သင်ခန်းစာ ၅၂
ထိရောက်သော တိုက်တွန်းနှိုးဆော်မှု
ခရစ်ယာန်အကြီးအကဲများသည် “စင်ကြယ်သောသြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်” နိုင်ရမည်ဖြစ်သည်။ (တိ. ၁:၉) တစ်ခါတစ်ရံ အလွန်ခက်ခဲသော အခြေအနေများကို ထိပ်တိုက်ရင်ဆိုင်စဉ် ယင်းကို လုပ်ဆောင်ရမည်။ ယင်းကို ကျမ်းစာလမ်းညွှန်ချက်များနှင့်အညီ သွန်သင်ချက်ပေးရန် အရေးကြီးသည်။ ထို့ကြောင့် အကြီးအကဲများသည် ဤအကြံပေးချက်ကို ဂရုစိုက်ရမည်– “တိုက်တွန်းသွေးဆောင်ခြင်း၊ . . . ကို ကြိုးစား၍ [“ဆက်၍၊” ကဘ] ပြုလော့။” (၁ တိ. ၄:၁၃) ဤတွင် ကျွန်ုပ်တို့၏ဆွေးနွေးမှုကို အကြီးအကဲများ သို့မဟုတ် ဤအခွင့်အရေးကို လက်လှမ်းယူနေကြသူများအား အဓိကရည်ညွှန်းသော်လည်း မိဘများသည် မိမိတို့သားသမီးများကို တိုက်တွန်းသွေးဆောင်ရမည့် သို့မဟုတ် ကျမ်းစာသင်အံမှုများ ကျင်းပနေကြသူတို့သည် မိမိတို့၏ကျမ်းစာသင်သားများကို တိုက်တွန်းသွေးဆောင်ဖို့ လိုအပ်သည့် အချိန်အခါမျိုးရှိသည်။ ယင်းသို့သောအခြေအနေမျိုးတွင် အလားတူ လမ်းညွှန်ချက်များ သက်ဆိုင်ပါမည်။
ယင်းကိုလိုအပ်စေသည့် အခြေအနေများ။ တိုက်တွန်းသွေးဆောင်မှု လိုအပ်သည့်အချိန်ကို ဆုံးဖြတ်ရန် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော တိုက်တွန်းသွေးဆောင်သည့် အခြေအနေများကို စစ်ဆေးကြည့်ခြင်းက အထောက်အကူဖြစ်စေမည်။ ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းများအနေနှင့် မိမိတို့၏တာဝန်ကို အာရုံစူးစိုက်ရန် တမန်တော်ပေတရုက အကြီးအကဲများအား တိုက်တွန်းခဲ့သည်။ (၁ ပေ. ၅:၁၊ ၂) ငယ်ရွယ်သောအမျိုးသားများ “သမ္မာသတိရှိ” ရန် တိုက်တွန်းသွေးဆောင်ဖို့ တိတုအား ပေါလုအကြံပေးခဲ့သည်။ (တိ. ၂:၆) ခရစ်ယာန်ချင်းများ “စကားတညီတညွတ်တည်း” ရှိကြရန်နှင့် ညီအစ်ကိုများစပ်ကြား စိတ်ဝမ်းကွဲပြားအောင်ဖန်တီးသူတို့ကို ရှောင်ကြဉ်ကြရန် ပေါလုတိုက်တွန်းပေးခဲ့သည်။ (၁ ကော. ၁:၁၀; ရော. ၁၆:၁၇; ဖိ. ၄:၂) ပေါလုသည် သက်သာလောနိတ်မြို့ရှိ အသင်းတော်သားများ လုပ်ဆောင်နေကြသည့် ကောင်းသောအရာများအတွက် ချီးမွမ်းခဲ့သော်လည်း သူတို့ခံယူခဲ့ကြသည့် ညွှန်ကြားချက်ကို အပြည့်အဝ ပိုမိုကျင့်သုံးရန် သူတို့အား တိုက်တွန်းနှိုးဆော်ခဲ့သည်။ (၁ သက်. ၄:၁၊ ၁၀) ပေတရုသည် ခရစ်ယာန်ချင်းတို့အား “ကိုယ်ကာယတပ်မက်ခြင်းတို့ကိုရှောင်” ရန် အနူးအညွတ်တောင်းပန်ခဲ့သည်။ (၁ ပေ. ၂:၁၁) ယုဒသည် မိမိ၏ညီအစ်ကိုများအား အကျင့်လျော့ရဲခြင်း၌ အလိုလိုက်ကြသည့် ဘုရားတရားမဲ့သူများ၏ ဩဇာလွှမ်းမိုးမှုကြောင့် “ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်စေခြင်းငှာ” တိုက်တွန်းနှိုးဆော်ခဲ့သည်။ (ယု. ၃၊ ၄) အပြစ်တရား၏ လှည့်ဖြားနိုင်စွမ်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်နှလုံးခိုင်မာလာခြင်းမရှိစေရန် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြဖို့ အသင်းတော်ရှိ သာမန်ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ (ဟေဗြဲ ၃:၁၃) ခရစ်တော်ကို မယုံကြည်ကြသေးသည့် ဂျူးလူမျိုးများကို ပေတရုက “သဘောမဖြောင့်သောဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်ကြလော့” ဟု တိုက်တွန်းနှိုးဆော်ခဲ့သည်။—တ. ၂:၄၀။
ထိုသို့သော အခြေအနေများတွင် ခိုင်မာသော တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ရန် မည်သည့်အရည်အချင်းများ လိုအပ်သနည်း။ တိုက်တွန်းနှိုးဆော်သူတစ်ဦးသည် တောင်းဆိုချက်ကို နိုင်ထက်စီးနင်းပြုခြင်း သို့မဟုတ် ခက်ထန်ကြမ်းတမ်းခြင်းမရှိဘဲ မည်သို့အရေးတကြီးဖြစ်စေနိုင်မည်နည်း။
“မေတ္တာအားဖြင့်။” ကျွန်ုပ်တို့၏ တိုက်တွန်းနှိုးဆော်ချက်ကို “မေတ္တာအားဖြင့်” မပေးပါက ခက်ထန်ပုံပေါက်နိုင်သည်။ (ဖိလေ. ၉) မှန်ပါသည်၊ ချက်ချင်း လုပ်ဆောင်ဖို့လိုအပ်သည့်အခါ ဟောပြောသူ၏တင်ဆက်မှုသည် အခြေအနေ၏ အရေးကြီးမှုကို တင်ပြပေးသင့်သည်။ ပျော့ပျောင်းစွာပြောဆိုပုံက တောင်းပန်တိုးလျှိုးသံထွက်နိုင်သည်။ တစ်ချိန်တည်းတွင် တောင်းဆိုမှုကို စိတ်အားထက်သန်မှုနှင့် ရင်တွင်းခံစားမှုတို့ဖြင့် ပြုလုပ်သင့်သည်။ မေတ္တာပါသော တောင်းဆိုချက်သည် ပရိသတ်ကို လှုံ့ဆော်ရန်အကြောင်း ပိုများမည်။ မိမိကိုယ်တိုင်နှင့် မိမိ၏အပေါင်းအဖော်များကိုယ်စား ပြောဆိုရာတွင် သက်သာလောနိတ်မြို့သားများကို ပေါလုဤသို့ဆိုခဲ့သည်– “အဘနှင့်သားသမီးကဲ့သို့ သင်တို့အသီးအသီးအား ငါတို့မည်သို့နှိုးဆော်တိုက်တွန်း၍ သတိပေးကြောင်း ကိုယ်တိုင်သိကြ၏။” (၁ သက်. ၂:၁၁) ဤခရစ်ယာန်ကြီးကြပ်မှူးများသည် ညီအစ်ကိုများကို မေတ္တာဖြင့် တောင်းပန်ခဲ့သည်။ သင်၏စကားများကို နားထောင်နေသူများအတွက် အမှန်ပင်စိုးရိမ်မကင်းဖြစ်သည့်စိတ်ထားမှ ပေါ်ထွက်လာစေပါ။
လိမ္မာပါးနပ်မှုရှိပါ။ လုပ်ဆောင်ရန် သင်ကြိုးစားတိုက်တွန်းနေသူများနှင့် မိတ်မပျက်စေပါနှင့်။ တစ်ချိန်တည်းတွင် ပရိသတ်အား “ဘုရားသခင်၏အလိုတော် . . . အကုန်အစင်” ပြောပြရန် နောက်မတွန့်ပါနှင့်။ (တ. ၂၀:၂၇) မှန်ကန်သည့်အရာကို လုပ်ဆောင်ရန် သူတို့ကို ကြင်နာစွာ တိုက်တွန်းပေးခဲ့သောကြောင့် တန်ဖိုးထားတတ်သူများသည် သင့်ကို ဗွေလည်းမယူ သို့မဟုတ် သင့်အပေါ် မေတ္တာလျော့နည်းကြမည် မဟုတ်ချေ။—ဆာ. ၁၄၁:၅။
တိုက်တွန်းနှိုးဆော်ခြင်းကို သတ်သတ်မှတ်မှတ်၊ စိတ်ရင်းမှန်နှင့် ချီးမွမ်းပေးခြင်းဖြင့် အစပျိုးခြင်းသည် အကျိုးဖြစ်ထွန်းလေ့ရှိသည်။ ယေဟောဝါ အမှန်ပင်နှစ်သက်မည်ဖြစ်သည့် အရာများဖြစ်သော သင့်ညီအစ်ကိုများ လုပ်ဆောင်နေကြသည့် အရာမွန်များကို စဉ်းစားပါ—မိမိတို့အလုပ်တွင် ထင်ရှားသည့် ယုံကြည်ခြင်း၊ သူတို့အားထုတ်ရန် လှုံ့ဆော်ပေးသည့်မေတ္တာနှင့် ခဲယဉ်းကျပ်တည်းသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ၌ ခံနိုင်ရည်တို့ကို စဉ်းစားပါ။ (၁ သက်. ၁:၂-၈; ၂ သက်. ၁:၃-၅) ယင်းက သင့်ညီအစ်ကိုများအား တန်ဖိုးထားတတ်လာစေ၊ နားလည်တတ်လာစေပြီး ပြောလာမည့် တောင်းဆိုချက်အား အသင့်ခံယူမည့်စိတ်ထား ရှိနေစေမည်။
“အလွန်ရှည်သောစိတ်နှင့်။” တိုက်တွန်းနှိုးဆော်ခြင်းကို “အလွန်ရှည်သောစိတ်နှင့်” ပေးသင့်ပေသည်။ (၂ တိ. ၄:၂) ယင်း၌ အဘယ်အရာပါဝင်သနည်း။ စိတ်ရှည်ခြင်းတွင် ပြစ်မှားခံရသည့်အခါ သို့မဟုတ် ဒေါသနှိုးဆွခံရသည့်အခါ သည်းခံခြင်းပါဝင်သည်။ စိတ်ရှည်သောသူသည် မိမိပြောဆိုရာကို နားထောင်နေသူများက ကျင့်သုံးကြမည်ဟူသည့် မျှော်လင့်ချက်ထားသည်။ ဤစိတ်ဓာတ်ဖြင့် တိုက်တွန်းနှိုးဆော်ပေးခြင်းက သူတို့အပေါ်အဆိုးဝါးဆုံး သင်မျှော်လင့်ထားသည်ဟူသည့်အတွေး နားထောင်သူများစိတ်တွင် မဝင်စေရန် တားဆီးပေးမည်။ ညီအစ်ကိုညီအစ်မများသည် သူတို့၏စွမ်းရည်ရှိသမျှဖြင့် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လိုကြကြောင်း သင်ယုံကြည်စိတ်ချခြင်းက မှန်ရာကို လုပ်ဆောင်လိုသည့် သူတို့၏ဆန္ဒကို လှုံ့ဆော်ပေးမည်။—ဟေဗြဲ ၆:၉။
‘ကျန်းခံ့သော သွန်သင်ခြင်းဖြင့်။’ အကြီးအကဲတစ်ဦး ‘ကျန်းခံ့သော သွန်သင်ခြင်းဖြင့်’ မည်သို့တိုက်တွန်းနိုင်မည်နည်း။ ‘မိမိတို့သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်းခြင်း’ အားဖြင့်ဖြစ်သည်။ (တိ. ၁:၉) ကိုယ်ပိုင်ထင်မြင်ချက်ကို တင်ပြပြောဆိုမည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင့်တောင်းခံချက်၏ စွမ်းအားဖြစ်စေပါ။ ပြောဆိုဖို့ လိုအပ်ရာများအပေါ် သင့်ရှုမြင်ပုံကို သမ္မာကျမ်းစာက ပုံသွင်းပါစေ။ သင်စိုးရိမ်မကင်းဖြစ်နေသည့် ကိစ္စရပ်အပေါ် သမ္မာကျမ်းစာမိန့်မှာချက်အတိုင်း လက်တွေ့ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို စာရင်းဖော်ပြပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီမနေထိုင်ခြင်းကြောင့်—လက်ရှိနှင့်အနာဂတ်နှစ်ချိန်စလုံးအတွက်—အကျိုးဆက်များကို စိတ်တွင် ကောင်းစွာထားရှိပြီး ယင်းတို့ကို အသုံးပြုကာ သင့်ပရိသတ်သည် သင့်လျော်သောအရေးယူလုပ်ဆောင်မှုပြုရန် လိုအပ်ပုံကို ယုံကြည်စိတ်ချစေပါ။
ပရိသတ်အား အဘယ်အရာ လုပ်သင့်ကြောင်းနှင့် မည်သို့လုပ်ဆောင်သင့်ကြောင်းကို သင်ရှင်းလင်းစွာ ရှင်းပြကြောင်း သေချာစေပါ။ သင့်ကျိုးကြောင်းဆင်ခြင်မှုသည် ကျမ်းစာ၌ ခိုင်မြဲစွာ အမြစ်တွယ်ကြောင်း ရှင်းလင်းစေပါ။ ဆုံးဖြတ်ချက်ချရန် ကျမ်းစာက လွတ်လပ်ခွင့် အချို့အဝက်ပေးထားပါက ထိုလွတ်လပ်မှု၏အတိုင်းအတာကို အကြမ်းဖျင်းဖော်ပြပါ။ ထို့နောက်၊ သင်၏နိဂုံးတွင် ပြုမူလုပ်ဆောင်ရန် သင့်နားထောင်သူများ၏ဆုံးဖြတ်ချက်ကို ခိုင်ခံ့စေမည့် နောက်ဆုံးတောင်းဆိုမှုကို ပြုပါ။
‘လွတ်လပ်စွာပြောဆိုစေခြင်း’ ဖြင့်။ အခြားသူများအား ထိရောက်စွာ တိုက်တွန်းနှိုးဆော်ရန် လူတစ်ဦးသည် ‘ယုံကြည်ခြင်းတွင် လွတ်လပ်စွာပြောဆိုမှု’ ရှိရမည်။ (၁ တိ. ၃:၁၃၊ ကဘ) လူတစ်ဦးကို အဘယ်အရာက လွတ်လပ်စွာပြောဆိုစေသနည်း။ မိမိ၏ “ကောင်းသောအကျင့်တို့၏ ပုံသက်သေ” သည် ညီအစ်ကိုများအား လုပ်ဆောင်ရန်တိုက်တွန်းသည့်အရာနှင့် ကိုက်ညီနေသည့်အချက်ဖြစ်သည်။ (တိ. ၂:၆၊ ၇; ၁ ပေ. ၅:၃) ထိုအခါမျိုးတွင် လုပ်ဆောင်ရန် တိုက်တွန်းခြင်းခံရသူတို့က မိမိတို့အားတိုက်တွန်းနေသူသည် သူကိုယ်တိုင်မလုပ်ဆောင်သည့်အရာကို ပြုလုပ်ရန် သူတို့အား မမျှော်လင့်ကြောင်း သဘောပေါက်ကြမည်။ ခရစ်တော်ကို တုပရန် သူကြိုးပမ်းသကဲ့သို့ပင် သူ၏ယုံကြည်ခြင်းကို သူတို့တုပနိုင်ကြောင်း တွေ့မြင်ကြလိမ့်မည်။—၁ ကော. ၁၁:၁; ဖိ. ၃:၁၇။
ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် အခြေပြုထားပြီး မေတ္တာဖြင့်ပြောဆိုသည့် တိုက်တွန်းနှိုးဆော်မှုသည် ကောင်းကျိုးများစွာ ဖြစ်မြောက်စေနိုင်သည်။ ထိုသို့သော တိုက်တွန်းနှိုးဆော်ဖို့တာဝန် အပ်နှင်းထားခံရသူတို့သည် ယင်းကို ကောင်းစွာပြုရန် ကြိုးပမ်းသင့်ပေသည်။—ရော. ၁၂:၈။