‘သင်၏တိုးပွားမှုကိုထင်ရှားစေခြင်း’
“ငါသည် . . . အသက်ကြီးသောအခါမူကား သူငယ်၏အရာ [ထူးခြားချက်၊ ကဘ] များကို ငါပယ်ရှား၏။ —၁ ကောရိန္သု ၁၃:၁၁။
၁။ ကြီးထွားခြင်းသည် ဖန်ဆင်းခြင်း၏အံ့ဖွယ်ရာသာဓက အဘယ်ကြောင့်ဖြစ်သနည်း။
မှ န်ဘီလူးဖြင့်သာတွေ့မြင်နိုင်သည့်ဥငယ်ကလေးမှ ဝေလငါးသည် ပေတစ်ရာကျော်၊ အလေးချိန်တန် ၈၀ အထိရှိငါးသတ္တဝါကြီးဖြစ်သွားနိုင်ပါသည်။ ထိုနည်းတူ မြင့်မားသောစီကွာယာပင်သည် အသေးဆုံးအစေ့ငယ်တို့မှ ပေ ၃၀၀ အမြင့်အထိကြီးထွားသွားနိုင်ပါသည်။ မှန်ပါသည်။ ကြီးထွားခြင်းသည် အသက်၏အံ့ဖွယ်ရာများအနက် တစ်ခုမျှသာဖြစ်သည်။ တမန်တော်ပေါလုပြောသကဲ့သို့ပင် ကျွန်ုပ်တို့စိုက်ပျိုးနိုင်သည်၊ ရေလောင်းပေးနိုင်သည်။ သို့သော် “ကြီးထွားစေသောသူကား ဘုရားသခင်ပေတည်း။”—၁ ကောရိန္သု ၃:၇။
၂။ အခြားအဘယ်ကြီးထွားမှုအကြောင်း သမ္မာကျမ်းစာကြိုတင်ဟောထားသနည်း။
၂ သို့ရာတွင် ထိုမျှပင်အံ့သြစရာကောင်းသည့် အခြားကြီးထွားမှုတစ်မျိုးရှိပါသေးသည်။ ယင်းအကြောင်း ပရောဖက်ဟေရှာယကြိုတင်ဟောခဲ့သည်။ “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာယ ၆၀:၂၂) ဤပရောဖက်ပြုချက်သည် ဘုရားသခင့်လူမျိုး၏ကြီးထွားမှုနှင့်ဆိုင်သည်။ ယင်းသည် ကျွန်ုပ်တို့အချိန်တွင် အကြီးစားပြည့်စုံနေသည်။
၃။ ယေဟောဝါလူမျိုးတော်၏လုပ်ငန်းကို ကိုယ်တော်အရှိန်တိုးမြှင့်ပေးနေတော်မူကြောင်း ၁၉၉၁ လုပ်ငန်းတော်နှစ်မှတ်တမ်းကမည်သို့တင်ပြသနည်း။
၃ ယေဟောဝါသက်သေများ၏ ကမ္ဘာတစ်ခွင်လုပ်ငန်းဆိုင်ရာ ၁၉၉၁ လုပ်ငန်းတော်နှစ်မှတ်တမ်းအရ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူအရေအတွက်သည် နှုန်းသစ်ဖြစ်သည့် ၄,၂၇၈,၈၂၀ အထိရောက်သွားပြီး ထိုနှစ်အတွင်းနှစ်ခြင်းခံသူဦးရေမှာ ၃၀၀,၉၄၅ ယောက်ဖြစ်သည်။ လူသစ်များဤမျှဝင်လာနေသည့်အတွက် အသင်းတော်အသစ်ပေါင်း ၃,၁၉၁ ခုနှင့်အတူ တိုက်နယ်အသစ်၊ ခရိုင်အသစ်များဖွဲ့စည်းတည်ထောင်ပေးခဲ့ရသည်။ ထိုကြောင့်၊ တစ်ရက်လျှင် အသင်းတော်အသစ်ရှစ်ခုထက်မကနှင့် နှစ်ရက်လျှင် တိုက်နယ်အသစ်တစ်ခုရှိလာရန်စီစဉ်ပေးရပါသည်။ တကယ်ချီးမွမ်းအားရစရာကြီးထွားမှုပါတကား။ တိုးတက်အောင်မြင်မှုများရှိစေရန် ယေဟောဝါသည် အရှိန်တိုးမြှင့်ပေးနေတော်မူကြောင်း၊ ကိုယ်တော့်လူမျိုး၏ကြိုးစားမှုကို ကောင်းချီးပေးနေတော်မူကြောင်းထင်ရှားပါသည်။—ဆာလံ ၁၂၇:၁။
ကိုယ်ကိုယ်ကိုစစ်ကြောရန်အချိန်
၄။ အနာဂတ်သို့ရှုမျှော်လိုက်လေသော် အဘယ်မေးခွန်းများကိုသုံးသပ်ရမည်နည်း။
၄ ယင်းသည်အလွန်အားရှိဖွယ်ဖြစ်သည်မှန်သော်လည်း တာဝန်များဒွန်တွဲပါလာပါသည်။ ဤလူသစ်များ၏ဝိညာဏလိုအပ်ရာတို့ကို ဖြည့်စွက်ပေးရန် စေတနာရှိပြီးရင့်ကျက်သောသူများ အလုံအလောက်ရှိပါမည်လော။ အနာဂတ်သို့ရှုမျှော်လိုက်လေသော် ကမ္ဘာတစ်ဝန်းကြီးထွားတိုးတက်လာသည့်အတွက် လုပ်ငန်းတော်ကိုထောက်ပံ့ကူညီပေးရမည့် ရှေ့ဆောင်များ၊ ဓမ္မအမှုထမ်းများ၊ အကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများအပြင် ဌာနခွဲရုံးများနှင့်ဗေသလအိမ်များတွင် စေတနာ့ဝန်ထမ်းရန်လိုအပ်မည့်သူတို့၏အရေအတွက်ကို စဉ်းစားကြည့်လိုက်လျှင် တွေဝေစရာပင်။ ဤမျှများပြားသောလူတို့ အဘယ်မှထွက်ပေါ်လာမည်နည်း။ စပါးများစွာမှည့်နေသည်ကား မလွဲဧကန်ဖြစ်နေ၏။ သို့သော် ရိတ်သိမ်းပေးရန်လိုအပ်နေသောလုပ်သားများကို ယနေ့မည်သူဖော်ထုတ်ပေးနိုင်မည်နည်း။—မဿဲ ၉:၃၇၊ ၃၈။
၅။ တိုးတက်ကြီးထွားမှုနှုန်း လျင်မြန်လွန်းသဖြင့် အဘယ်အခြေအနေများပေါ်ပေါက်နေသနည်း။
၅ ဥပမာ၊ ကမ္ဘာ့ဒေသအချို့တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ တစ်ရာခန့်ကို ဓမ္မအမှုထမ်းတစ်ဦးနှစ်ဦးအကူအညီဖြင့် အကြီးအကဲတစ်ဦးသာကြီးကြပ်ပေးနေရကြောင်း သတင်းရရှိသည်။ တစ်ခါတစ်ရံအကြီးအကဲတစ်ဦးသည် အသင်းတော်နှစ်ခုကိုကြည့်ရှုပေးနေရ၏။ အခြားနေရာများတွင်မူ အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပပေးရန် အရည်အချင်းပြည့်ခရစ်ယာန်ဓမ္မအမှုထမ်းများ လိုအပ်လွန်းသဖြင့် လူသစ်တို့ကို စောင့်ဆိုင်းစာရင်း၌ ထားရသည်။ ထို့ပြင် အသင်းတော်အသစ်များထွက်ပေါ်လာသည့်နှုန်း လျင်မြန်လှသဖြင့် နိုင်ငံတော်ခန်းမဆောင်တစ်ခုတည်းကို အသင်းတော်သုံးလေးငါးခုတိုင်အောင် အသုံးပြုနေရသည်လည်းရှိသည်။ ဤတိုးတက်မှုမျိုးကို သင့်အရပ်ဒေသတွင်ပင် တွေ့ကောင်းတွေ့နေရပေမည်။
၆။ ကိုယ်ကိုယ်ကိုစစ်ဆေးရန် အဘယ်ကြောင့်အခန့်သင့်ဖြစ်နေသနည်း။
၆ အထက်ပါအဖြစ်အပျက်က အဘယ်အရာကိုတင်ပြသနည်း။ အချိန်အခါနှင့်အခြေအနေကြောင့် လိုအပ်နေသည့်အရာကိုဖြည့်စွက်ပေးခြင်းငှာ ကျွန်ုပ်တို့သည် မိမိအချိန်နှင့်အစွမ်းအစများကို အကောင်းဆုံးနည်းဖြင့်အသုံးပြုနေပါသလောဟု မိမိအခြေအနေကိုစစ်ဆေးကြည့်ရန် လိုအပ်နေပါသည်။ (ဧဖက် ၅:၁၅-၁၇) ပထမရာစုဟေဗြဲခရစ်ယာန်များထံ ဤသဝဏ်လွှာကိုတမန်တော်ပေါလုရေးပို့ခဲ့သည်။ “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်း ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေ့ဦးစွာသင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။” (ဟေဗြဲ ၅:၁၂) ထိုအမှာစကားများတင်ပြသည်အတိုင်း ခရစ်ယာန်တစ်ဦးစီသည် တိုးတက်ကြီးထွားလာရန်လိုသည်။ ခရစ်ယာန်ရင့်ကျက်မှုသို့တိုးတက်မည့်အစား ဝိညာဏနို့စို့သူငယ်အဖြစ်တွင်ရပ်တန့်နေလျှင် အန္တရာယ်အမှန်ရှိနေ၏။ ယင်းကြောင့်ပေါလုဤသို့တိုက်တွန်းပါသည်။ “သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုယ်ကိုစစ်ကြောကြလော့။ ကိုယ်ကိုယ်ကိုစုံစမ်း [အဘယ်သို့သောသူဖြစ်သည်ကိုတင်ပြ၊ ကဘ ] ကြလော့။” (၂ ကောရိန္သု ၁၃:၅) သင်နှစ်ခြင်းယူခဲ့သည့်အချိန်မှစ၍ ဝိညာဉ်ရေးဘက်တိုးတက်နေမနေ ကိုယ်ကိုယ်ကိုစစ်ဆေးပြီးပြီလော။ သို့မဟုတ် သင်ရပ်တန့်နေသလော။ မည်သို့သိနိုင်မည်နည်း။
“သူငယ်၏ထူးခြားချက်များ”
၇။ ဝိညာဏဖွံ့ဖြိုးကြီးထွားမှုထင်ရှားစေရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
၇ “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား သူငယ်၏အရာ [ထူးခြားချက်၊ ကဘ] များကို ငါပယ်ရှား၏။” (၁ ကောရိန္သု ၁၃:၁၁) ဝိညာဏဖွံ့ဖြိုးကြီးထွားမှုတွင် ကျွန်ုပ်တို့အားလုံးသည် စဉ်းစားကျင့်ကြံပုံတွင် တစ်ချိန်ကသူငယ်ကဲ့သို့ပြုမူခဲ့သည်။ သို့သော် ဖွံ့ဖြိုးကြီးထွားလာကြောင်း ထင်ရှားစေခြင်းငှာ ပေါလုပြောသကဲ့သို့ “သူငယ်၏ထူးခြားချက်များ” ကိုပယ်ရှားရမည်။ ယင်းထူးခြားချက်အချို့ကား အဘယ်နည်း။
၈။ ဟေဗြဲ ၅:၁၃၊ ၁၄ ပါပေါလု၏စကားများအရ ဝိညာဏနို့စို့သူငယ်၏ထူးခြားချက်တစ်ခုကားအဘယ်နည်း။
၈ ဟေဗြဲ ၅:၁၃၊ ၁၄ ပါပေါလု၏စကားများကို ဦးဆုံးသတိပြုပါ။ “နို့ကိုသာသုံးဆောင်သောသူမည်သည်ကား သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိ။ ကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော စုံလင်သောအရွယ်ရှိသောသူတို့မူကား ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏။” သင်သည် ‘ဖြောင့်မတ်ခြင်းတရားကိုသိရှိနားလည်’ ထားပါသလော။ “ကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်” ရှိသည်တိုင် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို သိနားလည်ထားသလော။ ရင့်ကျက်သောသူများသည် “ကြေခဲသောအစာ” ကိုမှန်မှန်စားသုံးသည့်အတွက် ထိုသို့ပြုနိုင်၏ဟုပေါလုဆိုသည်။ သို့ဖြစ်သောကြောင့် ကြေခဲသောဝိညာဏအစာကိုမက်မောခြင်း၊ သို့မဟုတ် ခံတွင်းတွေ့ခြင်းက တစ်ဦးတစ်ယောက်သောသူသည် ဝိညာဉ်ရေးအရကြီးထွားလာပြီလော၊ သို့မဟုတ် ဝိညာဏနို့စို့သူငယ်သာဖြစ်နေဆဲလောဟူသည်ကို ကောင်းစွာတင်ပြ၏။
၉။ တစ်ဦးတစ်ယောက်၏ဝိညာဏခံတွင်းသည် ထိုသူ၏ဝိညာဏတိုးတက်မှုကို မည်သို့ဖော်ပြနိုင်သနည်း။
၉ ဤသို့ဆိုလျှင် သင့်ဝိညာဏခံတွင်းသည် မည်သို့ဖြစ်သနည်း။ ကျမ်းစာအခြေခံစာပေများနှင့်ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲကြီးများမှတစ်ဆင့် ယေဟောဝါမှန်မှန်ပြင်ဆင်ပေးနေသည့် ဖောဖောသီသီရှိသောဝိညာဏအစာကို သင်မည်သို့ယူမှတ်သနည်း။ (ဟေရှာယ ၆၅:၁၃) နှစ်ပတ်လည်ခရိုင်စည်းဝေးပွဲကြီးများတွင် စာအုပ်အသစ်များထုတ်ဝေသည့်အခါ အသင်အမှန်ဝမ်းမြောက်လိမ့်မည်။ သို့သော် အိမ်ပြန်ရောက်သည့်အခါ ယင်းတို့ကိုမည်သို့အသုံးပြုသနည်း။ ကင်းမျှော်စင်၊ သို့မဟုတ် နိုးလော့ စာစောင်အသစ်များရောက်လာလျှင် သင်မည်သို့ပြုလုပ်သနည်း။ ယင်းတို့ကိုအချိန်ယူဖတ်ရှုပါသလော။ သို့မဟုတ် ပေါ်လွင်ချက်များကိုလှန်လှောကြည့်ရုံကြည့်ပြီး သင့်စာအုပ်စင်ပေါ် အခြားစာပေများကြား တင်ထားလေ့ရှိသလော။ ခရစ်ယာန်အစည်းအဝေးများနှင့်ပတ်သက်၍လည်း ထပ်တူမေးခွန်းများမေးမြန်းနိုင်သည်။ စည်းဝေးအားလုံးကို သင်မှန်မှန်တက်သလော။ ယင်းတို့အတွက်ပြင်ဆင်ပြီး ပါဝင်ဖြေဆိုပါသလော။ အချို့သူများသည် ဝိညာဏအစာစားပုံစားနည်းတွင် အကျင့်ပျက်သွားပြီး အပြေးအလွှားအစာစားနေဘိသကဲ့သို့ အပေါ်ရံကြောစားသုံးနေကြ၏။ ဆာလံဆရာနှင့် အခြားကြီးခြားလှပါသည်တကား။ သူဤသို့ဆိုသည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံးဆင်ခြင်အောက်မေ့လျက်နေပါ၏။” ထပ်ဆင့်၍ဒါဝိဒ်မင်း ဤသို့ဆိုသည်။ “ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။” (ဆာလံ ၃၅:၁၈။ ၁၁၉:၉၇) ဝိညာဏပြင်ဆင်ချက်များကို မည်ရွေ့မည်မျှတန်ဖိုးထားသည့်ပုံစံက ဝိညာဏတိုးတက်မှုကိုပေါ်လွင်စေသည်။
၁၀။ ဧဖက် ၄:၁၄ တွင်ဝိညာဏနို့စို့သူငယ်၏အဘယ်ထူးခြားချက်ကို ဖော်ပြထားသနည်း။
၁၀ “သူတစ်ပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန်ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်” သင့်ဟုသတိပေးစဉ်တွင် ဝိညာဏသူငယ်၏အခြားထူးခြားချက်တစ်ခုကို ပေါလုဖော်ပြပါသည်။ (ဧဖက် ၄:၁၄) မိဘအများသိသည်အတိုင်း ကလေးသူငယ်တို့သည် အရာရာကိုနှိုက်နှိုက်ချွတ်ချွတ်သိလိုကြသည်။ ဤထူးခြားချက်ကား သူတို့အားစူးစမ်းသိချင်စေ၍ ရင့်ကျက်သောလူကြီးများအဖြစ်သို့ ဖွံ့ဖြိုးကြီးထွားစေသည့်အတွက် အပြုသဘောပါသည်။ သို့ရာတွင် စိတ်ဝင်စားရာတစ်ခုမှ အခြားတစ်ခုသို့လွယ်လင့်တကူ စိတ်ပျံ့လွင့်သည့်အန္တရာယ်ရှိနိုင်သည်။ ထိုထက်ဆိုးရွားသည်ကား အတွေ့အကြုံနည်းသည့်အတွက် ဤနှိုက်နှိုက်ချွတ်ချွတ်သိချင်စိတ်သည် ကိုယ်ကိုသော်လည်းကောင်း၊ သူတစ်ပါးကိုသော်လည်းကောင်း အတိဒုက္ခပင်ရောက်စေသည်တိုင် ကြီးလေးသောအပြစ်ပြုမိစေနိုင်သည်။ ဝိညာဏနို့စို့သူငယ်များလည်း ယင်းအဖြစ်မျိုးကြုံတွေ့နိုင်သည်။
၁၁။ (က) “ခပ်သိမ်းသောသြဝါဒလေ” ဟူသောစကားကိုအသုံးပြုရာတွင် ပေါလုအဘယ်အရာကိုသတိချပ်နေသနည်း။ (ခ) ယနေ့ကျွန်ုပ်တို့အဘယ် ‘လေများ’ ကိုရင်ဆိုင်နေကြရသနည်း။
၁၁ သို့သော် ဝိညာဏနို့စို့သူငယ်များသည် “ခပ်သိမ်းသောသြဝါဒလေတိုက်” ၍ ဖရိုဖရဲလွင့်သွားတတ်သည်ဟု ပေါလုပြောသောအခါ သူဘာကိုသတိချပ်နေသနည်း။ ဤတွင် “လေ” ကိုဂရိစကားလုံး အေနီမော့စ် မှပြန်ဆိုထား၍ ယင်းနှင့်စပ်လျဉ်းပြီး International Critical Commentary ကယင်းစကားလုံးကို “အပြောင်းအလဲရှိခြင်းသဘောကိုတင်ပြရန် သင့်လျော်သည့်စကားလုံးအဖြစ်ရွေးချယ်ထား” ပုံရှိကြောင်းဖော်ပြပါသည်။ ပေါလုဆက်ပြောသည့် “လူပရိယာယ်နှင့် . . . လှည့်ဖြားပြောဆိုသဖြင့်” ဟူသောစကားကလည်း ယင်းကိုရုပ်လုံးပေါ်စေသည်။ “ပရိယာယ်” ဟူသည့်စကားလုံးသည် မူရင်းဘာသာစကားတွင် “အံစာတုံး” သို့မဟုတ် “အံစာကစားခြင်း” ဟူ၍အဓိပ္ပာယ်ရှိရာ ကံစမ်းကစားခြင်းကိုဆိုလိုသည်။ ဆိုလိုသည်ကား၊ ဘေးကင်းပုံ၊ အလားအလာရှိပုံ၊ အကျိုးပင်ရှိပုံပေါက်သော အယူအဆအသစ်၊ လိုက်မီစရာအသစ်များ အမြဲရှိနေမည်။ ပေါလု၏စကားများသည် ယုံကြည်ခြင်းနှင့်ဆိုင်သော အသင်းတော်များဆိုင်ရာလှုပ်ရှားမှုများ၊ လူမှုရေးနှင့်နိုင်ငံရေးအကြောင်းရင်းများ အစရှိသည်တို့ကိုအထူးရည်ညွှန်းသည်။ (၁ ယောဟန် ၄:၁ နှင့်နှိုင်းယှဉ်။) သို့သော် အမြဲပြောင်းလဲနေသည့် ဆင်ယင်ပုံ၊ အပန်းဖြေပုံ၊ အစာရေစာ၊ ကျန်းမာရေး၊ သို့မဟုတ် လေ့ကျင့်ခန်းပုံစံအစရှိသည့် လောကခေတ်စားရာများ၊ ဖက်ရှင်များနှင့်လည်း သက်ဆိုင်နေပါသည်။ အတွေ့အကြုံနည်းခြင်း၊ အမြော်အမြင်မရှိခြင်းတို့ကြောင့် ဝိညာဏသူငယ်သည် ဤအရာတို့ကိုအာရုံပြုလွန်းသဖြင့် ဝိညာဏတိုးတက်မှုမရှိ၊ သာ၍အရေးကြီးသောခရစ်ယာန်တာဝန်များကို ကျေပွန်စွာမဆောင်ရွက်နိုင်ဘဲဖြစ်နိုင်သည်။—မဿဲ ၆:၂၂-၂၅။
၁၂။ တာဝန်သိတတ်ခြင်းနှင့်စပ်လျဉ်း၍ လူကြီးနှင့်လူငယ် မည်သို့ကွာခြားသနည်း။
၁၂ သူငယ်များ၏အခြားထူးခြားချက်တစ်ခုမှာ ကူညီမစမှုနှင့်ဂရုစိုက်ခြင်းကို အမြဲလိုအပ်နေခြင်းဖြစ်သည်။ တာဝန်ကိုမသိ၊ ယင်းအတွက်စိုးရိမ်စိတ်လည်းမရှိကြချေ။ သူငယ်ဘဝတွင် အရာခပ်သိမ်းကို ပျော်ရွှင်ဖွယ်ရာ၊ ကစားစရာကဲ့သို့သာယူမှတ်တတ်သည်။ ပေါလုဆိုသည့်အတိုင်းပင် သူတို့သည် ‘သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။’ ယင်းတို့ကိုသူတစ်ထူးတာဝန်ယူလုပ်ဆောင်လိမ့်မည်ဟု ပေါ့ပေါ့တန်တန်သာတွေးတောတတ်သည်။ ဝိညာဏသူငယ်လည်း ထို့အတူဖြစ်သည်။ လူသစ်တစ်ဦးသည် ကျမ်းစာဟောပြောချက်ကို ပထမအကြိမ်ပြောဆိုသည့်အခါ၊ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် စထွက်သည့်အခါ ဝိညာဏမိဘဖြစ်သူက အတတ်နိုင်ဆုံးကြိုးစားကူညီပေးပါသည်။ လူသစ်ဖြစ်သူသည် ဤအကူအညီကိုအမြဲအားကိုးနေမည်၊ ကိုယ်ကိုယ်တိုင်လုပ်ဆောင်ရန် တာဝန်မယူနိုင်လျှင် မည်သို့ဆိုမည်နည်း။ ကိုယ်တွေ့မကျင့်သုံးခြင်း သာဓကပင်ဖြစ်မည်အမှန်။
၁၃။ လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်တတ်ရန် အဘယ်ကြောင့်သင့်တော်သနည်း။
၁၃ ယင်းနှင့်စပ်လျဉ်း၍ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ထမ်းရွက်” စဉ် “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်” သင့်ကြောင်းတမန်တော်ပေါလု၏အမှာစကားကို သတိရပါ။ (ဂလာတိ ၆:၂၊ ၅) မိမိ၏ခရစ်ယာန်တာဝန်များကိုထမ်းရွက်တတ်ရန် အချိန်ပေးဖို့၊ အားစိုက်ဖို့လိုလိမ့်မည်။ အချို့ကိစ္စများတွင် အနစ်နာခံဖို့ပင်လိုပေမည်။ သို့ရာတွင် အပန်းဖြေခြင်း၊ ခရီးထွက်ခြင်း၊ စက်ပစ္စည်းများ၊ မလိုအပ်ဘဲ ဝမ်းစာရှာခြင်းပင်ဖြစ်နိုင်သည့် ရေးရာများ၌သာပါဝင်ပတ်သက်နေခြင်းသည် အမှားကြီးမှားမည်။ ထိုသို့ပြုခြင်းကား၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တိုး၍မပါဝင်လို၊ ဝိညာဏတိုးတက်မှုမရလို၊ တာဝန်ကိုမယူလိုဘဲ ဘေးတွင်သာရပ်ကြည့်နေဘိသကဲ့သို့ဖြစ်နေမည်။ “ကိုယ်ကိုယ်ကိုလှည့်ဖြား၍ နှုတ်ကပါဌ်တရားကိုနာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့” ဟု တပည့်တော်ယာကုပ်တိုက်တွန်းပါသည်။—ယာကုပ် ၁:၂၂။ ၁ ကောရိန္သု ၁၆:၁၃။
၁၄။ ဝိညာဏနို့စို့သူငယ်၏ထူးခြားချက်များကို တင်ပြခြင်းနှင့်သာ အဘယ်ကြောင့်မကျေနပ်နေသင့်သနည်း။
၁၄ မှန်သည်။ လူကြီးနှင့်ကလေးသူငယ်ကိုခွဲခြားဖော်ပြသည့် လွယ်လင့်တကူတွေ့မြင်နိုင်သည့်ထူးခြားချက်များစွာရှိပါသည်။ သို့ရာတွင်ပေါလုပြောသည့်အတိုင်း အရေးကြီးသည်ကား သူငယ်၏ထူးခြားချက်များကိုပယ်ရှားပြီး လူကြီးအဖြစ်သို့ကြီးပြင်းရန်ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၁၁။ ၁၄:၂၀) ထိုသို့မပြုလျှင် ဝိညာဏသဘောတရားဘက်တွင်ဖင့်နွှဲနေမည်။ သို့သော် မည်သို့တိုးတက်နိုင်မည်နည်း။ ရင့်ကျက်လာခြင်းငှာ ဝိညာဏကြီးပြင်းမှုကိုထိန်းသိမ်းခြင်း၌ အဘယ်အရာပါဝင်ပတ်သက်နေသနည်း။
တိုးပွားခြင်း မည်သို့ထင်ရှား
၁၅။ ကြီးထွားဖွံ့ဖြိုးခြင်းအစီအစဉ်၏ အခြေခံအဆင့်များကားအဘယ်နည်း။
၁၅ သဘာဝလောကတွင် ကြီးထွားမှုမည်သို့ဖြစ်ပျက်လာသနည်း။ “တစ်ဦးစီသည် ဆဲလ်တစ်ခုမှ အသက်စတည်ရှိလာသည်” ဟု The World Book Encyclopedia ရှင်းပြသည်။ “ဆဲလ်သည်အရာဝတ္တုတို့ကိုလက်ခံယူကာ ကြီးထွားခြင်းငှာလိုအပ်သည့်တည်ဆောက်ပစ္စည်းများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေသည်။ ဤသို့ဖြင့်တစ်ခုတည်းသောဆဲလ်၏အတွင်းမှ စတင်ကြီးထွားလာသည်။ ဤဆဲလ်သည် အခြားဆဲလ်ပေါင်းများစွာဖြစ်ပေါ်လာစေရန် ကွဲပြားသွားနိုင်ပါသည်။ တည်ဆောက်ခြင်း၊ မျိုးပွားခြင်း၊ မျိုးခွဲခြင်းအစီအစဉ်ကား ကြီးထွားဖွံ့ဖြိုးခြင်းဖြစ်သည်။” ဤတွင်ထူးခြားချက်က ကြီးထွားဖွံ့ဖြိုးမှုသည် အတွင်းမှ စတင်ဖြစ်ပျက်ခြင်းဖြစ်သည်။ လျောက်ပတ်သောအာဟာရကိုစားမည်၊ ကြေညက်စေမည်၊ အသုံးချမည်ဆိုလျှင် ကြီးထွားလာပါမည်။ ယင်းကိုမွေးစသူငယ်၏အဖြစ်အပျက်တွင် အထင်အရှားတွေ့မြင်နိုင်သည်။ ကျွန်ုပ်တို့သိကြသည်အတိုင်း နို့စို့သူငယ်သည် ကြီးထွားဖွံ့ဖြိုးခြင်းငှာ အဆီဓာတ်နှင့်ပရိုတိန်းဓာတ်ပြည့်သော အထူးဖော်စပ်ထားသည့်အစာ၊ နို့ရည်ကို မှန်မှန်သုံးဆောင်ပါသည်။ ရလဒ်ကအသို့နည်း။ ပထမနှစ်အတွင်း အလေးချိန်နှင့်ထွားကြိုင်းမှုဘက် သူငယ်၏ဖွံ့ဖြိုးကြီးထွားမှုသည် သူ၏အသက်တာတစ်လျှောက် မည်သည့်နှစ်၏ ပုံမှန်ကြီးထွားမှုနှင့်မျှ မတူညီနိုင်တော့ပါ။
၁၆။ ကျမ်းစာသင်သူလူသစ်များ၌ အဘယ်ကြီးထွားမှုမျိုးကိုတွေ့မြင်နိုင်သနည်း။ ယင်းသည် မည်သို့ဖြစ်ပျက်လာသနည်း။
၁၆ ဝိညာဉ်ရေး၌ အခြေခံမှရင့်ကျက်မှုသို့တက်လှမ်းခြင်းနှင့်စပ်လျဉ်း၍ ထိုသဘာဝကြီးထွားခြင်းဖြစ်စဉ်မှ သင်ယူစရာများစွာရှိသည်။ ဦးဆုံးအနေနှင့် မှန်မှန်သုံးဆောင်ခြင်းအစီအစဉ်သည် အလွန်အရေးကြီးသည်။ သမ္မာကျမ်းစာကို သင်ယူခါစအချိန်ကိုပြန်ပြောင်းကြည့်ပါ။ အခြားသူအများကဲ့သို့သာဆိုလျှင် သင်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်အကြောင်း အလျှင်းမသိနားမလည်သူဖြစ်နိုင်သည်။ သို့သော် ပတ်စဉ်ပတ်တိုင်း သင်ခန်းစာများကိုပြင်ဆင်ပြီး ကျမ်းစာသင်အံခဲ့ရာ အချိန်တိုကလေးတွင်ပင် ကျမ်းစာ၏အခြေခံသွန်သင်ချက်များအားလုံးကို သင်သဘောပေါက်နားလည်လာသည်။ ယင်းကားထူးခြားသောကြီးထွားမှုဖြစ်သည်ကို သင်ဝန်ခံရလိမ့်မည်။ ထိုသို့ဖြစ်လာခြင်းသည်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာသုံးစွဲသည့်အတွက်ပင်တည်း။
၁၇။ ဝိညာဏအစာကို မှန်မှန်လေ့လာသုံးစွဲခြင်းသည် အဘယ်ကြောင့်မရှိမဖြစ်အစီအစဉ်ဖြစ်ရသနည်း။
၁၇ ယခုကော။ မှန်မှန်လေ့လာသုံးစွဲခြင်းအစီအစဉ်ကို လိုက်နေဆဲလော။ မိမိသည် နှစ်ခြင်းယူပြီးပြီဖြစ်သည့်အတွက် အာဟာရပြည့်ဝသောဝိညာဏအစာကို စည်းစနစ်ကျကျမှန်မှန်သုံးစွဲပေးရန်မလိုတော့ဟူ၍ မယူဆနိုင်ပါ။ တိမောသေသည်ရင့်ကျက်သောခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သော်လည်း ပေါလုက သူတို့အားဤသို့တိုက်တွန်းသည်။ “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” (၁ တိမောသေ ၄:၁၅) ကျွန်ုပ်တို့တစ်ဦးစီသည် မည်မျှပို၍လုပ်ဆောင်ရန် လိုအပ်လှပါသည်တကား။ သင်၏ဝိညာဏတိုးပွားမှုကို ထင်ရှားခြင်း၌စိတ်ဝင်စားလျှင် ဤသို့သောကြိုးပမ်းမှုများသည် မရှိမဖြစ်ပါ။
၁၈။ တစ်ဦးတစ်ယောက်၏ဝိညာဏတိုးပွားမှု မည်သို့ထင်ရှားလာသနည်း။
၁၈ သင်၏တိုးပွားခြင်းကိုထင်ရှားစေခြင်းမည်သည် မိမိတတ်သိထားရာများကို ကြွားလုံးထုတ်ရန်အထူးကြိုးပမ်းခြင်း သို့မဟုတ် သူတစ်ပါးအထင်ကြီးရန်ပြုလုပ်ခြင်းကို မဆိုလိုပါ။ ယေရှုဤသို့ဆိုသည်။ “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။” ထို့ပြင် “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (မဿဲ ၅:၁၄။ ၁၂:၃၄) ကျွန်ုပ်တို့စိတ်နှလုံးတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်မှကောင်းမြတ်ရာတို့ကို ထည့်သွင်းထားမည်ဆိုလျှင် ကျွန်ုပ်တို့ပြုသမျှအမှု၊ ပြောသမျှစကား၌ မထင်ရှားပြဘဲမနေနိုင်ပါ။
၁၉။ ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုနှင့်စပ်လျဉ်း၍ မည်သို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသင့်သနည်း။ အဘယ်ရလဒ်ကိုရလို၍နည်း။
၁၉ သို့ဖြစ်၍ မေးစရာကား။ သမ္မာကျမ်းစာကို သင်မှန်မှန်လေ့လာသလော။ သင့်အတွင်းဝိညာဏကြီးပြင်းမှုဖြစ်စေရန်၊ အာဟာရပြည့်ဝသော အကြောင်းအရာများကိုသုံးစွဲရန် ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ပါသလော။ ဝိညာဏတိုးပွားမှုနှင့်စပ်လျဉ်း၍ ရပ်ကြည့်ရုံကြည့်သူတစ်ဦးအဖြစ် မကျေနပ်နေပါနှင့်။ ယေဟောဝါပြင်ဆင်ပေးသောအလျှံပယ်ဝိညာဏအစာကို အပြည့်အဝအသုံးပြုပေးခြင်းငှာ အပြုသဘောပါခြေလှမ်းများကိုယူပါ။ သင်သည် ‘ယေဟောဝါ၏တရားတော်၌မွေ့လျော်၍ တရားတော်ကိုနေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့သောသူ’ တစ်ဦးဖြစ်လျှင် သင်နှင့်ပတ်သက်၍ ဤသို့အမှန်ဆိုနိုင်ပါလိမ့်မည်။ “ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။” (ဆာလံ ၁:၂၊ ၃) ဝိညာဉ်ရေးဘက်ဆက်တိုးတက်နေဖို့သေချာနိုင်ရန် ဘာပြုလုပ်နိုင်ပါသနည်း။ နောက်ဆောင်းပါးတွင် ယင်းအကြောင်းဆွေးနွေးပါမည်။
သင်ဖြေဆိုနိုင်သလော
▫ ကျွန်ုပ်တို့၏ဝိညာဏတိုးပွားမှုကိုစစ်ဆေးရန် အဘယ်ကြောင့်အခန့်သင့်ဖြစ်သနည်း။
▫ ဝိညာဏကြီးထွားမှုနှင့် ဝိညာဏခံတွင်းတွေ့ခြင်းသည် မည်သို့ဆက်စပ်သနည်း။
▫ “ခပ်သိမ်းသောသြဝါဒလေ” ကား အဘယ်အရာကိုဆိုလိုသနည်း။
▫ တစ်ဦးစီသည် ကိုယ့်ဝန်ကိုယ်အဘယ်ကြောင့်ထမ်းသင့်သနည်း။
▫ ဝိညာဏတိုးပွားမှုကို မည်သို့ရရှိနိုင်မည်နည်း။