စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော
ရှောလမုန်ဘုရင်သည် ငွေ၏တန်ဖိုးကိုသိရှိခဲ့သည်။ သူက “ပျော်မွေ့ ခြင်းငှာစားသောက်ပွဲကိုလုပ်တတ်၏။ စပျစ်ရည်လည်း ရွှင်လန်းစေတတ်၏။ ငွေသည် အရာခပ်သိမ်းကိုရတတ်၏။” (ဒေသနာ ၁၀:၁၉၊ သမ္မာ) မိတ်ဆွေများနှင့်စားသောက်ခြင်းသည် ပျော်ရွှင်မှုများစွာပေးနိုင်သော်လည်း စားစရာ သို့မဟုတ် ဝိုင်ကိုဝယ်ယူရန်အတွက် ငွေလိုပါသည်။ ပစ္စည်းဥစ္စာများကို ငွေဖြင့်ဝယ်ယူနိုင်သောကြောင့် ယင်းသည် “အရာခပ်သိမ်းကိုရတတ်၏။”
ရှောလမုန်သည် မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝသော်လည်း စည်းစိမ်ချမ်းသာ၌ ကန့်သတ်ချက်များရှိကြောင်း သူသိပါသည်။ ရုပ်ပစ္စည်းပဓာနထားသည့်အသက်တာသည် ပျော်ရွှင်မှုတံခါးကို မဖွင့်ပေးနိုင်ကြောင်း သူအသိအမှတ်ပြုခဲ့သည်။ သူက “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်” ဟူ၍ရေးသားခဲ့သည်။—ဒေသနာ ၅:၁၀။
ချမ်းသာကြွယ်ဝသူတစ်ဦးသည် သာ၍များပြားသော စည်းစိမ်ကိုရရှိသည်ဆိုပါစို့။ ရှောလမုန်က “ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည်လည်း တိုးပွားများပြားရ၏” ဟုဆိုသည်။ (ဒေသနာ ၅:၁၁) လူတစ်ဦး၏ “ဥစ္စာ” သို့မဟုတ် ပိုင်ဆိုင်ရာများတိုးများလာသည်နှင့်အမျှ ယင်းတို့ကိုစောင့်ရှောက်ရန် လူပို၍လိုအပ်လာသည်။ အပျက်အယွင်းကိုပြုပြင်ပေးသူ၊ အိမ်စောင့်ရှောက်ပေးသူ၊ အိမ်စေ၊ လုံခြုံရေးပုဂ္ဂိုလ်နှင့် အခြားသူများ—အားလုံးတို့၏ လုပ်ဆောင်မှုအတွက် လုပ်ခပေးရပေမည်။ ယင်းကတစ်ဖန် ငွေပို၍များများလိုအပ်ပြန်သည်။
ယင်းအခြေအနေက လူတစ်ဦး၏ပျော်ရွှင်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ဘီ.စီ.အီး. လေးရာစုတွင်အသက်ရှင်ခဲ့သော ဂရိသမိုင်းပညာရှင် ဇင်နဖန်က ချမ်းသာကြွယ်ဝလာသော ဆင်းရဲသားတစ်ဦး၏စကားကို ဤသို့ရေးသားခဲ့သည်–
“ဒီမှာ၊ . . . ကျွန်တော့်မှာပစ္စည်းပိုရှိလေ ပိုပျော်ရွှင်လေပဲလို့ ခင်ဗျားတို့တကယ်ထင်သလား။” သူကဤသို့ဆက်ပြောသည်– “ကျွန်တော်ဆင်းရဲစဉ်ကထက် တစ်စက်လေးမှပိုပြီး စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းတာမဟုတ်ဘူးဆိုတာကို ခင်ဗျားတို့မသိကြဘူး။ ပိုပြီးများများစားစားရှိလာတဲ့အတွက် ကျွန်တော်ရတဲ့အမြတ်ကတော့ ပိုပြီးစောင့်ရှောက်လာရတယ်၊ သူများကို ပိုပေးကမ်းရတာနဲ့ အရင်ကထက်ပိုများတဲ့သူတွေကို စောင့်ရှောက်ရတဲ့ဒုက္ခပါပဲ။ အခုဆိုရင် အိမ်စေတွေကို ကျွေးမွေးဝတ်ဆင်ပေးရတယ်။ တချို့ကလည်း ဆေးကုသခံရဖို့လိုကြတယ်; အဲဒီအပြင် အိမ်စေတစ်ယောက်က သိုးတွေကို ဝံပုလွေတွေတိုက်ခိုက်တဲ့သတင်း၊ နွားတွေ ချောက်ကမ်းပါးထဲကျသေတဲ့သတင်း၊ ဒါမှမဟုတ် ကျွဲနွားနာကျတဲ့သတင်း လာပေးကြတယ်။ ဒါကြောင့် အခုကျွန်တော့်မှာ ပစ္စည်းများလာတဲ့အတွက် ပစ္စည်းမရှိခင်ကထက် ပိုဒုက္ခများလာတဲ့ပုံ . . . ရှိနေတယ်။”
ပိုချမ်းသာကြွယ်ဝရန် လူတို့ကြိုးစားသည့် အခြားအကြောင်းတစ်ခုမှာ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ဟုယေရှုခရစ်ခေါ်ဆိုခဲ့သောအရာ၏ လှည့်ဖြားခြင်းကိုခံရသောကြောင့်ပင်ဖြစ်သည်။ (မဿဲ ၁၃:၂၂) သူတို့အာသာငမ်းငမ်းရှာဖွေကြသည့် စည်းစိမ်ဥစ္စာတွင် သူတို့တွေ့ရှိဖို့မျှော်လင့်ထားသော ကျေနပ်ရောင့်ရဲမှု သို့မဟုတ် ပျော်ရွှင်မှုကိုမရရှိကြသောကြောင့် လှည့်ဖြားခံကြရခြင်းဖြစ်သည်။ ဥစ္စာအနည်းငယ်ဖြင့် မစွမ်းဆောင်နိုင်သောအမှုကို ဥစ္စာများစွာက စွမ်းဆောင်ပေးနိုင်မည်ဟု သူတို့တွက်ဆကြသည်။ သို့ဖြစ်၍ ရရှိရန်မရပ်မနား ကြိုးပမ်းကြသည်။
ငွေကိုတပ်မက်ခြင်းက ပျော်ရွှင်မှုကိုမဖြစ်စေ
ဥစ္စာအတွက် စိုးရိမ်ပူပန်ခြင်းသည် သူဌေးသူကြွယ်တစ်ဦးအား နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်ဘဲဖြစ်စေပေမည်။ ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကိုအအိပ်ပျက်စေတတ်၏။”—ဒေသနာ ၅:၁၂။
မိမိ၏ပစ္စည်းဥစ္စာဆုံးရှုံးမည်ကို ရတက်မအေးဖြစ်သည့်အခါတွင် အအိပ်ပျက်ခြင်းထက်မက အလွန်သောကရောက်ရပါသည်။ စေးနှဲသူကိုဖော်ပြရာတွင် ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “သူ၏နေ့ရက်ကာလကို မှောင်မိုက်၌လွန်စေတတ်၏။ များစွာသောနှောင့်ယှက်ခြင်း၊ ညှိုးငယ်ခြင်း၊ အမျက်ထွက်ခြင်းကိုခံရ၏။” (ဒေသနာ ၅:၁၇) မိမိ၏စည်းစိမ်မှပျော်ရွှင်မှုရမည့်အစား မိမိစားစရာအတွက် ကုန်ကျစရိတ်ကိုပင် တွန့်တိုသကဲ့သို့ ‘စိတ်အနှောင့်အယှက်’ ဖြစ်၍စားနေရသည်။ ယင်းသို့သော မူမမှန်သည့်စိတ်သဘောထားမျိုးသည် ကျန်းမာရေးကိုချို့တဲ့စေနိုင်သည်။ တစ်ဖန် ကျန်းမာရေးချို့တဲ့ခြင်းသည် သာ၍ချမ်းသာကြွယ်ဝလာရေးကို နှောင့်နှေးစေသောကြောင့် စေးနှဲသူအား ပိုသောကရောက်စေပါသည်။
ယင်းက တမန်တော်ပေါလုရေးသားခဲ့သည့် ဤစကားများကို သတိရစေပေမည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင်ထိုးကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) ငွေရှာရာတွင် လူတို့သည် လိမ်လည်လှည့်ဖြားကြ၏၊ ခိုးဝှက်ကြ၏၊ ပြည့်တန်ဆာပြုလုပ်ကြပြီး လူသတ်မှုပင်ကျူးလွန်တတ်ကြ၏။ အကျိုးဆက်မှာ စည်းစိမ်ရှိရန်ကြိုးစားခြင်းကြောင့် စိတ်ပိုင်း၊ ကာယပိုင်းနှင့် ဝိညာဉ်ရေးတို့တွင် ထိုးနှက်ခံရလေ၏။ ယင်းသည် ပျော်ရွှင်မှုရရှိစေသည့်လမ်းစဉ်နှင့် တူပါသလော။ ဝေးလေစွ!
ရှိသမျှနှင့်ကျေနပ်ရောင့်ရဲခြင်း
ရှောလမုန်သည် စည်းစိမ်ချမ်းသာအပေါ် မျှတသောအမြင်ရှိခြင်းအကြောင်း ပြောဆိုစရာများစွာရှိပါသေးသည်။ သူကဤသို့ရေးသားခဲ့သည်– “စည်းစိမ်ရှင်သည် အမိဝမ်းထဲကအလျှင်းမပါဘဲထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွားရမည်။ ကြိုးစားအားထုတ်၍ရသောဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။ ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်းအမှု၊ နေအောက်၌ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ရသောအကျိုး၌ ပျော်မွေ့ခြင်းအမှုကိုပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည်လူ၏အဖို့ဖြစ်၏။”—ဒေသနာ ၅:၁၅၊ ၁၈။
ထိုစကားများက ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အတွက်မည်သည့်အခါမျှ ဖြစ်လာဖို့အကြောင်းမရှိသောအချိန်အတွက် စည်းစိမ်ဥစ္စာကြိုးစားသိုလှောင်ခြင်းအပေါ် မူမတည်ကြောင်းဖော်ပြသည်။ သာ၍ကောင်းသည်မှာ ကျွန်ုပ်တို့ကြိုးပမ်းလုပ်ဆောင်မှု၏ရလဒ်များတွင် ကျေနပ်ရောင့်ရဲ၍ ပျော်ရွှင်ရန်ဖြစ်သည်။ တမန်တော်ပေါလုသည် တိမောသေထံရေးသားခဲ့သော မိမိ၏မှုတ်သွင်းခံစာစောင်တွင် ထပ်တူသဘောထားမျိုးကို ဤသို့တင်ပြခဲ့သည်– “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန် ရှိသမျှနှင့်ရောင့်ရဲလျက်နေကြကုန်အံ့။”—၁ တိမောသေ ၆:၇၊ ၈; လုကာ ၁၂:၁၆-၂၁ နှိုင်းယှဉ်။
ပျော်ရွှင်မှု၏သော့ချက်
ရှောလမုန်သည် စည်းစိမ်ဥစ္စာနှင့် ဘုရားရေးရာဉာဏ်ပညာနှစ်ခုစလုံး များစွာရှိခဲ့သည်။ သို့သော် သူသည် ပျော်ရွှင်မှုကို ငွေနှင့်မဟုတ်ဘဲ ဉာဏ်ပညာနှင့်ဆက်စပ်ခဲ့သည်။ သူကဤသို့ဆိုသည်– “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။ ပညာသည်ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကိုကိုင်စွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွတ်သောသူသည် မင်္ဂလာရှိ၏။”—သု. ၃:၁၃-၁၈။
ဉာဏ်ပညာသည် ရုပ်ပစ္စည်းပိုင်ဆိုင်မှုထက် အဘယ်ကြောင့်သာလွန်ထူးကဲသနည်း။ ရှောလမုန်ကဤသို့ရေးသားခဲ့၏– “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။” (ဒေသနာ ၇:၁၂) ငွေသည် အတော်အတန်ကာကွယ်ပေးပြီး စည်းစိမ်ရှင်လိုအပ်သောအရာကို ဝယ်ယူရရှိစေနိုင်သော်လည်း ဉာဏ်ပညာကမူ အသက်အန္တရာယ်ဖြစ်စေမည့် စွန့်စားပြုလုပ်မှုများမှ ကာကွယ်ပေးနိုင်ပါသည်။ စစ်မှန်သောဉာဏ်ပညာသည် အချိန်မတန်ဘဲသေရသည့်အဖြစ်မှ လူတစ်ဦးကိုကာကွယ်ပေးရုံမက ယင်းသည် ဘုရားသခင်အား ထိုက်သင့်လျော်ကန်စွာကြောက်ရွံ့ခြင်းပေါ်အခြေပြုသောကြောင့် ထာဝရအသက်ပါရရှိစေနိုင်သည်။
ဘုရားရေးရာဉာဏ်ပညာသည် အဘယ်ကြောင့်ပျော်ရွှင်မှု ရရှိစေသနည်း။ အကြောင်းမှာ စစ်မှန်သောပျော်ရွှင်မှုကို ယေဟောဝါဘုရားသခင်ထံတော်မှသာ ရရှိနိုင်သောကြောင့်ဖြစ်သည်။ စစ်မှန်သောပျော်ရွှင်မှုကို အကြီးမြတ်ဆုံးအရှင်အား နာခံခြင်းဖြင့်သာလျှင် ရရှိနိုင်ကြောင်း အတွေ့အကြုံကဖော်ပြသည်။ တည်မြဲသောပျော်ရွှင်မှုသည် ဘုရားသခင်၏ မျက်နှာသာရခြင်းအပေါ်မူတည်သည်။ (မဿဲ ၅:၃-၁၀) သမ္မာကျမ်းစာကိုလေ့လာခြင်းမှ သိရှိလာရာများကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် “အထက်မှသက်ရောက်သောပညာ” ကိုကျွန်ုပ်တို့ပြုစုပျိုးထောင်ပေးကြမည်။ (ယာကုပ် ၃:၁၇) ၎င်းသည် စည်းစိမ်ချမ်းသာက မည်သည့်အခါမျှမပေးနိုင်သော ပျော်ရွှင်မှုကိုပေးပါလိမ့်မည်။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
မည်သည့်အရာက လူတစ်ဦးကိုပျော်ရွှင်မှုပေးကြောင်း ရှောလမုန်ဘုရင်သိရှိခဲ့သည်။ အသင်ကော