ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၂၇
  • ညီအစ်ကိုချင်းမေတ္တာသည် တက်ကြွ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညီအစ်ကိုချင်းမေတ္တာသည် တက်ကြွ၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာနှင့်ယုံကြည်ခြင်းအတွက် ချီးမွမ်းခြင်း
  • ‘မေတ္တာအခြေပြု၍တိုက်တွန်းနှိုးဆော်ခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဖိလေမုန် နှင့် ဩနေသိမ်—ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၌ တပေါင်းတစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပေါလု ရောမမြို့မှာရှိနေတဲ့အခါ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဖိလေမုန် မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၂၇

ညီအစ်ကိုချင်းမေတ္တာသည် တက်ကြွ၏

ဖိလေမုန်ကျမ်းမှ ပေါ်လွင်ချက်များ

ယေရှုခရစ်သည်မိမိ၏နောက်လိုက်များအား ကိုယ်တော်သည်သူတို့အားချစ်သကဲ့သို့ သူတို့သည်တစ်ဦးနှင့်တစ်ဦးချစ်ရန် “ပညတ်သစ်” ကိုပေးခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ထိုမေတ္တာကြောင့်၊ သူတို့သည်တစ်ဦးနှင့်တစ်ဦးအတွက် အသက်ပင်ပေးမည်ဖြစ်သည်။ မှန်ပါသည်၊ ညီအစ်ကိုချင်းမေတ္တာသည် ထိုမျှပင်ခိုင်မာ၍တက်ကြွသည်။

တမန်တော်ပေါလုသည် အာရှမိုင်းနားရှိမြို့တစ်မြို့ဖြစ်သော ကောလောသဲတွင်ရှိအသင်းတော်နှင့်ပူ:ပေါင်းသော ခရစ်ယာန်တစ်ဦးဖြစ်သူ ဖိလေမုန်အားညီအစ်ကိုချင်းမေတ္တာက လှုံ့ဆော်လိမ့်မည်ဖြစ်ကြောင်း စိတ်ချခဲ့သည်။ မေတ္တာကဖိလေမုန်အား သူ၏အိမ်ကိုခရစ်ယာန်စုဝေးရာနေရာအဖြစ် ဖွင့်ပေးရန်လှုံ့ဆော်ခဲ့ပြီးဖြစ်သည်။ ဖိလေမုန်၏ကျွန်သြနေသိမ်သည် ရောမသို့ခရီးစရိတ်အတွက် ငွေများခိုးခဲ့ပုံရပြီး ထွက်ပြေးကာ၊ ပေါလုနှင့်တွေ့၍ ခရစ်ယာန်ဘာသာကိုလက်ခံခဲ့သည်။

၆၀-၆၁ စီအီးခန့်တွင်ရောမ၌ အကျဉ်းကျနေစဉ်ပေါလုသည် ဖိလေမုန်ထံအဓိကရည်ညွှန်းသော စာတစ်စောင်ကိုရေးသားခဲ့သည်။ ပြန်လာနေသောသြနေသိမ်ကို ညီအစ်ကိုချင်းမေတ္တာစိတ်နှင့်လက်ခံရန် ဖိလေမုန်ကိုတောင်းပန်ထားသည်။ ဤစာစောင်ကိုဖတ်ကြည့်ပါ။ ချစ်ခင်စုံမက်ခြင်းနှင့်ပါးနပ်မှုရှိခြင်း ပုံသက်သေကောင်းကိုသင်တွေ့ရမည်ဖြစ်ပြီး၊ ယေဟောဝါလူမျိုးတော် အထူးတုပစရာပင်ဖြစ်သည်။

မေတ္တာနှင့်ယုံကြည်ခြင်းအတွက် ချီးမွမ်းခြင်း

ဖိလေမုန်နှင့်အခြားသူများကိုရည်ညွှန်းလျက် ပေါလုသည်ဦးစွာချီးမွမ်းခဲ့သည်။ (အခန်းငယ် ၁-၇) ခရစ်တော်နှင့်အခြားသန့်ရှင်းသူများအပေါ်ရှိခဲ့သော ဖိလေမုန်၏မေတ္တာနှင့် သူ၏ယုံကြည်ခြင်းကို တမန်တော်သည်အဆက်မပြတ် ကြားခဲ့ရသည်။ ယင်းကပေါလုကိုယေဟောဝါအား ကျေးဇူးတင်ဖို့ဖြစ်စေပြီး သူ့အတွက်များစွာသောရွှင်လန်းမှုနှင့် နှစ်သိမ့်မှုကိုဖြစ်စေခဲ့သည်။ ကျွန်ုပ်တို့သည်မေတ္တာနှင့်ယုံကြည်ခြင်းတွင် ပုံသက်သေဖြစ်သောယုံကြည်သူချင်းတို့အား တစ်ဦးချင်းချီးမွမ်းပါသလော။ ထိုသို့ကျွန်ုပ်တို့ပြုလုပ်သင့်သည်။

ပေါလု၏စကားများတင်ပြသည့်အတိုင်း ခရစ်ယာန်ချင်းတို့နှင့်ဆက်ဆံရာတွင် မေတ္တာပေါ်အခြေခံ၍ တိုက်တွန်းခြင်းသည် အစဉ်လုပ်သင့်သည်။ (အခန်းငယ် ၈-၁၄) သူ၏ပါးနပ်သောနည်းဖြင့် ချဉ်းကပ်ပြီးနောက် တမန်တော်ကသူသည်ဖိလေမုန်အား “ပြုသင့်သောအမှုအရာကို ပညတ်ထား” နိုင်သော်လည်း ထိုသို့ပြုမည့်အစားသူ့အားတိုက်တွန်းရန်နည်းကို သူရွေးချယ်ခဲ့သည်။ ဘာကိုပြုလုပ်ရန်နည်း။ ကျွန်သြနေသိမ်ကိုကြင်နာစွာဖြင့် ပြန်လက်ခံရန်ပင်။ ပေါလုသည်သြနေသိမ်၏ပြုစုမှုအတွက် မိမိနှင့်ထားလိုသော်လည်း ဖိလေမုန်၏သဘောတူညီချက်မရရှိဘဲ ပြုလုပ်မည်မဟုတ်ချေ။

ပေါလုဆက်လက်တင်ပြသည့်အတိုင်း ကောင်းပုံမရဟုထင်ရသော ဖြစ်ပျက်လာမှုများသည် အများအားဖြင့်အကျိုးရှိလာကြောင်းတွေ့ရသည်။ (အခန်းငယ် ၁၅-၂၁) အမှန်တွင်၊ ဩနေသိမ်ထွက်ပြေးသွားခြင်းဖြင့် ကောင်းကျိုးဖြစ်လာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ ဖိလေမုန်သည်ယခုတွင်သူ့အား စိတ်မပါသော၊ မရိုးသားသောကျွန်တစ်ယောက်ဖြစ်နိုင်သည့် သူတစ်ယောက်ကဲ့သို့မဟုတ်ဘဲ စိတ်ပါသော၊ ရိုးသားသောခရစ်ယာန်ညီအစ်ကိုတစ်ဦးအဖြစ် ယခုပြန်လက်ခံနိုင်ပြီဖြစ်သောကြောင့်ဖြစ်သည်။ ပေါလုကဖိလေမုန်အား ပေါလုကိုလက်ခံမည်ဖြစ်သကဲ့သို့ ဩနေသိမ်အားလက်ခံရန် တောင်းဆိုခဲ့သည်။ ဩနေသိမ်သည်ဖိလေမုန်အား တစ်ခုခုပြစ်မှားမိခဲ့သည်ရှိသော် တမန်တော်ကပြန်လည်ဆပ်ပေးမည်ဖြစ်သည်။ ဖိလေမုန်လိုက်လျောရန် ပိုမိုအသင့်ရှိရေးအတွက် သူကိုယ်နှိုက်သည်ခရစ်ယာန်တစ်ယောက် ဖြစ်လာသည့်အတွက် တမန်တော်ထံအကြွေးတင်နေကြောင်း သတိရစေခဲ့သည်။ ထို့ကြောင့်၊ ဖိလေမုန်သည်သူ့အားခိုင်းသည်ထက် ပိုမိုလုပ်ဆောင်မည့်အကြောင်း ပေါလုယုံကြည်စိတ်ချသည်။ မည်မျှလိမ္မာပါးနပ်၍ မေတ္တာပါသောတောင်းပန်မှုပါတကား။ အမှန်ပင်၊ ခရစ်ယာန်ချင်းတို့အား ဆက်ဆံရာတွင် ဤနည်းလမ်းအတိုင်းဖြစ်သင့်သည်။

ပေါလုသည်သူ၏စာကိုမျှော်လင့်ချက်၊ နှုတ်ခွန်းဆက်သခြင်းနှင့် ဆန္ဒကောင်းများပြုလျက် နိဂုံးချုပ်ခဲ့သည်။ (အခန်းငယ် ၂၂-၂၅) အခြားသူများသူ့အပေါ်ဆုတောင်းပေးချက်များဖြင့် သူသည်မကြာမီထောင်မှလွတ်တော့မည်ဟု သူမျှော်လင့်သည်။ (တိမောသေထံပေါလု၏ဒုတိယစာစောင် တင်ပြသည့်အတိုင်း ထိုဆုတောင်းချက်များကိုနားညောင်းတော်မူသည်။) သူ၏စာကိုနိဂုံးချုပ်ရာတွင် ပေါလုသည်နှုတ်ခွန်းဆက်လိုက်ပြီး၊ ယေရှုခရစ်၏မခံစားထိုက်သော ကရုဏာတော်သည် ဖိလေမုန်နှင့်သူနှင့်အတူ ယေဟောဝါကိုဝတ်ပြုသူချင်းတို့ပြသသော စိတ်နှင့်အတူရှိရန် ဆန္ဒပြုလိုက်သည်။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျေးကျွန်ထက်မက။ —ဖိလေမုန်၏ကျွန်ပြေးသြနေသိမ်နှင့်စပ်လျဉ်း၍ ပေါလုဆိုခဲ့သည်။ “ထိုမှတစ်ပါး၊ သင်သည်သူ့ကိုအစဉ်ရစေခြင်းငှာ သူသည်သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။ ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟုမဆိုလို။ ငါနှင့်အထူးသဖြင့်ချစ်သောညီ၊ သင်၌ကားဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း သာ၍ချစ်သောညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။” (ဖိလေမုန် ၁၅၊ ၁၆) ရောမအင်ပါယာတွင် ကျွန်စနစ်သည်အင်ပါယာအစိုးရ၏ ဥပဒေပြဌာန်းချက်တစ်ရပ်ဖြစ်ပြီး ပေါလုသည်ထိုသို့သော “အစိုးရသောမင်းအာဏာစက်” ကိုအသိအမှတ်ပြုခဲ့သည်။ (ရောမ ၁၃:၁–၇) သူသည်ကျွန်စနစ်တော်လှန်ရေးကိုမနွှဲခဲ့ဘဲ ထိုသို့သောသူများအား ခရစ်ယာန်များအဖြစ် ဝိညာဏလွတ်မြောက်မှုရရှိရန် ကူညီပေးခဲ့သည်။ ကျွန်များသည်သူတို့၏သခင်များထံ လက်အောက်ခံရမည်ဟူသည့် သွန်သင်ချက်နှင့်အညီ ပေါလုသည်သြနေသိမ်အား ဖိလေမုန်ထံပြန်လည်ပို့ခဲ့သည်။ (ကောလောသဲ ၃:၂၂–၂၄။ တိတု ၂:၉၊ ၁၀) ဩနေသိမ်သည်ယခုတွင် လောကကျွန်ထက်မကဖြစ်နေလေပြီ။ သူသည်ချစ်အပ်သောယုံကြည်သူတစ်ဦးဖြစ်ပြီး၊ သာ၍ကောင်းသောကျေးကျွန်တစ်ဦးအနေနှင့် ဖိလေမုန်ထံတွင်လက်အောက်ခံကာ ဘုရားရေးရာမူများနှင့်အညီနေ၍ ညီအစ်ကိုချင်းမေတ္တာကိုတင်ပြမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ