လူငယ်တို့—အနာဂတ်အတွက်
အုတ်မြစ်ကောင်းတစ်ခုချပါလေ
၁။ ခရစ်ယာန်လူငယ်များသည် ခိုင်မာသောယုံကြည်ခြင်းရှိဖို့ အဘယ်ကြောင့်လိုအပ်သနည်း။
၁ သင့်စိတ်ထဲတွင် အဓိကရှိနေသည့်အရာကား အဘယ်နည်း။ သင် မည်သည့်အကြောင်းကို စဉ်းစားသနည်း။ သင်၏ အဓိကစိတ်ဝင်စားမှုများသည် လက်ရှိအရာများကိုလော သို့မဟုတ် အနာဂတ်အကြောင်းနှင့် ဘုရားသခင်ကတိထားရာများအပေါ် အာရုံစိုက်ခြင်းလော။ (မ. ၆:၂၄၊ ၃၁-၃၃; လု. ၈:၁၄) အာဗြဟံနှင့် မောရှေတို့၏ပုံသက်သေများတွင် တွေ့မြင်နိုင်သည့်အတိုင်း ဘုရားသခင်၏ကတိတော်များနှင့်အညီဆောင်ရွက်ရန် ခိုင်မာသောယုံကြည်ခြင်းရှိဖို့လိုသည်။ (ဟေဗြဲ ၁၁:၈-၁၀၊ ၂၄-၂၆) ထိုသို့သောယုံကြည်ခြင်းကို သင်မည်သို့ရရှိနိုင်ပြီး “အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခု” ကိုချနိုင်သနည်း။—၁ တိ. ၆:၁၉၊ ကဘ။
၂။ ဘုရင်ယောရှိ၏ပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။
၂ ယေဟောဝါကိုရှာဖွေပါ– မိသားစုနှင့်အတူ ဝိညာဉ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ရိုးလုပ်စဉ်တစ်ခု သင်၌ရှိလျှင် ယင်းသည် ချီးမွမ်းဖွယ်ဖြစ်သည်။ သို့သော် ထိုသို့သောလုပ်ရိုးလုပ်စဉ်တစ်ခုက ခိုင်မာသောယုံကြည်ခြင်းကို အလိုအလျောက်ရရှိစေမည်ဟု မယူဆပါနှင့်။ “ဘုရားသခင်ကိုသိကျွမ်း” ရန် ယေဟောဝါအား သင်ကိုယ်တိုင်ကိုယ်ကျ ရှာဖွေရမည်။ (သု. ၂:၃-၅၊ သမ္မာ; ၅ ရာ. ၂၈:၉) ငယ်ရွယ်သောဘုရင်ယောရှိ ထိုအတိုင်းပြုခဲ့၏။ သူသည် ဝိညာဉ်ရေးမကောင်းသောဝန်းကျင်တွင် ကြီးပြင်းလာခဲ့သော်လည်း အသက် ၁၅ နှစ်အရွယ်တွင် “အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ် [“ရှာဖွေ၊” ကဘ] စပြု၏။”—၆ ရာ. ၃၄:၃။
၃။ ယနေ့ ငယ်ရွယ်သောခရစ်ယာန်များသည် ယေဟောဝါကို မည်သို့ရှာဖွေနိုင်သနည်း။
၃ ယေဟောဝါကို သင်မည်သို့ရှာဖွေနိုင်သနည်း။ သင်ယုံကြည်သောအရာကို သေသေချာချာဆန်းစစ်ကာ ယင်းသည် တကယ့်သမ္မာတရားဖြစ်ကြောင်း “သက်သေထူ” ခြင်းအားဖြင့်ဖြစ်သည်။ (ရော. ၁၂:၂၊ ကဘ) ဥပမာ၊ သင်သည် သွေးနှင့်ပတ်သက်သည့် ကျမ်းစာအဆိုကို ရှင်းပြနိုင်သလော သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင် ၁၉၁၄ ခုနှစ်၌ စတင်အုပ်စိုးနေပြီဖြစ်ကြောင်း သက်သေပြနိုင်သလော။ “တိကျမှန်ကန်သော သမ္မာတရားအသိပညာ” ကိုဆည်းပူးခြင်းသည် အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခုချခြင်း၏ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။—၁ တိ. ၂:၃၊ ၄၊ ကဘ။
၄။ နှစ်ခြင်းမခံရသေးသောကြေညာသူများသည် မိမိတို့၏တိုးတက်မှုကို မည်သို့ထင်ရှားစေနိုင်သနည်း။
၄ ဘုရားသခင်ကို ယောရှိရှာဖွေခြင်းက ရလဒ်ကောင်းများ ရရှိစေခဲ့သည်။ သူ့အသက် ၂၀ မတိုင်မီတွင် တိုင်းပြည်မှ မှားယွင်းသောဝတ်ပြုရေးကိုဖယ်ရှားရန် သတ္တိရှိရှိလုပ်ဆောင်ခဲ့သည်။ (၆ ရာ. ၃၄:၃-၇) အလားတူ သင်၏ဝိညာဉ်ရေးတိုးတက်မှုသည် သင်၏လုပ်ရပ်များအားဖြင့် ထင်ရှားလာမည်ဖြစ်သည်။ (၁ တိ. ၄:၁၅) သင်သည် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးဖြစ်လျှင် သင်၏ဓမ္မအမှုအရည်အသွေးကိုတိုးတက်စေရန် ကြိုးစားပါ။ စာပေဝေငှရုံနှင့် ကျေနပ်မနေပါနှင့်။ ကျမ်းစာကိုအသုံးပြုရန်၊ လူတို့နှင့်ကျိုးကြောင်းဆင်ခြင်ရန်နှင့် သင်တွေ့ရသောစိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် ပန်းတိုင်ထားပါ။ (ရော. ၁၂:၇) ယင်းက ဝိညာဉ်ရေးတိုးတက်ရန် သင့်ကိုကူညီပေးလိမ့်မည်။
၅။ နှစ်ခြင်းခံပြီးသောခရစ်ယာန်များသည် ဓမ္မအမှုကိုတိုးချဲ့ရန် အဘယ်အခွင့်အရေးများ ရရှိနိုင်သနည်း
၅ သင့်အကောင်းဆုံးအရာကို ယေဟောဝါအားပေးလော့– နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါအား သင့်ဆက်ကပ်အပ်နှံမှုကို တင်ပြသောအခါ သင်သည် ဘုရားသခင့်ခန့်အပ်ခံ ဓမ္မအမှုဆောင်တစ်ဦးဖြစ်လာသည်။ (၂ ကော. ၃:၅၊ ၆၊ ကဘ) ယင်းက ယေဟောဝါ၏အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ရန် သင့်အတွက် အခွင့်အလမ်းများပွင့်စေသည်။ ၎င်းတို့တွင် ရှေ့ဆောင်လုပ်ငန်းအပြင် ဗေသလ၊ သာသနာပြုနှင့် အပြည်ပြည်ဆိုင်ရာလုပ်ငန်း ပါဝင်၏။ သို့တိုင် သင့်ဓမ္မအမှုကိုတိုးချဲ့ရန် အခြားနည်းလမ်းများမှာ သာ၍လိုအပ်သောနေရာတွင်အမှုဆောင်ရန် အခြားဘာသာစကားတစ်ခုကို သင်ယူခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းအားဖြင့်ဖြစ်သည်။
၆။ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခုကို မည်သို့ချနိုင်သနည်း။
၆ အမှန်မှာ ဤလုပ်ငန်းတော်အခွင့်အရေးများတွင် အားလုံးမပါဝင်နိုင်ကြသော်လည်း ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါအား အကောင်းဆုံးအရာကိုပေးနိုင်သည်။ (မ. ၂၂:၃၇) သင့်အခြေအနေသည် မည်သို့ပင်ဖြစ်ပါစေ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို သင့်အသက်တာ၏ အာရုံစိုက်ရာဖြစ်စေပါ။ (ဆာ. ၁၆:၅) ထိုသို့ပြုခြင်းဖြင့် သင်သည် အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခုကို ချနေမည်ဖြစ်သည်။