ဖိလေမုန် နှင့် ဩနေသိမ်—ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၌ တပေါင်းတစည်း
တမန်တော်ပေါလု၏ ဝိညာဉ်တော်တန်ခိုးဖြင့် ရေးသားခဲ့သောစာများအနက် တစ်စောင်သည် လူနှစ်ဦးနှင့်ပတ်သက်သည့် သူတို့၏သိမ်မွေ့သော အခက်အခဲအကြောင်းဖြစ်ပါသည်။ တစ်ဦးမှာ ဖိလေမုန်ဖြစ်၍ နောက်တစ်ဦးမှာ ဩနေသိမ်ဖြစ်သည်။ ဤသူတို့ကား မည်သူတို့နည်း။ မည်သည့်အရာက သူတို့၏အခြေအနေကို ပေါလုအား စိတ်ဝင်စားစေခဲ့သနည်း။
စာလက်ခံရရှိသူ ဖိလေမုန်သည် အာရှမိုင်းနားရှိ ကောလောသဲမြို့တွင် နေထိုင်ခဲ့သည်။ ဖိလေမုန်သည် အဆိုပါဒေသရှိ အခြားခရစ်ယာန်များကဲ့သို့မဟုတ်ဘဲ ပေါလု၏ဟောပြောခြင်းလုပ်ငန်းကြောင့် သတင်းကောင်းကိုရရှိခဲ့ရာ တမန်တော်နှင့်အကျွမ်းတဝင်ရှိခဲ့သူဖြစ်သည်။ (ကောလောသဲ ၁:၁; ၂:၁) ပေါလုသည် သူ့ကို “ချစ်သောလုပ်ဖော်ဆောင်ဖက်ချင်း” တစ်ဦးအဖြစ် သိထားပါသည်။ ဖိလေမုန်သည် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏ ပုံနမူနာဖြစ်ခဲ့သည်။ သူသည် ဧည့်ဝတ်ကျေပွန်သူဖြစ်၍ ခရစ်ယာန်ချင်းများအပေါ် လန်းဆန်းမှုပေးသူတစ်ဦးလည်းဖြစ်သည်။ ဖိလေမုန်၏အိမ်သည် ဒေသအသင်းတော်အစည်းအဝေးများကျင်းပဖို့ လူအတော်အတန်ဆံ့သည့်အတွက် ချမ်းသာကြွယ်ဝသူတစ်ဦးလည်းဖြစ်သည်မှာ ထင်ရှားပါသည်။ ပေါလု၏စာတွင် ဖော်ပြထားသောအခြားနှစ်ဦးဖြစ်သည့် အပ္ပိနှင့်အာခိပ္ပုတို့သည် သူ၏ဇနီးနှင့်သားဖြစ်နိုင်ပေသည်။ ဖိလေမုန်သည် ဩနေသိမ်အမည်ရှိသူ အနည်းဆုံးကျွန်တစ်ဦးကိုလည်း ပိုင်ဆိုင်ခဲ့သည်။—ဖိလေမုန် ၁၊ ၂၊ ၅၊ ၇၊ ၁၉ခ၊ ၂၂။
ရောမသို့ထွက်ပြေးတိမ်းရှောင်သူတစ်ဦး
စီ.အီး. ၆၁ ခုနှစ်ခန့်၌ ဖိလေမုန်ထံစာရေးခဲ့သော အိမ်မှမိုင်ပေါင်း ၉၀၀ ကျော်ကွာဝေးသည့်ရောမတွင် ပေါလုနှင့်အတူ ဩနေသိမ်အဘယ်ကြောင့်ရှိနေသည်ကို ကျမ်းစာက ကျွန်ုပ်တို့ကိုမပြောထားချေ။ သို့ရာတွင် ပေါလုက “သူ [ဩနေသိမ်] သည်သင်၌ ပြစ်မှားခြင်း၊ ကြွေးတင်ခြင်းတစ်စုံတစ်ခုရှိလျှင်၊ ငါ့အတွက်အတာမှတ်လော့” ဟုဖိလေမုန်ကို မှာကြားခဲ့သည်။ (ဖိလေမုန် ၁၈) ထိုစကားများက ဩနေသိမ်သည် သူ၏သခင် ဖိလေမုန်နှင့်ပြဿနာတက်နေကြောင်း ထင်ရှားစေသည်။ အဆိုပါနှစ်ဦးကို ရင်ကြားစေ့စေရန် ရည်ရွယ်ချက်ဖြင့် ပေါလုစာရေးလိုက်ခြင်းဖြစ်သည်။
ဩနေသိမ်သည် ရောမမြို့သို့သွားရန် ဖိလေမုန်ထံမှ ငွေခိုးယူပြီး ထွက်ပြေးခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုကြပါသည်။ သူသည် ထိုနေရာရှိ ကြိတ်ကြိတ်တိုးနေသည့်လူအုပ်ကြား၌ ခြေရာဖျောက်ရန် ရည်ရွယ်ခဲ့သည်။a ဂရိကို-ရောမလောကတွင် အိမ်ပြေးသူများသည် ကျွန်ပိုင်ရှင်များအတွက်သာမဟုတ်ဘဲ ပြည်သူ့စီမံခန့်ခွဲရေးအတွက်လည်း အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့ပါသည်။ ရောမကိုယ်နှိုက်က အိမ်ပြေးကျွန်များအတွက် “ခိုလှုံရာအရပ်အဖြစ် နာမည်ကြီး” သည်ဟုဆိုကြပါသည်။
ပေါလုသည် ဩနေသိမ်နှင့် မည်သို့တွေ့ဆုံခဲ့သနည်း။ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာက ပြောမပြထားချေ။ သို့သော် ဩနေသိမ်သည် သူ့အတွက်အသစ်အဆန်းဖြစ်သော လွတ်လပ်မှုမှာ ရိုးသွားသည့်အခါ သူသည် မိမိကိုယ်ကို အလွန်အမင်းစိတ်မချရသောအခြေအနေမျိုးအောက်တွင် ရောက်ရှိနေစေခဲ့သည်ဟု သဘောပေါက်လာဟန်ရှိသည်။ ရှေးဥပဒေတွင် အကြီးမားဆုံးပြစ်မှုတစ်ခုဖြစ်သည့် ထွက်ပြေးလာသောကျွန်များကို ဖမ်းဆီးရန် ရောမမြို့၌ အထူးရဲအဖွဲ့တစ်ဖွဲ့ရှိခဲ့သည်။ ဂယ်ဟတ် ဖရီးဒရီခ်အရ၊ “ဖမ်းဆီးခံရသည့် အိမ်ပြေးကျွန်များ၏နဖူးပေါ် သံပူခတ်လေ့ရှိသည်။ သူတို့၏ပုံနမူနာကို အခြားကျွန်များ အတုမယူစေရန် သူတို့ကို . . . နှိပ်စက်ညှဉ်းဆဲ၊ ဆပ်ကပ်ပွဲများတွင် တိရစ္ဆာန်အစာအဖြစ် ပစ်ထည့်၊ သို့မဟုတ် ကားတိုင်တင်သတ်လေ့ရှိကြသည်။” ဖြစ်ကောင်းဖြစ်နိုင်သည်ကား ဩနေသိမ်၌ ခိုးယူခဲ့သည့်ငွေပြတ်သွားပြီး ပုန်းရှောင်ရာနေရာတစ်နေရာ၊ လုပ်ကိုင်စရာအလုပ်တစ်ခုကို ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့သောအခါ ဖိလေမုန်အိမ်တွင် ကြားခဲ့ဖူးသည့်ပေါလုထံသွား၍ ကာကွယ်မှုရဖို့နှင့် အသနားခံပေးဖို့အတွက် တောင်းပန်ခဲ့ပေမည်ဟု ဖရီးဒရီခ်ကဆိုသည်။
အခြားသူများကမူ ဩနေသိမ်သည် သခင်၏မိတ်ဆွေတစ်ဦးထံ တမင်ထွက်ပြေးသွားခြင်းဖြစ်ကာ ထိုမိတ်ဆွေ၏သြဇာလွှမ်းမိုးမှုဖြင့် အကြောင်းတစ်ခုခုကြောင့် မိမိကို ထိုက်သင့်စွာစိတ်ဆိုးနေသော သူ၏သခင်နှင့် ကောင်းသောဆက်ဆံရေး ပြန်လည်ရရှိရန်ဟူ၍ ဖြစ်သည်ဟုယူဆကြသည်။ “အခက်အခဲတွေ့နေသည့် ကျွန်များသည် အများအားဖြင့် ကြံရာမရ၍ ထိုကဲ့သို့ ပြုလုပ်လေ့ရှိသည်” ဟုသမိုင်းဝင်အဖြစ်အပျက်များက ဖော်ပြပါသည်။ ထိုသို့ဆိုလျှင် ဩနေသိမ်၏ခိုးမှုသည် “ထွက်ပြေးရန်စီစဉ်ထားခြင်းထက် အာမခံသူပေါလုထံသို့ရောက်သွားဖို့အတွက် အကြောင်းပိုများပါသည်” ဟုပညာရှင် ဘရိုင်ယန်ရပ်စခီးကဆိုသည်။
ပေါလု ကူညီဖေးမခဲ့
ဩနေသိမ်သည် မည်သည့်အကြောင်းကြောင့်ပင် ထွက်ပြေးခဲ့စေကာမူ သူသည် သခင်၏ဒေါသပြေပျောက်စေရန် ပေါလု၏အကူအညီကို ရယူဖို့ကြိုးစားနေသည်မှာ ထင်ရှားပါသည်။ ဤတွင် ပေါလုအတွက် အခက်အခဲတစ်ရပ်ဖြစ်ပေါ်စေခဲ့သည်။ သူ့ရှေ့တွင် ရာဇဝတ်သားဝရန်းပြေးဖြစ်သော တစ်ချိန်က မယုံကြည်သူကျွန်တစ်ဦး ရောက်နေသည်။ တမန်တော်သည် ပြင်းထန်သောအပြစ်ဒဏ်ကို တရားဝင်ချမှတ်ခွင့်ရှိသည်အတိုင်း မပြုလုပ်စေရန် မိမိ၏ခရစ်ယာန်မိတ်ဆွေကို ဖျောင်းဖျပြောဆိုခြင်းအားဖြင့် သူ့အား အကူအညီပေးသင့်သလော။ ပေါလုသည် မည်သို့ပြုလုပ်ရမည်နည်း။
ဖိလေမုန်ထံ ပေါလုစာရေးချိန်တွင် ထိုအိမ်ပြေးသည် ပေါလုနှင့်အတန်ကြာရှိနေသည်မှာ ထင်ရှားသည်။ ဩနေသိမ်သည် “ချစ်သောညီ” တစ်ဦးဖြစ်သည်ဟု ပေါလုပြောဆိုနိုင်သည်တိုင် အချိန်လုံလောက်ခဲ့ပြီ။ (ကောလောသဲ ၄:၉) ပေါလုသည် “ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ပွားစေသောသား” ဟူ၍ ဩနေသိမ်နှင့် မိမိ၏ဝိညာဉ်ရေးဆက်ဆံရေးအကြောင်းကို ဖော်ပြပြောဆိုခဲ့သည်။ ဖြစ်နိုင်ရာများအားလုံးတွင် ယင်းကို ဖိလေမုန်လုံးဝမျှော်လင့်ခဲ့မည်မဟုတ်ပါ။ အထက်က “အသုံးမရသော” ကျွန်သည် ခရစ်ယာန်ညီအစ်ကိုတစ်ဦးအနေဖြင့် ပြန်လာသည်ဟု တမန်တော်ကပြောသည်။ သို့ဖြင့် ဩနေသိမ်သည် သူ့အမည်၏အဓိပ္ပာယ်နှင့်အညီ ယခု “အကျိုးဖြစ်ထွန်းမှုရှိသော” သို့မဟုတ် “အသုံးဝင်သော” သူဖြစ်ပါလိမ့်မည်။—ဖိလေမုန် ၁၊ ၁၀-၁၂၊ သတင်းကောင်း။
ဩနေသိမ်သည် အကျဉ်းချခံနေရသော တမန်တော်အတွက် တကယ့်ကိုအသုံးဝင်သောသူဖြစ်လာခဲ့သည်။ အမှန်မှာ၊ ပေါလုသည် သူ့ကိုမိမိနှင့်အတူထားလိုသော်လည်း ယင်းသို့ပြုခြင်းသည် တရားမဝင်သည်မှအပ ဖိလေမုန်၏အခွင့်အရေးကို စော်ကားရာကျပေလိမ့်မည်။ (ဖိလေမုန် ၁၃၊ ၁၄) ဖိလေမုန်၏အိမ်၌ တွေ့ဆုံသောအသင်းတော်ထံ တစ်ချိန်တည်းခန့်တွင် ရေးသားခဲ့သောအခြားစာတစ်စောင်တွင် ပေါလုက ဩနေသိမ်ကို “သင်တို့အထဲကဖြစ်၍ သစ္စာရှိသောငါချစ်သော” သူဟု ဖော်ညွှန်းခဲ့သည်။ ယင်းက ဩနေသိမ်သည် ယုံကြည်စိတ်ချထိုက်သောသူဖြစ်ကြောင်း သက်သေတင်ပြခဲ့ပြီဟူ၍ ဖော်ပြပါသည်။—ကောလောသဲ ၄:၇-၉။b
ပေါလုသည် ဩနေသိမ်ကို သနားကြင်နာစိတ်ဖြင့် ပြန်လက်ခံဖို့ ဖိလေမုန်အား တိုက်တွန်းပေးခဲ့သော်လည်း ထိုအတိုင်းပြုလုပ်ရန်၊ သို့မဟုတ် ကျွန်ကိုလွှတ်ပေးရန် တမန်တော်များ၏အခွင့်အာဏာကို အသုံးပြုကာ အမိန့်မပေးခဲ့ပါ။ သူတို့၏ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်မေတ္တာကြောင့် ဖိလေမုန်သည် မေတ္တာရပ်ခံမှုထက် “သာ၍ပင်ပြုမည်” ကိုပေါလုစိတ်ချခဲ့သည်။ (ဖိလေမုန် ၂၁) ဩနေသိမ်နှင့်ပတ်သက်ပြီး ဖိလေမုန်သာ မှန်ကန်စွာဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိသောကြောင့် ‘သာ၍ပင်’ ဟူသည်ကား အဘယ်အရာကိုဆိုလိုကြောင်း အတိအကျမဖော်ပြထားပေ။ အချို့က ပေါလု၏စကားတွင် အိမ်ပြေးသည် ‘မိမိအားဆက်လက်ကူညီပေးနိုင်ရန် သူကိုပြန်ပို့ပေးပါ’ ဟူသည့် တောင်းဆိုချက်ပါဝင်နေသည်ဟု အနက်ဖွင့်ကြသည်။
ဖိလေမုန်သည် ဩနေသိမ်နှင့်ပတ်သက်သော ပေါလု၏တောင်းပန်စကားများကို လက်ခံခဲ့သလော။ ဖိလေမုန်လက်ခံခဲ့သည်ကား သေချာပုံပေါက်သည်။ သို့သော်လည်း မိမိတို့ကျွန်များသည် ဩနေသိမ်၏ပုံနမူနာကို အတုမယူကြဖို့ စံတင်လောက်သည့်အပြစ်ဒဏ်ကို ပေးစေချင်ကြသော ကောလောသဲရှိအခြားကျွန်ပိုင်ရှင်များသည် ယင်းကို ကျေနပ်ကြလိမ့်မည်မဟုတ်ပေ။
ပြောင်းလဲသူ ဩနေသိမ်
မည်သို့ပင်ဖြစ်ပါစေ၊ ဩနေသိမ်သည် ဥပဓိရုပ်သစ်ဖြင့် ကောလောသဲမြို့သို့ ပြန်သွားခဲ့သည်။ သတင်းကောင်းအစွမ်းကြောင့် သူ၏တွေးခေါ်ပုံပြောင်းလဲခဲ့ရာ ထိုမြို့ရှိခရစ်ယာန်အသင်းတော်တွင် သစ္စာရှိအသင်းသားတစ်ဦးဖြစ်လာခဲ့ပေမည်။ ဖိလေမုန်သည် ဩနေသိမ်ကို နောက်ဆုံး၌ ကျွန်အဖြစ်မှလွှတ်မလွှတ်ကြောင်းကို ကျမ်းစာက မဖော်ပြထားပါ။ သို့ရာတွင် ဝိညာဉ်ရေးရှုထောင့်အရ အထက်ကထွက်ပြေးခဲ့သူသည် လူလွတ်တစ်ဦးဖြစ်နေပေပြီ။ (၁ ကောရိန္သု ၇:၂၂ နှိုင်းယှဉ်။) အလားတူပြောင်းလဲမှုများကို ယနေ့ တွေ့ရှိရသည်။ လူတို့သည် မိမိတို့၏ဘဝအသက်တာတွင် ကျမ်းစာမူများကို လိုက်နာကျင့်သုံးကြသောအခါ အခြေအနေနှင့်ဥပဓိရုပ်တို့သည် ပြောင်းလဲသွားကြပါသည်။ ယခင်က လူ့ဘောင်တွင် အသုံးမကျသူများဟုထင်ရသောသူတို့ကို စံပြနိုင်ငံသားများဖြစ်လာကြစေရန် ထောက်ကူပေးခဲ့ပါသည်။c
စစ်မှန်သောယုံကြည်ခြင်းသို့ ဘာသာပြောင်းဝင်ခြင်းသည် မည်မျှထူးခြားစေပါသည်တကား! စင်စစ်အားဖြင့် အထက်ကသြနေသိမ်သည် ဖိလေမုန်အတွက် “အသုံးမရသော” သူဖြစ်ခဲ့သော်လည်း လူသစ်ဖြစ်လာသူသြနေသိမ်သည် “အသုံးရသော” သူအဖြစ် နာမည်နှင့်အညီ အမှန်နေထိုင်ခဲ့ပေမည်။ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတွင် ဖိလေမုန်နှင့် ဩနေသိမ်တို့သည် တပေါင်းတစည်းတည်းဖြစ်လာကြခြင်းကား အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ရောမဥပဒေတွင် ဆာဗာ့စ် ဖူးဂီတီးဗာ့စ် (ထွက်ပြေးတိမ်းရှောင်သောကျွန်) ကို ‘မပြန်ချင်တော့သည့် ရည်ရွယ်ချက်ဖြင့် မိမိ၏သခင်မှ ထွက်ပြေးလာသူ’ အဖြစ်အနက်ဖွင့်ဆိုထားသည်။
b ကောလောသဲသို့ ဤအပြန်ခရီးတွင် ဩနေသိမ်နှင့်တုခိတ်တို့အား သမ္မာကျမ်းစာ၏ကျမ်းစာစောင်များတွင် ယခုပါဝင်နေသော ပေါလု၏စာသုံးစောင်အပ်နှင်းခံခဲ့ရပုံရှိသည်။ ယင်းတို့သည် ဖိလေမုန်ထံပေးပို့သည့် ဤစာအပြင် ဧဖက်မြို့သားများနှင့် ကောလောသဲမြို့သားများထံရေးသော ပေါလု၏စာများဖြစ်သည်။
c ဥပမာများကို နိုးလော့! စက်တင်ဘာ ၈၊ ၁၉၉၇၊ စာမျက်နှာ ၁၄-၁၉; မတ် ၈၊ ၁၉၉၇၊ စာမျက်နှာ ၁၁-၁၃ [လိပ်]; ကင်းမျှော်စင် ဩဂုတ် ၁၊ ၁၉၈၉၊ စာမျက်နှာ ၃၀-၁ [လိပ်]; ဖေဖော်ဝါရီ ၁၅၊ ၁၉၉၇၊ စာမျက်နှာ ၂၁-၄ ရှု။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
ရောမဥပဒေအောက်ရှိကျွန်များ
စီ.အီး. ပထမရာစုရှိ ရောမဥပဒေအရ ကျွန်တစ်ဦးသည် မိမိသခင်ကြိုက်နှစ်သက်ရာများ၊ သူ၏တပ်မက်မှုများကို လုံးလုံးလိုက်လျောပေးရမည်ဖြစ်ပြီး သူ၏ဒေါသကိုလည်းခံရမည်ဖြစ်သည်။ အစီရင်ခံသူ ဂယ်ဟတ် ဖရီးဒရီခ်အရ “ကျွန်သည် အခြေခံသဘောနှင့် တရားဥပဒေအားဖြင့် လူတစ်ဦးမဟုတ်ဘဲ သူ၏သခင်လွတ်လပ်စွာ အသုံးချနိုင်သည့်ပစ္စည်းတစ်ခုမျှဖြစ်သည်။ . . . သူ့ကို အိမ်မွေးတိရစ္ဆာန်များ၊ တန်ဆာပလာများနှင့်တစ်တန်းတစ်စားတည်းထား၍ တရားဥပဒေမှရရှိသောအခွင့်အရေးကို ယူခွင့်မရှိချေ။” ကျွန်တစ်ဦးသည် မတရားမှုများခံရလျှင် တရားဥပဒေအရ လျော်ကြေးတောင်းခွင့်မရှိပါ။ သခင့်အမိန့်ကိုသာ သူလုံးလုံးဆောင်ရွက်ပေးရပါသည်။ ဒေါသကြီးသောသခင်တစ်ဦးသည် အကန့်အသတ်မရှိ အပြစ်ဒဏ်ပေးနိုင်ပါသည်။ သေးငယ်သည့်အမှားတစ်ခုအတွက်ပင် ကျွန်၏သေရေးရှင်ရေးကို သူဆုံးဖြတ်ပိုင်ခွင့်ရှိသည်။d
လူကုံထံတို့သည် ကျေးကျွန်ပေါင်း ရာနှင့်ချီရှိနိုင်၍ တော်ရုံချမ်းသာသော အိမ်ထောင်စုတွင်ပင် ကျွန်နှစ်ဦး၊ သုံးဦးအထိရှိပေမည်။ “အိမ်ကျွန်များ၏အလုပ်တာဝန်များသည် အလွန်ကွဲပြားခြားနားပါသည်” ဟုဂျွန်ဘားကလေးက ဆိုသည်။ “လူဦးရေများပြားပြီး ချမ်းသာကြွယ်ဝသောအိမ်များတွင် အတတ်ပညာရှင်များကို တွေ့ ရှိရမည့်အပြင် အခြားကျွန်များသည် တံခါးစောင့်များ၊ ချက်ပြုတ်သူများ၊ စားပွဲထိုးများ၊ သန့်ရှင်းရေးသမားများ၊ ဆက်သားများ၊ ကလေးထိန်းများ၊ နို့ထိန်းများနှင့် အလုပ်အားလုံးကို လုပ်ပေးရသောအစေအပါးများလည်းရှိသည်။ . . . အိမ်ကျွန်တစ်ဦး၏ဘဝအဆင့်အတန်းသည် သခင့်သဘောထားအပေါ်တွင် လက်တွေ့အားဖြင့် များစွာမူတည်ကာ ရလဒ်မှာနှစ်မျိုးနှစ်စားဖြစ်နိုင်သည်– ပိုင်ရှင်သည် ကြမ်းတမ်းသောသခင်ဖြစ်ပါမူ အကန့်အသတ်မရှိ ဆိုးသွမ်းမှုအမျိုးမျိုးကိုခံရမည်ဖြစ်သော်လည်း ကြင်နာပြီးရက်ရောတတ်သော သခင်တစ်ဦး၏ကျွန်ဖြစ်ရပါမူ ခံသာပြီးမျှော်လင့်ချက်ရှိစေပါသည်။ ဂန္ထဝင်စာပေတို့တွင် ကြမ်းတမ်းစွာပြုမူဆက်ဆံခြင်းဆိုင်ရာ ကျော်မကောင်း၊ ကြားမကောင်း ပုံနမူနာများရှိသော်လည်း ကျွန်ပိုင်ရှင်အချို့နှင့် သူတို့၏ကျွန်များစပ်ကြားရှိ ခင်မင်ရင်းနှီးမှုကို သက်သေတင်ပြသော ကမ္ပည်းစာများစွာလည်းရှိပါသည်။”
d ရှေးခေတ်က ဘုရားသခင့်လူမျိုးစပ်ကြား ကျွန်ဘဝအကြောင်းကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မှ ထုတ်ဝေသည့် ကျမ်းစာကို ထိုးထွင်းသိမြင်ခြင်း စာအုပ်၊ အတွဲ ၂၊ စာမျက်နှာ ၉၇၇-၉ ရှု။