ဥနိတ်နှင့်လောဣ—စံထားလောက်သောနည်းပေးလမ်းပြသူများ
ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့၏ကလေးများအား ထိရောက်သောဘာသာရေးပညာရပ်ကို သွန်သင်ပေးခြင်းသည် ကြီးလေးသောတာဝန်တစ်ခုဖြစ်ကြောင်း သိထားကြသည်။ အကောင်းဆုံးအခြေအနေ၌ပင်လျှင် ယင်းတာဝန်နှင့်အတူ အတားအဆီးအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးပြည့်နှက်နေပေမည်။ ဘာသာရေးကွဲပြားနေသောအိမ်ထောင်စုတစ်စုတွင် ခရစ်ယာန်မိဘတစ်ဦးသည် ထိုစိန်ခေါ်ချက်ကိုရင်ဆိုင်နေရလျှင် သာ၍ပင်ခက်သည်။ ဤကဲ့သို့သောအခြေအနေသည် အသစ်အဆန်းမဟုတ်ချေ။ စီ.အီး. ပထမရာစု၌ အလားတူ အခြေအနေမျိုးတွင် ရပ်တည်ခဲ့ရသော မိဘ တစ်ဦးအကြောင်း သမ္မာကျမ်းစာကဆိုထားသည်။
အာရှမိုင်းနား တောင်ဘက်အလယ်ပိုင်းရှိ လုကောနိဒေသ၊ လုတ္တရမြို့တွင် ဥနိတ်အမည်ရှိသော အမျိုးသမီးတစ်ဦး၏မိသားစုနေထိုင်ခဲ့သည်။ လုတ္တရမြို့သည် အရေးမပါသော မြို့ငယ်လေးတစ်ခုဖြစ်၏။ ယင်းသည် ယူလ်ယာ ဖလီခ်စ် ဂျဲမနားလတ်စတြာဟုခေါ်သော ရောမကိုလိုနီတစ်ခုဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ဓားပြများ၏တိုက်ခိုက်မှုကို တန်ပြန်ဖို့အတွက် ကဲသာဘုရင်သြဂုတ္တုက တည်ထောင်ခဲ့သည်။ ဥနိတ်သည် ဂရိလူမျိုးခင်ပွန်း၊ သားတိမောသေ၊ မိခင်လောဣတို့နှင့်အတူ ဘာသာရေးကွဲပြားသောအိမ်ထောင်စုတစ်စုတွင် နေထိုင်ခဲ့ရသောဂျူးခရစ်ယာန်တစ်ဦးဖြစ်သည်။—တမန်တော် ၁၆:၁-၃။
လုတ္တရမြို့မှမိုင် ၂၀ ခန့်ဝေးသောဣကောနိမြို့တွင် ဂျူးလူမျိုးရှိသော်လည်း လုတ္တရမြို့တွင် တရားဇရပ်ရှိကြောင်းကို သမ္မာကျမ်းစာက မဖော်ပြထားသည့်အတွက် ထိုတွင် ဂျူးလူနည်းစုသာရှိနိုင်ဖွယ်ရသည်။ (တမန်တော် ၁၄:၁၉) ထို့ကြောင့် ဥနိတ်သည် သူမ၏ယုံကြည်ခြင်းကိုကျင့်ရန် လွယ်ကူခဲ့မည်မဟုတ်။ တိမောသေမွေးပြီးနောက် အရေဖျားမလှီးခဲ့သည့်အချက်က ဥနိတ်၏ခင်ပွန်းသည် ထိုသို့ပြုခြင်းကို ဆန့်ကျင်ခဲ့ပေမည်ဟု ကျမ်းပညာရှင်အချို့အား တွေးထင်စေခဲ့သည်။
သို့သော် ဥနိတ်သည် သူမ၏ယုံကြည်ချက်များတွင် တစ်ဦးတည်းမဟုတ်ခဲ့ချေ။ တိမောသေသည် သူ၏မိခင်နှင့် မိခင်ဘက်မှအဖွားလောဣတို့ထံမှ “သမ္မာကျမ်းစာ” ပညာပို့ချခံခဲ့ရသည်မှာ ထင်ရှားပါသည်။a တမန်တော်ပေါလုသည် တိမောသေကို ဤသို့တိုက်တွန်းခဲ့သည်– “သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာ [“သမ္မာကျမ်းစာ၊” ကဘ] ကိုငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။”—၂ တိမောသေ ၃:၁၄၊ ၁၅။
“ငယ်သောအရွယ်မှစ၍” ရသောပညာ
တိမောသေ၏ “သမ္မာကျမ်းစာ” ပညာကို “ငယ်သောအရွယ်မှစ၍” စတင်သင်ကြားပေးခဲ့သည်ဟု ပေါလုဆိုသောအခါ ယင်းသည် ကလေးဘဝမှဖြစ်သည်ဟုဆိုလိုကြောင်း ထင်ရှားပါသည်။ ယင်းသည် ယေဘုယျအားဖြင့် မွေးကင်းစကလေးတစ်ဦးကို ရည်ညွှန်းသည့် သူအသုံးပြုခဲ့သော ဂရိဝေါဟာရ (ဘရဲဖော့စ်) နှင့်ကိုက်ညီသည်။ (လုကာ ၂:၁၂၊ ၁၆ နှိုင်းယှဉ်။) ဤသို့ဖြင့် ဥနိတ်သည် သူမ၏ဘုရားပေးတာဝန်ကို အလေးအနက်သဘောထားကာ တိမောသေအား ဘုရားသခင်၏သစ္စာရှိကျေးကျွန်တစ်ဦးအဖြစ် ကြီးပြင်းစေရန် သွန်သင်လေ့ကျင့်မှုကို အချိန်မဖြုန်းဘဲစတင်ပေးခဲ့သည်။—တရားဟောရာ ၆:၆-၉; သု. ၁:၈။
တိမောသေသည် ကျမ်းဆိုင်ရာသမ္မာတရားကို “ယုံကြည်ရန် တိုက်တွန်း [“သွေးဆောင်၊” ကဘ]” ခံခဲ့ရ၏။ ဂရိအဘိဓာန်တစ်ခုအရ ဤနေရာတွင် ပေါလုအသုံးပြုခဲ့သောဝေါဟာရသည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ “စွဲမြဲစွာသွေးဆောင်ခံရသည်; စိတ်ချစေသည်” ဟုအဓိပ္ပာယ်ရသည်။ တိမောသေအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆင်ခြင်သုံးသပ်ရန်နှင့် ယုံကြည်အားထားရန် ကူညီပေးရာတွင် သူ၏နှလုံးထဲ ထိုကဲ့သို့ ခိုင်ခံ့သောယုံကြည်ခြင်းအမြစ်တွယ်စေရန် အချိန်နှင့်ကြိုးစားအားထုတ်မှု အတော်အတန်လိုအပ်ခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။ ထို့ကြောင့် ဥနိတ်နှင့်လောဣတို့နှစ်ဦးစလုံးသည် တိမောသေကို ကျမ်းစာမှသွန်သင်ပေးရန် ကြိုးစားခဲ့ကြမည်မှာ ထင်ရှားပါသည်။ ထိုဘုရားတရားကြည်ညိုသော အမျိုးသမီးများ ရိတ်သိမ်းခဲ့ရသည့်ဆုကျေးဇူးမှာ ကြီးမားလှသည်တကား! ပေါလုသည် တိမောသေအကြောင်း ဤသို့ရေးသားနိုင်ခဲ့သည်– “သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သောယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိ . . . ၏။”—၂ တိမောသေ ၁:၅။
တိမောသေ၏အသက်တာတွင် ဥနိတ်နှင့်လောဣသည် အရေးပါသောအပိုင်းကဏ္ဍမှပါဝင်ခဲ့သည်တကား! ယင်းနှင့်ပတ်သက်၍ စာရေးဆရာဒေးဗစ်ရီဒ်က “တိမောသေ၏ဘာသာပြောင်းခြင်းတွင် သူ၏ကိုယ်ပိုင်တွေ့ကြုံမှုကြောင့်သာဖြစ်သည်ဟု တမန်တော်က ယူမှတ်ခဲ့မည်ဆိုလျှင် ယင်းအကြောင်းကို သူ့အား ချက်ချင်းအမှတ်ရစေခဲ့ပေမည်။ သို့သော် တိမောသေ၏ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ သူပထမဦးဆုံးပြောဆိုခဲ့သည်မှာ ယင်းသည် ‘လောဣ . . . နှင့်ဥနိတ်တို့တွင်ရှိ’ နှင့်ပြီးသားဟူ၍ဖြစ်သည်။” လောဣ၊ ဥနိတ်နှင့် တိမောသေတို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု၏ဖော်ပြချက်က မိဘများနှင့် အဖိုးအဖွားများပင် အိမ်၌သင်ပေးသော ကျမ်းစာဆိုင်ရာအစောပိုင်းပညာရေးသည် လူငယ်တစ်ဦး၏ဝိညာဉ်ရေးဆိုင်ရာ အနာဂတ်အလားအလာကို သတ်မှတ်ပေးခြင်းအတွက် အခရာဖြစ်ကြောင်း သိစေပါသည်။ ယင်းကြောင့် မိသားစုဝင်တို့သည် ဘုရားသခင်နှင့်မိမိတို့၏ကလေးများအပေါ် ၎င်းတာဝန်ကို မည်သို့ထမ်းဆောင်နေကြောင်း အလေးအနက်မစဉ်းစားသင့်ပေလော။
ပေါလုသည် လောဣနှင့်ဥနိတ်တို့ ဖန်တီးခဲ့သောမိသားစုဝန်းကျင်အခြေအနေအကြောင်းကိုလည်း စဉ်းစားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ တမန်တော်သည် စီ.အီး. ၄၇/၄၈ ခန့်က လုတ္တရမြို့သို့ ဦးဆုံးရောက်ခဲ့ချိန်တွင် သူတို့အိမ်သို့လည်ပတ်ခဲ့ပေမည်။ ထိုအချိန်၌ ၎င်းအမျိုးသမီးနှစ်ဦးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီးနိုင်ဖွယ်ရှိ၏။ (တမန်တော် ၁၄:၈-၂၀) ပေါလုက လောဣကို တိမောသေ၏ “အဖွား” ဟုစကားလုံးရွေးချယ် ရည်ညွှန်းခဲ့ခြင်းသည် ထိုအိမ်ထောင်စုတွင်ခံစားရသော၊ လှိုက်လှဲရင်းနှီးသောဆက်ဆံရေး၏ လွှမ်းမိုးခံရမှုကြောင့်ဖြစ်နိုင်သည်။ ကျမ်းပညာရှင် ဆက်စလာ စပီးခ်အရ သူအသုံးပြုခဲ့သောဂရိဝေါဟာရ (ဂန္ထဝင်မြောက်ပြီး လေးစားစွာခေါ်ဆိုသော တီးတီနှင့်ခြားနားသည့် မဲမီ) သည်ဤကျမ်းပိုဒ်၏ရှေ့နောက်စကားအရ “ချစ်ခင်ရင်းနှီးမှုသဘော” ပါသည့်အဖွားကို “ကလေးတစ်ဦးက ချစ်စနိုးခေါ်သောစကားလုံးတစ်လုံး” ဖြစ်သည်။
တိမောသေထွက်ခွာသွားခြင်း
ပေါလုသည် လုတ္တရမြို့သို့ ဒုတိယအကြိမ် (စီ.အီး. ၅၀ ခန့်) ရောက်ချိန်တွင် ဥနိတ်၏အိမ်ထောင်ရေးအခြေအနေမည်သို့ရှိကြောင်း အတိအကျမသိရချေ။ ပညာရှင်များစွာက သူမသည် မုဆိုးမတစ်ဦးဖြစ်နေသည်ဟုယူဆကြ၏။ မည်သို့ပင်ဆိုစေ၊ ထိုအချိန်၌ အသက် ၂၀ ခန့်ရှိကောင်းရှိမည့် တိမောသေသည် သူ၏မိခင်နှင့်အဖွားတို့၏ လမ်းညွှန်မှုကြောင့် လုလင်မွန်တစ်ဦးဖြစ်လာပေပြီ။ သူသည် “လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။” (တမန်တော် ၁၆:၂) တိမောသေ၏နှလုံးထဲတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဖြန့်ချိရန်ဆန္ဒရှိနေကြောင်း ပေါလုနှင့်သိလတို့၏သာသနာပြုခရီးစဉ်တွင် လိုက်ပါရန်ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ခြင်းက သိသာထင်ရှားစေပါသည်။
တိမောသေထွက်ခွာခါနီးအချိန်တွင် ဥနိတ်နှင့်လောဣတို့ မည်သို့ခံစားခဲ့ကြရမည်ကို မြင်ယောင်ကြည့်ပါ! သူတို့၏မြို့ကို ပေါလုပထမဦးဆုံးရောက်ခဲ့စဉ်အခါက တမန်တော်ကို ကျောက်ခဲနှင့်ပစ်၍ သေပြီအထင်ဖြင့် ထားခဲ့ကြောင်းသိကြသည်။ (တမန်တော် ၁၄:၁၉) ထို့ကြောင့် လူငယ်တိမောသေကို သွားခွင့်ပြုရန် သူတို့အတွက် လွယ်ကူခဲ့မည်မဟုတ်။ မည်မျှကြာခွဲခွာနေကြရလိမ့်မည်ဖြစ်ပြီး ဘေးကင်းလုံခြုံစွာပြန်လာမည်၊ ပြန်မလာမည်ကို သူတို့စိုးရိမ်နေခဲ့ကြပေမည်။ ထိုကဲ့သို့ဖြစ်နိုင်ခြေစိုးရိမ်ပူပန်မှုများရှိလင့်ကစား ယေဟောဝါ၏အမှုတော်ကို သာ၍အပြည့်အဝထမ်းဆောင်စေနိုင်မည့် ယင်းအထူးအခွင့်အရေးကိုလက်ခံရန် သူ၏မိခင်နှင့်အဖွားတို့သည် သူ့ကိုမလွဲဧကန်အားပေးခဲ့ကြသည်။
တန်ဖိုးရှိသောသင်ခန်းစာများ
ဥနိတ်နှင့်လောဣတို့၏အကြောင်းကို အသေအချာသုံးသပ်ခြင်းမှ များစွာသင်ယူနိုင်၏။ တိမောသေကို ဝိညာဉ်ရေးလမ်းစဉ်မှန်အတိုင်း လေ့ကျင့်သင်ကြားပေးဖို့ ယုံကြည်ခြင်းက သူတို့ကိုလှုံ့ဆော်ပေးခဲ့သည်။ အဖိုးအဖွားများသည် မိမိတို့၏မြေးများနှင့်အခြားသူများရှေ့တင်ပြသည့်ရင့်ကျက်တည်ကြည်သော ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းပုံသက်သေသည် ခရစ်ယာန်အသင်းတော်တစ်ခုလုံးအတွက် အမှန်အကျိုးရှိပါသည်။ (တိတု ၂:၃-၅) ထိုနည်းတူစွာ ဥနိတ်၏ပုံသက်သေကလည်း မယုံကြည်သူခင်ပွန်းများရှိ မိခင်များသည် မိမိတို့ကလေးများကို ဝိညာဉ်ရေးသွန်သင်ချက်ပေးရန် တာဝန်ရှိပြီး ဆုကျေးဇူးများရနိုင်ကြောင်း အမှတ်ရစေပါသည်။ ရံဖန်ရံခါ ယင်းသို့ပြုလုပ်ရာတွင် အထူးသဖြင့် ဖခင်သည် ဇနီး၏ဘာသာရေးယုံကြည်ချက်များကို သဘောမတွေ့လျှင် အကြီးအကျယ်သတ္တိရှိဖို့ လိုအပ်ပေမည်။ ခရစ်ယာန်ဇနီးသည် မိမိခင်ပွန်း၏ဦးစီးမှုကို လေးစားရမည်ဖြစ်သောကြောင့် လိမ္မာပါးနပ်မှုရှိဖို့လည်းလိုပါသည်။
လောဣနှင့်ဥနိတ်တို့၏ ယုံကြည်ခြင်း၊ ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကိုငြင်းပယ်ခြင်းတို့ကြောင့် တိမောသေသည် ထူးကဲသောသာသနာပြုနှင့် ကြီးကြပ်မှူးတစ်ဦးဖြစ်လာနိုင်သည့်အထိ ဝိညာဉ်ရေးဘက် တိုးတက်လာသည်ကို တွေ့မြင်ရသည့်ဆု ချခံခဲ့ရသည်။ (ဖိလိပ္ပိ ၂:၁၉-၂၂) အလားတူ ယနေ့ ကျွန်ုပ်တို့၏ကလေးများကို ကျမ်းစာသမ္မာတရားသွန်သင်ပေးရန် အချိန်၊ စိတ်ရှည်ခြင်းနှင့် ဇွဲရှိဖို့လိုသော်လည်း အကျိုးမွန်ဖြစ်ထွန်းမှုက အကျိုးနပ်စေ၏။ ဘာသာရေးအရကွဲပြားနေသော အိမ်ထောင်တစ်ခုတွင် ‘ငယ်ရွယ်သောအချိန်မှစ၍ သမ္မာကျမ်းစာ’ သွန်သင်ခံရသည့် စံထားလောက်သော ခရစ်ယာန်လူငယ်အများသည် သူတို့၏ဘုရားတရားကြည်ညိုသောမိဘကို အလွန်အားရရွှင်လန်းစေခဲ့ပြီ။ ‘ပညာရှိသောသားကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်’ ဟုဆိုသည့်နယပုံပြင်ကျမ်းသည် အလွန်မှန်ကန်လိုက်လေခြင်း!—သု. ၂၃:၂၃-၂၅။
တမန်တော်ယောဟန်သည် သူ၏ဝိညာဉ်ရေးသားသမီးများအကြောင်း ဤသို့ဆိုသည်– “ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။” (၃ ယောဟန် ၄) ထိုစကားတွင် ဖော်ပြထားသောခံစားမှုကို စံထားလောက်သော နည်းပေးလမ်းပြသူနှစ်ဦးဖြစ်သည့် ဥနိတ်နှင့်လောဣတို့ကဲ့သို့သောသူများဖြစ်ကြောင်း သက်သေထူခဲ့သူများစွာတို့သည် ခံစားခဲ့ကြရမည်မှာအမှန်။
[အောက်ခြေမှတ်ချက်များ]
a လောဣသည် တိမောသေ၏ဖခင်ဘက်မှအဖွားမဟုတ်ကြောင်းကို ၂ တိမောသေ ၁:၅ ၌ “သင့်မိခင်၏အမေ” ဟုဆီးရီးယက်ခ်ဘာသာပြန်ကဖော်ပြသည်။