စစ်မှန်သောအသက်ကို အမြတ်တနိုးထားလေ
အသက်သည် ဤမျှသာလော။ “စစ်မှန်သောအသက်ကို စွဲကိုင်” ထားရန် တိုက်တွန်းခြင်းအားဖြင့် ထို့ထက်ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (၁ တိမောသေ ၆:၁၇-၁၉၊ ကဘ) ကျွန်ုပ်တို့၏လက်ရှိအသက်သည် စစ်မှန်သောအသက်မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။
အထက်ပါကျမ်းချက်၏ ရှေ့ပိုင်းစကားအရ ဘုရားသခင်ကိုကြောက်ရွံ့သူတစ်ဦး မိမိရရ စွဲကိုင်ထားရမည့်အသက်ကား “ထာဝရအသက်” ဖြစ်ကြောင်း နားလည်ရသည်။ (၁ တိမောသေ ၆:၁၂) လူအများစုအတွက် ယင်းသည် ကမ္ဘာမြေကြီးပေါ် ထာဝရအသက်ရခြင်းကို ဆိုလိုသည်။ ပထမလူသား အာဒံသည် ပရဒိသုကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခွင့် ရထားသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) သူသည် “ကောင်းမကောင်း သိကျွမ်းရာအပင်” ၏အသီးကို စားမှသာလျှင် သေရမည်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇) သို့သော် အာဒံနှင့် သူ၏ဇနီးဧဝတို့သည် နာခံမှုမရှိဘဲ ထိုအပင်၏အသီးကို စားသောကြောင့် ဘုရားသခင်သည် သူတို့အား သေဒဏ်စီရင်ချက်ချတော်မူသည်။ ‘ထိုအပင်၏အသီးကို . . . သူတို့စားသောနေ့တွင်ပင်’ ဘုရားသခင့်အမြင်အရ သူတို့သေကြပြီး ပကတိသေခြင်းသို့ တစ်စတစ်စ သက်ဆင်းလေသည်။ သူတို့၏ဘဝသည် အစအဦးအတိုင်း မဖြစ်နိုင်တော့ပေ။
“စစ်မှန်သောအသက်” လမ်း
“စစ်မှန်သောအသက်” ဖြစ်ပေါ်လာစေရန် လူသားကို ကယ်ဆယ်ဖို့ ယေဟောဝါဘုရားသခင် အစီအစဉ်တစ်ခုဆွဲတော်မူသည်။ ဤအစီအစဉ်ကို ကျွန်ုပ်တို့သဘောပေါက်နိုင်ရန် စက်ရုံငယ်ကလေးတစ်ခုကို စိတ်ကူးကြည့်ကြစို့။ ထိုစက်ရုံရှိ စက်ကိရိယာအားလုံး ချွတ်ယွင်းနေ၍ အော်ပရေတာများက အခက်အခဲအမျိုးမျိုး ကြုံတွေ့နေကြရ၏။ ဤသို့ဖြစ်ရခြင်းမှာလည်း နှစ်အတန်ကြာက ယခင်အလုပ်သမားများသည် အော်ပရေတာလမ်းညွှန်လက်စွဲစာအုပ်ကို ဥပေက္ခာပြုခဲ့သောကြောင့် စက်အားလုံး ပျက်ယွင်းခဲ့ရခြင်းဖြစ်သည်။ လက်ရှိအော်ပရေတာများက သူတို့တွင်ရှိ စက်များကို အတတ်နိုင်ဆုံးသာ ကြိုးစားအသုံးပြုနေကြရရှာ၏။ စက်ရုံပိုင်ရှင်က အလုပ်သမားများကို အကူအညီဖြစ်စေလို၍ ထိုစက်များကို ပြန်ပြုပြင်ပေးဖို့ရန် လိုအပ်သော ရန်ပုံငွေကို စုဆောင်းနေသည်။
ပထမဦးဆုံး ‘စက်အော်ပရေတာ’ အာဒံသည် သူ့အား အပ်နှင်းခဲ့သောအသက်ကို အမြတ်တနိုးမထားခဲ့ပေ။ သို့ဖြစ်၍ သူ၏သားစဉ်မြေးဆက်တို့အား ချွတ်ယွင်းသောစက်နှင့်တူသည့် မစုံလင်သောအသက်ကို အမွေပေးခဲ့သည်။ (ရောမ ၅:၁၂) စက်ရုံတွင်ရှိ အခြေအနေကို မပြုပြင်နိုင်သော နောက်ပိုင်းအော်ပရေတာများနည်းတူ အာဒံ၏အမျိုးအနွယ်သည် စစ်မှန်သောအသက်ကို ကိုယ်တိုင်မရယူနိုင်ကြချေ။ (ဆာလံ ၄၉:၇) လွတ်မြောက်ရာလမ်း ရှိပုံမပေါက်သော ဤအခြေအနေကို ပြုပြင်ပြောင်းလဲပေးရန် လူသားတို့အတွက် ထာဝရအသက်ကို ပြန်ဝယ်ယူဖို့အတွက် ယေဟောဝါသည် ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်ကို မြေကြီးပေါ်သို့ စေလွှတ်တော်မူခဲ့သည်။ (လုကာ ၁:၃၅; ၁ ပေတရု ၁:၁၈၊ ၁၉) လူသားတို့အတွက် ယဇ်ပူဇော်သက္ကာအဖြစ် အသေခံခြင်းအားဖြင့် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်၊ ယေရှုခရစ်တော်သည် လိုအပ်နေသော ရန်ပုံငွေ—အာဒံ ဆုံးရှုံးခဲ့သော အသက်နှင့် ထပ်တူထပ်မျှအသက်ကို ပေးဆပ်တော်မူသည်။ (မဿဲ ၂၀:၂၈; ၁ ပေတရု ၂:၂၂) ဤအဖိုးတန် ယဇ်ပူဇော်သက္ကာဖြင့် စစ်မှန်သောအသက်ကို ပေးကမ်းရန် ယခု ယေဟောဝါ၌ အခြေအမြစ် ရရှိတော်မူပြီ။
နာခံမှုရှိ လူသားများအတွက် ယေရှု၏ ရွေးနုတ်ဖိုးပူဇော်သက္ကာသည် ပရဒိသုကမ္ဘာပေါ်တွင် ထာဝရအသက်ရနိုင်ဖို့အကြောင်း ဖြစ်ပေါ်စေသည်။ (ဆာလံ ၃၇:၂၉) ဤမျှော်လင့်ချက်ကို အာမဂေဒုန်ဟုခေါ်ဆိုထားသည့် ‘အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးစစ်ပွဲ’ ကို ကပ်ကျော်မည့်သူများအား ကမ်းလှမ်းထားသည်။ (ဗျာဒိတ် ၁၆:၁၄-၁၆) ယင်းက ဤကမ္ဘာမြေကြီးပေါ်မှ ဆိုးသွမ်းမှု ရှိရှိသမျှကို အမြစ်ပြတ်အောင် ရှင်းလင်းပစ်မည်ဖြစ်သည်။ (ဆာလံ ၃၇:၉-၁၁) ထိုအချိန်မတိုင်မီ ကွယ်လွန်သည့် ဘုရားသခင့်မှတ်ဉာဏ်တွင်ရှိသူများသည် ကမ္ဘာပေါ် ပြန်လည်တည်ထောင်မည့် ပရဒိသုအတွင်းသို့ ရှင်ပြန်ထမြောက်လာပြီး ဘုရားသခင့်စကား နားထောင်သူအားလုံး ရမည့် စစ်မှန်သောအသက်ကို ပျော်မွေ့နိုင်စရာအကြောင်းရှိသည်။—ယောဟန် ၅:၂၈၊ ၂၉။
ကျွန်ုပ်တို့၏လက်ရှိအသက်တာကို တန်ဖိုးထား မြတ်နိုးရန်လို
ဤသို့ဆိုသည့်အတွက် လက်ရှိအသက်တာ၏ မြင့်မြတ်မှုကို ဥပေက္ခာပြုနိုင်ခွင့်ရှိသည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ စက်ကို ဂရုမစိုက်သောအလုပ်သမားတစ်ဦးအတွက် စက်ရုံပိုင်ရှင်သည် အချိန်နှင့် ငွေအင်အားကုန်ခံပြီး ပြန်လည်ပြုပြင်မွမ်းမံပေးပါလိမ့်မည်လော။ ယင်းအစား စက်အဟောင်းကို အတတ်နိုင်ဆုံး ပြုပြင်ထိန်းသိမ်းထားသူအား အလုပ်ရှင်သည် ပြင်ပြီးသောစက်ကို အပ်နှင်းမည်မဟုတ်လော။
အသက်သည် ယေဟောဝါထံတော်မှ တန်ဖိုးအနဂ္ဃရှိ ဆုကျေးဇူးတော်ဖြစ်သည်။ ဤဆုကျေးဇူးကို ပေးသနားတော်မူသော စေတနာရှင်အနေနှင့် ကိုယ်တော်သည် ယင်းကို မြတ်နိုးတန်ဖိုးထားစေလိုတော်မူ၏။ (ဆာလံ ၃၆:၉; ယာကုပ် ၁:၁၇) ယေဟောဝါသည် လူသားတို့အတွက် စိုးရိမ်မကင်းကြောင်းကို ယေရှု ဤသို့ဖော်ပြသည်– “သင်တို့၏ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။” (လုကာ ၁၂:၇) လူ့အသက်ကို မသတ်ရဟု ဣသရေလလူမျိုးအား ယေဟောဝါမိန့်မှာထားရာ ထိုတွင် မိမိအသက်ကိုသတ်ခြင်းလည်း ပါဝင်သည်အမှန်။ (ထွက်မြောက်ရာ ၂၀:၁၃) ယင်းကြောင့် သေကြောင်းကြံခြင်းကို စိတ်ကြိုက်ရွေးချယ်စရာအဖြစ် မယူမှတ်ရန် အထောက်အကူပြုသည်။
ကျွန်ုပ်တို့၏အကျိုးကို ယေဟောဝါလိုလားတော်မူကြောင်း သိရှိသည့်အတွက် ဘုရားသခင်ကိုကြောက်ရွံ့သူတို့သည် မျက်မှောက်ခေတ်အကျင့်များကို ကျမ်းစာမူတို့နှင့် အကဲဖြတ်သည်။ ဥပမာ၊ ခရစ်ယာန်စစ်များသည် ‘ဘုရားသခင်ကို ကြောက်ရွံ့၍ ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ့်ကိုယ်ကို ကင်းစင်စေ’ ရမည်ဖြစ်သောကြောင့် ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ကြသည်။—၂ ကောရိန္သု ၇:၁။
“ငြိမ်သက်သောနှလုံး” တည်မြဲတည်ရှိရန်နှင့် စာရိတ္တယိုယွင်းမှုကို ရှောင်ကြဉ်ကြရန် ဘုရားသခင် ဩဝါဒပေးထားခြင်းကလည်း လူသားတို့ကို ဘုရားသခင်စိတ်ဝင်စားကြောင်း ထပ်ဆင့်ထင်ရှားစေသည်။ (သု. ၁၄:၃၀၊ သမ; ဂလာတိ ၅:၁၉-၂၁) ဤမြင့်မားသောစံနှုန်းများကို လိုက်နာကြခြင်းအားဖြင့် ကျန်းမာရေးကိုထိခိုက်သော အမျက်ထွက်ခြင်းနှင့် လိင်ဆိုင်ရာကူးစက်သောရောဂါများ အစရှိသည်တို့မှ အကာအကွယ်ရရှိစေသည်။
ယေဟောဝါသည် မိမိလူမျိုး၏အသက်အတွက် စိုးရိမ်မကင်းဖြစ်ကြောင်း စားကြူးခြင်း၊ သောက်ကြူးခြင်းကို ရှောင်ကြဉ်ရန် ကိုယ်တော်၏ ဩဝါဒကလည်း ထင်ရှားစေသည်။ (တရားဟောရာ ၂၁:၁၈-၂၁; သု. ၂၃:၂၀၊ ၂၁) လောဘကြီးသူနှင့် သောက်ကြူးသူများသည် ဘုရားသခင့်နိုင်ငံတော်ကို မဝင်စားရ၊ တစ်နည်းအားဖြင့် စစ်မှန်သောအသက်ကို ဘယ်တော့မျှ ရမည်မဟုတ်ဟု ခရစ်ယာန်များအား သတိပေးထားတော်မူသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀; ၁ ပေတရု ၄:၃) တော်သင့်ရုံဖြစ်ဖို့ အားပေးခြင်းဖြင့် ကျွန်ုပ်တို့အကျိုးရှိစေရန် ယေဟောဝါသွန်သင်ပေးတော်မူသည်။—ဟေရှာယ ၄၈:၁၇။
ဘုရားသခင့် စံနှုန်းများကို ကျွန်ုပ်တို့လိုက်နာကြသည့်အခါ လက်ရှိအသက်တာကို တန်ဖိုးထားမြတ်နိုးကြောင်း ထင်ရှားပြသည်။ သို့သော် ထိုထက်အရေးပါသည်ကား စစ်မှန်သောအသက်ပင်ဖြစ်သည်။ ယင်းသည် ထာဝရဖြစ်သောကြောင့် စစ်မှန်သောခရစ်ယာန်များသည် သူတို့၏ လက်ရှိအသက်တာထက် ၎င်းကို ပိုမိုအရေးပေးကြသည်။ ယေရှုခရစ်တော်သည် သူ့အသက်ကိုသူ ယဇ်ပူဇော်သောအခါ ယေဟောဝါ၏အလိုတော်အတိုင်း ထိုသို့ပြုမူခြင်းဖြစ်သည်။ ကိုယ်တော်အတွက် ခမည်းတော်၏စကားကို နာခံခြင်းသည် သူ၏မြေကြီးအသက်တာထက် ပို၍အဓိပ္ပာယ်ရှိခဲ့သည်။ ယေရှု၏လမ်းစဉ်ကြောင့် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီး ကောင်းကင်တွင် မသေနိုင်သောအသက်တာ အပ်နှင်းခံခဲ့ရသည်။ (ရောမ ၆:၉) ထို့ပြင် ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြသူ၊ နာခံမှုရှိ လူသားများအတွက်လည်း ကိုယ်တော်၏သေခြင်းသည် ထာဝရအသက်ရနိုင်စရာအကြောင်းရှိစေသည်။—ဟေဗြဲ ၅:၈၊ ၉; ၁၂:၂။
အသွေးနှင့်ပတ်သက်သည့် အရေးကြီးသောပညတ်
ယေရှု၏နောက်လိုက်များသည် ကိုယ်တော့်နည်းတူ တွေးခေါ်ယူဆကြသည်။ ခရစ်တော်နည်းတူ အရာခပ်သိမ်းကို ဘုရားသခင့်အလိုတော်အတိုင်း ပြုမူရန် ကြိုးစားကြသည်။ ဥပမာတစ်ခုအနေနှင့်၊ ဆရာဝန်များက အသက်ကယ်ဆယ်သည်ဟုဆိုသော သွေးသွင်းခြင်းကို ယင်းကြောင့် သူတို့ ရှောင်ကြဉ်ရခြင်းဖြစ်သည်။ လူတစ်ဦးသည် သွေးသွင်းမခံခြင်းအားဖြင့် စစ်မှန်သောအသက်ကို မြတ်နိုးကြောင်း မည်သို့ထင်ရှားပြသည်ကို ကြည့်ကြဦးစို့။
ယေရှုခရစ်တော်နည်းတူ စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင့်မျက်မှောက်တော်တွင် အသက်ရှင်သူများ ဖြစ်လိုကြရာ ထိုသို့ဖြစ်ဖို့ သူတို့သည် ကိုယ်တော်ကို နာခံမှုအပြည့်ရှိရန်လိုသည်။ ခရစ်တော်၏ နောက်တော်လိုက်များအား ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့မိန့်မှာသည်– “ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကို ညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်။” (တမန်တော် ၁၅:၂၈၊ ၂၉) ခရစ်ယာန်များ လိုက်နာရမည့် မိန့်မှာချက်များတွင် အသွေးနှင့်ပတ်သက်သော ဤပညတ်ကို အဘယ်ကြောင့် ထည့်သွင်းထားသနည်း။
ဣသရေလလူမျိုးအား ပေးတော်မူသော ပညတ်တရားအရ အသွေးကိုရှောင်ကြဉ်ရန်ဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၃၊ ၁၄) ခရစ်ယာန်များသည် မောရှေ၏ ပညတ်တရားအောက် မရှိပါ။ သို့သော် ပညတ်တရားမတိုင်မီ သွေးကိုမစားရဟူသော အမိန့်တော် ရှိနှင့်ကြောင်း သူတို့သိကြသည်; ရေလွှမ်းမိုးဘေး ဆိုက်ရောက်ပြီးနောက် နောဧအား ထိုသို့ပညတ်ခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄; ကောလောသဲ ၂:၁၃၊ ၁၄) ဤအမိန့်တော်သည် နောဧမှဆင်းသက်လာသူ၊ မြေကြီးသား အမျိုးအနွယ်အားလုံးနှင့် သက်ဆိုင်သည်။ (ကမ္ဘာဦး ၁၀:၃၂) ထပ်ဆင့်၍ မောရှေ၏ပညတ်တရားက အသွေးကို ဘုရားသခင်သည် အဘယ်ကြောင့် အထွတ်အမြတ်ထားစေလိုတော်မူကြောင်း သဘောပေါက်စေသည်။ အဘယ်အသွေးမျိုးကိုမဆို မစားသုံးရန် ဣသရေလလူမျိုးအား ဘုရားသခင် ပညတ်ပြီးနောက် ဤသို့မိန့်တော်မူသည်– “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။” (ဝတ်ပြုရာ ၁၇:၁၁) ယဇ်ပလ္လင်ပေါ်၌ ပူဇော်သည့်အခါ အသွေးကိုအသုံးပြုဖို့အတွက် ဘုရားသခင် သီးသန့်ထားတော်မူခဲ့သည်။ သွေး၏မြင့်မြတ်မှုဆိုင်ရာ ကိုယ်တော်၏ ပညတ်တော်ကား မြေကြီးပေါ်ရှိ အသက်အပေါင်းကို ကိုယ်တော်ပိုင်ဆိုင်တော်မူကြောင်း ထင်ရှားစေသည်။ (ယေဇကျေလ ၁၈:၄; ဗျာဒိတ် ၄:၁၁) ယေဟောဝါ၏ ရှုထောင့်မှ ကျွန်ုပ်တို့၏အသက်ကို ရှုမြင်ရာတွင် ယင်းကို ကျွန်ုပ်တို့မပိုင်ဘဲ ကျွန်ုပ်တို့အား ဘုရားသခင် အပ်နှံထားခြင်းမျှဖြစ်သည်ကို သိမြင်လာသည်။
ကျွန်ုပ်တို့၏ပုံဥပမာတွင် အော်ပရေတာသည် စက်ကို တာဝန်ခံရသည့်နည်းတူ လက်ရှိအသက်တာကို ကျွန်ုပ်တို့အား အပ်နှံထားရာ တာဝန်ယူရမည်ဖြစ်သည်။ သင့်စက်ကို ပြင်ဖို့လိုပြီး စက်ပြင်ဆရာက အော်ပရေတာလမ်းညွှန်လက်စွဲစာအုပ်တွင် လုံးဝအသုံးမပြုရဟု တားမြစ်ထားသော စက်ကိရိယာပစ္စည်းများကို အသုံးပြုပြီးပြင်ဖို့ အကြံပြုလျှင် သင်ဘာလုပ်မည်နည်း။ လမ်းညွှန်လက်စွဲစာအုပ် ညွှန်ကြားသည့်အတိုင်း သင့်စက်ကို ပြင်၍ရမရ အခြားစက်ပြင်များနှင့် ဆွေးနွေးတိုင်ပင်နှီးနှောမည်မဟုတ်လော။ လူ့အသက်သည် စက်တစ်လုံးထက် ပိုအရေးပါပြီး ပိုမိုရှုပ်ထွေးပွေလီသည်။ လူသားကို အသက်ရှင်သန်စေသည့် လမ်းညွှန်လက်စွဲစာအုပ်ဖြစ်သော ကိုယ်တော်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်တွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အသက်ဆက်ရှင်စေခြင်းငှာ အသွေးကို အသုံးမပြုရဟု တားမြစ်ထားတော်မူသည်။ (တရားဟောရာ ၃၂:၄၆၊ ၄၇; ဖိလိပ္ပိ ၂:၁၆) ဤလမ်းညွှန်လက်စွဲစာအုပ်အတိုင်း လိုက်လျှောက်လုပ်ကိုင်ခြင်းသည် အကျိုးသင့်အကြောင်းသင့် မဖြစ်ပေလော။
အမှန်မှာ မိမိတို့၏ရောဂါကို သွေးအသုံးမပြုဘဲ ကုသပေးရန် တောင်းဆိုသည့် ခရစ်ယာန်လူနာများသည် ဆေးဘက်ဆိုင်ရာ ကုသနည်းအားလုံးကို ငြင်းပယ်နေခြင်းမဟုတ်ပါ။ သူတို့၏ လက်ရှိနှင့် အနာဂတ်အသက်ကို တန်ဖိုးထား လေးမြတ်ကြောင်း ပြသရာရောက်သည့် ကုသနည်းကိုသာ သူတို့ တောင်းခံနေခြင်းဖြစ်သည်။ ခရစ်ယာန်များ၏ ရပ်တည်ချက်ကို လေးလေးစားစား သတ္တိရှိရှိနှင့် သူတို့တောင်းဆိုသည့်အတိုင်း ရောဂါကုသပေးခဲ့သောကြောင့် အကျိုးကျေးဇူးများစွာခံစားရကြောင်း ဆရာဝန်များက သက်သေထူသည်။ ကုသရာတွင် သွေးကို အများအပြားအသုံးပြုခဲ့ဖူးသော ခွဲစိတ်ကုဆရာဝန်တစ်ဦးက “ယေဟောဝါသက်သေများနှင့် တွေ့ဆုံပြီးနောက် ကျွန်တော်စံထားခဲ့ရာများ ပြောင်းလဲလိုက်ရပြီ” ဟုဆိုသည်။ သူသည် ယခုဆိုလျှင် သက်သေခံမဟုတ်သူတို့ကိုပင် အသွေးမပါဘဲ ရောဂါကုသပေးရန် ကြိုးစားသည်။
စစ်မှန်သောအသက်ကို အမြတ်တနိုးထားခြင်း
ယေဟောဝါသက်သေများကို ရောဂါကုသပေးရာမှ ဤခွဲစိတ်ကုဆရာဝန် ပြောင်းလဲခဲ့ရသော စံထားရာအသစ်ကား အဘယ်နည်း။ လူနာ၏ ရောဂါကိုကုသပေးရာတွင် ရောဂါစွဲကပ်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလောက်ကိုသာမဟုတ်ဘဲ လူနာ၏ စိတ်နှင့်ကိုယ် နှစ်တန်စလုံးကို ကုသပေးရန်လိုသည်။ လူနာသည် သူ၏ ကာယ၊ ဝိညာဏနှင့် စိတ္တအကျိုးအတွက် အကောင်းဆုံးကုထုံးကို တောင်းဆိုခွင့်မရှိပေလော။
၁၅ နှစ်သမီး ကူမီကိုအနေနှင့် သေလောက်သောသွေးကင်ဆာရောဂါအတွက် သွေးသွင်းကုသမှုကို ရွေးချယ်ခြင်းသည် အဆိုးတကာ့အဆိုးဆုံး နည်းလမ်းဖြစ်သည်။ ဤနည်းဖြင့် သူမ၏အသက်ကို ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်၊ သို့မဟုတ် နှစ်အနည်းငယ် တိုးရှည်စေခြင်းသည် သူမ၏ ရေရှည်အကျိုးဆုံးရှုံးမှုနှင့် နှိုင်းယှဉ်လျှင် မတန်ပါ။ ကိုယ်တော့်သက်သေခံတစ်ဦးအဖြစ် သူမ၏အသက်ကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားပြီးပြီဖြစ်ရာ အသက်နှင့်အသွေး၏ မြင့်မြတ်မှုကို သူမတန်ဖိုးထားလေးမြတ်ပါသည်။ သူမ၏ဖခင်နှင့် အခြားဆွေမျိုးတို့က သူမ၏ရပ်တည်ချက်ကို အပြင်းအထန်အတိုက်အခံပြုကြသော်လည်း ကူမီကိုသည် မြဲမြံတည်ကြည်စွာရပ်တည်သည်။ တစ်ကြိမ်တွင် သူမ၏ဆရာဝန်သည် ဤသို့မေးမြန်းသည်– “သမီးရဲ့ဘုရားသခင်ဟာ ပျက်ကွက်မှားယွင်းမှုတွေကို ခွင့်လွှတ်တယ်ဆိုရင် သမီး သွေးသွင်းရင် ခွင့်မလွှတ်ဘဲ နေပါ့မလား။” ကူမီကိုသည် သဘောတူလိုက်လျောပြီး သူမ၏ ကျမ်းစာအခြေခံသောယုံကြည်ချက်ကို ငြင်းပယ်ရန် လုံးဝမစဉ်းစားနိုင်ပါ။ “အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပါဌ်တရားတော်ကို ဆုပ်ကိုင်ထားခြင်း” အားဖြင့် သူမသည် တစ်သမတ်တည်း ရပ်မြဲရပ်တည်ခဲ့သည်။ (ဖိလိပ္ပိ ၂:၁၆) သူမ၏ မယုံကြည်သူဘွားအေပြောသည့်အတိုင်း “ကူမီကိုဟာ သူ့ယုံကြည်ခြင်းကို စွန့်မှာမဟုတ်ဘူး။” မကြာမီတွင် သူမ၏ဖခင်၊ ဘွားအေ နှင့် သူမကို ကြည့်ရှုခဲ့သော ဆရာဝန်များပါ စိတ်ပြောင်းလဲကုန်ကြသည်။
သေခြင်းမှ ကူမီကိုအား ရှင်ပြန်ထမြောက်စေနိုင်သည့် ယေဟောဝါဘုရားသခင်အပေါ် သူမ၏ ထက်သန်သောယုံကြည်ခြင်းက များစွာသောသူတို့၏နှလုံးကို လှုပ်ရှားစေခဲ့သည်။ အသက်ရှင်စဉ်ပင် သူမက ဖခင်အား “ကျွန်မသေရင်တောင် ပရဒိသုမှာ ရှင်ပြန်ထမြောက်မှာပါ။ ဒါပေမဲ့ အာမဂေဒုန်မှာ ဖေဖေ သေသွားရင် ကျွန်မ ဖေဖေ့ကို ပြန်တွေ့ရတော့မှာမဟုတ်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ကျမ်းစာဖတ်ပါ” ဟုတောင်းပန်ခဲ့သည်။ သူမ၏ဖခင်က “သမီး နေကောင်းရင် ဖေဖေဖတ်မယ်” ဟူ၍သာ ပြောနေပါသည်။ သို့သော် ကူမီကိုခမျာ သူမ၏ ရောဂါဆိုးကြောင့် သေဆုံးသွားသည့်အခါ သူမ၏အခေါင်းထဲသို့ “ကူမီကို၊ ဖေဖေ သမီးကို ပရဒိသုမှာ ပြန်တွေ့မယ်” ဟုစာကလေးတစ်စောင် ရေးထည့်လိုက်သည်။ သူမ၏ဈာပနအခမ်းအနားပြီးနောက် တက်ရောက်လာကြသောဧည့်သည်များအား သူဤသို့ဆိုသည်– “ပရဒိသုမှာ ကူမီကိုကို ပြန်တွေ့မယ်လို့ ကျွန်တော်ကတိပေးလိုက်တယ်။ လေ့လာမှုအလုံအလောက် မပြုရသေးတဲ့အတွက် အဲ့ဒါကို အခုထိ မယုံနိုင်သေးပေမဲ့ ဒီကိစ္စကို သေသေချာချာ လေ့လာကြည့်ရဦးမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးကြပါနော်။” သူမ၏မိသားစုရှိ အခြားသူများလည်း ကျမ်းစာကို စတင်လေ့လာကြလေသည်။
ကူမီကိုသည် အသက်ကို စစ်မှန်သောနည်းအတိုင်း တန်ဖိုးထားလေးမြတ်ကာ အသက်ရှင်လိုခဲ့သည်။ လက်ရှိအသက်ကို ကယ်ဆယ်ရန် သူမ၏ဆရာဝန်များ ပြုပေးလေသမျှကို သူမကျေးဇူးတင်ပါသည်။ သို့ရာတွင် ဖန်ဆင်းရှင်၏ လမ်းညွှန်လက်စွဲစာအုပ်ပါ ညွှန်ကြားချက်များအတိုင်း လိုက်လျှောက်လုပ်ကိုင်ခြင်းအားဖြင့် စစ်မှန်သောအသက်ကို သူမအမြတ်တနိုးထားကြောင်း သက်သေပြခဲ့သည်။ သန်းပေါင်းများစွာသောသူတို့အတွက် ယင်းသည် ပရဒိသုကမ္ဘာပေါ် ထာဝရအသက်ရှင်ခွင့်ရခြင်းဖြစ်လိမ့်မည်။ အသင်သည် သူတို့အဝင် ဖြစ်လိမ့်မည်လော။