးစားကြသည်။ (သု. ၁၂:၁၈; ဧ. ၄:၂၉; ၁ တိ. ၆:၃-၅၊ ၂၀) ဘုရားသခင်၏ မြင့်မြတ်သောစံနှုန်းများကို ကာကွယ်ပြောဆိုလိုစိတ်ပြင်းပြကာ ၎င်းစံနှုန်းများအတိုင်း နေထိုင်လိုခြင်းက ဘုရားသခင်ဝတ်တွင် ကျွန်ုပ်တို့မွေ့လျော်နေကြောင်း ဖော်ပြသည်။ (ရော. ၁:၁၅၊ ၁၆) စိတ်နှလုံးရိုးဖြောင့်သူများသည် ကျွန်ုပ်တို့၏စကားပြောဆိုနိုင်စွမ်းဆုကျေးဇူး အသုံးပြုပုံကို မြင်တွေ့ပြီး ကျွန်ုပ်တို့၏ပုံသက်သေကို တုပကြပါလိမ့်မည်။—ဖိ. ၄:၈၊ ၉။
ကျွန်ုပ်တို့၏အပြုအမူနှင့် စင်ကြယ်ခြင်းတွင် စံနမူနာပြခြင်း
၁၀။ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်တိုးတက်မှုမှာ ဟန်ဆောင်မှုကင်းတဲ့ ယုံကြည်ခြင်းက ဘာကြောင့်အရေးပါသလဲ။
၁၀ ခရစ်ယာန်တစ်ဦးသည် စံနမူနာကောင်းဖြစ်ရန်တည်ဆောက်စရာစကား ပြောဆိုခြင်းထက်မက လိုအပ်သည်။ အပြောနှင့်အလုပ်မညီခြင်းသည် အရေခြုံဟန်ဆောင်ခြင်းဖြစ်၏။ ဖာရိရှဲများ၏အရေခြုံမှုနှင့် သူတို့၏လမ်းစဉ်ကြောင့် အခြားသူများအား အကျိုးပျက်စေသည်ကို ပေါလုကောင်းစွာသိရှိခဲ့၏။ သူသည် တိမောသေအား ထိုသို့သော မရိုးသားမှုနှင့်ဟန်ဆောင်မှုကို ဆန့်ကျင်ရန် တစ်ကြိမ်ထက်မက သတိပေးခဲ့သည်။ (၁ တိ. ၁:၅; ၄:၁၊ ၂) သို့သော် တိမောသေသည် အရေခြုံဟန်ဆောင်သူတစ်ဦးမဟုတ်ပါ။ တိမောသေထံရေးသော ပေါလု၏ဒုတိယစာတွင် “သင်၌ရှိသော ဟန်ဆောင်မှုကင်းသည့် ယုံကြည်ခြင်းကို ငါသတိရ၏” ဟုဖော်ပြခဲ့သည်။ (၂ တိ. ၁:၅) သို့ဖြစ်သည့်တိုင် တိမောသေသည် ခရစ်ယာန်တစ်ဦးအနေနှင့် စိတ်ရင်းမှန်သူဖြစ်ကြောင်း အခြားသူများရှေ့ ထင်ရှားပြဖို့ ထပ်ဆင့်လုပ်ဆောင်ရမည်ဖြစ်ပြီး အပြုအမူတွင် စံနမူနာပြရမည်ဖြစ်သည်။
၁၁။ စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး တိမောသေထံ ပေါလုဘာရေးခဲ့သလဲ။
၁၁ တိမောသေထံရေးသော ပေါလု၏စာနှစ်စောင်တွင် ကဏ္ဍအသီးသီး၌ တင်ပြရမည့် အပြုအမူနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ ဥပမာ၊ တိမောသေသည် စည်းစိမ်ဥစ္စာလိုက်စားခြင်းကို ရှောင်ရမည်ဖြစ်သည်။ ပေါလုဤသို့ရေးခဲ့၏– “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် ယုံကြည်ခြင်းတရားမှ လမ်းလွဲသွားပြီး ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ။” (၁ တိ. ၆:၁၀) စည်းစိမ်ဥစ္စာတပ်မက်ခြင်းသည် ယုံကြည်ခြင်းအားနည်းသည့် လက္ခဏာတစ်ခုဖြစ်၏။ သို့သော် “စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့်” ရိုးရှင်းသောဘဝတွင် ရောင့်ရဲနေသောခရစ်ယာန်များသည် ဘုရားသခင်နှင့် ဆက်ဆံရေး တိုးတက်နေကြောင်း ထင်ရှားဖော်ပြကြသည်။—၁ တိ. ၆:၆-၈; ဖိ. ၄:၁၁-၁၃။
၁၂။ ကျွန်ုပ်တို့ရဲ့တိုးတက်မှုတွေကို နေ့စဉ်အသက်တာမှာ ဘယ်လိုထင်ရှားပြနိုင်သလဲ။
၁၂ ခရစ်ယာန်အမျိုးသမီးများသည် ‘ဣန္ဒြေရှိခြင်း၊ သတိရှိခြင်းနှင့်တကွ တင့်တယ်သောအဝတ်အစားဖြင့် ကိုယ်ကိုဆင်ယင်’ ရန် မည်မျှအရေးကြီးကြောင်း တိမောသေအား ပေါလုပြောပြခဲ့သည်။ (၁ တိ. ၂:၉) ဝတ်စားဖြီးလိမ်းပုံနှင့် မိမိတို့ဘဝ၏အခြားကဏ္ဍများတွင် အစွန်းမရောက်သော၊ သတိရှိသော အမျိုးသမီးများသည် အလွန်ကောင်းသော စံနမူနာတင်ပြသူများဖြစ်သည်။ (၁ တိ. ၃:၁၁) ဤမူသည် ခရစ်ယာန်အမျိုးသားများနှင့်လည်း သက်ဆိုင်သည်။ ပေါလုသည် ကြီးကြပ်မှူးများအား ‘အစွန်းမရောက်သူ၊ သတိရှိသူ၊ စည်းစနစ်ကျသူ’ များဖြစ်ကြရန် တိုက်တွန်းခဲ့သည်။ (၁ တိ. ၃:၂) ကျွန်ုပ်တို့၏နေ့စဉ်လုပ်ဆောင်မှုများတွင် ယင်းအရည်အသွေးများကို တင်ပြသောအခါ ကျွန်ုပ်တို့၏တိုးတက်မှုသည် လူအပေါင်းရှေ့တွင် ထင်ရှားမည်ဖြစ်သည်။
၁၃။ စင်ကြယ်ခြင်းမှာ တိမောသေလို ကျွန်ုပ်တို့ ဘယ်လိုစံနမူနာတွေ ပြနိုင်သလဲ။
၁၃ တိမောသေသည် စင်ကြယ်ခြင်းတွင်လည်း ပုံသက်သေကောင်းပြရမည်ဖြစ်သည်။ ဤအသုံးအနှုန်းကိုသုံးရာတွင် ပေါလုသည် အမူအကျင့်နှင့်ဆိုင်သော သတ်သတ်မှတ်မှတ်ကဏ္ဍတစ်ခုဖြစ်သည့် လိင်ဆိုင်ရာကိုယ်ကျင့်တရားကို ရည်ညွှန်း၏။ အထူးသဖြင့် အမျိုးသမီးများနှင့်ဆက်ဆံပုံတွင် တိမောသေ၏အပြုအမူသည် အပြစ်ဆိုစရာမရှိ ဖြစ်ရမည်။ သူသည် “အသက်အရွယ်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့လည်းကောင်း ရိုးသားဖြူစင်စွာ ဆက်ဆံ” ရန်ဖြစ်သည်။ (၁ တိ. ၄:၁၂; ၅:၂) ဖုံးကွယ်ထားနိုင်သည်ဟုထင်ရသော အကျင့်ယိုယွင်းမှုများကိုပင် ယေဟောဝါသိရှိပြီး နောက်ဆုံးတွင် လူသိရှင်ကြားဖြစ်လာမည်မှာ သေချာသည်။ ထိုနည်းတူ ခရစ်ယာန်တစ်ဦး၏ ကောင်းသောအကျင့်များသည်လည်း ဖုံးကွယ်၍မရပါ။ (၁ တိ. ၅:၂၄၊ ၂၅) အသင်းတော်အတွင်းရှိသူအားလုံးသည် မိမိတို့၏အပြုအမူနှင့် စင်ကြယ်ခြင်းတွင် တိုးတက်မှုရှိကြောင်း ထင်ရှားပြနိုင်သည့် အခွင့်အရေးရှိကြသည်။
ချစ်ခြင်းနှင့်ယုံကြည်ခြင်း မရှိမဖြစ်လိုအပ်
၁၄။ ကျွန်ုပ်တို့အချင်းချင်း ချစ်ဖို့လိုတယ်ဆိုတာ ကျမ်းချက်တွေက ဘယ်လိုအလေးပေး ဖော်ပြသလဲ။
၁၄ စစ်မှန်သောခရစ်ယာန်ဘာသာ၏ အဓိကသွင်ပြင်လက္ခဏာမှာ မေတ္တာဖြစ်သည်။ မိမိတပည့်များကို ယေရှုဤသို့ပြောခဲ့သည်– “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြကြောင်း လူအပေါင်းတို့သိရကြလိမ့်မည်။” (ယော. ၁၃:၃၅) ထိုသို့သောမေတ္တာကို ကျွန်ုပ်တို့မည်သို့တင်ပြကြသနည်း။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “မေတ္တာတရား၌ အချင်းချင်း” သည်းခံခြင်းရှိကြရန်၊ “အချင်းချင်းကြင်နာမှုပြ၍ သနားစာနာကြ” ရန်၊ “အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြ” ရန်နှင့် ဧည့်ဝတ်ပြုကြရန် တိုက်တွန်းထားသည်။ (ဧ. ၄:၂၊ ၃၂; ဟေဗြဲ ၁၃:၁၊ ၂) “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့” ဟုတမန်တော်ပေါလု ရေးခဲ့သည်။—ရော. ၁၂:၁၀။
၁၅။ ချစ်ခြင်းမေတ္တာက အားလုံးအတွက်၊ အထူးသဖြင့် ခရစ်ယာန်ကြီးကြပ်မှူးတွေအတွက် ဘာကြောင့် အရေးပါသလဲ။
၁၅ တိမောသေသည် ခရစ်ယာန်ချင်းများကို ကြမ်းတမ်းစွာ သို့မဟုတ် မကြင်မနာဆက်ဆံခဲ့မည်ဆိုလျှင် သွန်သင်သူနှင့် ကြီးကြပ်မှူးတစ်ဦးအနေနှင့် သူ၏လုပ်ဆောင်ပြီးမြောက်မှုများသည် အချည်းနှီးဖြစ်သွားပေမည်။ (၁ ကောရိန္သု ၁၃:၁-၃ ကိုဖတ်ပါ။) ယင်းအစား မိမိညီအစ်ကိုများအပေါ်ပြသသည့် တိမောသေ၏ စစ်မှန်သောမေတ္တာသည် ဧည့်ဝတ်ပျူငှာမှုနှင့် သူတို့အတွက်လုပ်ဆောင်သည့် ကောင်းသောအလုပ်များနှင့် ဒွန်တွဲနေသောကြောင့် သူ၏တိုးတက်မှု ထင်ရှားခဲ့မည်မှာ သေချာသည်။ သို့ဖြစ်၍ တိမောသေထံရေးသည့် တမန်တော်ပေါလု၏စာတွင် စံနမူနာအနေနှင့် တိမောသေတင်ပြရမည့် အရည်အသွေးများထဲ၌ မေတ္တာကို သတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမှာ သင့်လျော်ပါသည်။
၁၆။ တိမောသေက ဘာကြောင့် ခိုင်ခံ့တဲ့ယုံကြည်ခြင်းပြသဖို့ လိုသလဲ။
၁၆ ဧဖက်မြို့တွင်ရှိနေစဉ် တိမောသေ၏ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရသည်။ အချို့သူတို့သည် ခရစ်ယာန်အမှန်တရားနှင့်မညီသော အယူဝါဒများကို သွတ်သွင်းနေကြသည်။ အခြားသူတို့သည် အသင်းတော်ကို အကျိုးမပြုသော “ဒဏ္ဍာရီပုံပြင်များ” ဖြန့်ကြ သို့မဟုတ် အယူအဆများကို စူးစမ်းရှာဖွေကြသည်။ (၁ တိမောသေ ၁:၃၊ ၄ ကိုဖတ်ပါ။) ပေါလုက ထိုသူတို့ကို “မာနထောင်လွှား၍ မည်သည့်အရာကိုမျှ နားမလည်ဘဲ အမေးပုစ္ဆာများဆွေးနွေးခြင်း၊ စကားလုံးများနှင့်ပတ်သက်၍ ငြင်းခုံခြင်း၌ ဝါသနာကြီးသော” သူတို့ဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။ (၁ တိ. ၆:၃၊ ၄) တိမောသေသည် အသင်းတော်အတွင်းစိမ့်ဝင်လာသည့် အန္တရာယ်ရှိသော အယူအဆများကို စဉ်းစားတွေးတောခဲ့မည်လော။ မစဉ်းစားခဲ့ပါ၊ အကြောင်းမှာ ပေါလုသည် တိမောသေအား “ယုံကြည်ခြင်းတိုက်ပွဲကို ကောင်းစွာတိုက်” ရန်နှင့် “သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့် အချည်းနှီးသောစကားများကိုလည်းကောင်း၊ ‘အသိပညာ’ ဟုတလွဲခေါ်သည့် ရှေ့နောက်မညီသော အယူအဆများကိုလည်းကောင်း” ရှောင်ရန် တိုက်တွန်းခဲ့သောကြောင့်ဖြစ်သည်။ (၁ တိ. ၆:၁၂၊ ၂၀၊ ၂၁) တိမောသေသည် ပေါလု၏ပညာရှိအကြံပေးချက်ကို လိုက်လျှောက်ခဲ့မည်မှာ အမှန်ပင်။—၁ ကော. ၁၀:၁၂။
၁၇။ ယနေ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ဘယ်လိုစမ်းသပ်ခံရနိုင်သလဲ။
၁၇ စိတ်ဝင်စားစရာမှာ “နောင်ကာလတွင် အချို့သောသူတို့သည် ယုံကြည်ခြင်းကိုစွန့်၍ နတ်ဆိုးတို့၏လှည့်ဖြားတတ်သော သတင်းစကားကိုလည်းကောင်း၊ သွန်သင်ချက်များကိုလည်းကောင်း အာရုံစိုက်ကြလိမ့်မည်” ဖြစ်ကြောင်း တိမောသေ သိထားသည်။ (၁ တိ. ၄:၁) အသင်းတော်တွင် တာဝန်ရှိအနေအထားရှိသူတို့အပါအဝင် အသင်းသားအားလုံးသည် တိမောသေကဲ့သို့ ခိုင်ခံ့သော၊ မယိမ်းယိုင်သော ယုံကြည်ခြင်း တင်ပြဖို့လိုသည်။ အယူဖောက်ပြန်မှုကို ခိုင်မာပြတ်သားစွာ တားဆီးခြင်းဖြင့် ကျွန်ုပ်တို့၏တိုးတက်မှုကို ထင်ရှားစေကာ ယုံကြည်ခြင်းတွင် စံနမူနာပြနိုင်ကြပါသည်။
သင်၏တိုးတက်မှုကို ထင်ရှားစေရန် ကြိုးစားအားထုတ်ပါ
၁၈၊ ၁၉။ (က) လူအားလုံးရှေ့မှာ သင့်ရဲ့တိုးတက်မှုကို ထင်ရှားစေဖို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း သုံးသပ်ကြမလဲ။
၁၈ စစ်မှန်သောခရစ်ယာန်တစ်ဦး၏ တိုးတက်မှုသည် ထိုသူ၏ကိုယ်အသွင်အပြင်၊ ပင်ကိုစွမ်းရည်များ သို့မဟုတ် ထင်ပေါ်ကျော်စောမှုတို့နှင့် မပတ်သက်သည်မှာ ရှင်းနေပါသည်။ အသင်းတော်တွင် အမှုဆောင်ခဲ့သည့်နှစ်များဖြင့်လည်း မတိုင်းတာနိုင်ပါ။ ယင်းအစား၊ ခရစ်ယာန်တိုးတက်မှုအစစ်အမှန်ကို အတွေးအခေါ်၊ အပြောအဆိုနှင့် အမူအကျင့်တို့တွင် ယေဟောဝါကို နာခံခြင်းဖြင့် ထင်ရှားပြသကြသည်။ (ရော. ၁၆:၁၉) ကျွန်ုပ်တို့သည် အချင်းချင်းချစ်ရန်နှင့် ခိုင်ခံ့သောယုံကြည်ခြင်းကို ပြုစုပျိုးထောင်ရန်ဟူသည့်အမိန့်ကို လိုက်နာသင့်သည်။ မှန်ပါသည်၊ လူအပေါင်းတို့ရှေ့တွင် ကျွန်ုပ်တို့၏တိုးတက်မှုကိုထင်ရှားစေရန် တိမောသေအားပြောခဲ့သည့် ပေါလု၏စကားများကို ဆင်ခြင်သုံးသပ်ပြီး ယင်းတို့ကို လက်တွေ့ကျင့်သုံးကြပါစို့။
၁၉ ကျွန်ုပ်တို့၏တိုးတက်မှုနှင့် ခရစ်ယာန်ရင့်ကျက်မှုကို သိသာထင်ရှားစေသည့် နောက်ထပ်အရည်အသွေးတစ်ခုမှာ ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးတစ်ခုဖြစ်သည့် ဝမ်းမြောက်ခြင်းဖြစ်သည်။ (ဂလ. ၅:၂၂၊ ၂၃) ခက်ခဲသောကာလတွင် ဝမ်းမြောက်မှုရှိရန် မည်သို့ပြုလုပ်နိုင်ပြီး ယင်းကို ဆက်ထိန်းသိမ်းထားနိုင်ပုံကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြမည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ကျွန်ုပ်တို့ရဲ့အပြောအဆိုကနေ ကျွန်ုပ်တို့အကြောင်း လူတွေ ဘာသိရှိနိုင်သလဲ။
• အမူအကျင့်နဲ့ စင်ကြယ်ခြင်းမှာ ကျွန်ုပ်တို့ရဲ့တိုးတက်မှုကို ဘယ်လိုထင်ရှားပြမလဲ။
• ချစ်ခြင်းနဲ့ ယုံကြည်ခြင်းမှာ ခရစ်ယာန်တွေဟာ ဘာကြောင့် စံနမူနာဖြစ်ကြသလဲ။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
လူငယ်တိမောသေဟာ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်မှုတင်ပြခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သင့်ရဲ့တိုးတက်မှုက အခြားသူတွေရှေ့မှာ သိသာထင်ရှားရဲ့လား