မြင့်မြတ်သောသွန်သင်ခြင်းသည် နတ်ဆိုးတို့၏သွန်သင်ချက်များနှင့်ဆန့်ကျင်
“လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။”—၁ တိမောသေ ၄:၁။
၁။ ခရစ်ယာန်များသည် အဘယ်တိုက်ပွဲအလယ်တွင် ရောက်ရှိနေကြသနည်း။
စစ်ဒေသတွင် တစ်သက်လုံး နေထိုင်နေသည်ဟုမြင်ယောင်ကြည့်ပါ။ သေနတ်ပစ်ခတ်သံကြား အိပ်ရာဝင်၍ အမြောက်ပစ်ခတ်သံကြားရပြီး နိုးထနေရလျှင် မည်သို့နေမည်နည်း။ ဝမ်းနည်းစရာကား ကမ္ဘာ့ဒေသအချို့တွင် လူတို့သည် ဤအတိုင်း နေထိုင်ကြရသည်။ သို့သော် ဝိညာဏသဘောအရ ခရစ်ယာန်အားလုံး ဤအတိုင်းပင် အသက်ရှင်နေထိုင်ကြရသည်။ နှစ်ပေါင်း ၆,၀၀၀ ကြာမျှ ဖြစ်ပွားနေပြီး ကျွန်ုပ်တို့ခေတ်တွင် ပိုမိုပြင်းထန်လာသည့် စစ်ပွဲကြီးတစ်ပွဲအတွင်း သူတို့အသက်ရှင်နေကြပါသည်။ ဤသက်တမ်းရှည်သည့်စစ်ပွဲကား အဘယ်နည်း။ အမှန်တရားနှင့် မုသာတို့၏တိုက်ပွဲ၊ ဘုရားသခင်၏သွန်သင်ချက်နှင့် နတ်ဆိုးတို့၏သွန်သင်ချက်တို့စပ်ကြား ဖြစ်ပွားသောတိုက်ပွဲဖြစ်သည်။ ယင်းကို—ယုတ်စွအဆုံး တစ်ဖက်ခေါင်းဆောင်ဖက်မှ—လူ့သမိုင်းတွင် အရက်စက်ဆုံး၊ သေကျေပျက်စီးမှု အများဆုံးစစ်ပွဲဟု ခေါ်ဆိုခြင်းသည် ပုံကြီးချဲ့ခြင်းမဟုတ်ပါ။
၂။ (က) ပေါလုပြောသည့်အတိုင်း ဆန့်ကျင်ဘက်တိုက်ပွဲဝင်များကား အဘယ်နည်း။ (ခ) “ယုံကြည်ခြင်း” ဟုဆိုရာတွင် ပေါလုဘာကိုဆိုလိုသနည်း။
၂ ဤတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်သူနှစ်ဖက်အကြောင်း တိမောသေထံ တမန်တော်ပေါလုစာရေးစဉ် ဖော်ပြပါသည်– “ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ . . . လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” (၁ တိမောသေ ၄:၁၊ ၂) နတ်ဆိုးတို့၏သွန်သင်ချက်များသည် “နောင်ကာလ၌” အထူးသြဇာလွှမ်းမည်ဟု ဖော်ပြထားသည်ကို သတိပြုပါ။ ပေါလုခေတ်က ရှုမြင်ခဲ့သည့်အတိုင်း ထိုသို့သောအချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေကြပါသည်။ နတ်ဆိုးတို့၏သွန်သင်ချက်များနှင့်ဆန့်ကျင်ဘက်ကား “ယုံကြည်ခြင်း” ဖြစ်ကြောင်းကိုလည်း သတိပြုပါ။ ဤတွင် “ယုံကြည်ခြင်း” မည်သည် မြင့်မြတ်သောသွန်သင်ခြင်းကိုကိုယ်စားပြု၍ သမ္မာကျမ်းစာတွင်ပါသော ဘုရားသခင်၏ မြင့်မြတ်သောမှုတ်သွင်းခံနှုတ်တော်ထွက်တို့ကိုအခြေခံပါသည်။ ဤယုံကြည်ခြင်းသည် အသက်ပေးနိုင်စွမ်းရှိသည်။ ခရစ်ယာန်တစ်ဦးအား ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ရန် သွန်သင်ပေးပါသည်။ ယင်းကား ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရားတည်း။—ယောဟန် ၃:၁၆; ၆:၄၀။
၃။ (က) သမ္မာတရားနှင့် မုသာတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူများ ဘာဖြစ်သွားသနည်း။ (ခ) နတ်ဆိုးတို့၏သွန်သင်ခြင်းနောက်ဝယ်တွင် မည်သူရှိသနည်း။
၃ ယုံကြည်ခြင်းမှသွေဖည်သူ မည်သူမဆို ထာဝရအသက် ဆုံးရှုံးလိမ့်မည်။ တိုက်ပွဲတွင် သေကျေထိခိုက်သူတို့ဖြစ်ကြသည်။ နတ်ဆိုးတို့၏သွန်သင်ချက်များကို ယုံမှားမိသည့်အတွက် ခံရသည့် အဖြစ်ဆိုးပါတကား! (မဿဲ ၂၄:၂၄) သေကျေထိခိုက်သူမဖြစ်ရလေအောင် တစ်ဦးစီအနေနှင့် မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။ “နတ်ဆိုးမင်း” စာတန်မာရ်နတ်၏ ရည်ရွယ်ချက်ကိုသာ ဖြစ်မြောက်အောင်ဆောင်ရွက်ပေးသည့် ဤမုသာသွန်သင်ချက်များကို လုံးလုံးလျားလျား ငြင်းပယ်ခြင်းအားဖြင့်ဖြစ်သည်။ (မဿဲ ၁၂:၂၄) စာတန်သည် “မုသာ၏အဘ” ဖြစ်သောကြောင့် စာတန့်သွန်သင်ချက်များသည် မုသားမျှဖြစ်ကြောင်း ကြိုတင်ပြောနိုင်ပါသည်။ (ယောဟန် ၈:၄၄) ကျွန်ုပ်တို့၏ပထမမိဘများကို လှည့်ဖြားရန် ကျွမ်းကျင်စွာမုသာစကားမည်သို့သုံးခဲ့သည်ကို စဉ်းစားကြည့်ပါ။
နတ်ဆိုးတို့၏သွန်သင်ချက်များ ပေါ်လွင်ထင်ရှားခဲ့
၄၊ ၅။ အဘယ်မုသာစကားကို ဧဝအား စာတန်ပြောဆိုခဲ့သနည်း။ ယင်းသည် အဘယ်ကြောင့်အလွန်ယုတ်မာသနည်း။
၄ ကမ္ဘာဦး ၃:၁-၅ တွင်ယင်းကို မှတ်တမ်းတင်ထားပါသည်။ မြွေတစ်ကောင်ကိုသုံးကာ ဧဝထံ စာတန်ချဉ်းကပ်၍ ဤသို့မေးသည်– “သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော။” မေးခွန်းသည် အပြစ်ကင်းမဲ့ပုံပေါက်သည်။ သို့သော် တစ်ဖန်ပြန်သုံးသပ်ကြည့်ပါ။ “ဧကန်စင်စစ် . . . မိန့်တော်မူသလော” ‘အဲ့ဒီလိုမျိုး ဘုရားသခင် ဘာကြောင့်ပြောရတာလဲ’ ဟုပြောဆိုဘိသကဲ့သို့ စာတန်သည်အံဩသယောင် ဖြစ်နေသည်။
၅ ဧဝကလည်း ထိုအတိုင်းမိန့်တော်မူခဲ့ကြောင်း ရိုးရိုးသားသား ဖြေဆိုလေသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို စားကြမည်ဆိုလျှင် သေမည်ဟု အာဒံအား ဘုရားသခင်မှာကြားထားကြောင်း မြင့်မြတ်သောသွန်သင်ချက်ကို သူမသိသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) စာတန်၏မေးခွန်းသည် သူမအားစိတ်ဝင်စားစေသည်။ သို့ဖြစ်၍ သူ၏ဆိုလိုချက်ကို နားထောင်လေသည်– “မြွေကလည်း ‘သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။’” မည်မျှဆိုးယုတ်သောစကား ပါတကား! သမ္မာတရားရှင် ဘုရားသခင်၊ ချစ်ခြင်းမေတ္တာရှင် ဘုရားသခင်၊ ဖန်ဆင်းရှင် ယေဟောဝါသည် လူ့သားသမီးများကို လိမ်လည်သည်ဟု စာတန် စွပ်စွဲနေခြင်းတည်း!—ဆာလံ ၃၁:၅; ၁ ယောဟန် ၄:၁၆; ဗျာဒိတ် ၄:၁၁။
၆။ ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ပိုင်သအုပ်စိုးခွင့်ကို စာတန် မည်သို့စိန်ခေါ်ခဲ့သနည်း။
၆ ထိုထက်မက စာတန်ပြောဆိုပါသေးသည်– “အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။” စာတန့်အပြောအရ ယေဟောဝါဘုရားသခင်—ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးအတွက် ပေါများစွာပြင်ဆင်ပေးထားတော်မူရှင်—သည် တကယ်ကောင်းမွန်ရာကို သူတို့အား မရစေချင်ပါ။ ဘုရားများနှင့်တူမည့်အဖြစ်ကို ကိုယ်တော် တားဆီးထားသည်။ သို့ဖြစ်၍ ဘုရားသခင့်ကောင်းမြတ်ခြင်းကို စာတန် စိန်ခေါ်ခဲ့သည်။ ဘုရားသခင့်ပညတ်တော်ကို တမင်လျစ်လျူရှုခြင်း၊ ကိုယ်အလိုဆန္ဒကို လိုက်စားခြင်းကိုလည်း မြှောက်ထိုးပင့်ကော်ပြုပြီး၊ ဤနည်းအတိုင်း လုပ်ကိုင်ပါက အကျိုးရှိလိမ့်မည်ဟု သူပြောဆိုသည်။ အမှန်သော်ကား ဘုရားသခင်၏ ဖန်ဆင်းရာအပေါ် ကိုယ်တော့်ပိုင်သအုပ်စိုးခြင်းကို စာတန်စိန်ခေါ်နေခြင်းဖြစ်ပြီး၊ လူသားပြုလေရာအလုပ်ကို ဘုရားသခင်ကန့်သတ်ချုပ်ချယ်ခွင့်မရှိဟု ယိုးစွပ်နေခြင်းဖြစ်သည်။
၇။ နတ်ဆိုးတို့၏သွန်သင်ခြင်းများကို အဘယ်အချိန်တွင် ဦးဆုံးကြားခဲ့ရသနည်း။ ယနေ့လည်း ယင်းတို့သည် အဘယ်နည်းဖြင့် ထပ်တူဖြစ်သနည်း။
၇ စာတန်၏ ထိုစကားများကြောင့် နတ်ဆိုးတို့၏သွန်သင်ချက်များ စတင်ပေါ်ထွက်လာလေသည်။ ဤမကောင်းသောသွန်သင်ချက်များသည် ထပ်တူဘုရားတရားမဲ့ မူဝါဒများကို အားပေးအားမြှောက် ပြုနေဆဲရှိသည်။ ဧဒင်ဥယျာဉ်တွင်ကဲ့သို့ စာတန်သည် ယခု အခြားပုန်ကန်သူ နာမ်ဝိညာဉ်သားများနှင့်တွဲဖက်၍ ကျင့်ကြံပြုမူရန်စံချိန်များ ဘုရားသခင်ချမှတ်ခွင့်ရှိခြင်းကို စိန်ခေါ်အန်တုနေဆဲရှိသည်။ ယေဟောဝါ၏ ပိုင်သအုပ်စိုးခွင့်ကို စောဒကတက်နေဆဲရှိ၍ သူတို့ကောင်းကင်ခမည်းတော်၏စကားကို နားမထောင်ရန် ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေပါသည်။—၁ ယောဟန် ၃:၈၊ ၁၀။
၈။ ဧဒင်အရပ်တွင် အာဒံနှင့်ဧဝ အဘယ်အရာကို ဆုံးရှုံးခဲ့သနည်း။ သို့သော် ယေဟောဝါသည် မှန်ကန်တော်မူကြောင်း မည်သို့ထင်ရှားလာသနည်း။
၈ မြင့်မြတ်သောသွန်သင်ခြင်းနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များ တိုက်ပွဲတွင် ပထမတွေ့ဆုံရင်ဆိုင်ပွဲ၌ အာဒံနှင့်ဧဝတို့သည် အဆုံးအဖြတ်မှားယွင်းခဲ့၍ ထာဝရအသက်ရရန် မျှော်လင့်ချက်ကို လက်လွတ်ဆုံးရှုံးခဲ့ပါသည်။ (ကမ္ဘာဦး ၃:၁၉) အချိန်ကုန်လွန်လာသည်နှင့်အမျှသူတို့၏ခန္ဓာကိုယ် စတင်ပျက်စီးသွားသည့်အခါ ဧဒင်အရပ်တွင် မည်သူမုသာသုံးခဲ့ကြောင်း၊ မည်သူ အမှန်အတိုင်း ပြောဆိုခဲ့ကြောင်း သူတို့ကောင်းစွာ သိရှိလာကြပါသည်။ သို့ရာတွင် ကာယရေးအရ သူတို့မကွယ်လွန်မီ ရာစုနှစ်များစွာကတည်းက အသက်ပင်ရင်း သူတို့၏ဖန်ဆင်းရှင်သည် အသက်နှင့်မထိုက်တန်ကြောင်း စီရင်ခံရချိန်တွင် သမ္မာတရားနှင့် မုသာစစ်ပွဲ၌ သူတို့သည် ပထမဦးဆုံး ထိခိုက်သေကျေသူများ ဖြစ်ခဲ့ကြသည်။ ဝိညာဏသဘောတရားအရ သူတို့သေသွားသည့်အချိန်တွင် ထိုသို့ဖြစ်ခဲ့ကြပါသည်။—ဆာလံ ၃၆:၉; ဧဖက် ၂:၁ နှိုင်းယှဉ်။
ယနေ့ နတ်ဆိုးတို့၏သွန်သင်ချက်များ
၉။ နှစ်ရာစုတစ်လျှောက် နတ်ဆိုးတို့၏သွန်သင်ခြင်းသည် မည်မျှထိရောက်ခဲ့ပြီနည်း။
၉ ဗျာဒိတ်ကျမ်းတွင် တမန်တော်ယောဟန်သည် မှုတ်သွင်းခြင်းအားဖြင့် မှတ်တမ်းတင်ထားသည့်အတိုင်း ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သော ‘သခင့်နေ့ရက်’ သို့ချီဆောင်ခံခဲ့ရသည်။ (ဗျာဒိတ် ၁:၁၀) ထိုအချိန်က စာတန်နှင့် သူ၏နတ်ဆိုးတို့သည် ကောင်းကင်မှ မြေကြီးဝန်းကျင်အရပ်သို့ နှင်ချခံခဲ့ရသည်—ယင်းသည် ကြီးမြတ်တော်မူသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ဆန့်ကျင်သူအတွက် ကြီးမားသောဟန့်တားမှုတစ်ရပ်ဖြစ်ခဲ့သည်။ ကောင်းကင်တွင် ယေဟောဝါ၏ကျေးကျွန်များကို တစ်ချိန်လုံး ပြစ်တင်ပြောဆိုနေသည့် သူ၏အသံကို မကြားရကြတော့ချေ။ (ဗျာဒိတ် ၁၂:၁၀) သို့သော် ဧဒင်ခေတ်နောက်ပိုင်း ကမ္ဘာပေါ်တွင် နတ်ဆိုးတို့၏သွန်သင်ချက်များသည် မည်မျှပြန့်ပွား တိုးတက်နေပါသနည်း။ ဤသို့မှတ်တမ်းတင်ထားသည်– “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို . . . မြေကြီးသို့ ချလိုက်ကြ၏။” (ဗျာဒိတ် ၁၂:၉) လောကတစ်နိုင်ငံလုံး စာတန့်မုသာဖြင့်လှည့်စားခံရပါသည်တကား! ယင်းကြောင့် စာတန်အား “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ထားခြင်းသည် အံ့ဩစရာမဟုတ်ပါတကား!—ယောဟန် ၁၂:၃၁; ၁၆:၁၁။
၁၀၊ ၁၁။ စာတန်နှင့်သူ၏နတ်ဆိုးတို့သည် အဘယ်နည်းမျိုးစုံဖြင့် လှုပ်ရှားနေကြပါသနည်း။
၁၀ ကောင်းကင်မှ နှင်ထုတ်ခံရပြီးနောက် စာတန်သည် လက်မြှောက်အရှုံးပေးပါသလော။ လုံးဝအလျှော့မပေးပါ! မြင့်မြတ်သောသွန်သင်ခြင်းကိုလည်းကောင်း၊ ယင်းကို မှီဝဲကျင့်သုံးသူများကိုလည်းကောင်း ဆက်တိုက်ခိုက်ရန်သာ ဆုံးဖြတ်ထားသည်။ ကောင်းကင်မှ နှင်ချခံရပြီးနောက် တိုက်ပွဲကို စာတန် ဆက်ဆင်နွှဲသည်– “နဂါး [စာတန်] သည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။”—ဗျာဒိတ် ၁၂:၁၇။
၁၁ ဘုရားသခင့်ကျေးကျွန်များကို တိုက်ခိုက်သည့်အပြင် စာတန်သည် လူသားများကို ကြိုးစားချုပ်ကိုင်ထားနိုင်ရန် လောကကို သူ၏ဝါဒဖြန့်မှုများဖြင့်ပြည့်လျှံစေသည်။ သခင့်နေ့ရက်ဆိုင်ရာ သူ၏ဗျာဒိတ်ရူပါရုံများအနက် တစ်ခုတွင် တမန်တော်ယောဟန်သည် သားရဲသုံးကောင်ကို တွေ့မြင်ခဲ့ပြီး ယင်းတို့သည် စာတန်၊ သူ၏မြေကြီးဆိုင်ရာ နိုင်ငံရေးအဖွဲ့နှင့် ကျွန်ုပ်တို့ခေတ်တွင် လွှမ်းမိုးသော ကမ္ဘာ့အာဏာစက်ကိုပုံဆောင် သည်။ ဤသုံးပါး၏နှုတ်မှ ဖားကောင်များ ထွက်လာပါသည်။ ယင်းတို့က ဘာကိုပုံဆောင်ပါသနည်း။ ယောဟန် ဤသို့ရေးသား၏– “နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ထွက်၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။” (ဗျာဒိတ် ၁၆:၁၄) နတ်ဆိုးတို့၏သွန်သင်ချက်များသည် များစွာတက်ကြွရှင်သန်နေကြောင်း ထင်ရှားပါသည်။ စာတန်နှင့် သူ၏နတ်ဆိုးတို့သည် မြင့်မြတ်သောသွန်သင်ခြင်းကို တိုက်ခိုက်နေဆဲရှိပြီး မေရှိယဘုရင်ယေရှုခရစ်သည် သူတို့ကို အစွမ်းတန်ခိုးဖြင့် နှိမ်နင်းသည်အထိ ထိုသို့ ဆက်ပြုနေကြဦးမည်။—ဗျာဒိတ် ၂၀:၂။
နတ်ဆိုးတို့၏သွန်သင်ချက်များကို ခွဲခြားသိမြင်ခြင်း
၁၂။ (က) နတ်ဆိုးတို့၏သွန်သင်ခြင်းကို အဘယ်ကြောင့်တွန်းလှန်နိုင်သနည်း။ (ခ) ဘုရားသခင့်ကျေးကျွန်များနှင့်စပ်လျဉ်း၍ မိမိအကြံအောင်မြင်ရန် စာတန်မည်သို့ကြိုးစားသနည်း။
၁၂ ဘုရားကိုကြောက်ရွံ့သူများသည် နတ်ဆိုးတို့၏သွန်သင်ချက်များကို တွန်းလှန်နိုင်မည်လော။ အကြောင်းနှစ်ကြောင်းကြောင့် သူတို့ အမှန်တကယ် တွန်းလှန်နိုင်ကြ၏။ ဦးဆုံး မြင့်မြတ်သောသွန်သင်ခြင်းသည် ပိုမိုတန်ခိုးရှိသောကြောင့်နှင့်; ဒုတိယ၊ ယင်းတို့ကိုငြင်းပယ်နိုင်ရန် စာတန့်နည်းပရိယာယ်များကို ယေဟောဝါ ဖော်ထုတ်ထားတော်မူသောကြောင့်တည်း။ တမန်တော်ပေါလုပြောသည့်အတိုင်းပင် “သူ၏အကြံအစည်များကို ငါတို့သိကြ၏။” (၂ ကောရိန္သု ၂:၁၁) စာတန်သည် မိမိအကြံအောင်မြင်ရန် ညှဉ်းပန်းနှိပ်စက်ခြင်းကို နည်းတစ်နည်းအဖြစ် အသုံးပြုကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (၂ တိမောသေ ၃:၁၂) သို့သော် ထိုထက်ပါးနပ်စွာ ဘုရားသခင့်အမှုဆောင်သူတို့၏စိတ်နှလုံးကို ဩဇာလွှမ်းမိုးရန် သူကြိုးစားပါသည်။ ဧဝကို သူလှည့်ဖြားပြီး သူမနှလုံးထဲ မှားယွင်းသောစိတ်ဆန္ဒများ ထည့်သွင်းပေးခဲ့သည်။ ယနေ့လည်း ထပ်တူနည်းကို ကြိုးစားအသုံးပြုပါသည်။ ကောရိန္သုမြို့သားတို့ထံ ပေါလု ဤသို့ရေးသည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကို လှည့်စားသကဲ့သို့ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။” (၂ ကောရိန္သု ၁၁:၃) လူအများစု၏ အတွေးအခေါ်ကို သူမည်သို့ ဖောက်ပြန်ပျက်စီးစေခဲ့ကြောင်းကို စဉ်းစားကြည့်ပါ။
၁၃။ ဧဒင်အချိန်ကတည်းက လူသားအား အဘယ်မုသားစကားများကို စာတန်ပြောဆိုခဲ့ပြီနည်း။
၁၃ ယေဟောဝါသည် မုသားသုံးကြောင်း၊ မိမိတို့၏ဖန်ဆင်းရှင်စကားကို နားမထောင်လျှင် လူတို့သည် ဘုရားများနှင့်တူနိုင်မည်ဖြစ်ကြောင်း စာတန် စွပ်စွဲပြောဆိုခဲ့သည်။ ယနေ့ လူသား၏ အပြစ်တရားရှိအဖြစ်က ယေဟောဝါမဟုတ် စာတန်သာ မုသားသုံးကြောင်း သက်သေထင်ရှားစေပြီ။ ယနေ့လူသားတို့သည် ဘုရားများမဟုတ်ကြပါတကား! မည်သို့ဆိုစေကာမူ ထိုပထမမုသားပြောပြီးနောက် အခြားမုသားများကို စာတန်ထပ်ဆင့်ပြောဆိုပါသည်။ လူ၌ မွေးရာပါ မသေနိုင်သောစိုးလ်ရှိသည်ဟု စတင်အကြံပြုခဲ့သည်။ သို့ဖြင့် လူသားများသည် အခြားနည်းတစ်နည်းဖြင့် ဘုရားများဖြစ်နိုင်ကြောင်း သွေးဆောင်ပြောဆိုပါသည်။ ထိုနောက် ယင်းဗာဗုလုန်အယူဝါဒကိုအခြေပြု၍ မီးငရဲ၊ ငရဲကလေး၊ နတ်ဝိဇ္ဇာအတတ်ပညာနှင့် ဘိုးဘွားကိုးကွယ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဤမုသားစကားများ၌ ကျော့မိနေသူ သန်းရာနှင့်ချီ၍ ရှိပါသည်။—တရားဟောရာ ၁၈:၉-၁၃။
၁၄၊ ၁၅။ အနာဂတ်အတွက် သေခြင်းနှင့် လူ့မျှော်လင့်ချက်ဆိုင်ရာ သမ္မာတရားကား အဘယ်နည်း။
၁၄ အမှန်တကယ်ပင် အာဒံအား ယေဟောဝါမှန်ကန်စွာ မိန့်တော်မူခဲ့သည်။ ဘုရားသခင်ကိုပြစ်မှားသောအခါ အာဒံတကယ်သေသည်။ (ကမ္ဘာဦး ၅:၅) အာဒံနှင့်သူ၏သားသမီးများ သေဆုံးကြသောအခါ သူတို့သည် သေသောစိုးလ်များ၊ ဘာကိုမျှမသိရှိ၍ မလှုပ်ရှားနိုင်တော့ဘဲ ဖြစ်ကြပါသည်။ (ကမ္ဘာဦး ၂:၇; ဒေသနာ ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) အာဒံမှ အပြစ်ကိုအမွေခံခဲ့ရသည့်အတွက် လူသားစိုးလ်အပေါင်း သေကြရသည်။ (ရောမ ၅:၁၂) သို့ရာတွင် မာရ်နတ်၏လုပ်ရပ်ကို ချေဖျက်မည့်မျိုးနွယ်တော် ရောက်ရှိလာမည်ဟု ဧဒင်အရပ်၌ ယေဟောဝါ ကတိပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ထိုမျိုးနွယ်တော်သည် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ယေရှုသည် အပြစ်မရှိသေဆုံးခဲ့ပြီး ကိုယ်တော်ပူဇော်သောအသက်သည် သေမျိုးအဖြစ်မှ လူသားတို့အတွက် ရွေးနှုတ်ဖိုးဖြစ်လာလေသည်။ ယေရှုကိုယုံကြည်ကြောင်း နာခံမှုရှိရှိ ဖော်ပြသူများသည် အာဒံဆုံးရှုံးခဲ့သော ထာဝရအသက်ကို ရနိုင်ခွင့်ရှိသည်။—ယောဟန် ၃:၃၆; ရောမ ၆:၂၃; ၁ တိမောသေ ၂:၅၊ ၆။
၁၅ လူသေသွားသည့်အခါ စိုးလ်မသေဟူသော မရေမရာသည့်အယူအဆမဟုတ်ဘဲ ရွေးနှုတ်ဖိုးသာလျှင် လူသားအတွက် စစ်မှန်သောမျှော်လင့်ချက်ဖြစ်သည်။ ယင်းကား မြင့်မြတ်သောသွန်သင်ခြင်းဖြစ်သည်။ သမ္မာတရားဖြစ်သတည်း။ ယင်းသည် ယေဟောဝါ၏မေတ္တာတော်နှင့် ဉာဏ်ပညာတော်ကိုလည်း အံ့ဖွယ်နည်းဖြင့် ထင်ရှားစေသည်။ (ယောဟန် ၃:၁၆) ဤသမ္မာတရားကို သိကျွမ်းထားသည့်အတွက် နတ်ဆိုးတို့၏သွန်သင်ခြင်းများမှ လွှတ်ခြင်းခံခဲ့ရသဖြင့် ကျေးဇူးတော် မည်မျှချီးမွမ်းသင့်သည်တကား!—ယောဟန် ၈:၃၂။
၁၆။ မိမိတို့၏ကိုယ်ပိုင်ဉာဏ်နောက်လိုက်ကြသည့်အခါ ရေရှည်အကျိုးရလဒ်များကား အဘယ်နည်း။
၁၆ ဧဒင်ဥယျာဉ်တွင် မုသာစကားများအားဖြင့် အာဒံနှင့်ဧဝအား ဘုရားသခင်ကို အမှီအခိုမပြုရန်၊ ကိုယ့်ဉာဏ်ကို ကိုးစားရန် စာတန်အားပေးအားမြှောက်ပြုခဲ့သည်။ ယနေ့တွင် ယင်း၏ရေရှည်အကျိုးရလဒ်များကို ယနေ့ ကမ္ဘာရှိ ရာဇဝတ်မှုများ၊ စီးပွားရေးကျပ်တည်းမှုများ၊ စစ်ပွဲများ၊ အကြီးအကျယ် မညီမျှမှုများ၌တွေ့မြင်ရသည်။ သမ္မာကျမ်းစာ ဤသို့ဆိုခြင်းသည်အံဩစရာမဟုတ်ပါ– “လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏”! (၁ ကောရိန္သု ၃:၁၉) သို့ဖြစ်၍ပင် ယေဟောဝါ၏သွန်သင်ခြင်းကို ခံယူမည့်အစား ဒုက္ခဆင်းရဲခံရန် လူအများ မိုက်မဲစွာ ရွေးချယ်ကြသည်။ (ဆာလံ ၁၄:၁-၃; ၁၀၇:၁၇) မြင့်မြတ်သောသွန်သင်ခြင်းကို လက်ခံယူထားသော ခရစ်ယာန်များမူကား ထိုကျော့ကွင်းကို ရှောင်ကြဉ်ကြပါသည်။
၁၇။ “သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော” အဘယ်သိပ္ပံအတတ်ကို စာတန် အားပေးအားမြှောက်ပြုခဲ့ပြီနည်း။ ယင်း၏ အကျိုးဆက်များကား အဘယ်နည်း။
၁၇ တိမောသေအား ပေါလု ဤသို့စာရေးပါသည်– “အိုတိမောသေ၊ သင်၌အပ်ထားသောအရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကိုလည်းကောင်း၊ ‘သိပ္ပံအတတ်’ ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။” (၁ တိမောသေ ၆:၂၀၊ ၂၁) ထို “သိပ္ပံအတတ်” သည် နတ်ဆိုးတို့၏သွန်သင်ခြင်းများကိုလည်း ကိုယ်စားပြုသည်။ ပေါလုခေတ်ရှိ အသင်းတော်အချို့တွင် အားပေးအားမြှောက်ပြုသော ယုံကြည်ခြင်းဖောက်ပြန်သည့် အယူအဆများလည်း ထိုတွင်ပါဝင်မည်။ (၂ တိမောသေ ၂:၁၆-၁၈) နောင်တွင် သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သည့် အသိပညာပဓာနဝါဒနှင့် ဂရိအတွေးအခေါ်များကဲ့သို့သော ပညာရှင်များကြောင့် အသင်းတော်ပျက်စီးယိုယွင်းခဲ့သည်။ မျက်မှောက်ခေတ်တွင် ယုံကြည်ခြင်းဖောက်ပြန်သူများ အားပေးအားမြှောက်ပြုသည့် ကျမ်းစာနှင့်ဆန့်ကျင်သော အယူအဆများနည်းတူပင် ဘုရားမဲ့ဝါဒ၊ မသိဝါဒ၊ ဆင့်ကဲဆိုင်ရာ သီအိုရီများနှင့် သမ္မာကျမ်းကို အပြင်းအထန် ဝေဖန်ပြစ်တင်ခြင်းတို့သည် အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆိုင်ရာ ဥပမာများဖြစ်သည်။ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သည့်ပညာ၏အကျိုးဆက်တို့ကို စာတန့်အစီအစဉ်စနစ်တွင် အနှံ့အပြားတွေ့ရှိနေရသည့် စာရိတ္တယိုယွင်းမှု၊ အခွင့်အာဏာကို မလေးစားခြင်း၊ မရိုးသားမှုနှင့် အတ္တသဘောက ထင်ရှားစွာ ဖော်ပြနေပါသည်။
မြင့်မြတ်သောသွန်သင်ခြင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်း
၁၈။ ယနေ့ မြင့်မြတ်သောသွန်သင်ခြင်းကို မည်သူတို့ ရှာယူကြသနည်း။
၁၈ ဧဒင်ခေတ်ကတည်းက နတ်ဆိုးတို့၏သွန်သင်ခြင်းနှင့် တစ်ကမ္ဘာလုံးကို စာတန်သြဇာလွှမ်းမိုးထားသော်လည်း မြင့်မြတ်သောသွန်သင်ခြင်းကို စူးစမ်းရှာဖွေသူအချို့ အမြဲရှိခဲ့သည်။ ယနေ့ ထိုကဲ့သို့သောသူများသန်းချီ၍ရှိသည်။ ဤအရေအတွက်တွင် ကောင်းကင်နိုင်ငံတော်၌ ယေရှုနှင့်အတူ တွဲဖက်အုပ်ချုပ်ရန် မျှော်လင့်ချက်ရှိ ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်နှင့် ထိုဘုရားသခင့်နိုင်ငံတော်၏ပိုင်နက်ဖြစ်သော မြေကြီးကိုအမွေခံရန် မျှော်လင့်ကြသည့် “အခြားသိုးစု” အဝင် တိုး၍တိုး၍ ကြီးမားလာသော လူအုပ်ကြီးပါ ပါဝင်သည်။ (မဿဲ ၂၅:၃၄; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၃၊ ၉) ယနေ့ ဤသူများသည် ကမ္ဘာချီအဖွဲ့အစည်းတစ်ခုတွင် စုစည်းခံရပြီး ဟေရှာယ၏စကားများသည် သူတို့အားရည်ညွှန်းသည်– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။”—ဟေရှာယ ၅၄:၁၃။
၁၉။ ယေဟောဝါ၏သွန်သင်မှုခံရခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၉ ယေဟောဝါ၏ ဆုံးမသွန်သင်ခြင်းကို ခံရသည်ဟုဆိုရာတွင် စစ်မှန်သောအယူဝါဒကို သိကျွမ်းခြင်းသည်—အရေးကြီးသည်မှန်သော်လည်း ထိုထက်မကအဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့ မည်သို့အသက်ရှင်နေထိုင်ရမည်၊ ကျွန်ုပ်တို့ကိုယ်တိုင်အသက်တာတွင် မြင့်မြတ်သောသွန်သင်ခြင်းကို မည်သို့ကျင့်သုံးရမည်အကြောင်း ယေဟောဝါ ဆုံးမသွန်သင်ပေးတော်မူသည်။ ဥပမာ၊ ကျွန်ုပ်တို့ဝန်းကျင်တွင် အနှံ့အပြားရှိသည့် အတ္တသဘော၊ စာရိတ္တယိုယွင်းမှုနှင့် အမှီအခိုကင်းသည့်စိတ်ဓာတ်ကို ကျွန်ုပ်တို့ငြင်းဆန်ကြသည်။ လောကစည်းစိမ်နောက် ကောက်ကောက်ပါအောင်လိုက်ခြင်းသည်—သေစေတတ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြပါသည်။ (ယာကုပ် ၅:၁-၃) တမန်တော်ယောဟန်၏စကားများတွင်ပါသည့် မြင့်မြတ်သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘယ်တော့မျှမမေ့ပါ– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။”—၁ ယောဟန် ၂:၁၅။
၂၀၊ ၂၁။ (က) လူတို့အား မျက်စိကန်းစေရန် စာတန်ကြိုးစားပြုလုပ်ရာတွင် အဘယ်အရာများကို သူအသုံးပြုသနည်း။ (ခ) မြင့်မြတ်သောသွန်သင်ခြင်းကို ဆုပ်ကိုင်ထားသူများထံ အဘယ်ကောင်းချီးများ သက်ရောက်သနည်း။
၂၀ နတ်ဆိုးတို့၏သွန်သင်ခြင်းကိုလက်ခံသူများအား မည်သို့ဖြစ်စေကြောင်း ကောရိန္သုအသင်းသားထံ ပေါလုရေးသောစကားက ထင်ရှားစေသည်– “မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။” (၂ ကောရိန္သု ၄:၄) ဤနည်းဖြင့် စာတန်သည် ခရစ်ယာန်စစ်များအား မျက်စိကန်းစေလိုသည်။ ဧဒင်အရပ်တွင် ဘုရားသခင့်ကျေးကျွန်တစ်ဦးကို လှည့်ဖြားခြင်းငှာ မြွေကို သူအသုံးပြုခဲ့ပါသည်။ ယနေ့ အကြမ်းဖက်၊ သို့မဟုတ် စာရိတ္တယိုယွင်းသော ရုပ်ရှင်နှင့်တယ်လီဗေးရှင်းအစီအစဉ်များကို သူအသုံးပြုနေပါသည်။ ရေဒီယို၊ စာပေစာတမ်းနှင့် တေးသီချင်းကိုပင် ခြယ်လှယ်နေပါသည်။ သူအသုံးပြုသည့် တန်ခိုးကြီးလက်နက်တစ်ခုကား မကောင်းသောအပေါင်းအသင်းဖြစ်သည်။ (သု. ၄:၁၄; ၂၈:၇; ၂၉:၃) ထိုကဲ့သို့သောအရာများသည်—နတ်ဆိုးတို့၏ ပရိယာယ်များ၊ သွန်သင်ခြင်းများဖြစ်သည်ကို အမြဲအသိအမှတ်ပြုပါ။
၂၁ ဧဒင်အရပ်တွင် စာတန်ပြောသောစကားများသည် မုသားဖြစ်သည်; ယေဟောဝါ၏စကားများမူ မှန်ကန်ကြောင်း ထင်ရှားလာသည်ကို သတိရပါ။ ထိုအစောပိုင်းအချိန်ကတည်းက ဤအတိုင်းပင် ဖြစ်မြဲဖြစ်ပျက်ခဲ့ပြီ။ စာတန်သည် မုသားသုံးသူဖြစ်၍ မြင့်မြတ်သောသွန်သင်ခြင်းမူကား မှန်ကန်ကြောင်း အမြဲထင်ရှားခဲ့ပြီ။ (ရောမ ၃:၄) သမ္မာတရားနှင့် မုသားစကား တိုက်ပွဲတွင် ကျွန်ုပ်တို့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆုပ်ကိုင်ထားကြမည်ဆိုလျှင် အနိုင်ရသည့်ဘက်၌ အမြဲတည်ရှိနေပါလိမ့်မည်။ (၂ ကောရိန္သု ၁၀:၄၊ ၅) ယင်းကြောင့် နတ်ဆိုးတို့၏သွန်သင်ခြင်းရှိရှိသမျှကို ငြင်းပယ်ကြရန် စိတ်ဆုံးဖြတ်ကြစို့လေ။ ဤနည်းဖြင့် သမ္မာတရားနှင့် မုသာစစ်ပွဲ ငြိမ်းသည့်အချိန်အထိ ကျွန်ုပ်တို့ရပ်တည်နိုင်ပါလိမ့်မည်။ ထိုအခါ သမ္မာတရားသည် အောင်ပွဲခံလိမ့်မည်။ စာတန် ရှိတော့မည်မဟုတ်။ ထို့ပြင် မြင့်မြတ်သောသွန်သင်ခြင်းကိုသာ ကြားသိကြရတော့မည်။—ဟေရှာယ ၁၁:၉။
သင်ရှင်းပြနိုင်သလော
◻ နတ်ဆိုးတို့၏သွန်သင်ခြင်းကို အဘယ်အချိန်တွင် ဦးဆုံးကြားခဲ့ရသနည်း။
◻ စာတန်နှင့် သူ၏နတ်ဆိုးတို့ အားပေးအားမြှောက်ပြုခဲ့သော မုသားစကားအချို့ကား အဘယ်နည်း။
◻ အဘယ်နည်းမျိုးစုံဖြင့် ယနေ့ စာတန်အလွန်အမင်း လှုပ်ရှားနေပါသနည်း။
◻ နတ်ဆိုးတို့၏သွန်သင်ခြင်းများ တိုးပွားရန် စာတန် ဘာကိုအသုံးပြုသနည်း။
◻ မြင့်မြတ်သောသွန်သင်ခြင်းကို ဆုပ်ကိုင်ထားသူများသည် အဘယ်ကောင်းချီးများကို ခံစားရသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နတ်ဆိုးတို့၏သွန်သင်ခြင်းကို ဧဒင်ဥယျာဉ်တွင် ဦးဆုံးကြားခဲ့ရ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရွေးနုတ်ဖိုးနှင့် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ မြင့်မြတ်သော သွန်သင်ခြင်းသည် လူသား၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်