ဆင်းရဲလင့်ကစား ကြွယ်ဝ—မည်သို့ဖြစ်နိုင်သနည်း
ရာစုနှစ်များစွာက ပညာရှိပုဂ္ဂိုလ်တစ်ဦးသည် မိမိမဆင်းရဲဖို့ရန် ဆုတောင်းခဲ့သည်။ အဘယ့်ကြောင့် ထိုသို့တောင်းဆိုရသနည်း။ အကြောင်းမှာ ဆင်းရဲခြင်းက ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးကို ဘေးဖြစ်စေနိုင်သည့်သဘောထားနှင့် အပြုအမူများပေါ်ကောင်းပေါ်စေမည်ကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။ “အသက်မွေးလောက်သောအစာကိုသာပေးတော်မူပါ . . . သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏” ဟူသော သူ၏စကားများက ယင်းကိုထင်ရှားစေသည်။ —သု. ၃၀:၈၊ ၉။
ယင်က ဆင်းရဲသောသူတစ်ဦးသည် ဘုရားသခင်ကိုသစ္စာရှိစွာ ဝတ်ပြုခြင်းငှာမတတ်နိုင်ဟု ဆိုလိုနေခြင်းလော။ လုံးဝမဟုတ်ပါ! သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော ယေဟောဝါဘုရားသခင်၏ကျေးကျွန်များသည် ဆင်းရဲကျပ်တည်းမှုများကို တွေ့ကြုံရသော်လည်း ကိုယ်တော်အားဆက်၍ သမာဓိစောင့်သိခဲ့ကြသည်။ အပြန်အလှန်အနေနှင့် မိမိအား ယုံကြည်ကိုးစားသူများကို ယေဟောဝါချစ်တော်မူ၍ သူတို့ကိုထောက်ပံ့တော်မူ၏။
ရှေးခေတ်မှ သစ္စာရှိသူများ
တမန်တော်ပေါလုကိုယ်တိုင်ပင် ချို့ငဲ့သည့်အချိန်များရှိခဲ့သည်။ (၂ ကောရိန္သု ၆:၃၊ ၄) အချို့တို့သည် “ဆင်းရဲနွမ်းပါးလျက် . . . သိုးရေ၊ ဆိတ်ရေတို့ကိုဝတ်၍ . . . လိုဏ်ဂူများနှင့် မြေတွင်းများတွင် နေထိုင်ကြလျက် သဲကန္တာရများနှင့် တောင်ပေါ်ဒေသများသို့ လှည့်လည်သွားလာကြ” သောခရစ်ယာန်ခေတ်မတိုင်မီက ‘များစွာသော’ သစ္စာရှိသက်သေများအကြောင်းကိုလည်း သူဖော်ပြခဲ့သည်။—ဟေဗြဲ ၁၁:၃၇၊ ၃၈၊ သတင်းကောင်း; ၁၂:၁။
ထိုသစ္စာရှိသူတို့ထဲမှတစ်ဦးမှာ ပရောဖက်ဧလိယဖြစ်သည်။ သုံးနှစ်ခွဲမိုးခေါင်ရေရှားဖြစ်စဉ်အတွင်း ယေဟောဝါသည် သူ့အတွက်အစားအစာကို မှန်မှန်ပေးတော်မူခဲ့သည်။ အစပိုင်းတွင် ဘုရားသခင်သည် ပရောဖက်ထံသို့ ပေါင်မုန့်နှင့်အသားယူသွားပေးရန် ကျီးအများကို စေလွှတ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၂-၆) နောက်ပိုင်းတွင် ယေဟောဝါသည် ဧလိယအတွက် အစားအစာပြင်ဆင်ပေးသူ မုဆိုးမတစ်ဦး၏ရိက္ခာဂျုံမှုန့်နှင့် ဆီကိုအံ့ဖွယ်နည်းဖြင့် ထောက်မပေးတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၈-၁၆) အစားအစာမှာ ဖွယ်ဖွယ်ရာရာမဟုတ်သော်လည်း ပရောဖက်၊ အမျိုးသမီးနှင့် သူမ၏သားကို ဆက်အသက်ရှင်စေခဲ့သည်။
ယေဟောဝါသည် စီးပွားရေးကျပ်တည်းချိန်အတွင်း သစ္စာရှိပရောဖက်ယေရမိကို အလားတူထောက်ပံ့တော်မူခဲ့သည်။ လူတို့သည် “မုန့်ကိုချိန်လျက် စိုးရိမ်သောစိတ်နှင့်စား” ခဲ့ရသည့် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုးတို့သိမ်းပိုက်ချိန်တွင် ယေရမိလွတ်မြောက်ခဲ့သည်။ (ယေဇကျေလ ၄:၁၆) နောက်ဆုံး၌ မြို့ထဲတွင်အစာရှားပါးလွန်းသည့်အတွက် အမျိုးသမီးအချို့ မိမိတို့ရင်သွေးလေးများ၏ အသားကိုစားခဲ့ကြသည့်အထိဖြစ်သည်။ (မြည်တမ်းစကား ၂:၂၀) ပရောဖက်ယေရမိသည် ရဲရင့်စွာဟောပြောခြင်းကြောင့် အချုပ်အနှောင်ခံနေရလျက်ပင် ယေဟောဝါသည် “မြို့တွင်မုန့်မကုန်မီတိုင်အောင်” သူ့ကိုနေ့စဉ် “မုန့်တစ်လုံး” ပေးရန် အသေအချာစီစဉ်ပေးခဲ့သည်။—ယေရမိ ၃၇:၂၁။
ထို့ကြောင့် ယေရမိသည် ဧလိယကဲ့သို့ပင် စားစရာအနည်းငယ်သာရှိသည်။ ယေရုရှလင်မြို့၌ စားစရာကုန်သွားပြီးသည့်နောက် ယေရမိသည် မည်သည့်အရာကိုစားသုံးသည်၊ အကြိမ်မည်မျှစားသုံးသည်ကို ကျမ်းစာမဖော်ပြပါ။ သို့သော်လည်း ယေဟောဝါသည် သူ့ကိုထောက်မပေးခဲ့ရာ ထိုငတ်မွတ်ဘေးကြီးကို သူကပ်ကျော်ခဲ့ကြောင်း ကျွန်ုပ်တို့သိရသည်။
ယနေ့ ဆင်းရဲနွမ်းပါးမှုသည် ကမ္ဘာ့ဒေသတိုင်း၌ ဖြစ်ပေါ်နေသည်။ ယူအဲန်၏အဆိုအရ ဆင်းရဲတွင်းအနက်ဆုံးမှာ အာဖရိကနိုင်ငံဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ယူအဲန်မှထုတ်ပြန်သည့်သတင်းတစ်ပုဒ်က “အနည်းဆုံး အာဖရိကန်တစ်ဝက်ခန့်မှာ ချွတ်ခြုံကျနေသည်” ဟုဆိုသည်။ စီးပွားရေးကျပ်တည်းမှုများ တိုးများလာသည့်ကြားမှ တိုးများလာသော အာဖရိကန်တို့သည် ကျမ်းစာမူများကို သူတို့၏ဘဝတွင်လက်တွေ့ကျင့်သုံး၍ ဘုရားသခင်ထောက်မပေးတော်မူမည်ကို စိတ်ချယုံကြည်လျက် ကိုယ်တော်အားသစ္စာရှိစွာ ဝတ်ပြုနေကြသည်။ ဒုက္ခဆင်းရဲခြင်းမြားမြောင်သည့် ကမ္ဘာ့ဒေသတစ်ခုမှ ဥပမာများကိုကြည့်ကြပါစို့။
ရိုးသားမှုကိုထိန်းသိမ်းခြင်း
နိုင်ဂျီးရီးယားနိုင်ငံ၌နေထိုင်သည့် မစ်ကယ်လ်aသည် ကလေးခြောက်ယောက်ကို ထောက်ပံ့ရသော လယ်သမားတစ်ဦးဖြစ်သည်။ သူဤသို့ပြောပြသည်– “မိသားစုကိုကြည့်ရှုစောင့်ရှောက်ဖို့ ငွေမရှိတဲ့အခါမှာ ရိုးသားဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ မရိုးသားတာလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ‘ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ’ ဆိုတဲ့ ဧဖက် ၄:၂၈ နဲ့ ကိုယ့်ကိုကိုယ်သတိပေးတယ်။ ဒါကြောင့် ကျွန်တော်သွေးဆောင်ခံရတဲ့အခါ ‘ဒီငွေအတွက် ငါအလုပ်လုပ်ခဲ့ပြီးပြီလား’ ဆိုပြီး ကိုယ့်ကိုကိုယ်မေးပါတယ်။”
“ဥပမာအနေနဲ့၊ တစ်နေ့ကျွန်တော်လမ်းလျှောက်နေတုန်း မော်တော်ဆိုင်ကယ်နောက်က အိတ်တစ်လုံးပြုတ်ကျတာကို တွေ့ခဲ့ရတယ်။ ဆိုင်ကယ်စီးသူကို မတားလိုက်နိုင်ဘူး၊ ဒါကြောင့် အိတ်ကိုကောက်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ ပိုက်ဆံအပြည့်ပါပဲ! အိတ်ထဲမှာပါတဲ့ အထောက်အထားကိုကြည့်ပြီး ပိုင်ရှင်ရှာတွေ့ပြီးနောက် အိတ်ကိုပိုင်ရှင်ထံ ပြန်အပ်ခဲ့ပါတယ်” ဟုသူဆက်ပြောသည်။
စိတ်ကျဝေဒနာကို တိုက်လှန်ခြင်း
မြောက်အာဖရိကမှလူတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ဆင်းရဲနွမ်းပါးသည့်အခြေအနေဟူသည် တွင်းနက်ထဲကျသွားသည့် လူတစ်ယောက် [နှယ်] အလင်းမြင်ရ၊ လွတ်လွတ်လပ်လပ်ပတ်လျှောက်နေသူများကို မြင်ရပါလျက်နှင့် အော်ဟစ်အကူအညီတောင်းရန်အသံမထွက်၊ ကုပ်တက်ဖို့လှေကားမရှိသည့်ပုံပင်။” ဆင်းရဲနွမ်းပါးမှုသည် စိတ်ကျခြင်းနှင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေလေ့ရှိသည်မှာ အဆန်းမဟုတ်ပါ! ဘုရားသခင့်ကျေးကျွန်များပင်လျှင် အခြားသူများချမ်းသာကြွယ်ဝသည်ကိုမြင်၍ သမာဓိစောင့်သိသောဘဝအသက်တာသည် စောင့်ရကျိုးမနပ်ဟု တွေးလာပေမည်။ (ဆာလံ ၇၃:၂-၁၃ နှိုင်းယှဉ်။) ယင်းသို့သောခံစားချက်များကို မည်သို့တွန်းလှန်နိုင်မည်နည်း။
အနောက်အာဖရိကသား ပီတာသည် အစိုးရလုပ်ငန်းတွင် ၁၉ နှစ်အမှုထမ်းပြီးနောက် အငြိမ်းစားယူလိုက်သည်။ ယခု သူသည် ပင်စင်လစာအနည်းငယ်ကို အဓိကအားထားမှီခိုနေရသည်။ ပီတာဤသို့ပြောပြသည်– “ကျွန်တော်စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ သမ္မာကျမ်းစာနဲ့ ကင်းမျှော်စင်အသင်းရဲ့စာပေတွေမှာ ကျွန်တော်ဖတ်ရှုခဲ့တဲ့အရာတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်ပြီး သတိပေးတယ်။ ဒီစနစ်ဟောင်း ကုန်ဆုံးတော့မယ်ဆိုတော့ ပိုပြီးကောင်းတဲ့စနစ်ကို စောင့်မျှော်နေရတာပေါ့။
“‘လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့’ လို့ဖော်ပြထားတဲ့ ၁ ပေတရု ၅:၉ ကိုလည်း ကျွန်တော်စဉ်းစားတယ်။ ဒါကြောင့် အခက်အခဲတွေကို ရင်ဆိုင်နေရတာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး။ ဒီသတိပေးချက်တွေက စိတ်ဓာတ်ကျပြီး စိတ်ညှိုးငယ်စေတဲ့အတွေးတွေကို ဖျောက်ပစ်ဖို့ထောက်ကူပါတယ်။
“အဲဒီအပြင် ယေရှုမြေကြီးပေါ်ရှိစဉ်အခါ အံ့ဖွယ်အမှုတွေအများကြီးပြုလုပ်ခဲ့ပေမဲ့ ရုပ်ပစ္စည်းအရချမ်းသာကြွယ်ဝအောင် ဘယ်သူ့ကိုမှ ကိုယ်တော်မလုပ်ပေးခဲ့ဘူး။ ကျွန်တော့်ကို ချမ်းသာကြွယ်ဝအောင်ပြုလုပ်ပေးဖို့ ဘာကြောင့်မျှော်လင့်ရမှာလဲ။”
ဆုတောင်းခြင်း၏တန်ခိုး
အကျိုးမပြုသည့် အတွေးအခေါ်များကို တိုက်လှန်နိုင်သည့် အခြားနည်းတစ်နည်းမှာ ဆုတောင်းခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံချဉ်းကပ်ခြင်းဖြစ်သည်။ မေရီသည် ၁၉၆၀ ပြည့်နှစ်တွင် ယေဟောဝါသက်သေတစ်ဦးဖြစ်လာသောအခါ သူမ၏မိသားစုက သူမကိုစွန့်ပစ်လိုက်သည်။ တစ်ကိုယ်တည်းဘဝနှင့် ယခုဆိုလျှင်သူမသည် အသက် ၅၀ ကျော်နေပြီး အားအင်ချည့်နဲ့၍ ငွေကြေးအရချို့ငဲ့လှသည်။ သို့သော်လည်း သူမသည် ခရစ်ယာန်ဓမ္မအမှု၌ ဇွဲရှိစွာပါဝင်သည်။
မေရီဤသို့ပြောပြသည်– “ကျွန်မစိတ်ပျက်အားလျော့တဲ့အခါ ယေဟောဝါထံဆုတောင်းပါတယ်။ ကိုယ်တော်လောက် ကျွန်မကိုဘယ်သူမှ မကူညီနိုင်ဘူးဆိုတာ ကျွန်မသိတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ကိုယ်တော်ကူညီပေးတယ်ဆိုတာကို ကျွန်မသိထားတယ်။ ဆာလံ ၃၇:၂၅ မှာပါတဲ့ ဒါဝိဒ်မင်းရဲ့ဒီစကားတွေကို ကျွန်မအမြဲသတိရမိတယ်– ‘ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရမည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။’
“ကင်းမျှော်စင် ထဲမှာဖော်ပြထားတဲ့ အသက်အရွယ်ကြီးတဲ့ ဝိညာဏညီအစ်ကို၊ ညီအစ်မတွေရဲ့တွေ့ကြုံမှုတွေကနေလည်း ကျွန်မခွန်အားရယူပါတယ်။ သူတို့ကိုယေဟောဝါဘုရားသခင် ကူညီပေးခဲ့တယ်၊ ဒါကြောင့် ကျွန်မကိုလည်းကိုယ်တော်ကူညီပေးမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မရဲ့ဖူးဖူ [ပီလောပီနံမုန့်] ရောင်းတဲ့အလုပ်လေးကို ကိုယ်တော်ကောင်းချီးပေးပြီး ကျွန်မရဲ့နေ့စဉ်လိုအပ်ချက်တွေကို ပြည့်မီနိုင်ခဲ့ပါတယ်။ တစ်ခါတလေ ပိုက်ဆံလုံးဝမရှိတော့ဘဲ ဘာလုပ်ရမှန်းမသိတော့တဲ့အခါ ကျွန်မကိုလက်ဆောင်တစ်ခုလာပေးပြီး ‘ညီမ၊ ကျေးဇူးပြု၍ ဒါလေးလက်ခံပါ’ လို့ပြောတဲ့သူတစ်ယောက်ယောက်ကို ယေဟောဝါစေလွှတ်ပေးတယ်။ ယေဟောဝါဟာ ကျွန်မကိုဘယ်တော့မှ စိတ်မပျက်စေပါဘူး။”
သမ္မာကျမ်းစာကိုလေ့လာခြင်း၏တန်ဖိုး
ဆင်းရဲသောသူများပါမကျန် ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာလေ့လာခြင်းကို တန်ဖိုးထားကြသည်။ အသက်ခြောက်ဆယ်အရွယ်ရှိ ဂျွန်သည် အသင်းတော်တစ်ခု၌ ရှေ့ဆောင် (ဘုရားသခင့်နိုင်ငံတော်သတင်းကို အချိန်ပြည့်ဟောပြောသူ) နှင့် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုထမ်းသည်။ မိသားစု ၁၃ ခုနေထိုင်သည့် ခနော်ခနဲ့ဖြစ်နေသော နှစ်ထပ်အိမ်ပေါ်တွင် သူနေထိုင်သည်။ သူ့အခန်းမှာ အထပ်သားများဖြင့် အခန်းဖွဲ့ထားသော ပထမထပ်အဝင်ဝအခန်းကြီး၏ အစိတ်အပိုင်းဖြစ်သည်။ ထိုတွင် ကုလားထိုင်အဟောင်းနှစ်လုံးနှင့် ကျမ်းစာအထောက်အကူပြုစာပေများပုံထားသည့် စားပွဲတစ်လုံးရှိသည်။ ကောက်ရိုးဖျာပေါ်တွင် သူအိပ်သည်။
ဂျွန်သည် ပေါင်မုန့်ရောင်း၍ တစ်နေ့လျှင် တစ်ဒေါ်လာခန့်ရလေ့ရှိသော်လည်း ဂျုံတင်သွင်းမှုပိတ်ပင်လိုက်သည့်အခါ သူ၏အသက်မွေးဝမ်းကြောင်းအလုပ်မှာ ရပ်ဆိုင်းသွားလေသည်။ သူဤသို့ပြောပြသည်– “တစ်ခါတလေ ကျွန်တော့်ဘဝကသိပ်ခက်ခဲပေမဲ့ ရှေ့ဆောင်ဆက်လုပ်ပါတယ်။ ကျွန်တော့်ကိုထောက်မပေးတာကတော့ ယေဟောဝါပါဘဲ။ ဘယ်အလုပ်ပဲရရ ကျွန်တော်လုပ်တယ်၊ အသင်းတော်ထဲက ညီအစ်ကိုတွေဟာ အရမ်းကူညီတတ်ကြပေမဲ့ ဘယ်သူ့အထောက်အပံ့ ဘယ်သူ့အကျွေးအမွေးကိုမှ ကျွန်တော်မမှီခိုဘူး။ ကျွန်တော့်ကို သူတို့အလုပ်ကူရှာပေးကြပြီး တစ်ခါတလေ ကျွန်တော်သုံးဖို့ငွေပေးကြတယ်။
“သမ္မာကျမ်းစာနဲ့ ကင်းမျှော်စင်အသင်းထုတ်စာပေတွေကို ကျွန်တော်အချိန်ပေးပြီးဖတ်ပါတယ်။ တစ်အိမ်လုံးတိတ်ဆိတ်နေတဲ့ မနက်စောစောအချိန်မှာ လေ့လာမှုပြုလုပ်ပြီး ညဉ့်နက်ချိန်မီးလာတဲ့အခါမှာ စာဖတ်တယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်လေ့လာမှုကို မှန်မှန်ဆက်လုပ်နေရမယ်ဆိုတာ ကျွန်တော်သိတယ်။”
အသက်ရရန် ကလေးများကိုလေ့ကျင့်ပေးခြင်း
ဒယ်နီယယ်သည် ကလေးခြောက်ယောက်နှင့် မုဆိုးဖိုတစ်ဦးဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ၂၅ နှစ်တိုင်သူလုပ်ကိုင်ခဲ့သည့် အလုပ်မှပြုတ်သွားသော်လည်း စတိုးဆိုင်စောင့်သည့် အလုပ်ကိုရရှိခဲ့သည်။ သူဤသို့ပြောပြသည် “မိသားစုရဲ့စီးပွားရေးအခြေအနေ ခက်ခဲလာတယ်။ အခုကျွန်တော်တို့တစ်နေ့ကို တစ်နပ်ပဲစားနိုင်တယ်။ တစ်ခါတုန်းကဆိုရင် ကျွန်တော်တို့ သုံးရက်လောက်အစာမစားခဲ့ရဘူး။ ရေကိုပဲသောက်ပြီး ဆက်အသက်ရှင်ခဲ့တယ်။”
ဒယ်နီယယ်သည် အသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သည်။ သူဤသို့ပြောပြသည်– “ခရစ်ယာန်အစည်းအဝေးတွေကို ကျွန်တော်တစ်ခါမှ မပျက်ကွက်ခဲ့ဘူး၊ ပြီးတော့ သီအိုကရက်တစ်တာဝန်တွေနဲ့ အလုပ်များနေလိုက်တယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမဝင်းမှာ လုပ်စရာတွေရှိတဲ့အခါတိုင်း ကျွန်တော်ရောက်အောင်သွားတယ်။ အကျပ်အတည်းကြုံလာတဲ့အခါ ယောဟန် ၆:၆၈ မှာဖော်ပြထားတဲ့ ‘သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း’ ဆိုပြီးယေရှုကို ပေတရုပြောခဲ့တဲ့စကားနဲ့ ကိုယ့်ကိုကိုယ်ပြန်သတိပေးတယ်။ ယေဟောဝါကိုဝတ်မပြုတော့ဘူးဆိုရင် ကျွန်တော်ဘယ်သွားရမလဲ။ ရောမ ၈:၃၅-၃၉ မှာတွေ့ရတဲ့ ပေါလုရဲ့စကားတွေကလည်း ကျွန်တော့်ကို ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်စေတယ်၊ ဘယ်အရာကမှ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာတော်နဲ့ ကျွန်တော်တို့ကိုမကွာစေနိုင်ဘူးလို့ ဖော်ပြထားတဲ့အတွက်ကြောင့်ပါပဲ။ အဲဒီသဘောထားကို ကျွန်တော့်ကလေးတွေစိတ်ထဲ သွင်းပေးတယ်။ ယေဟောဝါကို ကျွန်တော်တို့ ဘယ်တော့မှမစွန့်ခွာရဘူးဆိုတာ သူတို့ကိုအမြဲပြောပြတယ်။” ဒယ်နီယယ်၏ဇွဲနှင့် မိသားစုသင်အံမှုမှန်မှန်ပြုလုပ်ခြင်းကို ပေါင်းစပ်လိုက်သောအခါ သူ၏သားသမီးများအပေါ် အပြုသဘောပါသည့်သြဇာသက်ရောက်သွားသည်။
ပေးကမ်းလိုသည့်စိတ်ဓာတ်
အလွန်ဆင်းရဲနွမ်းပါးသူများသည် ဘုရားသခင့်နိုင်ငံတော်အကျိုး ကြီးပွားတိုးတက်စေရန် ငွေရေးကြေးရေးအရ ပါဝင်လှူဒါန်းနိုင်သည့်အခြေအနေတွင်မရှိဟု အချို့ယူမှတ်ကောင်းယူမှတ်ကြပေမည်။ သို့သော် ထိုသို့မဟုတ်ပါ။ (လုကာ ၂၁:၁-၄ နှိုင်းယှဉ်။) လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းနေကြသည့် ဂါနာနိုင်ငံရှိသက်သေခံအချို့သည် မိမိတို့၏မြေရာအချို့ကို ဘုရားသခင့်နိုင်ငံတော်အကျိုး ကြီးပွားတိုးတက်ရေးအတွက် ခွဲခန့်ပေးခဲ့ကြသည်။ ထိုမြေမှထွက်သည့်ကုန်များကိုရောင်း၍ ရရှိသည့်ငွေကို ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမတွင် အလှူငွေထည့်ဝင်ခြင်းအပါအဝင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် အသုံးပြုကြသည်။
ဂျိုအဲန်းသည် ဗဟိုအာဖရိက၌နေထိုင်သော ရှေ့ဆောင်တစ်ဦးဖြစ်သည်။ သူမသည် ပေါင်မုန့်ရောင်း၍ လေဖြတ်နေသောခင်ပွန်းသည်နှင့် အခြားမှီခိုသူလေးဦးကို ကြည့်ရှုစောင့်ရှောက်ရသည်။ သူမတက်ရောက်သည့်အသင်းတော်မှ ဘုရားသခင့်နိုင်ငံတော်ခန်းမအတွက် ခုံတန်းရှည်များလိုအပ်သောအခါ မိမိတို့အိမ်၌ရှိသမျှငွေအားလုံးကို ထည့်ဝင်လှူဒါန်းရန် ဂျိုအဲန်းတို့မိသားစု ဆုံးဖြတ်ခဲ့ကြသည်။ သူတို့၌ တစ်ပြားမျှမကျန်တော့ပေ။ သို့သော် နောက်တစ်နေ့တွင် လူတစ်ဦးသည် ကြာမြင့်စွာကတည်းကချေးထားပြီး ပြန်ရဖို့မမျှော်လင့်သောအကြွေးငွေကို မထင်မမှတ်ဘဲလာဆပ်လေသည်!
ဂျိုအဲန်းသည် ပျော်ပျော်နေတတ်ပြီး ငွေနှင့်ပတ်သက်၍ အလွန်အမင်းမပူပင်တတ်ပေ။ “ယေဟောဝါကိုဆုတောင်းပြီး ကျွန်မရဲ့အခြေအနေကို ရှင်းပြလိုက်တယ်။ ပြီးတော့ လယ်ကွင်းဓမ္မအမှုကိုထွက်သွားလိုက်တယ်။ ဒီအစီအစဉ်စနစ်ပြန်ကောင်းလာဖို့ မမျှော်လင့်နိုင်တော့ဘူးဆိုတာ ကျွန်မတို့သိရတယ်။ ဒါပေမဲ့ ကျွန်မတို့လိုအပ်တာတွေကို ယေဟောဝါထောက်ပံ့ပေးမယ်ဆိုတာ ကျွန်မတို့သိထားတယ်။”
လုံ့လဝီရိယစိုက်ထုတ်ခြင်း
တစ်ဦးအပေါ်တစ်ဦးထားသည့် သူတို့၏မေတ္တာအားဖြင့် ယေဟောဝါသက်သေများကို ခွဲခြားသိမြင်နိုင်သည်။ (ယောဟန် ၁၃:၃၅) ငွေကြေးတတ်နိုင်သူများက ဆင်းရဲကျပ်တည်းနေသော မိမိတို့၏ခရစ်ယာန်ချင်းများကို အကူအညီပေးကြသည်။ ထိုသို့ပြုရာတွင် ပေးကမ်းခြင်းအားဖြင့်၊ တစ်ခါတစ်ရံ အလုပ်အကိုင်ပေးခြင်းအားဖြင့် ဖြစ်လေ့ရှိသည်။
ကွန်ဂိုနိုင်ငံ၌နေထိုင်သော မာ့ခ်သည် အနာကြီးရောဂါကို ခံစားနေရရှာသည်။ ယင်းကြောင့် သူ၏ခြေချောင်း၊ လက်ချောင်းများမှာ ပုံပျက်ပန်းပျက်ဖြစ်နေသည်။ ထို့ကြောင့် လမ်းလျှောက်ရန်အတွက် ချိုင်းထောက်ကူရသည်။ မာ့ခ်သည် ယေဟောဝါကိုဝတ်ပြုရန် စိတ်ဆုံးဖြတ်သောအခါ သူ၏အသက်တာတွင် အကြီးအကျယ်ပြောင်းလဲမှုများကို စတင်ပြုလုပ်ရသည်။ ယခင်ကဲ့သို့တောင်းစားမည့်အစား စားပင်များကို စိုက်ပျိုးလာသည်။ နေလှန်းအုတ်များကိုလည်း ပြုလုပ်၍ရောင်းချသည်။
ကာယရေးအရ မသန်မစွမ်းဖြစ်နေသော်လည်း မာ့ခ်သည် လုံ့လဝီရိယရှိစွာနှင့် ဆက်၍အလုပ်လုပ်သည်။ နောက်ဆုံး၌ သူသည်မြေတစ်ကွက်ကိုဝယ်၍ တော်သင့်ရုံအိမ်တစ်လုံးကို ဆောက်လုပ်ခဲ့သည်။ ယနေ့ မာ့ခ်သည် အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်၍ သူနေထိုင်သောမြို့တွင် ရိုသေလေးစားမှုကို အပြည့်အဝခံရသည်။ ယခု သူသည် အခြားချို့တဲ့သူများကို ကူညီလျက်ရှိပါသည်။
နေရာများစွာတွင် အလုပ်ရှာရန်မလွယ်ကူလှသည်မှာ အမှန်ပင်။ ဗဟိုအာဖရိကမှ ကင်းမျှော်စင်အသင်း ဌာနခွဲရုံးတွင်အမှုထမ်းသော ခရစ်ယာန်အကြီးအကဲတစ်ဦးက ဤသို့ရေးသားလိုက်သည်– “ဤနေရာရှိညီအစ်ကိုအများစုမှာ အလုပ်အကိုင်မရှိကြပါ။ အချို့သူများက မိမိတို့ကိုယ်ပိုင်အလုပ်လုပ်ရန် ဖန်တီးကြသော်လည်း မလွယ်ကူလှပေ။ သူတို့မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ဆင်းရဲဒုက္ခတွေ့ကြုံရမည်ဖြစ်သည့်အတွက် ရှေ့ဆောင်ဓမ္မအမှုဆောင်များအဖြစ် ရုပ်ပစ္စည်းဆိုင်ရာအကျိုးအမြတ်ကို စွန့်လွှတ်မည်ဟု သူတို့စဉ်းစားခဲ့ကြသည်။ ယင်းသို့ပြုရာတွင် လုပ်ခမရသည်ဖြစ်စေ လုပ်ခအနည်းအကျဉ်းဖြင့် အလုပ်ရှိခြင်းထက်ပင်ဖြစ်စေ ပို၍ကြွယ်ဝစွာကောင်းချီးခံစားရကြောင်း လူအများတွေ့ရှိခဲ့ကြသည်။”
မိမိလူမျိုးတော်ကို ယေဟောဝါထောက်မ
ယေရှုက မိမိကိုယ်တိုင်နှင့်ပတ်သက်၍ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၉:၅၈) အလားတူ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ယခုအချိန်အထိ ငါတို့သည် အစာရေစာငတ်မွတ်လျက်ရှိကြ၏။ အဝတ်အစားနွမ်းပါးကြ၏။ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ အိမ်ခြေရာခြေမဲ့ လှည့်လည်ကြရ၏။”—၁ ကောရိန္သု ၄:၁၁၊ သတင်းကောင်း။
ယေရှုနှင့် ပေါလုတို့နှစ်ဦးစလုံးသည် မိမိတို့၏ဓမ္မအမှုကို သာ၍အပြည့်အဝလုပ်ဆောင်ရန်အတွက် ခြိုးခြံချွေတာသည့် ဘဝအသက်တာနှင့်နေဖို့ ရွေးချယ်ခဲ့ကြသည်။ ယနေ့ခေတ်ရှိခရစ်ယာန်များစွာတို့သည် မလွှဲမရှောင်သာဆင်းရဲကြရသည်။ သို့ရာတွင် သူတို့သည် ကျမ်းစာမူများကို မိမိတို့၏ဘဝအသက်တာတွင် လက်တွေ့ကျင့်သုံးကြပြီး ဘုရားသခင်၏အမှုတော်ကို ဇွဲနှင့်ထမ်းဆောင်ကြသည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့” ဟူသော ယေရှု၏စကားများမှန်ကန်ကြောင်း သူတို့ကိုယ်တွေ့ခံစားရသည့်အခါ ယေဟောဝါ၏ အလွန်ချစ်ခင်မြတ်နိုးမှုကိုခံရကြောင်း သူတို့သိကြသည်။ (မဿဲ ၆:၂၅-၃၃) ထို့အပြင် ဘုရားသခင်၏ ဆင်းရဲချို့တဲ့သော ဤကျေးကျွန်များအနေနှင့် “ထာဝရဘုရား [ယေဟောဝါ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်” ကြောင်း အထောက်အထားရရှိထားကြသည်။—သု. ၁၀:၂၂။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင် အစားထိုးအမည်များကို အသုံးပြုထားသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
‘နှုတ်ကပါဌ်တရားကိုကျင့်သောသူများ’ ကားမည်သူများနည်း
၁၉၉၄ ခုနှစ် ဂဲလပ်ဆန္ဒခံယူပွဲတစ်ခုအရ အမေရိကန်နိုင်ငံသား ၉၆ ရာခိုင်နှုန်းသည် “ဘုရားသခင် သို့မဟုတ် စကြဝဠာဆိုင်ရာ နာမ်ဝိညာဉ်တစ်ပါးရှိသည်ဟု ယုံကြည်ကြသည်။” ထို့ပြင် “ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို အမေရိကန်နိုင်ငံတွင် တစ်ဦးစီအတွက် ချာ့ချ်များ ပိုများသည်” ဟူ၍လည်း ယူ.အက်စ်. သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာကဆိုသည်။ ဘာသာရေးကိုင်းရှိုင်းပုံပေါက်သည့် ဤသို့သောအရာများကို တွေ့ ရှိရသော်လည်း လူထုဆန္ဒကောက်ခံလေ့ရှိသူ ဂျော့ဂ်ျဂဲလ်လပ်ဂျူနီယာက ဤသို့ဆိုပါသည်– “သိသာ ထင်ရှားနေသည်ကား အမေရိကန်အများစုသည် မိမိတို့ အဘယ်အရာကို အဘယ်ကြောင့်ယုံကြည်ကြောင်း မသိကြခြင်းဖြစ်သည်။”
လူအများ၏ ဘာသာရေးခံယူချက်များနှင့် သူတို့၏အပြုအမူများသည် တခြားစီဖြစ်ကြောင်းကို စာရင်းအင်းများကလည်း တင်ပြပါသည်။ ဥပမာ၊ “ဤနိုင်ငံတွင် ရာဇဝတ်မှုအများဆုံးရှိသည့်နေရာအချို့မှာ ဘာသာရေးခံယူချက်ပြင်းပြပြီး ယင်းကိုအများဆုံးကျင့်သုံးသောနေရာများလည်းဖြစ်ကြောင်း လူမှုရေးပညာရှင်များက သတိပြုမိကြသည်” ဟုစာရေးဆရာ ဂျက်ဖရီရှီလာကဆိုသည်။
ယင်းကို မအံ့သြသင့်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ပထမရာစုကတည်းကပင် တမန်တော်ပေါလုသည် “ဘုရားသခင်ကိုသိယောင်ဆောင်သော်လည်း၊ အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ” မည့်သူများကိုသတိပြုရန် ခရစ်ယာန်ချင်းတို့အား သတိပေးထားပါသည်။ (တိတု ၁:၁၆) ထို့ပြင် ပေါလုက “ဘုရား [သခင်] ဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ” များဖြင့် ‘နောက်ဆုံးကာလ’ ကိုသိမှတ်ရလိမ့်မည်ဟု လူငယ်တိမောသေအား ပြောပြခဲ့၏။—၂ တိမောသေ ၃:၁၊ ၅။
စစ်မှန်သောခရစ်ယာန်များမူကား “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ” ကြလော့ဟူသော ယေရှုခရစ်၏အမိန့်တော်ကိုလိုက်လျှောက်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ကြပါသည်။ (မဿဲ ၂၈:၁၉) ဤနည်းဖြင့် သူတို့သည် ‘နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူများမဟုတ်၊ တရားကိုကျင့်သောသူများ’ ဖြစ်ကြသည်။—ယာကုပ် ၁:၂၂။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းရှိသူတို့သည် သမ္မာကျမ်းစာလေ့လာခြင်းကို တန်ဖိုးထားကြ