မိဘများ၊ သင်တို့၏ပုံသက်သေကအဘယ်အရာကိုသွန်သင်သနည်း
“သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြလော့။ . . . မေတ္တာတရား၌ကျင်လည်ကြလော့။”—ဧဖက် ၅:၁၊ ၂။
၁။ ကနဦးလူသားမောင်နှံအတွက် အဘယ်လမ်းညွှန်ချက်မျိုးကို ယေဟောဝါပေးခဲ့သနည်း။
ယေဟောဝါသည် မိသားစုအစီအစဉ်ကို အစပြုသူဖြစ်သည်။ ကိုယ်တော်သည် ပထမဆုံးမိသားစုကိုတည်ထောင်ခဲ့ပြီး ကနဦးလူသားမောင်နှံကို ကလေးမွေးဖွားနိုင်စွမ်းပေးခဲ့သောကြောင့် မိသားစုမှန်သမျှသည် ကိုယ်တော်ကြောင့်တည်ရှိခြင်းဖြစ်၏။ (ဧဖက် ၃:၁၄၊ ၁၅) ကိုယ်တော်သည် အာဒံနှင့်ဧဝတို့ကိုပေးသည့် တာဝန်များနှင့်စပ်လျဉ်း၍ အခြေခံကျသောညွှန်ကြားချက်များပေးခဲ့ပြီး ယင်းတို့ကိုဆောင်ရွက်ရာ၌ ကိုယ်ပိုင်အစပြုလုပ်ဆောင်မှုစွမ်းရည်ကိုအသုံးပြုဖို့ အခွင့်အလမ်းများစွာပေးခဲ့သည်။ (ကမ္ဘာဦး ၁:၂၈-၃၀; ၂:၁၅-၂၂) အာဒံနှင့်ဧဝတို့ အပြစ်ပြုပြီးနောက် မိသားစုများကိုင်တွယ်ဖြေရှင်းရသည့် အခြေအနေများသည် ပို၍ရှုပ်ထွေးလာခဲ့သည်။ သို့တိုင် ယေဟောဝါသည် ထိုသို့သောအခြေအနေများကို ကိုယ်တော့်ကျေးကျွန်များ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လမ်းညွှန်ချက်များကို မေတ္တာပါစွာစီမံပေးတော်မူ၏။
၂။ (က) နှုတ်တိုက်သွန်သင်ခြင်းနှင့် ရေးသားထားသောဆုံးမစကားကို အဘယ်နည်းများဖြင့်ယေဟောဝါခိုင်ခံ့စေခဲ့သနည်း။ (ခ) မိဘများသည် အဘယ်မေးခွန်းကို မိမိကိုယ်ကိုမေးရန်လိုသနည်း။
၂ ကျွန်ုပ်တို့၏မြင့်မြတ်သောသွန်သင်ရှင်အနေနှင့် ယေဟောဝါသည် ကျွန်ုပ်တို့လုပ်သင့်ရာနှင့် မလုပ်သင့်ရာတို့ကို ရေးသားထားသောညွှန်ကြားချက်များပေးရုံထက်မက စီမံပေးခဲ့ပြီ။ ကိုယ်တော်သည် ရှေးခေတ်က ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် အိမ်ထောင်ဦးစီးများမှတစ်ဆင့် နှုတ်တိုက်ညွှန်ကြားချက်များနှင့် ရေးသားထားသောသွန်သင်ချက်များကို တွဲဖက်ပေးခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင် ထိုသို့သောနှုတ်တိုက်သွန်သင်ချက်ကိုပေးရန် မည်သူ့ကိုကိုယ်တော်အသုံးပြုသနည်း။ ခရစ်ယာန်အကြီးအကဲများနှင့် မိဘများဖြစ်ကြသည်။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ယေဟောဝါ၏နည်းလမ်းတော်များနှင့်အညီ သင့်မိသားစုကိုသွန်သင်နေပါသလော။—သု. ၆:၂၀-၂၃။
၃။ အိမ်ထောင်ဦးစီးများသည် ထိရောက်သောသွန်သင်ချက်နှင့်စပ်လျဉ်း၍ ယေဟောဝါထံမှ အဘယ်အရာသင်ယူနိုင်သနည်း။
၃ မိသားစုအတွင်း ထိုသို့သောသွန်သင်ချက်ကို မည်သို့ပေးသင့်သနည်း။ ယေဟောဝါသည် စံနမူနာချမှတ်ထားသည်။ ကောင်းသောအရာနှင့် မကောင်းသောအရာတို့ကို ကိုယ်တော်ရှင်းလင်းစွာ ထပ်တလဲလဲဖော်ပြခဲ့သည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; တရားဟောရာ ၄:၂၃၊ ၂၄; ၅:၈၊ ၉; ၆:၁၄၊ ၁၅; ယောရှု ၂၄:၁၉၊ ၂၀) ကိုယ်တော်သည် စဉ်းစားမှုကိုလှုံ့ဆော်ပေးသော မေးခွန်းများကိုအသုံးပြု၏။ (ယောဘ ၃၈:၄၊ ၈၊ ၃၁) ပုံဥပမာများနှင့် ဘဝဖြစ်ရပ်မှန်များအားဖြင့် ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုကိုနှိုးဆွပေးပြီး ကျွန်ုပ်တို့၏နှလုံးကိုပုံသွင်းတော်မူ၏။ (ကမ္ဘာဦး ၁၅:၅; ဒံယေလ ၃:၁-၂၉) မိဘများ သင့်ကလေးများကိုသွန်သင်သောအခါ ထိုပုံစံကိုလိုက်ဖို့ကြိုးစားပါသလော။
၄။ ပဲ့ပြင်ဆုံးမခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါထံမှ အဘယ်အရာသင်ယူနိုင်သနည်း။ ဆုံးမပဲ့ပြင်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၄ ယေဟောဝါသည် ဖြောင့်မှန်ရာဘက် မြဲမြံတည်ကြည်သော်လည်း မစုံလင်မှု၏အကျိုးဆက်များကို သိနားလည်၏။ ထို့ကြောင့် ကိုယ်တော်သည် ပြစ်ဒဏ်မပေးမီ မစုံလင်သောလူသားများကို သွန်သင်ပေးပြီး အကြိမ်ကြိမ်သတိပေးနှိုးဆော်ခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆; ယေရမိ ၇:၂၃-၂၆) ဆုံးမပဲ့ပြင်သောအခါ လွန်လွန်ကဲကဲမဟုတ်ဘဲ သင့်တော်သည့်အတိုင်းအတာဖြင့် ဆုံးမတော်မူ၏။ (ဆာလံ ၁၀၃:၁၀၊ ၁၁; ဟေရှာယ ၂၈:၂၆-၂၉) ကျွန်ုပ်တို့၏သားသမီးများကို ထိုသို့ကိုင်တွယ်မည်ဆိုလျှင် ယေဟောဝါအား ကျွန်ုပ်တို့သိကျွမ်းကြောင်းသက်သေထူပြီး သူတို့လည်း ကိုယ်တော့်ကိုအလွယ်တကူသိကျွမ်းလာကြလိမ့်မည်။—ယေရမိ ၂၂:၁၆; ၁ ယောဟန် ၄:၈။
၅။ မိဘများသည် နားထောင်ခြင်းနှင့်ပတ်သက်၍ ယေဟောဝါထံမှ အဘယ်အရာသင်ယူနိုင်သနည်း။
၅ ယေဟောဝါသည် မေတ္တာပြည့်ဝသော ကောင်းကင်ခမည်းတော်တစ်ဦးအဖြစ် တကယ်ကောင်းစွာနားထောင်တော်မူ၏။ ကိုယ်တော်သည် အမိန့်များ ထုတ်ရုံထုတ်သည်မဟုတ်ပါ။ ကိုယ်တော်အား ရင်ဖွင့်ဖို့ ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ (ဆာလံ ၆၂:၈) ကျွန်ုပ်တို့တွေးခေါ်ပြောဆိုသောစကားများသည် လုံးလုံးလျားလျားမှန်ကန်မှုမရှိသည့်အခါ ကောင်းကင်မှကျယ်လောင်စွာဆုံးမခြင်းပြုတော်မမူချေ။ စိတ်ရှည်စွာဖြင့်သွန်သင်၏။ ထို့ကြောင့် “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟူသောပေါလု၏ဆုံးမစကားသည် တကယ်သင့်တော်သည်တကား! (ဧဖက် ၄:၃၁–၅:၁) သားသမီးများကိုကြိုးစားသွန်သင်ပေးရာ၌ ယေဟောဝါသည် မိဘများအတွက် တကယ့်ကောင်းသောပုံသက်သေပါတကား! ကျွန်ုပ်တို့၏နှလုံးကိုထိမိပြီး ကိုယ်တော်နှစ်သက်ရာဘဝလမ်းစဉ်၌ လျှောက်လှမ်းစေလိုသည့် ပုံသက်သေဖြစ်သည်။
ပုံသက်သေဖြင့် ဩဇာလွှမ်းခြင်း
၆။ မိဘများ၏သဘောထားနှင့် ပုံသက်သေသည် သားသမီးများကို မည်သို့သြဇာလွှမ်းသနည်း။
၆ နှုတ်နှင့်သွန်သင်ခြင်းအပြင် ပုံသက်သေသည် လူငယ်များအပေါ် နက်ရှိုင်းသောသြဇာသက်ရောက်ရှိမှုသည်။ မိဘများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သားသမီးများသည် ယင်းတို့ကိုတုပကြပါလိမ့်မည်။ သူတို့ကိုယ်တိုင်ပြောခဲ့သောစကားများကို သားသမီးများပြောဆိုသောအခါ မိဘများကျေနပ်—တစ်ခါတစ်ရံ ထိတ်လန့်သွား—ကြပေမည်။ မိဘများ၏အမူအကျင့်နှင့် သဘောထားတို့သည် ဝိညာဉ်ရေးရာများကို အလွန်တန်ဖိုးထားကြောင်း ဖော်ပြသောအခါ သားသမီးများအပေါ် အပြုသဘောသြဇာသက်ရောက်စေ၏။—သု. ၂၀:၇။
၇။ ယေဖသသည် သမီးအတွက် အဘယ်ပုံသက်သေချမှတ်ခဲ့ကာ ရလဒ်ကားအဘယ်နည်း။
၇ မိဘ၏ပုံသက်သေ အကျိုးသက်ရောက်ပုံကို သမ္မာကျမ်းစာက ကောင်းစွာဖော်ပြထားသည်။ အမ္မုန်လူတို့ကိုအောင်ပွဲခံရန် ဣသရေလလူတို့ကိုဦးစီးဖို့ ယေဟောဝါအသုံးပြုခဲ့သူ ယေဖသသည်လည်း ဖခင်တစ်ဦးဖြစ်ခဲ့သည်။ ယေဖသသည် ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံခဲ့သည့်သမိုင်းကို ဖတ်ရှုလေ့ရှိကြောင်း အမ္မုန်ဘုရင်အား သူပေးခဲ့သည့်အဖြေကဖော်ပြ၏။ ထိုသမိုင်းကို သူအလွတ်ကိုးကားနိုင်ခဲ့ပြီး ယေဟောဝါအားယုံကြည်ခြင်းအပြည့်ရှိကြောင်းဖော်ပြခဲ့သည်။ သူ၏ပုံသက်သေသည် သမီးဖြစ်သူအား ယေဟောဝါ၏လုပ်ငန်းတော်၌ တစ်ကိုယ်ရေအမျိုးသမီးအဖြစ် ဘဝကိုမြှုပ်နှံနိုင်စေရန် သမီးတင်ပြခဲ့သောယုံကြည်ခြင်းနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြစ်ပေါ်ဖွံ့ဖြိုးစေရန် အမှန်ကူညီပေးခဲ့ပေမည်။—တရားသူကြီး ၁၁:၁၄-၂၇၊ ၃၄-၄၀; ယောရှု ၁:၈ နှိုင်းယှဉ်။
၈။ (က) အဘယ်ကောင်းသောသဘောထားကို ရှမွေလ၏မိဘများပြခဲ့ကြသနည်း။ (ခ) ယင်းသည် ရှမွေလကို မည်သို့အကျိုးပြုခဲ့သနည်း။
၈ ရှမွေလသည် ကလေးငယ်တစ်ဦးအဖြစ် ပုံသက်သေကောင်းပြခဲ့ပြီး ဘဝတစ်လျှောက်လုံး ပရောဖက်တစ်ဦးအဖြစ် ယေဟောဝါအပေါ်သစ္စာရှိခဲ့သည်။ သူပြုခဲ့သကဲ့သို့ သင့်သားသမီးများကို ပြုစေလိုပါသလော။ ရှမွေလ၏မိဘများဖြစ်သူ ဧလကာနနှင့် ဟန္နတို့၏ပုံနမူနာကိုဆန်းစစ်ကြည့်ပါ။ သူတို့၏အိမ်ထောင်စုအခြေအနေသည် မပြည့်စုံသော်လည်း ဝတ်ပြုရေးအတွက် မြင့်မြတ်သောတဲတော်တည်ရှိရာ ရှိလောမြို့သို့ သူတို့မှန်မှန်သွားရောက်လေ့ရှိခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၁:၃-၈၊ ၂၁) ခံစားချက်အပြည့်နှင့် ဟန္နဆုတောင်းခဲ့သည်ကို သတိပြုပါ။ (၁ ဓမ္မရာဇဝင် ၁:၉-၁၃) ဘုရားသခင်ထံပြုခဲ့သည့် ကတိမှန်သမျှကိုဖြေဖို့ရန် သူတို့နှစ်ဦးစလုံး မည်သို့သဘောထားကြောင်း သတိပြုပါ။ (၁ ဓမ္မရာဇဝင် ၁:၂၂-၂၈) သူတို့၏ကောင်းသောပုံသက်သေသည် ရှမွေလကို အမှန်ကူညီပေးခဲ့ပေမည်။ သူ၏ပတ်ဝန်းကျင်ရှိ ယေဟောဝါအားဝတ်ပြုပါသည်ဟု ယူဆနေကြသူများက ဘုရားသခင့်နည်းလမ်းတော်များကို မလေးမစားပြုခဲ့ကြချိန်၌ပင် ရှမွေလအား ဖြောင့်မှန်သည့်လမ်းစဉ်ကိုလိုက်လျှောက်စေနိုင်ခဲ့သည့် အရည်အသွေးများတိုးပွားစေခဲ့သည်။ အချိန်တန်သော် ယေဟောဝါသည် ရှမွေလကို မိမိ၏ပရောဖက်အဖြစ် တာဝန်အပ်နှင်းခဲ့သည်။—၁ ဓမ္မရာဇဝင် ၂:၁၁၊ ၁၂; ၃:၁-၂၁။
၉။ (က) အိမ်တွင် အဘယ်သြဇာများသည် တိမောသေအပေါ် ကောင်းသောအကျိုးသက်ရောက်ခဲ့သနည်း။ (ခ) တိမောသေသည် မည်သို့သောသူဖြစ်လာခဲ့သနည်း။
၉ တမန်တော်ပေါလု၏အပေါင်းအဖော်တစ်ဦးဖြစ်လာခဲ့သူ လူငယ်တိမောသေကဲ့သို့ သင့်သားကိုဖြစ်စေလိုသလော။ တိမောသေ၏ဖခင်သည် ယုံကြည်သူမဟုတ်သော်လည်း သူ၏မိခင်နှင့်အဘွားတို့သည် ဝိညာဉ်ရေးရာများကိုတန်ဖိုးထားသည့် ပုံသက်သေကောင်းပြခဲ့ကြသည်။ ယင်းသည် ခရစ်ယာန်တစ်ဦးအဖြစ် တိမောသေ၏ဘဝအတွက် အုတ်မြစ်ကောင်းချဖို့ကူညီခဲ့သည်မှာ သံသယရှိစရာမလိုပေ။ သူ၏မိခင်ဥနိတ်နှင့် အဘွားလောဣတို့သည် “ဟန်ဆောင်ခြင်းကင်းသောယုံကြည်ခြင်း” ရှိခဲ့ကြသည်ဟု ကျွန်ုပ်တို့သိရ၏။ ခရစ်ယာန်များအဖြစ် သူတို့၏အသက်တာသည် ဟန်ဆောင်မှုမရှိပါ; သူတို့ယုံကြည်ချက်နှင့်အညီ အသက်ရှင်နေထိုင်ခဲ့ကြရာ လူငယ်တိမောသေကို အလားတူပြုရန် သွန်သင်ပေးခဲ့ကြသည်။ တိမောသေသည် မှီခိုအားထားလောက်သူဖြစ်ကြောင်းနှင့် သူတစ်ပါးအကျိုးကို အမှန်တကယ်လိုလားကြောင်းသက်သေထူခဲ့သည်။—၂ တိမောသေ ၁:၅; ဖိလိပ္ပိ ၂:၂၀-၂၂။
၁၀။ (က) အိမ်အပြင်ဘက်ရှိ အဘယ်ပုံသက်သေများသည် သားသမီးများကို ထိခိုက်နိုင်သနည်း။ (ခ) ယင်းသို့သောသြဇာများသည် သားသမီးများ၏အပြောအဆို သို့မဟုတ် သဘောထားတို့တွင်ထင်ရှားလာလျှင် မည်သို့တုံ့ပြန်သင့်သနည်း။
၁၀ ကျွန်ုပ်တို့၏သားသမီးများကို အကျိုးသက်ရောက်သောပုံသက်သေများသည် အိမ်အတွင်း၌သာရှိသည်မဟုတ်ပါ။ သူတို့၏ကျောင်းနေဖက်များ၊ လူငယ်များ၏စိတ်ကိုပုံသွင်းပေးသည့်ဆရာများ၊ လူမျိုးနွယ်စု သို့မဟုတ် လူမှုရေးဓလေ့ထုံးစံများနှင့်အညီ နေထိုင်သင့်သည်ဟုခိုင်မာစွာယူဆသူများ၊ နေရာအနှံ့ချီးမွမ်းခံရသည့် နာမည်ကျော် အားကစားသမားများနှင့် သတင်းစာများတွင် အမူအကျင့်ဖော်ပြခံရသည့် အရာရှိများရှိကြ၏။ ကလေးသန်းပေါင်းများစွာသည် စစ်၏ကြမ်းကြုတ်မှုကိုလည်း ခံခဲ့ကြရပြီ။ ယင်းသြဇာများကိုခံခဲ့ရခြင်းကြောင့် ကျွန်ုပ်တို့သားသမီးများ၏အပြောအဆို သို့မဟုတ် သဘောထားတို့တွင် ၎င်းတို့ထင်ရှားပေါ်လွင်လာမည်ဆိုလျှင် ကျွန်ုပ်တို့အံ့အားသင့်စရာဖြစ်သလော။ ၎င်းတို့ထင်ရှားလာသည့်အခါ ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြသနည်း။ အပြင်းအထန်ပြစ်တင်ကြိမ်းမောင်းခြင်း သို့မဟုတ် တင်းကျပ်စွာဆုံးမခြင်းဖြင့် ပြဿနာကိုဖြေရှင်းနိုင်ပါမည်လော။ သားသမီးများကို ချက်ချင်းပြစ်တင်ဆုံးမမည့်အစား ‘ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖို့ ပိုင်းခြားသိမြင်စေသည့် ကျွန်ုပ်တို့နှင့်ယေဟောဝါဆက်ဆံသည့်နည်းလမ်းတွင် သိရှိစရာတစ်စုံတစ်ရာရှိပါသလော’ ဟုကိုယ့်ကိုယ်ကိုမေးလျှင် သာ၍မကောင်းပေလော။—ရောမ ၂:၄ နှိုင်းယှဉ်။
၁၁။ မိဘများသည် အမှားပြုမိသောအခါ သားသမီးများ၏သဘောထားကို ယင်းကမည်သို့ထိခိုက်နိုင်သနည်း။
၁၁ မစုံလင်သောမိဘများသည် အကောင်းဆုံးနည်းဖြင့် အခြေအနေများကို အမြဲမကိုင်တွယ်နိုင်သည်မှာ မှန်ပါသည်။ သူတို့သည် အမှားများပြုမိကြပေမည်။ ယင်းကို သားသမီးများသိသောအခါ မိဘများအပေါ်သူတို့၏လေးစားမှု လျော့နည်းသွားစေပါမည်လော။ အထူးသဖြင့် မိဘများသည် သူတို့၏အခွင့်အာဏာကို ကြမ်းတမ်းစွာအသုံးပြုခြင်းဖြင့် မိမိတို့အမှားများကိုဖုံးကွယ်ဖို့ကြိုးစားကြမည်ဆိုလျှင် ထိုသို့ဖြစ်ပေမည်။ သို့သော် မိဘများသည် နှိမ့်ချပြီး မိမိတို့အမှားများကို ပွင့်လင်းစွာဝန်ခံမည်ဆိုလျှင် ရလဒ်သည်အလွန်ကွာခြားပေမည်။ ဤသို့ပြုခြင်းဖြင့် အလားတူပြုတတ်ဖို့သင်ယူရန်လိုသည့် သားသမီးများအတွက် အကျိုးများစွာရှိသောပုံသက်သေကို ချမှတ်နိုင်သည်။—ယာကုပ် ၄:၆။
ကျွန်ုပ်တို့ပုံသက်သေက သွန်သင်ပေးနိုင်ရာ
၁၂၊ ၁၃။ (က) သားသမီးများသည် ချစ်ခြင်းမေတ္တာအကြောင်း အဘယ်အရာကိုသင်ယူရန်လိုပြီး ယင်းကို မည်သို့အထိရောက်ဆုံးသွန်သင်နိုင်သနည်း။ (ခ) သားသမီးများသည် ချစ်ခြင်းမေတ္တာအကြောင်းသင်ယူဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ နှုတ်တိုက်သွန်သင်ခြင်းသည် ကောင်းသောပုံသက်သေနှင့်ဒွန်တွဲသောအခါ တကယ်ထိရောက်စွာသွန်သင်ပေးနိုင်သည့် တန်ဖိုးရှိသောသင်ခန်းစာများစွာရှိသည်။ အနည်းငယ်ကိုသုံးသပ်ကြည့်ပါ။
၁၃ တစ်ကိုယ်ကောင်းမဆန်သောမေတ္တာတင်ပြခြင်း– ပုံသက်သေအားဖြင့် ပိုခိုင်မြဲစေရမည့် အရေးအကြီးဆုံးသင်ခန်းစာတစ်ခုမှာ ချစ်ခြင်းမေတ္တာ၏အဓိပ္ပာယ်ဖြစ်သည်။ “ဘုရားသခင်သည် ငါတို့ကိုရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏။” (၁ ယောဟန် ၄:၁၉) ကိုယ်တော်သည် မေတ္တာ၏ရင်းမြစ်နှင့် အမြင့်မြတ်ဆုံးစံနမူနာရှင်ဖြစ်၏။ မူအရဖြစ်သောဤမေတ္တာ၊ အဂါးပေးကို သမ္မာကျမ်းစာတွင် အကြိမ် ၁၀၀ ကျော်ဖော်ပြထားသည်။ ယင်းသည် စစ်မှန်သောခရစ်ယာန်များကိုခွဲခြားဖော်ပြသည့် အရည်အသွေးတစ်ခုဖြစ်သည်။ (ယောဟန် ၁၃:၃၅) ထိုသို့သောမေတ္တာကို ဘုရားသခင်နှင့် ယေရှုခရစ်တို့အပြင် လူလူချင်းကိုလည်း—ကျွန်ုပ်တို့မနှစ်သက်သည့်သူများကိုပင်—ပြရန်ဖြစ်သည်။ (မဿဲ ၅:၄၄၊ ၄၅; ၁ ယောဟန် ၅:၃) ကျွန်ုပ်တို့၏သားသမီးများကို ယင်းအကြောင်း ထိရောက်စွာမသွန်သင်နိုင်မီ ဤမေတ္တာသည် ကျွန်ုပ်တို့နှလုံးထဲတွင်ရှိနေရမည်ဖြစ်ပြီး ကျွန်ုပ်တို့အသက်တာတွင် ထင်ရှားနေရမည်။ အလုပ်သည် စကားထက်တာသွား၏။ မိသားစုအတွင်း သားသမီးများသည် မေတ္တာနှင့် ချစ်ခင်စုံမက်မှုကဲ့သို့သော ဆက်နွှယ်သည့်အရည်အသွေးများကို တွေ့မြင်ခံစားရန်လိုသည်။ ဤအရာများမရှိဘဲ ကလေးတစ်ဦး၏ ကာယရေး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရပ်တန့်သွားနိုင်သည်။ မိသားစုပြင်ပရှိခရစ်ယာန်ချင်းများအား မေတ္တာနှင့်ချစ်ခင်စုံမက်မှုကို မည်သို့ကောင်းစွာပြသကြောင်းကိုလည်း ကလေးများသိဖို့လိုသည်။—ရောမ ၁၂:၁၀; ၁ ပေတရု ၃:၈။
၁၄။ (က) သားသမီးများကို ကျေနပ်မှုပေးသည့်အလုပ် လုပ်တတ်ကိုင်တတ်လာရန် မည်သို့သင်ပေးနိုင်သနည်း။ (ခ) ယင်းကို သင့်မိသားစုတွင် မည်သို့ပြုလုပ်နိုင်သနည်း။
၁၄ လုပ်တတ်ကိုင်တတ်ရန်သင်ယူခြင်း– အလုပ်ဟူသည် ဘဝ၏အခြေခံကျသောကဏ္ဍတစ်ရပ်ဖြစ်၏။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုရှိရန် အလုပ်ကောင်းစွာလုပ်တတ်ကိုင်တတ်ဖို့လိုသည်။ (ဒေ. ၂:၂၄; ၂ သက်သာလောနိတ် ၃:၁၀) ကလေးသည် သင်ပေးမှုမရှိသလောက်ဖြစ်သည့် အလုပ်တာဝန်များပေးအပ်ခံရပြီး ၎င်းတို့ကိုကောင်းစွာမလုပ်တတ်သည့်အတွက် ကြိမ်းမောင်းခံရမည်ဆိုလျှင် ကောင်းစွာလုပ်တတ်ကိုင်တတ်လိမ့်မည်မဟုတ်ပေ။ သို့သော် ကလေးများသည် မိဘများနှင့်အတူ အလုပ်လုပ်ကိုင်ကြပြီး သင့်တော်စွာချီးမွမ်းခံရသောအခါ ကျေနပ်မှုပေးသည့် အလုပ်မျိုးကို ပို၍လုပ်တတ်ကိုင်တတ်စရာအကြောင်းရှိ၏။ မိဘများ၏ပုံသက်သေသည် ရှင်းပြချက်နှင့်တွဲနေမည်ဆိုလျှင် ကလေးများသည် အလုပ်တစ်ခုကို အပြီးအစီးလုပ်ကိုင်တတ်မည်သာမက ပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်၊ အလုပ်မပြီးမချင်း မည်သို့စွဲစွဲမြဲမြဲလုပ်ဆောင်ရမည်နှင့် မည်သို့ကျိုးကြောင်းဆင်ခြင်ပြီး ဆုံးဖြတ်ချက်များချရမည်တို့ကိုပါ သိရှိလာကြပေမည်။ ဤတွင် ယေဟောဝါသည်လည်း အလုပ်လုပ်ကြောင်း၊ ကိုယ်တော်သည် ကောင်းစွာလုပ်ကိုင်ကြောင်းနှင့် ယေရှုသည် ခမည်းတော်ကိုတုပကြောင်း သူတို့ကိုသဘောပေါက်ရန်ကူညီပေးနိုင်သည်။ (ကမ္ဘာဦး ၁:၃၁; သု. ၈:၂၇-၃၁; ယောဟန် ၅:၁၇) မိသားစုတစ်စုသည် လယ်လုပ်မည် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ကိုင်မည်ဆိုလျှင် မိသားစုဝင်တချို့သည် အတူတူအလုပ်လုပ်ကိုင်နိုင်ကြပေမည်။ သို့မဟုတ် မိခင်ဖြစ်သူသည် သား သို့မဟုတ် သမီးဖြစ်သူကို ချက်ပြုတ်တတ်ရန်နှင့် စားပြီးနောက် သန့်ရှင်းဆေးကြောတတ်ရန်သင်ပေးနိုင်ပေသည်။ အိမ်နှင့်ကွာလှမ်းသည့်နေရာတွင် အလုပ်လုပ်ကိုင်ရသည့်ဖခင်တစ်ဦးသည် သူ၏သားသမီးများနှင့် အိမ်တွင်ပြုလုပ်ရမည့်အလုပ်များကိုစီစဉ်နိုင်သည်။ မိဘများသည် လတ်တလောလုပ်ကိုင်ရမည့်အလုပ်များကိုပြီးစီးဖို့သာမက ဘဝအတွက် ကလေးများကိုအသင့်ပြင်ဆင်ပေးရန်ရည်ရွယ်လျှင် မည်မျှအကျိုးရှိမည်တကား!
၁၅။ အဘယ်နည်းများဖြင့် ယုံကြည်ခြင်းသင်ခန်းစာများကို သင်ပေးနိုင်သနည်း။ ပုံဥပမာပေးပါ။
၁၅ ဆင်းရဲမှုကြုံရစဉ် ယုံကြည်ခြင်းကိုထိန်းသိမ်းခြင်း– ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အသက်တာ၏အရေးပါသောကဏ္ဍတစ်ခုဖြစ်၏။ ယုံကြည်ခြင်းအကြောင်း မိသားစုသင်အံမှုတွင် ဆွေးနွေးလျှင် ကလေးများသည် ယင်းကိုအနက်ဖွင့်တတ်လာကြပေမည်။ ထို့ပြင် သူတို့၏နှလုံးတွင် ယုံကြည်ခြင်းစတင်တိုးပွားစေသည့်သာဓကကိုလည်း သတိပြုလာပေမည်။ သို့သော် ပြင်းထန်သောစုံစမ်းမှုများကြုံတွေ့ကြရစဉ် မိဘများ၏မတုန်လှုပ်သောယုံကြည်ခြင်းကို သူတို့တွေ့မြင်ကြရသောအခါ အကျိုးသက်ရောက်မှုသည် ဘဝတစ်လျှောက်လုံးအတွက်ဖြစ်သွားပေမည်။ ယေဟောဝါအားဝတ်ပြုခြင်းကိုမရပ်တန့်လျှင် အိမ်မှနှင်ထုတ်ခံရမည်ဟု ခင်ပွန်းဖြစ်သူ၏ခြိမ်းခြောက်မှုကို ပနားမားနိုင်ငံရှိ ကျမ်းစာသင်သားတစ်ဦးခံခဲ့ရသည်။ သို့တိုင် သူ၏ကလေးငယ်လေးဦးနှင့်အတူ ၁၀ မိုင်လမ်းလျှောက်ပြီး နောက်ထပ်မိုင် ၂၀ ဘတ်စကားစီးကာ အနီးဆုံးဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မှန်မှန်တက်ရောက်လေ့ရှိခဲ့သည်။ ထိုပုံသက်သေကြောင့် သူ၏မိသားစုဝင် ၂၀ ခန့်သည် သမ္မာတရားလမ်းစဉ်ကိုလက်ခံခဲ့ကြပေပြီ။
နေ့စဉ်သမ္မာကျမ်းစာဖတ်ရှုခြင်းတွင်ပုံသက်သေချမှတ်ခြင်း
၁၆။ နေ့စဉ်မိသားစုကျမ်းစာဖတ်ရှုခြင်းကို အဘယ်ကြောင့်ထောက်ခံထားသနည်း။
၁၆ မည်သည့်မိသားစုမဆို ချမှတ်နိုင်သော တန်ဖိုးအရှိဆုံးအလေ့အထတစ်ခု—မိဘများကိုအကျိုးပြုပြီး ကလေးများတုပရန် ပုံသက်သေတစ်ခုဖြစ်မည့်အလေ့အထတစ်ခု—မှာကျမ်းစာမှန်မှန်ဖတ်ရှုခြင်းဖြစ်သည်။ အတတ်နိုင်ဆုံး နေ့စဉ် ကျမ်းစာအချို့ကိုဖတ်ပါ။ မည်မျှဖတ်ရှုသည်က အရေးအကြီးဆုံးမဟုတ်ပါ။ သာ၍အရေးကြီးသည်မှာ ယင်းကိုမှန်မှန်ပြုလုပ်ခြင်းနှင့် ပြုလုပ်ပုံတို့ဖြစ်သည်။ ကလေးများအတွက် သင့်ဘာသာစကားဖြင့် ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်ကိုကက်ဆက်ခွေများဖြင့် ရနိုင်မည်ဆိုလျှင် ၎င်းတို့ကိုနားထောင်ခြင်းအားဖြင့် ကျမ်းစာဖတ်ရှုခြင်းကို ထပ်ဆင့်ပေးနိုင်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်ဖတ်ရှုခြင်းသည် ဘုရားသခင့်အတွေးအခေါ်များကို ရှေ့ဦးထားဖို့အကူအညီပေးသည်။ ထိုသို့သောကျမ်းစာဖတ်ရှုခြင်းကို တစ်ဦးချင်းစီမဟုတ်ဘဲ မိသားစုလိုက်ပြုလုပ်ကြမည်ဆိုလျှင် မိသားစုတစ်စုလုံးသည် ယေဟောဝါ၏လမ်းစဉ်၌လိုက်လျှောက်ရန် ကူညီမှုရရှိနိုင်ပေသည်။ ယင်းအလေ့အထကို မကြာမီကကျင်းပခဲ့သော “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများတွင် မိသားစုများ—နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေပါ!ပြဇာတ်၌ အားပေးထားသည်။—ဆာလံ ၁:၁-၃။
၁၇။ မိသားစုကျမ်းစာဖတ်ရှုခြင်းနှင့် အဓိကကျမ်းချက်များကိုမှတ်မိခြင်းသည် ဧဖက် ၆:၄ ပါဆုံးမစကားကိုလိုက်လျှောက်ရာ၌ မည်သို့အကူအညီဖြစ်စေသနည်း။
၁၇ မိသားစုလိုက် ကျမ်းစာဖတ်ရှုခြင်းသည် ဧဖက်မြို့ရှိခရစ်ယာန်များထံ မှုတ်သွင်းခံစာတွင် တမန်တော်ပေါလုရေးသားခဲ့သည့်အချက်နှင့်ကိုက်ညီ၏၊ ဆိုရလျှင် “အဘတို့၊ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့။” (ဧဖက် ၆:၄၊ ကဘ) ယင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ ‘စိတ်ပိုင်းဆိုင်ရာထိန်းညှိခြင်း’ ဟူသည် “စိတ်ထဲသွင်းခြင်း” ဟုအဓိပ္ပာယ်ရှိသည်; ထို့ကြောင့် ခရစ်ယာန်ဖခင်များသည် ယေဟောဝါ၏စိတ်တော်ကို သားသမီးများထဲသွင်းရန်—ဘုရားသခင့်အတွေးအခေါ်များကို ကလေးများအားသိစေ—ဖို့တိုက်တွန်းခံရကြ၏။ အဓိကကျမ်းချက်များကို သားသမီးများအား အလွတ်မှတ်ထားစေရန်အားပေးခြင်းသည် ယင်းကိုဖြစ်စေနိုင်သည်။ ရည်ရွယ်ချက်မှာ မိဘများသည် သားသမီးများနှင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့၏ဆန္ဒများနှင့် အကျင့်အကြံတို့သည် ဘုရားရေးရာစံနှုန်းများကို အဆင့်ဆင့်တိုး၍ရောင်ပြန်ဟပ်လာနိုင်စေရန် ယေဟောဝါ၏အတွေးအခေါ်များက သားသမီးများ၏အတွေးအခေါ်ကို လမ်းညွှန်ပေးရန်ဖြစ်သည်။ သမ္မာကျမ်းစာသည် ထိုသို့သောအတွေးအခေါ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။—တရားဟောရာ ၆:၆၊ ၇။
၁၈။ ကျမ်းစာဖတ်သောအခါ (က) ယင်းကိုရှင်းလင်းစွာနားလည်ရန်၊ (ခ) ယင်းတွင်ပါသည့်ဆုံးမစကားမှအကျိုးရယူရန်၊ (ဂ) ယေဟောဝါ၏ရည်ရွယ်ချက်အကြောင်း ဖော်ပြထားခြင်းကိုလက်ခံရန်၊ (ဃ) လူတို့၏သဘောထားများနှင့် လုပ်ရပ်များအကြောင်း ပြောထားရာမှအကျိုးရယူရန် အဘယ်အရာလိုမည်နည်း။
၁၈ မှန်ပါသည်၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အသက်တာကို အကျိုးသက်ရောက်ဖို့ဆိုလျှင် ယင်းကို ကျွန်ုပ်တို့နားလည်ရန်လိုသည်။ လူအများအတွက်၊ ယင်းသည် ကျမ်းစာအစိတ်အပိုင်းကို တစ်ကြိမ်ထက်မကဖတ်ရန်လိုပေမည်။ တချို့သောစကားများကိုအပြည့်အဝနားလည်ရန် အဘိဓာန် သို့မဟုတ် ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်းစာအုပ်တွင် ရှာဖွေရန်လိုပေမည်။ ကျမ်းချက်တွင် ဆုံးမစကား သို့မဟုတ် ပညတ်ချက်တစ်ခုပါဝင်မည်ဆိုလျှင် ယင်းကိုသင့်တော်စေမည့် ကျွန်ုပ်တို့ခေတ်၏အခြေအနေများအကြောင်း အချိန်ယူပြောပြပါ။ ထို့နောက် ‘ဤဆုံးမစကားကို လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်အကျိုးရှိနိုင်သနည်း’ ဟုမေးပါ။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကျမ်းချက်သည် ယေဟောဝါ၏ရည်ရွယ်ချက်နှင့်ပတ်သက်သည့် ကဏ္ဍတချို့ကိုဖော်ပြနေသည်ဆိုလျှင် ‘ကျွန်ုပ်တို့၏အသက်တာသည် ယင်း၏အကျိုးသက်ရောက်မှုကို မည်သို့ခံရသနည်း’ ဟုမေးပါ။ လူတို့၏သဘောထားများနှင့် လုပ်ရပ်များအကြောင်း ဖော်ပြသည့်မှတ်တမ်းတစ်ခုကို သင်ဖတ်ရှုနေသည်ဆိုပါစို့။ အသက်တာတွင် အဘယ်ဖိစီးမှုများကို သူတို့တွေ့ကြုံနေကြရသနည်း။ ယင်းတို့ကို သူတို့မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြသနည်း။ သူတို့၏ပုံသက်သေမှ ကျွန်ုပ်တို့မည်သို့အကျိုးရယူနိုင်သနည်း။ ထိုမှတ်တမ်းသည် ယနေ့ကျွန်ုပ်တို့အသက်တာတွင် အဘယ်အဓိပ္ပာယ်ရှိကြောင်း ဆွေးနွေးရန်အမြဲအချိန်ပေးပါ။—ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁။
၁၉။ ဘုရားသခင်ကျင့်သကဲ့သို့ကျင့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကလေးများအတွက် အဘယ်အရာကို ချမှတ်ပေးမည်နည်း။
၁၉ ဘုရားသခင့်အတွေးအခေါ်များကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲစွဲမှတ်ထားရန် တကယ်ကောင်းသည့်နည်းပါတကား! ဤနည်းဖြင့် “ဘုရားသခင့်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်” သူများဖြစ်လာကြရန် ကျွန်ုပ်တို့အမှန်တကယ်အကူအညီရကြပါလိမ့်မည်။ (ဧဖက် ၅:၁) ထို့အပြင် ကျွန်ုပ်တို့၏သားသမီးများတကယ်တုပထိုက်သည့်ပုံသက်သေကို ချမှတ်ပေးကြပါလိမ့်မည်။
သင်မှတ်မိသလော
◻ ယေဟောဝါ၏ပုံသက်သေမှ မိဘများ အဘယ်အကျိုးခံစားနိုင်သနည်း။
◻ နှုတ်ဖြင့်သွန်သင်ခြင်းသည် မိဘ၏ကောင်းသောပုံသက်သေနှင့် အဘယ်ကြောင့် ဒွန်တွဲနေသင့်သနည်း။
◻ မိဘ၏ပုံသက်သေအားဖြင့် အကောင်းဆုံးသွန်သင်ပေးခဲ့သည့် သင်ခန်းစာအချို့ကားအဘယ်နည်း။
◻ ကျွန်ုပ်တို့သည် မိသားစုကျမ်းစာဖတ်ရှုခြင်းမှ မည်သို့အကျိုးအပြည့်အဝရယူနိုင်မည်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူများစွာသည် မိသားစုလိုက်နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းကိုပျော်မွေ့ ကြ