ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
“ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ . . . ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။”—၁ ပေတရု ၂ :၁၇။
၁။ (က) ဘုရားသခင်နှင့်ခရစ်တော်တို့အပြင် မည်သူတို့သည် ဂုဏ်ပြုခြင်းခံထိုက်သနည်း။ (ခ) ၁ ပေတရု ၂:၁၇ အရမည်သည့်နယ်ပယ်များ၌ လူသားများကို ဂုဏ်ပြုရမည်နည်း။
ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တော်တို့အား ဂုဏ်ပြုချီးကျူးရန်တာဝန်ရှိကြောင်း ကျွန်ုပ်တို့တွေ့ရပြီးဖြစ်သည်။ ဤသို့ဂုဏ်ပြုခြင်းမှာ မှန်ကန်၍ ပညာရှိသော၊ မေတ္တာရှိသောလုပ်ရပ်ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင့်နှုတ်ကပတ်တော်က လူလူချင်းကိုလည်း ရိုသေရမည်ဟုဖော်ပြထားသည်။ “ခပ်သိမ်းသောသူတို့ကိုရိုသေကြလော့” ဟူ၍ ကျွန်ုပ်တို့အားမှာကြားထားသည်။ (၁ ပေတရု ၂:၁၇) ဤအခန်းငယ်သည် “ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့” ဟူသောအမိန့်နှင့်အဆုံးသတ်ထားသဖြင့် လူမှုရေးအဆင့်အတန်းကြောင့် ရိုသေထိုက်သူတို့ကိုရိုသေအပ်သည်ဟူသည့်အဓိပ္ပာယ် သက်ရောက်သည်။ သို့ဖြစ်လျှင် မည်သူတို့ကိုအထိုက်အလျောက်ရိုသေအပ်သနည်း။ ရိုသေဂုဏ်ပြုထိုက်သူအရေအတွက်သည် အချို့ထင်သည်ထက်ပင် များကောင်းများပေမည်။ အခြားပုဂ္ဂိုလ်များကိုရိုသေရမည့် နယ်ပယ်လေးနယ်ရှိသည်ဟု ကျွန်ုပ်တို့ဆိုနိုင်သည်။
နိုင်ငံရေးအုပ်စိုးသူတို့ကိုရိုသေခြင်း
၂။ ၁ ပေတရု ၂:၁၇ ၌ဖော်ပြထားသည့် “ရှင်ဘုရင်” ဆိုသည်မှာ မည်သည့်လူသားရှင်ဘုရင်၊ မည်သည့်လူသားအုပ်စိုးသူကိုမဆိုရည်ညွှန်းကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၂ ပထမနယ်ပယ်မှာ လောကီအစိုးရများနှင့်သက်ဆိုင်သည်။ နိုင်ငံရေးအုပ်စိုးသူတို့ကို ရိုသေဖို့လိုသည်။ “ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့” ဟူ၍ ပေတရုသြဝါဒပေးစဉ်တွင် နိုင်ငံရေးအုပ်စိုးသူများကို သူရည်ညွှန်းသည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်အသင်းတော်ပြင်ပရှိအခြေအနေအကြောင်းကို သူပြောနေသောကြောင့်ဖြစ်သည်။ “အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ . . . ရှင်ဘုရင်ခန့်ထားသောဝန်မင်းဖြစ်စေ၊ လူတို့တွင်စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟူ၍သူယခုလေးတင်ပြောပြီးရုံရှိသေးသည်။ “ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့” ဟူ၍ပြောခြင်းအားဖြင့် ဘုရားသခင်နှင့် “ရှင်ဘုရင်” ကိုကွဲကွဲပြားပြားခြားနားအောင်ဖေါ်ပြထားသည်ကိုလည်း သတိပြုပါ။ (၁ ပေတရု ၂:၁၃၊ ၁၄) ထို့ကြောင့် ရိုသေပါဟုပေတရုတိုက်တွန်းထားသည့် “ရှင်ဘုရင်” မှာ မည်သည့်လူသားရှင်ဘုရင်ကိုမဆို၊ မည်သည့်နိုင်ငံရေးအုပ်စိုးသူကိုမဆို ရည်ညွှန်းခြင်းဖြစ်ပေသည်။
၃။ “အစိုးရသောမင်းအာဏာစက်” တို့ကား မည်သူတို့နည်း။ သူတို့အဘယ်အရာခံထိုက်သနည်း။
၃ တမန်တော်ပေါလုကလည်း အလားတူ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဟူ၍ပညတ်ထားသည်။ အဆိုပါ “မင်းအာဏာစက်” တို့မှာ ယေဟောဝါဘုရားသခင်လည်းမဟုတ်၊ ယေရှုခရစ်တော်လည်းမဟုတ်ဘဲ နိုင်ငံရေးအုပ်စိုးသူများ၊ အစိုးရအရာရှိများသာဖြစ်ကြသည်။ ဤသူတို့ကိုစိတ်စွဲလျက် ပေါလုက “လူအသီးအသီးခံထိုက်သည်အတိုင်းပေးကြလော့။ . . . ရိုသေထိုက်သောသူကိုရိုသေကြလော့” ဟူ၍ဆက်လက်ဆိုထားခြင်းဖြစ်သည်။ ဘုရားသခင့်ခွင့်ပြုချက်ဖြင့် နိုင်ငံရေးအုပ်စိုးခွင့်ရသော ဤသူတို့သည် ရိုသေမှုကိုခံထိုက်ပေသည်။—ရောမ ၁၃:၁၊ ၇။
၄။ (က) နိုင်ငံရေးအုပ်စိုးသူတို့ကို ရိုသေမှု မည်သို့ပြသမည်နည်း။ (ခ) အုပ်စိုးသူတို့ကို ရိုသေခြင်းအမှု၌ တမန်တော်ပေါလု အဘယ်စံနမူနာထားခဲ့သနည်း။
၄ ဘုရင်ခံဖေလဇ်သည် “မည်သည့်မကောင်းမှုကိုလုပ်လုပ် အပြစ်ဒဏ်မသင့်အောင်ရှောင်နိုင်သည်ဟုထင်” သောသူဖြစ်ကြောင်း ရောမသမိုင်းပညာရှင် တက်စီတပ်စ်က ရုပ်လုံးပေါ်အောင် ရေးသားခဲ့သည်။ သို့သော်လည်း ပေါလုသည်ဖေလဇ်မင်းရှေ့မှောက်၌ လျှောက်လဲချက်ပေးရာတွင် ရိုသေလေးစားစွာဖြင့် အစချီလျှောက်လဲခဲ့သည်။ ထိုနည်းတူ အဂြိပ္ပသည်သွေးရင်းစပ်ယှက်မှုအပြစ်ကိုပြုနေကြောင်း ပေါလုသိထားသော်လည်း ဤဒုတိယမြောက်ဟေရုဒ်အဂြိပ္ပမင်းအားပေါလုက “အရှင်၏ရှေ့တော်တွင် လျှောက်လဲချေပရသည်မှာ အကျွန်ုပ်အဖို့ထူးမြတ်သောအခွင့်အရေးပင်ဖြစ်သည်ဟု ယူဆပါ၏” ဟုရိုသေလေးစားစွာ လျှောက်ထားခဲ့သည်။ အလားတူစွာ ဘုရင်ခံဖေတ္တုမင်းသည် ရုပ်တုကိုးကွယ်သူဖြစ်စေကာမူ ပေါလုက ‘အရှင်မင်းမြတ်’ ဟူ၍ခေါ်ဝေါ်ခြင်းဖြင့် ရိုသေကြောင်းပြသခဲ့သည်။—တမန်တော် ၂၄:၁၀။ ၂၆:၂၊ ၃၊ ၂၄၊ ၂၅။
၅။ အစိုးရအာဏာပိုင်များကို ရိုသေကြောင်း နောက်ထပ်ပြနိုင်သည့်နည်းကား အဘယ်နည်း။ ဤသို့ပြုလုပ်ခြင်းတွင် ယေဟောဝါသက်သေများ မည်သို့စံနမူနာကောင်း ထားကြသနည်း။
၅ အစိုးရမင်းအား ပေးဆောင်ထိုက်သည်ကိုပေးဆောင်ခြင်းအကြောင်း ရေးသားစဉ်တွင် အစိုးရမင်းအရာရှိများအား ရိုသေသည့်နည်း နောက်တစ်နည်းကို တမန်တော်ပေါလုညွှန်ပြခဲ့သည်။ “အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုလည်းကောင်း ပေးကြလော့” ဟူ၍သူမှာကြားခဲ့သည်။ (ရောမ ၁၃:၇) ယေဟောဝါသက်သေများသည် မိမိတို့နေထိုင်သည့် မည်သည့်တိုင်းပြည်၌မဆို ပေးဆောင်ထိုက်သည်ကိုပေးဆောင်ကြသည်။ “သူတို့သည် လူတကာလိုလားသော၊ ကျေးဇူးသစ္စာအထူးစောင့်သိသော နိုင်ငံသားများဖြစ်ကြသည်။ အခွန်ဆောင်ရန်တိမ်းရှောင်ခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် လိုက်နာရန်အဆင်မပြေသည့် ဥပဒေများကို မလိမ့်တပတ်ပြုလုပ်ခြင်းမပြုကြချေ” ဟူ၍ အီတလီနိုင်ငံထုတ်သတင်းစာ La Stampa ကသုံးသပ်တင်ပြထားသည်။ အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်မြို့ထုတ် The Post သတင်းစာကလည်း ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။ “သူတို့သည် အခွန်များကိုပေးဆောင်ကြပြီး နိုင်ငံတော်တွင် အလွန်ရိုးသားသောနိုင်ငံသားများတွင် ပါဝင်သူများဖြစ်သည်။”
အလုပ်ရှင်တို့ကို ရိုသေခြင်း
၆။ မည်သူတို့ကိုလည်း ရိုသေပါဟု တမန်တော်ပေါလုနှင့်ပေတရု မှာကြားသနည်း။
၆ ကျွန်ုပ်တို့ရိုသေမှုပြရမည့် ဒုတိယနယ်ပယ်မှာ ကျွန်ုပ်တို့၏လုပ်ငန်းခွင်ဖြစ်သည်။ လုပ်ငန်းခွင်တွင် မိမိတို့၏အထက်လူကြီးများကို ခရစ်ယာန်များရိုသေလေးစားရန် အရေးကြီးကြောင်း တမန်တော်ပေါလုနှင့်ပေတရုနှစ်ဦးစလုံးက အလေးအနက်ဖော်ပြထားသည်။ ပေါလုအောက်ပါအတိုင်းရေးသားခဲ့သည်။ “ဘုရားသခင်၏နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်မည်အကြောင်း၊ အစေခံ ကျွန်မည်သည်ကား မိမိသခင်ကို အလွန်ရိုသေ ထိုက်သောသူဟူ၍မှတ်စေ။ သခင်သည် ယုံကြည်သောသူဖြစ်လျှင် ညီအစ်ကိုဖြစ်သည်ဟုစိတ်ထင်နှင့် မခန့်မညားမပြုစေနှင့်။ . . . သာ၍အစေခံစေ။” ပေတရုလည်းဤသို့ဆိုခဲ့၏။ “အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသော သဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။”—၁ တိမောသေ ၆:၁၊ ၂။ ၁ ပေတရု ၂:၁၈။ ဧဖက် ၆:၅။ ကောလောသဲ ၃:၂၂၊ ၂၃။
၇။ (က) “သခင်တို့” ကိုရိုသေရန် “ကျွန်တို့” ကိုသမ္မာကျမ်းစာပေးထားသည့် ဩဝါဒကို ယခုခေတ်တွင်လျောက်ပတ်စွာ မည်သို့ကျင့်သုံးနိုင်သနည်း။ (ခ) ခရစ်ယာန်အလုပ်ရှင်တို့ထံ၌ အလုပ်လုပ်သောခရစ်ယာန်အလုပ်သမားများအနေဖြင့် အဘယ်အချက်ကို လိုက်နာစောင့်ထိန်းရန် ဂရုစိုက်သင့်သနည်း။
၇ ယခုခေတ်၌ ကျေးကျွန်ပိုင်ဆိုင်ခြင်းမရှိသလောက်ရှားပါးသွားသည်မှန်သော်လည်း ကျွန်နှင့်သခင်ဆက်ဆံရေးတွင် ခရစ်ယာန်များကို ထိန်းကျောင်းသည့် အခြေခံမူများသည် အလုပ်သမားနှင့်အလုပ်ရှင်ဆက်ဆံရေးတွင်လည်း အသုံးဝင်ပေသည်။ သို့ဖြစ်သောကြောင့် ခရစ်ယာန်အလုပ်သမားများသည် ကြမ်းတမ်းသောသဘောရှိသောအလုပ်ရှင်ကိုပင် ရိုသေရန်တာဝန်ရှိသည်။ အကယ်၍ အလုပ်ရှင်သည်လည်း ယုံကြည်သူချင်းတစ်ဦးဖြစ်နေပါက မည်သို့ပြုအပ်သနည်း။ ထိုသို့သောဆက်ဆံရေးကြောင့် အထူးထောက်ထားခြင်း၊ အထူးဦးစားပေးခြင်းကို မျှော်လင့်မည့်အစား အလုပ်သမားအနေဖြင့် မည်သည့်နည်းနှင့်မဆို မည်သည့်အခါမျှအခွင့်အရေးမယူဘဲ ခရစ်ယာန်အလုပ်ရှင်ဖြစ်သူ၏အစေကို ပို၍ပင်ခံအပ်သည်။
မိသားစုအသိုင်းအဝိုင်း၌ ရိုသေခြင်း
၈၊ ၉။ (က) သားသမီးများ မည်သူတို့ကိုရိုသေအပ်သနည်း။ (ခ) သားသမီးများ ဤသို့အဘယ်ကြောင့် ရိုသေအပ်သနည်း။ အဘယ်သို့ရိုသေနိုင်သနည်း။
၈ ရိုသေမှုပြရမည့် တတိယနယ်ပယ်မှာ မိသားစုအသိုင်းအဝိုင်းအတွင်း၌ဖြစ်သည်။ ဥပမာအားဖြင့် သားသမီးများသည် မိဘကိုရိုသေသမှုပြုရမည့်တာဝန်ရှိသည်။ ဤကား မောရှေအားပေးခဲ့သည့် ပညတ်တရားမှတောင်းဆိုချက်မျှသာမဟုတ်ဘဲ တမန်တော်ပေါလုကလည်း ခရစ်ယာန်များအား ဤသို့ရေးသားမှာကြားထားသည်။ “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။”—ဧဖက် ၆:၁၊ ၂။ ထွက်မြောက်ရာ ၂၀:၁၂။
၉ သားသမီးများသည် မိဘတို့ကိုအဘယ်ကြောင့်ရိုသေအပ်သနည်း။ မိဘတို့အား ဘုရားသခင်ပေးအပ်ထားသည့်အာဏာကြောင့်တစ်ကြောင်း၊ သားသမီးများကိုမွေးဖွား၍ ကလေးဘဝမှစ၍ ကျွေးမွေးပြုစုခြင်းဖြင့် မိဘတို့လုပ်ဆောင်ပေးရာများအတွက်ကြောင့်တစ်ကြောင်း မိဘတို့ကိုရိုသေအပ်သည်။ မိဘကိုမည်သို့ရိုသေအပ်သနည်း။ မိဘစကားကိုနားထောင်ခြင်း၊ သူတို့၏အုပ်စိုးခြင်းကိုဝန်ခံခြင်းအားဖြင့် အထူးသဖြင့်ရိုသေအပ်သည်။ (သု၊ ၂၃:၂၂၊ ၂၅၊ ၂၆။ ကောလောသဲ ၃:၂၀) ထိုသို့ရိုသေသမှုပြုခြင်းဆိုရာ၌ အရွယ်ရောက်ပြီးသောသားသမီးများအနေဖြင့် သက်ကြီးရွယ်အိုမိဘ သို့မဟုတ် ဖိုးဖွားတို့ကို ဥစ္စာပစ္စည်းနှင့်ဝိညာဉ်ရေးအရ ထောက်ပံ့ခြင်းလည်းပါဝင်ကောင်းပါဝင်ပေမည်။ ဤကိစ္စကိုဆောင်ရွက်နိုင်ရန် အခြားတာဝန်များဖြစ်သည့် မိမိသားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ခရစ်ယာန်ပေါင်းသင်းမှုနှင့်ဓမ္မအမှု၌ ပါဝင်ခြင်းတို့ကိုချင့်ချိန်၍ အရာရာကိုမျှတစွာပြုစုပေးရပေမည်။—ဧဖက် ၅:၁၅-၁၇။ ၁ တိမောသေ ၅:၈။ ၁ ယောဟန် ၃:၁၇။
၁၀။ မယားဖြစ်သူတို့သည် မည်သူတို့ကိုရိုသေရန် တာဝန်ရှိသနည်း။ မည်သည့်နည်းများဖြင့် ရိုသေနိုင်ကြသနည်း။
၁၀ သို့သော် မိသားစုအသိုင်းအဝိုင်းအတွင်း၌ သားသမီးများကသာ ရိုသေသမှုပြုရမည့်တာဝန်ရှိသည်မဟုတ်ပါ။ ဇနီးသည်တို့အနေဖြင့် လင်သားတို့ကို ရိုသေကြရမည်။ “မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို [အလွန်] ရိုသေခြင်းရှိစေလော့” ဟူ၍ တမန်တော်ပေါလုဆိုထားသည်။ (ဧဖက် ၅:၃၃။ ၁ ပေတရု ၃:၁၊ ၂) လင်ကို ‘အလွန်ရိုသေ’ သည်ဆိုရာ၌ သူတို့ကိုဂုဏ်တင်ခြင်း မုချပါဝင်ပေသည်။ စာရာသည် လင်သားဖြစ်သူအာဗြဟံကို “သခင်” ဟုရည်ညွှန်းစဉ်တွင် အာဗြဟံကို ဂုဏ်တင်ခဲ့သည်။ (၁ ပေတရု ၃:၆) ထို့ကြောင့်မယားဖြစ်သူတို့၊ စာရာကိုအတုယူကြပါ။ လင်သားတို့၏ဆုံးဖြတ်ချက်များကို သဘောတူလက်ခံ၍ အောင်မြင်အောင် ပံ့ပိုးကူညီပေးခြင်းအားဖြင့် သင်တို့၏လင်ယောက်ျားတို့ကို ရိုသေသမှုပြုကြပါ။ သူတို့၏ဝန်ကိုလေးလံစေမည့်အစား ကူညီထမ်းရွက်ပေးရန် အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့် သူတို့ကိုရိုသေကြပါ။
၁၁။ လေးမြတ်ခြင်းကိစ္စနှင့်ပတ်သက်၍ လင်ဖြစ်သူတို့၌ အဘယ်တာဝန်ရှိသနည်း။ အဘယ်ကြောင့်နည်း။
၁၁ လင်ယောက်ျားများအတွက်ကော မည်သို့ဆိုမည်နည်း။ ဘုရားသခင့်နှုတ်ကပတ်တော်၌ အောက်ပါအတိုင်း သူတို့ကိုညွှန်ကြားထားသည်။ “ထိုနည်းတူ၊ လင်ဖြစ်သူတို့၊ သင်တို့ပတ္ထနာများကို ကန့်ကွက်ခြင်းမရှိစေရန် အားနည်း [သောတန်ဆာ] အဖြစ်မိန်းမနှင့်အတူ အသိပညာအလျောက်နေထိုင်၍ အသက်ဆိုင်ရာကျေးဇူးတော်ကို အမွေစားဖက်အဖြစ် ထောက်ထား၍လေးမြတ် ကြလော့။” (၁ ပေတရု ၃:၇၊ သမ) ဤအချက်ကိုလင်ယောက်ျားတိုင်းစဉ်းစားသင့်သည်။ မယားဖြစ်သူ၌ “အလွန်အဖိုးကြီးသည်၊ သိမ်မွေ့နုနယ်သည်၊ သတိနှင့်ကိုင်တွယ်ပါ၊ ရိုသေစွာထိန်းသိမ်းပါ” ဟူသော စာတန်းပါသောစက္ကူကပ်ပြားပါရှိနေသည့်ပမာဖြစ်သည်။ ထို့ကြောင့် လင်ယောက်ျားဖြစ်သူတို့အနေဖြင့် မယားဖြစ်သူတို့ကိုထောက်ထားညှာတာခြင်းအားဖြင့် သူတို့ကိုလေးမြတ်ခြင်းမပြုလျှင် ဆုတောင်းခြင်းဆီးတားခံရမည်ဖြစ်သောကြောင့် ယေဟောဝါဘုရားသခင်နှင့်ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်။ မှန်ပေသည်။ မိသားစုဝင်အချင်းချင်း အပြန်အလှန်ရိုသေလေးစားလျှင် နှစ်ဦးနှစ်ဝအတွက် အကျိုးကျေးဇူးကြီးပေသည်။
အသင်းတော်အတွင်း၌
၁၂။ (က) အသင်းတော်အတွင်း၌ ရိုသေလေးစားမှုပြရန် မည်သူတို့၌တာဝန်ရှိသနည်း။ (ခ) ဂုဏ်ပြုသည်ကိုလက်ခံခြင်းသည် သင့်မြတ်ကြောင်း ယေရှုမည်သို့ပြသတော်မူခဲ့သနည်း။
၁၂ ခရစ်ယာန်အသင်းတော်အတွင်း၌လည်း လူတိုင်းရိုသေလေးစားမှုပြရန်တာဝန်ရှိပေသည်။ “အချင်းချင်းချီးမြှောက်ဂုဏ်ပြုခြင်း၌ ဦးဆောင်ကြပါ” ဟူ၍ကျွန်ုပ်တို့ကိုဆုံးမသြဝါဒပေးထားသည်။ (ရောမ ၁၂:၁၀၊ NW) ဂုဏ်ပြုခြင်းကိုလက်ခံခြင်းသည် သင့်မြတ်ကြောင်း ဥပမာတစ်ခု၌ ယေရှုသိသာစေခဲ့သည်။ ဧည့်ခံပွဲတစ်ခုသို့ဖိတ်ကြားခြင်းခံရသောအခါ အနိမ့်ဆုံးနေရာ၌ထိုင်သင့်ကြောင်း၊ သို့မှသာ ဖိတ်သူကမြင့်မြတ်သောနေရာသို့ကြွပါဟုဆိုလာမည်ဖြစ်သဖြင့် ကျွန်ုပ်တို့သည် ဧည့်သည်အပေါင်းတို့ရှေ့တွင် ဂုဏ်အသရေရလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်မိန့်တော်မူ၏။ (လုကာ ၁၄:၁၀) ယခုကျွန်ုပ်တို့အားလုံးက ချီးမြှောက်ဂုဏ်ပြုခြင်းကိုခံယူခြင်းအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ကြပြီဖြစ်သဖြင့် ကျွန်ုပ်တို့သည် စာနာနားလည်မှုရှိရှိနှင့် အချင်းချင်းချီးမြှောက်ဂုဏ်ပြုရန် မသင့်ပေလော။ မည်သို့ချီးမြှောက်ဂုဏ်ပြုနိုင်ကြသနည်း။
၁၃။ အသင်းတော်အတွင်းမှ အခြားသူတို့ကိုရိုသေကြောင်းပြသနိုင်သည့်နည်းအချို့ကား အဘယ်နည်း။
၁၃ ကောင်းမွန်စွာလုပ်ဆောင်ပြီးစီးသည့် အလုပ်တစ်ခုအတွက် ကျေးဇူးတင်လေးစားကြောင်း ထုတ်ဖေါ်ပြောဆိုခြင်းသည် ဂုဏ်ပြုခြင်းသဘောသက်ရောက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသင်းတော်တွင်ဟောပြောချက်တစ်ခုအတွက်ဖြစ်စေ၊ တစ်ယောက်ယောက်၏ဖြေဆိုမှုအတွက်ဖြစ်စေ ချီးမွမ်းပေးခြင်းအားဖြင့် အချင်းချင်းဂုဏ်ပြုနိုင်ကြသည်။ ၄င်းပြင်ခရစ်ယာန်ညီအစ်ကိုညီအစ်မတို့နှင့်ဆက်ဆံရာတွင် စိတ်နှိမ့်ချခြင်းတန်ဆာကို ဝတ်ဆင်ခြင်း၊ သူတို့ကိုအထူးလေးစားခြင်းအားဖြင့်လည်း အချင်းချင်းဂုဏ်ပြုနိုင်ကြပေသည်။ (၁ ပေတရု ၅:၅) ဤသို့ဖြင့် ယေဟောဝါဘုရားသခင်၏ဂုဏ်ပြုထိုက်သော အစေခံရောင်းရင်းချင်းအဖြစ် သူတို့ကိုတန်ဖိုးထားကြောင်း ကျွန်ုပ်တို့ပြသကြသည်။
၁၄။ (က) အသင်းတော်မှညီအစ်ကိုများအနေဖြင့် ညီအစ်မများကို ထိုက်ထိုက်တန်တန်မည်သို့ဂုဏ်ပြုနိုင်ကြသနည်း။ (ခ) လက်ဆောင်ပစ္စည်းပေးကမ်းခြင်းသည် ဂုဏ်ပြုချီးမြှင့်သည့်နည်းတစ်နည်းဖြစ်ကြောင်း ဘာကထင်ရှားစေသနည်း။
၁၄ အသက်ကြီးသောခရစ်ယာန်ညီအစ်မများကို မိခင်ကဲ့သို့၊ အသက်ပျိုသောညီအစ်မများကို ညီအစ်မအရင်းအချာကဲ့သို့ သဘောထား၍ ‘ခပ်သိမ်းသောစင်ကြယ်ခြင်းနှင့်တကွ’ ဆက်ဆံရန် ငယ်ရွယ်သူ တိမောသေအား တမန်တော်ပေါလုကဆုံးမသြဝါဒပေးခဲ့သည်။ မှန်ပေသည်၊ ညီအစ်ကိုများအနေဖြင့် ခရစ်ယာန်ညီအစ်မများကို မတရားပြုမူပြောဆိုခြင်းမပြုမိအောင် သတိထားခြင်းအားဖြင့် သူတို့ကိုဂုဏ်ပြုရာရောက်သည်။ “မုဆိုးမအမှန်ဖြစ်သောမိန်းမတို့ကို ရိုသေစွာပြုလော့” ဟူ၍ပေါလုဆက်ရေးသားခဲ့သည်။ ခိုကိုးရာမဲ့ မုဆိုးမအား ရိုသေသမှုပြုနိုင်သည့် နည်းတစ်နည်းမှာ ပစ္စည်းဥစ္စာထောက်ပံ့ခြင်းအားဖြင့်ဖြစ်သည်။ သို့ရာတွင် ဤသို့ထောက်ပံ့မှုရရှိနိုင်ရန်အတွက် သူမသည် “ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ” ဖြစ်ရမည်။ (၁ တိမောသေ ၅:၂-၁၀) ဥစ္စာစွန့်ကြဲခြင်းနှင့်စပ်လျဉ်း၍ မေလိတေကျွန်းသားအကြောင်းကို အောက်ပါအတိုင်းလုကာရေးသားခဲ့သည်။ “ထိုသူတို့သည် များစွာသော [လက်ဆောင်တို့နှင့်] ရိုသေခြင်းကိုပြု၍ ငါတို့သည်လွှင့်ပြန်သောအခါ ရိက္ခာကိုလည်းသင်္ဘောပေါ်သို့တင်ကြ၏။” (တမန်တော် ၂၈:၁၀၊ သမ္မ) သို့ဖြစ်သောကြောင့် ဥစ္စာပစ္စည်းပေးကမ်းခြင်းအားဖြင့် တစ်ပါးသူအားဂုဏ်ပြုရိုသေနိုင်ပေသည်။
၁၅။ (က) မည်သူတို့ကိုရိုသေရန် ကျွန်ုပ်တို့၌ အထူးတာဝန်ရှိသနည်း။ (ခ) ဦးဆောင်သူတို့ကိုရိုသေမှုပြနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။
၁၅ တိမောသေအားပေးလိုက်သောစာတွင် ပေါလုဤသို့ဆက်လက်ရေးသားထားသည်။ “ကောင်းမွန်စွာအုပ်သော [အကြီးအကဲ] အထူးသဖြင့်ဆိုသော် နှုတ်ကပတ်တော်ကိုဟောပြောခြင်း၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ ကြိုးစားအားထုတ်သော [အကြီးအကဲ] တို့သည်၊ နှစ်ဆသောရိုသေသမှုပြုခြင်းကို ခံထိုက်သောသူဖြစ်သည်ဟူ၍မှတ်ယူစေ။” (၁ တိမောသေ ၅:၁၇၊ သမ္မ) အကြီးအကဲ သို့မဟုတ် ကြီးကြပ်မှူးတို့ကို အဘယ်နည်းများဖြင့်ရိုသေဂုဏ်ပြုနိုင်သနည်း။ “ငါသည်ခရစ်တော်ထံမှအတုယူသကဲ့သို့ သင်တို့သည် ငါ့ထံမှအတုယူကြလော့” ဟုပေါလုဆို၏။ (၁ ကောရိန္သု ၁၁:၁၊ သက) ပေါလု၏စကားကိုနားထောင်၍ သူ့ထံမှအတုယူလျှင် သူ့အားရိုသေဂုဏ်ပြုနေခြင်းပင်ဖြစ်သည်။ ဤအချက်သည် ယနေ့ကျွန်ုပ်တို့ဘောင်တွင် ဦးဆောင်နေသူတို့နှင့်လည်းသက်ဆိုင်ပေသည်။ သူတို့ထံမှအတုယူလျှင်ယူသလောက်၊ သူတို့စံနမူနာလိုက်လျှင်လိုက်သလောက် သူတို့ကို ရိုသေဂုဏ်ပြုရာရောက်မည်ဖြစ်သည်။
၁၆။ ဦးဆောင်သူတို့ကို ရိုသေကြောင်းပြသနိုင်သည့် အခြားနည်းများကား အဘယ်နည်း။
၁၆ ကြီးကြပ်မှူးတို့ကိုရိုသေဂုဏ်ပြုသည့်နောက်နည်းတစ်နည်းမှာ အောက်ပါတိုက်တွန်းနှိုးဆော်ချက်ကိုနားထောင်ခြင်းအားဖြင့်ဖြစ်သည်။ “သင်တို့တွင် ဦးဆောင်သူတို့သည် အစီရင်ခံရမည့်သူကဲ့သို့ သင်တို့၏အသက်ဝိညာဉ်အတွက် စောင့်ကြပ်လျက်နေကြသည်ဖြစ်ရာ သူတို့၏စကားကိုနားထောင်၍ ဝန်ခံလျက်နေကြလော့။” (ဟေဗြဲ ၁၃:၁၇၊ NW) မှန်ပေသည်၊ သားသမီးတို့သည် မိဘတို့၏စကားကိုနားထောင်ခြင်းအားဖြင့် ရိုသေသမှုပြုကြသကဲ့သို့ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ဘောင်တွင် ဦးဆောင်နေသူတို့၏စကားကိုနားထောင်၍ဝန်ခံခြင်းအားဖြင့် သူတို့ကိုဂုဏ်ပြုရိုသေကြသည်။ ၄င်းပြင် ပေါလုနှင့်အပေါင်းပါတို့သည် ကြင်နာတရားပြည့်ဝသော မေလိတေကျွန်းသားတို့၏ ပစ္စည်းဥစ္စာဖြင့် ဂုဏ်ပြုခြင်းကိုခံရကြသည့်နည်းတူ အသင်းမစေလွှတ်လိုက်သောနယ်လှည့်ကိုယ်စားလှယ်အများတို့သည်လည်း ဤနည်းဖြင့်ကြိမ်ဖန်များစွာဂုဏ်ပြုခြင်းခံရကြသည်။ သို့သော်လည်း လက်ဆောင်ပစ္စည်းတောင်းခံခြင်း၊ လိုအပ်ကြောင်းစကားရိပ်နှင့်ပြောခြင်း၊ ရေလာမြောင်းပေးစကားခေါ်ခြင်းမျိုး မည်သည့်အခါမျှပြုမည်ကားမဟုတ်ပေ။
၁၇။ ရိုသေဂုဏ်ပြုခြင်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ခြင်းအခွင့်ရရှိထားသူတို့၌ အဘယ်တာဝန်ရှိသနည်း။
၁၇ အခြားတစ်ဖက်၌ သီအိုကရက်တစ်အဖွဲ့အစည်းတော်အတွင်း၌ ကြီးကြပ်မှူးရာထူးရရှိထားသူအားလုံးအနေဖြင့် မိမိတို့ကြီးကြပ်ရသူများကို ချီးမြှောက်ဂုဏ်ပြုရန်တာဝန်ရှိသည်။ ဒေသအသင်းတော်၌ဖြစ်စေ၊ တိုက်နယ်သို့မဟုတ်ခရိုင်အတွင်း၌ နယ်လှည့်ကြီးကြပ်မှူးအဖြစ်နှင့်ဖြစ်စေ၊ ကင်းမျှော်စင်အသင်းဌာနခွဲရုံးတစ်ခုခု၌ဖြစ်စေ၊ မိသားစုအသိုင်းအဝိုင်း၌ဖြစ်စေ ထိုသို့ပြုရန်တာဝန်ရှိပေသည်။ ဤသို့ပြုနိုင်ရန်အတွက် သူတို့၌စိတ်ချင်းစာနာမှုနှင့်သနားစာနာမှုရှိဖို့လိုအပ်သည်။ သူတို့သည် အချိန်မရွေးချဉ်းကပ်နိုင်သူဖြစ်ရကြမည်။ ယေရှုခရစ်တော်ကဲ့သို့ နူးညံ့သိမ်မွေ့စိတ်နှလုံးနှိမ့်ချသောသူများဖြစ်ရကြမည်။—မဿဲ ၁၁:၂၉၊ ၃၀။
အချင်းချင်းဂုဏ်တင်ရန် ကြိုးစားခြင်း
၁၈။ (က) ထိုက်တန်သူတို့ကို ရိုသေဂုဏ်ပြုခြင်းမပြုရအောင် အဘယ်အရာက တားဆီးနိုင်သနည်း။ (ခ) အကောင်းမမြင်တတ်သော အပြစ်ရှာသည့်စိတ်သဘောအတွက် မှန်ကြောင်းထင်ရှားသည့်အချက် အဘယ်ကြောင့်မရှိသနည်း။
၁၈ ကျွန်ုပ်တို့အားလုံးအနေဖြင့် အချင်းချင်းဂုဏ်ပြုနိုင်ရန် ကြိုးစားအားထုတ်ဖို့လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့မပြုနိုင်အောင် အင်အားကောင်းသောအတားအဆီးတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ ထိုအတားအဆီး သို့မဟုတ် အဟန့်အတားမှာ ကျွန်ုပ်တို့၏မစုံလင်သောနှလုံးပင်ဖြစ်သည်။ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟုသမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၈:၂၁) တစ်ပါးသူတို့အား ထိုက်တန်စွာဂုဏ်ပြုခြင်းတွင် ဟန့်တားနှောင့်ယှက်တတ်သည့် လူ့ဝသီများအနက် တစ်မျိုးမှာ အကောင်းမမြင်တတ်သောအပြစ်ရှာသည့်စိတ်သဘောဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် အားနည်း၊ မစုံလင်သူများဖြစ်ပြီး ယေဟောဝါ၏သနားခြင်းနှင့်မခံစားထိုက်သော ကရုဏာတော်ကို လိုအပ်သူချည်းသာဖြစ်သည်။ (ရောမ ၃:၂၃၊ ၂၄) ယင်းကိုသဘောပေါက်ကာ ကျွန်ုပ်တို့၏ညီအစ်ကိုများ၏ အားနည်းမှုများကိုချည်း အာရုံမစူးစိုက်ရန်၊ ကျွန်ုပ်တို့၏ညီအစ်ကိုများကို မယုံသင်္ကာစိတ်နှင့်မယိုးစွပ်ရန် သတိထားကြပါစို့။
၁၉။ မည်သည့်အပျက်သဘောဆောင်သည့်စိတ်ထားကိုမဆို တန်ပြန်တွန်းလှန်ရန် ဘာကအကူအညီပေးမည်နည်း။
၁၉ ဤ မစုံလင်သောလူ့ဝသီအတွက်ဖြေဆေးမှာ မေတ္တာနှင့်စိတ်ချုပ်တည်းခြင်းပင်ဖြစ်သည်။ ညီအစ်ကိုများအပေါ် ကိုယ်ချင်းစာတတ်သော၊ သစ္စာရှိသော၊ အပြုသဘောဆောင်သောစိတ်ထားရှိဖို့လိုအပ်သည်။ သူတို့၏အကောင်းကိုမြင်တတ်ဖို့လိုသည်။ နားမလည်နိုင်သောအချက်ရှိခဲ့လျှင် ကျွန်ုပ်တို့၏ညီအစ်ကိုများကို သံသယအကျိုးခံစားခွင့်ပေးရန် အမြဲတမ်းအသင့်ရှိကြပါစို့။ ပေတရု၏အောက်ပါဆုံးမသြဝါဒကို ဂရုစိုက်ကြပါစို့။ “အခြားသောအမှုအရာထက်မက အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) ကျွန်ုပ်တို့၏ညီအစ်ကိုများအား သူတို့ရထိုက်သောဂုဏ်အသရေကိုချီးမြှင့်ပေးလိုပါက အထက်ပါမေတ္တာမျိုးရှိရကြမည်။
၂၀၊ ၂၁။ (က) အချင်းချင်းရိုသေဂုဏ်ပြုခြင်း၌ အနှောင့်အယှက်ပေးတတ်သည့်ဝသီ နောက်တစ်မျိုးကားအဘယ်နည်း။ (ခ) ဤဝသီကိုတွန်းလှန်ရန် အဘယ်အရာကကူညီပေးမည်နည်း။
၂၀ တစ်ပါးသူတို့အား ရထိုက်သောဂုဏ်အသရေချီးမြှင့်ရာတွင် ဟန့်တားနှောင့်ယှက်တတ်သော ထူးခြားသည့်လက္ခဏာနောက်တစ်ခုမှာ အထအနကောက်တတ်သော၊ အထိမခံသော၊ အကဲဆတ်သောဝသီဖြစ်သည်။ အကဲဆတ်ခြင်းသည် သူ့နေရာနှင့်သူရှိသည်။ အနုပညာရှင်များသည် သူတို့၏လုပ်ငန်းသဘောအရ အသံနှင့်အရောင်တို့ကိုခွဲခြားရာ၌ အကဲဆတ်ခြင်း၊ အာရုံထက်မြက်ခြင်းရှိဖို့လိုအပ်သည်။ သို့ရာတွင် သူတစ်ပါးနှင့်ဆက်ဆံရာတွင် အကဲဆတ်လွန်းခြင်း၊ အထိမခံဆတ်ဆတ်ခါအောင်နာတတ်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုးဖြစ်ပြီး ငြိမ်သက်ခြင်းကို ပျက်ပြားစေတတ်သည့်ပြင် သူတစ်ပါးတို့ကို ဂုဏ်မပြုနိုင်အောင်လည်း ဟန့်တားနှောင့်ယှက်တတ်သည်။
၂၁ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုအကြံဉာဏ်ကောင်းပေးထားသည့်စကားများကို ဒေသနာ ၇:၉ တွင်တွေ့ရသည်။ “အမျက်သည် မိုက်သောသူတို့၏ရင်ခွင်၌တည်သည်ဖြစ်၍ အမျက်ထွက်ရန်စိတ်မမြန်စေနှင့်။” ထို့ကြောင့် အထိမခံနိုင်လောက်အောင်အကဲဆတ်လွန်းခြင်း၊ ဆတ်ဆတ်ခါအောင်နာတတ်ခြင်း၊ အမျက်ထွက်လွယ်ခြင်းတို့သည် လူတစ်ဦး၌ ဉာဏ်ပညာနှင့်မှန်ကန်စွာဝေဖန်ဆုံးဖြတ်နိုင်စွမ်းကင်းမဲ့ကြောင်း၊ မေတ္တာတရားကင်းမဲ့ကြောင်းကိုဖေါ်ပြသည်။ ထိုက်တန်သူတို့အားဂုဏ်ပြုရာတွင် အကောင်းမမြင်တတ်သည့်သဘော၊ အပြစ်ရှာလွန်းခြင်း သို့မဟုတ် အထိမခံနိုင်လောက်အောင် အကဲဆတ်လွန်းခြင်းစသော ယုတ်ညံ့သည့်ဝသီများက အတားအဆီးမပြုစေရန် သတိနှင့်စောင့်ကြပ်ရပေမည်။
၂၂ သူတစ်ပါးကိုဂုဏ်ပြုရန် အကြောင်းများစွာအမှန်ပင်ရှိပေသည်။ ထို့ပြင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း ထိုသို့ဂုဏ်ပြုနိုင်သည့်နည်းလမ်းလည်း အများအပြားရှိပေသည်။ ဂုဏ်ပြုခြင်းကိစ္စတွင် မည်သည့်တစ်ကိုယ်ကောင်းဆန်သော၊ အပျက်သဘောဆောင်သောစိတ်ထားကမျှ အနှောင့်အယှက်မပြုစေရန် အချိန်တိုင်းသတိနှင့်စောင့်ကြပ်ရပေမည်။ အထူးသဖြင့် မိသားစုအသိုင်းအဝိုင်းအတွင်း၌ရှိသောသူများကို ရိုသေဂုဏ်ပြုရန်သတိထားဖို့လိုသည်။ လင်နှင့်မယားတစ်ဦးကိုတစ်ဦး ရိုသေလေးစား၍ သားသမီးများကမိဘတို့ကို ရိုသေသမှုပြုရန်ဖြစ်သည်။ အသင်းတော်အတွင်း၌ ကိုးကွယ်သူချင်း၊ အထူးသဖြင့် ကျွန်ုပ်တို့ဘောင်တွင် ကြီးကြပ်မှူးရာထူးရရှိပြီး ကြိုးစားအားထုတ်နေကြသောသူတို့ကို ချီးမြှောက်ဂုဏ်ပြုရန်တာဝန်ရှိသည်။ ဤနယ်ပယ်အားလုံး၌ အထက်ဖော်ပြပါပုဂ္ဂိုလ်များကို လျောက်ပတ်စွာဂုဏ်ပြုခြင်းဖြင့် ကျွန်ုပ်တို့အကျိုးရရှိမည်ဖြစ်သည်။ ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း “ခံယူခြင်းထက်ပေးကမ်းခြင်း၌ မင်္ဂလာရှိ” သောကြောင့်တည်း။—တမန်တော် ၂၀:၃၅၊ သမ။
သင်မည်သို့ဖြေမည်နည်း
▫ အစိုးရအာဏာပိုင်များကို အဘယ်ကြောင့်နှင့်အဘယ်သို့ရိုသေရသနည်း။
▫ သမ္မာကျမ်းစာမှအဘယ်သြဝါဒကို အလုပ်သမားနှင့်အလုပ်ရှင်ဆက်ဆံရေးတွင် လက်တွေ့ကျင့်သုံးနိုင်သနည်း။
▫ မိသားစုအသိုင်းအဝိုင်းအတွင်း၌ ရိုသေလေးစားခြင်းကို မည်သို့ပြသနိုင်သနည်း။
▫ အသင်းတော်တွင် အဘယ်အထူးရိုသေဂုဏ်ပြုမှုပြနိုင်သနည်း။ အဘယ်ကြောင့်နည်း။
▫ သူတစ်ပါးကိုဂုဏ်မပြုနိုင်အောင် ဟန့်တားသည့် လူ့အားနည်းမှုများကို အဘယ်သို့အောင်မြင်ကျော်လွှားနိုင်သနည်း။
၂၂။ ရိုသေခြင်းပြသရမည့် ကျွန်ုပ်တို့၏တာဝန်အကြောင်းကို မည်သို့အကျဉ်းချုပ်နိုင်သနည်း။