နို့စို့အရွယ်မှစ၍ သူတို့ကိုလေ့ကျင့်ပေးကြလော့
“သန္ဓေသားများ၌ အသံများသို့ ဇီဝကမ္မဗေဒဆိုင်ရာတုံ့ပြန်မှုများရှိ” ကြောင်း ခေတ်သစ်ရှာဖွေတွေ့ရှိမှုက ဖော်ပြသည်။ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ စူးစမ်းရှာဖွေသူများသည် “မိခင်များက သားအိမ်ထဲရှိ သူတို့၏ကလေးများကို စာဖတ်ပြပြီးနောက် ဖွားမြင်စကလေးများသည် ထိုအပိုဒ်များကို ပြန်ဖတ်ပြသောအခါ တုံ့ပြန်မှုပြုကြကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်” ဟု Winnipeg Free Press က ဖော်ပြ၏။ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျယ်လောင်စွာစာဖတ်မည်ဆိုလျှင် ကလေးများ၌ ကောင်းသောစာရိတ္တစံနှုန်းများကို ထည့်သွင်းပေးနိုင်ပါလိမ့်မည်။ သမ္မာကျမ်းစာက တိမောသေသည် ‘ဓမ္မကျမ်းစာကို နို့စို့အရွယ်မှစ၍ သိရှိသည်’ ဟု ဆိုထား၏။ (၂ တိမောသေ ၃:၁၄၊ ၁၅) သူ၏မိခင်နှင့် အဖွားသည် နို့စို့အရွယ်မှစ၍ သူ့ကိုလေ့ကျင့်ပေးခြင်း၏တန်ဖိုးကို ကောင်းစွာနားလည်သဘောပေါက်ခဲ့ကြောင်း ထင်ရှားသည်။ ယင်းသို့လေ့ကျင့်ပေးရာတွင် အသံထွက်စာဖတ်ပေးခြင်းလည်း ပါဝင်ဟန်ရှိပေသည်။
စာဖတ်ခြင်းသည် “ယနေ့ ကျွန်ုပ်တို့၏လူ့ဘောင်အဖွဲ့အစည်း၌ အစွမ်းအထက်ဆုံးသော ပဓာနကျသည့်စွမ်းရည်” ဖြစ်သည်ဟု စာရေးဆရာ ဂျင်မ် ထရယ်လီစ်က ဆိုသည်။ ကျယ်လောင်စွာစာဖတ်ရှုခြင်းအားဖြင့် ဘာသာစကားနှင့် ဝေါဟာရကျွမ်းကျင်မှု၌ ပို၍တိုးမြှင့်လာ၏။
အနည်းဆုံး သင်၏နို့စို့အရွယ်ကလေးနှင့် စ၍စကားပြောဆိုလျှင်ပြောဆိုချင်း အသံထွက်စာဖတ်ပြခြင်းကို စတင်ပြုခြင်းသည် ပညာရှိရာကျပေသည်။ သင်၏မမွေးသေးသောကလေး သို့မဟုတ် မွေးကင်းစကလေးသည် သင်ပြောနေသည့်အရာကို အစ၌ နားလည်လိမ့်မည်မဟုတ်သည့်တိုင် ရရှိနိုင်သည့် ရေရှည်အကျိုးကျေးဇူးများက ယင်းအတွက် ထိုက်တန်လှပေသည်။ နယပုံပြင် ၂၂:၆ က “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟု ဆိုထားလေသည်။
လက်တွေ့လည်းကျ၊ အကျိုးလည်းရှိစေမည့် မည်သည့်အရာများကို သင်ဖတ်ပြနိုင်မည်နည်း။ သင့်ကလေးအား သမ္မာကျမ်းစာကို နေ့တိုင်းအစဉ် အသံထွက်ဖတ်ပေးပါ။ ထို့ပြင် ကြီးမြတ်သောဆရာ့စကားကို နားထောင်ခြင်း၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား နှင့် ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းတို့၌ပါသော ဆောင်းပါးများကဲ့သို့သော အခြားတန်ဖိုးရှိစာပေစာတမ်းများကိုလည်း ဖတ်ရှုပြပါ။
ဤနည်းအတိုင်း သင့်ကိုယ်သင်ပေးဆပ်ရာတွင် အချိန်ပေးရမည်မှန်သော်လည်း ၎င်းသည် အကျိုးရှိရှိအသုံးချသော အချိန်ဖြစ်သည်။ ယင်းသည် သင့်ကလေးကို သင်ဂရုစိုက်ကြောင်း၊ ချစ်မြတ်နိုးကြောင်း လက်တွေ့ပြသနိုင်သည့် နည်းတစ်နည်းပင်ဖြစ်တော့သည်။