ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၉/၁ စာ. ၂၇
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် ထာဝစဉ် အသက်ရှင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သက်သာလောနိတ်မြို့သားများနှင့် တိမောသေထံရေးသောစာများမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဓမ္မပညာရပ်ဆိုင်ရာ ဘေးကျပ်နံကျပ်အခြေအနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၉/၁ စာ. ၂၇

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါဘုရားသခင်ကိုမဟုတ်ဘဲ ယေရှုအား “မသေနိုင်သောအဖြစ်ကိုရရှိသောအရှင် တစ်ပါးတည်းဖြစ်တော်မူထသော” နှင့် “အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော” ဟူသည့် စကားစုတို့ဖြင့် ရည်ညွှန်းဖော်ပြခြင်းမှာ အဘယ်အခြေခံအကြောင်းရင်းများကြောင့်နည်း။

တမန်တော်ပေါလုက ဤသို့ရေးခဲ့၏– “မရဏာနှင့်ကင်းလွတ်သော [“မသေနိုင်သောအဖြစ်ကို ရရှိသော၊” ကဘ] အရှင် တစ်ပါးတည်းဖြစ်တော်မူထသော၊ မချဉ်းကပ်နိုင်သောအလင်းထဲ၌ နေတော်မူထသော၊ လူတို့တွင် အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော၊ တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တို့၏ဘုရင်၊ အရှင်တို့၏အရှင်သည် တော်လျော်သောကာလအချိန်များ၌ ထိုထင်ရှားပေါ်ထွန်းတော်မူခြင်းကို ပြတော်မူလိမ့်မည်။”—၁ တိမောသေ ၆:၁၅-၁၆၊ သမ္မာ။

‘“မသေနိုင်သောအဖြစ်ကိုရရှိသောအရှင် တစ်ပါးတည်းဖြစ်တော်မူထသော၊” “တစ်ပါးတည်းသောအရှင်ဖြစ်တော်မူထသော၊” “အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော” ဟူသည့်စကားစုများကြောင့် အတိုင်းအဆမဲ့တန်ခိုးရှင်မှလွဲ၍ အခြားသူကို ရည်ညွှန်းခြင်း မည်သို့ဖြစ်နိုင်မည်နည်း’ ဟုကျမ်းပညာရှင်များက အများအားဖြင့် ကောက်ချက်ချကြသည်။ ယေဟောဝါအား ရည်ညွှန်းဖော်ပြရာတွင် ထိုအသုံးအနှုန်းများကို အသုံးပြုနိုင်သည်မှာ မှန်ပါသည်။ သို့သော်၊ ၁ တိမောသေ ၆:၁၅၊ ၁၆ [သမ္မာ] ၏အထက်အောက်စကားများက ပေါလုသည် ယေရှုအား ရည်ညွှန်းကြောင်း ဖော်ပြသည်။

အခန်းငယ် ၁၃ အစတွင် ပေါလုက “ငါတို့အရှင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူ” ခြင်းအကြောင်း ဖော်ပြထားသည်။ (၁ တိမောသေ ၆:၁၃၊ သမ္မာ) ထို့ကြောင့် “မင်္ဂလာရှိသော၊ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူထသော . . . အရှင်သည် တော်လျော်သောကာလအချိန်များ၌ ထိုထင်ရှားပေါ်ထွန်းတော်မူခြင်းကို ပြတော်မူလိမ့်မည်” ဟုပေါလုရေးသားရာတွင် ယေဟောဝါဘုရားသခင်အကြောင်းမဟုတ်ဘဲ ယေရှု၏ပေါ်ထွန်းခြင်းအကြောင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သို့ဖြစ်လျှင် မည်သူသည် “တစ်ပါးတည်းသောအရှင်” ဖြစ်သနည်း။ ပေါလုဖော်ပြခဲ့သော တစ်ပါးတည်းသောအရှင်မှာ ယေရှုဖြစ်သည်ဟု ဆီလျော်စွာ ကောက်ချက်ချနိုင်ပါသည်။ အဘယ်ကြောင့်နည်း။ အထက်အောက်စကားများအရ ပေါလုသည် ယေရှုကို လူ့အုပ်စိုးရှင်များနှင့် နှိုင်းယှဉ်နေကြောင်း ထင်ရှားသည်။ ပေါလုရေးသားခဲ့သကဲ့သို့ပင် ယေရှုသည် “[လူသား] ဘုရင်တို့၏ဘုရင်၊ [လူသား] အရှင်တို့၏အရှင်” ဖြစ်တော်မူသည်။a မှန်ပါသည်၊ ထိုသူတို့နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယေရှုသည် “တစ်ပါးတည်းသောအရှင်” ဖြစ်သည်။ “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ . . . နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို” ယေရှုရရှိထားသည်။ (ဒံယေလ ၇:၁၄) မည်သည့်လူသားဘုရင်ကိုမျှ ထိုသို့မပြောနိုင်ပါ။

“မသေနိုင်သောအဖြစ်ကိုရရှိသောအရှင် တစ်ပါးတည်းဖြစ်တော်မူထသော” ဟူသည့်စကားစုနှင့်ပတ်သက်၍ကော အသို့နည်း။ ဤအချက်ကလည်း ယေရှုနှင့် လူသားဘုရင်တို့ကို နှိုင်းယှဉ်နေခြင်းဖြစ်သည်။ မည်သည့်လူသားအုပ်စိုးရှင်များကိုမျှ မသေနိုင်သောအဖြစ်ကိုရရှိသည်ဟု မပြောနိုင်ပါ၊ သို့သော် ယေရှုကိုမူ ပြောနိုင်ပါသည်။ ပေါလုဤသို့ရေးခဲ့၏– “ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏။ သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကိုမအုပ်စိုးရ။” (ရောမ ၆:၈၊ ၉) သို့ဖြစ်၍ သမ္မာကျမ်းစာက ယေရှုကို မသေနိုင်သောအဖြစ် ဆုကျေးဇူးကို ဦးဆုံးရရှိသူအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ မှန်ပါသည်၊ ပေါလုရေးသားချိန်တွင် ယေရှုသည် မပျက်စီးနိုင်သောအသက်တာကိုရရှိသော တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။

ထိုစကားများကို ပေါလုရေးသားချိန်တွင် ယေရှုသည်လည်း မသေနိုင်သောအဖြစ်ကို ရရှိထားပြီဖြစ်သောကြောင့် ယေဟောဝါဘုရားသခင် တစ်ပါးတည်းသာ မသေနိုင်သောအဖြစ်ကို ရရှိသည်ဟု ပေါလုပြောပါက မှားနေမည်ဖြစ်ကြောင်း စိတ်စွဲမှတ်သင့်သည်။ သို့သော်၊ လူသားအုပ်စိုးရှင်များနှင့် နှိုင်းယှဉ်လျှင် ယေရှုတစ်ပါးတည်းသာ မသေနိုင်သောအဖြစ်ကို ရရှိခြင်းဖြစ်ကြောင်း ပေါလုပြောနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယေရှုရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့တက်ကြွသွားပြီးနောက်တွင် ကိုယ်တော်ကို “အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော” အရှင်ဟု ဖော်ပြခြင်းသည်လည်း မှန်ကန်ပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်ဖွား တပည့်များသည် သေဆုံးပြီးနောက် ဝိညာဉ်သတ္တဝါများအဖြစ် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ကြသောအခါ ယေရှုကို မြင်ရကြမည်မှာ မှန်ပါသည်။ (ယောဟန် ၁၇:၂၄) သို့သော်၊ မြေကြီးပေါ်ရှိ မည်သည့်လူသားကမျှ ဘုန်းတန်ခိုးရှိသော ယေရှု၏အဖြစ်အနေကို မြင်ရကြမည်မဟုတ်ပါ။ ထို့ကြောင့် ယေရှုရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့တက်ကြွသွားသည့်အချိန်မှစ၍ ကိုယ်တော်ကို “အဘယ်သူမျှ” မမြင်ဖူးရာဟု မှန်ကန်စွာ ဖော်ပြနိုင်ပါသည်။

ရုတ်တရက်ကြည့်လျှင် ၁ တိမောသေ ၆:၁၅၊ ၁၆ တွင်တွေ့ရသော ဖော်ပြချက်များသည် ဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်ဟု ထင်ရပေမည်။ သို့သော်၊ အခြားကျမ်းချက်များ၏ ထောက်ခံချက်များအပါအဝင် ပေါလု၏ အထက်အောက်စကားများအရ ယေရှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။

[အောက်ခြေမှတ်ချက်]

a ယေရှုနှင့်ပတ်သက်၍ အလားတူဖော်ပြချက်များကို ၁ ကောရိန္သု ၈:၅၊ ၆; ဗျာ. ၁၇:၁၂၊ ၁၄; ၁၉:၁၆ တို့တွင်လည်း ဖော်ပြထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ