ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၅ စာ. ၅၁-၆၃
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ၏အမြင်ကို လက်ခံခြင်း
  • သားသမီး၏လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း
  • သင့်သားသမီးအား အမှန်တရားကို စိတ်တွင်စွဲမှတ်စေပါ
  • ဆုံးမပဲ့ပြင်ခြင်း အထူးလိုအပ်၏
  • သင့်သားသမီးကို ဘေးအန္တရာယ်မှ ကာကွယ်ပါ
  • ဘုရားသခင့်လမ်းညွှန် ရှာယူပါ
  • မေတ္တာနှင့်ယှဉ်သောဆုံးမခြင်း၏တန်ဖိုး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကလေးများကို နို့စို့အရွယ်မှ စလေ့ကျင့်ပေးခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၅ စာ. ၅၁-၆၃

အခန်း ငါး

သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ

၁၊ ၂။ မိဘဖြစ်သူတို့အနေဖြင့် သားသမီးတို့ကိုမွေးမြူရာ၌ မည်သူ့အကူအညီကို မျှော်ကိုးအပ်သနည်း။

‘သသမီးတို့သည် ထာဝရဘုရား ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏’ ဟူ၍ လွန်ခဲ့သည့်နှစ်ပေါင်း ၃,၀၀၀ ခန့်က လေးမြတ်တန်ဖိုးထားစိတ်ရှိသော မိဘတစ်ဦးကဆိုခဲ့၏။ (ဆာလံ ၁၂၇:၃) မှန်ပါသည်၊ မိဘဖြစ်ရခြင်း၏ဝမ်းမြောက်မှုသည် ဘုရားသခင်ပေးသနားတော်မူရာ အဖိုးထိုက်သောဆုလာဘ်၊ အိမ်ထောင်သည်အများစုခံစားရသည့် ဆုလာဘ်ဖြစ်ပေသည်။ သို့ရာတွင် ၎င်းဝမ်းမြောက်မှုနှင့်အတူ မိဘဖြစ်ခြင်းတာဝန်များ လိုက်ပါလာကြောင်း များမကြာမီ သားသမီးရှိသူတို့ သိမြင်လာကြသည်။

၂ အထူးသဖြင့် ယနေ့ သားသမီးများမွေးမြူရသည်မှာ ကြီးမားခက်ခဲသော အလုပ်တာဝန်တစ်ရပ်ဖြစ်သည်။ သို့ပင်ငြားလည်း အများသောသူတို့က ယင်းအလုပ်တာဝန်ကို အောင်မြင်စွာထမ်းဆောင်ခဲ့ကြသည်။ ဆာလံဆရာကလည်း နည်းလမ်းကို ထောက်ပြထားပါသည်။ ဤသို့ဆို၏– “ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။” (ဆာလံ ၁၂၇:၁) ယေဟောဝါ၏ ညွှန်ကြားချက်အတိုင်း ကြိုးစားလိုက်နာသည်နှင့်အမျှ သင်သည် သာ၍ကောင်းသောမိဘ ဖြစ်လာပေမည်။ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်” ဟူ၍ ကျမ်းစာဆို၏။ (သု. ၃:၅) အနှစ် ၂၀ သားသမီးမွေးမြူရေးစီမံကိန်းကို စတင်သည့်အခါ ယေဟောဝါ၏အကြံပေးချက်ကို သင်နာခံရန်အသင့်ရှိသလော။

ကျမ်းစာ၏အမြင်ကို လက်ခံခြင်း

၃။ သားသမီးများကိုမွေးမြူရာ၌ ဖခင်ဖြစ်သူများ အဘယ်တာဝန်ရှိသနည်း။

၃ ကမ္ဘာတစ်ဝန်းရှိ အိမ်ထောင်အများ၌ အမျိုးသားများက ကလေးလေ့ကျင့်သင်ကြားခြင်းကို အဓိကအားဖြင့် အမျိုးသမီးများ၏အလုပ်အဖြစ် သဘောထားကြသည်။ မှန်ပါသည်၊ ဖခင်၏အခန်းကဏ္ဍမှာ အဓိကအားဖြင့် အိမ်ထောင်၏စားဝတ်နေရေးကို တာဝန်ယူရသူဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က ဖော်ပြသည်။ သို့ရာတွင် အိမ်ထောင်အတွင်း၌လည်း တာဝန်ရှိကြောင်း ကျမ်းစာကဆို၏။ “ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကိုဆောက်လော့” ဟူ၍ကျမ်းစာကဆို၏။ (သု. ၂၄:၂၇) ဘုရားသခင့်အမြင်အရ ဖခင်နှင့်မိခင်နှစ်ဦးစလုံးသည် ကလေးကိုလေ့ကျင့်သင်ကြားရာ၌ တွဲဖက်များဖြစ်ကြသည်။—သု. ၁:၈၊ ၉။

၄။ သားယောက်ျားကို အထင်ကြီးပြီး သမီးမိန်းကလေးကို အထင်သေးသည့်သဘောမျိုး အဘယ်ကြောင့်မရှိသင့်သနည်း။

၄ သားသမီးများကို သင်မည်သို့သဘောထားသနည်း။ အာရှတိုက်တွင် “သမီးမိန်းကလေးများကို များသောအားဖြင့် နှစ်သက်ကြိုဆိုခြင်းမရှိ” ကြောင်း သတင်းများကဆိုသည်။ သတင်းများအရ လက်တင်အမေရိကရှိ “အသိဉာဏ်အမြော်အမြင် ပို၍ရှိသောမိသားစုများ” အတွင်း၌ပင် သမီးမိန်းကလေးများအပေါ် တစ်ဖက်သတ်အမြင်ရှိကြသည်။ အမှန်မှာ မိန်းကလေးများသည် ဒုတိယတန်းစား ကလေးများမဟုတ်ပေ။ ရှေးခေတ်မှ ထင်ရှားသောဖခင်တစ်ဦးဖြစ်သူ ယာကုပ်က သူ့လက်ထက်အထိမွေးဖွားသည့် သမီးမိန်းကလေးအားလုံးအပါအဝင် သားမြေးရှိရှိသမျှကို “[ကျွန်ုပ်] အားဘုရားသခင် ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏” ဟုဆိုခဲ့သည်။ (ကမ္ဘာဦး ၃၃:၁-၅; ၃၇:၃၅) ထို့အတူ ယေရှုကလည်း အထံတော်သို့ခေါ်ဆောင်လာသည့် “သူငယ်တို့” (ယောက်ျားကလေးများနှင့် မိန်းကလေးများ) ကို ကောင်းချီးပေးတော်မူ၏။ (မဿဲ ၁၉:၁၃-၁၅) ကိုယ်တော်သည် ယေဟောဝါ၏အမြင်သဘောထားကို ထင်ဟပ်စေသည်မှာ သေချာသည်။—တရားဟောရာ ၁၆:၁၄။

၅။ ဇနီးမောင်နှံတို့အနေဖြင့် မိသားစု၏အရွယ်ပမာဏကို ဆုံးဖြတ်ရာ၌ မည်သည့်အချက်များကို စဉ်းစားသုံးသပ်သင့်သနည်း။

၅ သင်နေထိုင်ရာဒေသတွင် အမျိုးသမီးများကို သားသမီးများ အတတ်နိုင်ဆုံးမွေးဖွားရန် မျှော်လင့်သလော။ သားသမီးမည်မျှရလိုသည်မှာ အိမ်ထောင်သည်မောင်နှံတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်သည်။ သားသမီးအများအပြားကို စားရေး၊ ဝတ်ရေးနှင့်ပညာရေးအတွက် မထောက်ပံ့နိုင်လျှင် မည်သို့ပြုမည်နည်း။ ဇနီးမောင်နှံတို့အနေဖြင့် မိသားစုအရွယ်ပမာဏကို ဆုံးဖြတ်ရာ၌ ဤအချက်ကို စဉ်းစားသုံးသပ်သင့်သည်။ သားသမီးအားလုံးကို မထောက်ပံ့နိုင်သည့် ဇနီးမောင်နှံအချို့က သားသမီးအချို့ကိုမွေးမြူပြုစုရန် ဆွေမျိုးများအား တာဝန်လွှဲအပ်ကြသည်။ ဤသို့သောဓလေ့သည် နှစ်လိုဖွယ်ကောင်းသလော။ မကောင်းပါ။ ဤသို့ပြုခြင်းဖြင့် သားသမီးများအပေါ် မိဘ၏ဝတ္တရား ကင်းလွတ်သွားသည်မဟုတ်။ “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကားယုံကြည်ခြင်းတရားကို ငြင်းပယ်၏” ဟုကျမ်းစာကဆို၏။ (၁ တိမောသေ ၅:၈) တာဝန်သိတတ်သောမောင်နှံတို့သည် ‘မိမိလူတို့ကိုပြုစု’ နိုင်ရေးအတွက် မိမိတို့ “အိမ်သူအိမ်သား” ၏ဦးရေကို ကြိုးစားထိန်းချုပ်မည်ဖြစ်သည်။ ဤသို့ထိန်းချုပ်နိုင်ရန် ပဋိသန္ဓေတားနည်း အသုံးပြုနိုင်မည်လော။ ဤကိစ္စမှာလည်း ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ဖြစ်သည်။ ဇနီးမောင်နှံအနေဖြင့် ဤနည်းသုံးရန်ဆုံးဖြတ်ပါက မည်သည့်သန္ဓေတားဆေးသုံးရန် ရွေးချယ်မည်မှာလည်း ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ “လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) သို့ရာတွင် သန္ဓေဖျက်ချခြင်းပါဝင်သည့် သန္ဓေတားနည်းသည် ကျမ်းစာမူများနှင့်ဆန့်ကျင်သည်။ ယေဟောဝါဘုရားသခင်သည် “အသက်စမ်းရေတွင်း” ဖြစ်တော်မူ၏။ (ဆာလံ ၃၆:၉) ထို့ကြောင့် သန္ဓေအောင်ပြီးသောအသက်တစ်ချောင်းကို ဖျက်ဆီးပစ်ခြင်းသည် ယေဟောဝါအား အကြီးအကျယ် မလေးမခန့်ပြုရာရောက်သည့်အပြင် လူသတ်သည်နှင့်မခြားပေ။—ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃; ဆာလံ ၁၃၉:၁၆; ယေရမိ ၁:၅။

သားသမီး၏လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း

၆။ ကလေးကို အဘယ်အရွယ်မှစ၍ လေ့ကျင့်သင်ကြားသင့်သနည်း။

၆ “သူငယ်ကို မိမိသွားရမည်လမ်းအတိုင်း သွန်သင်ပဲ့ပြင်လော့” ဟူ၍ နယပုံပြင်ကျမ်း ၂၂:၆ (သမ္မာ) ကဆို၏။ သားသမီးများကို လေ့ကျင့်သင်ကြားခြင်းသည် မိဘတို့၏ ကြီးလေးသောတာဝန် နောက်တစ်ခုဖြစ်သည်။ သို့သော် မည်သည့်အချိန်တွင် စတင်လေ့ကျင့်သင်ကြားသင့်သနည်း။ စောစောစတင်သင့်သည်။ တိမောသေသည် “နို့စို့အရွယ်မှစ၍” လေ့ကျင့်သင်ကြားခံရကြောင်း တမန်တော်ပေါလုကဆို၏။ (၂ တိမောသေ ၃:၁၅၊ ကဘ) ဤတွင်အသုံးပြုထားသည့် ဂရိစာလုံးသည် မွေးကင်းစကလေးငယ်ကို ရည်ညွှန်းနိုင်သကဲ့သို့ မမွေးသေးသည့်ကလေးကိုပင် ရည်ညွှန်းနိုင်သည်။ (လုကာ ၁:၄၁၊ ၄၄; တမန်တော် ၇:၁၈-၂၀) ထို့ကြောင့် တိမောသေသည် အလွန်ငယ်ရွယ်စဉ်မှစ၍ လေ့ကျင့်သင်ကြားခံခဲ့ရသည်။ သင့်မြတ်လျော်ကန်လှသည်။ နို့စို့အရွယ်သည် ကလေးတစ်ဦးကို စတင်လေ့ကျင့်သင်ကြားရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။ ငယ်ရွယ်သည့်ကလေး၌ပင် အသိပညာဆည်းပူးလိုစိတ်ရှိ၏။

၇။ (က) မိဘနှစ်ဦးစလုံး မွေးဖွားစရင်သွေးလေးနှင့် ရင်းနှီးသောဆက်ဆံရေးထူထောင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ယေဟောဝါနှင့် ကိုယ်တော်၏တစ်ပါးတည်းသောသားတော်တို့စပ်ကြားတွင် မည်သို့သောဆက်ဆံရေးရှိသနည်း။

၇ “ကျွန်မကလေးကို မြင်မြင်ခြင်း ချစ်မိတယ်” ဟူ၍ မိခင်တစ်ဦးကဆို၏။ မိခင်အများသည်လည်း ဤအတိုင်းပင်ဖြစ်ကြသည်။ ကလေးမွေးဖွားပြီးနောက် မိခင်နှင့်ကလေး အတူတကွနေထိုင်သည့်အချိန် ကြာမြင့်သည်နှင့်အမျှ သူတို့နှစ်ဦး၏ နှစ်လိုဖွယ်ကောင်းသော သံယောဇဉ်မှာလည်း ခိုင်ခံ့မြဲမြံလာသည်။ မိခင်နို့တိုက်ခြင်းဖြင့် ရင်းနှီးမှုပို၍တိုးပွားလာသည်။ (၁ သက်သာလောနိတ် ၂:၇ နှိုင်းယှဉ်။) မိခင်၏ ယုယစွာပိုက်ထွေးခြင်းနှင့် စကားပြောဆိုခြင်းတို့သည် ကလေးငယ်၏ စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ၌ အလွန်ပင်အရေးကြီးသည်။ (ဟေရှာယ ၆၆:၁၂ နှိုင်းယှဉ်။) သို့သော် ဖခင်ဖြစ်သူကကော မည်သို့နည်း။ သူ့အနေဖြင့်လည်း မွေးကင်းစရင်သွေးလေးနှင့် ရင်းနှီးသောဆက်သွယ်မှု ထူထောင်သင့်သည်။ ယေဟောဝါကိုယ်တော်တိုင်သည် စံနမူနာကောင်းဖြစ်တော်မူ၏။ နယပုံပြင်ကျမ်းတွင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်တို့၏ ဆက်ဆံရေးအကြောင်းကို ကျွန်ုပ်တို့ဖတ်ရသည်။ ယေရှုက မိမိအကြောင်းနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏– “ယေဟောဝါကိုယ်တော်တိုင်သည် နည်းလမ်းတော်အစအဦးအဖြစ် ငါ့ကိုဖြစ်ပွားစေတော်မူ၏။ . . . ငါသည် နေ့ရက်အစဉ် ကိုယ်တော်အထူးချစ်ခင်မြတ်နိုးခံရသူ ဖြစ်လာ၏။” (သု. ၈:၂၂၊ ၃၀၊ ကဘ; ယောဟန် ၁:၁၄) အလားတူစွာ ဖခင်ကောင်းတစ်ဦးသည် ကလေးငယ်မွေးလျှင်မွေးချင်း ကလေးငယ်နှင့် နွေးထွေးချစ်ခင်သည့်ဆက်ဆံရေးကို ပြုစုပျိုးထောင်ပေမည်။ “ချစ်ခင်စုံမက်ခြင်းကို များများပြပါ။ ယုယထွေးပိုက် နမ်းရှုပ်ခြင်းကြောင့် သေဆုံးသည့်ကလေးဟူ၍မရှိ” ဟုမိဘတစ်ဦးကဆို၏။

၈။ ရင်သွေးလေးများကို စိတ်ပိုင်းဆိုင်ရာ အဘယ်စေ့ဆော်မှုကို မိဘတို အစောဆုံးပေးသင့်သနည်း။

၈ သို့သော် ကလေးငယ်တို့သည် ထိုထက်မကလိုအပ်ကြသည်။ မွေးဖွားသည့်အချိန်မှစ၍ သူတို့လေး၏ဦးနှောက်သည် အကြောင်းအရာများကို လက်ခံသိုမှီးရန် အဆင်သင့်ရှိနေပြီဖြစ်သည်။ မိဘတို့သည် ထိုအကြောင်းအရာများကိုပေးသော အဓိကအရင်းအမြစ်ဖြစ်ကြသည်။ ဘာသာစကားကို သာဓကအဖြစ်ကြည့်ပါ။ ကလေးတစ်ယောက်၏ စကားပြောဆိုခြင်းနှင့် စာဖတ်ခြင်းစွမ်းရည်သည် “ကလေးငယ်နှင့်မိဘတို့ ကနဦး အပြန်အလှန် အကျိုးသက်ရောက်မှုနှင့် နီးကပ်စွာဆက်နွှယ်လျက်ရှိသည်” ဟုသုတေသီများကဆိုကြသည်။ သင့်သားသမီးအား ကလေးအရွယ်မှစ၍ စကားပြောပါ၊ စာဖတ်ပြပါ။ မကြာမီ သူကလေးသည် သင့်ကိုအတုယူလာလိမ့်မည်။ ၎င်းနောက်မကြာမီ သူ့အားစာဖတ်သင်ပေးနိုင်မည်။ သင့်ကလေးသည် ကျောင်းမတက်မီ စာဖတ်တတ်လာဖွယ်ရှိသည်။ ကျောင်းဆရာ ဆရာမနည်းပြီး ကျောင်းသားဦးရေများသည့်နိုင်ငံတွင် နေထိုင်ရပါက ကလေးကို စောစောစာဖတ်တတ်အောင် သင်ကြားပေးခြင်းသည် အထူးပင် အထောက်အကူဖြစ်သည်။

၉။ မိဘများ စိတ်စွဲထားသင့်သည့် အရေးအကြီးဆုံး ရည်မှန်းချက်ပန်းတိုင်ကား အဘယ်နည်း။

၉ ခရစ်ယာန်မိဘများ အထူးအရေးပေးသည့်အရာမှာ သားသမီးတို့၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ (တရားဟောရာ ၈:၃ ရှု။) အဘယ်ရည်မှန်းချက်ပန်းတိုင်ဖြင့်နည်း။ သားသမီးအား ခရစ်တော်ကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးမျိုး မွေးမြူနိုင်ရန်၊ စင်စစ်ဆိုရလျှင် “ဥပဓိရုပ်သစ်” ကိုဝတ်ဆင်နိုင်ရန်အတွက်ဖြစ်သည်။ (ဧဖက် ၄:၂၄၊ ကဘ) ဤရည်မှန်းချက်ပြည့်မီရေးအတွက် သင့်တော်သောဆောက်လုပ်ရေးပစ္စည်းများနှင့် သင့်တော်သောဆောက်လုပ်ရေးနည်းစနစ်များကို စဉ်းစားသုံးသပ်ရန်လိုသည်။

သင့်သားသမီးအား အမှန်တရားကို စိတ်တွင်စွဲမှတ်စေပါ

၁၀။ သားသမီးများ အဘယ်အရည်အသွေးများ မွေးမြူရန်လိုသနည်း။

၁၀ အဆောက်အဦတစ်ခု၏အရည်အသွေးသည် ဆောက်လုပ်ရေးတွင်အသုံးပြုသော ပစ္စည်းအမျိုးအစားပေါ်တွင် များစွာမူတည်ပါသည်။ ခရစ်ယာန်ကိုယ်ရည်ကိုယ်သွေးများအတွက် အကောင်းဆုံးဆောက်လုပ်ရေးပစ္စည်းများမှာ “ရွှေ၊ ငွေ၊ ကျောက်ကောင်း” များဖြစ်ကြောင်း တမန်တော်ပေါလုကဆို၏။ (၁ ကောရိန္သု ၃:၁၀-၁၂) ဤအရာတို့သည် ယုံကြည်ခြင်း၊ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်ဉာဏ်၊ သစ္စာစောင့်ခြင်း၊ လေးစားခြင်း၊ ယေဟောဝါနှင့် ကိုယ်တော့်တရားတော်များအတွက် နှစ်နှစ်ကာကာ လေးမြတ်တန်ဖိုးထားခြင်း အစရှိသော အရည်အသွေးများကို ကိုယ်စားပြုသည်။ (ဆာလံ ၁၉:၇-၁၁; သု. ၂:၁-၆; ၃:၁၃၊ ၁၄) မိဘတို့အနေဖြင့် မိမိတို့၏သားသမီးများကို ကလေးသူငယ်အရွယ်မှစ၍ ဤအရည်အသွေးများကို မွေးမြူနိုင်အောင် မည်သို့ကူညီပေးနိုင်မည်နည်း။ ရှေးယခင်ကပြဋ္ဌာန်းခဲ့သော လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာခြင်းအားဖြင့်ဖြစ်သည်။

၁၁။ ဣသရေလမိဘတို့က သူတို့သားသမီးများကို ဘုရားတရားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများမွေးမြူနိုင်အောင် မည်သို့ကူညီပေးသနည်း။

၁၁ ဣသရေလလူမျိုး ကတိထားရာပြည်တော်သို့ မဝင်ရောက်မီကလေးတွင် ဣသရေလလူမျိုးမိဘတို့အား ယေဟောဝါ ဤသို့မိန့်မှာတော်မူ၏– “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) မှန်ပါသည်၊ မိဘတို့သည် သားသမီးများအတွက် စံနမူနာပြသူ၊ အဖော်မွန်၊ ဆက်သွယ်ပြောဆိုသူနှင့် ဆရာသမား ဖြစ်ရပေမည်။

၁၂။ မိဘတို့သည် စံနမူနာကောင်းပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၂ စံနမူနာပြသူဖြစ်ပါ။ ဦးဆုံး ယေဟောဝါက “ငါမှာထားသောစကားကို နှလုံးသွင်းရမည်” ဟုမိန့်ဆိုတော်မူ၏။ ထို့နောက် “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်” ဟုထပ်ဆင့်မိန့်တော်မူ၏။ ထို့ကြောင့် မိဘတို့၏နှလုံးထဲ၌ ဘုရားတရားအရည်အသွေးများ ဦးစွာရှိရပေမည်။ မိဘဖြစ်သူတို့သည် အမှန်တရားကိုချစ်၍ ထိုတရားနှင့်အညီနေထိုင်ရမည်။ သို့မှသာ သားသမီး၏နှလုံးကို ထိမိနိုင်မည်။ (သု. ၂၀:၇) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကလေးသူငယ်တို့မြင်ရသည့်အရာက ကြားရသည့်အရာထက် သူတို့အပေါ် ပို၍သြဇာထက်မြက်သောကြောင့်ဖြစ်သည်။—လုကာ ၆:၄၀; ၁ ကောရိန္သု ၁၁:၁။

၁၃။ သားသမီးများအား ဂရုစိုက်စောင့်ရှောက်ရာ၌ ခရစ်ယာန်မိဘများ ယေရှု၏စံနမူနာကို မည်သို့အတုယူနိုင်သနည်း။

၁၃ အဖော်မွန်ဖြစ်ပါ။ ဣသရေလနိုင်ငံရှိ မိဘဖြစ်သူတို့အား ယေဟောဝါက ‘အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ သားသမီးတို့နှင့် စကားပြောပါ’ ဟုမိန့်မှာတော်မူ၏။ ဤသို့ပြုနိုင်ရန် မိဘဖြစ်သူတို့သည် မည်မျှပင်အလုပ်များစေကာမူ သားသမီးတို့အတွက် အချိန်ပေးရန်လိုအပ်လာသည်။ ယေရှုခရစ်က ကလေးသူငယ်များအတွက် အချိန်ပေးထိုက်ကြောင်း ယူမှတ်တော်မူ၏။ ကိုယ်တော်၏ဓမ္မအမှုတော် နောက်ဆုံးရက်များအတွင်း လူတို့က “သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ဆောင်ခဲ့” ကြ၏။ ယေရှု မည်သို့တုံ့ပြန်တော်မူသနည်း။ ကိုယ်တော်က “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” (မာကု ၁၀:၁၃၊ ၁၆) ယေရှုအသက်တာ၏ နောက်ဆုံးအချိန်နာရီများသည် တတိတိနှင့်ကုန်ဆုံးနေသည်ကို စဉ်းစားကြည့်ပါ။ သို့နှင့်ပင် ကလေးသူငယ်များကို အချိန်ပေး၍ ဂရုစိုက်တော်မူ၏။ ကောင်းမြတ်လှသည့် သင်ခန်းစာပါတကား။

၁၄။ သားသမီးများကို အချိန်ပေးခြင်းဖြင့် မိဘတို့ အဘယ်အကျိုးကျေးဇူးရရှိသနည်း။

၁၄ ဆက်သွယ်ပြောဆိုသူဖြစ်ပါ။ သားသမီးကိုအချိန်ပေးလျှင် သူတို့နှင့်ဆက်သွယ်ပြောဆိုရန် အထောက်အကူရမည်။ သူတို့နှင့် များများဆက်သွယ်ပြောဆိုလျှင် သူတို့၏ကိုယ်ရည်ကိုယ်သွေး မည်သို့ဖွံ့ဖြိုးတိုးတက်နေသည်ကို ပို၍ကောင်းစွာသိရှိလာမည်။ သို့သော်၊ ဆက်သွယ်ပြောဆိုသည်ဆိုရာ၌ စကားပြောဆိုသည်ထက်မကကြောင်း သတိရပါ။ “နားထောင်ခြင်းဆိုတဲ့ပညာကို ကျွန်မသင်ကြားမွေးမြူခဲ့ရပါတယ်။ စိတ်ဝင်တစား နားထောင်ပေးတာကိုပြောတာ” ဟူ၍ ဘရာဇီးနိုင်ငံမှ မိခင်တစ်ဦးကဆိုသည်။ သားဖြစ်သူက သူ့အားရင်ဖွင့်ပြောဆိုလာသည့်အခါ သူ၏သည်းခံခြင်းသည် အကျိုးထင်လာလေသည်။

၁၅။ အပန်းဖြေခြင်းနှင့်စပ်လျဉ်း၍ အဘယ်လိုအပ်ချက်များကို စိတ်စွဲရမည်နည်း။

၁၅ ကလေးသူငယ်တို့သည် “ရယ်ရသောအချိန် . . . နှင့်ကခုန်ရသောအချိန်၊” အပန်းဖြေရသောအချိန် လိုအပ်၏။ (ဒေ. ၃:၁၊ ၄; ဇာခရိ ၈:၅) မိဘနှင့်သားသမီးများ အတူတကွ အပန်းဖြေကြမည်ဆိုလျှင် အလွန်ပင်အကျိုးရှိပေသည်။ ဝမ်းနည်းစရာမှာ အိမ်ထောင်အများစုတွင် အပန်းဖြေသည်ဆိုရာ၌ ရုပ်မြင်သံကြားကို အတူထိုင်ကြည့်ခြင်းသာဖြစ်ကြသည်။ ရုပ်မြင်သံကြားအစီအစဉ်အချို့သည် အပျင်းပြေစရာကောင်းသော်လည်း အများစုမှာ ကောင်းမြတ်သောတန်ဖိုးများကို ဖျက်ဆီးပစ်သည်။ ရုပ်မြင်သံကြားကြည့်ခြင်းဖြင့် မိသားစုအတွင်း ပြောဆိုဆက်သွယ်မှုကို ဆိတ်သုဉ်းစေတတ်သည်။ ထို့ကြောင့် သင့်သားသမီးတို့နှင့်အတူ ဖန်တီးတီထွင်မှုရှိသည့် အပျင်းပြေစရာတစ်ခုခု ပြုလုပ်ပါလေ။ သီချင်းဆိုခြင်း၊ ပျော်ရွှင်ဖွယ်ရာကစားနည်းများ ကစားခြင်း၊ သူငယ်ချင်းမိတ်ဆွေများနှင့် ပေါင်းဖော်ခြင်း၊ ပျော်စရာကောင်းသောနေရာများသို့ သွားရောက်လည်ပတ်ခြင်း။ ဤသို့သော လှုပ်ရှားဆောင်ရွက်မှုများသည် ပြောဆိုဆက်သွယ်မှုကို အားပေးသည်။

၁၆။ မိဘတို့အနေဖြင့် သားသမီးများအား ယေဟောဝါနှင့်ပတ်သက်သော အဘယ်အကြောင်းများ သင်ကြားပေးသင့်သနည်း။ မည်သို့သင်ကြားပေးသင့်သနည်း။

၁၆ ဆရာသမားဖြစ်ပါ။ “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်” ဟု ယေဟောဝါမိန့်တော်မူ၏။ စကားစပ်အရ အဘယ်အကြောင်း သင်ပေးရမည်၊ အဘယ်သို့ သင်ပေးရမည်ကို သိနိုင်သည်။ ဦးဆုံးအနေနှင့် “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရမည်။” (တရားဟောရာ ၆:၅) ၎င်းနောက် “ထိုစကား ကို . . . ကြိုးစား၍သွန်သင်ရမည်။” ယေဟောဝါနှင့် ကိုယ်တော့်တရားတော်ကို စိုးလ်အကြွင်းမဲ့ချစ်သောစိတ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် သွန်သင်ခြင်းဖြစ်သည်။ (ဟေဗြဲ ၈:၁၀ နှိုင်းယှဉ်။) “ကြိုးစား၍သွန်သင်” ဟူသောစကားသည် ထပ်ခါထပ်ခါ သင်ကြားခြင်းကိုဆိုလိုသည်။ ထို့ကြောင့် သားသမီးတို့အား ဘုရားတရားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ မွေးမြူနိုင်စေရန် ထိရောက်စွာ ကူညီပေးနိုင်သောနည်းလမ်းမှာ ယေဟောဝါအကြောင်း ပုံမှန်ပြောပြခြင်းပင်ဖြစ်ကြောင်း သင့်အား စင်စစ် ကိုယ်တော်မိန့်ကြားနေသည်။ ယင်းတွင် သားသမီးတို့နှင့် ကျမ်းစာသင်အံမှု ပုံမှန်ပြုလုပ်ခြင်းလည်းပါဝင်သည်။

၁၇။ သားသမီး၏စိတ်ထဲတွင် အဘယ်အရာရှိလာအောင် မိဘတို့ မွေးမြူပေးရန် လိုကောင်းလိုမည်နည်း။ အဘယ်ကြောင့်နည်း။

၁၇ သားသမီး၏နှလုံးထဲသို့ အကြောင်းအရာများကို သွင်းပေးရသည်မှာ မလွယ်ကူကြောင်း မိဘအများသိကြသည်။ “ဖွားစသူငယ်များကဲ့သို့ တရားတော်နို့စစ်ကိုတောင့်တသောစိတ် မွေးမြူကြလော့” ဟု ခရစ်ယာန်ချင်းတို့အား တမန်တော်ပေတရုက တိုက်တွန်းနှိုးဆော်ခဲ့သည်။ (၁ ပေတရု ၂:၂၊ ကဘ) “တောင့်တသောစိတ် မွေးမြူကြလော့” ဟူသောစကားက လူအများ၌ ဝိညာဉ်အစာဆာမွတ်ခြင်းစိတ် ပင်ကိုသဘာဝအလျောက် မရှိကြောင်းပြဆိုသည်။ သားသမီးတို့၏စိတ်ထဲတွင် ထိုတောင့်တသောစိတ်မျိုး ရှိလာအောင် မိဘဖြစ်သူတို့အနေဖြင့် နည်းလမ်းရှာကြံရန် လိုအပ်ပေမည်။

၁၈။ မိဘများ တုပလိုက်နာရန်အားပေးထားသည့် ယေရှု၏ သင်ကြားခြင်းနည်းစနစ်အချို့ကား အဘယ်နည်း။

၁၈ ယေရှုသည် နှလုံးကိုထိမိရန် ပုံဥပမာများကို အသုံးပြုသည်။ (မာကု ၁၃:၃၄; လုကာ ၁၀:၂၉-၃၇) ကလေးသူငယ်များအတွက် ဤသင်ကြားနည်းသည်အထူးပင် ထိရောက်မှုရှိသည်။ ကျွန်ုပ်၏ကျမ်းစာပုံပြင်a စာအုပ်ကဲ့သို့သော ဆေးရောင်စုံရုပ်ပုံများနှင့် စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်များကိုသုံး၍ ကျမ်းစာအခြေခံမူများကို သင်ကြားပေးပါ။ သားသမီးတို့ကို ပါဝင်စေပါ။ သူတို့၏ ဖန်တီးနိုင်စွမ်းကိုအသုံးပြု၍ ကျမ်းစာဖြစ်ရပ်များကို ရေးဆွဲစေပါ၊ သရုပ်ဆောင်စေပါ။ ယေရှုသည် မေးခွန်းများကိုလည်း သုံးတော်မူ၏။ (မဿဲ ၁၇:၂၄-၂၇) မိသားစုသင်အံမှု၌ ကိုယ်တော့်နည်းနာကို တုပပါ။ ဘုရားသခင့်ပညတ်ချက်ကို ပြောပြရုံပြောပြမည့်အစား ဒီပညတ်ကို ယေဟောဝါ ဘာကြောင့်ပေးခဲ့တာလဲ၊ ဖေဖေတို့လိုက်နာမယ်ဆိုရင် ဘာဖြစ်မလဲ၊ မလိုက်နာရင်ကော ဘာဖြစ်မလဲ အစရှိသည့်မေးခွန်းများကိုမေးပါ။ ဤသို့သောမေးခွန်းများက ဘုရားသခင့်ပညတ်များသည် လက်တွေ့ကျ၍ကောင်းမြတ်ကြောင်း ကလေးသူငယ်များ ဆင်ခြင်ပိုင်းခြားသိမြင်အောင် ထောက်ကူပေးသည်။—တရားဟောရာ ၁၀:၁၃။

၁၉။ သားသမီးတို့နှင့်ဆက်ဆံရာ၌ ကျမ်းစာမူများကို မိဘတို့လိုက်လျှောက်ကြမည်ဆိုလျှင် သားသမီးများ အဘယ်ကြီးမားသောအကျိုးကျေးဇူးများကို ခံစားရကြမည်နည်း။

၁၉ စံနမူနာပြသူ၊ အဖော်မွန်၊ ဆက်သွယ်ပြောဆိုသူနှင့် ဆရာသမားဖြစ်ခြင်းအားဖြင့် သင့်သားသမီးအား ငယ်သောအရွယ်မှစ၍ ယေဟောဝါနှင့် နှစ်ကိုယ်ကြား ရင်းနှီးသောဆက်ဆံရေး ထူထောင်လိုစိတ်ရှိအောင် ထောက်ကူပေးနိုင်သည်။ ဤဆက်ဆံရေးက သင့်သားသမီးအား ခရစ်ယာန်တစ်ဦးအနေနှင့် ပျော်ရွှင်နိုင်အောင် အားပေးပေမည်။ သူသည် သက်တူရွယ်တူတို့၏ ဖိအားပေးမှုနှင့် စုံစမ်းသွေးဆောင်ခြင်း ခံရသည့်တိုင်အောင် မိမိ၏ယုံကြည်ချက်နှင့်အညီ ကြိုးစားနေထိုင်သွားပေမည်။ အဖိုးမဖြတ်နိုင်သော ဤဆက်ဆံရေးကို လေးမြတ်တန်ဖိုးထားတတ်အောင် အမြဲမပြတ်ကူညီပေးပါ။—သု. ၂၇:၁၁။

ဆုံးမပဲ့ပြင်ခြင်း အထူးလိုအပ်၏

၂၀။ ဆုံးမပဲ့ပြင်ခြင်းကား အဘယ်နည်း။ ယင်းကို မည်သို့ကျင့်သုံးသင့်သနည်း။

၂၀ ဆုံးမပဲ့ပြင်ခြင်းဆိုသည်မှာ စိတ်နှင့်နှလုံးတို့ကို အမှားပြင်ပေးသည့် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။ ကလေးသူငယ်တို့သည် ဆုံးမပဲ့ပြင်ခြင်း အမြဲတမ်းလိုအပ်သည်။ ပေါလုက ဖခင်ဖြစ်သူတို့အား “[သားသမီး] တို့ကို ယေဟောဝါ၏ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းကွပ်မှုဖြင့် မွေးမြူ” ရန်သွန်သင်ခဲ့သည်။ (ဧဖက် ၆:၄၊ ကဘ) မိဘတို့သည် ယေဟောဝါပြုတော်မူသကဲ့သို့ မေတ္တာဖြင့် ဆုံးမပဲ့ပြင်အပ်သည်။ (ဟေဗြဲ ၁၂:၄-၁၁) မေတ္တာပေါ်အခြေပြုသည့် ဆုံးမပဲ့ပြင်ခြင်းကို အကျိုးအကြောင်းပြ၍ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အား ‘ဆုံးမခြင်းကိုနားထောင်လော့’ ဟုမိန့်မှာထားသည်။ (သု. ၈:၃၃) ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ပြုမည်နည်း။

၂၁။ သားသမီးတို့ကို ဆုံးမပဲ့ပြင်ရာ၌ အဘယ်မူကို မိဘတို့စိတ်စွဲသင့်သနည်း။

၂၁ အချို့မိဘတို့က သားသမီးများကို ဆုံးမပဲ့ပြင်သည်ဆိုရာ၌ ခြိမ်းခြောက်သည့်လေသံဖြင့်ပြောခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ သို့မဟုတ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူပြောဆိုခြင်းမျှနှင့်ပြီးသည်ဟု ထင်မှတ်ကြသည်။ သို့ရာတွင် ဆုံးမခြင်းအကြောင်းနှင့်ပတ်သက်၍ ပေါလုက “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်” ဟူ၍လည်း သတိပေးထားသည်။ (ဧဖက် ၆:၄) “လူခပ်သိမ်းရှေ့ သိမ်မွေ့သူ . . . ငြင်းဆန်သူတို့ကို နူးညံ့စွာဆုံးမသူ ဖြစ်ရမည်” ဟုခရစ်ယာန်အားလုံးကို တိုက်တွန်းထားသည်။ (၂ တိမောသေ ၂:၂၄၊ ၂၅၊ သမ) ခရစ်ယာန်မိဘတို့သည် ခိုင်မာပြတ်သားရမည်ဖြစ်ကြောင်း သိမှတ်ကြသော်လည်း သားသမီးတို့ကို ဆုံးမပဲ့ပြင်ရာ၌ ဤစကားတို့ကို နှလုံးသွင်းကြသည်။ သို့သော် တစ်ခါတစ်ရံ အကျိုးအကြောင်းဖြင့် ပြောဆိုရုံနှင့်မလုံလောက်ဘဲ တစ်နည်းနည်းဖြင့် အပြစ်ဒဏ်ပေးရန် လိုအပ်ပေမည်။—သု. ၂၂:၁၅။

၂၂။ ကလေးတစ်ယောက်ကို အပြစ်ဒဏ်ပေးရန်လိုအပ်ပါက အဘယ်အကြောင်းကိုနားလည်ရန် ကူညီပေးရမည်နည်း။

၂၂ သားသမီး တစ်ယောက်နှင့်တစ်ယောက် မတူကြသဖြင့် ကွဲပြားသည့်ဆုံးမပဲ့ပြင်နည်း လိုအပ်သည်။ အချို့သည် “စကားအားဖြင့်သာ . . . ဆုံးမ၍မနိုင်ရာ။” သူတို့အဖို့ မနာခံမှုအတွက် ရံဖန်ရံခါ အပြစ်ဒဏ်ပေးခြင်းသည် အသက်ကယ်ဆယ်ခြင်း ဖြစ်နိုင်သည်။ (သု. ၁၇:၁၀; ၂၃:၁၃၊ ၁၄; ၂၉:၁၉) သို့သော် အဘယ်ကြောင့်ပြစ်ဒဏ်ပေးခံရသည်ကို သားသမီးနားလည်ရမည်။ “ကြိမ်ခတ်ခြင်း နှင့် ဆုံးမပဲ့ပြင်ခြင်းသည် ပညာကိုရစေတတ်၏။” (သု. ၂၉:၁၅၊ သမ; ယောဘ ၆:၂၄) ထို့ပြင် ပြစ်ဒဏ်ပေးခြင်း၌ နယ်နိမိတ်အကန့်အသတ်ရှိသည်။ “သင့်ကို . . . အတော်အတန် ဆုံးမမည်” ဟုလူမျိုးတော်အား ယေဟောဝါမိန့်တော်မူ၏။ (ယေရမိ ၄၆:၂၈ခ) ကလေးကို အနာတရဖြစ်လောက်အောင် ဒေါသရှေ့ထား၍ရိုက်နှက်ခြင်း၊ ပြင်းထန်စွာရိုက်နှက်ခြင်းကို ကျမ်းစာက လုံးဝမထောက်ခံပါ။—သု. ၁၆:၃၂။

၂၃။ ကလေးတစ်ယောက်သည် မိဘတို့၏ အပြစ်ဒဏ်ပေးခြင်းခံရသည့်အခါ အဘယ်အချက်ကို နားလည်သဘောပေါက်စေသင့်သနည်း။

၂၃ လူမျိုးတော်အား ဆုံးမပဲ့ပြင်မည့်အကြောင်း ယေဟောဝါသတိပေးရာ၌ “မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏” ဟု ဦးစွာမိန့်တော်မူ၏။ (ယေရမိ ၄၆:၂၈က) ထို့အတူ မိဘတို့အနေဖြင့် မည်သည့်နည်းဖြင့် ဆုံးမပဲ့ပြင်ပဲ့ပြင် သားသမီး၏စိတ်တွင် စွန့်ပစ်ခံရသည်ဟူသောခံစားချက် မဖြစ်ပေါ်စေသင့်ပေ။ (ကောလောသဲ ၃:၂၁) သို့အစား မိဘက ‘သူနှင့်အတူ’ ရှိပြီး သူ့ဘက်တွင်ရပ်တည်သောကြောင့် ဆုံးမပဲ့ပြင်ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်စေသင့်သည်။

သင့်သားသမီးကို ဘေးအန္တရာယ်မှ ကာကွယ်ပါ

၂၄၊ ၂၅။ ယခုနေ့ရက်ကာလများအတွင်း သားသမီးများကို အဘယ်အကျည်းတန်သော အန္တရာယ်တစ်ခုမှ မိဘများကာကွယ်ပေးရမည်နည်း။

၂၄ အရွယ်ရောက်ပြီးသူအများက သူတို့၏ကလေးဘဝကို ပျော်ရွှင်သောကာလအဖြစ် ပြန်ပြောင်းတွေးမိကြသည်။ မည်သည့်အခြေအနေရောက်ရောက် မိဘတို့က မိမိတို့ကို ကြည့်ရှုစောင့်ရှောက်မည်ဟူသော အပူအပင်ကင်းပြီး လုံခြုံနွေးထွေးသည့်ခံစားချက်ကို ပြန်လည်သတိရမိကြသည်။ မိဘတိုင်းသည် သားသမီးတို့ကို ဤသို့သောခံစားချက် ရှိစေလိုကြသည်။ သို့သော် အကျင့်ယိုယွင်းသော ယနေ့လောကတွင် သားသမီးတို့ကို ဘေးလွတ်လုံခြုံစွာထားရန်မှာ ယခင်ကာလများထက် ခက်ခဲလာသည်။

၂၅ မကြာမီနှစ်များအတွင်း ကြီးထွားလာသည့် အကျည်းတန်သော အန္တရာယ်တစ်ခုမှာ ကလေးသူငယ်များကို ဗလက္ကာရပြုခြင်းဖြစ်သည်။ မလေးရှားနိုင်ငံတွင်ကလေးသူငယ်ဗလက္ကာရပြုခြင်းအမှုသည် ဆယ်နှစ်ကာလအတွင်း လေးဆဖြစ်လာသည်။ ဂျာမနီနိုင်ငံတွင် ကလေးသူငယ် ၃၀၀,၀၀၀ ခန့် လိင်မှုကျူးလွန်ခြင်း နှစ်စဉ်ခံနေရသည်။ လေ့လာမှုတစ်ခုအရ တောင်အမေရိကနိုင်ငံတစ်ခုတွင် လိင်မှုကျူးလွန်ခံရသော ကလေးသူငယ်ဦးရေမှာ ထိတ်လန့်စဖွယ်ကောင်းလောက်အောင် နှစ်စဉ် ၉,၀၀၀,၀၀၀ ရှိသည်ဟု ခန့်မှန်းဖော်ပြထားသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဤကလေးသူငယ်အများစုမှာ သူတို့နေအိမ်တွင် သူတို့သိကျွမ်းယုံကြည်စိတ်ချသောလူတို့၏ ဗလက္ကာရပြုခြင်းကို ခံရခြင်းပင်ဖြစ်သည်။ သို့သော် သားသမီးတို့သည် မိဘဖြစ်သူတို့၏ အင်အားကြီးမားသောကာကွယ်မှု ရရှိဖို့လိုသည်။ မိဘတို့သည် သားသမီးများကို မည်သို့ကာကွယ်ပေးနိုင်မည်နည်း။

၂၆။ သားသမီးများကို ဘေးလွတ်လုံခြုံစွာထားနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။ အသိပညာက ကလေးတစ်ဦးကို မည်သို့ကာကွယ်ပေးနိုင်သနည်း။

၂၆ အတွေ့အကြုံများအရ လိင်အကြောင်းမသိသော ကလေးသူငယ်များသည် ဗလက္ကာရပြုကျင့်ခံရရန် အထူးလွယ်ကူသည်ဖြစ်ရာ သူတို့ကို အဓိက အကာအကွယ်ပေးသည့် ခြေလှမ်းတစ်လှမ်းမှာ ငယ်ငယ်ကတည်းက ပညာသင်ပေးခြင်းပင်ဖြစ်သည်။ အသိပညာသည် “ဆိုးသောလမ်းမှ . . . [လည်းကောင်း]၊ ကောက်သောစကားကို ပြောတတ်သူ . . . တို့၏လက်မှလည်းကောင်း” ကာကွယ်ပေးမည်။ (သု. ၂:၁၀-၁၅) အဘယ်အသိပညာနည်း။ ကျမ်းစာအခြေခံမူများနှင့်ပတ်သက်သည့် အသိပညာ၊ ကိုယ်ကျင့်တရားဆိုင်ရာ အမှားအမှန်နှင့်ပတ်သက်သည့် အသိပညာဖြစ်သည်။ လူကြီးအချို့သည် မကောင်းမှုများပြုတတ်ကြောင်း၊ မတော်လျော်သည့်အမှုများ ပြုလုပ်ရန်ပြောလာပါက လူငယ်များအနေနှင့် နားထောင်စရာမလိုကြောင်းလည်း သိထားဖို့လိုသည်။ (ဒံယေလ ၁:၄၊ ၈; ၃:၁၆-၁၈ နှိုင်းယှဉ်။) ဤအကြောင်းကို တစ်ခါပြောပြီးသည်နှင့် ရပ်မထားပါနှင့်။ ကလေးသူငယ်အများသည် သင်ခန်းစာတစ်ခုကို ကောင်းမွန်စွာမှတ်မိရန် ထပ်ခါထပ်ခါပြောပြဖို့လိုသည်။ သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ ဖခင်ဖြစ်သူသည် သမီးဖြစ်သူ၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လေးစား၍ မိခင်ဖြစ်သူကလည်း သားဖြစ်သူ၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို လေးစားမည်ဖြစ်သည်။ ဤနည်းဖြင့် အဘယ်အရာသည် တော်လျော်မှန်ကန်ကြောင်း သားသမီး ကောင်းစွာသိရှိရန် ထောက်ကူပေးသည်။ သို့သော် သားသမီး မတော်မတရားပြုကျင့်ခြင်း မခံရအောင် အကောင်းဆုံးကာကွယ်သည့်နည်းမှာ မိဘများကိုယ်တိုင်က ဂရုတစိုက်ကြီးကြပ်ပေးခြင်းပင်ဖြစ်သည်။

ဘုရားသခင့်လမ်းညွှန် ရှာယူပါ

၂၇၊ ၂၈။ သားသမီးများမွေးမြူခြင်းဆိုင်ရာ စိန်ခေါ်ချက်ကို ရင်ဆိုင်ရသည့်အခါ မိဘတို့အား အကူအညီ အကြီးမားဆုံးပေးနိုင်သူကား မည်သူနည်း။

၂၇ နို့စို့အရွယ်မှစ၍ သားသမီးကို လေ့ကျင့်သင်ကြားပေးခြင်းမှာ စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်မှန်သော်လည်း ယုံကြည်သူမိဘတို့အနေဖြင့် ၎င်းစိန်ခေါ်ချက်ကို မိမိတို့ဘာသာ ရင်ဆိုင်ရသည်မဟုတ်ပါ။ ရှေးတရားသူကြီးများလက်ထက်၌ မာနော်အမည်ရှိ အမျိုးသားတစ်ဦးက မိမိဖခင်ဖြစ်ရတော့မည်ကိုသိသောအခါ သူ့ကလေးကိုမွေးမြူရန် လိုအပ်သောလမ်းညွှန်မှုကို ယေဟောဝါထံ တောင်းလျှောက်ခဲ့၏။ ယေဟောဝါလည်း သူ၏ဆုတောင်းချက်ကို နားညောင်းတော်မူ၏။—တရားသူကြီး ၁၃:၈၊ ၁၂၊ ၂၄။

၂၈ ယနေ့လည်း အလားတူစွာ ယုံကြည်သူမိဘတို့အနေဖြင့် သားသမီးများကို မွေးမြူရာ၌ ယေဟောဝါထံဆုတောင်း၍ အကူအညီတောင်းလျှောက်နိုင်သည်။ မိဘဖြစ်ရသည်မှာ ခက်ခဲပင်ပန်းသောအလုပ်ဖြစ်သော်လည်း ဆုလာဘ်မှာ ကြီးမားလှသည်။ ဟာဝိုင်ယီကျွန်းမှ ခရစ်ယာန်မောင်နှံတစ်စုံက ဤသို့ဆို၏– “သားသမီးတွေကို အရေးကြီးတဲ့ လူပျိုအပျိုအရွယ်မတိုင်မီ ၁၂ နှစ်ကြာ လေ့ကျင့်သင်ကြားပေးရတယ်။ သင့်အနေနဲ့ ကျမ်းစာမူအတိုင်း ကြိုးစားလိုက်နာကျင့်သုံးခဲ့မယ်ဆိုရင် သားသမီးတွေက သူတို့စိတ်နှလုံးထဲကနေ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လိုတယ်လို့ ဆုံးဖြတ်ချက်ချလာတဲ့အခါမှာ အင်မတန်ကို စိတ်ချမ်းမြေ့ပျော်ရွှင်ရပါတယ်။” (သု. ၂၃:၁၅၊ ၁၆) သင့်သားသမီးက ထိုအတိုင်းဆုံးဖြတ်ချက်ချသည့်အခါ ‘သားသမီးတို့သည် ထာဝရဘုရား ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏’ ဟူ၍ သင်လည်းကြွေးကြော်မိပေမည်။

a ကင်းမျှော်စင် ကျမ်းစာနှင့်ဝေစာအသင်း မြန်မာမှ ထုတ်ဝေသည်။

သားသမီးများကို လေ့ကျင့်သင်ကြားရာ၌ မိဘတို့အား. . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း

ယေဟောဝါအား ယုံကြည်ကိုးစားပါ။—သု. ၃:၅။

တာဝန်သိတတ်သောစိတ်ရှိပါ။—၁ တိမောသေ ၅:၈။

ယေဟောဝါသည် မေတ္တာပြည့်ဝသည့်ခမည်းတော်ဖြစ်၏။—သု. ၈:၂၂၊ ၃၀။

မိဘတို့သည် သားသမီးများကို သွန်သင်ရမည့်တာဝန်ရှိ၏။—တရားဟောရာ ၆:၆၊ ၇။

ဆုံးမပဲ့ပြင်ခြင်းလိုအပ်၏။—ဧဖက် ၆:၄။

ထိရောက်သော ဆုံးမပဲ့ပြင်နည်း

ထိရောက်မှုရှိသော ဆုံးမပဲ့ပြင်နည်းတစ်နည်းမှာ မကောင်းသောအကျင့်၏ မနှစ်မြို့ဖွယ်ကောင်းသောအကျိုးဆက်ကို သားသမီးများအား ခံစားကြည့်စေခြင်းဖြစ်သည်။ (ဂလာတိ ၆:၇; ထွက်မြောက်ရာ ၃၄:၆၊ ၇ နှိုင်းယှဉ်။) ဥပမာ၊ သင့်ကလေးက ညစ်ပတ်ရှုပ်ပွအောင်လုပ်ထားလျှင် သူကိုယ်တိုင်ကို သန့်ရှင်းစေခြင်းအားဖြင့် သူကောင်းကောင်းမှတ်သွားနိုင်မည်။ တစ်ယောက်ယောက်ကို မတရားလုပ်မိသလော။ တောင်းပန်စေခြင်းအားဖြင့် မကောင်းသည့်ဝသီကို ပြင်ပေးနိုင်လိမ့်မည်။ ဆုံးမပဲ့ပြင်နည်းနောက်တစ်နည်းမှာ မှတ်လောက်သားလောက်ဖြစ်သွားအောင် အခွင့်အရေးများကို အတန်ကြာမပေးဘဲထားခြင်းဖြစ်သည်။ ဤနည်းဖြင့် မှန်ကန်သောမူများကိုလိုက်နာခြင်း၏ ဉာဏ်အမြော်အမြင်ကို ကောင်းစွာသဘောပေါက်လာပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ