ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
    ကင်းမျှော်စင်—၂၀၀၂ | စက်တင်ဘာ ၁၅
    • ‘မှားယွင်းသော ဒဏ္ဍာရီစကား’ ကိုငြင်းပယ်လော့

      ၈။ (က) ယနေ့အချိန်တွင် စာတန်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ကြိုးစားဖျက်ဆီးသနည်း။ (ခ) ၂ တိမောသေ ၄:၃၊ ၄ တွင်ပေါလု မည်သို့သတိပေးခဲ့သနည်း။

      ၈ စာတန်သည် ကျွန်ုပ်တို့သင်ယူခဲ့ရာများအပေါ် သံသယမျိုးစေ့ကြဲခြင်းအားဖြင့် ကျွန်ုပ်တို့၏တည်ကြည်မှုကို ချိုးဖျက်ရန် ကြိုးစားသည်။ ပထမရာစုမှာကဲ့သို့ ယနေ့လည်း အယူဖောက်ပြန်သူများနှင့် အခြားသူများသည် ရိုးဖြောင့်သူများ၏ ယုံကြည်ခြင်းကို ဖျက်ဆီးရန် ကြိုးစားကြသည်။ (ဂလာတိ ၂:၄; ၅:၇၊ ၈) တစ်ခါတစ်ရံ သူတို့သည် လူထုဆက်သွယ်ရေးကို အသုံးပြုပြီး ယေဟောဝါလူမျိုးတော်၏ နည်းလမ်းများ၊ သဘောထားများအကြောင်း ဗြောင်လိမ်လည်၍ မဟုတ်မမှန်သတင်း ဖြန့်ချိကြသည်။ အချို့တို့သည် အမှန်တရားမှ လမ်းလွဲသွားလိမ့်မည်ဟု ပေါလုဤသို့သတိပေး ရေးသားခဲ့၏– “နောင်ကာလ၌ လူတို့သည် စင်ကြယ်သော[သွန်သင်ခြင်း]ကို နားမခံနိုင်ဘဲ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ [အမှန်]တရားကိုနားမထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။”—၂ တိမောသေ ၄:၃၊ ၄။

      ၉။ ‘မှားယွင်းသော ဒဏ္ဍာရီစကား’ ဟုပေါလုရည်ညွှန်းခဲ့ရာတွင် အဘယ်အရာကို ဆိုလိုနိုင်သနည်း။

      ၉ ကျန်းခံ့သောတရားစကားပုံစံကို ဆုပ်ကိုင်ထားကြမည့်အစား အချို့သူတို့သည် ‘မှားယွင်းသော ဒဏ္ဍာရီစကား’ များကို သိလိုစိတ်ပြင်းပြခဲ့ကြသည်။ ထိုမှားယွင်းသောဒဏ္ဍာရီစကားများကား အဘယ်နည်း။ ကျမ်းစစ်မဟုတ်သောကျမ်းပို၊ တိုးဘိကျမ်းတွင်ပါသော စိတ်ကူးပေါက်ရာရေးထားသည့်ပုံပြင်များကို ပေါလုဆိုလိုနေပေမည်။a မှားယွင်းသောဒဏ္ဍာရီပုံပြင်များတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ မှန်းဆ၍ပြောဆိုသော ကောလာဟလသတင်းများလည်း ပါဝင်နိုင်၏။ အချို့သူများသည် “မိမိတပ်မက်ခြင်းအတိုင်း” ဘုရားသခင့်စံနှုန်းများနှင့်ပတ်သက်၍ အထိန်းအကွပ်မရှိ ရှုမြင်ကြသူများ သို့မဟုတ် အသင်းတော်တွင်ဦးစီးသူများကို အပြစ်ရှာသူများ၏ ဖြားယောင်းသွေးဆောင်မှုကို ခံခဲ့ကြရပေမည်။ (၃ ယောဟန် ၉၊ ၁၀; ယုဒ ၄) အချို့သူတို့သည် မည်သည့်နည်းဖြင့်ပင် ထိမိ၍လဲခဲ့ပါစေ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားထက် မှားယွင်းသောစကားများကို ပို၍နှစ်သက်ပုံရသည်။ မကြာမီ ဤသူတို့သည် မိမိတို့သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်း မပြုတော့ဘဲ မိမိတို့ကိုယ်ကို ဝိညာဉ်ရေးအကျိုးယုတ်စေခဲ့ကြသည်။—၂ ပေတရု ၃:၁၅၊ ၁၆။

      ၁၀။ မျက်မှောက်ခေတ် မှားယွင်းသောဒဏ္ဍာရီပုံပြင်များကား အဘယ်နည်း၊ အထူးသတိပြုရန်လိုကြောင်း ယောဟန် မည်သို့ဖော်ပြခဲ့သနည်း။

      ၁၀ ကျွန်ုပ်တို့နားထောင်၊ ဖတ်ရှုရာများကို အသေအချာစစ်ဆေး ရွေးချယ်မည်ဆိုလျှင် မှားယွင်းသောဒဏ္ဍာရီစကားများကို မစွဲလမ်းမိရန် ရှောင်ရှားနိုင်သည်။ ဥပမာ၊ လူထုဆက်သွယ်ရေးနည်းလမ်းများသည် အကျင့်ပျက်ပြားခြင်းကို အားပေးအားမြှောက်ပြုလေ့ရှိသည်။ လူအများသည် မသိဝါဒီ သို့မဟုတ် ဘုရားသခင်မဲ့ဝါဒကို ဗြောင်ကျကျထွန်းကားစေကြသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းခံစာစောင်ဖြစ်သည်ကို ဝေဖန်ရေးသမားများက ပြောင်လှောင်ကြသည်။ ထို့ပြင် မျက်မှောက်ခေတ် အယူဖောက်ပြန်သူများသည် ခရစ်ယာန်တို့၏ယုံကြည်ချက်ကို မှောက်လှန်ဖျက်ဆီးရန် သံသယမျိုးစေ့များ ကြိုးစားကြဲကြသည်။ ပထမရာစုရှိ မှောက်မှားသောပရောဖက်များကြောင့်ဖြစ်ပေါ်ခဲ့သည့် ထပ်တူအန္တရာယ်နှင့်ပတ်သက်၍ တမန်တော်ယောဟန်က ဤသို့သတိပေးခဲ့သည်– “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။” (၁ ယောဟန် ၄:၁) ထို့ကြောင့် ကျွန်ုပ်တို့သတိပြုရန်လိုသည်။

      ၁၁။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတွင် တည်မတည် ဆန်းစစ်ရန် နည်းတစ်နည်းကား အဘယ်နည်း။

      ၁၁ ယင်းနှင့်စပ်လျဉ်း၍ ပေါလုဤသို့ရေးသားခဲ့၏– “သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။” (၂ ကောရိန္သု ၁၃:၅) ကျွန်ုပ်တို့သည် ခရစ်ယာန်ယုံကြည်ချက်အားလုံးကို ဆုပ်ကိုင်ထားမထားသိရှိရန် မိမိကိုယ်ကိုစစ်ဆေးဖို့ တမန်တော်က အားပေးခဲ့သည်။ ကျွန်ုပ်တို့သည် အတိုက်အခံပြုသူများ၏စကားကို နားထောင်လိုစိတ်ရှိနေပါက ဆုတောင်း၍ မိမိတို့ကိုယ်ကို ဆန်းစစ်ရန်လိုပါသည်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) ကျွန်ုပ်တို့သည် ယေဟောဝါ၏လူမျိုးတော်ကို အပြစ်ရှာတတ်သလော။ အပြစ်ရှာနေပါက၊ အဘယ်ကြောင့်နည်း။ တစ်ဦးတစ်ယောက်၏ စကား၊ သို့မဟုတ် အပြုအမူကြောင့် စိတ်နာခဲ့ဖူးပါသလော။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်တို့သည် အရာရာကို အရှိအတိုင်းရှုမြင်ပါသလော။ ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် မည်သည့်အခက်အခဲမဆိုသည် ခဏမျှသာဖြစ်သည်။ (၂ ကောရိန္သု ၄:၁၇) အသင်းတော်တွင် စုံစမ်းစမ်းသပ်မှုအချို့ခံနေရလျှင်ပင် ဘုရားသခင့်အမှုတော်ကို အဘယ်ကြောင့်မဆောင်ဘဲနေမည်နည်း။ တစ်ခုခုကြောင့် ကျွန်ုပ်တို့စိတ်အနှောင့်အယှက်ဖြစ်နေမည်ဆိုလျှင် ပြဿနာဖြေရှင်းရန် အတတ်နိုင်ဆုံးကြိုးစားပြီး ယေဟောဝါ၏လက်ထဲတွင် အပ်ထားခြင်းသည် ပို၍ကောင်းသည်မဟုတ်ပေလော။—ဆာလံ ၄:၄; သု. ၃:၅၊ ၆; ဧဖက် ၄:၂၆။

      ၁၂။ ဗေရိမြို့သားများသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း မည်သို့ချမှတ်ခဲ့သနည်း။

      ၁၂ အပြစ်ရှာနေမည့်အစား ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုနှင့် အသင်းတော်အစည်းအဝေးများမှ ရရှိထားသောအချက်အလက်များအပေါ် ဝိညာဉ်ရေးအမြင်ရှိဖို့ အမြဲကြိုးစားကြစို့။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သံသယဝင်နေမည့်အစား သမ္မာကျမ်းစာကို စေ့စေ့ကြည့်ရှုစစ်ဆေးခဲ့ကြသည့် ပထမရာစုမှ ဗေရိမြို့သားများ၏ သဘောထားမျိုးရှိခြင်းသည် အလွန်ပညာရှိသည်တကား! (တမန်တော် ၁၇:၁၀၊ ၁၁) ထို့နောက် မှားယွင်းသော ဒဏ္ဍာရီစကားများကို ငြင်းပယ်ပြီး အမှန်တရားကို ဆုပ်ကိုင်ထားခြင်းအားဖြင့် သင်ယူရရှိရာကို ကျင့်သုံးကြစို့။

      ၁၃။ ကျွန်ုပ်တို့သည် မှားယွင်းသောဒဏ္ဍာရီစကားများကို မထင်မမှတ်ဘဲ မည်သို့ပျံ့နှံ့သွားစေနိုင်သနည်း။

      ၁၃ ကျွန်ုပ်တို့သတိထားရမည့် မှားယွင်းသောဒဏ္ဍာရီပုံပြင်စကားတစ်မျိုး ရှိသေးသည်။ များသောအားဖြင့် အီးမေးလ်မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်သတင်းမြောက်မြားစွာ ပျံ့နှံ့လေ့ရှိသည်။ အထူးသဖြင့် သတင်းအချက်အလက်များ၏ ရင်းမြစ်ကို ကျွန်ုပ်တို့မသိရပါက ထိုကဲ့သို့သောသတင်းများကို သတိပြုသင့်သည်။ နာမည်ကောင်းရှိသူ ခရစ်ယာန်တစ်ဦးပို့လိုက်သည့် တွေ့ကြုံမှု သို့မဟုတ် အဖြစ်အပျက်တစ်ခုဖြစ်လျှင်ပင် ထိုပုဂ္ဂိုလ်သည် ထိုသတင်းအချက်အလက်ကို ကိုယ်တိုင်ကိုယ်ကျကြားသိထားရာ ဖြစ်ချင်မှဖြစ်မည်။ ထို့ကြောင့် မှန်မမှန်မသိရသော သတင်းများကို တစ်ဆင့်ပြောဆိုခြင်း သို့မဟုတ် ဆက်၍ပျံ့နှံ့စေခြင်းတို့ကို မပြုရန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် “တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကား” သို့မဟုတ် “သန့်ရှင်းမြင့်မြတ်ရာကို မခန့်လေးစားပြုသည့် မှားယွင်းသောဒဏ္ဍာရီစကားများ” ကို ထပ်မံပြောဆိုလိုကြမည် မဟုတ်သည်မှာ သေချာသည်။ (၁ တိမောသေ ၄:၇) ကျွန်ုပ်တို့သည် တစ်ယောက်ကိုတစ်ယောက် မှန်မှန်ကန်ကန်ပြောဆိုရမည်ဖြစ်သောကြောင့် မမှန်သောစကားများကို အမှတ်တမဲ့ပင် ပျံ့နှံ့မသွားစေရန်သတိပြုခြင်းသည် ပညာရှိရာကျသည်။—ဧဖက် ၄:၂၅။

  • သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
    ကင်းမျှော်စင်—၂၀၀၂ | စက်တင်ဘာ ၁၅
    • a ဘီ.စီ.အီး. သုံးရာစုတွင် ရေးသားခဲ့ခြင်းဖြစ်နိုင်သည့် တိုးဘိကျမ်းတွင် တိုးဘိုင်ယပ်စ်အမည်ရှိသူ ဂျူးတစ်ဦး၏ အယူသီးစွာ ပြောဆိုခဲ့သောစကားများပါရှိသည်။ ဤသူသည် ငါးကြီးတစ်ကောင်၏ နှလုံး၊ သည်းခြေနှင့် အသည်းတို့ကိုအသုံးပြုကာ အနာရောဂါကုသနိုင်စွမ်းရှိပြီး နတ်ဆိုးတို့ကို နှင်ထုတ်နိုင်၏ဟု ဆိုသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ