ဖိစီးမှု အောက်ရှိ မိဘများ
မိဘဖြစ်ခါစသူတို့မှာ အလွန်အမင်းစိတ်လှုပ်ရှားလေ့ရှိကြသည်။ သူတို့ကလေးနှင့်ပတ်သက်သော အရာအားလုံးနီးပါးက သူတို့ကို ရင်ဖိုစေဟန်ရှိ၏။ ကလေး၏ ဦးဆုံးအပြုံး၊ ဦးဆုံးစကားလုံးနှင့် ဦးဆုံးခြေလှမ်းသည် အလွန်အရေးပါသောဖြစ်အင်ဖြစ်သည်။ မိတ်ဆွေများနှင့် ဆွေမျိုးများကို သူတို့လေးများ၏အကြောင်း အားပါးတရပြောပြကြ၊ ဓာတ်ပုံများကိုပြကြသည်။ မိမိတို့၏ကလေးကို ချစ်မြတ်နိုးကြသည်မှာ ပြောစရာမလိုချေ။
ထိုသို့ဖြစ်သော်လည်း မိသားစုအချို့တွင် နှစ်များကုန်လွန်လာသည်နှင့်အမျှ ဝမ်းနည်းစရာ တိုးများလာလေသည်။ မိဘတို့၏ ချစ်ခင်နှစ်လိုဖွယ်ပြောဆိုဆက်ဆံမှုအစား ရုန့်ရင်း၍အောက်တန်းကျသောစကားလုံးများ ဝင်ရောက်လာသည်; ချစ်ခင်ကြင်နာသောပွေ့ဖက်မှုအစား ဒေါသဖြင့်ရိုက်ပုတ်ခြင်း သို့မဟုတ် နားလည်မှုမရှိခြင်းတို့က အစားထိုးလေသည်; မိဘတို့၏အားရကျေနပ်မှုအစား ခါးသီးမှုများဝင်ရောက်လာ၏။ များစွာတို့က “နဂိုကတည်းက သားသမီးမရသင့်ဘူး” ဟုပြောကြသည်။ အခြားမိသားစုများတွင် ပြဿနာမှာ ပိုဆိုးသည်—မွေးကင်းစအရွယ်ကလေးကိုပင် မိဘတို့သည် မေတ္တာပြရန်ပျက်ကွက်ကြပြီ! အခြေအနေနှစ်ရပ်စလုံးတွင် အဘယ်အရာဖြစ်ခဲ့ပြီနည်း။ မေတ္တာတရား မရှိတော့ပြီလော။
ကလေးတို့သည် ထိုသို့သောမေးခွန်းမျိုး၏အဖြေများကို မတွေးဆတတ်သည်မှာ အမှန်ပင်။ သို့သော် ယင်းက သူတို့ကို ကိုယ်ပိုင်ကောက်ချက်ချခြင်းမှ ရပ်စဲပစ်နိုင်မည်မဟုတ်ချေ။ ကလေးတစ်ဦးသည် လေးလေးနက်နက်စဉ်းစားကာ ဤသို့ကောက်ချက်ချပေမည်၊ ‘အဖေ ဒါမှမဟုတ် အမေက ငါ့ကိုမချစ်ဘူးဆိုရင် ငါတစ်ခုခုမှားနေပြီ။ ငါဟာ အရမ်းဆိုးလို့ပဲဖြစ်ရမယ်။’ ထိုသဘောထားမှာ အခိုင်အမာစွဲသွားနိုင်ပြီး ယင်းက ဘဝတစ်လျှောက်လုံးတွင် ထိခိုက်နစ်နာမှုအမျိုးမျိုးကိုဖြစ်စေနိုင်သည့် အကြောင်းတစ်ရပ်ဖြစ်သည်။
သို့သော် အမှန်မှာ မိဘများသည် သားသမီးတို့ လိုအပ်သောမေတ္တာကို တင်ပြရန်ပျက်ကွက်ကြခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ ယနေ့မိဘများသည် ဖိစီးမှုမြောက်မြားစွာကို ရင်ဆိုင်ကြရပြီး ၎င်းတို့ထဲမှအချို့မှာ မကြုံစဖူးသောအတိုင်းအတာဖြင့်ဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ ယင်းတို့ကို လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့်မရှိသောမိဘများအနေဖြင့် ထိုဖိအားပေးမှုများသည် သူတို့၏အုပ်ထိန်းမှုစွမ်းရည်ကို အလွန်ပင်ညံ့ဖျင်းစေနိုင်ပေသည်။ ရှေးခေတ် ပညာရှိတစ်ဦးက ဤသို့အလေးအနက်ပြောသည်– “အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိကိုရူးစေတတ်၏။”—ဒေသနာ ၇:၇။
“ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ”
စိတ်ကူးယဉ်ခေတ်ကာလတစ်ခု။ ယင်းသည် ဤရာစုနှစ်တွင် တိုးတက်ဖြစ်ပေါ်လာဖို့ များစွာသောလူတို့ မျှော်လင့်သောအရာဖြစ်သည်။ စီးပွားရေးဖိစီးမှု၊ ငတ်မွတ်ခေါင်းပါးခြင်း၊ မိုးခေါင်ခြင်း၊ စစ်မက်မရှိတော့သည့် အခြေအနေကို စဉ်းစားကြည့်ပါ! သို့သော် ထိုသို့သောမျှော်လင့်ချက်များမှာ သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။ ထိုထက်ကား ယနေ့လောကသည် စီ.အီး. ပထမရာစုနှစ်တွင် သမ္မာကျမ်းစာရေးသူတစ်ဦး ပရောဖက်ပြုထားသည့်အတိုင်း ဖြစ်နေပေပြီ။ သူက ကျွန်ုပ်တို့ခေတ်တွင် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” နှင့်ရင်ဆိုင်ရလိမ့်မည်ဟု ရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) မိဘအများစုက ထိုစကားကို လွယ်လင့်တကူပင် သဘောတူကြပေမည်။
များစွာသော မိဘဖြစ်ခါစသူတို့ကိုယ်နှိုက်က ယနေ့ခေတ်တွင် သားသမီးများမွေးမြူရေး၏ ကုန်ကျစရိတ်မှာ မြင့်မားလွန်းကြောင်းတွေ့ မြင်ရာ အံ့အားသင့်ကြသည်။ အခါအားလျော်စွာ မိဘနှစ်ပါးစလုံး အခြေခံလိုအပ်ရာများကို ထောက်ပံ့ပေးနိုင်ဖို့ အများအားဖြင့် မိဘနှစ်ပါးစလုံး အပြင်သို့ထွက်၍ အလုပ်လုပ်ကြရသည်။ ကျန်းမာရေးစရိတ်၊ အဝတ်အစား၊ ကျောင်းနေစရိတ်၊ နေ့ကလေးထိန်းစရိတ်နှင့် စားဝတ်နေရေးအားလုံးအတွက် လစဉ်ငွေကုန်ကြေးကျများလွန်းခြင်းက မိဘများစွာကို မိမိတို့ဝန်ပိနေသည်ဟု ခံစားရစေ၏။ စီးပွားရေးအခြေအနေက ကျမ်းစာကျောင်းသားများအား လူတို့သည် မိမိတို့၏ တစ်ရက်တာလိုအပ်ရာများကိုသာ ဝယ်ယူရန်အတွက် တစ်နေ့လုံးလုပ်ခကို အသုံးပြုရသောအချိန်အကြောင်း ဗျာဒိတ်ကျမ်းပါပရောဖက်ပြုချက်ကို အမှတ်ရစေသည်။—ဗျာဒိတ် ၆:၆။
မိဘများကြုံကြိုက်နေရသော ဤဖိစီးမှုအားလုံးကိုသားသမီးများနားလည်နိုင်ရန် မမျှော်လင့်နိုင်ချေ။ ကလေးတို့သည် သူတို့၏သဘောသဘာဝအရ မေတ္တာနှင့်ဂရုစိုက်မှုကို မွတ်သိပ်တောင့်တတတ်ကြသည်။ ထို့အပြင် လူထုဆက်သွယ်ရေးကိရိယာများနှင့် ကျောင်းနေဖက်များကြောင့် နောက်ဆုံးပေါ်ကစားစရာများနှင့်အဝတ်အစားများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို ပိုင်ဆိုင်လိုသည့်ဖိစီးမှုများသည် အဆုံးမရှိသောလိုအင်ဆန္ဒစာရင်းများကို ဖြည့်စွက်ပေးဖို့ မိဘများအပေါ်ဖိစီးမှုဖြစ်သွားလေ့ရှိသည်။
နောက်ထပ် မိဘများကို ဝန်ပိစေသောအရာမှာ ဤနေ့ရက်များတွင် ဆိုးသည်ထက်ဆိုးလာဟန်ရှိနေသော ပုန်ကန်မှုဖြစ်သည်။ စိတ်ဝင်စားစရာမှာ သမ္မာကျမ်းစာက ဒုက္ခများလှသော ကျွန်ုပ်တို့ကာလ၏ အမှတ်လက္ခဏာတစ်ခုအဖြစ် နေရာတကာတွင် သားသမီးများ မိဘစကားနားမထောင်ခြင်းကို ပရောဖက်ပြုထားခြင်းပင်ဖြစ်သည်။ (၂ တိမောသေ ၃:၂) မှန်ပါသည်၊ သားသမီးများကို ဆုံးမခြင်းဆိုင်ရာပြဿနာများမှာ အသစ်အဆန်းမဟုတ်ပါ။ ထို့အပြင် မည်သည့်မိဘမဆို ကလေး၏မိုက်မဲမှုအတွက် ကလေးကို မတော်မလျော်ပြုမူပိုင်ခွင့်ရှိသည်ဟု မဆုံးဖြတ်နိုင်ချေ။ သို့သော် ယနေ့ မိဘများသည် သားသမီးကိုပျိုးထောင်ရာတွင် ပုန်ကန်မှုနှင့်ပြည့်နှက်လျက်ရှိသော ဝန်းကျင်တွင် ကြိုးစား၍ သားသမီးများကိုပြုစုပျိုးထောင်နေရကြောင်း သင်သဘောမတူပေလော။ ဒေါသကြီးခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို တိုးမြှင့်ပေးသည့် လူကြိုက်များသောတေးသီချင်းများ; မိဘများကို နမော်နမဲ့အမှားကြီးမှားသူအဖြစ်ဖော်ပြပေးပြီး သားသမီးများကို သူတို့၏ သွက်လက်ချက်ချာ၍သတိရှိသောသူအဖြစ်ဖော်ပြသည့် တီဗွီအစီအစဉ်များ; စိတ်လိုက်မာန်ပါ အကြမ်းဖက်မှုသရုပ်ဆောင်ချက်များကို အမွှမ်းတင်သော ရုပ်ရှင်များ—ယနေ့ ကလေးများသည် ထိုသို့သောသြဇာများ၏ရိုက်ခတ်မှုကို အပြင်းအထန်ခံနေကြရ၏။ ဤပုန်ကန်ခြင်းအပြုအမူကို စိတ်ဝင်စားပြီး အတုခိုးကြသောကလေးများသည် သူတို့၏မိဘများအတွက် အလွန်ပင်မခံရပ်နိုင်သည့် ဖိစီးမှုကိုဖြစ်စေသည်။
“ပကတိစုံမက်ခြင်းနှင့် ကင်းသောသူ”
ယခုခေတ်မိသားစုအတွက် သာ၍ကြီးမားသည့်ပြဿနာအကြောင်း ကြိုပြောထားသော ဤရှေးပရောဖက်ပြုချက်၏ အသွင်တစ်ခုရှိသေးသည်။ ယင်းက မြောက်မြားစွာသောလူတို့သည် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” များဖြစ်မည်အကြောင်း ညွှန်ပြ၏။ (၂ တိမောသေ ၃:၃) ပကတိကြင်နာစုံမက်ခြင်းဟူသည် မိသားစုကို အတူတကွပေါင်းစည်းစေသောအရာဖြစ်သည်။ ထို့အပြင် သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့်ပတ်သက်၍ လက်မခံသူအများစုပင် ကျွန်ုပ်တို့အချိန်တွင် မိသားစုဘဝပြိုကွဲမှုကို တုန်လှုပ်စရာကောင်းလောက်အောင် တွေ့ မြင်နေရကြောင်း ဝန်ခံကြပေလိမ့်မည်။ကမ္ဘာတစ်ဝန်းတွင် ကွာရှင်းမှုနှုန်းထားမှာ အလွန်မြင့်တက်နေ၏။ လူ့အသိုင်းအဝိုင်းများစွာတွင် မိရိုးဖလာမိသားစုများထက် ကြင်ဖော်မဲ့မိသားစုနှင့် မိထွေးပထွေးရှိသောမိသားစုများက သာ၍များလေသည်။ တစ်ခါတစ်ရံ ကြင်ဖော်မဲ့မိဘနှင့် မိထွေးပထွေးတို့သည် ကလေးများလိုအပ်သည့်မေတ္တာကိုပြသရန် အခက်အခဲတွေ့စေသည့် အထူးစိန်ခေါ်ချက်များနှင့် ဖိအားပေးမှုများကို ရင်ဆိုင်ကြရသည်။
သို့သော် သာ၍ပြင်းထန်စွာထိခိုက်စေနိုင်သောအရာရှိသေးသည်။ ယနေ့ခေတ်ရှိ များစွာသောမိဘတို့ကိုယ်နှိုက်သည် “ပကတိစုံမက်ခြင်း” အနည်းငယ် သို့မဟုတ် လုံးဝမရှိသော မိသားစုများ—သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် ကွာရှင်းခြင်းဖြင့် ပြိုကွဲနေသောအိမ်ထောင်များ; စိမ်းကားမှုနှင့် မုန်းတီးမှုကြောင့် အက်ကြောင်းထင်နေသည့်အိမ်ထောင်များ; အပြောအဆို၊ စိတ်ပိုင်း၊ ကိုယ်ကာယပိုင်းနှင့် လိင်ပိုင်းဆိုင်ရာတို့တွင် မတော်မတရားပြုခြင်းတို့ဖြင့် ကျင်လည်ခဲ့သောအိမ်ထောင်များ—တွင် ကြီးပြင်းလာကြရ၏။ ထိုသို့သောအိမ်ထောင်များတွင် ကြီးပြင်းလာသူတို့မှာ ကလေးဘဝတွင်သာထိခိုက်သည်မဟုတ် သူတို့အသက်ကြီးလာသည့်အထိ ထိခိုက်နိုင်ပေသည်။ ကလေးဘဝတွင် မတော်မတရားဆက်ဆံခံရသောမိဘတို့သည် မိမိတို့၏ကလေးကို ထိုသို့သာ၍ပြုဖွယ်ရှိကြောင်း စာရင်းဇယားများအရ ထင်ရှားသိသာသည်။ ကျမ်းစာခေတ်တွင် ဂျူးတို့၏ဆိုရိုးစကားတစ်ခုက ဤသို့ဆိုသည်– “အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည်သွားကျိန်းလျက်ရှိကြ၏။”—ယေဇကျေလ ၁၈:၂။
သို့သော် ထိုသို့ဖြစ်ရန်မလိုကြောင်း ဘုရားသခင်သည် မိမိလူတို့ကို မိန့်မှာတော်မူ၏။ (ယေဇကျေလ ၁၈:၃) ဤတွင် သတိပြုရမည့် အရေးကြီးသောအချက်တစ်ချက်ရှိသည်။ ဤဖိစီးမှုအားလုံးကြောင့် မိဘများသည် သားသမီးတို့အပေါ် မလွှဲမရှောင်သာ မတော်မတရားပြုမူဆက်ဆံရသည်ဟု ဆိုလိုပါသလော။ ဝေးလေစွ! သင်သည် မိဘတစ်ဦးဖြစ်ပြီး ဖော်ပြခဲ့သောဖိစီးမှုများထဲမှအချို့ကို သင်ကိုယ်နှိုက်ဆိုင်ပြိုင်တွန်းလှန်နေရကြောင်း သတိပြုမိကာ မိဘကောင်းတစ်ဦးဖြစ်လာနိုင်၊ မဖြစ်လာနိုင်နှင့်ပတ်သက်၍ စိုးရိမ်နေမည်ဆိုလျှင် အားယူပါ! သင်သည် စာရင်းအင်းတစ်ခုမဟုတ်။ သင့်အတိတ်သည် သင့်အနာဂတ်ကို အလိုအလျောက် ဆုံးဖြတ်ပေးမည်မဟုတ်ချေ။
တိုးတက်နိုင်သည်ဟူသော သမ္မာကျမ်းစာ၏အာမခံချက်နှင့်အညီ အုပ်ထိန်းမှုကောင်းစာအုပ်က ဤသို့မှတ်ချက်ချသည်– “သင်သည် သင့်မိဘများနှင့်မတူအောင် တမင်ကြိုးစားမကျင့်ကြံလျှင်သင်ငယ်စဉ်ကပုံစံများသည် သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြန်၍ပေါ်မြဲပေါ်နေပေမည်။ ဤသံသရာကို အဆုံးသတ်ဖို့ သင်လုပ်လေ့လုပ်ထရှိသည့် မကောင်းသောပုံစံများကို သိရှိပြီး ယင်းတို့ကို မည်သို့ပြုပြင်ပြောင်းလဲရမည်ကို သင်ယူရန်လိုသည်။”
မှန်ပါသည်၊ လိုအပ်လျှင် သင့်အနေဖြင့် အုပ်ထိန်းမှုဆိုင်ရာ မတော်မတရားပြုခြင်းသံသရာကို အဆုံးသတ်ပစ်နိုင်သည်တကား! ထို့အပြင် သင်သည် ယနေ့ အုပ်ထိန်းမှုကိုအလွန်ခက်ခဲစေသော ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ သို့သော် မည်သို့နည်း။ အကောင်းဆုံး၊ အားအထားရဆုံး၊ ကောင်းသောအုပ်ထိန်းမှုဆိုင်ရာစံနှုန်းများကို သင်သည် မည်သည့်နေရာတွင် သင်ယူနိုင်မည်နည်း။ ကျွန်ုပ်တို့၏ နောက်ဆောင်းပါးက ယင်းကိစ္စနှင့်ပတ်သက်၍ သုံးသပ်ပေမည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဖိစီးမှုအောက်တွင် မိဘအချို့မှာ မိမိတို့၏သားသမီးများအပေါ် မေတ္တာကိုပြသဖို့ ပျက်ကွက်ကြသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိဘများသည် မိမိတို့၏ သားသမီးများလိုအပ်သော မေတ္တာကို ပြသသင့်သည်