-
ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | ဇန်နဝါရီ
-
-
၂။ ဘုရားသခင်နဲ့ ကင်းကွာတဲ့သူတွေ ဘယ်လို တလွဲမေတ္တာမျိုး တင်ပြနေကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၂ ကျွန်တော်တို့ခေတ်မှာ ဘုရားသခင်နဲ့ ကင်းကွာနေသူတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တလွဲမေတ္တာမျိုးကို တင်ပြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ “နောက်ဆုံးကာလ” မှာ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ” ဖြစ်မယ်လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၂ တိ. ၃:၁-၄) ကိုယ့်ကိုယ်ကိုယ် အဓိကထားတဲ့ ဒီမေတ္တာမျိုးက ခရစ်ယာန်မေတ္တာနဲ့ မအပ်စပ်ဘူး။ ကွဲပြားခြားနားတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ပန်းတိုင်တွေက လူတွေ မျှော်လင့်သလို ပျော်ရွှင်မှု မပေးနိုင်ဘူး။ အဲဒါက “ခက်ခဲကျပ်တည်း” တဲ့၊ အတ္တဆန်တဲ့လောက ဖြစ်စေတယ်။
-
-
ဘယ်လို မေတ္တာမျိုးက စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရစေသလဲကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | ဇန်နဝါရီ
-
-
ဘုရားကို ချစ်တာလား၊ ကိုယ့်ကိုယ်ကိုယ် ချစ်တာလား
၄။ ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ချစ်တာ ဘာကြောင့် မမှားသလဲ။
၄ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ” ဖြစ်ကြမယ်လို့ တမန်တော် ရေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တာ မှားသလား။ မမှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တာက သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ လိုတယ်။ ကျွန်တော်တို့ကို အဲဒီလိုပဲ ယေဟောဝါ ပုံစံပြုထားတယ်။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” လို့ ယေရှု ပြောခဲ့တယ်။ (မာ. ၁၂:၃၁) ကိုယ့်ကိုယ်ကိုယ် မချစ်ရင် လူလူချင်းကိုလည်း မချစ်နိုင်ဘူး။ “ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်” လို့လည်း ကျမ်းစာမှာ ဖတ်ရတယ်။ (ဧ. ၅:၂၈၊ ၂၉) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ချစ်သင့်ပါတယ်။
၅။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့သူတွေကို ဘယ်လို ဖော်ပြမလဲ။
၅ တိမောသေ ဒုတိယစောင် ၃:၂ မှာ ဖော်ပြထားတဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကတော့ သာမန် မဟုတ်ဘူး။ အကျိုးမပြုဘူး။ လွဲမှားတယ်။ အတ္တဆန်တယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ချစ်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်ကြတယ်။ (ရောမ ၁၂:၃ ကိုဖတ်ပါ။) ကိုယ့်အရေးကိုပဲ စိတ်ဝင်စားတယ်။ တခြားသူတွေကို ဂရုမစိုက်ဘူး။ အမှားတွေ ပေါ်လာတဲ့အခါ တာဝန်ယူမယ့်အစား တခြားသူတွေကို အပြစ်တင်ချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေကို ဖြူကောင်နဲ့ နှိုင်းထားတယ်။ ဖြူကောင်ဟာ ကိုယ်တိုင် နွေးဖို့ ကိုယ့်ကိုယ်ကိုယ် လုံးပြီးနေတယ်။ အဆူးတွေကိုတော့ ထုတ်ပြတယ်။ အဲဒီလို ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေဟာ တကယ် မပျော်ကြဘူး။
၆။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာကနေ ဘာရလဒ်ကောင်းတွေ ရသလဲ။
၆ နောက်ဆုံးကာလမှာ ပျံ့နှံ့မယ့် မကောင်းတဲ့ အရည်အသွေးတွေရဲ့ ထိပ်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကို တမန်တော်ပေါလု ဖော်ပြထားတယ်။ တခြားမကောင်းတဲ့ အရည်အသွေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ ဖြစ်လာလို့ပဲဆိုပြီး ကျမ်းစာပညာရှင်တွေ ဆိုကြတယ်။ ဘုရားသခင်ကို ချစ်တဲ့သူတွေကတော့ အရည်အသွေးကောင်းတွေ ပြကြတယ်။ ကျမ်းစာမှာ ဘုရားရေးရာမေတ္တာကို “ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့နဲ့ ဆက်စပ်ထားတယ်။ (ဂလ. ၅:၂၂၊ ၂၃) “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်နေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၁၄၄:၁၅) ယေဟောဝါဟာ ပျော်ရွှင်တဲ့ဘုရားမို့ ဘုရားရဲ့လူတွေလည်း အဲဒီအရည်အသွေးကို တင်ပြကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေ၊ ရယူဖို့ပဲ စိတ်ဝင်စားတဲ့သူတွေနဲ့ မတူဘဲ ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ သူတစ်ပါးအကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရာမှာ ပျော်ရွှင်နေကြတယ်။—တ. ၂၀:၃၅။
ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ (အပိုဒ် ၇ ကိုကြည့်ပါ)
၇။ ဘုရားအပေါ်ချစ်တဲ့မေတ္တာကို ပြန်ဆန်းစစ်ဖို့ ဘယ်မေးခွန်းတွေက ကူညီပေးမလဲ။
၇ ဘုရားကို ချစ်တာထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်နေသလားဆိုတာ ဘယ်လို သိနိုင်မလဲ။ ဖိလိပ္ပိ ၂:၃၊ ၄ မှာပါတဲ့ သတိပေးချက်ကို စဉ်းစားကြည့်ပါ– “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှမလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။” ကိုယ့်ကိုယ့်ကိုယ် ဒီလိုမေးကြည့်ပါ– ‘အဲဒီသတိပေးချက်ကို ငါကျင့်သုံးနေသလား။ ဘုရားသခင့် အလိုတော်ကို စိတ်ရင်းမှန်နဲ့ ရှာနေသလား။ အသင်းတော်မှာရော အမှုဆောင်လုပ်ငန်းမှာပါ တခြားသူတွေကို ကူညီပေးဖို့ ကြိုးစားနေသလား။’ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ရတာ အမြဲတော့ မလွယ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုတယ်။ ဒါပေမဲ့ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ရဲ့ မျက်နှာသာရထားတယ်လို့ သိထားတာထက် ပျော်ရွှင်ကျေနပ်စေတဲ့အရာ ဘာရှိဦးမလဲ။
၈။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာက ဘာလုပ်ဖို့ လူတချို့ကို လှုံ့ဆော်ပေးသလဲ။
၈ ဘုရားသခင်ကို ချစ်လို့၊ ယေဟောဝါရဲ့ အမှုတော်ကို ပိုအပြည့်အဝ ထမ်းဆောင်ချင်ကြလို့ တချို့ဆိုရင် အကျိုးအမြတ်များတဲ့ အလုပ်တွေကို စွန့်လိုက်ကြတယ်။ အမေရိကန်နိုင်ငံက အဲရစ်ကာဟာ ဆရာဝန်တစ်ယောက်ပါ။ ဆေးလောကမှာ ဂုဏ်သတင်းကြီးဖို့ မကြိုးစားဘဲ မှန်မှန်ရှေ့ဆောင် လုပ်ခဲ့တယ်။ သူ့ခင်ပွန်းနဲ့အတူ နိုင်ငံအတော်များများမှာ အမှုဆောင်ခဲ့တယ်။ အဲရစ်ကာ ဒီလိုပြောတယ်– “မိတ်ဆွေတွေ၊ နိုင်ငံခြားစကားပြော လယ်ကွင်းမှာ ကူညီပေးရတဲ့ အတွေ့အကြုံတွေက ကျွန်မတို့ဘဝကို တကယ် ကြွယ်ဝစေတယ်။ ဆရာဝန် လုပ်နေသေးပေမဲ့ လူတွေကို ဘုရားရေးရာပိုင်း ကူညီပေးဖို့၊ ညီအစ်ကို/မတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားကို အာရုံစိုက် အသုံးပြုနိုင်တဲ့အတွက် ပျော်ရွှင်ကျေနပ်မှု ခံစားရစေတယ်။”
ကောင်းကင်ဘဏ္ဍာလား၊ မြေကြီးဘဏ္ဍာလား
၉။ ငွေကို တပ်မက်တာဟာ ဘာကြောင့် ပျော်ရွှင်မှု မရရှိသလဲ။
၉ လူတွေဟာ “ငွေကို တပ်မက်သူ” တွေဖြစ်မယ်လို့ ပေါလု ရေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိုင်ယာလန်မှာရှိတဲ့ ရှေ့ဆောင်တစ်ယောက်က လူတစ်ယောက်ကို ဘုရားသခင်အကြောင်း ပြောပြတယ်။ အဲဒီလူက ပိုက်ဆံအိတ် ဖွင့်၊ ငွေစက္ကူတချို့ ထုတ်ပြီး “ဒါ ငါ့ဘုရားပဲ” လို့ ဂုဏ်ယူစွာ ပြောခဲ့တယ်။ လူများစွာက အဲဒီလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှာ မဟုတ်ပေမဲ့ လောကမှာတော့ ငွေကိုရော၊ ငွေနဲ့ ဝယ်လို့ရတဲ့အရာတွေကိုပါ ချစ်တဲ့သူတွေ ပြည့်နေတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “ငွေမက်တဲ့သူဟာ ဘယ်တော့မှ ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ စည်းစိမ်မက်တဲ့သူဟာ ရတဲ့ဝင်ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။” (ဒေ. ၅:၁၀) ငွေတပ်မက်သူတွေဟာ ငွေကို အမြဲပိုလိုချင်နေကြတယ်။ ပိုရှာကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် “ဝေဒနာများစွာ” ခံစားစေကြတယ်။—၁ တိ. ၆:၉၊ ၁၀။
၁၀။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ။
၁၀ ကျွန်တော်တို့အားလုံး ငွေလိုအပ်တာ မှန်ပါတယ်။ ငွေက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ (ဒေ. ၇:၁၂) ဒါပေမဲ့ အခြေခံလိုအပ်ရာတွေအတွက်ပဲ ငွေအလုံအလောက်ရှိရုံနဲ့ ပျော်ရွှင်နိုင်မလား။ ပျော်ရွှင်နိုင်ပါတယ်။ (ဒေသနာ ၅:၁၂ ကိုဖတ်ပါ။) “ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲ လိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ” လို့ ယာကေရဲ့သား အာဂုရ ရေးခဲ့တယ်။ အလွန်အမင်း မဆင်းရဲချင်တဲ့ အကြောင်းရင်းကို အလွယ်တကူ နားလည်နိုင်ပါတယ်။ အာဂုရ ဆက်ရှင်းပြသွားသလိုပဲ ခိုးမှုက ဘုရားသခင်ကို ရှုတ်ချရာရောက်လို့ ခိုးရမယ့် အခြေအနေ ရောက်မှာကို မလိုလားဘူး။ ဒါပေမဲ့ ဘာကြောင့် မချမ်းသာဖို့ ဆုတောင်းတာလဲ။ “လိုတရဖြစ်နေရင် ‘ယေဟောဝါဆိုတာ ဘယ်သူလဲ’ ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ” လို့ရေးခဲ့တယ်။ (ပညာ. ၃၀:၈၊ ၉) ဘုရားထက် စည်းစိမ်ကို ပိုကိုးစားတဲ့သူတွေကို သင် သိကောင်းသိပါလိမ့်မယ်။
၁၁။ ငွေနဲ့ပတ်သက်လို့ ယေရှု ဘယ်အကြံဉာဏ်ပေးခဲ့သလဲ။
၁၁ ငွေကို တပ်မက်သူတွေဟာ ယေဟောဝါစိတ်တော်နဲ့ မတွေ့နိုင်ဘူး။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောခဲ့တယ်။ အဲဒီလို မပြောခင်မှာ “သံချေးနဲ့ ပိုးမွှားကြောင့် ပျက်စီးနိုင်တဲ့၊ သူခိုးဝင်ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာကို မစုဆောင်းကြနဲ့တော့။ သံချေးနဲ့ ပိုးမွှားကြောင့် မပျက်စီးနိုင်တဲ့၊ သူခိုးဝင်မခိုးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကိုပဲ စုဆောင်းကြပါ” လို့ ပြောခဲ့တယ်။—မ. ၆:၁၉၊ ၂၀၊ ၂၄။
၁၂။ ရိုးရှင်းတဲ့ဘဝက ဘုရားအမှုဆောင်ဖို့ ဘာကြောင့် ပိုလွယ်ကူစေသလဲ။ ရှင်းပြပါ။
၁၂ ရိုးရှင်းတဲ့ဘဝနဲ့ နေတာက ပိုပျော်စေရုံသာမက ယေဟောဝါကို အမှုဆောင်ဖို့ အချိန်ပိုရစေကြောင်း လူတွေ တွေ့ရှိခဲ့ကြပြီ။ အမေရိကန်နိုင်ငံမှာနေတဲ့ ဂျက်ဟာ အိမ်ကြီးနဲ့ လုပ်ငန်းကို ရောင်းလိုက်တယ်။ ဒါမှ ဇနီးနဲ့အတူ ရှေ့ဆောင် လုပ်နိုင်မယ်ဆိုတာ သိထားလို့ပဲ။ ဂျက် ဒီလိုပြောတယ်– “လှပတဲ့အိမ်နဲ့ ပိုင်ဆိုင်ရာတွေကို စွန့်လိုက်ရတာ မလွယ်ပါဘူး။ နှစ်တွေတစ်လျှောက် အလုပ်ပြဿနာတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာရတယ်။ မှန်မှန်ရှေ့ဆောင်ဖြစ်တဲ့ ဇနီးကျတော့ အမြဲပျော်နေတယ်။ ‘ကျွန်မမှာ အကြီးမြတ်ဆုံးအလုပ်ရှင် ရှိထားတယ်လေ’ လို့ပြောတတ်တယ်။ အခု ကျွန်တော်လည်း ရှေ့ဆောင် လုပ်နေပြီ။ ယေဟောဝါအတွက် အတူတူ လုပ်ဆောင်နေကြပြီ။”
ငွေကို တပ်မက်သူ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ (အပိုဒ် ၁၃ ကိုကြည့်ပါ)
၁၃။ ငွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဘယ်လို ဆန်းစစ်နိုင်သလဲ။
၁၃ ငွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဆန်းစစ်ဖို့ ဒီမေးခွန်းတွေကို ဘယ်လို ဖြေမလဲဆိုတာ ရိုးရိုးသားသား သုံးသပ်နိုင်ပါတယ်– ‘ငွေအကြောင်း ကျမ်းစာအဆိုကို တကယ် ယုံကြည်ပြီး အဲဒီအတိုင်း နေထိုင်သလား။ ငွေရှာဖို့က ဘဝမှာ အဓိက ဖြစ်နေသလား။ ယေဟောဝါနဲ့ ဆက်ဆံရေး၊ လူတွေနဲ့ ဆက်ဆံရေးထက် ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးထားနေသလား။ ငါ့လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ ယေဟောဝါကို တကယ် ကိုးစားသလား။’ ဘုရားကို မျှော်ကိုးသူတွေဟာ ဘယ်တော့မှ စိတ်ပျက်ရမှာ မဟုတ်မှန်း စိတ်ချနိုင်ပါတယ်။—မ. ၆:၃၃။
-