အခန်း ၁၁
ယခုနေ့ရက်များသည်နောက်ဆုံးသောနေ့ရက်များဖြစ်၏!
၁။ ကမ္ဘာ့အခြေအနေကို တွေးကြည့်လိုက်သည့်အခါ လူအများသည် အဘယ်ကြောင့် အတော်အတန် တွေဝေသွားကြသနည်း။ သို့သော် ကမ္ဘာ့အခြင်းအရာနှင့်ပတ်သက်၍ စိတ်ချယုံကြည်ရသော ရှင်းပြချက်ကို အဘယ်မှာတွေ့ရှိနိုင်သနည်း။
ကမ္ဘာကြီးသည် ဤမျှကသောင်းကနင်းနိုင်လှသော အခြေအနေသို့ မည်သို့ရောက်ရှိခဲ့သနည်း။ ကျွန်ုပ်တို့အဘယ်ကို ဦးတည်သွားနေသနည်း။ ဤသို့သောမေးခွန်းမျိုးကို အသင်မေးဖူးသလော။ လူအများသည် ကမ္ဘာ့အခြေအနေကိုကြည့်လိုက်ရုံနှင့် အတော်အတန် တွေဝေသွားကြသည်။ စစ်မက်အင်္ဂါ၊ ရောဂါဘယနှင့် ရာဇဝတ်မှုကဲ့သို့သော အရှိတရားတို့က အနာဂတ်နှင့်ပတ်သက်၍ ဒွိဟသံသယဖြစ်ပေါ်စေသည်။ အစိုးရခေါင်းဆောင်များသည် မျှော်လင့်ချက်အနည်းငယ်သာ ပေးစွမ်းနိုင်ကြသည်။ သို့သော်လည်း ယခုနေ့ရက်ကာလနှင့်ပတ်သက်၍ ယုံကြည်လက်ခံဖွယ်ရှင်းလင်းချက်ကို ဘုရားသခင့်နှုတ်ကပါဌ်တော်မှရရှိပါသည်။ ခေတ်ကာလရေစီးကြောင်းတွင် ကျွန်ုပ်တို့ရောက်ရှိနေသည့်နေရာကို နားလည်စေရန် ကျမ်းစာက ကူညီပေးပါသည်။ ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ်စနစ်၏ “နောက်ဆုံးသောနေ့ရက်များ” အတွင်းရောက်ရှိနေကြောင်း ယင်းကဖော်ပြပါသည်။—၂ တိမောသေ ၃:၁၊ သမ္မာ။
၂။ ယေရှုကို တပည့်တော်များက အဘယ်မေးခွန်း မေးလျှောက်ခဲ့ကြသနည်း။ ကိုယ်တော်က အဘယ်သို့ ပြန်လည်ဖြေကြားတော်မူခဲ့သနည်း။
၂ သာဓကအဖြစ် တပည့်တော်များမေးလျှောက်သည့် မေးခွန်းအချို့နှင့်ပတ်သက်၍ ယေရှုဖြေကြားခဲ့သည့်အဖြေကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ယေရှုအသေမခံမီ သုံးရက်အလိုတွင် တပည့်တော်တို့က “ကိုယ်တော်ရောက်ရှိတော်မူခြင်းနှင့် ဤအစီအစဉ်စနစ်ဆုံးခန်းဆိုင်ရာနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို . . . အမိန့်ရှိတော်မူပါ” ဟုမေးလျှောက်ခဲ့ကြသည်။a(မဿဲ ၂၄:၃၊ ကဘ) ပြန်လည်ဖြေကြားရာ၌ယေရှုက ဤဘုရားတရားမဲ့သောစနစ်ကြီးသည် ၎င်း၏နောက်ဆုံးသောနေ့ရက်များအတွင်း ဝင်ရောက်ပြီဖြစ်ကြောင်း ရှင်းလင်းစွာပြသသည့် တိကျသောကမ္ဘာ့ဖြစ်ရပ်များနှင့် အခြေအနေများအကြောင်းကို မိန့်တော်မူခဲ့သည်။
၃။ ယေရှုစတင်အုပ်ချုပ်ချိန်၌ ကမ္ဘာ့အခြေအနေများ အဘယ်ကြောင့် ဆိုးသည်ထက်ဆိုးလာသနည်း။
၃ အထက်ပါအခန်း၌ ဖော်ပြခဲ့သည့်အတိုင်း သမ္မာကျမ်းစာသက္ကရာဇ်စဉ်အရ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်လျက်ရှိပြီဖြစ်ကြောင်း တွက်ဆစေသည်။ သို့သော် မည်သို့ဖြစ်နိုင်မည်နည်း။ အခြေအနေသည် ကောင်းမလာဘဲ ဆိုးလျက်သာရှိသည်။ အမှန်အားဖြင့် ဤအချက်သည် ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်လျက်ရှိ ပြီဖြစ်ကြောင်း အခိုင်အမာညွှန်ပြသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ထိုသို့ဆိုနိုင်သနည်း။ ဆာလံ ၁၁၀:၂ ကယေရှုသည် ‘ရန်သူတို့၏အလယ်တွင်’ အခိုက်အတန့် အုပ်ချုပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။ အမှန်အားဖြင့် ကောင်းကင်ရှင်ဘုရင်အဖြစ် ကိုယ်တော်ပထမဦးဆုံး လုပ်ဆောင်သည့်အရာမှာ စာတန်နှင့်၎င်း၏နတ်ဆိုးတမန်များကို ကမ္ဘာမြေကြီးဝန်းကျင်သို့ ချပစ်ခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) မည်သည့်အကျိုးဆက်ဖြစ်ပေါ်သနည်း။ ဗျာဒိတ် ၁၂:၁၂ ၌ကြိုတင်ဟောထားသည့်အတိုင်းပင်– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” ယခုကျွန်ုပ်တို့သည် ထို “ကာလတစ်ခဏ” အတွင်း၌ အသက်ရှင်ကြသည်။
၄။ နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာအချို့ကား အဘယ်နည်း။ ယင်းတို့က ဘာကိုညွှန်ပြသနည်း။ (လေးထောင့်ကွက်ရှု)
၄ ထို့ကြောင့် ကိုယ်တော်ရောက်ရှိခြင်းနှင့် အစီအစဉ်စနစ်ဆုံးခန်းဆိုင်ရာ နိမိတ်အကြောင်း မေးလျှောက်ခံရသည့်အခါ၌ ယေရှု၏ဖြေကြားချက်သည် ခိုင်လုံလေးနက်လှသည်မှာ အံ့ဩစရာမဟုတ်ပါ။ ၎င်းနိမိတ်တွင်ပါဝင်သော အစိတ်အပိုင်းအမျိုးမျိုးကို စာမျက်နှာ ၁၀၂ မှ လေးထောင့်ကွက်တွင် ဖော်ပြထားသည်။ ခရစ်ယာန်တမန်တော်များဖြစ်ကြသော ပေါလု၊ ပေတရုနှင့်ယောဟန်တို့ကလည်း နောက်ဆုံးနေ့ရက်များနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်များ ပေးထားသည်ကို သင်တွေ့နိုင်သည်။ နိမိတ်နှင့် နောက်ဆုံးနေ့ရက်များဆိုင်ရာ ကြန်အင်လက္ခဏာအများစုတွင် စိတ်သောကဖြစ်စရာအခြေအနေများ အကျုံးဝင်နေသည်မှာမှန်ပါသည်။ သို့တစေ ၎င်းပရောဖက်ပြုချက်များ ပြည့်စုံခြင်းက ဤဆိုးယုတ်သောစနစ်ကြီးသည် အဆုံးရောက်လုနီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့ကို လက်ခံယုံကြည်စေသင့်သည်။ နောက်ဆုံးသောနေ့ရက်များ၏ အဓိကကြန်အင်လက္ခဏာအချို့ကို စစ်ဆေးကြည့်ကြပါစို့။
နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာများ
၅၊ ၆။ စစ်ရေး၊ ငတ်မွတ်ဘေးတို့နှင့်ပတ်သက်သော ပရောဖက်ပြုချက်များ မည်သို့ပြည့်စုံလျက်ရှိသနည်း။
၅ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” (မဿဲ ၂၄:၇; ဗျာဒိတ် ၆:၄) စာရေးဆရာ အားနက်စ် ဟဲမင်းဝေးက ပထမကမ္ဘာစစ်ကို “ကမ္ဘာပေါ် ဖြစ်ပျက်ခဲ့ဖူးသမျှတွင် အကြီးကျယ်ဆုံး၊ အရက်စက်ဆုံး၊ အလွဲမှားဆုံးသတ်ဖြတ်ပွဲကြီး” ဟူ၍သမုတ်လိုက်သည်။ The World in the Crucible—1914-1919 စာအုပ်အရ ပထမကမ္ဘာစစ်သည် “လူ့သမိုင်းတွင် ပထမဦးဆုံးသော အားကုန်လောင်းစစ်ပွဲကြီး၊ အသစ်သောစစ်ရေးနယ်ပယ်ဖြစ်သည်။ ယင်း၏သက်တမ်း၊ ပြင်းထန်မှုနှင့် ပမာဏတို့သည် ယခင်ကသိထားသော သို့မဟုတ် ယေဘုယျအားဖြင့် မျှော်လင့်ထားသော မည်သည့်အရာထက်မဆို သာလွန်သည်။” ၎င်းနောက် ဒုတိယကမ္ဘာစစ် လိုက်ပါလာသည်။ ယင်းစစ်သည် ပထမကမ္ဘာစစ်ထက် များစွာသာ၍ အဖျက်စွမ်းအားကြီးမားခဲ့သည်။ “ဤနှစ်ဆယ်ရာစုနှစ်ကို စက်သေနတ်၊ တင့်ကား၊ ဘီ-၅၂ ဗုံးကြဲလေယာဉ်၊ နျူကလီးယားဗုံး၊ နောက်ဆုံးအနေနှင့် ဒုံးကျည်များက စိုးမိုးထားသည်။ အခြားမည်သည့်ခေတ်တွင်မဆို ဖြစ်ပွားခဲ့သောစစ်ပွဲများထက် ပို၍သွေးထွက်သံယိုများပြီး ပို၍ပျက်စီးမှုကြီးမားသည့်စစ်ပွဲများဖြင့် အမှတ်သညာပြုထားသည်” ဟုသမိုင်းပါမောက္ခ ဟျူး သောမတ်စ်ကဆိုသည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသည့်နောက်ပိုင်း လက်နက်ဖျက်သိမ်းရေးအကြောင်း များစွာဆွေးနွေးခဲ့ကြသည်မှာ မှန်ပါသည်။ သို့တိုင်အောင် အဆိုပြုထားသည့်လက်နက် လျှော့ချပြီးနောက်၌ပင် နျူကလီးယားထိပ်ဖူး ၁၀,၀၀၀ မှ ၂၀,၀၀၀ ခန့်ကျန်ရှိနေဦးမည်ဖြစ်ရာ ယင်းပမာဏသည် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့်ယမ်းအား၏ အဆ ၉၀၀ ကျော်ဖြစ်သည်ဟု အစီရင်ခံစာတစ်စောင်က ခန့်မှန်းတွက်ချက်ဖော်ပြထားသည်။
၆ “အစာခေါင်းပါးခြင်း . . . ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၇; ဗျာဒိတ် ၆:၅၊ ၆၊ ၈) ၁၉၁၄ ခုနှစ်မှစ၍ ငတ်မွတ်ခေါင်းပါးဘေးကြီး အနည်းဆုံး ၂၀ ခန့်ရှိခဲ့သည်။ ဘေးသင့်သည့်ဒေသများတွင် ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အီသီယိုးပီးယား၊ ဂရိ၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ရဝမ်ဒါ၊ ဆိုမာလီနှင့် ဆူဒန်နိုင်ငံများပါဝင်ကြသည်။ သို့သော် ငတ်မွတ်ခေါင်းပါးဘေးသည် စားနပ်ရိက္ခာရှားပါးမှုကြောင့် အစဉ်ဖြစ်ပေါ်ရခြင်းမဟုတ်ပါ။ “လွန်ခဲ့သောဆယ်စုနှစ် အနည်းငယ်အတွင်း ကမ္ဘာ့ရိက္ခာအထွက်နှုန်းသည် လူဦးရေတိုးနှုန်းထက် လျင်မြန်စွာတိုးတက်ခဲ့သည်။ သို့သော် ကမ္ဘာ့ပြည်သူအနည်းဆုံးသန်းပေါင်း ၈၀၀ ခန့်သည် အလွန့်အလွန် ဆင်းရဲနွမ်းပါးသောကြောင့် ရိက္ခာအလျှံပယ် ရှိနေစေကာမူ . . . ကာလကြာရှည် အာဟာရချို့တဲ့မှုမှလွတ်မြောက်ရန် လောက်လောက်ငင ဝယ်မစားနိုင်ဘဲရှိနေကြသည်” ဟူ၍ စိုက်ပျိုးရေး သိပ္ပံပညာရှင်များနှင့် ဘောဂဗေဒပညာရှင်များအဖွဲ့တစ်ဖွဲ့က ဆိုသည်။ အခြားဖြစ်ရပ်များ၌ နိုင်ငံရေးစွက်ဖက်မှု ရှိနေသည်။ တိုရွန်တိုတက္ကသိုလ်မှ ဒေါက်တာ အပ်ဒဲလ်ဂါလီလ် အယ်လ်မက်ကီက ပြည်သူထောင်ပေါင်းများစွာ ငတ်မွတ်နေလင့်ကစား နိုင်ငံခြားတိုင်းပြည်များသို့ စားနပ်ရိက္ခာအမြောက်အမြား တင်ပို့နေသည့်တိုင်းပြည်နှစ်ခုကို နမူနာအဖြစ်တင်ပြသည်။ ထိုအစိုးရတို့သည် ပြည်သူတို့ကိုကျွေးမွေးရေးထက် သူတို့တိုက်ခိုက်နေသည့် စစ်ပွဲများအတွက်လိုအပ်နေသော နိုင်ငံခြားငွေရရှိရေးကို ပို၍အလေးထားနေပုံရသည်။ ဒေါက်တာ အယ်လ်မက်ကီက မည်သို့ကောက်ချက်ချသနည်း။ အစာငတ်မွတ်ဘေးမှာ အများအားဖြင့် “ဖြန့်ဖြူးမှုပိုင်းနှင့် အစိုးရ၏မူဝါဒပိုင်းကြောင့်” ဖြစ်ရသည်။
၇။ ကာလနာနှင့်ပတ်သက်၍ ယနေ့ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်များကား အဘယ်နည်း။
၇ “ကာလနာ။” (လုကာ ၂၁:၁၁; ဗျာဒိတ် ၆:၈) ၁၉၁၈-၁၉ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးရောဂါကြောင့် လူပေါင်း ၂၁ သန်းမကသေဆုံးခဲ့သည်။ “ကမ္ဘာ့သမိုင်းတွင် ဤမျှများပြားသည့်လူတို့ကို ဤမျှလျင်မြန်စွာ သုတ်သင်ခဲ့သည့်လူသတ်ကောင်၏ မွှေနှောက်ဖျက်ဆီးခြင်းမျိုး တစ်ကြိမ်မျှမကြုံဖူးချေ” ဟူ၍ The Great Epidemic စာအုပ်တွင် အေ.အေ.ဟိုအဲလင်းက ရေးသားထားသည်။ ယနေ့၊ ကာလနာများသည် ထိန်းမနိုင်သိမ်းမရ တိုးပွားလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ကင်ဆာရောဂါသည် လူပေါင်းငါးသန်းကို သေဆုံးစေပြီး ဝမ်းလျှောရောဂါကြောင့် ကလေးသူငယ်သုံးသန်းကျော် သေဆုံးနေသည့်အပြင် တီဘီရောဂါကလည်း လူသုံးသန်း၏ဇီဝိန်ကို ချွေယူလျက်ရှိသည်။ အသက်ရှူအဖွဲ့ဆိုင်ရာ ကူးစက်ရောဂါများ၊ အဓိကအားဖြင့် အဆုတ်ရောင်ရမ်းနာ (pneumonia) ကြောင့် ငါးနှစ်အောက်ကလေးသူငယ် သုံးသန်းခွဲ နှစ်စဉ်သေဆုံးလျက်ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော သန်းပေါင်း ၂,၅၀၀ ရှိသည့်ကမ္ဘာသားတို့သည် ရေရှားပါးမှု၊ မသန့်ရှင်းသောရေနှင့် ကျန်းမာသန့်ရှင်းရေး ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ပွားသည့်ဖျားနာမှုများကို ခံစားနေရကြသည်။ အေအိုင်ဒီအက်စ်ရောဂါမှာ လူသားများဆေးဝါးဘက်တွင် အရေးပါသောအောင်မြင်မှုများ ရရှိနေလင့်ကစား ကာလနာများကိုတိုက်ဖျက်ရာတွင် မစွမ်းဆောင်နိုင်ကြောင်း နောက်ထပ်သတိပေးလိုက်သည့် သာဓကတစ်ရပ်ပင်ဖြစ်သည်။
၈။ လူတို့သည် “ငွေကိုတပ်မက်သောသူများ” ဖြစ်ကြောင်း မည်သို့သက်သေထူကြသနည်း။
၈ “ငွေကိုတပ်မက်သူများ။” (၂ တိမောသေ ၃:၂) ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များတွင် လူတို့သည် ကြွယ်ဝချမ်းသာရေးအတွက် အာသာမပြေနိုင်သောဆန္ဒရှိနေပုံရသည်။ “အောင်မြင်မှု” ကိုလူတစ်ဦး၏ဝင်ငွေပမာဏဖြင့် မကြာခဏတိုင်းတာကြပြီး၊ “အထမြောက်မှု” ကိုလူတစ်ဦးပိုင်ဆိုင်သည့်အရာများဖြင့် မကြာခဏတိုင်းတာကြသည်။ “ဥစ္စာဓနရှာဖွေခြင်းသည် အမေရိကန်လူ့အဖွဲ့အစည်းတွင် တွန်းအားတစ်ရပ်အဖြစ်လည်းကောင်း၊ စီးပွားရေးဈေးကွက်ကြီးများတွင် တစ်စတစ်စ အရေးပါလာသော စွမ်းအားတစ်ရပ်အဖြစ်လည်းကောင်း ဆက်လက်တည်ရှိနေမည်” ဟူ၍ ကြော်ငြာလုပ်ငန်းတစ်ခု၏ ဒုတိယဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့သည်။ သင့်ဒေသတွင်လည်း ဤအတိုင်းဖြစ်နေပါသလော။
၉။ ကြိုတင်ဟောထားသည့် မိဘစကားနားမထောင်ခြင်းအကြောင်း ဘာပြောနိုင်သနည်း။
၉ “မိဘစကားကို နားမထောင်” ခြင်း။ (၂ တိမောသေ ၃:၂) ကလေးအများသည် မလေးမခန့်လုပ်တတ်သော၊ စကားနားမထောင်သော ကလေးများဖြစ်သည့် တိုက်ရိုက်အထောက်အထားကို ယခုခေတ်မိဘများ၊ ဆရာများနှင့် အခြားသူများက ရရှိထားကြသည်။ ကလေးအချို့သည် မိဘတို့၏ မကောင်းသောအမူအကျင့်ကို တန်ပြန်ခြင်း၊ သို့မဟုတ် တုပခြင်းပြုကြသည်။ ကျောင်း၊ ဥပဒေ၊ ဘာသာတရားနှင့် မိဘဖြစ်သူတို့အပေါ် အယုံအကြည်ကင်းမဲ့၍ တော်လှန်ပုန်ကန်ကြသည့် ကလေးဦးရေသည်တိုးများလျက်ရှိသည်။ “ခေတ်ရေစီးကြောင်းအနေနှင့် ကလေးတို့သည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပုံပေါက်သည်” ဟုဝါရင့်ကျောင်းဆရာတစ်ဦးကဆိုသည်။ သို့သော် ဝမ်းသာစရာကား ဘုရားသခင်ကိုခန့်ညားသော ကလေးအများမူကား အမူအကျင့်ဘက်တွင် စံနမူနာကောင်းများအဖြစ် ရပ်တည်လျက်ရှိကြသည်။
၁၀၊ ၁၁။ လူတို့သည် ကြမ်းကြုတ်၍ ပကတိစုံမက်ခြင်းကင်းကြောင်း အဘယ်အထောက်အထားရှိသနည်း။
၁၀ “ကြမ်းကြုတ်သောသူ။” (၂ တိမောသေ ၃:၃၊ သမ္မာ) ကြမ်းကြုတ်သောသူဟူ၍ ပြန်ဆိုသည့် ဂရိစကားလုံးမှာ ‘မယဉ်ပါးသော၊ ရိုင်းစိုင်းသော၊ လူသားချင်း ထောက်ထားစာနာမှုကင်းသော’ ဟူ၍အဓိပ္ပာယ်ရှိသည်။ ယနေ့ အကြမ်းဖက်မှုကို အရမ်းကာရော ကျူးလွန်သူတို့နှင့် မည်မျှဆီလျော်လှသည်တကား! “လူ့ဘဝသည် ဤမျှကြောက်မက်ဖွယ်ကောင်းပြီး ဤမျှသွေးထွက်သံယိုမှု များပြားနေသဖြင့် နေ့စဉ်သတင်းစာကိုဖတ်ရန်ပင် စိတ်ကိုတင်းထားရသည်” ဟုအယ်ဒီတာ့အာဘော်တစ်ခုကဆိုသည်။ အိုးအိမ်လုံခြုံရေး ရဲတပ်ကြပ်တစ်ဦးက လူငယ်အများသည် ၎င်းတို့အပြုအမူ၏ အကျိုးဆက်များကို လုံးဝထည့်သွင်းစဉ်းစားပုံမရကြောင်း သတိပြုမိသည်။ “‘မနက်ဖြန်ဆိုတာကို ဒို့မသိဘူး၊ ဒီကနေ့လိုချင်တာကို ဒီကနေ့အရယူမယ်’ ဟူသောစိတ်သဘောထားမျိုး လွှမ်းမိုးနေသည်” ဟုသူကဆို၏။
၁၁ “ပကတိစုံမက်ခြင်းနှင့် ကင်းသောသူ။” (၂ တိမောသေ ၃:၃၊ သမ္မာ) ဤစကားစုမှာ “အကြင်နာမဲ့သော၊ လူမဆန်သော” ဟူ၍အနက်ရှိပြီး “ပကတိ မိသားစုစုံမက်ခြင်း ကင်းသော” ဟူ၍သဘောသက်ရောက်သည့် ဂရိစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ (The New International Dictionary of New Testament Theology) မှန်ပါသည်၊ စုံမက်ခြင်း ရှင်သန်ကြီးပွားသင့်သည့် အိမ်ထောင်စုအသိုင်းအဝိုင်းအတွင်း၌ပင် စုံမက်ခြင်းကင်းမဲ့နေလေ့ရှိသည်။ အိမ်ထောင်ဖက်၊ သားသမီးများသာမက သက်ကြီးရွယ်အိုမိဘတို့ကိုပင် မတော်မတရား ပြုမူဆက်ဆံသည့်သတင်းများသည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် များပြားလာသည်။ “လူကိုအကြမ်းဖက်ခြင်း—ရိုက်ပုတ်ခြင်း သို့မဟုတ် တွန်းထိုးခြင်း၊ ဓားဖြင့်ထိုးခြင်း သို့မဟုတ် သေနတ်ဖြင့်ပစ်ခြင်း—သည်လူ့အဖွဲ့အစည်းတွင် အခြားနေရာများမှာထက် မိသားစုအသိုင်းအဝိုင်းအတွင်း၌ ပို၍ဖြစ်ပွားနေသည်” ဟု သုတေသနအဖွဲ့တစ်ဖွဲ့က မှတ်ချက်ချသည်။
၁၂။ လူတို့သည် ဘုရားကြည်ညိုဟန်ဆောင်လျက်သာရှိကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။
၁၂ “ဘုရားကြည်ညိုဟန်ဆောင်သော်လည်း ဆိုင်ရာတန်ခိုးကို ငြင်းပယ်သူများ။” (၂ တိမောသေ ၃:၅၊ သမ) သမ္မာကျမ်းစာ၌ အသက်တာကို တိုးတက်အောင်ပြောင်းလဲပေးနိုင်သော တန်ခိုးရှိ၏။ (ဧဖက် ၄:၂၂-၂၄) သို့သော် ယနေ့လူအများက ဘာသာတရားကိုဗန်းပြပြီး ဘုရားသခင်မနှစ်သက်သည့် မသမာမှုများကို ပြုလုပ်နေကြသည်။ လိမ်လည်မှု၊ ခိုးမှုနှင့် လိင်ဆိုင်ရာအကျင့်ပျက်မှုတို့ကို ဘာသာရေးခေါင်းဆောင်တို့က မသိကျိုးကျွန်ပြုထားလေ့ရှိသည်။ ဘာသာတရားအများသည် မေတ္တာအကြောင်း ဟောပြောကြသော်လည်း စစ်ရေးကိုထောက်ခံအားပေးနေကြသည်။ “အမြင့်ဆုံးသောဖန်ဆင်းရှင်၏နာမတော်ကို အမှီပြု၍ လူသားတို့သည် လူလူချင်းအပေါ် အဆိုးရွားဆုံးသော ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့ကြသည်” ဟု India Today မဂ္ဂဇင်းမှ အယ်ဒီတာ့အာဘော်တစ်ခု၌ ရေးသားထားသည်။ အမှန်ဆိုရလျှင် များမကြာမီက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှုအများဆုံး ပဋိပက္ခနှစ်ခုဖြစ်သည့် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့သည် ခရစ်ယာန်ဘောင်အတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
၁၃။ မြေကြီးသည် ဖျက်ဆီးခံနေရကြောင်း အဘယ်သက်သေအထောက်အထား ရှိသနည်း။
၁၃ ‘မြေကြီးကိုဖျက်ဆီးခြင်း။’ (ဗျာဒိတ် ၁၁:၁၈) စိုးရိမ်ကြောင့်ကြသည့် သိပ္ပံပညာရှင်များသမဂ္ဂ (UCS) မှထုတ်ပြန်သော သတိပေးချက်တစ်ရပ်တွင် နိုဘဲလ်ဆုရှင် ၁၀၄ ဦးအပါအဝင် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင် ၁,၆၀၀ ကျော်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းသတိပေးချက်၌ ဤသို့ဖော်ပြထားသည်– “လူသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်လောကတို့သည် ထိပ်တိုက်ရင်ဆိုင်သည့် လမ်းကြောင်းပေါ်ရောက်ရှိနေသည်။ . . . ခြိမ်းခြောက်မှုအန္တရာယ်များကို လွှဲဖယ်ပစ်နိုင်သည့် အခွင့်အလမ်းသည် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း လက်လွှတ်ဆုံးရှုံးသွားလိမ့်မည်။” အသက်ရှင်ရေးကိုအန္တရာယ်ပြုသော လူတို့၏အလေ့အထများသည် “ဤကမ္ဘာမြေကြီးအား ယခုလက်ရှိအတိုင်း သက်ရှိများကို ဆက်လက်တည်တံ့အောင် ထိန်းမထားနိုင်တော့သည့်အခြေသို့ ပြောင်းလဲသွားစေနိုင်သည်” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။ အိုဇုန်းလွှာပါးလွှာမှု၊ ရေညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ မြေဆီလွှာတိုက်စားမှု၊ တိရစ္ဆာန်နှင့် အပင်မျိုးစိတ်အများအပြား မျိုးသုဉ်းမှုတို့ကို အပူတပြင်း အရေးယူဆောင်ရွက်ရမည့် အရေးကြီးပြဿနာများအဖြစ် ဖော်ပြထားသည်။ “သက်ရှိတို့၏ အပြန်အလှန် အမှီသဟဲပြုနေသည့်ကွန်ယက်ကို ပျက်ပြားအောင် ကျွန်ုပ်တို့ဝင်နှောက်လိုက်ခြင်းဖြင့် ဇီဝရုပ်အဖွဲ့ ပြိုကွဲခြင်းအပါအဝင် ဆိုးကျိုးများကို စတင်ဖြစ်ပွားစေနိုင်သည်။ ဇီဝရုပ်အဖွဲ့၏ တိုးတက်ပြောင်းလဲပုံကို ကျွန်ုပ်တို့ မတောက်တခေါက်သာ သိရှိရသေးသည်” ဟု UCS အဖွဲ့ကဆိုသည်။
၁၄။ မဿဲ ၂၄:၁၄ သည် ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံလျက်ရှိကြောင်း သင်မည်သို့သက်သေပြနိုင်သနည်း။
၁၄ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရပ်မြေတစ်ပြင်လုံး၌ ဟောရလိမ့်မည်။” (မဿဲ ၂၄:၁၄၊ ကဘ) ယေရှုက နိုင်ငံတော်သတင်းကောင်းကို လူမျိုးအပေါင်းတို့အား သက်သေအဖြစ် မြေတစ်ပြင်လုံး၌ ဟောပြောလိမ့်မည်ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင့်စောင်မမှုနှင့် ကောင်းချီးမင်္ဂလာဖြင့် သန်းပေါင်းများစွာသော ယေဟောဝါသက်သေများသည် ဤဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် အချိန်နာရီ သန်းထောင်ပေါင်းများစွာမြှုပ်နှံ၍ ဆောင်ရွက်နေကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) မှန်ပါသည်၊ သတင်းကောင်းကို မဟောဘဲနေလျှင် သွေးပြစ်ကင်းမည်မဟုတ်ကြောင်း သက်သေခံများ နားလည်ကြသည်။ (ယေဇကျေလ ၃:၁၈၊ ၁၉) သို့သော် နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသောသူတို့က နိုင်ငံတော်သတင်းတရားကို ကျေးဇူးတင်စွာတုံ့ ပြန်၍ စစ်မှန်သောခရစ်ယာန်၊ ယေဟောဝါသက်သေများအဖြစ် ရပ်တည်လာကြခြင်းအတွက် သူတို့နှစ်ထောင်းအားရဖြစ်ကြသည်။ ယေဟောဝါအားဝတ်ပြု၍ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို နှံ့ပြားအောင်ပြုလုပ်ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးပင်ဖြစ်သည်။ သတင်းကောင်းကို လူနေရပ်မြေတစ်ပြင်လုံးတွင် ဟောပြောပြီးသော် ဤဆိုးယုတ်သောစနစ်၏အဆုံးသည် ရောက်လတ္တံ့။
သက်သေအထောက်အထားများကို တုံ့ ပြန်ပါ
၁၅။ မျက်မှောက်ဆိုးယုတ်သောစနစ် အဘယ်သို့အဆုံးတိုင်မည်နည်း။
၁၅ ဤစနစ် မည်သို့အဆုံးတိုင်မည်နည်း။ သမ္မာကျမ်းစာက မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပါယာဖြစ်သော “မဟာဗာဗုလုန်” ကို ကမ္ဘာ့နိုင်ငံရေးအင်အားစုများက တိုက်ခိုက်ခြင်းဖြင့်အစပြုမည့် “ကြီးစွာသောဒုက္ခ” တစ်ခုအကြောင်းဟောထားသည်။ (မဿဲ ၂၄:၂၁; ဗျာဒိတ် ၁၇:၅၊ ၁၆) ထိုကာလအတွင်း “နေသည်မိုက်လိမ့်မည်၊ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်” ဟုယေရှုမိန့်တော်မူ၏။ (မဿဲ ၂၄:၂၉) ဤစကားသည် ပကတိကောင်းကင်နှင့်ဆိုင်သော ထူးခြားသည့်အခြင်းအရာများကို ရည်ညွှန်းသည့်လက္ခဏာရှိသည်။ မည်သို့ဆိုစေ၊ ဘာသာရေးလောကမှ အထင်ကရပုဂ္ဂိုလ်များသည် ဖော်ထုတ်ခြင်း၊ ပယ်ရှင်းခြင်းခံရလိမ့်မည်။ ထို့နောက် ‘မာဂေါဂပြည်မှ ဂေါဂမင်း’ ဟုခေါ်သောစာတန်သည် ဆိုးညစ်သောလူသားများကိုအသုံးပြု၍ ယေဟောဝါ၏လူမျိုးတော်ကို မီးကုန်ယမ်းကုန်တိုက်ခိုက်လာမည်။ သို့သော် အောင်မြင်မည်မဟုတ်၊ သူတို့ကိုဘုရားသခင်ကယ်တင်မည်ဖြစ်သောကြောင့်တည်း။ (ယေဇကျေလ ၃၈:၁၊ ၂၊ ၁၄-၂၃) “ကြီးစွာသောဒုက္ခ” သည် “အနန္တတန်ခိုးရှင် ဘုရားသခင့်နေ့တော်ကြီးစစ်ပွဲ” ဖြစ်သည့်အာမဂေဒုန်၌ အထွတ်အထိပ်သို့ရောက်ရှိပေမည်။ ဤစစ်ပွဲသည် စာတန်၏မြေကြီးအဖွဲ့အစည်းမှ ကျန်ကြွင်းသောအစအနမှန်သမျှကို သုတ်သင်ရှင်းလင်း၍ ကပ်ကျော်သူများအပေါ် မကုန်ဆုံးနိုင်သော ကောင်းချီးမင်္ဂလာများ သက်ရောက်စေရန် လမ်းဖွင့်ပေးလိမ့်မည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၁၁:၁၅; ၁၆:၁၄၊ ၁၆၊ သမ; ၂၁:၃၊ ၄။
၁၆။ နောက်ဆုံးသောနေ့ရက်များနှင့်ဆိုင်သော ပရောဖက်ပြုထားသည့် ကြန်အင်လက္ခဏာများသည် ကျွန်ုပ်တို့ခေတ်ကာလနှင့်သက်ဆိုင်ကြောင်း အဘယ်သို့သိနိုင်သနည်း။
၁၆ နောက်ဆုံးသောနေ့ရက်များအကြောင်း ဖော်ပြသည့်ပရောဖက်ပြုချက်များမှ ကြန်အင်လက္ခဏာအချို့သည် ၎င်းတို့တစ်ခုချင်းအနေနှင့်ဆိုလျှင် သမိုင်း၏အခြားသောကာလများနှင့် သက်ဆိုင်နေပုံရသည်။ သို့သော် စုပေါင်းလိုက်သည့်အခါ၌ ပရောဖက်ပြုဖော်ပြသော အထောက်အထားများက ကျွန်ုပ်တို့၏ခေတ်ကာလကို တိကျစွာညွှန်ပြသည်။ သာဓကအနေနှင့် လူတစ်ဦး၏လက်ဗွေမှ အစင်းကြောင်းများသည် အခြားမည်သည့်ပုဂ္ဂိုလ်၏ လက်ဗွေနှင့်မျှမတူသော သီးခြားပုံစံကိုဖြစ်ပေါ်စေသည်။ ထိုနည်းတူစွာပင်၊ နောက်ဆုံးသောနေ့ရက်များသည်လည်း ယင်းတို့၏သီးခြားလက္ခဏာများ၊ သို့မဟုတ် အဖြစ်အပျက်များရှိကြသည်။ ၎င်းတို့သည် အခြားမည်သည့်ခေတ်ကာလနှင့်မျှ မသက်ဆိုင်သော “လက်ဗွေရာ” ကိုဖြစ်ပေါ်စေသည်။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် ယခုအုပ်ချုပ်နေပြီဖြစ်ကြောင်းညွှန်ပြသည့် သမ္မာကျမ်းစာညွှန်ပြချက်များနှင့်ယှဉ်၍ ဆင်ခြင်စဉ်းစားကြည့်လိုက်သည့်အခါ အထောက်အထားများက ယခုနေ့ရက်များသည် အမှန်ပင် နောက်ဆုံးသောနေ့ရက်များဖြစ်ကြောင်း ကောက်ချက်ချနိုင်သည့် ခိုင်မာသောအခြေအမြစ် ရရှိလာသည်။ ထိုမျှမက ယခုလက်ရှိဆိုးယုတ်သောစနစ်သည် များမကြာမီ ဖျက်ဆီးခံရတော့မည်ဖြစ်ကြောင်းတင်ပြသည့် ရှင်းလင်းသောကျမ်းစာအထောက်အထားလည်း ရှိပါသေးသည်။
၁၇။ ယခုနေ့ရက်များသည် နောက်ဆုံးသောနေ့ရက်များဖြစ်ကြောင်း သိရှိခြင်းက ကျွန်ုပ်တို့ကို ဘာပြုလုပ်ရန် စေ့ဆော်ပေးသင့်သနည်း။
၁၇ ယခုနေ့ရက်များသည် နောက်ဆုံးနေ့ရက်များဖြစ်ကြောင်း တင်ပြသည့်အထောက်အထားကို သင်မည်သို့တုံ့ ပြန်မည်နည်း။ ဤအချက်ကို စဉ်းစားကြည့်ပါ– အပျက်အစီးကြီးမားပြင်းထန်သောမုန်တိုင်း ကျရောက်တော့မည်ဆိုပါက ကျွန်ုပ်တို့သည် ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကို မဆိုင်းမတွပင် ပြုလုပ်တတ်ကြသည်။ သို့ဖြစ်သောကြောင့် ယခုလက်ရှိစနစ်အတွက် သမ္မာကျမ်းစာကြိုဟောထားသည့် အရာများကလည်း ကျွန်ုပ်တို့ကို အရေးယူဆောင်ရွက်ရန် စေ့ဆော်ပေးသင့်ပေသည်။ (မဿဲ ၁၆:၁-၃) ကျွန်ုပ်တို့သည် ဤကမ္ဘာ့စနစ်၏ နောက်ဆုံးသောနေ့ရက်များအတွင်း အသက်ရှင်လျက်ရှိကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။ ဤသည်က ယေဟောဝါ၏မျက်နှာသာတော် ခံစားနိုင်ရန် လိုအပ်သောပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ စေ့ဆော်ပေးသင့်ပေသည်။ (၂ ပေတရု ၃:၃၊ ၁၀-၁၂) ယေရှုက မိမိကိုယ်ကို ကယ်တင်ခြင်းဆိုင်ရာကိုယ်စားလှယ်အဖြစ် ရည်ညွှန်းလျက် ဤသို့အရေးတကြီးနှိုးဆော်လိုက်သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။”—လုကာ ၂၁:၃၄-၃၆။
[အောက်ခြေမှတ်ချက်များ]
a သမ္မာကျမ်းစာအချို့က “အစီအစဉ်စနစ်” ဟူသောစကားလုံးအစား “ကပ်ကမ္ဘာ” ကိုသုံးကြသည်။ ဒဗလျူ.အီး.ဗိုင်၏ An Expository Dictionary of New Testament Words အဘိဓာန်ကျမ်းက ဂရိစကားလုံး အိုင်·အွန်း (ai·on) သည် “ခေတ်ကာလတစ်ခုအတွင်း ဖြစ်ပျက်သောအဖြစ်အပျက်နှင့် ဆက်နွှယ်တွေးဆသည့် အကန့်အသတ်မရှိသောသက်တမ်း သို့မဟုတ် အချိန်ကာလဟူ၍ အဓိပ္ပာယ်သက်ရောက်သည်” ဟုဆိုသည်။ ပါ့ခ်ဟာ့စ်ထ်၏ A Greek and English Lexicon to the New Testament အဘိဓာန် (စာမျက်နှာ ၁၇) တွင် ဟေဗြဲ ၁:၂ မှ အိုင်.အိုးနက်စ် (ai·oʹnes) (ဗဟုဝုဒ်) ၏သုံးနှုန်းပုံအကြောင်းဆွေးနွေးရာ၌ “အစီအစဉ်စနစ်” ဟူသောအသုံးအနှုန်းကို ထည့်သွင်းထားသည်။ ထို့ကြောင့် “အစီအစဉ်စနစ်” ဟူသောပြန်ဆိုချက်သည် မူရင်းဂရိကျမ်းမူနှင့် ကိုက်ညီပေသည်။
သင်၏အသိပညာကို စစ်ဆေးခြင်း
ခရစ်တော် စတင်အုပ်ချုပ်ချိန်၌ဖြစ်ပွားသည့် ကမ္ဘာ့ဖြစ်ပေါ်တိုးတက်မှုများအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်သို့ကြိုဟောထားသနည်း။
နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာအချို့ကား အဘယ်နည်း။
ယခုနေ့ရက်ကာလသည် နောက်ဆုံးသောနေ့ရက်များဖြစ်ကြောင်း အဘယ်အကြောင်းများက သင့်ကိုလက်ခံယုံကြည်စေသနည်း။
[စာမျက်နှာ ၁၀၂ ပါ ရုပ်ပုံ]
နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာအချို့
• မကြုံဖူးသောစစ်ရေး။—မဿဲ ၂၄:၇; ဗျာဒိတ် ၆:၄။
• ငတ်မွတ်ခြင်းဘေး။—မဿဲ ၂၄:၇; ဗျာဒိတ် ၆:၅၊ ၆၊ ၈။
• ကာလနာဘေး။—လုကာ ၂၁:၁၁; ဗျာဒိတ် ၆:၈။
• မတရားမှုတိုးပွားခြင်း။—မဿဲ ၂၄:၁၂။
• မြေကြီးကိုဖျက်ဆီးခြင်း။—ဗျာဒိတ် ၁၁:၁၈။
• မြေငလျင်လှုပ်ခြင်း။—မဿဲ ၂၄:၇။
• ကိုင်တွယ်ဖြေရှင်းရန်မလွယ်သည့် ခဲယဉ်းကျပ်တည်းသောကာလ။—၂ တိမောသေ ၃:၁။
• ငွေကိုအငမ်းမရ တပ်မက်ခြင်း။—၂ တိမောသေ ၃:၂။
• မိဘစကားကိုနားမထောင်ခြင်း။—၂ တိမောသေ ၃:၂။
• ပကတိစုံမက်မှုကင်းမဲ့ခြင်း။—၂ တိမောသေ ၃:၃။
• ဘုရားသခင်ကိုနှစ်သက်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်ခြင်း။—၂ တိမောသေ ၃:၄။
• ကိုယ်ကိုမချုပ်တည်းခြင်း။—၂ တိမောသေ ၃:၃။
• မကောင်းမှုကိုနှစ်သက်ခြင်း။—၂ တိမောသေ ၃:၃။
• ကျရောက်လုဆဲအန္တရာယ်ကို အရေးမစိုက်ခြင်း။—မဿဲ ၂၄:၃၉။
• ပြက်ရယ်ပြုသူတို့က နောက်ဆုံးသောနေ့ရက်များဆိုင်ရာ သက်သေအထောက်အထားကို ငြင်းပယ်ခြင်း။ —၂ ပေတရု ၃:၃၊ ၄။
• ဘုရားသခင့်နိုင်ငံတော်သတင်းကို ကမ္ဘာချီဟောပြောခြင်း။—မဿဲ ၂၄:၁၄။
[စာမျက်နှာ ၁၀၁ ပါ ရုပ်ပုံ]