အသက်ပြေးပွဲတွင် လက်လျှော့အရှုံးမပေးနှင့်!
“ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ [“ခံနိုင်ရည်ရှိစွာ၊” ကဘ] ပြေးကြကုန်အံ့။”—ဟေဗြဲ ၁၂:၁။
၁၊ ၂။ ဤနောက်ဆုံးကာလတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော မည်သည့်ဖြစ်ရပ်များကြောင့် ယေဟောဝါ၏ကျေးကျွန်များသည် ဝမ်းသာပီတိဖြစ်ကြရသနည်း။
စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန်နှင့် ခက်ခဲသောအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ယေရှုသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကျော်အချိန်၊ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် နန်းတင်ခံခဲ့ရသည်။ ထိုအခါ “သခင်ဘုရားနေ့” နှင့်အတူ ဤအစီအစဉ်စနစ်၏ ‘ဆုံးခန်းချိန်’ သည်စတင်ခဲ့ပါသည်။ (ဗျာဒိတ် ၁:၁၀; ဒံယေလ ၁၂:၉၊ ကဘ) ထိုအချိန်မှစ၍ ခရစ်ယာန်အသက်ပြေးပွဲသည် ပို၍အရေးတကြီးဖြစ်လာပေသည်။ ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကိုပြည့်စုံစေရန် မရပ်မနားရွေ့လျားနေသော ကိုယ်တော်၏ကောင်းကင်အဖွဲ့အစည်းတည်းဟူသော ယေဟောဝါ၏ကောင်းကင်ရထားတော်ကိုအမီလိုက်ရန် အားတက်သရောကြိုးစားခဲ့ကြပါပြီ။—ယေဇကျေလ ၁:၄-၂၈; ၁ ကောရိန္သု ၉:၂၄။
၂ ဘုရားသခင့်လူမျိုးတော်သည် ထာဝရအသက် ‘ပြေးပွဲတွင်ပြေး’ နေစဉ် ရွှင်လန်းကြပါသလော။ အမှန်ပင် ရွှင်လန်းကြပါသည်! သူတို့သည် ယေရှု၏ညီတော်များမှကျန်ကြွင်းသူများအားစုသိမ်းခြင်းကို တွေ့ မြင်ရ၍ပီတိဖြစ်ခဲ့ကြပြီး ၁၄၄,၀၀၀ မှကျန်ကြွင်းသူများ၏ နောက်ဆုံးတံဆိပ်ခတ်ခြင်းသည် ပြီးဆုံးလုနီးသည်ကိုသိရ၍လည်း သူတို့ရွှင်လန်းနေကြသည်။ (ဗျာဒိတ် ၇:၃၊ ၄) ထို့အပြင် သူတို့သည် ယေဟောဝါ၏ခန့်အပ်ခံဘုရင်သည် “မြေကြီး၌ရိတ်စရာစပါး” ကိုရိတ်သိမ်းရန် တံစဉ်ကိုလွှတ်တော်မူကြောင်း ပိုင်းခြားသိမြင်ထားကြ၍ စိတ်အားတက်နေကြပါသည်။ (ဗျာဒိတ် ၁၄:၁၅၊ ၁၆) တကယ့်ထူးခြားသည့်ရိတ်သိမ်းမှုပါတကား! (မဿဲ ၉:၃၇) ယခုအထိ ငါးသန်းကျော်သောသူတို့—“အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍၊ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]”—သည်စုသိမ်းခံရကြပြီ။ (ဗျာဒိတ် ၇:၉) ထိုလူအုပ်ကြီးကို မည်သူမျှမရေမတွက်နိုင်သောကြောင့် ယင်းသည် မည်မျှကြီးမားလာလိမ့်မည်ကို မည်သူမျှမပြောနိုင်ပါ။
၃။ အဘယ်အရာများကြား ရွှင်လန်းသည့်စိတ်ဓာတ်ကိုမွေးမြူဖို့ ကျွန်ုပ်တို့အစဉ်ကြိုးစားရမည်နည်း။
၃ မှန်ပါသည်၊ ပြေးပွဲတွင်အရှိန်ဖြင့်ကျွန်ုပ်တို့ပြေးနေကြစဉ် ခလုတ်တိုက်လဲရန် သို့မဟုတ် အရှိန်လျော့သွားစေရန် စာတန်ကြိုးစားနေပါသည်။ (ဗျာဒိတ် ၁၂:၁၇) ဤဆုံးခန်းချိန်ကိုအမှတ်သညာပြုသည့် စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများနှင့် အခြားဆင်းရဲဒုက္ခအမျိုးမျိုးတို့ကြောင့် ဆက်ပြီးပြေးနေရန်လည်း မလွယ်ကူပါ။ (မဿဲ ၂၄:၃-၉; လုကာ ၂၁:၁၁; ၂ တိမောသေ ၃:၁-၅) သို့တိုင် ပြေးလမ်း၏အဆုံးသည် နီးကပ်လာနေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့အလွန်ရွှင်လန်းကြပါသည်။ “သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့” ဟုမိမိခေတ်ရှိခရစ်ယာန်ချင်းတို့အား ပေါလုတိုက်တွန်းခဲ့သည့် စိတ်ဓာတ်ကိုထင်ဟပ်ပြသရန် ကျွန်ုပ်တို့ကြိုးစားနေကြသည်။—ဖိလိပ္ပိ ၄:၄။
၄။ မည်သည့်စိတ်ဓာတ်မျိုးကို ဖိလိပ္ပိခရစ်ယာန်များ တင်ပြခဲ့ကြသနည်း။
၄ ထိုစကားများကိုပေါလုဦးတည်ပြောခဲ့သည့်ခရစ်ယာန်တို့သည် သူတို့၏ယုံကြည်ခြင်း၌ ရွှင်လန်းနေကြမည်မှာ သံသယဖြစ်ဖွယ်မရှိပါ၊ အကြောင်းမှာ သူတို့အား ပေါလုက “သခင်ဘုရား၌ ဆက်၍ဝမ်းမြောက်ခြင်းရှိကြလော့” ဟုဆိုခဲ့သောကြောင့်တည်း။ (ဖိလိပ္ပိ ၃:၁၊ ကဘ) ဖိလိပ္ပိအသင်းတော်သားများသည် ဇွဲလုံ့လနှင့်စိတ်ထက်သန်မှုဖြင့်အမှုဆောင်သည့် ရက်ရောပြီး မေတ္တာပြည့်ဝသောအုပ်စုတစ်ခုဖြစ်သည်။ (ဖိလိပ္ပိ ၁:၃-၅; ၄:၁၀၊ ၁၄-၂၀) သို့သော် ပထမရာစုခရစ်ယာန်အားလုံးတို့တွင် ထိုစိတ်ဓာတ်မျိုးမရှိခဲ့ကြပါ။ ဥပမာ၊ ဟေဗြဲစာစောင်ကို ပေါလုဦးတည်ရေးခဲ့သည့်ဂျူးခရစ်ယာန်အချို့သည် စိုးရိမ်စရာဖြစ်သည်။
‘ခါတိုင်းထက်ပို၍အာရုံစိုက်လော့’
၅။ (က) ကနဦးခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ချိန်က ဟေဗြဲခရစ်ယာန်များတွင် မည်သည့်စိတ်ဓာတ်ရှိခဲ့ကြသနည်း။ (ခ) စီ.အီး. ၆၀ ခန့်က ဟေဗြဲခရစ်ယာန်အချို့၏စိတ်ဓာတ်ကို ဖော်ပြပါ။
၅ ကမ္ဘာ့သမိုင်းတွင်ပထမဦးဆုံးခရစ်ယာန်အသင်းတော်သည် ဇာတိဂျူးများနှင့် ဘာသာဝင်သူများဖြင့်ဖွဲ့စည်းထားပြီး စီ.အီး. ၃၃ တွင်ယေရုရှလင်မြို့၌ ယင်းကိုတည်ထောင်ခဲ့ပါသည်။ ၎င်းတွင် မည်သည့်စိတ်ဓာတ်မျိုးရှိခဲ့ပါသနည်း။ တမန်တော်ကျမ်း၏ရှေ့အခန်းကြီးများကိုသာဖတ်ရုံဖြင့် နှိပ်စက်ညှဉ်းပန်းမှုများခံရလင့်ကစား ၎င်း၏စိတ်ထက်သန်မှုနှင့် ရွှင်လန်းမှုကိုသိရှိရသည်။ (တမန်တော် ၂:၄၄-၄၇; ၄:၃၂-၃၄; ၅:၄၁; ၆:၇) သို့ရာတွင် ဆယ်စုနှစ်များကုန်လွန်လာသည်နှင့်အမျှ အခြေအနေသည်လည်းပြောင်းလဲသွားပြီး ဂျူးခရစ်ယာန်များစွာသည် အသက်ပြေးပွဲတွင် အရှိန်လျှော့ခဲ့ကြပုံရှိသည်။ စီ.အီး. ၆၀ ခန့်မှ သူတို့၏အခြေအနေကို ကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “အခြေအနေမှာ ပျင်းရိမောပန်းနွမ်းလျခြင်း၊ မျှော်လင့်သည့်အတိုင်းဖြစ်မလာ၍စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်များဖင့်နွှဲနေခြင်း၊ သိလျက်နှင့်ပျက်ကွက်ခြင်း၊ လုံးလုံးအယုံအကြည်မရှိခြင်းဖြစ်နေသည်။ သူတို့သည် ခရစ်ယာန်များဖြစ်ကြသော်လည်း ခေါ်တော်မူခြင်းဆိုင်ရာဘုန်းအသရေကို လေးမြတ်စိတ်လျော့နည်းနေကြပါသည်။” ဘိသိက်ခံခရစ်ယာန်များသည် ထိုအခြေအနေမျိုးသို့ မည်သို့ရောက်ရှိသွားနိုင်ကြသနည်း။ ဟေဗြဲလူများထံ (စီ.အီး. ၆၁ ခန့်တွင်ရေးသည့်) ပေါလု၏စာပါအပိုင်းများကိုသုံးသပ်ခြင်းဖြင့် ထိုမေးခွန်းကိုဖြေဆိုရန် အထောက်အကူရပါမည်။ ထိုသို့သုံးသပ်ခြင်းက အလားတူဝိညာဉ်ရေးအားနည်းသည့်အခြေအနေသို့ ကျရောက်သွားသည့်အဖြစ်မျိုးကိုရှောင်ကြဉ်ရန် ယနေ့ကျွန်ုပ်တို့အားလုံးကို ကူညီပေးမည်ဖြစ်သည်။
၆။ မောရှေပညတ်အောက်ရှိဝတ်ပြုရေးနှင့် ယေရှုခရစ်ကိုယုံကြည်ခြင်းအပေါ်အခြေခံသည့် ဝတ်ပြုရေးတို့၏ ကွာခြားချက်အချို့ကား အဘယ်နည်း။
၆ ဟေဗြဲခရစ်ယာန်များသည် မောရှေမှတစ်ဆင့် ယေဟောဝါပေးတော်မူခဲ့သောပညတ်ကို လိုက်နာပါသည်ဟုဆိုသော ဂျူးဘာသာရေးစနစ်အောက်မှထွက်လာခဲ့ကြသည်။ ထိုပညတ်သည် ဂျူးခရစ်ယာန်အများစုအတွက် ဆက်ပြီးစွဲလမ်းစရာဖြစ်နေပုံပေါက်သည်၊ အကြောင်းမှာ ၎င်းသည် ရာစုနှစ်ပေါင်းများစွာအတွင်း ယေဟောဝါထံတော်သို့ချဉ်းကပ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ပြီး ၎င်းသည် ယဇ်ပုရောဟိတ်အဖွဲ့၊ မှန်မှန်ယဇ်ပူဇော်ရာများနှင့် ယေရုရှလင်ရှိကမ္ဘာကျော်ဗိမာန်တော်တို့ပါရှိသော စွဲမက်ဖွယ်ဝတ်ပြုရေးစနစ်တစ်ခုဖြစ်သောကြောင့်တည်း။ ခရစ်ယာန်ဘာသာတရားမှာမူ ယင်းနှင့်ကွာခြားပါသည်။ ယင်းက “နောက် [အနာဂတ်တွင်] ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ” ပြီး “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့တည်ကြည်ခြင်းရှိ” ခဲ့သူမောရှေကဲ့သို့သော ဝိညာဉ်ရေးအမြင်ရှိဖို့တောင်းဆိုသည်။ (ဟေဗြဲ ၁၁:၂၆၊ ၂၇) ဂျူးခရစ်ယာန်များစွာသည် ထိုသို့သောဝိညာဉ်ရေးအမြင်မျိုးမရှိကြောင်းထင်ရှားသည်။ သူတို့သည် ရည်ရွယ်ချက်ရှိသည့်ဟန်ဖြင့်ပြေးနေမည့်အစား ထော့ကျိုးထော့ကျိုးဖြင့်လျှောက်လှမ်းနေကြသည်။
၇။ ကျွန်ုပ်တို့ထွက်လာသည့်စနစ်သည် အသက်ပြေးပွဲတွင် ကျွန်ုပ်တို့၏ပြေးပုံကို မည်သို့ထိခိုက်နိုင်သနည်း။
၇ ယနေ့ အလားတူအခြေအနေမျိုးရှိသလော။ အမှန်မှာ အခြေအနေတထေရာတည်းတော့မဟုတ်ပါ။ သို့တိုင် ခရစ်ယာန်များသည်လည်း အကြီးအကျယ်ကြွားလုံးထုတ်တတ်သည့် အစီအစဉ်စနစ်မှထွက်လာကြသူများဖြစ်သည်။ ဤလောကသည် စိတ်လှုပ်ရှားဖွယ်အခွင့်အရေးများကို ကမ်းလှမ်းပေးသော်လည်း တစ်ချိန်တည်းမှာပင် လူတို့အပေါ် ဝန်ထုပ်ဝန်ပိုးများတင်တတ်ပါသည်။ ထို့အပြင် သံသယသဘောထားသည် သမားရိုးကျဖြစ်နေပြီး လူတို့သည် တစ်ကိုယ်ကောင်းစိတ်၊ ငါသာပဓာနသဘောထားရှိသည့်တိုင်းပြည်များတွင် ကျွန်ုပ်တို့အများစု နေထိုင်ကြရသည်။ ထိုစနစ်၏သြဇာလွှမ်းမိုးမှုကိုခံဖို့ ကျွန်ုပ်တို့ကိုယ်ကိုခွင့်ပြုလိုက်ပါက ‘ကျွန်ုပ်တို့၏ဉာဏ်မျက်စိ’ သည်အလွယ်တကူမှေးမှိန်သွားနိုင်ပါသည်။ (ဧဖက် ၁:၁၉) အဘယ်နေရာသို့ ကျွန်ုပ်တို့ဦးတည်နေကြောင်း ပီပီပြင်ပြင်မပိုင်းခြားနိုင်တော့ပါက အသက်ပြေးပွဲတွင် မည်သို့ကောင်းစွာပြေးနိုင်မည်နည်း။
၈။ ခရစ်ယာန်ဘာသာတရားသည် ပညတ်တရားအောက်ရှိဝတ်ပြုရေးထက် ထူးကဲသာလွန်သည့်နည်းအချို့ကားအဘယ်နည်း။
၈ ဂျူးခရစ်ယာန်များကိုလှုံ့ဆော်ပေးရန် ပေါလုက ခရစ်ယာန်စနစ်သည် မောရှေပညတ်ထက်ထူးကဲသာလွန်ကြောင်း သူတို့ကိုသတိပေးခဲ့သည်။ မှန်ပါသည်၊ ဇာတိဣသရေလလူမျိုးသည် ပညတ်တရားအောက်ရှိယေဟောဝါ၏လူမျိုးတော်ဖြစ်ချိန်တွင် ယေဟောဝါသည် မှုတ်သွင်းခံပရောဖက်များမှတစ်ဆင့် ၎င်းတို့အားမိန့်တော်မူခဲ့သည်။ သို့သော် ယနေ့ ကိုယ်တော်သည် ‘အလုံးစုံတို့၏အမွေခံသခင်အရာ၌ ခန့်ထားခံရပြီး လောကဓာတ်တို့ကိုတည်တော်မူသော သားတော်အားဖြင့်’ မိန့်တော်မူသည်ဟု ပေါလုဆိုသည်။ (ဟေဗြဲ ၁:၂) ထို့အပြင် ယေရှုသည် ကိုယ်တော်၏ “အပေါင်းအဖော်”၊ ဒါဝိဒ်အနွယ်မှဆင်းသက်လာသည့်ဘုရင်အားလုံးတို့ထက် ကြီးမြတ်တော်မူသည်။—ဟေဗြဲ ၁:၅၊ ၆၊ ၉။
၉။ ကျွန်ုပ်တို့သည် ပေါလုခေတ်ရှိဂျူးခရစ်ယာန်များကဲ့သို့ ယေဟောဝါမိန့်တော်မူရာများကို ‘ခါတိုင်းထက်ပို၍အာရုံစိုက်’ ရန်အဘယ်ကြောင့်လိုအပ်သနည်း။
၉ ထို့ကြောင့် ဂျူးခရစ်ယာန်များအား ပေါလုက “ငါတို့သည် ကြားရသော ဒေသနာ [တရား] တော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍မှတ်မိစွဲလမ်းခြင်းရှိ [“ခါတိုင်းထက်ပို၍အာရုံစိုက်၊” ကဘ] ရကြမည်” ဟူ၍သွန်သင်ခဲ့သည်။ (ဟေဗြဲ ၂:၁) ခရစ်တော်အကြောင်းသိခြင်းသည် ထူးမြတ်သည့်ကောင်းချီးတစ်ရပ်ဖြစ်သော်လည်း ထိုထက်မကလိုအပ်ပါသည်။ သူတို့ဝန်းကျင်ရှိဂျူးလောက၏သြဇာကိုတိုက်ဖျက်ရန် ဘုရားသခင့်စကားတော်ကို အလေးအနက်အာရုံစိုက်ရန်လိုနေပါသည်။ ကျွန်ုပ်တို့သည်လည်း ဤလောကမှအမြဲတစေဝါဒဖြန့်မှုကြောင့် ယေဟောဝါမိန့်တော်မူရာများကို ‘ခါတိုင်းထက်ပို၍အာရုံစိုက်’ ရန်လိုပါသည်။ ယင်းကား ကောင်းစွာလေ့လာသည့်အကျင့်ကိုမွေးမြူခြင်းနှင့် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကောင်းတစ်ခုကို ထိန်းသိမ်းထားခြင်းကိုဆိုလိုသည်။ ဟေဗြဲလူများထံရေးသည့်မိမိ၏စာနောက်ပိုင်းတွင် ပေါလုပြောသကဲ့သို့ အစည်းအဝေးများနှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အခြားသူများအားကြွေးကြော်ခြင်းတွင် မှန်မှန်ပါဝင်ခြင်းကိုလည်း ဆိုလိုပါသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) ထိုသို့သောလုပ်ဆောင်မှုက ဂုဏ်ကျက်သရေရှိသောမျှော်လင့်ချက်ကို မျက်ခြည်မပြတ်စေရန် ဝိညာဉ်ရေးဘက် နိုးနိုးကြားကြားရှိနေဖို့ ကျွန်ုပ်တို့ကိုကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏စိတ်ကို ယေဟောဝါ၏သဘောထားတော်များဖြင့်ပြည့်နေစေပါက ဤလောကလုပ်နိုင်သမျှမည်သည့်အရာကြောင့်မဆို ကျွန်ုပ်တို့လွှမ်းမိုးခံမည် သို့မဟုတ် ဟန်ချက်ပျက်သွားမည်မဟုတ်ချေ။—ဆာလံ ၁:၁-၃; သု. ၃:၁-၆။
“အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့”
၁၀။ (က) ယေဟောဝါ၏စကားတော်ကို ခါတိုင်းထက်ပို၍အာရုံမစူးစိုက်သူတစ်ဦးအတွက် ဘာဖြစ်နိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့ “အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်” နိုင်သနည်း။
၁၀ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများကိုအလေးမထားပါက ဘုရားသခင့်ကတိတော်များသည် ယုတ္တိမရှိသည့်ပုံပေါက်လာပေမည်။ အသင်းတော်များကို ဘိသိက်ခံခရစ်ယာန်များနှင့် အသက်ရှင်လျက်ရှိနေသေးသည့်တမန်တော်အချို့ဖြင့် လုံးလုံးဖွဲ့စည်းထားသည့်ပထမရာစုအချိန်၌ပင် ထိုသို့ဖြစ်ခဲ့သည်။ ဟေဗြဲလူတို့ကို ပေါလုကဤသို့သတိပေးသည်– “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်အထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။ ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှာ၊ ‘ယနေ့’ ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။” (ဟေဗြဲ ၃:၁၂၊ ၁၃) “သတိပြုကြလော့” ဟူသည့်ပေါလု၏အသုံးအနှုန်းက နိုးကြားနေဖို့လိုကြောင်းကို အလေးပေးဖော်ပြသည်။ အန္တရာယ်ရှိနေသည်! ကျွန်ုပ်တို့၏နှလုံးထဲတွင် “ဒုစရိုက်” တည်းဟူသော ယုံကြည်ခြင်းကင်းမဲ့မှု ပေါ်ပေါက်လာနိုင်ပြီး ယင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြမည့်အစား ကိုယ်တော့်အထံတော်မှ ထွက်ခွာသွားနိုင်ပါသည်။ (ယာကုပ် ၄:၈) “အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြ” ရန်ပေါလုက ကျွန်ုပ်တို့ကိုနှိုးဆော်ထားသည်။ ကျွန်ုပ်တို့သည် လှိုက်လှဲနွေးထွေးမှုရှိသည့်ညီရင်းအစ်ကိုပေါင်းသင်းမှုရှိဖို့လိုသည်။ “အသီးအခြားနေတတ်သောသူသည် ကိုယ့်အလိုဆန္ဒပြည့်စုံစေရန်ရှာကြံ၍ အမြော်အမြင်ပညာရှိသမျှကို မျက်မာန်ထ၏။” (သု. ၁၈:၁၊ သမ) ထိုသို့သောပေါင်းသင်းမှုလိုအပ်သောကြောင့် ယနေ့ခရစ်ယာန်များသည် အသင်းတော်အစည်းအဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများကို မှန်မှန်တက်ရောက်ရန် လှုံ့ဆော်ခံရခြင်းဖြစ်သည်။
၁၁၊ ၁၂။ ကျွန်ုပ်တို့သည် အခြေခံခရစ်ယာန်သွန်သင်ချက်များကို သိရှိထားရုံမျှဖြင့် အဘယ်ကြောင့်ကျေနပ်မနေသင့်သနည်း။
၁၁ ပေါလုသည် မိမိ၏စာနောက်ပိုင်းတွင် တန်ဖိုးမဖြတ်နိုင်သည့် ဤထပ်ဆင့်သွန်သင်ချက်ကိုပေးထားသည်– “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေးဦးစွာသင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။ . . . ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော၊ စုံလင်သောအရွယ်ရှိသောသူတို့မူကား၊ ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏။” (ဟေဗြဲ ၅:၁၂-၁၄) ဂျူးခရစ်ယာန်အချို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းတွင် တိုးတက်မှုမရှိခဲ့သည်မှာထင်ရှားပါသည်။ သူတို့သည် ပညတ်တရားနှင့် အရေဖျားလှီးခြင်းကိစ္စနှင့်စပ်လျဉ်း၍ တိုးသိနားလည်မှုအလင်းကိုလက်ခံဖို့ နှေးကွေးနေခဲ့ကြသည်။ (တမန်တော် ၁၅:၂၇-၂၉; ဂလာတိ ၂:၁၁-၁၄; ၆:၁၂၊ ၁၃) အချို့သူတို့သည် အပတ်စဉ်ဥပုသ်နှင့် နှစ်ပတ်လည်အပြစ်ဖြေရာနေ့ကဲ့သို့သော ဓလေ့ထုံးတမ်းစဉ်လာများကို အလွန်အလေးထားနေကြတုန်းပင်ဖြစ်မည်။—ကောလောသဲ ၂:၁၆၊ ၁၇; ဟေဗြဲ ၉:၁-၁၄။
၁၂ ထိုအကြောင်းကြောင့် ပေါလုက “ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ်သို့တက်ကြကုန်အံ့” ဟုဆိုခဲ့ခြင်းဖြစ်မည်။ (ဟေဗြဲ ၆:၁၊ ၂) အစားအစာကိုအလွန်ဂရုစိုက်သောမာရသွန်အပြေးသမားတစ်ဦးသည် ရှည်လျားပြီးအားအင်ကုန်ခန်းစေသောပြေးပွဲတွင် ပို၍ခံနိုင်ရည်ရှိပါသည်။ အလားတူပင် အခြေခံဖြစ်သည့် “အစအဦးဖြစ်သောအကြောင်းအရာတို့” နှင့်သာမိမိကိုယ်ကိုကန့်သတ်မထားဘဲ ဝိညာဉ်ရေးအာဟာရကို အလွန်ဂရုစိုက်သောခရစ်ယာန်တစ်ဦးသည် ပြေးရသောလမ်းပေါ်တွင်နေ၍ အဆုံးတိုင်အောင် ပြေးနိုင်မည်ဖြစ်သည်။ (၂ တိမောသေ ၄:၇ နှိုင်းယှဉ်။) ယင်းကား သမ္မာတရား၏ “အနံအလျားအနက်အမြင့်” ကိုစိတ်ဝင်စားမှု တိုးပွားနေစေခြင်းအားဖြင့် ရင့်ကျက်ခြင်းသို့တက်လှမ်းနေခြင်းကိုဆိုလိုပါသည်။—ဧဖက် ၃:၁၈။
‘သင်တို့သည် ခံနိုင်ရည်ရှိဖို့လိုသည်’
၁၃။ လွန်ခဲ့သောအချိန်များ၌ မိမိတို့၏ယုံကြည်ခြင်းကို ဟေဗြဲခရစ်ယာန်များသည် မည်သို့တင်ပြခဲ့ကြသနည်း။
၁၃ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲပြီးနောက်တွင် ဂျူးခရစ်ယာန်များသည် ပြင်းထန်သည့်အတိုက်အခံများကြား ခိုင်မြဲစွာရပ်တည်ခဲ့ကြသည်။ (တမန်တော် ၈:၁) “သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ . . . ကြီးစွာသောဆင်းရဲဝေဒနာများကို တိုက်လှန်ခြင်းနှင့်တွေ့ဆုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့” ဟူ၍ပေါလုရေးခဲ့ချိန်တွင် ယင်းကိုအမှတ်ရခဲ့ပေမည်။ (ဟေဗြဲ ၁၀:၃၂၊ ၃၃) ထိုသို့သောသစ္စာရှိသည့်ခံနိုင်ရည်ရှိခြင်းက ဘုရားသခင်ကိုချစ်ကြောင်း ပြသရာရောက်ပြီး ကိုယ်တော်ရှေ့လွတ်လပ်စွာပြောဆိုခွင့်ကိုရရှိစေသည်။ (၁ ယောဟန် ၄:၁၇) ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ယင်းကို မစွန့်ပယ်ပစ်ရန် သူတို့အားပေါလုတိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ သူက ဤသို့တိုက်တွန်းသည်– “ဘုရားသခင်အလိုတော်ကိုဆောင်ပြီးမှ၊ ကတိတော်အတိုင်းအကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ် [“ခံနိုင်ရည်၊” ကဘ] ရှိရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီရောက်တော်မူလိမ့်မည်။”—ဟေဗြဲ ၁၀:၃၅-၃၇။
၁၄။ နှစ်ပေါင်းများစွာ ယေဟောဝါအမှုတော်ဆောင်ပြီးနောက်၌ပင် ခံနိုင်ရည်ရှိရန် အဘယ်အရာများက ကျွန်ုပ်တို့ကိုအကူအညီဖြစ်စေသင့်သနည်း။
၁၄ ယနေ့ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့အများစုသည် ခရစ်ယာန်သမ္မာတရားကို စတင်လေ့လာစဉ်က ဇွဲရှိခဲ့ကြပါသည်။ ယခုထိ ထိုဇွဲမျိုး ကျွန်ုပ်တို့တွင်ရှိနေတုန်းပင်လော။ သို့မဟုတ် ကျွန်ုပ်တို့တွင် ‘အစကရှိခဲ့သည့်မေတ္တာလျော့’ သွားပြီလော။ (ဗျာဒိတ် ၂:၄) ကျွန်ုပ်တို့သည် အေးလာပြီး အာမဂေဒုန်ကိုစောင့်ဆိုင်းရ၍ စိတ်ပျက်လာပြီ သို့မဟုတ် ငြီးငွေ့လာပြီလော။ သို့သော် ခေတ္တရပ်ပြီးသုံးသပ်ကြည့်ပါ။ သမ္မာတရားသည် ယခင်ကကဲ့သို့ ထပ်တူပင်ထူးမြတ်တုန်းပင်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ကောင်းကင်ဘုရင်ဖြစ်နေဆဲပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မြေကြီးပရဒိသုပေါ်ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်နေကြဆဲပင်ဖြစ်သည်၊ ထို့အပြင် ယေဟောဝါနှင့်ဆက်ဆံရေးလည်း ကျွန်ုပ်တို့တွင်ရှိနေဆဲပင်ဖြစ်သည်။ “ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီရောက်တော်မူလိမ့်မည်” ကိုဘယ်တော့မျှမမေ့ပါနှင့်။
၁၅။ ယေရှုကဲ့သို့ပင် ခရစ်ယာန်အချို့သည် ပြင်းထန်သည့်နှိပ်စက်ညှဉ်းပန်းမှုကို မည်သို့ခံရပ်ခဲ့ကြသနည်း။
၁၅ သို့ဖြစ်သောကြောင့် ဟေဗြဲ ၁၂:၁၊ ၂ တွင်မှတ်တမ်းတင်ထားသည့်ပေါလု၏စကားများသည် အလွန်ဆီလျော်ပါသည်– “ထိုကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” ဤနောက်ဆုံးကာလတွင် ဘုရားသခင့်ကျေးကျွန်များကြံ့ကြံ့ခံရပ်ခဲ့ကြသည့်အရာများစွာရှိပါသည်။ ပြင်းပြစွာဝေဒနာခံစားပြီးသေရသည်အထိ သစ္စာရှိခဲ့သောယေရှုနည်းတူ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မအချို့သည် အခံရအခက်ဆုံးသောနှိပ်စက်ညှဉ်းပန်းမှု—ထောင်ချခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်း၊ မုဒိမ်းကျင့်ခြင်း၊ သေခြင်းတို့ကိုပင် သစ္စာရှိရှိခံရပ်ခဲ့ကြပါပြီ။ (၁ ပေတရု ၂:၂၁) သူတို့၏သမာဓိစောင့်သိမှုကို သုံးသပ်သောအခါ သူတို့ကိုကျွန်ုပ်တို့ ပို၍ချစ်မြတ်နိုးမလာပေလော။
၁၆၊ ၁၇။ (က) ခရစ်ယာန်အများစုသည် ယုံကြည်ခြင်းနှင့်စပ်လျဉ်းသည့် အဘယ်စိန်ခေါ်ချက်များနှင့်ရင်ဆိုင်ကြရသနည်း။ (ခ) အသက်ပြေးပွဲတွင်ဆက်ပြေးရန် အဘယ်အရာက ကျွန်ုပ်တို့အားကူညီပေးမည်ကို သတိရနေရမည်နည်း။
၁၆ သို့ရာတွင် ပေါလု၏ဤထပ်ဆင့်စကားများသည် အများနှင့်သက်ဆိုင်ပါသည်– “သင်တို့သည် ဒုစရိုက်အပြစ်ကိုဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး။” (ဟေဗြဲ ၁၂:၄) သို့သော်လည်း ဤစနစ်တွင် သမ္မာတရားလမ်းသည် ကျွန်ုပ်တို့မှမည်သူတစ်ယောက်အတွက်မျှမလွယ်ကူပါ။ အချို့တို့သည် လောကီအလုပ်တွင် သို့မဟုတ် ကျောင်းတွင် “အပြစ်သားတို့ ငြင်းဆန်ခြင်း” ကြောင့်စိတ်ဓာတ်ကျကြသည်၊ ကဲ့ရဲ့ပြောင်လှောင်မှုများကိုခံရသည် သို့မဟုတ် အပြစ်လုပ်ရန်ဖိအားပေးမှုကိုတွန်းလှန်ကြရသည်။ (ဟေဗြဲ ၁၂:၃၊ သမ) ပြင်းထန်သောသွေးဆောင်မှုများက ဘုရားသခင်၏မြင့်မားသောစံနှုန်းများကို ဆက်ထိန်းထားရန် အချို့သူတို့၏စိတ်ဓာတ်ကြံ့ခိုင်မှုကို တိုက်စားပစ်ခဲ့ပြီဖြစ်သည်။ (ဟေဗြဲ ၁၃:၄၊ ၅) အယူဖောက်ပြန်သူများသည် ၎င်းတို့၏အဆိပ်ရှိသောဝါဒဖြန့်မှုကိုနားထောင်သူအနည်းငယ်၏ ဝိညာဉ်ရေးဟန်ချက်ကို ထိခိုက်စေခဲ့ကြပြီ။ (ဟေဗြဲ ၁၃:၉) ပုဂ္ဂိုလ်ရေးပြဿနာများကြောင့် အခြားသူများအား ရွှင်လန်းမှုပပျောက်စေခဲ့ပြီ။ ဖျော်ဖြေမှုနှင့် အပန်းဖြေလှုပ်ရှားမှုများကို အလွန်အလေးပေးခြင်းက ခရစ်ယာန်အချို့ကို အားနည်းစေခဲ့ပြီ။ ထို့အပြင် အများစုက ဤစနစ်၌ ဘဝအသက်တာပြဿနာများကြောင့် ဖိစီးခံရသည်ဟု ယူမှတ်ကြသည်။
၁၇ မှန်ပါသည်၊ ဤအခြေအနေတစ်ခုမျှ ‘ကိုယ်အသွေးထွက်သည်တိုင်အောင်ခံရ’ သည့်အခြေအနေများမဟုတ်ပါ။ တချို့အခြေအနေများသည် ကျွန်ုပ်တို့ကိုယ်တိုင်ပြုလုပ်သည့် မှားယွင်းသောဆုံးဖြတ်ချက်များကြောင့်ဖြစ်ပေမည်။ သို့သော် ယင်းတို့အားလုံးက ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်စပ်လျဉ်းသည့် စိန်ခေါ်ချက်တစ်ခုကိုပေါ်ပေါက်စေပါသည်။ ယင်းကြောင့် ခံနိုင်ရည်တင်ပြရာတွင် ယေရှု၏ပြောင်မြောက်သောစံနမူနာကို ကျွန်ုပ်တို့အာရုံစူးစိုက်သင့်၏။ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် မည်မျှထူးမြတ်ကြောင်းကို ဘယ်တော့မျှမမေ့ကြစို့နှင့်။ ယေဟောဝါသည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေး [“ဆုချတော်မူသောအရှင်ဖြစ်၊” ကဘ] တော်မူသည်” ဟူသောကျွန်ုပ်တို့၏ခံယူချက်ကို ဘယ်တော့မျှပျောက်မသွားပါစေနှင့်။ (ဟေဗြဲ ၁၁:၆) ထိုသို့ဆိုလျှင် အသက်ပြေးပွဲတွင်ဆက်ပြေးနိုင်ရန် ကျွန်ုပ်တို့တွင် ဝိညာဉ်ရေးခွန်အားရှိနေပါလိမ့်မည်။
ကျွန်ုပ်တို့ ခံနိုင်ရည်ရှိနိုင်
၁၈၊ ၁၉။ ယေရုရှလင်ရှိဟေဗြဲခရစ်ယာန်များသည် ပေါလု၏မှုတ်သွင်းခံသွန်သင်ချက်ကိုလိုက်နာခဲ့ကြောင်း အဘယ်သမိုင်းဝင်ဖြစ်ရပ်များကတင်ပြသနည်း။
၁၈ ပေါလု၏စာကို ဂျူးခရစ်ယာန်များက မည်သို့တုံ့ ပြန်ခဲ့ကြသနည်း။ ဟေဗြဲလူများထံ စာရေးပြီးနောက်ခြောက်နှစ်ခန့်တွင် ယုဒပြည်တွင်စစ်ဖြစ်ခဲ့သည်။ စီ.အီး. ၆၆ တွင်ရောမစစ်တပ်သည် ယေရုရှလင်မြို့ကိုဝိုင်းထားလိုက်ရာ ယေရှု၏ဤစကားများပြည့်စုံလာပါသည်– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။” (လုကာ ၂၁:၂၀) သို့သော်လည်း ထိုအချိန်၌ ယေရုရှလင်မြို့ထဲတွင်ရှိနေကြမည့် ခရစ်ယာန်များ၏အကျိုးအတွက် ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။” (လုကာ ၂၁:၂၁) သို့ဖြစ်၍ ရောမတို့နှင့်ဖြစ်ပွားသောစစ်ပွဲကြောင့် ထိုဂျူးခရစ်ယာန်များသည် ဂျူးဝတ်ပြုရေး၏ဗဟိုနှင့် ခမ်းနားထည်ဝါသည့်ဗိမာန်တော်တည်နေရာ ယေရုရှလင်မြို့မှ ထွက်ပြေးကြမည်လောဟူသည့် စမ်းသပ်မှုကိုခံခဲ့ရကြသည်။
၁၉ မသိရသောအကြောင်းအတွက် ရောမတို့သည် ရုတ်တရက်ဆုတ်ခွာသွားကြသည်။ ၎င်းကို ဂျူးဘာသာရေးသမားများက မိမိတို့၏သန့်ရှင်းသောမြို့တော်ကို ဘုရားသခင်ကာကွယ်နေတော်မူသည့် သက်သေအထောက်အထားအဖြစ် ယူမှတ်ခဲ့ပုံရသည်။ ခရစ်ယာန်များကော။ သူတို့ထွက်ပြေးခဲ့ကြသည်ဟု သမိုင်းကဖော်ပြပါသည်။ ထို့နောက် စီ.အီး. ၇၀ တွင် ရောမများပြန်လာကြပြီး ယေရုရှလင်မြို့သားများကို ကြောက်ခမန်းလိလိသေကျေပျက်စီးစေ၍ လုံးလုံးဖျက်ဆီးပစ်လိုက်ကြသည်။ ယောလကြိုဟောခဲ့သည့် ‘ယေဟောဝါ၏နေ့’ သည်ယေရုရှလင်အပေါ် ကျရောက်ခဲ့ပါသည်။ သို့သော် သစ္စာရှိခရစ်ယာန်များသည် ထိုတွင်မရှိကြတော့ချေ။ သူတို့သည် “ဘေးလွတ်” ကြပြီဖြစ်သည်။—ယောလ ၂:၃၀-၃၂၊ သမ; တမန်တော် ၂:၁၆-၂၁။
၂၀။ “ယေဟောဝါ၏နေ့” ကြီးနီးပြီဟုသိထားခြင်းက မည်သည့်နည်းများဖြင့် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သနည်း။
၂၀ နောက်ထပ် “ယေဟောဝါ၏နေ့” ကြီးတစ်ခုသည် မကြာမီ ဤအစီအစဉ်စနစ်တစ်ခုလုံးကို ထိခိုက်တော့မည်ဖြစ်ကြောင်း ယနေ့ကျွန်ုပ်တို့သိထားကြပါသည်။ (ယောလ ၃:၁၂-၁၄) ထိုနေ့ရက်သည် မည်သည့်အချိန်တွင်ရောက်ရှိလာမည်ကို ကျွန်ုပ်တို့မသိကြပါ။ သို့သော် ၎င်းသည် ဧကန်အမှန်ရောက်လာလိမ့်မည်ဟု ဘုရားသခင့်စကားတော်က အာမခံထားပါသည်! ၎င်းသည် နောက်ကျမည်မဟုတ်ကြောင်း ယေဟောဝါမိန့်တော်မူသည်။ (ဟဗက္ကုတ် ၂:၃; ၂ ပေတရု ၃:၉၊ ၁၀) သို့ဖြစ်၍ ‘ကြားနာရသောအရာများကို ခါတိုင်းထက်ပို၍အာရုံစိုက်’ ကြစို့။ ‘ကျွန်ုပ်တို့ကိုအလွယ်တကူငြိတွယ်သည့်အပြစ်’ တည်းဟူသောယုံကြည်ခြင်းကင်းမဲ့မှုကို ရှောင်ကြဉ်ပါ။ မည်မျှကြာရှည်စေကာမူ ကြံ့ကြံ့ခံရန်သန္နိဋ္ဌာန်ချထားပါ။ ယေဟောဝါ၏မဟာရထားတော်ကဲ့သို့သော ကောင်းကင်အဖွဲ့အစည်းသည် ရွေ့လျားလျက်နေကြောင်း သတိရပါ။ ယင်းသည် ၎င်း၏ရည်ရွယ်ချက်ကို ဖြစ်မြောက်စေပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသက်ပြေးပွဲတွင်ဆက်ပြေးပြီး လက်လျှော့အရှုံးမပေးကြစို့နှင့်!
သင်မှတ်မိသလော
◻ ဖိလိပ္ပိအသင်းတော်သားများအား ပေါလုပေးခဲ့သည့်အဘယ်နှိုးဆော်ချက်ကို လိုက်နာခြင်းက အသက်ပြေးပွဲတွင် ခံနိုင်ရည်ရှိရန် အကူအညီပေးမည်နည်း။
◻ ကျွန်ုပ်တို့အားလမ်းလွဲသွားစေလိုသည့် ဤလောက၏စိတ်ဓာတ်ကိုတိုက်ဖျက်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။
◻ ပြေးပွဲတွင်ခံနိုင်ရည်ရှိရန် တစ်ဦးကိုတစ်ဦး မည်သို့ကူညီပေးနိုင်သနည်း။
◻ ခရစ်ယာန်တစ်ဦးကို အရှိန်လျှော့လိုက်စေနိုင်သည့်အရာအချို့ကားအဘယ်နည်း။
◻ ယေရှု၏စံနမူနာက ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အပြေးသမားများကဲ့သို့ ခရစ်ယာန်များသည် မိမိတို့အား မည်သည့်အရာကမျှ အာရုံပျံ့လွင့်သွားစေရန်ခွင့်မပြုရ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏ရည်ရွယ်ချက်မပြီးမြောက်စေရန် ကိုယ်တော်၏မဟာကောင်းကင်ရထားတော်ကို မည်သည့်အရာကမျှ မဆီးတားနိုင်