ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁ စာ. ၂၉-၃၁
  • “ဒဏ္ဍာရီစကားကို ပယ်ရှား”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဒဏ္ဍာရီစကားကို ပယ်ရှား”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာတရားစကားများကို စမ်းသပ်ခြင်း
  • သဘာဝထက်လွန်ကဲသော ပုံပြင်များ
  • နတ်ဆိုးတို့၏အဆိုကို ငြင်းပယ်ခြင်း
  • လေ့လာစရာ အကြံပြုလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါရဲ့ ရှင်းလင်းတဲ့သတိပေးချက်ကို သင်လိုက်နာမလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁ စာ. ၂၉-၃၁

“ဒဏ္ဍာရီစကားကို ပယ်ရှား”

သမ္မာကျမ်းစာတွင် လူတို့၏အတွေ့အကြုံနှင့်အဖြစ်အပျက် များဖြင့်ပြည့်နှက်နေသည်။ ယင်းတို့ကိုဖတ်ရှုခြင်းမှ ပျော်ရွှင်မှုရရုံသာမက အကျိုးလည်းခံစားရပါသည်။ ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်ထံ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထားသတည်း။”—ရောမ ၁၅:၄။

ပေါလုကိုယ်တိုင် မိမိ၏တွေ့ကြုံမှုများကို ပြောပြပါသည်။ ပေါလုနှင့်ဗာနဗတို့၏ ပထမသာသနာပြုခရီးစဉ်အဆုံးအကြောင်းကို သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ထို [ရှုရိအန္တိအုတ်မြို့] သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏။” (တမန်တော် ၁၄:၂၇) ဤတွေ့ကြုံမှုများသည် ညီအစ်ကိုများအတွက် ကြီးစွာသောအားပေးတည်ဆောက်မှု ဖြစ်ခဲ့မည်မှာ သံသယဖြစ်စရာမရှိပါ။

သို့ရာတွင် တွေ့ကြုံမှုတိုင်း တည်ဆောက်မှုပေးသည်ကား မဟုတ်ပါ။ မှုတ်သွင်းခံခြင်းအားဖြင့် တိမောသေအား ပေါလု ဤသို့သတိပေးခဲ့သည်– “မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား” လော့။ (၁ တိမောသေ ၄:၇) သစ္စာရှိခရစ်ယာန်များသည် “ယုဒ ဒဏ္ဍာရီစကားကိုလည်းကောင်း၊ သမ္မာတရားကိုစွန့်သော လူတို့၏ ပညတ်တို့ကိုလည်းကောင်း အမှုမထား” ရန်တိတုထံ သူရေးသားခဲ့သည်။—တိတု ၁:၁၄။

ဤဒဏ္ဍာရီစကား၊ သို့မဟုတ် ပုံပြင်များကား အဘယ်နည်း။ ယင်းစကားလုံးနှစ်လုံးသည် ဂရိစကားလုံး မီသော့စ် (“ဒဏ္ဍာရီ”) မှလာသည်။ အပြည်ပြည်ဆိုင်ရာ စံတင်ကျမ်းစာ စွယ်စုံကျမ်းအရ ဤစကားလုံးသည် “ဖြစ်ရပ်မှန်နှင့် လုံးဝမစပ်ဆိုင်သော (ဘာသာတရားဆိုင်ရာ) ပုံပြင်” ကိုဖော်ပြသည်ဟု ဆို၏။

ပေါလုခေတ်တွင် ထိုသို့သောဒဏ္ဍာရီများ ဒုနှင့်ဒေးရှိသည်။ ဥပမာတစ်ခုအနေနှင့် ပေါလုခေတ်မတိုင်မီ နှစ်ပေါင်းနှစ်ရာကျော်က ရေးသားကောင်းရေးသားခဲ့မည့် ကျမ်းစစ်ကျမ်းမှန်မဟုတ်သော တိုဘစ်ဒ်ကျမ်းဖြစ်သည်။ ထိုပုံပြင်က ဘုရားတရားကြည်ညိုသော တိုဘစ်ဒ်အမည်ရှိ ဂျူးအမျိုးသားတစ်ဦး၏မျက်စိထဲ ငှက်ချေးကျ၍ မျက်စိကန်းသွားကြောင်း၊ နောင်တွင် သူက တိုဘိုင်ယပ်စ်အမည်ရှိ သားဖြစ်သူကို အကြွေးသွားတောင်းရန်စေလွှတ်စဉ် ကောင်းကင်တမန်တစ်ပါး၏ လမ်းပြညွှန်ကြားမှုအရ တိုဘိုင်ယပ်စ်သည်ငါး၏နှလုံး၊ အသည်းနှင့် သည်းခြေကိုရခဲ့ကြောင်း၊ ထို့နောက် ခုနှစ်ကြိမ်အိမ်ထောင်ပြုခဲ့သော်လည်း မင်္ဂလာဦးညတွင် သူနှင့်ထိမ်းမြားသည့် လင်ယောက်ျားတစ်ဦးစီကို နတ်ဆိုးကသတ်ပစ်ခဲ့သောကြောင့် အပျိုစင်ဖြစ်နေသော မုဆိုးမတစ်ယောက်နှင့် သူတွေ့ဆုံကြောင်း၊ ကောင်းကင်တမန်၏ ညွှန်ကြားမှုအတိုင်း ထိုအမျိုးသမီးကို တိုဘိုင်ယပ်စ်ထိမ်းမြားလိုက်၍ ငါးနှလုံးနှင့်အသည်းကို မီးရှို့ခြင်းဖြင့် နတ်ဆိုးကိုနှင်ထုတ်ပြီး ငါး၏သည်းခြေနှင့်မူ တိုဘိုင်ယပ်စ်သည် ဖခင်၏မျက်စိကို နဂိုပကတိ ပြန်ဖြစ်စေကြောင်း ဖြစ်သည်။

ဤပုံပြင်သည် မမှန်ကန်နိုင်သည်ကား ထင်ရှားလှသည်။ စိတ်ကူးယဉ်ဆန်လွန်းလှသည့်အပြင် အယူသီးမှုသဘောပါရုံမက မှားယွင်းမှုလည်းဖြစ်သည်။ ဥပမာ၊ ဣသရေလသမိုင်းတွင် နှစ်ပေါင်း ၂၅၇ နှစ်ကွာခြားသော အဖြစ်အပျက်တို့ဖြစ်သည့် မြောက်ပိုင်းအနွယ်များ၏ပုန်ကန်မှုနှင့် နိနေဝေမြို့သို့ ဣသရေလလူမျိုး ပြည်နှင်ခံရခြင်းကို တိုဘစ်ဒ်သည် မျက်မြင်ကိုယ်တွေ့ဖြစ်သည်ဟု ယင်းမှတ်တမ်းကဆိုထားသော်လည်း တစ်ကြိမ်တည်းတွင် တိုဘစ်ဒ်ကွယ်လွန်သည့်အချိန်တွင် သူသည်အသက် ၁၁၂ နှစ်ရှိသည်ဟု ထိုပုံပြင်ကဆိုသည်။—တိုဘစ်ဒ် ၁:၄၊ ၁၁; ၁၄:၁၊ ယေရုရှလင် သမ္မာကျမ်း။

ဤသို့သော ပုံပြင်များသည် ဘုရားသခင့်သစ္စာရှိကျေးကျွန်များ ဟောပြောသည့် စစ်မှန် “စင်ကြယ်သောတရားစကားပုံစံ” နှင့်မညီညွတ်ပါ။(၂ တိမောသေ ၁:၁၃၊ ကဘ) ယင်းတို့သည် စိတ်ကူးယဉ်ဆန်၍ သမိုင်းဖြစ်ရပ်မှန်နှင့် ဆန့်ကျင်သည့် ဘုရားတရားမဲ့ မိန်းမအိုများပြောဆိုတတ်သည့်စကားများနှင့် တူပါသည်။ ယင်းပုံပြင်များကို ခရစ်ယာန်များ ပယ်ရှားကြရန်ဖြစ်သည်။

သမ္မာတရားစကားများကို စမ်းသပ်ခြင်း

ယနေ့ ဤကဲ့သို့သောပုံပြင် မြောက်မြားစွာရှိပါသည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကို နားမခံနိုင်ဘဲ . . . သမ္မာတရားကို နားမထောင်ဘဲ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။” (၂ တိမောသေ ၄:၃၊ ၄) ကမ္ဘာ့ဒေသအချို့တွင် သဘာဝထက်လွန်ကဲသော ပုံဝတ္ထုများစွာရှိ၍ ယင်းတို့ကို လူအများကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ပညာရှိစွာဖြင့် ဘာသာရေးပုံပြင် “စကားကို စုံစမ်း” ၍ သမ္မာကျမ်းစာနှင့် ကိုက်ညီမညီ စစ်ဆေးကြည့်ရမည်။—ယောဘ ၁၂:၁၁။

အများအားဖြင့် မကိုက်ညီကြောင်း ထင်ရှားနေသည်။ ဥပမာ၊ ကမ္ဘာ့ဒေသအမြောက်အမြားတွင် လူ့ဝိညာဉ်စိုးလ်သည် မသေနိုင်ဟူသောအယူကိုထောက်ခံသည့် ပုံပြင်များကို ကြားလေ့ကြားထရှိသည်။ လူသေပြီးနောက် အခြားတစ်နေရာရာတွင် မွေးစကလေးတစ်ဦးကိုယ်ခန္ဓာအဖြစ်၊ နာမ်ဝိညာဉ်သတ္တဝါအဖြစ်၊ တိရစ္ဆာန်တစ်ကောင်အဖြစ်၊ သို့မဟုတ် လူတစ်ယောက်အဖြစ် ပြန်ပေါ်လာကြောင်း ဤပုံပြင်များက ဖော်ပြပါသည်။

သို့ရာတွင် လူ့ဝိညာဉ်စိုးလ်များသည် သေနိုင်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြသည်။ (ယေဇကျေလ ၁၈:၄) ထို့ပြင် လူသေသည် သင်္ချိုင်း၌ အသက်မဲ့၍ မစဉ်းစားတတ်၊ စကားမပြောတတ်၊ သို့မဟုတ် အဘယ်အမှုကိုမျှမပြုနိုင်ကြောင်း သမ္မာကျမ်းစာဆိုသည်။ (ဒေသနာ ၉:၅၊ ၁၀; ရောမ ၆:၂၃) သို့ဖြစ်၍ ဝိညာဉ်စိုးလ်မသေနိုင်ဟူသော ပုံပြင်များ၏လှည့်ဖြားခြင်းကိုခံသူများသည် ပေါလုပြောသကဲ့သို့ သမ္မာကျမ်းစာ၏ “စင်ကြယ်သောသြဝါဒ” မှ “လွဲသွားကြ” သူများဖြစ်သည်။

သဘာဝထက်လွန်ကဲသော ပုံပြင်များ

အခြားပုံပြင်များက စုန်းကဝေနှင့် မှော်ဆရာအတတ်များအကြောင်းဖြစ်သည်။ ဥပမာ၊ အာဖရိကနိုင်ငံရှိ အချို့ဒေသများတွင် ဤအောက်လမ်းဆရာများမှာ ကြောက်မက်ဖွယ်အစွမ်းအစများရှိပြီး သူတို့ကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုသော်လည်းကောင်း တွားတတ်သောသတ္တဝါဖြစ်စေ၊ မျောက်ဖြစ်စေ သို့မဟုတ် ငှက်များ၏သဏ္ဌာန်ကိုဖြစ်စေ ယူစေပြီး ကောင်းကင်၌ ပျံဝဲလျက်; ပျောက်သွား၍ ပြန်ပေါ်လာနိုင်လျက်; အုတ်နံရံကို ထွင်းနိုင်လျက်; မြေကြီးထဲ မြှုပ်နှံထားသည့်အရာများကို မြင်နိုင်လျက်ရှိသည်ဟု ဆိုကြသည်။

ဤသို့သောပုံပြင်များ ဒုနှင့်ဒေးရှိရုံမက လူမြောက်မြားစွာ ယုံကြည်ကြခြင်းကြောင့် ခရစ်ယာန်အသင်းတော်ရှိသူအချို့ပင်လျှင် ယင်းတို့ကို ယုံကြည်သွားသည့်အထိ ဩဇာလွှမ်းမိုးခံရပေမည်။ သာမန်လူများ ထိုအမှုများကို မပြုနိုင်သည်မှန်သော်လည်း နာမ်ဝိညာဉ်သတ္တဝါ၊ နတ်ဆိုးများထံမှ သဘာဝထက်လွန်ကဲသောအစွမ်းတန်ခိုးများ ရရှိထားသူများမူကား ထိုအရာများကိုပြုနိုင်သည်ဟု သူတို့ကျိုးကြောင်းဆင်ခြင်ကြမည်။ ဤသို့ယူမှတ်ရန် အကြောင်းရှိစေသည်ကား ၂ သက်သာလောနိတ် ၂:၉၊ ၁၀ ပါစကားများဖြစ်သည်– “ထိုအဓမ္မလူ၏လာခြင်းအကြောင်းဟူမူကား စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကိုမခံမယူကြ။”

စာတန်သည် တန်ခိုးကြီးမားသောလုပ်ငန်းများကို တတ်နိုင်ကြောင်း ဤကျမ်းချက်တင်ပြသည်မှန်သော်လည်း စာတန်သည် “မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ” နှင့် “မတရားသောလှည့်ဖြားခြင်းအမျိုးမျိုး” ကိုလည်း ပြုစုတတ်သည်။ ယင်းနှင့်အညီ စာတန်သည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” သော မဟာကလိမ်ဉာဏ်ရှင်ဖြစ်ကြောင်း သမ္မာကျမ်းစာဖော်ပြပါသည်။ (ဗျာဒိတ် ၁၂:၉) သူသည် လူတို့အား မမှန်ကန်သည့်အရာများယုံကြည်ရန်ပြုလုပ်သည့်နေရာတွင် ဝိဇ္ဇာပင်ဖြစ်သည်။

ယင်းကြောင့် နတ်ဝိဇ္ဇာအတတ်ပညာနှင့် စုန်းကဝေအတတ်ကို လိုက်စားခဲ့သူများ၏ ပြောဆိုချက်နှင့်ဝန်ခံချက်များသည် အများအားဖြင့် မဖြစ်နိုင်ရာများဖြစ်သည်။ ဤသူများက သူတို့တွေ့ဖူးပါသည်၊ ကြားဖူးသည် သို့မဟုတ် ကြုံတွေ့ဖူးသည်ဟုဆိုကြမည်ဖြစ်သော်လည်း အမှန်မှာ ယင်းသို့မဟုတ်ပါ။ ဥပမာ၊ လူသေများ၏ဝိညာဉ်နှင့် အဆက်အသွယ်ပြုလုပ်ဖူးသည်ဟု အထင်ရှိသူများကိုစဉ်းစားကြည့်ပါ။ ဤသူတို့သည် အထင်မှားနေကြသည်၊ စာတန့်နောက်ပြောင်လှည့်စားမှုများကို နာခံကြသူများဖြစ်သည်။ လူသေတို့သည် “ငြိမ်းရာထဲသို့ဆင်းသောသူ” များဖြစ်သည်ဟု သမ္မာကျမ်းစာဆိုသည်။—ဆာလံ ၁၁၅:၁၇။

မာရ်နတ်လှည့်ဖြားခဲ့သောသမိုင်းကို ထောက်ရှု၍ သဘာဝထက်လွန်ကဲသော အဖြစ်အပျက်များဆိုင်ရာ ပုံပြင်များ၏မှန်ကန်မှုကို အထူးမသင်္ကာဖြစ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အများအားဖြင့်ဆိုလျှင် အယူသီးသော စိတ်ကူးယဉ်မှုများ၏ တီထွင်ပြောဆိုချက်များ၊ ထပ်တလဲလဲ ပြောဆိုခြင်းဖြင့် စကားကားသွားခြင်းမျှဖြစ်သည်။

ဤပုံပြင်များကို ထပ်တလဲလဲ ပြန်ပြောဆိုခြင်းသည် မုသာ၏အဘ၊ စာတန်မာရ်နတ်၏အရေးကို အားပေးအားမြှောက်ပြုနေခြင်းဖြစ်သည်။ (ယောဟန် ၈:၄၄) ယင်းပုံပြင်များသည် ယေဟောဝါစက်ဆုပ်ရွံရှာသော နတ်ဝိဇ္ဇာအကျင့်များကို စိတ်ဝင်စားမှု နှိုးဆွပေးပါသည်။ (တရားဟောရာ ၁၈:၁၀-၁၂) လူတို့အား ကြောက်ရွံ့ခြင်းနှင့်အယူသီးခြင်း ကွန်ရက်ထဲ ကျော့မိစေသည်။ ထို့ကြောင့် “ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့်” ဟုခရစ်ယာန်များအား ပေါလုသြဝါဒပေးခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။—၁ တိမောသေ ၁:၃၊ ၄။

နတ်ဆိုးတို့၏အဆိုကို ငြင်းပယ်ခြင်း

သို့သော် ပုံပြင်များသည် မှန်ကန်ပုံရှိနေလျှင်ကော။ တစ်ခါတစ်ရံ ယေဟောဝါ ကြီးမြတ်တော်မူကြောင်း၊ ကိုယ်တော်၏သက်သေခံများ မှန်ကန်ကြောင်းကို နတ်ဆိုးများ၊ သို့မဟုတ် နတ်ဝိဇ္ဇာအတတ်လိုက်စားသူများ အသိအမှတ်ပြုကြောင်းနှင့်စပ်ဆိုင်သည့် တွေ့ကြုံမှုများကို ပြောဆိုတတ်ကြသည်။ ဤပုံပြင်များကို ခရစ်ယာန်များ ပြန်ပြောသင့်သလော။

မပြောဆိုသင့်ပါ။ နတ်ဆိုးများက ယေရှုသည် ဘုရားသခင်၏သားမှန်ကြောင်း ဟစ်ကြော်သည့်အခါ ကိုယ်တော်သည် “သတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ” ကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ (မာကု ၃:၁၂) ထိုနည်းထပ်တူပင် နတ်ဝင်၍ အနာဂတ်ကိုဟောသောမိန်းမငယ်တစ်ယောက်သည် ပေါလုနှင့်ဗာနဗအား “အမြင့်ဆုံးသောဘုရားသခင်၏ကျွန်များဖြစ်ကြ” ၍ “အကျွတ်တရားလမ်း” ကိုကြေညာသူများဖြစ်သည်ဟု ဖော်ပြချိန်တွင် မိန်းမငယ်အထဲရှိ နတ်ဆိုးကို ပေါလုနှင်ထုတ်ခဲ့သည်။ (တမန်တော် ၁၆:၁၆-၁၈) ဘုရားသခင့်ရည်ရွယ်ချက်ကို ဖော်ပြရန်ဖြစ်စေ၊ ကိုယ်တော်ရွေးချယ်ထားသော ကျေးကျွန်များကို ထောက်ခံရန်ဖြစ်စေ နတ်ဆိုးတို့အား ယေရှုသော်လည်းကောင်း၊ ပေါလု နှင့် ကျမ်းရေးသူ တစ်ယောက်ကမျှ ခွင့်မပြုခဲ့ပါ။

ထို့ပြင် ကမ္ဘာမြေကြီးပေါ်သို့ ယေရှုခရစ် မဆင်းလာမီ နာမ်ဝိညာဉ်လောကတွင် ကိုယ်တော်အသက်ရှင်တော်မူခဲ့ကြောင်းကို သတိပြုပါ။ စာတန်ကို ကိုယ်တော်ကိုယ်တိုင်ကိုယ်ကျသိတော်မူခဲ့သည်။ သို့ဖြစ်၍ပင် စာတန့်လုပ်ရပ်များဆိုင်ရာ ပုံပြင်များကို အပန်းဖြေပြောဆိုခြင်းသဘောမျိုးဖြင့် တပည့်တော်များအား ပြောဆိုခဲ့ခြင်း မပြုခဲ့ပါ။ အဘယ်အမှုများကို မာရ်နတ်ပြုနိုင်သည်၊ မပြုနိုင်သည်အကြောင်းများကိုလည်း အသေးစိတ် ဖော်ပြပြောဆိုခြင်းမရှိပါ။ စာတန်နှင့် သူ၏နတ်ဆိုးများသည် ယေရှု၏မိတ်ဆွေများမဟုတ်။ သူတို့သည် နှင်ထုတ်ထားသူများ၊ ပုန်ကန်သူများ၊ သန့်ရှင်းရာကို မနှစ်သက်သူ၊ ဘုရားသခင့်ရန်သူများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သိသင့်သိအပ်ရာတို့ကို သမ္မာကျမ်းစာက အလုံအလောက်ဖော်ပြထားသည်။ နတ်ဆိုးများသည် မည်သူမည်ဝါဖြစ်ကြောင်း၊ လူတို့ကို မည်သို့လှည့်ဖြားကြောင်း၊ ယင်းတို့ကို မည်သို့ရှောင်ကြဉ်သင့်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ ယေဟောဝါနှင့်ယေရှုသည် နတ်ဆိုးတို့ထက် သာ၍တန်ခိုးကြီးမားကြောင်း ဖော်ပြထားသည်။ ယေဟောဝါအမှုတော်ကို သစ္စာရှိရှိထမ်းဆောင်မည်ဆိုလျှင် နတ်ဆိုးတို့သည် ကျွန်ုပ်တို့ကို အစဉ်အမြဲအန္တရာယ်ပြုနိုင်လိမ့်မည်မဟုတ်ကြောင်း ညွှန်ကြားထားပါသည်။—ယာကုပ် ၄:၇။

ထိုကြောင့် မှားယွင်းသော ပုံပြင်များ၊ ဘုရားသခင်ကိုဆန့်ကျင်သူများ၏အရေးကို အားပေးအားမြှောက်ပြုရုံသာပြုတတ်သည့် ဒဏ္ဍာရီပုံပြင်များကို ခရစ်ယာန်များသည် အကြောင်းကောင်းရှိသဖြင့် ပယ်ရှားကြသည်။ ယေရှုသည် ‘သမ္မာတရားကို သက်သေခံ’ ခဲ့သည်နည်းတူ ကိုယ်တော်၏တပည့်နောက်လိုက်များလည်း ယနေ့ထိုသို့ပြုကြပါသည်။ (ယောဟန် ၁၈:၃၇) သူတို့သည် သမ္မာကျမ်းစာမှ ဤသြဝါဒကို ပညာရှိစွာ သူတို့လိုက်နာကြသည်– “သမ္မာတရားနှင့်ဆိုင်သောအကျင့် . . . တို့ကို နှလုံးသွင်းကြလော့။”—ဖိလိပ္ပိ ၄:၈။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နတ်ဝိဇ္ဇာနှင့်ဆိုင်သောလုပ်ရပ်အားလုံးကို ခရစ်ယာန်စစ်များ ကြပ်မတ်စွာရှောင်ကြဉ်ရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ