ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁ စာ. ၁၀-၁၅
  • လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့အဖြန့်ဝေရဆုံးစာအုပ်
  • မပျက်စီးအောင်ထိန်းသိမ်းခြင်းဆိုင်ရာ ထူးခြားသောမှတ်တမ်း
  • သုံးနှုန်းပြောဆိုဆဲ ဘာသာစကားသို့ပြန်ဆိုခြင်း
  • ယုံကြည်စိတ်ချထိုက်
  • သုံးနှုန်းပြောဆိုဆဲ ဘာသာစကားများကို “ပြောဆို” သည့် စာအုပ်တစ်အုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ကျမ်းစာသည် မည်သို့တည်တံ့ခဲ့သနည်း
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • သမ္မာကျမ်းစာသည် တကယ်ပင် ဘုရားသခင်ထံမှလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာတည်တံ့လာခဲ့ပုံ
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁ စာ. ၁၀-၁၅

လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်

“ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။”—တမန်တော် ၁၀:၃၄၊ ၃၅။

၁။ ကျမ်းစာအပေါ် ထင်မြင်ချက်နှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ ပါမောက္ခတစ်ဦးမည်သို့တုံ့ပြန်ပြီး မည်သည့်အရာကိုပြုရန် သူဆုံးဖြတ်သနည်း။

တစ်ခုသောတနင်္ဂနွေနေ့နေ့ခင်းတွင် မည်သည့်ဧည့်သည်များကိုမျှမမျှော်လင့်သော ပါမောက္ခတစ်ဦးသည် အိမ်၌ရှိနေသည်။ သို့သော် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်မတစ်ဦး သူ့အိမ်သို့လည်ပတ်သောအခါ သူနားထောင်ခဲ့သည်။ သူမသည် သူ့ကိုနှစ်သက်စေသောအကြောင်းများဖြစ်သည့် ညစ်ညမ်းမှုနှင့် ကမ္ဘာ့အနာဂတ်အကြောင်း ပြောခဲ့သည်။ သို့သော် သူမကကျမ်းစာကို ဆွေးနွေးရန်အစချီလိုက်သောအခါ ထိုသူ မယုံပုံရသည်။ သို့နှင့်သူမက ကျမ်းစာနှင့်ပတ်သက်၍ မည်သို့သဘောရကြောင်း သူ့ကိုမေးလိုက်သည်။

“ဉာဏ်ပညာရှိတဲ့လူတချို့ရေးသားခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ၊ ဒါပေမဲ့ကျမ်းစာဟာ အလေးအနက်ထားစဉ်းစားသင့်တဲ့အရာမဟုတ်ဘူး” ဟုသူကပြန်ဖြေသည်။

“ကျမ်းစာကိုဖတ်ဖူးပါသလား” ဟုသူမကပြန်မေးသည်။

အံ့အားသင့်သွားကာ မဖတ်ဖူးကြောင်း အဆိုပါပါမောက္ခကဝန်ခံခဲ့ရသည်။

ထိုအခါသူမက “တစ်ခါမှမဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ကို ဘယ်လိုလုပ်ပြီး အခိုင်အမာအကဲဖြတ်နိုင်သလဲ” ဟုမေးသည်။

ကျွန်ုပ်တို့၏ညီအစ်မသည် ချက်ကျကျပြောနိုင်ခဲ့သည်။ ပါမောက္ခက ကျမ်းစာကိုဆန်းစစ်မည်၊ သည့်နောက်၎င်းအပေါ် မိမိ၏အယူအဆကို ထုတ်ဖော်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

၂၊ ၃။ ကျမ်းစာသည် များစွာသောသူများအတွက် အဘယ်ကြောင့် ပိတ်ထားသောစာအုပ်တစ်အုပ်ဖြစ်ပြီး ဤတွင် မည်သည့်စိန်ခေါ်ချက်ကို ကျွန်ုပ်တို့ရင်ဆိုင်ရသနည်း။

၂ ထိုပါမောက္ခတစ်ဦးတည်းမဟုတ်ပါ။ များစွာသောသူတို့သည် ကျမ်းစာကိုကိုယ်တိုင် တစ်ခါမျှမဖတ်ဖူးပါလျက်နှင့် ၎င်းနှင့်ပတ်သက်၍ ယတိပြတ်အယူအဆများ ရှိကြပါသည်။ သူတို့သည် သမ္မာကျမ်းစာတစ်အုပ်ကို ပိုင်ဆိုင်ပေမည်။ သူတို့သည် ယင်း၏စာပေတန်ဖိုး သို့မဟုတ် သမိုင်းဝင်တန်ဖိုးကို အသိအမှတ်ပြုကြပေမည်။ သို့သော် အများစုအတွက် ၎င်းသည် နားမလည်၍ချောင်ထိုးထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ အချို့က ‘ကျမ်းစာကိုဖတ်ဖို့အချိန်မရှိဘူး’ ဟုဆိုကြသည်။ အခြားသူများမူကား ‘ထိုသို့သောရှေးကျသည့်စာအုပ်တစ်အုပ်သည် ကျွန်ုပ်အသက်တာနှင့် မည်သို့အံဝင်နိုင်မည်နည်း’ ဟူသည့်အတွေးဝင်ကြသည်။ ထိုသို့သောရှုမြင်ပုံများသည် ကျွန်ုပ်တို့အား တကယ့်စိန်ခေါ်ချက်နှင့် ရင်ဆိုင်ရစေသည်။ ယေဟောဝါသက်သေများသည် ကျမ်းစာကို “ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ . . . သွန်သင်ခြင်းကျေးဇူးများကို ပြုတတ်” သောစာအုပ်ဟု အခိုင်အမာယုံကြည်ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် မည်သည့်အနွယ်၊ မည်သည့်လူမျိုး သို့မဟုတ် လူမျိုးစုနောက်ခံရှိစေကာမူ ကျမ်းစာကိုဆန်းစစ်သင့်ကြောင်း လူများလက်ခံလာအောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

၃ အဘယ်ကြောင့် ကျမ်းစာကို ကျွန်ုပ်တို့စစ်ဆေးထိုက်သည့် အကြောင်းရင်းအချို့ကို ဆွေးနွေးကြပါစို့။ ထိုသို့သောဆွေးနွေးခြင်းက ကျွန်ုပ်တို့၏ဓမ္မအမှုတွင် တွေ့ရသောသူများနှင့်ဆင်ခြင်ရန် အသင့်ဖြစ်စေပြီး ကျမ်းစာပြောဆိုသည့်အရာကို သုံးသပ်သင့်ကြောင်း သူတို့ကို ယုံကြည်လက်ခံလာစေနိုင်ပါသည်။ တစ်ကြိမ်တည်းတွင် ဤသို့ပြန်လည်သုံးသပ်ခြင်းက ကျမ်းစာသည် အမှန်ပင် “ဘုရားသခင့်နှုတ်ကပါဌ်တော်” ဖြစ်သည်ဟူသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သန်မာစေနိုင်သည်။—ဟေဗြဲ ၄:၁၂။

ကမ္ဘာ့အဖြန့်ဝေရဆုံးစာအုပ်

၄။ ကျမ်းစာကို ကမ္ဘာ့အဖြန့်ချိရဆုံးစာအုပ်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၄ ဦးဆုံးအနေဖြင့်၊ ကျမ်းစာသည် လူ့သမိုင်းတစ်လျှောက်လုံးတွင် ယခုအချိန်အထိ အဖြန့်ဝေရဆုံးနှင့် ဘာသာအပြန်ရဆုံးစာအုပ်ဖြစ်သည့်နေရာတွင် အခြားစာအုပ်များထက် အပြတ်အသတ်သာသောကြောင့် ကျမ်းစာကို ထည့်သွင်းစဉ်းစားထိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော်က ခဲစာလုံးအရှင်ဖြင့် ပုံနှိပ်ထားသော ဦးဆုံးတည်းဖြတ်သည့်စာအုပ်သည် ယိုဟန်စ် ဂူတင်ဘာ့ဂ်၏ ပုံနှိပ်စက်မှထွက်လာခဲ့သည်။ ထိုအချိန်မှစပြီး ကျမ်းစာ တစ်အုပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအနေနှင့် ခန့်မှန်းခြေအားဖြင့် သန်းပေါင်းလေးထောင်ခန့်ကို ပုံနှိပ်ခဲ့ပြီးဖြစ်သည်။ ၁၉၉၆ ခုနှစ်၌ သမ္မာကျမ်းစာတစ်အုပ်လုံး သို့မဟုတ် ၎င်း၏အစိတ်အပိုင်းများကို ဘာသာစကားနှင့် လူမျိုးစုငယ်ဘာသာစကား ၂,၁၆၇ ဘာသာသို့ပြန်ဆိုပြီးဖြစ်သည်။a လူ့မိသားစု ၉၀ ရာခိုင်နှုန်းကျော်တို့သည် ယုတ်စွအဆုံး ကျမ်းစာတစ်စိတ်တစ်ပိုင်းကို သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ရရှိနိုင်ပြီဖြစ်သည်။ အခြားမည်သည့်စာအုပ်မျှ—ဘာသာရေး သို့မဟုတ် အခြားမည်သည့်စာအုပ်ပင်—ဖြစ်စေ ယင်းကိုမမီပါ!

၅။ ကျမ်းစာသည် ကမ္ဘာတစ်ခွင်ရှိလူတို့ရယူနိုင်မည်ဟု အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။

၅ ကိန်းဂဏန်းများကသာ ကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း သက်သေထူသည်မဟုတ်။ သို့ရာတွင် ဘုရားသခင့်မှုတ်သွင်းတော်မူသော မှတ်တမ်းတင်ရေးသားချက်ကို ကမ္ဘာတစ်ခွင်လုံးရှိ လူများရယူနိုင်မည်ဟု ကျွန်ုပ်တို့ တစ်ထစ်ချမျှော်လင့်သင့်သည်။ ထိုထက်ကား ကျမ်းစာက “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟုဖော်ပြထား၏။ (တမန်တော် ၁၀:၃၄၊ ၃၅) အခြားမည်သည့်စာအုပ်နှင့်မျှမတူ ကျမ်းစာသည် နိုင်ငံ့နယ်နိမိတ်များကိုဖြတ်ကျော်ကာ လူမျိုးနွယ်နှင့် လူမျိုးစုအတားအဆီးများကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ အမှန်တကယ်ပင်၊ ၎င်းသည် လူခပ်သိမ်းအတွက် စာအုပ်ဖြစ်ပါသည်တကား!

မပျက်စီးအောင်ထိန်းသိမ်းခြင်းဆိုင်ရာ ထူးခြားသောမှတ်တမ်း

၆၊ ၇။ ကျမ်းစာ၏မူရင်းအရေးအသားတစ်ခုမျှမရှိတော့ခြင်းသည် အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း၊ သို့နှင့် အဘယ်မေးခွန်းများပေါ်ပေါက်လာသနည်း။

၆ ကျမ်းစာကို ဆန်းစစ်ထိုက်သည့် နောက်အကြောင်းရင်းတစ်ခုရှိသေးသည်။ ၎င်းသည် သဘာဝနှင့် လူသားတို့၏တားဆီးမှုများကို ကျော်လွှားလွန်မြောက်ခဲ့သည်။ ပြင်းထန်သည့်အတားအဆီးများကြားမှ မှတ်တမ်းမပျက်စီးအောင် ထိန်းသိမ်းခံထားရပုံသည် ရှေးစာပေများအလယ်တွင် အမှန်ပင်ထူးခြားသည်။

၇ ကျမ်းစာရေးသားသူများသည် မိမိတို့၏သတင်းစကားကို (အမည်တူ အီဂျစ်အပင်မှပြုလုပ်သည့်) ပါပိုင်းရတ်နှင့် (တိရစ္ဆာန်သားရေများဖြင့် ပြုလုပ်သည့်) သားရေပြားများပေါ်တွင် မှင်ဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။b (ယောဘ ၈:၁၁) သို့ရာတွင် ယင်းသို့သော ရေးသားထားသည့်စာပေများတွင် သဘာဝရန်သူများရှိသည်။ ပညာရှင် အိုစကာ ပါရက်က ဤသို့ရှင်းပြသည်– “ဤစာရေးကိရိယာနှစ်မျိုးစလုံးတို့သည် စိုထိုင်းမှု၊ မှိုနှင့် ပိုးအမျိုးမျိုးတို့၏ အန္တရာယ်ပြုခြင်းကို တန်းတူခံခဲ့ရသည်။ စက္ကူနှင့် တာရှည်ခံသောသားရေကိုပင် လေသလပ်ထားမည် သို့မဟုတ် စိုထိုင်းသည့်အခန်းတွင် ထားမည်ဆိုလျှင် မည်မျှပျက်စီးလွယ်ကြောင်း နေ့စဉ်အတွေ့အကြုံမှ ကျွန်ုပ်တို့တွေ့ရှိရသည်။” ထိုကြောင့် မည်သည့် မူရင်းကျမ်းစာစောင်မျှ မရှိတော့ကြောင်း သိရခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ; ယင်းတို့သည် ရှေးကတည်းက ပျက်စီးသွားဖွယ်ရှိသည်။ သို့သော် မူရင်းရေးသားချက်များသည် သဘာဝရန်သူများကြောင့် ပျက်ပြုန်းခဲ့မည်ဆိုလျှင် ကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အထိ မည်သို့တည်တံ့ခဲ့သနည်း။

၈။ ရာစုနှစ်များတစ်လျှောက် ကျမ်းစာအရေးအသားများသည် မည်သို့ထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရသနည်း။

၈ မူရင်းစာမူများကို ရေးသားပြီးမကြာမီအချိန်တွင် လက်ရေးမိတ္တူများကို စတင်ကူးရေးခဲ့ကြသည်။ အမှန်မှာ ရှေးဣသရေလနိုင်ငံ၌ ပညတ္တိကျမ်းနှင့် ကျမ်းစာ၏ အခြားအပိုင်းများကို မိတ္တူကူးခြင်းသည် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ ဥပမာ ယဇ်ပုရောဟိတ်ဧဇရကို ‘မောရှေ၏ပညတ္တိကျမ်းစာ၌ ကျွမ်းကျင်သောကျမ်းကူးဆရာ’ အဖြစ်ဖော်ပြထားသည်။ (ဧဇရ ၇:၆၊ ၁၁; ဆာလံ ၄၅:၁ နှိုင်းယှဉ်။) သို့သော် ထွက်ပေါ်ခဲ့သောမိတ္တူများသည်လည်း ပျက်စီးဆုံးပါးတတ်သည်; နောက်ဆုံးတွင် ၎င်းတို့ကို အခြားလက်ရေးမိတ္တူများဖြင့် အစားထိုးခဲ့ရသည်။ ဤမိတ္တူကူးခြင်းနည်းစနစ်သည် ရာစုနှစ်တစ်လျှောက်ဆက်ရှိလာခဲ့သည်။ လူသားများသည် စုံလင်သူများမဟုတ်သောကြောင့် မိတ္တူကူးသူတို့၏အမှားများကြောင့် ကျမ်းစာသားများ အကြီးအကျယ်ပြောင်းသွားသလော။ အထောက်အထားအမြောက်အမြားက ပြောင်းမသွားပါဟုဖြေဆိုသည်!

၉။ ကျမ်းကူးဆရာများ၏ အထူးဂရုစိုက်မှုနှင့်တိကျမှုကို မက်စရိများ၏ပုံသက်သေက မည်သို့ဖော်ပြသနည်း။

၉ ကျမ်းကူးဆရာများသည် အလွန်ကျွမ်းကျင်ရုံသာမကဘဲ သူတို့ကူးရေးသည့် စကားလုံးများကို အလွန်တန်ဖိုးထားကြသည်။ “ကျမ်းကူးဆရာ” အတွက်ဟေဗြဲစကားလုံးသည် ရေတွက်ခြင်းနှင့်မှတ်တမ်းတင်ခြင်းကို ရည်ညွှန်းသည်။ ကျမ်းကူးဆရာများ၏တိကျမှုကို တင်ပြရန် စီ.အီး. ခြောက်ရာစုနှင့် ဆယ်ရာစုအတွင်းအသက်ရှင်ခဲ့သော ဟေဗြဲကျမ်းကူးဆရာများဖြစ်သည့် မက်စရိတို့ကို သုံးသပ်ကြည့်ပါ။ ပညာရှင် တားမတ်စ်ဟတ်ဝဲလ်ဟောန်၏အဆိုအရ သူတို့သည် “[ဟေဗြဲ] အက္ခရာစဉ်မှ အက္ခရာတစ်လုံးစီသည် ဟေဗြဲတစ်ကျမ်းလုံးတွင် အကြိမ်မည်မျှပါရှိကြောင်းကို တွက်ကြည့်ခဲ့ကြသည်။” ယင်းသည် အဘယ်အဓိပ္ပာယ်ရှိသည်ကို စဉ်းစားကြည့်ပါ! စာလုံးတစ်လုံးမျှ ချန်လှပ်မိခဲ့ခြင်းကိုရှောင်ရန် ဤသစ္စာရှိကျမ်းကူးသူများသည် သူတို့ကူးရေးမည့် စကားလုံးများ မျှသာမဟုတ်ဘဲ အက္ခရာစာလုံးများကိုပင် ရေတွက်ခဲ့ကြသည်။ ပညာရှင်တစ်ဦး၏မှတ်တမ်းအရ သူတို့သည် ဟေဗြဲကျမ်းစာစောင်များထဲမှ အက္ခရာပေါင်း ၈၁၅,၁၄၀ လုံးကို ရေတွက်ခဲ့ကြသည်တကား! အဆိုပါ ဝီရိယစိုက်ထုတ်ကြိုးစားမှုများက အလွန်တိကျမှုကို ဖြစ်စေသည်။

၁၀။ ခေတ်သစ်ဘာသာပြန်ကျမ်းများကအခြေပြုသော ဟေဗြဲနှင့်ဂရိကျမ်းစာသားများသည် မူရင်းကျမ်းရေးသားသူများ၏စကားလုံးများကို တိတိကျကျတင်ပြထားကြောင်း မည်သည့်ခိုင်လုံသောအထောက်အထားရှိသနည်း။

၁၀ စင်စစ်ဆိုရလျှင် ခေတ်သစ်ဘာသာပြန်ကျမ်းများက အခြေပြုရသော ဟေဗြဲနှင့်ဂရိကျမ်းစာသားများသည် မူရင်းကျမ်းရေးသားသူများ၏စကားလုံးများကို မှတ်သားလောက်ဖွယ် တိတိကျကျတင်ပြထားကြောင်း ခိုင်လုံသည့်အထောက်အထားရှိသည်။ ကျွန်ုပ်တို့ခေတ်အထိတည်တံ့နေသည့် ထောင်ပေါင်းများစွာသော ကျမ်းစာလက်ရေးစာမူမိတ္တူများ—ဟေဗြဲကျမ်းစောင်များမှ တစ်စောင်လုံးဖြစ်စေ၊ အစိတ်အပိုင်းများဖြစ်စေ ၆,၀၀၀ ခန့်နှင့် ခရစ်ယာန်ဂရိကျမ်းစောင်များမှ ၅,၀၀၀ ခန့်—သည် အထောက်အထားများဖြစ်သည်။ ဂရုတစိုက် နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ရန် ကျမ်းစာလက်ရေးစာမူထောင်နှင့်ချီပြီး ရှိသည့်အတွက် စာပေပညာရှင်များသည် မိတ္တူကူးသူများ၏အမှားများကို ခွဲထုတ်ကာ မူရင်းစာသားကို သတ်မှတ်ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ဝီလျန်. အိပ်ချ်. ဂရီးန်က ဟေဗြဲကျမ်းစောင်များနှင့်စပ်လျဉ်း၍မှတ်ချက်ပေးရာတွင် ဤသို့ဖော်ပြနိုင်ခဲ့သည်– “မည်သည့်ရှေးကျသောလုပ်ဆောင်မှုကိုမျှ ဤလောက် တိကျစွာလွှဲပြောင်းခြင်းမျိုးမရှိသေးကြောင်း စိတ်ချလက်ချပြောနိုင်သည်။” အလားတူပင် ခရစ်ယာန်ဂရိကျမ်းစောင်များကို ယုံကြည်စိတ်ချနိုင်ပါသည်။

၁၁။ ၁ ပေတရု ၁:၂၄၊ ၂၅ အရ ယနေ့အထိ ကျမ်းစာတည်တံ့နေရသည့်အကြောင်းရင်းကား အဘယ်နည်း။

၁၁ ၎င်း၏အဖိုးထိုက်သော သတင်းစကားနှင့်အတူ မူရင်းကျမ်းစာသားများကိုအစားထိုးသည့် လက်ရေးစာမူများသာမရှိပါက ကျမ်းစာသည် အလွယ်တကူပျောက်ပျက်သွားမည်ပါတကား! ၎င်းတည်တံ့နေရန်အတွက် အကြောင်းတစ်ခုသာရှိပါသည်– ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်ကို ထိန်းသိမ်းထားသူနှင့် ကာကွယ်သူဖြစ်သည်။ ကျမ်းစာကိုယ်နှိုက်က ၁ ပေတရု ၁:၂၄၊ ၂၅ ၌ပြောထားသကဲ့သို့ဖြစ်သည်– “လူမျိုးရှိသမျှသည်မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏နှုတ်ကပါဌ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။”

သုံးနှုန်းပြောဆိုဆဲ ဘာသာစကားသို့ပြန်ဆိုခြင်း

၁၂။ ရာစုနှစ်များတစ်လျှောက် ပြန်ကူးရေးရခြင်းအပြင် ကျမ်းစာသည် အခြားမည်သည့်အတားအဆီးကို ရင်ဆိုင်ခဲ့ရသနည်း။

၁၂ ရာစုနှစ်များတစ်လျှောက် ပြန်ကူးရေးခြင်းဖြင့်တည်တံ့နေခြင်းသည် စိန်ခေါ်ချက်ဖြစ်လောက်သည်၊ သို့သော် ကျမ်းစာသည် အခြားအတားအဆီးတစ်ခု—ယခုခေတ်ဘာသာစကားများသို့ပြန်ဆိုခြင်း—ကို ရင်ဆိုင်ရသည်။ လူတို့၏နှလုံးများကိုစကားပြောရန် ကျမ်းစာသည် သူတို့၏ဘာသာစကားဖြင့်ပြောရမည်။ သို့သော် အခန်းကြီး ၁,၁၀၀ ကျော်နှင့်အခန်းငယ် ၃၁,၀၀၀ ကျော်ပါသောကျမ်းစာကို ဘာသာပြန်ဆိုခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ သို့တိုင် ရာစုနှစ်များတစ်လျှောက် သစ္စာနှံထားသောဘာသာပြန်များသည် အဆိုပါစိန်ခေါ်ချက်ကို ဝမ်းပန်းတသာ လက်ခံခဲ့ကြပြီး ရံဖန်ရံခါ ကျော်လွှားနိုင်ပုံမရှိသော အဟန့်အတားများကို ရင်ဆိုင်ခဲ့ကြရသည်။

၁၃၊ ၁၄။ (က) ၁၉ ရာစုအစောပိုင်းက အာဖရိကရှိ ကျမ်းစာဘာသာပြန်သူ ရောဘတ်မောဖက်သည် မည်သည့်စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသနည်း။ (ခ) တစွာနာစကားပြောသူများသည် သူတို့၏ဘာသာစကားဖြင့် လုကာခရစ်ဝင်ကျမ်းကိုရရှိသည့်အခါ မည်သို့တုံ့ပြန်ကြသနည်း။

၁၃ ဥပမာအနေနှင့် ကျမ်းစာကို အာဖရိကဘာသာစကားများသို့ မည်သို့ဘာသာပြန်ဆိုခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ၁၈၀၀ ပြည့်နှစ်တွင် အာဖရိကတစ်ခွင်လုံး၌ စာအရေးအသားရှိသောဘာသာစကား ဆယ့်နှစ်မျိုးခန့်သာရှိခဲ့သည်။ ရာနှင့်ချီသောအခြား ပြောဆိုသောဘာသာစကားများမှာ ရေးသားနည်းစနစ်မရှိချေ။ ဤသည်ကား ကျမ်းစာဘာသာပြန်သူ ရောဘတ်မောဖက် ရင်ဆိုင်ရသည့် စိန်ခေါ်ချက်ဖြစ်သည်။ ၁၈၂၁ ခုနှစ်တွင် အသက် ၂၅ နှစ်အရွယ်ရှိ မောဖက်သည် အာဖရိကတောင်ပိုင်း တစွာနာစကားပြောသူများအကြား၌ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူတို့၏ စာအရေးအသားမရှိသော ဘာသာစကားကိုသင်ယူရန် သူသည်လူများနှင့်အတူ ရောပြွမ်းနေထိုင်ခဲ့သည်။ မောဖက်သည် မည်သည့်လက်စွဲစာအုပ် သို့မဟုတ် အဘိဓာန်ကိုမျှမသုံးဘဲ ဇွဲနှင့်ကြိုးစားခဲ့၍ နောက်ဆုံးတွင် ဘာသာစကားကိုအထူးကျွမ်းကျင်သူဖြစ်လာကာ ယင်း၏အရေးအသားပုံစံတစ်ခုကို ပေါ်ထွက်စေခဲ့ပြီး တစွာနာလူမျိုးအချို့ကို စာဖတ်သင်ပေးခဲ့သည်။ တစွာနာလူမျိုးအလယ်တွင် ရှစ်နှစ်ကြာအလုပ်လုပ်ပြီးနောက် ၁၈၂၉ ခုနှစ်၌ မောဖက်သည် လုကာခရစ်ဝင်ကျမ်းကို ဘာသာပြန်ဆိုပြီးစီးခဲ့သည်။ နောက်ပိုင်းတွင်သူက– “စိန့်လုကာကျမ်းကို ရယူဖို့ မိုင်ပေါင်းရာနဲ့ချီတဲ့အကွာအဝေးကနေ လူတချို့လာကြကြောင်း ကျွန်တော်သိလိုက်ပါတယ်။ . . . စိန့်လုကာကျမ်းရဲ့ အစိတ်အပိုင်းတွေကို သူတို့ရလိုက်တဲ့အခါ ရင်မှာပိုက်ပြီး ငိုခဲ့ကြတယ်၊ ‘ခင်ဗျားတို့ရဲ့မျက်ရည်တွေနဲ့ စာအုပ်တွေပျက်စီးကုန်လိမ့်မယ်’ လို့ တစ်ယောက်ထက်မကကို ကျွန်တော်ပြောယူရတဲ့အထိ ကျေးဇူးတင်တဲ့မျက်ရည်တွေ ကျခဲ့ကြတယ်ဗျာ။” လုကာခရစ်ဝင်ကျမ်း ဖတ်ရှုနေသူအတော်များများကိုတွေ့ရှိခဲ့ပြီး သူတို့မည်သည့်အရာကိုရရှိထားကြောင်း မေးမြန်းခဲ့သော အာဖရိကအမျိုးသားတစ်ဦးနှင့်ပတ်သက်၍လည်း မောဖက်ကပြောခဲ့သည်။ “ဒါဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ပဲ” ဟုသူတို့ပြန်ဖြေခဲ့ကြသည်။ “အဲဒါက စကားပြောသလား” ဟုထိုသူကမေးသည်။ “ပြောတယ်၊ နှလုံးကိုပြောတယ်” ဟုသူတို့ပြောခဲ့ကြသည်။

၁၄ မောဖက်ကဲ့သို့ သစ္စာနှံ ဘာသာပြန်သူများသည် အာဖရိကလူမျိုးများစွာတို့အား စာအရေးအသားဖြင့်ဆက်သွယ်မှုပြုနိုင်သည့် ဦးဆုံးအခွင့်အရေးကို ပေးခဲ့ကြသည်။ သို့သော် ဘာသာပြန်သူများသည် အာဖရိကလူတို့အား ပို၍အဖိုးတန်သည့် လက်ဆောင်တစ်ခု ပေးခဲ့သည်—သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့်ရေးထားသော ကျမ်းစာဖြစ်သည်။ ထို့အပြင် မောဖက်သည် မြင့်မြတ်သောနာမတော်ကို တစွာနာလူမျိုးတို့အား စတင်ဖော်ပြပေးခဲ့ပြီး သူ၏ဘာသာပြန်ကျမ်းတစ်ခုလုံးတွင် ထိုနာမတော်ကိုအသုံးပြုခဲ့သည်။c ထိုကြောင့် တစွာနာတို့က ကျမ်းစာကို “ယေဟောဝါ၏နှုတ်တော်” အဖြစ် ရည်ညွှန်းခဲ့ကြသည်။—ဆာလံ ၈၃:၁၈။

၁၅။ ကျမ်းစာသည် ယနေ့တွင် အဘယ်ကြောင့် အလွန်ရှင်သန်လျက်ရှိသနည်း။

၁၅ ကမ္ဘာ့ဒေသအများအပြားရှိ အခြားဘာသာပြန်သူများသည်လည်း အလားတူအတားအဆီးများကို ရင်ဆိုင်ရကြသည်။ အချို့သည် အသက်နှင့်ရင်း၍ ကျမ်းစာကိုဘာသာပြန်ခဲ့ရသည်။ ဤအချက်ကိုစဉ်းစားကြည့်ပါ– ကျမ်းစာသည် ရှေးဟေဗြဲနှင့် ဂရိဘာသာစကားဖြင့်သာရှိနေပါက ကြာမြင့်စွာကပင် “ကွယ်ပျောက်” သွားပြီဖြစ်ပေမည်။ အကြောင်းမှာ ထိုဘာသာစကားများကို လူများစွာတို့က လုံးဝမတတ်သလောက်ဖြစ်နေသည့်အပြင် ကမ္ဘာ့ဒေသများစွာမှလူတို့သည် ယင်းဘာသာစကားများကို ဘယ်သောအခါမျှ မတတ်သိခဲ့ဖူးကြသောကြောင့်ဖြစ်သည်။ သို့သော် ကျမ်းစာသည် အလွန်ရှင်သန်လျက်ရှိသည်၊ အကြောင်းမှာ အခြားမည်သည့်စာအုပ်နှင့်မျှမတူဘဲ ကမ္ဘာတစ်ဝန်းရှိလူတို့ကို သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် “ပြောဆို” နိုင်သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်း၏သတင်းစကားသည် “ယုံကြည်ခြင်းသို့ရောက်သော [သူ] တို့အထဲ၌ပြုပြင်” လျက်ရှိသည်။ (၁ သက်သာလောနိတ် ၂:၁၃) ထိုစကားလုံးကို ယေရုရှလင်ကျမ်းစာက ဤသို့ပြန်ဆိုထားသည်– “၎င်းကိုယုံကြည်သော သင်တို့အလယ်တွင် ယင်းသည် ရှင်သန်သောတန်ခိုးဖြစ်နေဆဲပင်ဖြစ်သည်။”

ယုံကြည်စိတ်ချထိုက်

၁၆၊ ၁၇။ (က) ကျမ်းစာသည် ယုံကြည်ထိုက်သည့်အရာဖြစ်ရန်အတွက် မည်သည့်အထောက်အထား ရှိသင့်သနည်း။ (ခ) ကျမ်းရေးသူမောရှေ၏ ပွင့်လင်းမှုကိုဖော်ပြသည့် နမူနာတစ်ခုပေးပါ။

၁၆ ‘ကျမ်းစာကိုယုံကြည်စိတ်ချနိုင်ပါမည်လော’ ဟူ၍ အချို့တွေးကောင်းတွေးမည်။ ‘၎င်းသည် အမှန်တကယ်သက်ရှိထင်ရှားခဲ့သည့်လူများ၊ စင်စစ်ရှိခဲ့သည့် အရပ်ဒေသများနှင့် ဧကန်ဖြစ်ခဲ့သည့်အဖြစ်သနစ်များကို ဖော်ပြသလော။’ ကျမ်းစာကိုယုံကြည်စိတ်ချနိုင်ရန် ယင်းကို စေ့စပ်သေချာ၍ရိုးသားဖြောင့်မတ်သောကျမ်းရေးသူများက ရေးခဲ့ကြောင်း အထောက်အထားရှိရမည်။ ဤအချက်က ကျမ်းစာကိုဆန်းစစ်သင့်သည့် နောက်အကြောင်းရင်းတစ်ခုကိုဖော်ပြသည်– ၎င်းသည် တိကျ၍ ယုံကြည်ထိုက်ကြောင်း ခိုင်လုံသောအထောက်အထားရှိသည်။

၁၇ ရိုးဖြောင့်သောစာရေးသူများသည် အောင်ပွဲများကိုသာမက ရှုံးနိမ့်မှုများကိုပါ၊ အားသာချက်များကိုသာမက အားနည်းချက်များကိုပါ မှတ်တမ်းတင်ကြမည်ဖြစ်သည်။ ကျမ်းစာရေးသားသူများသည် ထိုသို့သော နှစ်သက်ဖွယ်ပွင့်လင်းမှုများကို တင်ပြကြသည်။ ဥပမာအနေဖြင့် မောရှေ၏ရိုးသားဖြောင့်မတ်မှုကို စဉ်းစားကြည့်ပါ။ သူ၏ပွင့်လင်းသည့်မှတ်တမ်းများထဲတွင် သူ့အမြင်အားဖြင့် ဣသရေလခေါင်းဆောင်ဖြစ်ရန်မသင့်တော်သော အကြောင်းဖြစ်စေသည့် သူ၏နှုတ်စလျှာစမရှိခြင်း (ထွက်မြောက်ရာ ၄:၁၀); ကတိထားရာပြည်တော်ကိုဝင်ရောက်ခွင့်မရစေသည့် ကြီးလေးသောမှားယွင်းမှု (တောလည်ရာ ၂၀:၉-၁၂; ၂၇:၁၂-၁၄); ရွှေနွားရုပ်ပြုလုပ်ရာတွင် ပုန်ကန်သော ဣသရေလလူမျိုးများနှင့်ပူးပေါင်းသော သူ့အစ်ကိုအာရုန်၏သွေဖည်မှု (ထွက်မြောက်ရာ ၃၂:၁-၆); သူ၏အစ်မဖြစ်သူမိရိအံ၏ပုန်ကန်မှုနှင့် အရှက်တကွဲဒဏ်စီရင်ခံရခြင်း (တောလည်ရာ ၁၂:၁-၃၊ ၁၀); သူ၏တူဖြစ်သူ နာဒပ်နှင့်အဘိဟုတို့၏ မထီမဲ့မြင်ပြုမှု (ဝတ်ပြုရာ ၁၀:၁၊ ၂); နှင့် ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးတော်၏ ထပ်တလဲလဲ ညည်းညူမြည်တမ်းမှုတို့ပါဝင်သည်။ (ထွက်မြောက်ရာ ၁၄:၁၁၊ ၁၂; တောလည်ရာ ၁၄:၁-၁၀) ထိုသို့သော ပွင့်လင်းစွာမှတ်တမ်းတင်ခြင်းက အမှန်တရားကို စိတ်ရင်းမှန်ဖြင့်အလေးထားကြောင်း ညွှန်ပြမနေပေလော။ ကျမ်းစာရေးသူများသည် သူတို့ချစ်မြတ်နိုးသူများ၊ သူတို့၏လူများနှင့် သူတို့ကိုယ်တိုင်နှင့်ပင်ပတ်သက်သည့် မနှစ်မြို့ဖွယ်အကြောင်းအချက်များကို မှတ်တမ်းတင်ရန် လိုလိုလားလားရှိခြင်းကြောင့် သူတို့ရေးသားသောကျမ်းများကို ယုံကြည်ရန် အကြောင်းမခိုင်လုံပေလော။

၁၈။ ကျမ်းစာရေးသူများ၏ ရေးသားချက်များကို ယုံကြည်ထိုက်ကြောင်း မည်သည့်အရာက အမှတ်လက္ခဏာဖြစ်သနည်း။

၁၈ ကျမ်းရေးသူများ၏ ရှေ့နောက်ညီညွတ်မှုကလည်း သူတို့ရေးသားသောကျမ်းများကို ယုံကြည်ထိုက်ကြောင်း အမှတ်လက္ခဏာဖြစ်သည်။ နှစ်ပေါင်း ၁,၆၀၀ ခန့်အတွင်း လူပေါင်း ၄၀ ရေးသားခဲ့ရာများသည် သာမန်အသေးစိတ်အချက်အလက်များကအစ ကိုက်ညီမှုရှိရာ အမှန်ပင် မှတ်သားဖွယ်ရာဖြစ်သည်။ သို့သော် ဤသို့သဟဇာတဖြစ်မှုသည် ပူးပေါင်းလိမ်လည်မှုအဖြစ် သံသယများဝင်စရာဖြစ်စေသည့် တမင်ပိပိရိရိစီစဉ်ထားခြင်းမျိုးမဟုတ်ပေ။ ယင်းနှင့်ဆန့်ကျင်လျက် အသေးစိတ်အချက်အလက်အဖုံဖုံ ကိုက်ညီမှုရှိခြင်းသည် ကြံရွယ်ထားခြင်းမရှိကြောင်းထင်ရှားပါသည်; အများအားဖြင့် သဟဇာတဖြစ်မှုသည် မကြံစည်ဘဲဖြစ်သည်မှာ ရှင်းပါသည်။

၁၉။ ယေရှုအဖမ်းခံရသည့် ခရစ်ဝင်ကျမ်းမှတ်တမ်းများသည် တမင်မရည်ရွယ်ကြောင်းထင်ရှားလျက်နှင့် မည်သို့သဟဇာတဖြစ်သနည်း။

၁၉ သာဓကအနေဖြင့် ယေရှုအဖမ်းခံရသည့်ညက ဖြစ်ပျက်ခဲ့သည့်အရာကို သုံးသပ်ကြည့်ပါ။ ခရစ်ဝင်ကျမ်းရေးသူ လေးဦးစလုံးက တပည့်တော်တစ်ပါးသည် ဓားဆွဲပြီး ယဇ်ပုရောဟိတ်မင်းကြီး၏ကျွန်တစ်ယောက်ကို ခုတ်လိုက်ရာ နားရွက်ပြတ်သွားသည်ဟု မှတ်တမ်းတင်ထားသည်။ သို့ရာတွင် လုကာတစ်ဦးတည်းကသာ ယေရှုသည် “နားရွက်ကိုလက်တော်နှင့်တို့သဖြင့် အနာကိုပျောက်စေတော်မူ၏” ဟုပြောသည်။ (လုကာ ၂၂:၅၁) “ချစ်သောဆရာဝန်” အဖြစ်သိရှိကြသော စာရေးသူထံမှ ထိုသို့မျှော်လင့်ရမည်မဟုတ်ပေလော။ (ကောလောသဲ ၄:၁၄၊ သတင်းကောင်း) ယောဟန်မှတ်တမ်းက ရောက်ရှိနေသည့်တပည့်တော်များထဲတွင် ဓားကိုအသုံးပြုသူသည် ပေတရုဖြစ်ကြောင်းပြောပြသည်—ပေတရုသည် အလျင်စလိုနှင့် ကမူးရှူးထိုးပြုတတ်သည့်သဘောရှိရာ ယင်းသည် အံ့ဩစရာမဟုတ်ပေ။ (ယောဟန် ၁၈:၁၀; မဿဲ ၁၆:၂၂၊ ၂၃ နှင့် ယောဟန် ၂၁:၇၊ ၈ နှိုင်းယှဉ်။) လိုအပ်ပုံမရှိသော ဤအသေးစိတ်အချက်တစ်ခုကို ယောဟန်က မှတ်တမ်းတင်ထားသည်—“ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။” ယောဟန်တစ်ဦးတည်းကသာ ထိုသူ၏အမည်ကို အဘယ်ကြောင့်ဖော်ပြရသနည်း။ ယင်းအချက်ကို ယောဟန်၏မှတ်တမ်းတွင်သာပါသည့် စကားညှပ်ဖော်ပြထားသော အသေးအမွှားဖော်ပြချက်က ဤသို့ရှင်းပြသည်– ယောဟန်သည် “ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်” ၏။ ယဇ်ပုရောဟိတ်မိသားစုကလည်း သူ့အားသိကျွမ်းသည်; အစေခံများနှင့်လည်း အကျွမ်းတဝင်ရှိသည်။d (ယောဟန် ၁၈:၁၀၊ ၁၅၊ ၁၆) ထို့ကြောင့် ခရစ်ဝင်ကျမ်းများကိုရေးသော အခြားသူများအတွက် သူစိမ်းဖြစ်နေသော အဆိုပါဒဏ်ရာရသူ၏အမည်ကို ယောဟန်ကသာ ဖော်ပြခြင်းမှာ သဘာဝကျပါသည်။ အသေးစိတ်အချက်အလက်များသည် တမင်မရည်ရွယ်ကြောင်းထင်ရှားလျက်နှင့် ကိုက်ညီနေခြင်းသည် မှတ်သားလောက်ဖွယ်ရာပင်ဖြစ်သည်။ ကျမ်းစာတစ်လျှောက်လုံးတွင် အလားတူဥပမာများ အမြောက်အမြားရှိပါသည်။

၂၀။ စိတ်နှလုံးရိုးဖြောင့်သူများသည် ကျမ်းစာနှင့်ပတ်သက်၍ မည်သည့်အရာသိရှိရန်လိုအပ်သနည်း။

၂၀ သို့ဖြစ်လျှင် ကျမ်းစာကို ယုံကြည်စိတ်ချနိုင်သလော။ လုံးဝယုံကြည်စိတ်ချနိုင်ပါသည်! ကျမ်းစာရေးသားသူများ၏ပွင့်လင်းမှု၊ ကျမ်းစာ၏အတွင်းသဘောညီညွတ်မှုတို့က ယင်းသည် သမ္မာတရားဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ယင်းသည် “သမ္မာတရား၏ဘုရားသခင်ယေဟောဝါ” ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်သောကြောင့် နှလုံးရိုးဖြောင့်သူများသည် သမ္မာကျမ်းစာကို သူတို့ယုံကြည်စိတ်ချနိုင်ကြောင်း သိဖို့လိုအပ်သည်။ (ဆာလံ ၃၁:၅၊ ကဘ) နောက်ဆောင်းပါးတွင် ဆွေးနွေးထားသည့်အတိုင်း ကျမ်းစာသည် လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်ဖြစ်ရသည့် ထပ်ဆင့်အကြောင်းရင်းများရှိသေးသည်။

[အောက်ခြေမှတ်ချက်များ]

a ကိန်းဂဏန်းများသည် ကျမ်းစာအသင်းပေါင်းချုပ်မှ ထုတ်ဝေသည့်အရေအတွက်ပေါ်တွင် အခြေပြုသည်။

b ရောမတွင် ဒုတိယအကြိမ် အကျဉ်းကျစဉ်အတွင်း ပေါလုက တိမောသေအား “စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့် သားရေစာကိုလည်းကောင်း” ယူလာဖို့မှာကြားခဲ့သည်။ (၂ တိမောသေ ၄:၁၃) ပေါလုသည် ထောင်တွင်ရှိနေစဉ် ဟေဗြဲကျမ်းအစိတ်အပိုင်းအချို့ကို လေ့လာနိုင်ရန်အတွက် တောင်းဆိုနေခြင်းဖြစ်နိုင်သည်။ “အထူးသဖြင့် သားရေစာ” ဟူသော စာကြောင်းက ပါပိုင်းရတ်စာလိပ်များနှင့်သားရေစာနှစ်မျိုးစလုံးပါဝင်ကြောင်း ဖော်ပြခြင်းဖြစ်နိုင်သည်။

c ၁၈၃၈ တွင် မောဖက်သည် ခရစ်ယာန်ဂရိကျမ်းစောင်များ ဘာသာပြန်ဆိုခြင်းကို အပြီးသတ်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ အကူအညီဖြင့် ဟေဗြဲကျမ်းစောင်များ ဘာသာပြန်ဆိုခြင်းကို ၁၈၅၇ တွင်ပြီးစီးခဲ့သည်။

d ယဇ်ပုရောဟိတ်မင်းကြီးနှင့် သူ၏အိမ်သားများအပေါ် ယောဟန်၏အကျွမ်းတဝင်ဖြစ်မှုကို မှတ်တမ်းတွင် နောက်ပိုင်း၌ ထပ်၍ဖော်ပြထားသည်။ ယဇ်ပုရောဟိတ်မင်းကြီး၏ အခြားသောကျေးကျွန်တစ်ယောက်က ပေတရုအား ယေရှု၏တပည့်တော်တစ်ဦးဖြစ်ကြောင်း စွပ်စွဲရာတွင် ထိုကျွန်သည် “ပေတရုခုတ်၍နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော” သူဖြစ်ကြောင်း ယောဟန်က ရှင်းပြသည်။—ယောဟန် ၁၈:၂၆။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ကျမ်းစာကို ကမ္ဘာတွင် အရရှိနိုင်ဆုံးစာအုပ်ဖြစ်ရန် အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။

▫ ကျမ်းစာသည် အမှားအယွင်းကင်းစွာ ထိန်းသိမ်စောင့်ရှောက်ခံလာခဲ့ရကြောင်း မည်သည့်အထောက်အထားရှိသနည်း။

▫ ကျမ်းစာဘာသာပြန်သူများသည် မည်သည့်အတားအဆီးများကို ရင်ဆိုင်ကြရသနည်း။

▫ ကျမ်းစာရေးသားချက်များကို ယုံကြည်စိတ်ချနိုင်ကြောင်း မည်သည့်အရာက အမှတ်လက္ခဏာပြုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ