ကြည်ညိုလေးမြတ်ဖွယ်ကောင်းခြင်း—လူကိုချီးမွမ်းခြင်းလော၊ ဘုရားသခင်အားဂုဏ်တင်ခြင်းလော
“မင်းတစ်ပါးသည် မိမိ၏နိုင်ငံသားများထက် သာလွန်သင့်သည့်အချက်မှာ သူတို့ထက်အမှန်တကယ် ပိုကောင်းသူဖြစ်ခြင်းသာမက သူတို့အပေါ် ဩဇာအရှိန်အဝါရှိသူဖြစ်ထိုက်သည်” ဟုနာမည်ကျော် ဂရိဗိုလ်ချုပ်ကြီးဇီနိုဖုန်းက ရေးသားခဲ့သည်။ ယနေ့ များစွာသောသူတို့သည် ဤ“ဩဇာအရှိန်အဝါ” ကိုကြည်ညိုဖွယ်ကောင်းခြင်းဟု ခေါ်ကြပေမည်။
သို့သော် လူ့အုပ်စိုးရှင်ယောက်တိုင်းသည် ကြည်ညိုလေးမြတ်ဖွယ်မဟုတ်ကြပါ။ ရှိသူတို့ကလည်း ကိုယ်ကျိုးအတွက် လူထု၏လေးမြတ်မှုခံရရန်နှင့် ကြိုးကိုင်နိုင်ရန် ၎င်းတို့၏အရည်အချင်းကို အသုံးပြုကြသည်။ မကြာသေးမီက နာမည်အဆိုးဆုံးသာဓကမှာ အဒေါ့ဖ်ဟစ်တလာဖြစ်ပေမည်။ ဝီလျံ အယ်လ်. ရှယ်ရာက နာဇီခေတ်ပေါ်ထွန်းခြင်းနှင့်ကျရှုံးခြင်း စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “[၁၉၃၃ ခုနှစ်က] ဂျာမန်အများစုက ဟစ်တလာသည် အမှန်ပင် ကြည်ညိုဖွယ်ကောင်းသော ဂုဏ်သရေရှိခေါင်းဆောင်တစ်ဦးဟု—သို့မဟုတ် ခဏတာယူမှတ်ခဲ့ကြသည်။ သူ့မှာ ထူးခြားသောအသိအမြင် ပိုင်ဆိုင်ဘိသကဲ့သို့ ကသောင်းကနင်းနိုင်သော နောက်တစ်ဆယ့်နှစ်နှစ်တိုင် သူ့နောက် သူတို့ဆင်ကန်းတောတိုး လိုက်ခဲ့ကြသည်။”
ဘာသာရေးသမိုင်းတွင်လည်း မိမိတို့ထံ သစ္စာနှံကြရန် လှုံ့ဆော်ခဲ့သော်လည်း မိမိတို့နောက်လိုက်များအပေါ် ဘေးရောက်စေသည့် ကြည်ညိုဖွယ်ခေါင်းဆောင်များစွာရှိသည်။ ယေရှုက “မည်သူမျှ သင်တို့ကိုမဖြားယောင်းစေရန် သတိမူကြလော့။ များစွာသောသူတို့က၊ ‘ငါသည် ခရစ်တော်ဖြစ်သည်’ ဟုဆိုလျက် ငါ့နာမနှင့်ရောက်လာပြီးလျှင် အများကို ဖြားယောင်းကြလိမ့်မည်” ဟုသတိပေးတော်မူခဲ့သည်။ (မဿဲ ၂၄:၄၊ ၅၊ သမ) ကြည်ညိုဖွယ်ခရစ်တော်အတုအယောင်များသည် ပထမရာစုတွင်သာ ပေါ်ပေါက်ခဲ့သည်မဟုတ်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ဂျင်မ်ဂျုန်းက သူ့ကိုယ်သူ “ပြည်သူ့ဗိမာန်တော်မေရှိယ” ဟုကြေညာခဲ့သည်။ “လူတို့အပေါ် ထူးခြားစွာသြဇာညောင်း”သည့် “ကြည်ညိုဖွယ်ချာ့ချ်ခေါင်းဆောင်တစ်ဦး” အဖြစ် သူ့ကိုဖော်ပြထားပြီး ၁၉၇၈ ခုနှစ်၌ လူ့သမိုင်းတွင် အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုသတ်သေမှုတစ်ခုကို သူဖြစ်ပေါ်စေခဲ့သည်။a
ကြည်ညိုဖွယ်ကောင်းခြင်းသည် အန္တရာယ်ဆုကျေးဇူးဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။ သို့သော်လည်း ကျွန်ုပ်တို့အားလုံးအတွက် ဘုရားသခင်ထံမှ ရရှိနိုင်မည့်အခြားဆုကျေးဇူး သို့မဟုတ် ဆုကျေးဇူးများအကြောင်း ကျမ်းစာတွင်ဖော်ပြထားသည်။ အဆိုပါဆုကျေးဇူးအတွက် ဂရိစကားလုံးမှာ ခါရစ္စမာဖြစ်ပြီး ကျမ်းစာတွင် ၁၇ ကြိမ်ဖော်ပြထားသည်။ ဂရိကျမ်းပညာရှင်တစ်ဦးက ယင်းသည် ‘အခငွေမပေး၊ မထိုက်မတန်သူတစ်ဦးအား ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်မှလာသည့် မိမိ၏ကြိုးစားအားထုတ်မှုဖြင့် ဘယ်တော့မျှမရနိုင်သော၊ လက်ဝယ်မပိုင်ဆိုင်နိုင်သော မထိုက်မတန်ဘဲ အခမဲ့ပေးသည့်ဆုကျေးဇူးတစ်ခု’ ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် သမ္မာကျမ်းစာရှုထောင့်မှဆိုလျှင် ခါရစ္စမာသည် ဘုရားသခင်၏မခံစားထိုက်သည့် ကရုဏာတော်ကြောင့် ရရှိသောဆုကျေးဇူးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ကို သနားကြင်နာစွာ ဘုရားသခင်ပေးထားတော်မူသော ဤဆုကျေးဇူးအချို့ကား အဘယ်နည်း။ ကိုယ်တော်အား ချီးမွမ်းမှုဖြစ်စေရန် ယင်းတို့ကို မည်သို့အသုံးပြုနိုင်သနည်း။ ဤတန်ဖိုးကြီးဆုကျေးဇူးများမှ သုံးခုကို သုံးသပ်ကြည့်ကြစို့။
ထာဝရအသက်
ဆုကျေးဇူးအားလုံးထဲမှ အကြီးမားဆုံးဆုကျေးဇူးသည် ထာဝရအသက်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ ပေါလုသည် ရောမအသင်းတော်ကို ဤသို့ရေးသားခဲ့သည်– “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူး [ခါရစ္စမာ] တော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) ကျွန်ုပ်တို့မရလိုသော်လည်း အပြစ်တရားကြောင့် ဤ “အခ” (သေခြင်း) ကိုရထားကြောင်း သတိပြုထိုက်ပေသည်။ တစ်ဖက်တွင်မူ၊ ကျွန်ုပ်တို့ကိုယ်ရည်ကိုယ်သွေးများကြောင့် ဘယ်တော့မျှမရရှိနိုင်သည့် လုံးဝမခံစားထိုက်သောထာဝရအသက်ကို ရရှိနိုင်အောင် ဘုရားသခင်ပြုလုပ်ပေးထားတော်မူသည်။
ထာဝရအသက်ဆုကျေးဇူးကို တန်ဖိုးထားပြီး ဝေမျှသင့်သည်။ ယေဟောဝါအား လူတို့သိရှိရန်၊ ကိုယ်တော့်အမှုတော်ထမ်းဆောင်ကြ၍ လူတို့ကို ထာဝရအသက်ဆုကျေးဇူးရစေရန် ကူညီပေးနိုင်ပါသည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း၊ ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ” ဟုဗျာဒိတ် ၂၂:၁၇ ကဆို၏။
ယင်းအသက်ပေးရေကို အခြားသူများအား ကျွန်ုပ်တို့မည်သို့ရယူစေနိုင်မည်နည်း။ အဓိကအားဖြင့် ဓမ္မအမှုတွင် ကျမ်းစာကို အကျိုးရှိရှိအသုံးပြုခြင်းအားဖြင့်ဖြစ်သည်။ ကမ္ဘာ့ဒေသအချို့တွင် လူတို့သည် ဝိညာဉ်ရေးရာများကို ဖတ်ရှု၊ စဉ်းစားခြင်း ရှားသည်မှာမှန်၏; သို့သော် တစ်ဦးဦး၏ “နားကိုနှိုးဆော်” ရန်အခွင့်အရေးများအစဉ်ရှိသည်။ (ဟေရှာယ ၅၀:၄) ယင်းနှင့်စပ်လျဉ်း၍ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း” ဟူသော ကျမ်းစာ၏လှုံ့ဆော်ပေးသည့်စွမ်းအားကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာ၏လက်တွေ့ကျဉာဏ်ပညာဖြစ်စေ၊ ၎င်းကကမ်းလှမ်းသည့်နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ဖြစ်စေ၊ အသက်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ၎င်း၏ရှင်းပြချက်ဖြစ်စေ၊ ဘုရားသခင်၏စကားတော်သည် နှလုံးကို ထိမိစေနိုင်ကာ လူတို့ကို အသက်လမ်းပေါ်သို့ ရောက်ရှိစေနိုင်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ထို့ပြင် ကျမ်းစာအခြေပြု စာအုပ်စာတမ်းသည် “လာပါစေ!” ဟုပြောဆိုရန် ကျွန်ုပ်တို့ကို ထောက်ကူပေးနိုင်သည်။ ဤဝိညာဉ်ရေးမှောင်မိုက်ချိန်အတွင်း ယေဟောဝါ၏လူမျိုးအပေါ် ‘ကိုယ်တော်သည် ပေါ်ထွန်းတော်မူ’ မည်ဟု ပရောဖက်ဟေရှာယက ကြိုဟောထားခဲ့သည်။ (ဟေရှာယ ၆၀:၂) ကင်းမျှော်စင်အသင်း၏ စာအုပ်စာတမ်းများသည် ယေဟောဝါထံတော်မှလာသော ဤကောင်းချီးများကို ထင်ဟပ်စေပြီး ဝိညာဉ်ရေးထွန်းလင်းမှုအခြေအမြစ်ဖြစ်သည့် ယေဟောဝါထံတော်သို့ ထောင်ချီသောလူတို့ကို နှစ်စဉ်ပို့ဆောင်လျက်ရှိသည်။ ထိုစာအုပ်စာတမ်းများသည် လူတစ်ဦးတစ်ယောက်ကို မပေါ်လွင်စေပါ။ ကင်းမျှော်စင် ထုတ်ဝေရခြင်းအကြောင်းကို ဤသို့ရှင်းပြသည်၊ “ကင်းမျှော်စင်၏ရည်မှန်းချက်မှာ ယေဟောဝါဘုရားသခင်ကို စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ချီးမြှင့်ဂုဏ်တင်ရန်ဖြစ်သည်။ . . . လူသားများအား ထာဝရအသက်ရစေရန် မိမိအသွေးတော်ကို သွန်းလောင်းတော်မူခဲ့သော စိုးစံလျက်ရှိသည့်ယေရှုခရစ်တော်အပေါ် ယုံကြည်ရန်အားပေးသည်။”
မိမိ၏ဓမ္မအမှုတွင် နှစ်ပေါင်းများစွာ အထူးအောင်မြင်မှုရရှိခဲ့သော အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးက လူတို့ကို ဘုရားသခင်နှင့်နီးကပ်အောင် ထောက်ကူရာတွင် ကင်းမျှော်စင်နှင့်နိုးလော့! တို့၏အရေးပါပုံကို ဤသို့ပြောပြသည်– “ကျွန်မရဲ့ကျမ်းစာကျောင်းသားတွေဟာ ကင်းမျှော်စင်နဲ့နိုးလော့! ကိုစဖတ်ကြလို့ သဘောကျကြတဲ့အခါ သူတို့အမြန်အဆန်တိုးတက်လာကြတယ်။ ယေဟောဝါကိုသိဖို့ မဂ္ဂဇင်းတွေဟာ တန်ဖိုးဖြတ်မရတဲ့အကူအညီဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။”
လုပ်ငန်းတော်အခွင့်အရေးများ
တိမောသေသည် အထူးအာရုံစိုက်ထိုက်သော နောက်ဆုကျေးဇူးတစ်ခုကို ပေးအပ်ခံရသည့် ခရစ်ယာန်တပည့်တော်တစ်ဦးဖြစ်ခဲ့သည်။ တမန်တော်ပေါလုသည် သူ့ကို “ဗျာဒိတ်တော်ကိုခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူး [ခါရစ္စမာ] တို့ကို မပြုစုဘဲမနေနှင့်” ဟုမှာခဲ့သည်။ (၁ တိမောသေ ၄:၁၄) ယင်းဆုကျေးဇူးကား အဘယ်နည်း။ တိမောသေသည် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် တာဝန်သိသိလုပ်ဆောင်ရမည့် လုပ်ငန်းတော်အခွင့်အရေးသို့ ခန့်အပ်ခံရခြင်းနှင့်ပတ်သက်ပါသည်။ ထိုစာပိုဒ်တွင်ပင် ပေါလုက တိမောသေအား “ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းကို ကြိုးစား၍ပြုလော့။ ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်” ဟုတိုက်တွန်းခဲ့သည်။—၁ တိမောသေ ၄:၁၃၊ ၁၆။
ယနေ့ အကြီးအကဲများလည်း မိမိတို့၏လုပ်ငန်းတော်အခွင့်အရေးများကို အာရုံစိုက်ဖို့လိုသည်။ ပေါလုဖော်ပြသည့်အတိုင်း သူတို့ပြုနိုင်သည့်နည်းတစ်နည်းမှာ ‘မိမိတို့၏ဆုံးမသြဝါဒကို သတိပြုခြင်း’ ဖြင့်ဖြစ်သည်။ သူတို့သည် လောကရှိ ကြည်ညိုဖွယ်ကောင်းသော ခေါင်းဆောင်များကို တုပမည့်အစား ဘုရားသခင်ကိုသာ အာရုံပြုကြကာ မိမိတို့ကိုယ်ကို အာရုံမစိုက်ကြချေ။ သူတို့၏စံနမူနာရှင်ယေရှုသည် ဆွဲဆောင်မှုအပြည့်ရှိသည့် ထူးခြားသောဆရာတစ်ဦးဖြစ်သော်လည်း မိမိ၏ခမည်းတော်ကို စိတ်နှိမ့်ချစွာ ချီးမွမ်းတော်မူခဲ့သည်။ “ငါဟောသောဒေသနာသည် ငါ၏ဒေသနာ [တရား] မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ဒေသနာ [တရား] ဖြစ်၏” ဟုကိုယ်တော်ကြေညာခဲ့သည်။—ယောဟန် ၅:၄၁; ၇:၁၆။
ယေရှုသည် မိမိ၏ဆုံးမသြဝါဒကို ဘုရားသခင့်စကားတော်အပေါ် အခြေပြုခြင်းအားဖြင့် ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်တော်မူခဲ့သည်။ (မဿဲ ၁၉:၄-၆; ၂၂:၃၁၊ ၃၂၊ ၃၇-၄၀) ထိုနည်းတူစွာ ကြီးကြပ်မှူးများသည် ‘မိမိတို့သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်း’ ဖို့လိုကြောင်း ပေါလုဖော်ပြခဲ့သည်။ (တိတု ၁:၉) အကြီးအကဲတို့သည် ဟောပြောချက်များကို ကျမ်းစာအပေါ် စွဲမြဲစွာအခြေခံခြင်းဖြင့် အမှန်ပင် ယေရှုကဲ့သို့ ပြောရာရောက်မည်– “ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။”—ယောဟန် ၁၄:၁၀။
အကြီးအကဲတို့သည် မည်သို့ ‘သစ္စာစကားတော်ကို အမြဲစွဲလမ်း’ နိုင်မည်နည်း။ သူတို့၏ဟောပြောချက်များနှင့် အစည်းအဝေးတာဝန်များကို ဘုရားသခင်၏စကားတော်အပေါ် အခြေပြုပြီး သူတို့အသုံးပြုသော ကျမ်းစာပိုဒ်များကို ရှင်းပြခြင်းနှင့် အလေးအနက်ဖော်ပြခြင်းအားဖြင့်ဖြစ်သည်။ အကယ်၍ ထူးခြားသောပုံဥပမာများ၊ ပျော်ရွှင်ဖွယ်ကိုယ်တွေ့ပုံတိုပတ်စများကို လွန်စွာပြောဆိုသော် ဘုရားသခင့်စကားတော်မှ အာရုံပြောင်းလဲသွားစေပြီး ဟောပြောသူ၏စွမ်းရည်ကို အာရုံစိုက်စေပေမည်။ တစ်ဖက်တွင်မူ၊ သမ္မာကျမ်းစာ၏အခန်းငယ်များသည် ကြားနာသူ၏နှလုံးကိုထိမိစေပြီး လှုံ့ဆော်ပေးပါလိမ့်မည်။ (ဆာလံ ၁၉:၇-၉; ၁၁၉:၄၀; လုကာ ၂၄:၃၂ နှိုင်းယှဉ်။) ဤကဲ့သို့သော ဟောပြောချက်များသည် လူကိုအာရုံစိုက်စေမည့်အစား ဘုရားသခင်အား သာ၍ဂုဏ်တင်ချီးမွမ်းစေပါသည်။
အကြီးအကဲများသည် ပို၍ထိရောက်သောဆုံးမသူများ ဖြစ်လာနိုင်သည့် အခြားနည်းတစ်နည်းမှာ အချင်းချင်းမှသင်ယူခြင်းဖြစ်သည်။ တိမောသေကို ပေါလုကူညီပေးခဲ့သကဲ့သို့ အကြီးအကဲတစ်ဦးသည် အခြားအကြီးအကဲတစ်ဦးကို ကူညီပေးနိုင်သည်။ “သံကိုသံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။” (သု. ၂၇:၁၇; ဖိလိပ္ပိ ၂:၃) ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကို အချင်းချင်းဝေမျှခြင်းဖြင့် အကြီးအကဲများသည် အကျိုးခံစားရသည်။ မကြာသေးမီက ခန့်အပ်ခံရသော အကြီးအကဲတစ်ဦးက ဤသို့ရှင်းပြသည်– “အတွေ့အကြုံရှိတဲ့ အကြီးအကဲတစ်ဦးက လူထုဟောပြောချက်တစ်ခု ပြင်ဆင်ပုံကို အချိန်ယူပြသခဲ့တယ်။ သူ့ပြင်ဆင်မှုထဲမှာ အဖြေမတောင်းဆိုတဲ့ မေးခွန်းတွေ၊ ပုံဥပမာတွေ၊ ဥပမာတွေ၊ တွေ့ကြုံမှုအတိုတွေအပြင် သေချာရှာဖွေထားတဲ့ ကျမ်းစာပိုဒ်တွေလည်းပါတယ်။ ကျွန်တော်ရဲ့ဟောပြောချက်လည်း ပျင်းစရာမဖြစ်အောင် ဟောပြောနည်းအမျိုးမျိုးကို သူ့ဆီက သင်ယူခဲ့ပါတယ်။”
အကြီးအကဲများဖြစ်စေ၊ ဓမ္မအမှုထမ်းများဖြစ်စေ၊ ရှေ့ဆောင်များဖြစ်စေ လုပ်ငန်းတော်အခွင့်အရေးများရထားကြသော ကျွန်ုပ်တို့အားလုံးသည် မိမိဆုကျေးဇူးကို တန်ဖိုးထားဖို့လိုသည်။ ပေါလုမသေဆုံးမီအချိန်လေးတွင် သူက အထူးဝိညာဉ်ဆုကျေးဇူးအချို့ရရှိထားသော တိမောသေကို ‘သူရသော ဘုရားသခင့်ဆုကျေးဇူးတော် [ခါရစ္စမာ] မီးကို မွေးစေခြင်းငှာ’ သတိပေးခဲ့သည်။ (၂ တိမောသေ ၁:၆၊ သမ) ဣသရေလအိမ်များရှိမီးသည် မီးကျီးခဲများမျှဖြစ်လေ့ရှိခဲ့၏။ မီးတောက်မီးလျှံနှင့်အပူရှိန်ပိုမိုရရှိရန် ‘မီးမွေးခြင်း’ ဖြင့်ဖြစ်နိုင်သည်။ သို့ဖြင့် ကျွန်ုပ်တို့ကို အပ်နှင်းထားသည့် မည်သည့်ဝိညာဉ်ဆုကျေးဇူးကိုမဆို မီးမွေးသကဲ့သို့ ကျွန်ုပ်တို့၏တာဝန်များကို စိတ်ရောကိုယ်ပါထမ်းဆောင်ရန် အားပေးခံရပါသည်။
ဝိညာဉ်ဆုကျေးဇူးများကို ဝေမျှရန်
ရောမရှိညီအစ်ကိုများအတွက် ပေါလု၏ချစ်ခြင်းမေတ္တာက ဤသို့စာရေးရန် သူ့ကိုလှုံ့ဆော်ပေးခဲ့သည်– “သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ဝိညာဉ်ဆုကျေးဇူး [ခါရစ္စမာ] တစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်ခြင်းအားဖြင့် အချင်းချင်းအားရသက်သာခြင်းသို့ ရောက်ရမည်အကြောင်းကို ဆိုလိုသတည်း။” (ရောမ ၁:၁၁၊ ၁၂) စကားပြောဆိုရုံဖြင့် သူတစ်ပါး၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်သော ကျွန်ုပ်တို့၏စွမ်းရည်ကို ဝိညာဉ်ဆုကျေးဇူးတစ်ခုအဖြစ် ပေါလုရှုမြင်ခဲ့သည်။ ဤဝိညာဉ်ဆုကျေးဇူးများကို အချင်းချင်းဖလှယ်ခြင်းသည် ယုံကြည်ခြင်းနှင့် အပြန်အလှန်အားပေးမှုကို ဖြစ်စေပေမည်။
ယင်းသည်လည်း အမှန်ပင်လိုအပ်သည်။ ကျွန်ုပ်တို့နေထိုင်သော ဤစနစ်ဆိုးတွင် ဖိစီးမှုကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ကျွန်ုပ်တို့အားလုံးရင်ဆိုင်ရကြသည်။ သို့သော် အပြန်အလှန်မှန်မှန်အားပေးခြင်းက ကြံ့ကြံ့ခံရန် ထောက်ကူနိုင်သည်။ အပြန်အလှန်—ပေးကမ်းခြင်းနှင့်ရရှိခြင်း—သည် ဝိညာဉ်ရေးခွန်အားကို ထိန်းသိမ်းထားရာတွင် အရေးပါလှသည်။ မှန်၏၊ ကျွန်ုပ်တို့အားလုံးသည် ရံဖန်ရံခါ အားပေးမှုလိုသည်မှန်သော်လည်း တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးနိုင်သည်။
စိတ်ဓာတ်ကျနေသော ယုံကြည်သူချင်းများကို သတိပြုမိမည်ဆိုလျှင် “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်” ပေမည်။ (၂ ကောရိန္သု ၁:၃-၅) သက်သာခြင်းအတွက် ဂရိစကားလုံး (ပါရားခလီစစ္စ) ၏တိုက်ရိုက်အဓိပ္ပာယ်မှာ “မိမိဘေးသို့ခေါ်ဖိတ်ခြင်း” ဖြစ်သည်။ အကယ်၍လိုအပ်သောအခါ အကူအညီပေးရန် ညီအစ်ကို၊ ညီအစ်မဘေးတွင် အကူအညီကိုပေးရန် ကျွန်ုပ်တို့ရှိနေပါက ကျွန်ုပ်တို့ကိုယ်တိုင် အကူအညီလိုအပ်လာသည့်အခါတွင် အလားတူမေတ္တာပါသော ထောက်မမှုကို ရရှိမည်မှာယုံမှားဖွယ်မရှိချေ။—ဒေသနာ ၄:၉၊ ၁၀; တမန်တော် ၉:၃၆-၄၁ နှိုင်းယှဉ်။
အကြီးအကဲများ၏ မေတ္တာပါသော သိုးထိန်းလည်ပတ်မှုများသည်လည်း အကျိုးကြီးသည်။ ဂရုစိုက်ဖို့လိုသည့်ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး ကျမ်းစာအခြေခံ၍ ဆုံးမပေးရသည့်အချိန်အခါများရှိသော်လည်း သိုးထိန်းလည်ပတ်မှုအများမှာ အားပေး၍ “စိတ်နှလုံးသက်သာစေ” ရန်အတွက်ဖြစ်သည်။ (ကောလောသဲ ၂:၂) ကြီးကြပ်မှူးများသည် ဤကဲ့သို့ယုံကြည်ခြင်း ခိုင်ခံ့စေသည့်လည်ပတ်မှုများ ပြုလုပ်ကြသောအခါ သူတို့သည် ဝိညာဉ်ဆုကျေးဇူးတစ်ခုကို အမှန်ပင်ပေးနေကြသည်။ သူတို့သည် ပေါလုနည်းတူ ဤထူးခြားသော ပေးကမ်းနည်းသည် အကျိုးရှိကြောင်းတွေ့ရှိမည်ဖြစ်ပြီး မိမိတို့၏ညီအစ်ကိုများအတွက် ‘ဆန္ဒပြင်းပြမှု’ ကိုပျိုးထောင်ပေးပါလိမ့်မည်။—ရောမ ၁:၁၁၊ ကဘ။
ယင်းသည် အောက်ပါတွေ့ကြုံမှုကို ပြောပြသော စပိန်နိုင်ငံမှ အကြီးအကဲတစ်ဦး၏ အဖြစ်အပျက်တွင် မှန်ကန်ခဲ့သည်– “၁၁ နှစ်အရွယ်ယောက်ျားလေး ရီခါးရ်ဒိုဟာ အစည်းအဝေးတွေနဲ့ အသင်းတော်ကို စိတ်ဝင်စားပုံမရှိတော့ဘူး။ ဒါကြောင့် ရီခါးရ်ဒိုရဲ့မိဘတွေကို သူတို့သားဆီလည်ပတ်နိုင်ဖို့ အခွင့်တောင်းတယ်။ သူတို့ကလည်း လိုလိုလားလားသဘောတူပါတယ်။ သူတို့က ကျွန်တော့်အိမ်နဲ့ တစ်နာရီလောက်မောင်းရတဲ့ တောင်ပေါ်မှာ နေထိုင်ကြတယ်။ ရီခါးရ်ဒိုဟာ ကျွန်တော်သူ့ကို စိတ်ဝင်စားမှုပြတာကို ဝမ်းသာမှန်းသိရတယ်။ သူချက်ချင်းပဲ တုံ့ပြန်ခဲ့တယ်။ မကြာခင်မှာပဲ သူဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတစ်ဦး၊ တက်ကြွတဲ့အသင်းတော်သားတစ်ဦးဖြစ်လာခဲ့တယ်။ သူရဲ့ ဘာသိဘာသာနေတတ်တဲ့စရိုက်က ဖော်ရွေတတ်တဲ့ပျော်ရွှင်သူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ အသင်းတော်က လူအတော်များများက ‘ရီခါးရ်ဒို ဘယ်လိုဖြစ်သွားသလဲ’ ဆိုပြီးပြောကြတယ်။ သူတို့တွေဟာ သူ့ကို ပထမဆုံးအကြိမ် သတိထားမိပုံပေါက်တယ်။ အရေးပါတဲ့ အဲဒီသိုးထိန်းလည်ပတ်မှုကို သေသေချာချာစဉ်းစားလိုက်တဲ့အခါမှာ ရီခါးရ်ဒိုထက် ကျွန်တော်က ပိုပြီးအကျိုးရရှိခဲ့တယ်လို့ ခံစားရတယ်။ သူဘုရားသခင့်နိုင်ငံတော်ခန်းမထဲဝင်လာတဲ့အခါ သူ့မျက်နှာဟာ တောက်ပရွှင်လန်းနေပြီး ကျွန်တော့်ကို နှုတ်ဆက်ဖို့ အပြေးအလွှားရောက်လာတယ်။ သူ့ရဲ့ဝိညာဉ်ရေးတိုးတက်မှုကို မြင်ရတာ ဝမ်းသာစရာပါပဲ။”
ဤအဖြစ်အပျက်ကဲ့သို့သော သိုးထိန်းလည်ပတ်မှုများသည် ကြွယ်ဝစွာကောင်းချီးရမည်မှာ ယုံမှားဖွယ်မရှိချေ။ ယင်းလည်ပတ်မှုများသည် ယေရှု၏ “ငါ၏သိုးတို့ကို ထိန်းလော့” ဟူသည့်တောင်းခံချက်နှင့်အညီဖြစ်သည်။ (ယောဟန် ၂၁:၁၆) မှန်သည်၊ အကြီးအကဲများသာ ၎င်းဆုကျေးဇူးများကို ပေးနိုင်သူများမဟုတ်ချေ။ အသင်းတော်ရှိယောက်စီယောက်တိုင်းတို့သည် မေတ္တာစိတ်ရှိစေရန်နှင့် ကောင်းသောအကျင့်ကိုကျင့်စေရန် အချင်းချင်းကို တိုက်တွန်းနှိုးဆော်နိုင်သည်။ (ဟေဗြဲ ၁၀:၂၃၊ ၂၄) အချင်းချင်းကြိုးချည်ပြီး တောင်တက်ကြသူများကဲ့သို့ ကျွန်ုပ်တို့အချင်းချင်းလည်း ဝိညာဉ်ရေးချည်နှောင်ခြင်းဖြင့် ဆက်ထားကြသည်။ ကျွန်ုပ်တို့၏အပြုအမူနှင့် အပြောအဆိုတို့သည် သူတစ်ပါးကို အကျိုးသက်ရောက်သည်မှာ ဧကန်မလွဲပင်။ ထိခိုက်နာကြည်းစေသော စကားပြောဆိုခြင်း သို့မဟုတ် ကြမ်းတမ်းစွာအပြစ်ဆိုခြင်းတို့သည် ကျွန်ုပ်တို့ကို ပူးပေါင်းထားသည့် ချည်နှောင်မှုကို အားလျော့စေနိုင်သည်။ (ဧဖက် ၄:၂၉; ယာကုပ် ၃:၈) အခြားတစ်ဖက်တွင်မူ၊ အားပေးမှုဖြစ်စေသော စကားများကိုရွေးချယ်ကာ ချစ်ခြင်းမေတ္တာဖြင့်ကူညီခြင်းသည် ကျွန်ုပ်တို့ညီအစ်ကိုများ၏ အခက်အခဲများကို ကျော်လွှားရန် ထောက်ကူပေးနိုင်ပါသည်။ ဤနည်းအားဖြင့် ထာဝရတန်ဖိုးရှိသည့် ဝိညာဉ်ဆုကျေးဇူးများကို ကျွန်ုပ်တို့ဝေမျှနေပေမည်။—သု. ၁၂:၂၅။
ပို၍ပြည့်ဝသောအတိုင်းအတာအထိ ဘုရားသခင့်ဘုန်းတော်ကို ထင်ဟပ်ခြင်း
ခရစ်ယာန်တိုင်းတွင် ကြည်ညိုဖွယ်ကောင်းသော ဂုဏ်သရေအတိုင်းအတာတစ်ခုအထိ ရှိနေသည်မှာ ထင်ရှားပါသည်။ တန်ဖိုးမဖြတ်နိုင်သော ထာဝရအသက်မျှော်လင့်ချက်ကို ကျွန်ုပ်တို့အားပေးထားသည်။ အချင်းချင်းဝေမျှနိုင်သည့် ဝိညာဉ်ဆုကျေးဇူးများကိုလည်း ကျွန်ုပ်တို့ရရှိထားသည်။ အခြားသူများကို မှန်ကန်သောရည်မှန်းချက်များထားကြရန် ကြိုးစား၍ လှုံ့ဆော်အားပေးနိုင်သည်။ အချို့သူတို့သည် လုပ်ငန်းတော်အခွင့်အရေးများနှင့်ပတ်သက်၍ ထပ်ဆင့်ဆုကျေးဇူးများကို ရရှိထားကြသည်။ အဆိုပါဆုကျေးဇူးအားလုံးသည် ဘုရားသခင်၏မခံစားထိုက်သောကရုဏာဖြစ်ကြောင်း အထောက်အထားဖြစ်သည်။ ကျွန်ုပ်တို့တွင်ရှိကောင်းရှိမည့် အဘယ်ဆုကျေးဇူးကိုမဆို ဘုရားသခင်ထံတော်မှရရှိထားသောကြောင့် ဝါကြွားဖို့အကြောင်း မရှိသည်မှာသေချာပါသည်။—၁ ကောရိန္သု ၄:၇။
ခရစ်ယာန်များအနေဖြင့် ကိုယ့်ကိုယ်ကို ဤသို့မေးဖို့ကောင်းသည်၊ ‘အကျွန်ုပ်သည် “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ” ကိုပေးပိုင်ရှင် ယေဟောဝါ၏ဘုန်းတော်ထင်ရှားစေရန် အကျွန်ုပ်၌ရှိကောင်းရှိမည့် ကြည်ညိုဖွယ်ဂုဏ်သရေကို အသုံးပြုမည်လော။ (ယာကုပ် ၁:၁၇) အကျွန်ုပ်၏အရည်အချင်းနှင့် အခြေအနေပေါ်မူတည်ပြီး ယေရှုအားတုပကာ အခြားသူများကိုကူညီပေးမည်လော။’
ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့တာဝန်ကို တမန်တော်ပေတရုက ဤသို့အကျဉ်းချုပ်ဖော်ပြသည်– “သင်တို့သည် ဆုကျေးဇူးတော် [ခါရစ္စမာ] ကိုအသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။”—၁ ပေတရု ၄:၁၀၊ ၁၁။
[အောက်ခြေမှတ်ချက်များ]
a ဂျင်မ်ဂျုန်းကိုယ်တိုင်အပါအဝင် စုစုပေါင်းလူ ၉၁၃ ဦးသေဆုံးခဲ့သည်။
[Picture Credit Line on page 23]
Corbis-Bettmann
UPI/Corbis-Bettmann