“သူငယ်တစ်ယောက်” သည် “လူတစ်ထောင်” ဖြစ်လာ
“သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောလူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။”—ဟေရှာယ ၆၀:၂၂။
၁၊ ၂။ (က) ယနေ့ မြေကြီးကို မှောင်မိုက်အဘယ်ကြောင့်ဖုံးလွှမ်းထားသနည်း။ (ခ) ယေဟောဝါ၏အလင်းသည် ကိုယ်တော်၏လူတို့အပေါ် အဆင့်ဆင့်မည်သို့ထွန်းလင်းခဲ့သနည်း။
“မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည်ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာထင်ရှားလျက်ရှိလိမ့်မည်။” (ဟေရှာယ ၆၀:၂) ဤစကားများသည် ၁၉၁၉ မှစ၍ မြေကြီးပေါ်ရှိအခြေအနေကို ကောင်းစွာဖော်ပြသည်။ ခရစ်ယာန်ဘောင်သည် “ဤလောက၏အလင်း” ယေရှုခရစ်၏ တော်ဝင်ရောက်ရှိခြင်းနိမိတ်ကို ငြင်းပယ်ခဲ့ကြပြီ။ (ယောဟန် ၈:၁၂; မဿဲ ၂၄:၃) “လော[က]မှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်း” တို့၏အကြီးအမှူး စာတန်၏ “ပြင်းစွာသောအမျက်ဒေါသ” ကြောင့် ၂၀ ရာစုသည် လူ့သမိုင်းတွင် အရက်စက်ဆုံး၊ အပျက်အစီးအများဆုံးအချိန်ဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၂:၁၂; ဧဖက် ၆:၁၂) လူအများစုမှာ ဝိညာဉ်ရေးမှောင်မိုက်တွင် အသက်ရှင်နေကြသည်။
၂ သို့တိုင် ယနေ့အလင်းထွန်းလင်းဆဲဖြစ်သည်။ ယေဟောဝါသည် ကောင်းကင်ဆိုင်ရာ ‘မိန်းမ’ ၏မြေကြီးကိုယ်စားလှယ်များဖြစ်ကြသော ကိုယ်တော်၏ကျေးကျွန်၊ ဘိသိက်ခံအကြွင်းအကျန်များအပေါ် အလင်း ‘ထွန်းလင်း’ လျက်ရှိ၏။ (ဟေရှာယ ၆၀:၁) အထူးသဖြင့် ၁၉၁၉ ခုနှစ်တွင် ဗာဗုလုန်ချုပ်နှောင်မှုမှလွတ်မြောက်လာကတည်းက ဤသူတို့သည် ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ခဲ့ကြပြီး ‘သူတစ်ပါးရှေ့၌ မိမိတို့၏အလင်းကိုလင်းစေခဲ့’ ကြပြီ။ (မဿဲ ၅:၁၆) ၁၉၁၉ မှ ၁၉၃၁ တစ်လျှောက် ဤသူတို့သည် သူတို့၌ကျန်ရှိသေးသည့် ဗာဗုလုန်အတွေးအခေါ်နှောင်ကြိုးတို့ကို ဖြတ်တောက်ပစ်ကြစဉ် ဘုရားသခင့်နိုင်ငံတော်အလင်းမှာ လင်းသည်ထက်လင်းလာခဲ့လေသည်။ “ငါသည် . . . ကျန်ကြွင်းသောဣသရေလအမျိုးသားအပေါင်းတို့ကို . . . ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကိုငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်” ဟူသော မိမိ၏ကတိတော်ကို ယေဟောဝါပြည့်စုံစေသည်ဖြစ်၍ သူတို့၏အရေအတွက်မှာ ထောင်သောင်းချီ၍တိုးများလာခဲ့သည်။ (မိက္ခာ ၂:၁၂) ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသောအမည်ကို သူတို့ခံယူခဲ့ကြသောအခါ ကိုယ်တော်၏လူမျိုးအပေါ် ယေဟောဝါ၏ဘုန်းတော်သည် သာ၍ပင်ထင်ရှားလာခဲ့သည်။—ဟေရှာယ ၄၃:၁၀၊ ၁၂။
၃။ ယေဟောဝါ၏အလင်းသည် ဘိသိက်ခံအပြင် အခြားသူတို့အပေါ်ထွန်းလင်းမည့်အကြောင်း မည်သို့ထင်ရှားလာခဲ့သနည်း။
၃ ယေဟောဝါသည် “သိုးစုငယ်” မှကျန်ကြွင်းသူများအပေါ်သာ ထွန်းလင်းမည်လော။ (လုကာ ၁၂:၃၂) မဟုတ်ပါ။ ၁၉၃၁၊ စက်တင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင်က အခြားအုပ်စုတစ်စုကိုညွှန်ပြသည်။ ယေဇကျေလ ၉:၁-၁၁ ၌ မင်အိုးပါသောသူသည် ဘိသိက်ခံအကြွင်းအကျန်ကို ပုံတင်ပြကြောင်း ကောင်းစွာရှင်းပြထားသည်။ ထို “သူ” အားဖြင့် နဖူး၌ထိုးမှတ်ခံရသူတို့ကား မည်သူတို့နည်း။ ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ခြင်း မျှော်လင့်ချက်ရှိကြသော “အခြားသိုး” ဖြစ်သည်။ (ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၂၉) ဤ “အခြားသိုး” အုပ်စုသည် အဆင်းအာရုံတွင် တမန်တော်ယောဟန်မြင်တွေ့ခဲ့သော ‘လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . လူအုပ်ကြီး’ ဖြစ်ကြောင်း ၁၉၃၅ တွင်သိမြင်ခဲ့ကြသည်။ (ဗျာဒိတ် ၇:၉-၁၄) ၁၉၃၅ မှစ၍ ယခုအချိန်အထိ လူအုပ်ကြီးစုသိမ်းခြင်းကို ပို၍အာရုံစိုက်ခဲ့ကြပေပြီ။
၄။ ဟေရှာယ ၆၀:၃ ၌ဖော်ပြထားသော “ရှင်ဘုရင်များ” နှင့် “တစ်ပါးအမျိုးသားများ” ကားမည်သူတို့နည်း။
၄ ဟေရှာယ၏ ဤပရောဖက်ပြုချက်က ဤစုသိမ်းခြင်းလုပ်ငန်းကို ရည်ညွှန်းသည်– “တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။” (ဟေရှာယ ၆၀:၃) ဤတွင်ပါသော “ရှင်ဘုရင်တို့” ကား မည်သူတို့နည်း။ ယေရှုခရစ်နှင့်အတူ ကောင်းကင်နိုင်ငံတော်၏တွဲဖက်အမွေခံဖြစ်ပြီး သက်သေခံခြင်းလုပ်ငန်းတွင် ဦးဆောင်လျက်ရှိသော ၁၄၄,၀၀၀ မှကြွင်းကျန်သူများဖြစ်သည်။ (ရောမ ၈:၁၇; ဗျာဒိတ် ၁၂:၁၇; ၁၄:၁) ယနေ့တွင် ယေဟောဝါ၏သွန်သင်ခြင်းကိုခံယူ၍ အခြားသူတို့ကိုလည်း ထိုသို့ပြုရန်ဖိတ်ခေါ်ကြသော မြေကြီးမျှော်လင့်ချက်ရှိသည့် “တစ်ပါးအမျိုးသား” အရေအတွက်သည် ဘိသိက်ခံကောင်းကင်အတန်းအစားအကြွင်းအကျန်မှ ကျန်ကြွင်းသူထောင်ဂဏန်းအနည်းငယ်ထက် အလွန်ပင်ပို၍များပြားသည်။—ဟေရှာယ ၂:၃။
ယေဟောဝါ၏ ဇွဲလုံ့လရှိကျေးကျွန်များ
၅။ (က) ယေဟောဝါ၏လူမျိုးတော်သည် ဇွဲမလျော့ကြောင်း အဘယ်အဖြစ်အပျက်များကဖော်ပြသနည်း။ (ခ) ၁၉၉၉ တွင် အဘယ်နိုင်ငံများ၌ ထူးထူးခြားခြားတိုးတက်ခဲ့သနည်း။ (စာမျက်နှာ ၁၇-၂၀ ပါဇယားရှု။)
၅ ၂၀ ရာစုတစ်လျှောက်တွင် ယေဟောဝါ၏ မျက်မှောက်ခေတ်သက်သေခံများသည် တကယ်ဇွဲရှိခဲ့ပြီတကား! ၂၀၀၀ ပြည့်နှစ်နီးလာစဉ် ဖိစီးမှုများ တိုးများလာသော်လည်း သူတို့ဇွဲမလျှော့ခဲ့ကြချေ။ ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ လော့ဟူသောယေရှု၏အမိန့်ကို သူတို့အလွန်အလေးအနက်ထားဆဲဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ၂၀ ရာစု၏နောက်ဆုံးလုပ်ငန်းတော်နှစ်တွင် သတင်းကောင်းကို တက်ကြွစွာကြေညာသူအရေအတွက်မှာ နှုန်းသစ် ၅,၉၁၂,၄၉၂ ရောက်ရှိခဲ့သည်။ ဘုရားသခင်နှင့် ကိုယ်တော်၏ရည်ရွယ်ချက်များအကြောင်း သူတစ်ပါးအားပြောပြဖို့အတွက် ထူးထူးခြားခြား စုစုပေါင်းနာရီ ၁,၁၄၄,၅၆၆,၈၄၉ ကို သူတို့အသုံးပြုခဲ့ကြသည်။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုပေါင်း ၄၂၀,၀၄၇,၇၉၆ ခုပြုလုပ်ခဲ့ကြပြီး အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၄,၄၃၃,၈၈၄ ကျင်းပခဲ့ကြ၏။ ဇွဲရှိရှိ ထူးခြားစွာ အမှုတော်ဆောင်ခဲ့ခြင်းမှတ်တမ်းပါတကား!
၆။ ရှေ့ဆောင်များအတွက် အဘယ်အစီအစဉ်သစ်ပြုလုပ်ခဲ့ပြီး အဘယ်တုံ့ပြန်မှုရရှိခဲ့သနည်း။
၆ လွန်ခဲ့သောဇန်နဝါရီလက အုပ်ချုပ်ရေးအဖွဲ့သည် ရှေ့ဆောင်များနာရီပန်းတိုင်ကို ပြုပြင်ထားကြောင်း ကြေညာခဲ့သည်။ ယင်းကိုအခွင့်အရေးယူပြီး အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်သူများစွာရှိခဲ့၏။ သာဓကအနေနှင့် နယ်သာလန်ဌာနခွဲရုံးသည် ၁၉၉၉ ခုနှစ်၏ပထမလေးလအတွင်း လွန်ခဲ့သောနှစ်အဆိုပါကာလ၌ ရရှိခဲ့သော မှန်မှန်ရှေ့ဆောင်လျှောက်လွှာများထက် လေးဆပိုရရှိခဲ့သည်။ ဂါနာနိုင်ငံမှမှတ်တမ်းအရ “ရှေ့ဆောင်နာရီပန်းတိုင်သစ် စတင်သည်နှင့် ကျွန်ုပ်တို့၏မှန်မှန်ရှေ့ဆောင်အရေအတွက်မှာ တဖြည်းဖြည်းများလာသည်” ဟုသိရှိရ၏။ ၁၉၉၉ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ရှေ့ဆောင်အရေအတွက်သည် ၇၃၈,၃၄၂ အထိရောက်ခဲ့ခြင်းကား “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး” ကြောင်း ထူးခြားစွာဖော်ပြခဲ့ခြင်းဖြစ်သည်။—တိတု ၂:၁၄။
၇။ မိမိကျေးကျွန်များ၏ ဇွဲရှိသောလုပ်ဆောင်မှုကို ယေဟောဝါမည်သို့ကောင်းချီးပေးခဲ့သနည်း။
၇ ဇွဲလုံ့လရှိသောဤလုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးခဲ့ပြီလော။ ပေးပါသည်။ ဟေရှာယမှတစ်ဆင့် ကိုယ်တော်ကဤသို့ဆိုသည်– “အရပ်ရပ်သို့မျှော်ကြည့်လော့။ ခပ်သိမ်းသောသူတို့သည်စုဝေး၍ သင့်ထံသို့လာကြ၏။ သင်၏သားသမီးတို့သည်အဝေးကလာ၍၊ သင်၏အနားမှာမွေးစားခြင်းကိုခံကြလိမ့်မည်။” (ဟေရှာယ ၆၀:၄) စုသိမ်းခံခဲ့ရပြီးသော ဘိသိက်ခံ “သားသမီးများ” သည် ဘုရားသခင့်အမှုတော်ကို ဇွဲရှိရှိထမ်းဆောင်နေကြဆဲဖြစ်သည်။ ယခုဆိုလျှင် နိုင်ငံများနှင့်ကျွန်းများ ၂၃၄ တွင် ယေရှု၏အခြားသိုးများသည် ယေဟောဝါ၏ဘိသိက်ခံ “သားများ” နှင့် “သမီးများ” ဘက်သို့ စုသိမ်းခံနေရကြသည်။
“ကောင်းသောအမှုအမျိုးမျိုး”
၈။ ယေဟောဝါသက်သေများသည် အဘယ် ‘ကောင်းမှု’ တို့တွင် တက်ကြွလှုပ်ရှားနေကြသနည်း။
၈ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြော၍ စိတ်ဝင်စားသူများအား တပည့်ဖြစ်လာစေရန်ကူညီပေးဖို့ ခရစ်ယာန်များ၌တာဝန်ရှိသည်။ သို့သော် သူတို့သည် “ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်” ထားသူများဖြစ်ကြသည်။ (၂ တိမောသေ ၃:၁၇) ထို့ကြောင့် သူတို့သည် မိမိတို့၏မိသားစုများကို မေတ္တာရှိစွာကြည့်ရှုစောင့်ရှောက်ကြ၏၊ ဧည့်ဝတ်ကျေပွန်ကြပြီး ဖျားနာသူများထံလည်ပတ်ကြသည်။ (၁ တိမောသေ ၅:၈; ဟေဗြဲ ၁၃:၁၆) ထို့ပြင် ဤစေတနာ့ဝန်ထမ်းများသည် သက်သေဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ခြင်းအစီအစဉ်များ၌လည်း ပါဝင်ကြသည်။ တိုဂိုနိုင်ငံတွင် ခန်းမတစ်လုံးဆောက်လုပ်ပြီးနောက် နယ်ခံဝိညာဉ်တော်ဂိုဏ်းချာ့ချ်တစ်ခုက ဆောက်လုပ်ရေးအတွက် မိမိတို့လူငှားနေရစဉ် ယေဟောဝါသက်သေများမူ သူတို့၏အဆောက်အဦများကို အဘယ်ကြောင့်ကိုယ်တိုင်ကိုယ်ကျဆောက်နိုင်ကြကြောင်း သိလိုခဲ့သည်! အရည်အသွေးကောင်းမွန်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်းသည် ပတ်ဝန်းကျင်အပေါ် ယင်းသို့သောအပြုသဘောအကျိုးသက်ရောက်ခဲ့ရာ အချို့သူတို့သည် ခန်းမများဆောက်မည့်နေရာအနီးတစ်ဝိုက်တွင် အိမ်ငှားရန် သို့မဟုတ် အိမ်ဆောက်ရန်ကြိုးစားနေကြကြောင်း တိုဂိုနိုင်ငံမှသတင်းပေးပို့သည်။
၉။ ဘေးအန္တရာယ်များကျရောက်သောအခါ ယေဟောဝါသက်သေများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၉ တစ်ခါတစ်ရံ ကောင်းသောအမှုနောက်တစ်မျိုးပြုလုပ်ဖို့လိုသည်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း နိုင်ငံများစွာ၌ ဘေးအန္တရာယ်များကျရောက်ခဲ့ရာ အကူအညီပေးဖို့ဦးဆုံးရောက်လာသူတို့မှာ ယေဟောဝါသက်သေများဖြစ်သည်ကို မကြာခဏတွေ့ရှိရသည်။ သာဓကအနေနှင့် ဟွန်ဒူးရပ်စ်နိုင်ငံအတော်များများမှာ ဟာရီကိန်းမိချ်မုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့သည်။ ဌာနခွဲသည် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အရေးပေါ်ကော်မတီများကို ချက်ချင်းဖွဲ့စည်းခဲ့သည်။ ဟွန်ဒူးရပ်စ်နှင့် အခြားနိုင်ငံများရှိသက်သေခံများက အဝတ်အထည်၊ အစားအစာ၊ ဆေးဝါးနှင့် အခြားပစ္စည်းများလှူဒါန်းခဲ့ကြသည်။ ဒေသန္တရဆောက်လုပ်ရေးကော်မတီများသည် သူတို့၏ကျွမ်းကျင်မှုများကိုအသုံးပြု၍ အိမ်များပြန်ဆောက်ပေးခဲ့ကြသည်။ မကြာမီပင် မုန်တိုင်းဒဏ်ခံခဲ့ရသူ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် မိမိတို့လုပ်နေကျလုပ်ငန်းများသို့ပြန်ဝင်နိုင်ကြရန် အကူအညီရရှိကြသည်။ အီကွေဒေါနိုင်ငံတွင် အကြီးအကျယ်ရေလွှမ်းမိုးခဲ့သောကြောင့် အချို့နေအိမ်များပျက်စီးသွားသောအခါ ယေဟောဝါသက်သေများသည် မိမိတို့၏ညီအစ်ကိုများကိုကူညီပေးရန် ရောက်လာကြသည်။ အခြေအနေကိုကျွမ်းကျင်စွာကိုင်တွယ်ခဲ့ကြသည်ကို သတိပြုပြီးနောက် အစိုးရအရာရှိတစ်ဦးက “ကျွန်တော့်မှာ ဒီလိုလူအုပ်သာရှိခဲ့ရင် အံ့ဩစရာတွေကိုလုပ်နိုင်မှာပဲ! ကမ္ဘာ့ဒေသအားလုံးမှာ ခင်ဗျားတို့လိုလူတွေရှိသင့်တယ်” ဟုဆိုခဲ့သည်။ ဤသို့သောကောင်းမှုသည် ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်းဖြစ်စေပြီး ‘အရာရာ၌အကျိုးကိုပေးသော ဘုရားဝတ်၌မွေ့လျော်ခြင်း’ ကျွန်ုပ်တို့တွင်ရှိကြောင်း ထင်ရှားစေသည်။—၁ တိမောသေ ၄:၈။
သူတို့သည် “မိုးတိမ်ကဲ့သို့ . . . ပျံလာ” ကြ
၁၀။ ဘိသိက်ခံအရေအတွက်လျော့နည်းလာသည့်ကြားမှ ယေဟောဝါ၏နာမတော်သည် တစ်ခါနှင့်မျှမတူအောင် အဘယ်ကြောင့် ကြေညာခံရလျက်ရှိသနည်း။
၁၀ ယခု ယေဟောဝါကဤသို့မေးတော်မူ၏– “မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိအိမ်သို့ပျံသောချိုးများကဲ့သို့လည်းကောင်း ပျံလာသောဤသူတို့ကား၊ အဘယ်သူဖြစ်ကြလိမ့်မည်နည်း။ . . . သင်၏သားတို့ . . . ကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည်အဦးပြုကြလိမ့်မည်။ တစ်ပါးအမျိုးတို့သည် သင်၏မြို့ရိုးကိုတည်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကိုပြုစုကြလိမ့်မည်။” (ဟေရှာယ ၆၀:၈-၁၀) ယေဟောဝါ၏ “သားများ၊” ဘိသိက်ခံခရစ်ယာန်များသည် ကိုယ်တော်၏ ‘ထွန်းလင်း’ ခြင်းကို ဦးဆုံးတုံ့ပြန်ခဲ့ကြသည်။ ထို့နောက် ဘိသိက်ခံညီအစ်ကိုများအား သစ္စာရှိစွာကူညီပေးကြသော “တစ်ကျွန်းတစ်နိုင်ငံသားတို့” ဖြစ်သည့်လူအုပ်ကြီးသည် သတင်းကောင်းဟောပြောခြင်းတွင် သူတို့၏ဦးဆောင်မှုကိုလိုက်နာကြသည်။ ထို့ကြောင့် ဘိသိက်ခံများ၏အရေအတွက်လျော့နည်းလာသော်လည်း ယေဟောဝါ၏နာမတော်ကို ကမ္ဘာတစ်ဝန်းတွင် တစ်ခါနှင့်မျှမတူအောင် ကြေညာလျက်ရှိသည်။
၁၁။ (က) အဘယ်အရာဖြစ်ဆဲရှိပြီး ၁၉၉၉ ခုနှစ်တွင် အဘယ်ရလဒ်ရခဲ့သနည်း။ (ခ) ၁၉၉၉ ခုနှစ်တွင် အဘယ်နိုင်ငံများ၌ နှစ်ခြင်းခံသူအရေအတွက် ထူးခြားစွာရရှိခဲ့သနည်း။ (စာမျက်နှာ ၁၇-၂၀ ပါဇယားရှု။)
၁၁ ရလဒ်အနေနှင့် သန်းပေါင်းများစွာသောသူတို့သည် “မိမိအိမ်သို့ပျံသောချိုးများကဲ့သို့” စုပြုံလာကြပြီး ခရစ်ယာန်အသင်းတော်တွင် ခိုလှုံနေကြသည်။ နှစ်စဉ်ပင် ထောင်သောင်းချီသောသူတို့ပူးပေါင်းလာကြပြီး များစွာသောသူတို့အတွက် လမ်းပွင့်နေဆဲဖြစ်သည်။ ဟေရှာယကဤသို့ဆိုသည်– “တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲအစဉ်ဖွင့်ထားရလိမ့်မည်။” (ဟေရှာယ ၆၀:၁၁) လွန်ခဲ့သောနှစ်တွင် ယေဟောဝါထံဆက်ကပ်အပ်နှံသည့် အထိမ်းအမှတ်အဖြစ် ၃၂၃,၄၃၉ နှစ်ခြင်းယူခဲ့ကြပြီး ကိုယ်တော်သည် တံခါးများကိုမပိတ်သေးပါ။ ‘လူမျိုးအပေါင်းတို့မှနှစ်သက်ဖွယ်သောအရာ’ ဖြစ်သည့် လူအုပ်ကြီးတွင်ပါဝင်သူများသည် တိုးဝင်နေကြဆဲဖြစ်သည်။ (ဟဂ္ဂဲ ၂:၇) မှောင်မိုက်ကိုစွန့်ခွာလိုသူ မည်သူကိုမျှမတားဆီးခဲ့ပါ။ (ယောဟန် ၁၂:၄၆) ထိုသို့သောသူအားလုံးသည် အလင်းကိုလေးမြတ်သောသူတို့၏စိတ် ဘယ်သောအခါမျှမပျောက်ပါစေနှင့်!
အတိုက်အခံရင်ဆိုင်ရငြား ရဲရင့်ခြင်း
၁၂။ မှောင်မိုက်ကိုချစ်သူတို့သည် အလင်းကိုပျောက်သွားစေရန် မည်သို့ကြိုးစားပြုလုပ်ခဲ့ကြသနည်း။
၁၂ မှောင်မိုက်ကိုနှစ်သက်သူတို့သည် ယေဟောဝါ၏အလင်းကိုမုန်းကြ၏။ (ယောဟန် ၃:၁၉) အချို့ဆိုလျှင် ထိုအလင်းပျောက်သွားစေရန် ကြိုးစားပြုလုပ်ခဲ့ကြ၏။ ထိုသို့ဖြစ်ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ “ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ” ယေရှုပင်လျှင် လှောင်ပြောင်ခံရ၊ အတိုက်အခံပြုခံရပြီး နောက်ဆုံး၌ ပြည်သားချင်းတို့ကြောင့် အသတ်ပင်ခံခဲ့ရသည်။ (ယောဟန် ၁:၉) နှစ်ဆယ်ရာစုတစ်လျှောက် ယေဟောဝါသက်သေများလည်း လှောင်ပြောင်ခံရ၊ အကျဉ်းချခံရ၊ ပိတ်ပင်ခံခဲ့ရပြီး ယေဟောဝါ၏အလင်းကို သစ္စာရှိစွာရောင်ပြန်ဟပ်ကြစဉ် အသတ်ပင်ခံခဲ့ရကြသည်။ မကြာသေးမီနှစ်များက ဆန့်ကျင်သူတို့သည် သတင်းဖြန့်ချိရေးကိုအသုံးချကာ ဘုရားသခင်၏အလင်းကို ရောင်ပြန်ဟပ်ကြသူများနှင့်ပတ်သက်၍ လိမ်လည်ပြောဆိုခဲ့ကြသည်။ အချို့က ယေဟောဝါသက်သေများသည် အန္တရာယ်ရှိပြီး ကန့်သတ်ခံရ သို့မဟုတ် ပိတ်ပင်ခံရသင့်သည်ဟု လူတို့ကိုယူဆစေလိုကြသည်။ အဆိုပါဆန့်ကျင်သူများ အောင်မြင်ခဲ့ကြပြီလော။
၁၃။ ကျွန်ုပ်တို့၏လုပ်ငန်းနှင့်ပတ်သက်သည့် အဖြစ်မှန်ကို သတင်းဖြန့်ချိရေးထံ လိမ္မာပါးနပ်စွာတင်ပြခဲ့ခြင်းကြောင့် အဘယ်အကျိုးရရှိခဲ့ပြီနည်း။
၁၃ မအောင်မြင်ကြပါ။ ယေဟောဝါသက်သေတို့သည် သင့်တော်သည့်အခါတိုင်း သတင်းဖြန့်ချိရေးသို့သွားကာ အဖြစ်မှန်ကိုရှင်းပြကြသည်။ ရလဒ်အနေနှင့် ယေဟောဝါ၏နာမတော်သည် သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့တွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ခံခဲ့ရပြီ။ ယင်းက ဟောပြောခြင်းလုပ်ငန်းတွင် ရလဒ်ကောင်းများရရှိစေခဲ့သည်။ ဥပမာ၊ ဒိန်းမတ်နိုင်ငံမှ နိုင်ငံတကာတီဗွီအစီအစဉ်တစ်ခုက “ဒိန်းမတ်နိုင်ငံသားများ၏ယုံကြည်ခြင်း အဘယ်ကြောင့်လျော့နည်းလာခြင်း” အကြောင်းကို အသားပေးဖော်ပြခဲ့သည်။ ယေဟောဝါသက်သေများသည် အခြားသူတို့နှင့်အတူ လူတွေ့မေးမြန်းခံခဲ့ကြရသည်။ ထို့နောက် အစီအစဉ်ကိုကြည့်ရှုခဲ့ရသူ အမျိုးသမီးတစ်ဦးက “ဘယ်သူ့ဆီမှာ ဘုရားသခင့်ဝိညာဉ်တော်ရှိတယ်ဆိုတာ သိသာလိုက်တာ” ဟုမှတ်ချက်ချခဲ့သည်။ ထိုအမျိုးသမီးနှင့် သင်အံမှုတစ်ခုစတင်ခဲ့သည်။
၁၄။ အတိုက်အခံပြုသူတို့သည် မခံချိမခံသာဖြစ်လျက် အဘယ်အရာကို မကြာမီ မဖြစ်မနေသိရကြမည်နည်း။
၁၄ ဤလောကရှိ သူအများသည် မိမိတို့ကိုဆန့်ကျင်ကြမည်အကြောင်း ယေဟောဝါသက်သေများသိကြသည်။ (ယောဟန် ၁၇:၁၄) သို့ရာတွင် ဟေရှာယ၏ဤပရောဖက်ပြုချက်ကြောင့် သူတို့ခွန်အားရရှိကြသည်– “သင့်ကိုညှဉ်းဆဲသောသူတို့၏သားတို့သည် သင့်ထံသို့လာ၍ဦးချကြလိမ့်မည်။ သင့်ကိုမထီမဲ့မြင်ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ဝပ်နေကြလိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ဇိအုန်မြို့ဟူ၍ သင့်ကိုသမုတ်ကြလိမ့်မည်။” (ဟေရှာယ ၆၀:၁၄) အမှန်မှာ သူတို့ကိုအတိုက်အခံပြုသူများသည် ဘုရားသခင်ကိုယ်တော်တိုင်အား တိုက်ခိုက်နေကြကြောင်း မခံချိမခံသာဖြစ်လျက် မကြာမီသိလာကြရမည်။ ထိုသို့သောတိုက်ပွဲကို မည်သူအောင်နိုင်မည်နည်း။
၁၅။ ယေဟောဝါသက်သေတို့သည် အဘယ်နည်းဖြင့် “တစ်ပါးအမျိုးသားတို့၏နို့ကိုစို့” ရကြပြီး သူတို့၏သွန်သင်ခြင်းနှင့် ဧဝံဂေလိဟောပြောခြင်းလုပ်ငန်း၌ ၎င်းသည်မည်သို့ထင်ရှားခဲ့သနည်း။
၁၅ ယေဟောဝါက ဤသို့ထပ်မံကတိပြုသည်– “ငါသည် သင့်ကိုထာဝရအထွတ်အမြတ်ဖြစ်စေမည်။ . . . သင်သည် တစ်ပါးအမျိုးသားတို့၏နို့ကိုစို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်းစို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကိုကယ်တင်သောသူ . . . ဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။” (ဟေရှာယ ၆၀:၁၅၊ ၁၆) မှန်ပါသည်၊ ယေဟောဝါသည် မိမိလူမျိုးတော်၏ကယ်တင်ရှင်ဖြစ်၏။ ကိုယ်တော်အားသူတို့မှီခိုအားထားကြမည်ဆိုလျှင် သူတို့သည် “ထာဝရ” တည်ရှိကြမည်။ ထို့ပြင် မှန်သောဝတ်ပြုရေးတိုးတက်စေဖို့ တစ်စုံတစ်ရာသောရရှိနိုင်ရာပစ္စည်းများကိုအသုံးပြုလျက် “တစ်ပါးအမျိုးသားတို့၏နို့ကိုစို့” ကြလိမ့်မည်။ ဥပမာ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးနည်းစနစ်ပညာရပ်ကို ပညာရှိစွာအသုံးပြုခြင်းဖြင့် ကင်းမျှော်စင်ကို ဘာသာစကား ၁၂၁၊ နိုးလော့! ကို ၆၂ သို့တစ်ကြိမ်တည်းပုံနှိပ်ထုတ်ဝေနိုင်ကြသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကားအသစ်များသို့ပြန်ဆိုရာတွင် အထောက်အကူဖြစ်စေဖို့ အထူးကွန်ပျူတာဆော့ဖ်ဝဲပရိုဂရမ်ကို စီစဉ်ခဲ့ကြရာ အဆိုပါဘာသာပြန်ဆိုခြင်းကြောင့် ပျော်ရွှင်မှုများစွာရရှိခဲ့ကြရသည်။ ၁၉၉၉ ခုနှစ်တွင် ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ခရိုအေးရှားဘာသာပြန်ဖြင့် ထုတ်ဝေခဲ့သောအခါ ထောင်နှင့်ချီသောသူတို့သည် ဝမ်းသာမျက်ရည်ကျခဲ့ကြ၏။ သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးက ဤသို့ဆိုခဲ့သည်– “ကျွန်တော် ဒီကျမ်းစာအုပ်ကို စောင့်မျှော်ခဲ့တာ ကြာလှပြီ။ အခု ကျွန်တော်သေပျော်ပါပြီ!” ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကားပေါင်း ၃၄ ဖြင့် တစ်အုပ်လုံးအနေဖြင့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအဖြစ်ဖြစ်စေ သန်း ၁၀၀ ကျော်ဖြန့်ချိခဲ့ပေပြီ။
မြင့်မားသောကျင့်ဝတ်စံနှုန်းများ
၁၆၊ ၁၇။ (က) ခက်ခဲသော်လည်း ယေဟောဝါ၏မြင့်မားသောစံနှုန်းများကို အဘယ်ကြောင့်ထိန်းသိမ်းဖို့အရေးကြီးသနည်း။ (ခ) လောက၏ညစ်ညမ်းမှုကို လူငယ်များရှောင်ကြဉ်နိုင်ကြောင်း အဘယ်တွေ့ကြုံမှုကဖော်ပြသနည်း။
၁၆ ယေရှုက “ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း” သည်ဟုဆိုသည်။ (ယောဟန် ၃:၂၀) အခြားတစ်ဖက်တွင်မူ အလင်း၌ရှိသောသူတို့သည် ယေဟောဝါ၏မြင့်မားသောကျင့်ဝတ်များကို ကြိုက်နှစ်သက်ကြ၏။ ဟေရှာယမှတစ်ဆင့် ယေဟောဝါကဤသို့ဆိုသည်– “သင်၏လူအပေါင်းတို့သည် ဖြောင့်မတ် . . . ကြလိမ့်မည်။” (ဟေရှာယ ၆၀:၂၁က) လိင်အကျင့်ယိုယွင်းခြင်း၊ လိမ်လည်ခြင်း၊ လောဘကြီးခြင်းနှင့် မာန်မာနတို့အလွန်ပျံ့နှံ့လျက်ရှိသောလောကတွင် ဖြောင့်မတ်သောစံနှုန်းများကို ထိန်းသိမ်းရန် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်။ ဥပမာ၊ အချို့နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ ရုတ်တရက်တိုးတက်လာရာ စည်းစိမ်ဥစ္စာနောက်တစိုက်မတ်မတ်လိုက်ပြီး လမ်းလွဲသွားဖို့လွယ်ကူသည်။ သို့သော် ပေါလုကဤသို့သတိပေးခဲ့သည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။” (၁ တိမောသေ ၆:၉) တစ်ဦးတစ်ယောက်သည် ခရစ်ယာန်ပေါင်းသင်းမှု၊ မြင့်မြတ်သောလုပ်ငန်းတော်၊ ကိုယ်ကျင့်စံနှုန်းများနှင့် မိသားစုတာဝန်များစသည့် အမှန်အရေးကြီးရာတို့ကို စွန့်လွှတ်သည့်အထိ စီးပွားရေးလုပ်ငန်းများ၌ နှစ်မြုပ်နေခြင်းသည် ဝမ်းနည်းစရာပါတကား!
၁၇ ရွယ်တူချင်းများစွာက မူးယစ်ဆေးအလွဲသုံးခြင်းနှင့် အကျင့်ယိုယွင်းခြင်း၌ပါဝင်ကြသောအခါ ဖြောင့်မတ်သောစံနှုန်းများကို ထိန်းသိမ်းခြင်းသည် လူငယ်များအတွက် အထူးခက်ခဲနိုင်သည်။ စူရီနမ်မှ ၁၄ နှစ်အရွယ် မိန်းမငယ်တစ်ဦးထံ ကျောင်းမှလူချောလေးတစ်ဦးကလာ၍ လိင်ဆက်ဆံရန်ဖိတ်ခေါ်ခဲ့သည်။ တရားဝင်လက်မထပ်ဘဲ ထိုသို့ပြုခြင်းကို ကျမ်းစာကတားမြစ်ထားကြောင်း ရှင်းပြကာ သူငြင်းဆိုခဲ့သည်။ ကျောင်းမှအခြားမိန်းမငယ်များက သူ့ကိုလှောင်ပြောင်ကြပြီး လူတိုင်းလိုလို ထိုလူငယ်နှင့်လိင်ဆက်ဆံလိုကြကြောင်းပြောကာ သူ့စိတ်ပြောင်းလဲဖို့ ကြိုးစားတိုက်တွန်းခဲ့ကြသည်။ သို့တိုင် ထိုမိန်းမငယ်သည် ခိုင်မြဲစွာရပ်တည်ခဲ့သည်။ အပတ်အနည်းငယ်ကြာပြီးနောက် ထိုလူငယ်မှာ အိပ်ချ်အိုင်ဗွီပိုးရှိကြောင်းသိလာခဲ့ကြရပြီး အကြီးအကျယ်ဖျားတော့သည်။ ‘မတရားမေထုန်ကို ကြဉ်ရှောင်’ ပါဟူသော ယေဟောဝါ၏မိန့်မှာချက်ကို သူနာခံခဲ့ခြင်းကြောင့် မိန်းမငယ်ပျော်ရွှင်ရသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) မှန်ကန်ရာဘက်၌ မားမားမတ်မတ်ရပ်တည်ကြသည့် မိမိတို့တွင်ရှိသော လူငယ်များကြောင့် ယေဟောဝါသက်သေများ အလွန်ဂုဏ်ယူနိုင်ကြသည်။ သူတို့နှင့် သူတို့၏မိဘများ၏ယုံကြည်ခြင်းသည် ယေဟောဝါဘုရားသခင်၏နာမတော်ကို “ဘုန်းပွင့်”—ဂုဏ်တင်—စေသည်။—ဟေရှာယ ၆၀:၂၁ခ။
ယေဟောဝါတိုးပွားစေခဲ့
၁၈။ (က) ယေဟောဝါသည် မိမိ၏လူမျိုးတော်အတွက် အဘယ်အမှုကြီးကိုပြုခဲ့ပြီနည်း။ (ခ) ဆက်တိုးတက်မည်ဖြစ်ကြောင်း အဘယ်အထောက်အထားရှိပြီး အလင်းနှင့်အတူနေသူတို့အတွက် အဘယ်ခမ်းနားထည်ဝါသော အလားအလာစောင့်ကြိုနေသနည်း။
၁၈ မှန်ပါ၏၊ ယေဟောဝါသည် မိမိလူမျိုးတော်အပေါ် အလင်းဖြာခဲ့၊ ကောင်းချီးပေးခဲ့၊ လမ်းညွှန်ပေးခဲ့ပြီး ခွန်အားပေးခဲ့ပြီ။ ၂၀ ရာစုအတွင်း ဟေရှာယ၏ဤပရောဖက်ပြုချက်ပြည့်စုံကြောင်း သူတို့တွေ့ခဲ့ကြရသည်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောလူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာယ ၆၀:၂၂) ၁၉၁၉ ခုနှစ်တွင် လက်တစ်ဆုပ်စာသာရှိခဲ့ရာမှ “သူငယ်တစ်ယောက်” သည် “လူတစ်ထောင်” မကဖြစ်လာခဲ့ပြီ။ ၎င်းတိုးတက်မှုမှာ အဆုံးမသတ်သေးပါတကား! လွန်ခဲ့သောနှစ်တွင် ယေရှု၏သေခြင်းသတိရအောက်မေ့ပွဲကို ၁၄,၀၈၈,၇၅၁ တက်ရောက်ခဲ့သည်။ သူတို့အထဲမှအများမှာ တက်ကြွလှုပ်ရှားနေကြသော သက်သေခံများမဟုတ်ကြပါ။ ထိုအရေးကြီးသောပွဲတော်ကို သူတို့တက်ရောက်ခဲ့ကြသည့်အတွက် ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်၊ အလင်းသို့ဆက်လျှောက်လှမ်းကြဖို့လည်း သူတို့အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်အပေါ် တောက်ပစွာထွန်းလင်းဆဲဖြစ်သည်။ ကိုယ်တော့်အဖွဲ့အစည်းသို့ဝင်ရန် တံခါးမှာပွင့်ဆဲဖြစ်၏။ ထို့ကြောင့် ယေဟောဝါ၏အလင်းနှင့်အတူနေရန် စိတ်ပိုင်းဖြတ်ထားကြပါစို့။ သို့ပြုခြင်းမှ ယခုပင် ကျွန်ုပ်တို့ကောင်းချီးများရရှိကြသည်! အနာဂတ်တွင် ဖန်ဆင်းရာအပေါင်း ယေဟောဝါအားချီးမွမ်း၍ ကိုယ်တော်၏ဘုန်းတန်ခိုးအာနုဘော်တော်၌ ဝမ်းမြောက်ကြသောအခါ ပျော်ရွှင်ကြရမည်ဖြစ်ခြင်း!—ဗျာဒိတ် ၅:၁၃၊ ၁၄။
သင်ရှင်းပြနိုင်သလော
• ဤနောက်ဆုံးကာလတွင် မည်သူတို့သည် ယေဟောဝါ၏ဘုန်းတော်ကိုတုံ့ပြန်ခဲ့ကြသနည်း။
• ယေဟောဝါလူမျိုးတော်၏ဇွဲ မလျော့သွားကြောင်း အဘယ်အရာကဖော်ပြသနည်း။
• ယေဟောဝါသက်သေများအလုပ်များလုပ်ဆောင်နေကြသည့် ကောင်းမှုအချို့ကား အဘယ်နည်း။
• ပြင်းထန်သည့်အတိုက်အခံများကြား အဘယ်အရာကိုကျွန်ုပ်တို့ယုံကြည်စိတ်ချကြသနည်း။
[စာမျက်နှာ ၁၇-၂၀ ပါ ဇယား]
1999 SERVICE YEAR REPORT OF JEHOVAH’S WITNESSES WORLDWIDE
(See bound volume)
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေဟောဝါ၏ အဖွဲ့အစည်းသို့ လူတို့စုပြုံ ဝင်လာဆဲဖြစ်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေဟောဝါသည် အလင်းကိုချစ်မြတ်နိုးသူများအတွက် တံခါးကိုကျယ်ကျယ်ဖွင့်ပေးထားသောကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်