ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁/၁၅ စာ. ၅-၉
  • ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ စည်းဝေးကြီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ စည်းဝေးကြီး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငြိမ်သက်ခြင်းသတင်းကိုကြားပြောသောသူ . . .အလွန်တင့်တယ်လှစွတကား”
  • ‘ဉာဏ်ဟူသမျှထက် လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်း’
  • ‘အသင့်အတင့်ပေါင်းဖော်ခြင်းဖြင့် . . . တလုံးတဝတည်းဖြစ်’
  • သင်လက်လွတ်လိုလိမ့်မည်မဟုတ်ပါ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များအဖြစ် အမှုတော်ထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားသခင့်စကားတော်ကို သွန်သင်သူများ တာဝန်ကျေပွန်ရန် တိုက်တွန်းခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁/၁၅ စာ. ၅-၉

ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ စည်းဝေးကြီး

“နှစ်စဉ် ကျွန်တော်တို့တက်ရောက်ကြတဲ့ ခရိုင်စည်းဝေးကြီးတွေကနေ ကျွန်တော်တို့ တည်ဆောက်မှုရရှိကြတယ်” ဟူ၍အမေရိကန်ပြည်ထောင်စုမှ ခရစ်ယာန်အကြီးအကဲတစ်ဦးကပြောသည်။ “ဒါပေမဲ့ ဒီနှစ်မှာတော့ မဖော်ပြနိုင်လောက်အောင်ပါပဲ။ နေ့တိုင်း နောက်တစ်နေ့အစီအစဉ် ဘယ်လောက်တောင်ပိုကောင်းမလဲဆိုတာ စဉ်းစားပြီးအိမ်ပြန်ကြတယ်။ မျှော်လင့်တဲ့အတိုင်းပဲ ဖြစ်ဖြစ်လာတယ်!”

အကယ်၍သင်သည် “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးတစ်ခုခုကို တက်ရောက်မိခဲ့လျှင် ဤစိတ်အားထက်သန်သောတက်ရောက်သူနှင့် သင်သဘောတူညီမည်မှာ သံသယဖြစ်စရာမလိုချေ။ စည်းဝေးကြီး၏ရက်တိုင်း၌ ဘုရားသခင့်တမန်များအဖြစ် ယေဟောဝါသက်သေများ ထမ်းရွက်ရသည့်တာဝန်ကို ရှုထောင့်အမျိုးမျိုးမှနေ၍ အလေးပေးဖော်ပြခဲ့သည်။ သုံးရက်အစီအစဉ်ကို ကျွန်ုပ်တို့ပြန်လည်သုံးသပ်ကြည့်ကြစို့။

“ငြိမ်သက်ခြင်းသတင်းကိုကြားပြောသောသူ . . .အလွန်တင့်တယ်လှစွတကား”

ဤကား စည်းဝေးကြီးပထမနေ့၏ အဓိကအချက်ပင်ဖြစ်သည်။ ယင်းကို ဟေရှာယ ၅၂:၇ တွင်အခြေပြုထားသည်။ ဤခက်ခဲသောနေ့ရက်များအတွင်း များစွာသောသူတို့သည် စိန်ခေါ်ချက်အခြေအနေများအောက်တွင် ယေဟောဝါကိုဝတ်ပြုနေကြသည်။ “ငြိမ်သက်ခြင်းသတင်းကို ဇွဲရှိရှိကြွေးကြော်သူတို့၏စကားကို ကြားနာခြင်း” ဟောပြောချက်တွင် ထိုသစွာရှိသူတို့ထဲမှအချို့တို့ကို လူတွေ့မေးမြန်းခြင်းပါဝင်သည်။ သူတို့၏ ကိုယ်တွေ့ဖော်ပြချက်များကိုကြားနာရခြင်းသည် အမှန်ပင်အားရှိစရာဖြစ်ကာ ယေဟောဝါသည် မိမိတို့ကိုလည်းခွန်အားရှိစေနိုင်ကြောင်း၊ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” အားဖြင့်ပင် သူတို့ကိုခံရပ်တည်ကြည်ရန် ကူညီပေးနိုင်ကြောင်း စည်းဝေးကြီးတက်ရောက်သူများ ယုံကြည်စိတ်ချကြသည်။—၂ ကောရိန္သု ၄:၇။

ယေဟောဝါ၏တောင်းဆိုချက်များသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါ။ (၁ ယောဟန် ၅:၃၊ ကဘ) ယင်းကို နံနက်ပိုင်းအစီအစဉ်၏ နောက်ဆုံးဟောပြောချက်က ရှင်းလင်းစွာနားလည်စေကာ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ခေါင်းစဉ်ရှိ ၃၂ မျက်နှာဘရိုရှာကို ထုတ်ဝေချိန်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ ဤလှပစွာသရုပ်ဖော်ထားသည့် လေ့လာမှုအထောက်အကူအသစ်သည် ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို လူများစွာလေ့လာနိုင်ရန် အရေးကြီးသည့်အပိုင်းမှပါဝင်ကူညီပေးမည်မှာ သံသယဖြစ်စရာမလိုချေ။ ဤစာစောင်အသစ်ကို အသုံးပြုနိုင်သည့် ရှင်းပြချက်များကို ဤမဂ္ဂဇင်း၏နောက်ဆုံးလေ့လာရန်ဆောင်းပါး စာမျက်နှာ ၁၆ နှင့် ၁၇ တွင်တွေ့ရှိရသည်။

“ကောင်းသောအလုပ်၌ ခံနိုင်ရည်ရှိခြင်း” ဟောပြောချက်ကယေဟောဝါသည်ကျွန်ုပ်တို့ခံရသည့် စုံစမ်းနှောင့်ယှက်မှုများကို ကောင်းစွာသိကြောင်း အလေးပေးဖော်ပြသည်။ ခံနိုင်ရည်ရှိခြင်းမည်သည် မားမားမတ်မတ်ရပ်တည်ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့မနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို အထောက်အကူပြုရန် ယေဟောဝါသည်မိမိ၏နှုတ်ကပါဌ်တော်၊ ဝိညာဉ်တော်နှင့် အဖွဲ့အစည်းကိုပေးထားသည်။ ဟောပြောနိုင်ရန် ခံနိုင်ရည်လိုပြီး ဟောပြောခြင်းက ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိရန်ကူညီပေးသည်။ အကြောင်းမှာ ယင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ရှင်သန်စေသောကြောင့်ဖြစ်သည်။ အဆုံးတိုင်အောင်ခံရပ်နိုင်သူသာလျှင် ကယ်တင်ခြင်းရရှိမည်ဖြစ်ရာ အဆုံးနီးနေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ပြဿနာများက ကျွန်ုပ်တို့၏ဇွဲကိုဟန့်တားဖို့ ခွင့်မပြုစေသင့်ချေ။—မဿဲ ၂၄:၁၃။

အဓိကဟောပြောချက်ဖြစ်သော “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များအဖြစ် ကျွန်ုပ်တို့၏အခန်းကဏ္ဍ” က ပြည်နှင်ခံရသောဂျူးများ ဗာဗုလုန်မှလွတ်မြောက်လာကာ ဘီ.စီ.အီး. ၅၃၇ တွင် စင်ကြယ်သောဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းကို အာရုံစိုက်စေခဲ့သည်။ ဤအဖြစ်အပျက်သည် ကမ္ဘာချီအတိုင်းအတာနှင့် မကြာမီဖြစ်မြောက်တော့မည့် ဘုရားသခင့်နိုင်ငံတော်၏ ကြိုတင်မြင်ကွင်းတစ်ခုသာဖြစ်ကြောင်း ဟောပြောသူကရှင်းပြသည်။ (ဆာလံ ၇၂:၇; ဟေရှာယ ၉:၇) ကျွန်ုပ်တို့၏လက်ရှိတာဝန်မှာ ဤဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို ဟောပြောရန်နှင့် ထိုသတင်းနှင့်လျော်ညီစွာ နေထိုင်ရန်ဖြစ်သည်။ ဘုရားသခင်နှင့်အိမ်နီးချင်းကို ချစ်သောမေတ္တာက ဤအလုပ်တွင်အရှိန်မလျော့ဘဲ ဆက်၍လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုစေ့ဆော်သင့်သည်။—တမန်တော် ၅:၄၂။

သောကြာနေ့အစီအစဉ်၏ ပေါ်လွင်ချက်မှာ “ဖျော်ဖြေမှုနောက်ကွယ်ရှိ ကျော့ကွင်းများကို သတိပြု” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်ဖြစ်သည်။ ယနေ့တွင် တေးဂီတ၊ ရုပ်ရှင်များ၊ ဗီဒီယိုများ၊ ရုပ်မြင်သံကြားပြကွက်များ၊ ဗီဒီယိုကစားနည်းများ၊ စာအုပ်များ၊ မဂ္ဂဇင်းများနှင့်ရုပ်ပြများသည် နတ်ဆိုးတို့၏စိတ်ကူးစိတ်သန်းကို ထင်ဟပ်ပြလေ့ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာ” ရုံမက “ကောင်းမွန်သောအမှု၌မှီဝဲဆည်းကပ်ကြ” ရန်လိုအပ်သည်။ (ရောမ ၁၂:၉) မှန်ပါသည်၊ ကျွန်ုပ်တို့သည် စင်ကြယ်သောအရာ မွန်မြတ်သောအရာ၊ ချီးမွမ်းဖွယ်သောအရာများနှင့်အညီ နေထိုင်စဉ်တစ်ကြိမ်တည်း၌ပင် အကျင့်ပျက်စေသော အပန်းဖြေခြင်းကို ရွံရှာမုန်းတီးစရာအဖြစ်ယူမှတ်ရမည်ဖြစ်ပြီး ယင်းကိုရှောင်ရှားရမည်။ (ဖိလိပ္ပိ ၄:၈) ယေဟောဝါ၏အဖွဲ့အစည်းက စီမံပေးထားသည့် စာအုပ်စာတမ်းများနှင့် လေ့လာရှာဖွေမှု အထောက်အကူပြု ကိရိယာများက တည်ဆောက်မှုဖြစ်စေသော တွေးခေါ်စဉ်းစားမှုတို့ဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကိုလှုံ့ဆော်ပေးကာ အမှားနှင့်အမှန်ကိုခွဲခြားနိုင်ရန် ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးသည်။ (ဟေဗြဲ ၅:၁၄) ကျွန်ုပ်တို့သည် လှိုင်းတံပိုးထန်သောပင်လယ်ကြီးထဲတွင် ဖောင်ကိုကပ်တွယ်နေသကဲ့သို့ ဤပြင်ဆင်ပေးရာများကို စွဲကပ်နေသင့်သည်။

နောက်ဟောပြောချက်မှာ “မာရ်နတ်ကိုဆီးတားလော့—အပြိုင်အဆိုင်ပြုခြင်းကို သည်းမခံနှင့်” ဖြစ်သည်။ ကတိထားရာပြည်တော်ထဲသို့ မဝင်မီလေးတွင် ထောင်ပေါင်းများစွာသော ဣသရေလလူတို့သည် စာရိတ္တယိုယွင်းမှုကျော့ကွင်းထဲ ကျခဲ့ကြသည်။ ဖိနဟတ်သည် စစ်မှန်သောဝတ်ပြုရေးနှင့်ပတ်သက်၍ အပြိုင်အဆိုင်ပြုခြင်းကိုသည်းမခံခဲ့ချေ။ သူသည် ပြတ်သားစွာချက်ချင်းဆုံးဖြတ်မှုပြုမူခဲ့၍ သူ၏ခြွင်းချက်မရှိ ဆည်းကပ်ခြင်းဝတ်ကို ယေဟောဝါနှစ်သက်တော်မူခဲ့သည်။ (တောလည်ရာ ၂၅:၁-၁၃) စာတန်၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ယောက်စီတိုင်းကို ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ ဝင်ဖို့မထိုက်တန်စေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုညစ်ညူးသွားစေရန် မာရ်နတ်ကြိုးစားလေသမျှကို ဖိနဟတ်ကဲ့သို့ပင် ကျွန်ုပ်တို့တိုက်လှန်ရမည်။ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ “မတရားသောမေထုန်ကို ကြဉ်ရှောင်” ရမည်။—၁ ကောရိန္သု ၆:၁၈။

“ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၏ သမာဓိစောင့်သိမှုကို သစ္စာရှိစွာကိုင်စွဲခြင်း” သည်စည်းဝေးကြီးပထမနေ့၏ နိဂုံးချုပ်ဟောပြောချက်ဖြစ်သည်။ ဘာသာပြန်များစွာတို့သည် ကျမ်းစောင်များ၏အပိုင်းများကို ပြောင်းလဲခြင်း သို့မဟုတ် ချန်လှပ်ခြင်းပြုလုပ်ခဲ့ကြသည်။ ဥပမာအနေနှင့် အမျိုးသမီးများ၏လူ့အခွင့်အရေးအတွက် ထောက်ခံပြောဆိုသူတို့၏ ကန့်ကွက်မှုများကိုတိမ်းရှောင်ရန် The New Testament and Psalms: An Inclusive Version ဘာသာပြန်ကျမ်းတွင် ဘာသာပြန်သူတို့က ဘုရားသခင်ကို ခမည်းတော်အဖြစ်မဟုတ်ဘဲ ခမည်းတော်-မယ်တော်အဖြစ်ဖော်ပြထား၍ ယေရှုကို “လူသား” ဟုသုံးနှုန်းရမည့်အစား “လူ” ဟူ၍သုံးထားသည်။ ယင်းနှင့်ဆန့်ကျင်လျက် ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် သစ္စာရှိစွာဖြင့် မူရင်းဘာသာစကားအတိုင်း အနီးကပ်လိုက်၍ပြန်ဆိုထားသောကြောင့် ကျမ်းစာထဲရှိအကြောင်းအရာများစွာအပေါ် ကျွန်ုပ်တို့၏အတွေးအမြင်ကို ရှင်းလင်းစေသည်။ ဥပမာအနေနှင့် “ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ တိကျမှန်ကန်သောဘာသာပြန်ဆိုချက်များက ပထမရာစု ခရစ်ယာန်အသင်းတော်ထားခဲ့သည့် စံနမူနာနှင့်ပို၍ကိုက်ညီစေရန် အကြီးအကဲအဖွဲ့များကို ခန့်အပ်ပေးခြင်းဖြင့် အသင်းတော်များကိုပြန်လည်ဖွဲ့စည်းရန်အတွက် လိုအပ်သည့်အခြေခံကို ရရှိစေသည်” ဟုဟောပြောသူကပြောသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်အပေါ် သစ္စာစောင့်သိကြောင်း ယင်းကိုနေ့စဉ်ဖတ်ရှုခြင်းနှင့် ယင်း၏သြဝါဒများကိုလိုက်လျှောက်ခြင်းအားဖြင့် ပြသကြသည်။ ဟောပြောသူက “အခြားသူများအားဇွဲရှိရှိဟောပြောနေခြင်း၊ အခြားသူများကိုသွန်သင်စဉ် သမာသတိရှိရှိကျမ်းစာကိုအသုံးပြုခြင်း၊ ယင်းဖော်ပြထားချက်များကိုလှည့်ခြင်း သို့မဟုတ် ပုံကြီးချဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏ထင်မြင်ယူဆချက်များနှင့် ကိုက်ညီအောင် မည်သည့်အခါမျှမပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို သစ္စာရှိရှိထောက်ခံသူများဖြစ်ကြောင်း ကျွန်ုပ်တို့တင်ပြကြသည်” ဟူ၍လည်းပြောခဲ့သည်။

‘ဉာဏ်ဟူသမျှထက် လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်း’

ဖိလိပ္ပိ ၄:၇ မှအခြေခံထားသည့် ဤအဓိကအချက်ကို စည်းဝေးကြီး၏ဒုတိယမြောက်နေ့တွင် အဓိကထား၍ဆွေးနွေးကြသည်။ တင်ပြသည့် အချက်အလက်အများစုသည် လူတစ်ဦး၏ဓမ္မအမှုဆောင်ခြင်း၊ မိသားစု၊ ဆက်ကပ်အပ်နှံခြင်းနှင့် နေ့စဉ်အသက်တာ၏အခြားရှုထောင့်များနှင့် သက်ဆိုင်သည်။

နေ့စဉ်ကျမ်းချက်ဆွေးနွေးပြီးနောက် “ငြိမ်သက်ခြင်းသတင်းကောင်း သယ်ဆောင်သည့်တမန်များ” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်ကို တင်ဆက်သည်။ ကျွန်ုပ်တို့၏သတင်းသည် ငြိမ်သက်ခြင်းသတင်းဖြစ်၍ ယင်းကို ငြိမ်သက်သည့်သဘောဖြင့် ဝေငှသင့်သည်။ (ဧဖက် ၆:၁၅) ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အငြင်းအခုံပြု၍အနိုင်ယူရန်မဟုတ်ဘဲ စိတ်နှလုံးကိုထိမိရန်ဖြစ်သည်။ ယင်းသို့ပြုလုပ်နိုင်ရန် ယေဟောဝါ၏အဖွဲ့အစည်းမှ အကူအညီဖြစ်စေသည့် လေ့ကျင့်မှုနှင့် စာအုပ်စာတမ်းတို့ကို ကျွန်ုပ်တို့ရရှိထားသည်။ လျစ်လျူရှုခြင်း သို့မဟုတ် စိတ်မဝင်စားခြင်းက ကျွန်ုပ်တို့ကိုစိတ်ပျက်အားလျော့ခြင်းဖြစ်စေသည့်အထိ ခွင့်မပြုသင့်ချေ။ ယင်းအစား ကိုယ်ပိုင်လေ့လာမှု၊ အစည်းအဝေးတက်ခြင်းနှင့် ဟောပြောခြင်းတွင်ပါဝင်ခြင်း စသည့်အကျိုးဖြစ်ထွန်းသောအလေ့အထတို့ကို ကျွန်ုပ်တို့သည်ဆက်လက်၍ “အစွမ်းကုန်ကြိုးစားအားထုတ်” သင့်သည်။ (၂ တိမောသေ ၂:၁၅၊ သတင်းကောင်း) သူတစ်ပါးကို၊ အထူးသဖြင့် ကျွန်ုပ်တို့နှင့် ယုံကြည်ခြင်းတူသူများကို ကောင်းမှုပြုလျက်နေကြရန် သတိမမူဘဲမနေပါနှင့်။ (ဂလာတိ ၆:၁၀) အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းမည်သည် အင်အားကုန်ခန်းသည့်အထိ ပြုလုပ်ဆောင်ရွက်ခြင်းကိုတော့ မဆိုလိုပါ။ တစ်ဦးစီအနေနှင့် မိမိအရည်အချင်းရှိသရွေ့ လုပ်ဆောင်ခြင်းကို ယေဟောဝါဘုရားနှစ်သက်တော်မူသည်။

ဘုရားသခင့်လူတို့သည် ကိုယ်တော့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးအတွက် မိမိတို့၏အချိန်၊ ခွန်အားနှင့် ဥစ္စာအင်ခွင်များကို ပေးဆက်ကြသည်။ “ယေဟောဝါအဖွဲ့အစည်းအတွင်း စိတ်စေတနာဖြင့် ပေးကမ်းခြင်း” ဟောပြောချက်က သိုးကဲ့သို့သောသူများစွာတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်နေကြသည်နှင့်အမျှ ပစ္စည်းပစ္စယများ၊ စည်းဝေးရန်နေရာများနှင့် ဌာနခွဲအဆောက်အအုံများ ထပ်မံလိုအပ်နေကြောင်း ပေါ်လွင်ထင်ရှားစေသည်။ ကျွန်ုပ်တို့ပါဝင်လှူဒါန်းကြသဖြင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်ရန်အတွက် လိုအပ်သမျှကို အဖွဲ့အစည်းက ယင်းအားဖြင့်စီမံပေးနိုင်သည်။ ထို့အပြင်ရက်ရောစွာ ပေးကမ်းစွန့်ကြဲခြင်းသည် ယေဟောဝါကိုဂုဏ်တင်၍ ပေးကမ်းသူကိုပျော်ရွှင်မှုရရှိစေသည်။ ထို့ကြောင့် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဝတ်ပြုရေး၏ အရေးကြီးသည့်ဤကဏ္ဍကို လျစ်လျူမရှုရပါ။—၂ ကောရိန္သု ၈:၁-၇။

နံနက်ပိုင်းအစီအစဉ်သည် ယေဟောဝါသက်သေများ၏ စည်းဝေးကြီးများတွင် အမှတ်ထင်ထင်ဖြစ်လေ့ရှိသော နှစ်ခြင်းဟောပြောချက်ဖြင့်နိဂုံးချုပ်ပါသည်။ နှစ်ခြင်းခံခြင်းဖြင့် ယေရှု၏ခြေတော်ရာကို လိုက်လျှောက်ကြောင်း ဆက်ကပ်အပ်နှံထားသည့်လူသစ်များကို မြင်တွေ့ရခြင်းမှာ အလွန်ရွှင်လန်းဖွယ်ပါတကား! (မဿဲ ၃:၁၃-၁၇) ဤခြေလှမ်း လှမ်းကြသူများသည် အကြီးမြတ်ဆုံးဉာဏ်ပညာ၏ဇာစ်မြစ်—သမ္မာကျမ်းစာ—ကိုဆည်းပူးခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် သူတို့သည်ဘဝတွင် ရည်ရွယ်ချက်အစစ်အမှန်ကို တွေ့ရှိထားကာ မှန်ကန်ရာကိုပြုလုပ်နေကြောင်း သိရှိရခြင်းမှငြိမ်သက်မှုဖြစ်စေသည့် ကောင်းချီးမင်္ဂလာကိုရရှိကြသည်။—ဒေသနာ ၁၂:၁၃။

“ပိုင်းခြားသိမြင်မှုသည် သင့်အားကာကွယ်ပါလေစေ” ဟောပြောချက်က အချက်ကျသောသြဝါဒကိုပေးသည်။ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုသည် အလွန်အရေးကြီးသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမအတွင်းသို့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိစ္စများလုပ်ခြင်း သို့မဟုတ် ခရစ်ယာန်အချင်းချင်းအပေါ် ငွေရေးကြေးရေးအမြတ်ထုတ်ခြင်း လုံးဝမပြုလုပ်သင့်ပါ။ (ယောဟန် ၂:၁၅၊ ၁၆ နှိုင်းယှဉ်)စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း သို့မဟုတ် ငွေကြေးချေးငှားယူခြင်း၊ ချေးငှားပေးခြင်းတို့တွင်လည်း ပိုင်းခြားသိမြင်မှုလိုအပ်သည်။ “ခရစ်ယာန်များအတွင်းတွင် စီးပွားရေးစွန့်စားမှုပြုလုပ်ရာ၌ မအောင်မြင်သောအခါ စိတ်ပျက်ဖွယ်ရာနှင့်ကြုံတွေ့ရကာ အရဲစွန့်ငွေရှာခဲ့သူအချို့သည် ဝိညာဉ်ရေးဘက်ကျဆုံးသည့်အထိပင် ဖြစ်သည်” ဟုဟောပြောသူကမှတ်ချက်ပေးသည်။ ခရစ်ယာန်များ တစ်ဦးနှင့်တစ်ဦး စီးပွားတွဲလုပ်ခြင်းသည် မမှားစေကာမူ သတိပြုခြင်းသည် အမှန်ပင်ပညာရှိရာရောက်သည်။ နှစ်ဦးနှစ်ဖက် စီးပွားရေးသဘောတူညီချက် ပြုလုပ်သည့်အခါတွင် သဘောတူညီချက်ကို အမြဲပင်စာချုပ်စာတမ်း ပြုလုပ်သင့်ပေသည်။

ယောက်ျားများနှင့် မိန်းမများအတွက် ဘုရားသခင့်စံနှုန်းနှင့်ပတ်သက်၍ “လူယောက်ျားနှင့် လူမိန်းမကို ကိုယ်တော်ဖန်ဆင်းတော်မူ၏” ဟူသောဟောပြောချက်တွင် ဆွေးနွေးထားသည်။ သမိုင်းတစ်လျှောက် ယောက်ျားနှင့် မိန်းမတို့၏အခန်းကဏ္ဍအသီးသီးသည် ပြောင်းလဲသွားခဲ့ပြီ။ “လူအများက ယောက်ျားပီသမှုကို ခက်ထန်စွာစိုးမိုးခြင်း၊ ကြမ်းတမ်းခြင်း သို့မဟုတ် ခွန်အားတန်ခိုးပြခြင်းတို့နှင့် လွဲမှားစွာဖြင့်တန်းတူ သဘောထားတတ်ကြသည်” ဟုဟောပြောသူကပြောသည်။ “အချို့သောယဉ်ကျေးမှုအရ ယောက်ျားတစ်ဦးအနေနှင့် လူသူရှေ့မဆိုထားနှင့် လူနောက်ကွယ်တွင်မျက်ရည်ကျမိလျှင်ပင် ရှက်ဖွယ်ရာဖြစ်သည်။ သို့တိုင် လာဇရု၏သင်္ချိုင်းဂူအပြင်ဘက် လူအုပ်အလယ်တွင် ‘ယေရှုသည် မျက်ရည်ကျတော်မူသည်’ ဟုယောဟန် ၁၁:၃၅ ၌ဖော်ပြထားသည်။” မိန်းမများအတွက်ကော။ မိန်းမပီသခြင်းကို ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနှင့် တစ်တန်းတည်း သဘောထားတတ်ကြသည်။ သို့သော် ဟောပြောသူက “အမျိုးသမီးတစ်ဦးသည် လှပသော်လည်း စဉ်းစားဆင်ခြင်မှုမရှိဘဲ အငြင်းပွားပြီးငေါ့တော့တော့ သို့မဟုတ် မောက်မာစွာစကားပြောဆိုလျှင် စကား၏သဘောအရ တကယ်လှသည်၊ တကယ်မိန်းမပီသသည်ဟု ဆိုနိုင်ပါမည်လော” ဟူ၍မေးခဲ့သည်။ (သု. ၁၁:၂၂; ၃၁:၂၆ နှိုင်းယှဉ်) ခရစ်ယာန်ယောက်ျားနှင့် မိန်းမများသည် သူတို့၏ပြောဆိုပုံ၊ ပြုမူနေထိုင်ပုံနှင့် ဝတ်စားဖြီးလိမ်းပုံတို့တွင် ကျမ်းစာစံနှုန်းများနှင့်အညီလိုက်လျှောက်ရန် ကြိုးပမ်းကြသည်။ ဟောပြောသူက “ဝိညာဉ်အသီးသီးပြသော ယောက်ျားတစ်ဦးကို ရိုသေလေးစားရန် လွယ်ကူသည့်နည်းတူ ထိုသို့ပြုသော မိန်းမတစ်ဦးကို ချစ်မြတ်နိုးရန်လွယ်ကူပေသည်” ဟုပြောသည်။—ဂလာတိ ၅:၂၂၊ ၂၃။

ထို့နောက်တွင် “ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သင့်ကိုဂရုစိုက်” အခန်းဆက်ဟောပြောချက်ကိုကြားရသည်။ ခရစ်ယာန်များစွာတို့တွင် ငွေရေးကြေးရေး စိုးရိမ်ပူပင်မှုရှိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ယေဟောဝါက “ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု” ကတိပြုထားသည်။ (ဟေဗြဲ ၁၃:၅) စီးပွားရေးကြပ်တည်းမှုရှိသော်ငြားလည်း အချို့သူတို့သည် အရန်နှင့် မှန်မှန်ရှေ့ဆောင်လုပ်ငန်းတော်တွင် ပါဝင်ခြင်းအားဖြင့် ဤကတိပြုချက်ကို ယုံကြည်စိတ်ချကြောင်း ဖော်ပြကြသည်။ လောလောဆယ်ရှေ့ဆောင်မလုပ်နိုင်သည့် အခြားသူများကလည်း သက်သေခံရန်အခွင့်အရေးတိုင်းကို ရယူနေခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားကြသည်။ (မဿဲ ၆:၃၃) ယင်းသို့သော ကြိုးစားအားထုတ်မှုအားလုံးတို့သည် ချီးမွမ်းစရာကောင်းလှပါသည်တကား! ယေဟောဝါ၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့၏ဓမ္မအမှုကိုထောက်ကူရန်နှင့် ပြဿနာများကိုဖြေရှင်းနိုင်ဖို့ အကူအညီပေးသော စာပေစာတမ်းမြောက်မြားစွာတို့ကို ပြင်ဆင်ပေးထားသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ဝိညာဏပြင်ဆင်ပေးရာများကို တန်ဖိုးထားလေးမြတ်မှု ပြသကြမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို စီးပွားရေးအရ ကသောင်းကနင်းနိုင်သော ဤကာလတွင် စိတ်ငြိမ်သက်မှု ရှိစေတော်မူမည်။—ဆာလံ ၂၉:၁၁။

ထိုနေ့၏ နောက်ဆုံးဟောပြောချက်ဖြစ်သည့် “မိသားစုဘဝတွင် ဘုရားရေးရာငြိမ်သက်ခြင်းကို အမီလိုက်ခြင်း” နိဂုံး၌ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်ကို ရရှိသည့်အတွက် စည်းဝေးတက်ရောက်သူများ ဝမ်းမြောက်ကြသည်။ “ဤစာအုပ်ကို ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ဝီရိယရှိရှိလေ့လာပါ” ဟူ၍ဟောပြောသူကတိုက်တွန်းသည်။ “ယင်း၏ ကျမ်းစာအခြေခံသြဝါဒကို ကျင့်သုံးရန်အားတက်တရောကြိုးစားပါက သင့်မိသားစု၏ ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုကို သင်အမှန်ပင်တိုးပွားစေပါမည်။”

‘အသင့်အတင့်ပေါင်းဖော်ခြင်းဖြင့် . . . တလုံးတဝတည်းဖြစ်’

ဧဖက် ၄:၃ ကိုအခြေခံထားသော ဤအချက်က စည်းဝေးကြီးနောက်ဆုံးနေ့၏ အဓိကအချက်ဖြစ်သည်မှာ ဆီလျော်လှသည်။ ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးမှထွက်လာကြသော ယေဟောဝါသက်သေများသည် ဘုရားသခင်၏သင်ကြားပေးမှုကို ခံကြရသည်။ ထို့ကြောင့် သူတို့သည်ငြိမ်သက်ခြင်းကို ချစ်မြတ်နိုးကြသည်။ သူတို့သည်ယေရှု၏ပုံနမူနာကိုလိုက်လျှောက်ကာ ‘အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့် တလုံးတဝတည်းဖြစ်အံ့သောငှာ’ ကြိုးစားအားထုတ်ကြသည်။

“အမျိုးအစားမှန်သောတမန်များကို ခွဲခြားသိမြင်ခြင်း” အခန်းဆက်ဟောပြောချက်က ဘုရားသခင့်အဖွဲ့အစည်းတွင် စိမ့်ဝင်ပျံ့နှံ့သည့်ငြိမ်သက်ခြင်းကို ပေါ်လွင်ထင်ရှားစေသည်။ ရှေးဣသရေလအချိန်၌ မှားယွင်းသောပရောဖက်များ ရှိခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်စစ်မှန်သောတမန်များ—ဟေရှာယ၊ ယေဇကျေလ၊ ယေရမိတို့ ကဲ့သို့သော ပရောဖက်များ—သည် ယေရုရှလင်မြို့ကျဆုံးခြင်း၊ ပြည်နှင်ဒဏ်ခံရသည့်ကာလနှင့် နောက်ဆုံးဘုရားသခင့်လူမျိုးတို့၏လွတ်မြောက်ချိန်တို့ကို တိကျစွာဖြင့်တင်ကြိုဟောခဲ့ကြသည်။ ယနေ့လည်း ထပ်တူအခြေအနေမျိုး ကြုံနေရသည်။ မှားယွင်းသောတမန်များသည် နိုင်ငံရေးနှင့် မှောက်မှားသောဘာသာရေးနယ်ပယ်များတွင် အမြောက်အမြားရှိကြသည်။ သို့တိုင် ယေဟောဝါသည် ဤအစီအစဉ်စနစ်နှင့်ပတ်သက်သည့် မိမိ၏ရည်ရွယ်တော်မူချက်ကို ကြေညာရန်မိမိ၏သက်သေများကို ပေါ်ပေါက်လာစေသည်။ အထူးသဖြင့် ၁၉၁၉ ခုနှစ်ကတည်းကပင် ယေဟောဝါကျေးကျွန်များသည် ဘုရားသခင့်သတင်းကြေညာရန် အသုံးပြုခြင်းခံခဲ့ရကြသည်။ သူတို့သည် ခရစ်ယာန်ဘောင်ရှိ မှားယွင်းသောတမန်များနှင့် မည်မျှကွာခြားလိုက်လေခြင်း!ယေဟောဝါက ပြီးပြီဟု မိန့်တော်မူသည့်အချိန်တိုင်အောင် ဤလုပ်ငန်းတွင် ကျွန်ုပ်တို့သည် ဝီရိယစိုက်ထုတ် ပါဝင်နိုင်ကြပါစေ။

“ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို နားထောင်၍ လိုက်နာလော့” ဟောပြောချက်က ကျမ်းစာသည် သွန်သင်မှု၊ သက်သာမှုနှင့် မျှော်လင့်ခြင်းပေးသော အကြီးမားဆုံးဇာစ်မြစ်ဖြစ်ကြောင်း အလေးပေးဖော်ပြသည်။ (ဟေရှာယ ၃၀:၂၀၊ ၂၁; ရောမ ၁၅:၄) ယနေ့ ကမ္ဘာကြီးသည် ပို၍ပို၍ပေါက်လွှတ်ပဲစား ဖြစ်နေသည်။ တစ်ခါနှင့်မျှမတူအောင်ဖြစ်နေသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်နှင့် အဖွဲ့အစည်းမှလာသော ဩဝါဒများကိုနားထောင်ရန် လိုအပ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏အားနည်းချက်ကိုသိတော်မူ၍ မိမိ၏နှုတ်ကပါဌ်တော်တွင် ကျွန်ုပ်တို့ကိုအကျိုးဖြစ်စေမည့် လမ်းစဉ်ကိုချမှတ်ပေးထားတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကျောထောက်နောက်ခံဖြစ်ကြောင်း သိထားခြင်းက ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချစေသည်။

နောက်ဆက်လာမည့် ဝတ်စုံပြည့်ပြဇာတ်ကို ပရိသတ်များအာရုံစိုက်စေရန် အသင့်ပြင်ပေးသည်။ ယင်း၏ခေါင်းစဉ်မှာ “သီအိုကရက်တစ်အစီအစဉ်များကို အဘယ်ကြောင့်လေးစားရ” ဖြစ်သည်။ သမ္မာကျမ်းစာမှ ဂိဒေါင်၏အဖြစ်အပျက်ကို အခြေခံအဖြစ်အသုံးပြုထားသော ဤတင်ဆက်မှုက ကျွန်ုပ်တို့သည် ဘုရားသခင့်သွန်သင်ချက်များကို လိုက်လျှောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ကိုယ်ပိုင်ယူဆချက်များကိုအစားထိုးခြင်း သို့မဟုတ် သီအိုကရက်တစ်သြဝါဒများကို ရှောင်တိမ်းဖို့ကြိုးစားခြင်းတို့ မပြုလုပ်ရန်တည်းဟူသော ကြီးမားသည့်သင်ခန်းစာကို အလွန်လေးနက်စွာဖော်ပြသည်။

လူထုဟောပြောချက်၏ အကြောင်းအရာမှာ “နောက်ဆုံးတွင် စစ်မှန်သောငြိမ်သက်ခြင်းရရှိလေပြီ—အဘယ်ဇာစ်မြစ်မှနည်း” ဖြစ်သည်။ ဘုရားသခင်ကတိပေးထားသော ငြိမ်သက်ခြင်းသည် ဤလောကမှမှန်းဆနိုင်ကြသည့် မည်သည့်အရာထက်မဆို သာလွန်ပါသည်။ ဟောပြောသူက “စစ်မှန်သောငြိမ်သက်ခြင်းဟူသည် နေ့စဉ်ငြိမ်သက်မှုရှိခြင်းဖြစ်သည်” ဟုဆို၏။ “ဘုရားသခင့်ငြိမ်သက်ခြင်းမည်သည် ဖျားနာခြင်း၊ ပင်ပန်းခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့်သေခြင်းတို့ ကမ္ဘာတွင်မရှိခြင်းဖြစ်သည်။” သမ္မာကျမ်းစာက ယေဟောဝါသည် “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏” ဟုကျွန်ုပ်တို့ကိုပြောထားသည်။ (ဆာလံ ၄၆:၉) ယင်းကို ကိုယ်တော်မည်သို့ပြုတော်မူမည်နည်း။ စစ်ကိုဆွပေးသူ စာတန်မာရ်နတ်ကို ဖယ်ရှားခြင်းအားဖြင့် ဖြစ်သည်။ (ဗျာဒိတ် ၂၀:၁-၃) ယင်းက စိတ်နှိမ့်ချသောသူများအတွက် ‘ပြည်တော်ကို အပိုင်ရ၍များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြစေဖို့’ လမ်းဖွင့်ပေးလိမ့်မည်။—ဆာလံ ၃၇:၁၁။

ထိုအပတ်အတွက် လေ့လာရန်ကင်းမျှော်စင်ဆောင်းပါး အကျဉ်းချုပ်ကို ကြားနာရပြီးနောက် စည်းဝေးကြီး၏နောက်ဆုံးဟောပြောချက်ကို တင်ဆက်သည်။ “ဘုရားရေးရာငြိမ်သက်ခြင်း၏ တမန်များအဖြစ် ရှေ့သို့ချီတက်ခြင်း” ခေါင်းစဉ်ရှိ ဤစိတ်လှုပ်ရှားဖွယ်ရာဟောပြောချက်က ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ထူးခြားသည့်အပြင် အရေးလည်းကြီးကြောင်း အလေးပေးဖော်ပြသည်။ ယခုအချိန်သည် သက်သောင့်သက်သာနေရန်၊ ဖင့်နွှဲဆိုင်းတွနေရန် သို့မဟုတ် ယခင်ကမှားယွင်းသော အယူအဆများဆီသို့ ပြန်လှည့်ရန်အချိန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လိုအပ်ရာများဖြစ်သော ဘုရားသခင့်သတင်းတော်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တော်၏မေတ္တာပြည့်ဝသော သီအိုကရက်တစ်အဖွဲ့အစည်းမှလာသည့် မြောက်မြားစွာသောပြင်ဆင်ပေးချက်များဖြင့် ထောက်ပံ့ထားခြင်းခံရသည်။ ထို့ကြောင့် ဘုရားသခင်၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ဆက်လက်၍ ဘုရားရေးရာငြိမ်သက်ခြင်း၏ တမန်များအဖြစ် ရှေ့သို့ချီတက်ကြပါစို!

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိသားစုများအတွက် မေတ္တာပါသော ပြင်ဆင်ပေးချက်တစ်ရပ်

“ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီး၏ ဒုတိယနေ့ကိုတက်ရောက်သူများသည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] ခေါင်းစဉ်ရှိ စာအုပ်အသစ်ကိုရရှိကြသည့်အတွက် ကျေနပ်အားရကြသည်။ ဤစာအုပ်တွင် ဘုရားသခင်အားချစ်မြတ်နိုးသော မိသားစုအားလုံးကို အကျိုးဖြစ်ထွန်းစေမည့် ကျမ်းစာဆိုင်ရာအချက်အလက်များပါဝင်သည်။

ယူ.အက်စ်.အေ၊ ကော်နက်တီကပ်မှ အကြီးအကဲတစ်ဦး ဤသို့မှတ်ချက်ချသည်– “ဇွန် ၁၅ ရက်နေ့တွင် မိသားစုပျော်ရွှင်မှု စာအုပ်ကို ကျွန်တော်တို့ရရှိသည်။ ဇွန် ၁၆ ရက်တွင် ကျွန်တော်သည် ယင်းကို တစ်ဝက်ခန့်ဖတ်ပြီးလေပြီ။ ၁၇ ရက်နေ့၌မူ ယင်းကို ကျွန်တော်တို့၏ မိသားစုကျမ်းစာသင်အံမှု၌ ဦးဆုံးစတင်ခဲ့၍ ကျွန်တော်တို့ အလွန်အားပေးမှုရရှိခဲ့ကြပါသည်တကား! ထိုနေ့၌ပင် ကျွန်တော်သည် ထိုစာအုပ်ကိုဖတ်ရှုခြင်း လုံးဝပြီးစီးသွားသည်။ ဤကောင်းမွန်လှသောစာအုပ်သည် ယင်းကိုအသုံးချသူအားလုံးအတွက် တန်ဖိုးရှိကြောင်းသက်သေထူမည်မှာ သံသယရှိစရာမလိုပေ။ ထိုစာအုပ်သည် ပွင့်လင်းမှုရှိ၍ နောက်ဆုံးပေါ်အချက်အလက်တို့ကိုပေးခြင်းက ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည် ‘အချိန်တန်အစားအသောက်’ ကိုပေးနေကြောင်းနှင့် ဤခက်ခဲသောအချိန်တွင် ကျွန်တော်တို့လိုအပ်ရာများကို ကောင်းစွာသိရှိကြောင်း ထပ်ဆင့်သက်သေထူသည်။”—မဿဲ ၂၄:၄၅-၄၇၊ သမ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုကြောင်း လူငယ်နှင့်လူကြီးပါတူညီစွာ သိလိုကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ