ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၁၃-၁၈
  • စုံလင်သောအနှောင်အဖွဲ့ဖြစ်သည့် မေတ္တာအားဖြင့် စည်းလုံးနေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စုံလင်သောအနှောင်အဖွဲ့ဖြစ်သည့် မေတ္တာအားဖြင့် စည်းလုံးနေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသိပညာနှင့်လျော်ညီသော သင့်တင့်ညီညွတ်ခြင်း
  • အာရုံပျံ့လွင့်ခြင်းက သင့်တင့်ညီညွတ်မှုကို ပျက်စီးစေနိုင်
  • ယေဟောဝါသည် သင့်ကို တန်ခိုးနှင့်ပြည့်စုံစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုရှာတွေ့ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်လှမ်းဖို့ အခြားသူတို့ကိုကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင်အား သိကျွမ်းခြင်းပညာကို လူသားများလိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၁၃-၁၈

စုံလင်သောအနှောင်အဖွဲ့ဖြစ်သည့် မေတ္တာအားဖြင့် စည်းလုံးနေခြင်း

“မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်းလျက်နေလော့။”—ကောလောသဲ ၂:၂၊ ကဘ။

၁၊ ၂။ အထူးသဖြင့် ယခုအခါ ကွဲပြားစေသော မည်သည့်သြဇာလွှမ်းမိုးနေသနည်း။

နားထောင်လော့! ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေသောအသံကြီးကား ဤသို့– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) တစ်နှစ်ပြီးတစ်နှစ် ကျော်လွန်လာသည်နှင့်အမျှ ထိုသတင်းသည် မြေကြီးသားများအတွက် တိုး၍ထိတ်လန့်ဖွယ်ရာဖြစ်လာသည်။

၂ ယေဟောဝါ၏ မဟာရန်သူကြီးအား ပုန်ကန်သူ (စာတန်) နှင့် ရှုတ်ချသူ (မာရ်နတ်) အဖြစ် ကြာမြင့်စွာကတည်းက သိလာခဲ့ကြသည်။ သို့သော် ဤလှည့်ဖြားသူသည် ယခုအခါ ဆိုးသွမ်းယုတ်မာသည့် အခြားကဏ္ဍတစ်ခုဖြင့် လှုပ်ရှားလျက်ရှိသည်—သူသည် ဒေါသူပုန်ထသောဘုရားတစ်ဆူ ဖြစ်လာသည်! အဘယ်ကြောင့်နည်း။ သူသည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ စတင်ဖြစ်ပွားသည့်စစ်ပွဲ၌ ကောင်းကင်မှနေ၍ မိက္ခေလနှင့် သူ့ကောင်းကင်တမန်များ၏ ပစ်ချခြင်းကိုခံရသောကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၇-၉) မာရ်နတ်သည် လူသားအားလုံးတို့အား ဘုရားသခင်ကိုဝတ်ပြုခြင်းမှ သွေဖည်သွားအောင် ပြုနိုင်သည်ဟူသော သူ၏စိန်ခေါ်ချက်ကို သက်သေထူနိုင်သည့်အချိန် အနည်းငယ်သာကျန်တော့ကြောင်း သူသိသည်။ (ယောဘ ၁:၁၁; ၂:၄၊ ၅) လွတ်လမ်းမရှိတော့သဖြင့် သူနှင့်သူ့နတ်ဆိုးများသည် ဒေါသထွက်နေသည့်ပျားအုပ်သဖွယ် ဂနာမငြိမ်ဖြစ်နေသော လူသားထုကြီးအပေါ် ဒေါသအမျက်သွန်းလောင်းကြသည်။—ဟေရှာယ ၅၇:၂၀။

၃။ စာတန်မောင်းချခံရခြင်းက ကျွန်ုပ်တို့အချိန်တွင် မည်သည့်အကျိုးသက်ရောက်သနည်း။

၃ လူ့ဘောင်တွင် အဘယ်ကြောင့် အများအားဖြင့် စာရိတ္တကျဆင်းရကြောင်းကို လူ့မျက်စိဖြင့်မမြင်နိုင်သော ဤအဖြစ်အပျက်များက ရှင်းပြသည်။ သင့်တင့်ညီညွတ်စွာ မနေနိုင်ကြသော တိုင်းနိုင်ငံများ၏ အစိတ်စိတ်အမြွှာမြွှာကွဲပြားမှုကို ပြန်လည်စေ့စပ်ရန် လူတို့၏ အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်မှုများကိုလည်း ရှင်းပြသည်။ လူမျိုးစုများ၊ လူအနွယ်အုပ်စုများစပ်ကြား အပြင်းအထန်တိုက်ခိုက်မှုများကြောင့် အိမ်မဲ့ရာမဲ့များ ပေါ်ပေါက်လာရသည်။ တစ်ခါမျှမကြုံဖူးသည့် အတိုင်းအတာဖြင့် တရားဥပဒေကင်းမဲ့မှု တိုးပွားနေခြင်းမှာ အဆန်းမဟုတ်ပါလေ! ယေရှုကြိုပြောထားသည့်အတိုင်း ‘သာ၍များစွာသောလူသားများသည် မေတ္တာလျော့နည်းလာကြသည်။’ နေရာတိုင်းတွင်ကြည့်လိုက်လျှင် သင့်တင့်ညီညွတ်မှုကင်းမဲ့ခြင်းနှင့် မေတ္တာခေါင်းပါးခြင်းတို့က ယနေ့ ဂနာမငြိမ်ဖြစ်နေသော လူ့အသိုင်းအဝိုင်းကို မှတ်သားဖော်ပြသည်။—မဿဲ ၂၄:၁၂၊ ကဘ။

၄။ ဘုရားသခင့်လူများသည် အဘယ်ကြောင့် အထူးအန္တရာယ်ကို ရင်ဆိုင်နေရကြသနည်း။

၄ ကမ္ဘာ့အခြေအနေကိုကြည့်လျှင် မိမိ၏နောက်တော်လိုက်များအတွက် ယေရှု၏ဆုတောင်းပေးချက်သည် သာ၍အဓိပ္ပာယ်လေးနက်လာသည်– “ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာ [ဆိုးညစ်သူ၊ ကဘ] နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၅၊ ၁၆) ယခုအခါ “ဆိုးညစ်သူ” သည် “ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူ” များအပေါ် အထူးသဖြင့် အမျက်ဒေါသကိုသွန်းလောင်းသည်။ (ဗျာဒိတ် ၁၂:၁၇) ယေဟောဝါ၏ မေတ္တာပါဂရုစိုက်စောင့်ရှောက်မှုကိုသာ မခံရပါမူ ကိုယ်တော်၏ သစ္စာရှိသက်သေများသည် သုတ်သင်ဖျက်ဆီးခြင်းခံကြရမည်သာဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးတော်မူသမျှသော ဝိညာဏလုံခြုံမှုနှင့် ကောင်းကျိုးများကို အကျိုးရှိရှိအသုံးချခြင်းအပေါ် မူတည်သည်။ သို့ပြုရာတွင် ကောလောသဲ ၁:၂၉ တွင် တမန်တော်တိုက်တွန်းထားသည့်အတိုင်း ခရစ်တော်အားဖြင့်ဖြစ်သော ကိုယ်တော့်တန်ခိုးတော် လှုပ်ရှားဆောင်ရွက်မှုနှင့်အညီ ကြိုးစားအားထုတ်ခြင်းပါဝင်သည်။

၅၊ ၆။ ကောလောသဲခရစ်ယာန်များနှင့်ပတ်သက်၍ တမန်တော်ပေါလု မည်သို့ခံစားရပြီး ၁၉၉၅ ခုနှစ်၏ နှစ်ချုပ်ကျမ်းချက်သည် အဘယ်ကြောင့်ဆီလျော်သနည်း။

၅ ကောလောသဲရှိ ညီအစ်ကိုများသည် မိမိအတွက် မျက်နှာစိမ်းဖြစ်နေသော်လည်း သူတို့ကိုပေါလုချစ်သည်။ သူတို့အား သူဤသို့ပြောလိုက်သည်– “သင်တို့အတွက် ငါ၏စိုးရိမ်ပူပန်မှုသည် မည်မျှအားကြီးကြောင်း သင်တို့အား ငါနားလည်စေလိုသည်။” (ကောလောသဲ ၂:၁၊ ဂျေ. ဘီ. ဖိလစ် ပြုစုသည့် The New Testament in Modern English) ယေရှု၏နောက်တော်လိုက်များသည် ဤလောကနှင့်မဆက်ဆံကြသောကြောင့် “ဆိုးညစ်သူ” သည် ညီအစ်ကိုများအလယ်တွင် လောကဝိညာဉ်မျိုးစေ့ကို ကြဲချခြင်းအားဖြင့် သူတို့၏စည်းလုံးမှုကို ဖြိုဖျက်ရန် ကြိုးစားမည်ဖြစ်သည်။ ကောလောသဲမြို့မှ ဧပဖြသယ်ဆောင်လာသည့်သတင်းက ယင်းအမှုသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်ကြောင်း ဖော်ပြသည်။

၆ မိမိ၏ခရစ်ယာန်ညီအစ်ကိုများအတွက် ပေါလုအဓိကစိတ်ဝင်စားသည့် အချက်တစ်ခုကို စကားအားဖြင့် ဤသို့အတိုချုပ်ဖော်ပြနိုင်သည်– “မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်းလျက်နေလော့။” စည်းလုံးမှုကင်းမဲ့ခြင်းနှင့် မေတ္တာခေါင်းပါးခြင်းတို့ဖြင့် ပြည့်နှက်နေသော ဤလောကတွင် သူ၏စကားများသည် အထူးအဓိပ္ပာယ်ရှိသည်။ ပေါလု၏အကြံပေးချက်ကို ကျွန်ုပ်တို့နှလုံးသွင်းလိုက်လျှောက်ပါက ယေဟောဝါ၏စောင့်ရှောက်မှုကို ကျွန်ုပ်တို့ခံရမည်။ ကျွန်ုပ်တို့၏အသက်တာတွင် လောကဖိစီးမှုများကို တွန်းလှန်နိုင်ရန် ကိုယ်တော့်ဝိညာဉ်တော်တန်ခိုးက အကူအညီပေးခြင်းကိုလည်း တွေ့ကြုံခံစားကြရမည်။ ပညာရှိသြဝါဒပါတကား! သို့နှင့် ကောလောသဲ ၂:၂ သည် ၁၉၉၅ ခုနှစ်အတွက် ကျွန်ုပ်တို့၏နှစ်ချုပ်ကျမ်းချက်ဖြစ်မည်။

၇။ ခရစ်ယာန်စစ်များအလယ်တွင် မည်သည့်သင့်တင့်ညီညွတ်မှုကို တွေ့မြင်ရသင့်သနည်း။

၇ ကောရိန္သုမြို့သားများထံရေးသည့် ပထမစာတစ်စောင်တွင် တမန်တော်က လူ့ကိုယ်ခန္ဓာကို ပုံဥပမာအဖြစ်အသုံးပြုခဲ့သည်။ ဘိသိက်ခံခရစ်ယာန်အသင်းတော်တွင် “အချင်းချင်းကွဲပြားခြင်းမရှိဘဲ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှသတိပြု” သင့်ကြောင်း သူရေးခဲ့သည်။ (၁ ကောရိန္သု ၁၂:၁၂၊ ၂၄၊ ၂၅) မည်မျှကောင်းလိုက်သည့် ပုံဥပမာပါတကား! ကျွန်ုပ်တို့၏ကိုယ်အင်္ဂါများသည် အချင်းချင်းအမှီသဟဲပြုနေကြပြီး ကိုယ်အင်္ဂါ၏ အခြားအစိတ်အပိုင်းများနှင့် ဆက်သွယ်လျက်ရှိသည်။ ဘိသိက်ခံများနှင့် ပရဒိသုမြေကြီးပေါ်တွင် နေထိုင်ရန်မျှော်လင့်ကြသော လူသန်းပေါင်းများစွာတို့ဖြင့် ဖွဲ့စည်းပါဝင်သည့် ကျွန်ုပ်တို့၏ ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းလည်း အလားတူပင်ဖြစ်သည်။ လွတ်လပ်စွာနေရန် ခရစ်ယာန်ချင်းတို့၏ အစုအစည်းမှ မိမိကိုယ်ကို အဆက်မဖြတ်ရပါ! ခရစ်တော်အားဖြင့် လှုပ်ရှားဆောင်ရွက်သော ဘုရားသခင့်ဝိညာဉ်တော်သည် ညီအစ်ကိုများနှင့် ပေါင်းသင်းဆက်ဆံခြင်းမှတစ်ဆင့် ကျွန်ုပ်တို့အပေါ် ကြီးမားသောအတိုင်းအတာဖြင့် စီးဆင်းလာသည်။

အသိပညာနှင့်လျော်ညီသော သင့်တင့်ညီညွတ်ခြင်း

၈၊ ၉။ (က) အသင်းတော်တွင် တညီတညွတ်တည်းရှိရေးကို ကျွန်ုပ်တို့ပါဝင်လုပ်ဆောင်ခြင်း၌ မည်သည့်အရာက အရေးပါသနည်း။(ခ) ခရစ်တော်နှင့်ပတ်သက်သော အသိပညာကို သင်မည်သို့ဆည်းပူးရရှိခဲ့သနည်း။

၈ ပေါလုတင်ပြသည့် အဓိကအချက်တစ်ခုမှာ ခရစ်ယာန်သင့်တင့်ညီညွတ်ခြင်းသည် ခရစ်တော်နှင့် အထူးသဖြင့်ပတ်သက်နေသော အသိပညာနှင့် ဆက်စပ်နေသည်။ ခရစ်ယာန်များသည် “မိမိတို့၏သိနားလည်မှုတွင် အပြည့်အဝစိတ်ချခြင်း၏ ကြွယ်ဝမှုအားလုံးကို ခံစားရရန်၊ ခရစ်တော်တည်းဟူသော မြင့်မြတ်သည့် လျှို့ဝှက်နက်နဲရာနှင့်ဆိုင်သော တိကျမှန်ကန်သည့် အသိပညာကိုရရန်အလို့ငှာ မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်း” သင့်ကြောင်း ပေါလုရေးသားခဲ့သည်။ (ကောလောသဲ ၂:၂၊ ကဘ) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စတင်လေ့လာကတည်းက အသိပညာ—မှန်ကန်သောအကြောင်းအချက်များ—ကို ဆည်းပူးရရှိခဲ့သည်။ ဤမှန်ကန်သောအကြောင်းအချက်များသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့် မည်သို့ကိုက်ညီမှုရှိကြောင်း သိနားလည်ခြင်းတစ်စိတ်တစ်ဒေသအဖြစ် ခရစ်တော်၏ အရေးပါသော အခန်းကဏ္ဍကို ကျွန်ုပ်တို့သိရှိလာကြသည်။ “ဉာဏ်ပညာရတနာနှင့် အသိပညာရတနာရှိသမျှတို့သည် သူ့ထံတွင် စေ့စပ်သေချာစွာ ဝှက်ထားလျက်ရှိ၏။”—ကောလောသဲ ၂:၃၊ ကဘ။

၉ ဘုရားသခင့်ရည်ရွယ်တော်မူချက်၌ ယေရှုနှင့် သူ၏အခန်းကဏ္ဍကို ထိုအတိုင်းသင်ယူမှတ်သလော။ ခရစ်ယာန်ဘောင်မှ လူများစွာတို့သည် ယေရှုအကြောင်းကို မဆိုင်းမတွပြောတတ်ကြပြီး ကိုယ်တော်အား လက်ခံထားပြီးဖြစ်၍ ကယ်တင်ခြင်းရပြီဟု ဆိုတတ်ကြသည်။ သို့သော် သူတို့သည် ကိုယ်တော်အား အမှန်တကယ်သိကြပါသလော။ မသိကြပါ၊ အကြောင်းမှာ အများစုတို့သည် ကျမ်းစာနှင့်မညီညွတ်သော သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သင်သည် ဤကိစ္စနှင့်ပတ်သက်သော အမှန်တရားကိုသာမက ယေရှုမိန့်တော်မူခဲ့ရာများ၊ ပြုတော်မူခဲ့ရာများနှင့် ပတ်သက်၍ အတော်များများ သိရှိထားပေမည်။ လူသန်းပေါင်းများစွာတို့သည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား အမည်ရှိသောစာအုပ်ကို အသုံးပြုကာ အသိပညာတိုးပွားစေသော လေ့လာမှုပြုခြင်းအားဖြင့် ဤကိစ္စတွင် အကူအညီရရှိခဲ့ကြပြီ။

၁၀။ ဝှက်ထားသောအသိပညာကို မည်သည့်နည်းဖြင့် ကျွန်ုပ်တို့ရရှိနိုင်သနည်း။

၁၀ “ဉာဏ်ပညာရတနာနှင့် အသိပညာရတနာရှိသမျှတို့သည်” ယေရှုထံတွင် “စေ့စပ်သေချာစွာ ဝှက်ထားလျက်ရှိ၏” ဟူသော ဖော်ပြချက်က ထိုအသိပညာသည် ကျွန်ုပ်တို့ဉာဏ်မမီလောက်အောင် မြင့်မားသည်ဟု မဆိုလိုပါ။ သို့ဖြစ်မည့်အစား ယင်းသည် ပွင့်နေသောသတ္တုတွင်းနှင့် အတော်အတန်တူသည်။ မည်သည့်နေရာတွင် စတင်တူးဖော်ရမည်ကို ဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါ။ ကျွန်ုပ်တို့သိထားနှင့်သည်မှာ—စစ်မှန်သောအသိပညာသည် ယေရှုနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ ထင်ရှားဖော်ပြချက်ဖြင့် စတင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ ရည်ရွယ်တော်မူချက် ပြီးမြောက်အောင်မြင်ရေးတွင် ယေရှု၏အခန်းကဏ္ဍကို သာ၍ပြည့်ပြည့်ဝဝ လေးမြတ်တန်ဖိုးထားသည်နှင့်အမျှ စစ်မှန်သောဉာဏ်ပညာနှင့် တိကျမှန်ကန်သောအသိပညာတို့ကို ရရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့လိုအပ်သည်မှာ နက်သထက်နက်အောင်တူးပြီး သာ၍များသော ကျောက်မျက်ရတနာ သို့မဟုတ် တန်ဖိုးရှိသည့်အရာများကို ဖော်ထုတ်ရရှိရန်ဖြစ်သည်။—သု. ၂:၁-၅။

၁၁။ ယေရှုအကြောင်း စဉ်းစားတွေးတောခြင်းအားဖြင့် ကျွန်ုပ်တို့၏ အသိပညာနှင့် ဉာဏ်ပညာ မည်သို့တိုးပွားနိုင်မည်နည်း။ (တပည့်တော်များ၏ ခြေကို ယေရှုဆေးပေးခြင်း သို့မဟုတ် အခြားဥပမာများဖြင့် ရှင်းပြပါ။)

၁၁ ဥပမာ၊ ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးပေးတော်မူခဲ့ကြောင်း ကျွန်ုပ်တို့သိပေမည်။ (ယောဟန် ၁၃:၁-၂၀) ကိုယ်တော်သင်ပေးသည့်သင်ခန်းစာနှင့် ကိုယ်တော်တင်ပြသည့်သဘောထားတို့ကို စဉ်းစားတွေးတောဖူးသလော။ သို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့အား ကြာမြင့်စွာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော ဥပဓိရုပ်ရှိ ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးနှင့် ဆက်ဆံပုံကို ပြုပြင်ပြောင်းလဲရန် ကျွန်ုပ်တို့အားတတ်နိုင်စေသည့်၊ ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည့် ဉာဏ်ပညာရတနာကို ဖော်ထုတ်နိုင်ကြမည်။ သို့မဟုတ် ကျွန်ုပ်တို့ နှစ်သက်မှုမရှိလှသော တာဝန်ကို ရရှိသည့်အခါ ယောဟန် ၁၃:၁၄၊ ၁၅ ၏အဓိပ္ပာယ်ကို ကောင်းစွာသိနားလည်ထားခြင်းအားဖြင့် ခြားနားစွာတုံ့ပြန်ကြပေမည်။ ယင်းကား အသိပညာနှင့် ဉာဏ်ပညာတို့က ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်သည့်နည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပတ်သက်သည့် တိုးပွားလာသောအသိပညာနှင့်အညီ တိုးတက်ပြုမူကျင့်ကြံလျှင် အခြားသူများအား မည်သို့အကျိုးသက်ရောက်မည်နည်း။ သိုးတော်စုသည် ‘မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်း’ နိုင်ကြဖွယ်ရှိသည်။a

အာရုံပျံ့လွင့်ခြင်းက သင့်တင့်ညီညွတ်မှုကို ပျက်စီးစေနိုင်

၁၂။ မည်သည့်အသိပညာနှင့်ပတ်သက်၍ ကျွန်ုပ်တို့သတိပြုရန် လိုအပ်သနည်း။

၁၂ တိကျမှန်ကန်သောအသိပညာက ကျွန်ုပ်တို့အား ‘မေတ္တာဖြင့် အတူတကွတညီတညွတ်တည်း ပေါင်းစည်းကြ’ ရန် လွယ်ကူစေသည်ဆိုလျှင် “အလွဲခေါ်ဝေါ်သော ‘အသိပညာ’” ၏ရလဒ်များကား အဘယ်နည်း။ ဆန့်ကျင်ဘက်သာဖြစ်သည်—အငြင်းပွားခြင်း၊ သဘောထားကွဲလွဲခြင်းနှင့် ယုံကြည်ခြင်းမှသွေဖည်သွားခြင်း တို့ဖြစ်သည်။ ထို့ကြောင့် တိမောသေအား ပေါလုသတိပေးသကဲ့သို့ ထိုအလွဲခေါ်ဝေါ်သောအသိပညာများကို ကျွန်ုပ်တို့သတိဖြင့် ရှောင်ကြဉ်ကြရမည်။ (၁ တိမောသေ ၆:၂၀၊ ၂၁၊ ကဘ) ပေါလုဤသို့ရေးခဲ့သေးသည်– “အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကိုမလှည့်ဖြားစေခြင်းငှာ ဤစကားကိုငါပြောဆို၏။ ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍ လောကီပညာ [အတွေးအခေါ်၊ ကဘ] နှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၄၊ ၈။

၁၃၊ ၁၄။ (က) ကောလောသဲမြို့ရှိ ညီအစ်ကိုများသည် အသိပညာနှင့်ပတ်သက်၍ အဘယ်ကြောင့် အန္တရာယ်ကြုံတွေ့နေကြရသနည်း။(ခ) ယနေ့ အချို့သူတို့သည် အလားတူအန္တရာယ်တွင် မိမိတို့ကျရောက်မနေဟု အဘယ်ကြောင့်ထင်ကြသနည်း။

၁၃ ကောလောသဲခရစ်ယာန်များသည် အလွဲခေါ်ဝေါ်သောအသိပညာ၏ လှည့်ဖြားတတ်သော ဩဇာလွှမ်းမိုးမှုဝန်းကျင်တွင် ရှိနေခဲ့ကြသည်။ ကောလောသဲမြို့တွင်းနှင့် အနီးအနားတစ်ဝိုက်ရှိ များစွာသောလူတို့သည် ဂရိအတွေးအခေါ်များကို အလွန်အထင်ကြီးကြသည်။ ခရစ်ယာန်များအား ပွဲနေ့များနှင့် အစားအသောက်ဆိုင်ရာ တောင်းဆိုချက်များကဲ့သို့သော မောရှေပညတ်ကို စောင့်ထိန်းစေလိုသည့် ဂျူးထုံးစံလိုက်သူများလည်းရှိသေးသည်။ (ကောလောသဲ ၂:၁၁၊ ၁၆၊ ၁၇) မိမိ၏ညီအစ်ကိုများ မှန်ကန်သောအသိပညာရရှိရေးကို ပေါလုမဆန့်ကျင်ခဲ့ပါ။ သို့သော် ဖြားယောင်းသောစကားများကိုသုံးပြီး အသက်တာနှင့် လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လူ့အယူအဆများကို ခံယူစေသောသူတစ်စုံတစ်ယောက်၏ သားကောင်မဖြစ်ဖို့ကိုမူ သတိပြုကြရန်လိုသည်။ အသင်းတော်အတွင်းရှိ လူအချို့တို့သည် မိမိတို့၏တွေးတောဆင်ခြင်မှုနှင့် ဆုံးဖြတ်ချက်များကို ယင်းသို့သော ကျမ်းစာနှင့်မညီသည့် ခံယူချက်များ၊ ဘဝဆိုင်ရာသဘောထားများအားဖြင့် လမ်းညွှန်ခံပါက အသင်းတော်သားများအကြားရှိ သင့်တင့်ညီညွတ်မှုနှင့် မေတ္တာတို့ကို ပျက်ပြားစေနိုင်သည်။

၁၄ ‘ဟုတ်ပါတယ်၊ ကောလောသဲမြို့သားတွေ ရင်ဆိုင်ခဲ့ရတဲ့အန္တရာယ်ကို ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ မသေနိုင်တဲ့စိုးလ်၊ သုံးပါးပေါင်းဘုရားစတဲ့ ဂရိအယူအဆတွေက ကျွန်တော့်အပေါ် ဩဇာလွှမ်းမိုးမဲ့အန္တရာယ်ကို မစိုးရိမ်ရပါဘူး; ကျွန်တော်လွတ်မြောက်လာတဲ့ ဗာဗုလုန်ဘာသာရဲ့ တိတ္ထိဆိုင်ရာအားလပ်ရက်တွေနဲ့ ကျော့မိခံရစရာအကြောင်းလည်း မရှိပါဘူး’ ဟု သင်ထင်ပေမည်။ ကောင်းပေ၏။ ယေရှုအားဖြင့်ဖော်ပြခံရပြီး ကျမ်းစာထဲတွင်ရယူနိုင်သော အခြေခံသမ္မာတရား၏ သာလွန်မြင့်မြတ်ခြင်းအပေါ် အခိုင်အမာစွဲစွဲမြဲမြဲယုံကြည်ခြင်းသည် ကောင်းပါသည်။ သို့သော် ယနေ့ခေတ်စားနေသည့် အခြားသောအတွေးအခေါ်များ သို့မဟုတ် လူ့ရှုထောင့်များ၏ အန္တရာယ်ကို ကျွန်ုပ်တို့ရင်ဆိုင်နေရပါသလော။

၁၅၊ ၁၆။ ဘဝနှင့်ပတ်သက်သောအမြင်က ခရစ်ယာန်တစ်ဦး၏ စဉ်းစားမှုကို မည်သို့အကျိုးသက်ရောက်စေနိုင်သနည်း။

၁၅ ယင်းသို့သောသဘောထားများအနက် တစ်ခုသည် ကြာမြင့်စွာကတည်းက တည်ရှိလာခဲ့သည်– “ကိုယ်တော်ကြွလာခြင်းဆိုင်ရာ ကတိတော်သည် ယခုအဘယ်မှာနည်း။ ငါတို့၏ဘိုးဘေးများသည် သေဆုံးကုန်ကြသော်လည်း အရာခပ်သိမ်းတို့သည် ယင်းတို့ရှိမြဲအတိုင်း အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေကြသည်။” (၂ ပေတရု ၃:၄၊ The New English Bible) ထိုအယူအဆကို အခြားသောစာသားဖြင့် ဖော်ပြလျှင်လည်း သဘောသဘာဝမှာ အလားတူပင်ဖြစ်သည်။ ဥပမာ၊ တစ်စုံတစ်ဦးက ‘ငါသမ္မာတရားကို စလေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်တုန်းက အဆုံးဟာ “သိပ်နီးနေတယ်။” ဒါပေမဲ့ ခုထိရောက်မလာသေးဘူး၊ ဘယ်တော့ရောက်လာမလဲဆိုတာကော ဘယ်သူကသိလို့လဲ’ ဟု ဆင်ခြေပေးပေမည်။ မည်သည့်အချိန်တွင် အဆုံးရောက်လာမည်ကို မည်သူမျှမသိသည်မှာ မှန်ပါသည်။ သို့သော် ယေရှုတိုက်တွန်းခဲ့သော ကျွန်ုပ်တို့တွင် ရှိရမည့်အမြင်ကို သတိပြုပါ– “ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက်စောင့်နေကြလော့။”—မာကု ၁၃:၃၂၊ ၃၃။

၁၆ မည်သည့်အချိန်တွင် အဆုံးရောက်လာမည်ကို မသိသောကြောင့် ကျွန်ုပ်တို့သည် အတွေ့အကြုံကြွယ်ဝပြီး “ပုံမှန်” အသက်တာကို စီမံကိန်းရေးဆွဲသင့်သည်ဟူသော အယူအဆကိုခံယူလိုက်လျှင် မည်မျှအန္တရာယ်ရှိပါမည်တကား! ‘ငါ (သို့မဟုတ် ငါ့ကလေးတွေ) အတွက် ဝင်ငွေကောင်းကောင်းရပြီး သက်သောင့်သက်သာနေနိုင်အောင် တော်သင့်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားရင်ကောင်းမယ်။ ခရစ်ယာန်အစည်းအဝေးတွေတက်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာတွေကိုတော့ ငါလုပ်မှာပေါ့။ ဒါပေမဲ့ သိပ်ပင်ပင်ပန်းပန်းလုပ်ဖို့ ဒါမှမဟုတ် အကြီးအကျယ်အနစ်နာခံဖို့ မလိုပါဘူး’ ဟုစဉ်းစားခြင်းဖြင့် ထိုသဘောထားကို တင်ပြရာရောက်နိုင်သည်။—မဿဲ ၂၄:၃၈-၄၂။

၁၇၊ ၁၈။ ကျွန်ုပ်တို့ မည်သည့်အမြင်ရှိရန် ယေရှုနှင့် တမန်တော်များက တိုက်တွန်းခဲ့ကြသနည်း။

၁၇ သတင်းကောင်းဟောပြောရန်၊ အင်တိုက်အားတိုက်ကြိုးစားမှုပြုပြီး အနစ်နာခံရန်တို့နှင့်ပတ်သက်၍ အရေးတကြီးခံစားမှုဖြင့် အသက်ရှင်ရန် ယေရှုနှင့်ကိုယ်တော့်တမန်တော်များက ကျွန်ုပ်တို့အား အကြံပြုတိုက်တွန်းခဲ့သည်မှာ ငြင်းဖွယ်ရာမရှိပါ။ ပေါလုဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့၊ ငါဆိုသည်ကား ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။ . . . ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။ ဤလောကကိုသုံးသောသူသည် [အပြည့်အဝ၊ ကဘ] မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား ဤလောက၏ အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်၏။”—၁ ကောရိန္သု ၇:၂၉-၃၁; လုကာ ၁၃:၂၃၊ ၂၄; ဖိလိပ္ပိ ၃:၁၃-၁၅; ကောလောသဲ ၁:၂၉; ၁ တိမောသေ ၄:၁၀; ၂ တိမောသေ ၂:၄; ဗျာဒိတ် ၂၂:၂၀။

၁၈ သက်သောင့်သက်သာနေရသည့်အသက်တာကို ကျွန်ုပ်တို့၏ဘဝပန်းတိုင်ဖြစ်စေရန် ပေါလုလုံးဝအကြံမပေးခဲ့သည့်အပြင် မှုတ်သွင်းခံရသောအားဖြင့် သူဤသို့ရေးသားခဲ့သည်– “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။ . . . ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း သင်သည် ခေါ်တော်မူခြင်းကိုခံရ၍ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။”—၁ တိမောသေ ၆:၇-၁၂။

၁၉။ ယေရှုအားပေးသည့် ဘဝဆိုင်ရာရှုမြင်ပုံကို အသင်းတော်သားများက လက်ခံသောအခါ အသင်းတော်ကို မည်သို့အကျိုးဖြစ်ထွန်းစေသနည်း။

၁၉ အသင်းတော်တစ်ခုသည် ‘ကောင်းမွန်စွာ လူသိရှင်ကြားကြေညာခြင်း’ ကိုပြုရန် အင်တိုက်အားတိုက်ကြိုးစားသော ခရစ်ယာန်များဖြင့် ဖွဲ့စည်းပါဝင်လျှင် သင့်တင့်ညီညွတ်မှုရှိခြင်းသည် ဓမ္မတာပင်။ ‘သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့’ ဟူသည့်သဘောထားဘက် သူတို့မတိမ်းညွတ်ကြပါ။ (လုကာ ၁၂:၁၉) ထို့ထက် သူတို့သည် ညီတူတန်းတူကြိုးစားအားထုတ်ခြင်းတွင် စည်းလုံးနေကြပြီး နောက်တစ်ဖန် ဘယ်တော့မျှလုပ်စရာမလိုတော့သည့် ဤလုပ်ငန်းတွင် တတ်နိုင်သမျှပါဝင်ရန် လိုလိုလားလားအနစ်နာခံကြသည်။—ဖိလိပ္ပိ ၁:၂၇၊ ၂၈ နှိုင်းယှဉ်။

ဖြားယောင်းသောစကားများကို သတိပြု

၂၀။ ခရစ်ယာန်များ လှည့်ဖြားခံရနိုင်သော အခြားကဏ္ဍတစ်ခုကား အဘယ်နည်း။

၂၀ ခရစ်ယာန်များသည် ‘ဖြားယောင်းသောစကားများအားဖြင့် လှည့်ဖြားခံရ’ နိုင်သည့် အခြားနည်းများ သို့မဟုတ် ‘မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်းခြင်း’ ကို အနှောင့်အယှက်ဖြစ်စေသည့် အချည်းနှီးသောပရိယာယ်များ ရှိသည်မှာအမှန်ပင်။ ဂျာမနီနိုင်ငံရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးမှ ဤသို့ရေးသားခဲ့သည်– “အခြေအနေတစ်ခုသည် အသင်းတော်များစွာတို့ထံ အငြင်းပွားမှုအဖြစ်ပျံ့နှံ့ရောက်ရှိပြီး ကြေညာသူများပါမက အကြီးအကဲများပင်လျှင် ညီအစ်ကိုတစ်ဦး အသုံးပြုခဲ့သည့် ရောဂါကုသနည်းများနှင့်ပတ်သက်၍ သူ့ဘက်ကိုယ့်ဘက်ကွဲပြားမှုများ ဖြစ်ခဲ့သည်။” ဤသို့ ထပ်ဖြည့်စွက်သည်– “ကုသနည်းအမျိုးမျိုးရှိပြီး ရောဂါသည်မြောက်မြားစွာရှိသည်ဖြစ်ရာ ယင်းသည် အငြင်းပွားစရာကိစ္စဖြစ်သည်။ အကယ်၍ ကုသသည့်နည်းစနစ်များတွင် နတ်ဆိုးနှင့်ပတ်သက်သည့် တိုးတိုးရွတ်ဆိုမှုများပါဝင်နေပါက ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်သည်။”—ဧဖက် ၆:၁၂။

၂၁။ ယနေ့ ခရစ်ယာန်တစ်ဦးသည် မှန်ကန်သောအာရုံစူးစိုက်စရာမှ မည်သို့သွေဖည်သွားနိုင်သနည်း။

၂၁ ခရစ်ယာန်များသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်နိုင်ရန် သွက်လက်ချက်ချာကျန်းကျန်းမာမာ ရှိနေလိုကြသည်။ သို့သော် ဤစနစ်တွင် ကျွန်ုပ်တို့သည် မစုံလင်မှု၏ရလဒ်ဖြစ်သည့် အိုမင်းရင့်ရော်ခြင်းနှင့် ဖျားနာခြင်းတို့၏ သားကောင်ဖြစ်ရကြသည်။ ကျန်းမာရေးပြဿနာများကိုချည်း အသားပေးပြောဆိုမည့်အစား ကျွန်ုပ်တို့အတွက်နှင့် အခြားသူများအတွက် စစ်မှန်သောဖြေရှင်းနည်းကို အာရုံစိုက်သင့်သည်။ (၁ တိမောသေ ၄:၁၆) ကောလောသဲမြို့သားများထံ ပေါလုရေးသားသောသြဝါဒစာတွင် ခရစ်တော်သည် အဓိကအာရုံစိုက်စရာဖြစ်သကဲ့သို့ပင် ထိုဖြေရှင်းနည်းတွင် ကိုယ်တော်သည် အဓိကအာရုံစိုက်စရာဖြစ်သည်။ သို့သော် လူအချို့တို့သည် ခရစ်တော်မှနေ၍ ရောဂါအမည်ဖော်သည့်နည်းစနစ်များ၊ ကုသနည်းများ သို့မဟုတ် ဓာတ်စာများဆီသို့ ကျွန်ုပ်တို့အာရုံလွဲသွားစေနိုင်သည့် “ဖြားယောင်းသောစကား” များအားဖြင့် ရောက်လာမည်ဟု ပေါလုဖော်ပြခဲ့သည်ကို သတိရပါ။—ကောလောသဲ ၂:၂-၄။

၂၂။ ရောဂါအမည်ဖော်သည့် နည်းစနစ်များနှင့် ကုသနည်းတို့နှင့်ပတ်သက်၍ မြောက်မြားစွာသောအဆိုတို့ကို မည်သည့်မျှတသောအမြင်ဖြင့် ကျွန်ုပ်တို့ရှုမြင်ရမည်နည်း။

၂၂ ကမ္ဘာတစ်ဝန်းရှိလူများသည် ကုသနည်းအမျိုးမျိုးနှင့် ရောဂါရှာဖွေနည်းအဖုံဖုံဆိုင်ရာ ကြော်ငြာများနှင့် သက်သေအထောက်အထားများကို တရစပ်တွေ့မြင်နေကြရသည်။ ယင်းတို့မှ အချို့တို့သည် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းနှင့် အသိအမှတ်ပြုခြင်းကို ခံရကြသည်; အချို့တို့မူ အနှံ့အပြား ပြစ်တင်ဝေဖန်ခြင်း သို့မဟုတ် သံသယဖြစ်ခြင်း ခံရကြသည်။b လူတစ်ဦးစီသည် မိမိ၏ကျန်းမာရေးနှင့်ပတ်သက်၍ ဘာပြုမည်ကို ဆုံးဖြတ်ရန်မှာ မိမိ၏တာဝန်သာဖြစ်သည်။ သို့သော် ကောလောသဲ ၂:၄၊ ၈ တွင်တွေ့ရသော ပေါလု၏သြဝါဒကို လက်ခံသူများသည် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကင်းမဲ့ပြီး သက်သာမှုအတွက် လက်မှိုင်ချနေရသူများအား လမ်းလွဲစေသည့် “ဖြားယောင်းသောစကား” သို့မဟုတ် “အချည်းနှီးသောပရိယာယ်” များ၏ လှည့်စားမှုကိုမခံရရန် မိမိတို့ကိုယ်ကိုကာကွယ်ကြလိမ့်မည်။ ကုသနည်းတစ်ခုသည် မိမိအတွက်ကောင်းသည်ဟု ခရစ်ယာန်တစ်ဦးက ယုံကြည်လက်ခံစေကာမူ ယင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံစရာ ဖြစ်လာနိုင်သဖြင့် ယင်းကို အသင်းတော်ရှိ ညီအစ်ကိုညီအစ်မများအား မကြော်ငြာသင့်ချေ။ ထိုနည်းအားဖြင့် သူသည် အသင်းတော်တွင်း သင့်တင့်ညီညွတ်ခြင်း၏ အရေးကြီးမှုကို ကောင်းစွာအလေးထားကြောင်း တင်ပြနိုင်သည်။

၂၃။ ကျွန်ုပ်တို့တွင် အထူးသဖြင့် ရွှင်လန်းရသည့်အကြောင်းရင်း အဘယ်ကြောင့်ရှိသနည်း။

၂၃ ခရစ်ယာန်သင့်တင့်ညီညွတ်ခြင်းသည် စစ်မှန်သောရွှင်လန်းမှု၏ အခြေအမြစ်ဖြစ်ကြောင်း ပေါလုအသားပေးဖော်ပြခဲ့သည်။ သူ့ခေတ်က အသင်းတော်အရေအတွက်သည် ယခုခေတ်ထက် အမှန်ပင်နည်းပါသည်။ သို့သော် ကောလောသဲမြို့သားများအား သူဤသို့ရေးနိုင်ခဲ့သည်– “ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာ၍နေသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိသည်ဖြစ်၍ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုလည်းကောင်း၊ ခရစ်တော်၌ ခိုင်ခံ့စွာယုံကြည်သည်ကိုလည်းကောင်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။” (ကောလောသဲ ၂:၅; ကောလောသဲ ၃:၁၄ ကိုလည်းရှု။) ကျွန်ုပ်တို့ဝမ်းမြောက်ရသည့် အကြောင်းရင်းသည် မည်မျှကြီးမြတ်လှပါသည်တကား! ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိဘုရားသခင့်လူများ၏ ယေဘုယျအခြေအနေကို ရောင်ပြန်ဟပ်သော သင့်တင့်ညီညွတ်ခြင်း၊ အစီအစဉ်ကျနခြင်းနှင့် ယုံကြည်မှုခိုင်မြဲခြင်းတို့၏ စစ်မှန်သည့်အထောက်အထားကို ကျွန်ုပ်တို့၏ကိုယ်စီကိုယ်စီအသင်းတော်တွင် တွေ့မြင်နိုင်ကြသည်။ ထို့ကြောင့် လက်ရှိအစီအစဉ်စနစ်၏ ကျန်ရှိနေသော တိုတောင်းသည့်အချိန်ပိုင်းအတွင်း ကျွန်ုပ်တို့တစ်ဦးစီသည် “မေတ္တာဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်းလျက်နေ” ကြရန် သန္နိဋ္ဌာန်ချထားကြစို့။

[အောက်ခြေမှတ်ချက်များ]

a ဖြစ်နိုင်သည့်အရာများစွာရှိသော်လည်း သင့်အသင်းတော်တွင် သင့်တင့်ညီညွတ်မှုဖြစ်စေနိုင်ရန် ယေရှုအကြောင်း သင်ကိုယ်တိုင်သင်ယူနိုင်သည့်အချက်များကို အောက်ပါဥပမာများမှ သုံးသပ်ပါ။ မဿဲ ၁၂:၁-၈; လုကာ ၂:၅၁၊ ၅၂; ၉:၅၁-၅၅; ၁၀:၂၀; ဟေဗြဲ ၁၀:၅-၉။

b ၁၉၈၂ ခု၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၂-၄ [လိပ်]; ၁၉၈၃ ခု၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၇-၂၁ ရှု။

သင်သတိပြုမိသလော

◻ ယေဟောဝါသက်သေများအတွက် ၁၉၉၅ ခု နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း။

◻ ကောလောသဲခရစ်ယာန်များသည် မေတ္တာဖြင့် တညီတညွတ်တည်း ပေါင်းစည်းလျက်နေကြရန် အဘယ်ကြောင့်လိုအပ်သနည်း။ ယနေ့ ကျွန်ုပ်တို့လည်း အဘယ်ကြောင့်လိုအပ်သနည်း။

◻ ယနေ့ ခရစ်ယာန်များသည် ဘဝနှင့်ပတ်သက်၍ လှည့်ဖြားတတ်သောမည်သည့်အမြင်ကို အထူးသဖြင့် သတိပြုရမည်နည်း။

◻ ကျန်းမာရေးနှင့် ရောဂါအမည်ဖော်သည့်နည်းများနှင့် ပတ်သက်၍ ဖြားယောင်းသောစကားများ၏ လှည့်ဖြားခြင်းမခံရရန် အဘယ်ကြောင့် ခရစ်ယာန်များနိုးကြားနေရမည်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အနာဂတ်ဆိုင်ရာ သင့်အစီအစဉ်များသည် ယေရှုရောက်ရှိခြင်းအပေါ် ဗဟိုပြုသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ