ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
အောက်တိုဘာ ၂–၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒံယေလ ၇–၉
“မေရှိယ ပေါ်ထွန်းမယ်လို့ ဒံယေလ ကြိုဟော”
it-2-E ၉၀၂ ၂
သီတင်း ခုနစ်ဆယ်
ပြစ်မှားမှုနဲ့ အပြစ်ကို အဆုံးသတ်။ ယေရှုရဲ့ သေခြင်းနဲ့ ထမြောက်ခြင်း၊ ကောင်းကင်မှာ ပေါ်ထွန်းခြင်းတို့က ‘ပြစ်မှားမှုကို အဆုံးသတ်ဖို့၊ အပြစ်ကို ဖယ်ရှားဖို့၊ အမှားကို ခွင့်လွှတ်ဖို့’ ဖြစ်စေတယ်။ (ဒံ ၉:၂၄) ဂျူးတွေဟာ အပြစ်သားတွေဖြစ်ကြောင်း၊ အပြစ်လုပ်ရင် စီရင်ခံရမှာဖြစ်ကြောင်း၊ ပဋိညာဉ်ချိုးဖောက်သူတွေအနေနဲ့ ကျိန်ခြင်းခံထိုက်သူတွေဖြစ်ကြောင်း ပညတ်ပဋိညာဉ်က သိစေတယ်။ လူသားတွေကျူးလွန်တဲ့ အပြစ်တွေ များတယ်ဆိုတာကို မောရှေပညတ်က ဖော်ထုတ်တယ်။ ဒါပေမဲ့ ဘုရားသခင့် မဟာကရုဏာနဲ့ မျက်နှာသာဟာ ပိုများတယ်ဆိုတာ မေရှိယအားဖြင့် ထင်ရှားတယ်။ (ရ ၅:၂၀) မေရှိယရဲ့ ပူဇော်သက္ကာကြောင့် နောင်တရသူတွေ အပြစ်ခွင့်လွှတ်ခံရပြီး ပြစ်ဒဏ်စီရင်ချက်ကနေ လွတ်မြောက်တယ်။
it-2-E ၉၀၀ ပိုဒ်. ၇
သီတင်း ခုနစ်ဆယ်
“၆၉ သီတင်း” အဆုံးမှာ မေရှိယပေါ်ထွန်း။ ကျမ်းစာမှာ “၇ သီတင်းနဲ့ ၆၂ သီတင်း” လို့ တစ်ဆက်တည်း ဖော်ပြထားတဲ့အတွက် ၆၂ သီတင်းဟာ ၇ သီတင်း ပြီးတာနဲ့ စတင်မယ်။ ဒါတွေဟာ သီတင်း ၇၀ အဝင်ဖြစ်တယ်။ ဒါကြောင့် ဂျေရုဆလင်မြို့ကို ပြန်တည်ဆောက်ဖို့ “အမိန့်ထုတ်ပြန်ချိန်ကနေ” “ခေါင်းဆောင် မေရှိယ” ပေါ်ထွန်းချိန်အထိ ၇ သီတင်းနဲ့ ၆၂ သီတင်း၊ စုစုပေါင်း ၆၉ “သီတင်း” ဖြစ်ပြီး အဲဒါက ၄၈၃ နှစ်ဖြစ်တယ်။ ဘီစီ ၄၅၅ ကနေတွက်ရင် အေဒီ ၂၉ အထိ ဖြစ်တယ်။ အဲဒီ အေဒီ ၂၉ မှာပဲ ယေရှု နှစ်ခြင်းခံခဲ့ပြီး သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့အတွက် “ခေါင်းဆောင် မေရှိယ” အဖြစ် စတင် အမှုဆောင်တယ်။—လု ၃:၁၊ ၂၊ ၂၁၊ ၂၂။
it-2-E ၉၀၁ ပိုဒ်. ၂
သီတင်း ခုနစ်ဆယ်
သီတင်း ၇၀ ရဲ့တစ်ဝက်မှာ မေရှိယ အသတ်ခံရ။ ဒံယေလကို ဂါဗြေလက ဒီလို ဆက်ပြောတယ်– “၆၂ သီတင်းကုန်ဆုံးတဲ့အခါ မေရှိယဟာ ဘာကိုမှ မပိုင်ဆိုင်ဘဲ ပယ်ရှင်းခံရမယ်။” (ဒံ ၉:၂၆) အဲဒါက ‘၆၉ သီတင်း’ ကုန်ပြီး သုံးနှစ်ခွဲအကြာမှာ ဖြစ်တယ်။ အဲဒီအချိန်မှာ ခရစ်တော်ဟာ လူတွေအတွက် ရွေးဖိုးအနေနဲ့ သစ်တိုင်မှာ အသေခံဖို့ ပိုင်ဆိုင်သမျှကို စွန့်လွှတ်ခဲ့တယ်။ (ရှာ ၅၃:၈) သီတင်းပတ် တစ်ပတ်ရဲ့ ပထမပိုင်း တစ်ဝက်မှာ (သုံးနှစ်ခွဲ) ယေရှု အမှုဆောင်ခဲ့တယ်။ အေဒီ ၃၂ လောက်က ယေရှုပေးခဲ့တဲ့ ဥပမာတစ်ခုမှာ ဂျူးလူမျိုးကိုရည်စူးပြီး သုံးနှစ်လုံးလုံး အသီးမသီးတဲ့ သဖန်းပင်အကြောင်း ပြောခဲ့တယ်။ (မ ၁၇:၁၅-၂၀။ ၂၁:၁၈၊ ၁၉၊ ၄၃ ကိုနှိုင်းယှဉ်ပါ) အဲဒီဥပမာမှာ ခြံစောင့်က စပျစ်ခြံပိုင်ရှင်ကို “သခင်၊ ဒီနှစ်တော့ နေပါစေဦး။ အပင်ပတ်လည်ကို တူးဆွပြီး မြေဩဇာ ထည့်ကြည့်ဦးမယ်။ အသီး သီးတန်ကောင်းပါရဲ့။ နောက်နှစ်မှ မသီးရင်တော့ ခုတ်ပစ်တာပေါ့” လို့ပြောတယ်။ (လု ၁၃:၆-၉) အဲဒီသုံးနှစ်ဆိုတဲ့ အချိန်က သတင်းတရား လက်မခံတဲ့ လူမျိုးကို ယေရှု ဟောပြောခဲ့တဲ့အချိန်ကို ရည်ညွှန်းပုံရတယ်။ အဲဒီအချိန်မှာ သူအမှုဆောင်ခဲ့တာ သုံးနှစ်ရှိနေပြီ၊ သူဆက်အမှုဆောင် ရဦးမယ်။
it-2-E ၉၀၁ ပိုဒ်. ၅
သီတင်း ခုနစ်ဆယ်
“တစ်သီတင်းရဲ့ တစ်ဝက်” က ခုနစ်နှစ်ရဲ့တစ်ဝက် ဒါမှမဟုတ် သုံးနှစ်ခွဲဖြစ်တယ်။ ၇၀ မြောက်သီတင်းပတ်က အေဒီ ၂၉ အကုန်ပိုင်း၊ ယေရှုနှစ်ခြင်းခံပြီး ခရစ်တော်အဖြစ် ဘိသိက်ပေးခံရချိန်ကနေ စတင်တယ်။ ဒါကြောင့် အဲဒီသီတင်းပတ်ရဲ့ တစ်ဝက်ဟာ အေဒီ ၂၉ အကုန်ပိုင်းကနေ အေဒီ ၃၃ နွေဦး၊ နိသန် ၁၄ ရက် ပသခါပွဲအထိ ဖြစ်တယ်။ ခေတ်သုံးပြက္ခဒိန်အရ အဲဒီနေ့က အေဒီ ၃၃၊ ဧပြီ ၁ နေ့ ဖြစ်ပုံရတယ်။ (သခင့်ညစာစားပွဲ [စအတည်ပြုချိန်] ကိုကြည့်ပါ။) တမန်တော်ပေါလုက ယေရှုဟာ ‘ဘုရား အလိုတော်ဆောင်ဖို့ ရောက်လာ’ တယ်လို့ ပြောခဲ့တယ်။ အဲဒီအလိုတော်က ‘ဒုတိယအစီအစဉ်ကို အတည်ဖြစ်စေဖို့ ပထမအစီအစဉ် [ပညတ်တရားအရ ဆက်သရတဲ့ ပူဇော်သက္ကာတွေ၊ အလှူတွေ] ကို ပယ်ဖျက်’ ဖို့ဖြစ်တယ်။ အဲဒီအလိုတော်အတိုင်း သူ့ရဲ့ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တယ်။—ဟီ ၁၀:၁-၁၀။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
စာရှုသူများထံမှမေးခွန်းလွှာ
ဒံယေလ ၉:၂၄ တွင်ကြိုဟောထားသည့် “အလွန်သန့်ရှင်းသောအရပ်ဌာန” ကိုမည်သည့်အချိန်တွင် ဘိသိက်ပေးခဲ့သနည်း။
ဒံယေလ ၉:၂၄-၂၇ သည် ‘မေရှိယသခင်’ ခရစ်တော်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် ပရောဖက်ပြုချက်ဖြစ်သည်။ ထို့ကြောင့် ကြိုဟောထားသော “အလွန်သန့်ရှင်းသော အရပ်ဌာန” ကိုဘိသိက်ပေးခြင်းသည် ယေရုရှလင်ဗိမာန်တော်၏ အလွန်သန့်ရှင်းသော အခန်းကို ဘိသိက်ပေးခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ ယင်းအစား၊ “အလွန်သန့်ရှင်းသော အရပ်ဌာန” ဟူသောစကားမှာ ယေဟောဝါ၏ မဟာဝိညာဉ်ရေး ဗိမာန်တော်ရှိ ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာ သန့်ရှင်းသော—ကောင်းကင်ဆိုင်ရာ အသန့်ရှင်းဆုံး—ဌာနတော်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။—ဟေဗြဲ ၈:၁-၅; ၉:၂-၁၀၊ ၂၃။
ဘုရားသခင်၏ ဝိညာဉ်ရေး ဗိမာန်တော်သည် မည်သည့်အချိန်တွင် စတင်လုပ်ဆောင်ခဲ့သနည်း။ စီ.အီး. ၂၉ တွင် ယေရှုသည် နှစ်ခြင်းခံရန် မိမိကိုယ်ကိုဆက်သခဲ့ချိန်၌ အဘယ်အရာ ဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ယေရှုအသက်တာ၏ ထိုအချိန်မှစ၍ ကိုယ်တော်သည် ဆာလံ ၄၀:၆-၈ ပါစကားကို ပြည့်စုံစေခဲ့သည်။ ယေရှုသည် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့ကြောင်း နောက်ပိုင်းတွင် တမန်တော်ပေါလုက ဖော်ပြသည်– “အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။” (ဟေဗြဲ ၁၀:၅) ယေရုရှလင်ဗိမာန်တော်၌ တိရစ္ဆာန်ယဇ်များကို ဆက်၍ပူဇော်ရန် ဘုရားသခင် “အလိုတော်မရှိ” ကြောင်း ယေရှုသိတော်မူ၏။ ၎င်းအစား ယဇ်အဖြစ်ပူဇော်ရန် ယေရှု၏ စုံလင်သောလူသားခန္ဓာကိုယ်ကို ယေဟောဝါ ပြင်ဆင်ခဲ့လေသည်။ မိမိ၏ နှလုံးသားဆန္ဒကို ဖော်ပြလျက် ယေရှု ဤသို့ဆက်၍ဆိုခဲ့သည်– “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်။” (ဟေဗြဲ ၁၀:၇) ယေဟောဝါ၏ တုံ့ပြန်မှုကား အဘယ်နည်း။ မဿဲခရစ်ဝင်ကျမ်းက ဤသို့ဖော်ပြသည်– “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။”—မဿဲ ၃:၁၆၊ ၁၇။
ယဇ်အဖြစ် ယေရှု၏ ခန္ဓာကိုယ် ဆက်သခြင်းကို ယေဟောဝါ ဘုရားသခင် လက်ခံခြင်းသည် ယေရုရှလင် ဗိမာန်တော်ရှိ ပကတိယဇ်ပလ္လင်ထက် သာ၍ကြီးမြတ်သော ယဇ်ပလ္လင်တစ်ခု တည်ရှိလာခြင်းကို ဆိုလိုသည်။ ၎င်းကား ယဇ်သကာအဖြစ် ယေရှု၏ လူသားအသက်ကို လက်ခံဖို့ ဘုရားသခင့် “အလိုတော်” သို့မဟုတ် အစီအစဉ်ယဇ်ပလ္လင် ဖြစ်သည်။ (ဟေဗြဲ ၁၀:၁၀) ယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးလိုက်ခြင်းသည် ဘုရားသခင်၏ ဝိညာဉ်ရေးဗိမာန်တော် အစီအစဉ်တစ်ခုလုံးကို ဆောင်ကြဉ်းခဲ့ပြီဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။ ထို့ကြောင့် ယေရှုနှစ်ခြင်းခံချိန်၌ ဘုရားသခင်၏ ကောင်းကင်စံရာသည် မဟာဝိညာဉ်ရေးအစီအစဉ်တွင် “အလွန်သန့်ရှင်းသော အရပ်ဌာန” အဖြစ် ဘိသိက်ပေးခံရ၏ သို့မဟုတ် သီးသန့်ခွဲခြားခံရ၏။
ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
၉:၂၇—‘လူအများတို့နှင့်ဖွဲ့သော’ အဘယ်ပဋိညာဉ်သည် သီတင်းနှစ်များ၏ ၇၀ ခုမြောက်သီတင်းနှစ်ကုန်ပိုင်း သို့မဟုတ် အေဒီ ၃၆ အထိ အကျိုးသက်ရောက်မှု ရှိနေသနည်း။ ပညတ်ပဋိညာဉ်သည် ယေရှုနှက်တိုင်တင် ခံရချိန်ဖြစ်သော အေဒီ ၃၃ တွင် ဖယ်ရှားခံရပြီး ဖြစ်သည်။ သို့သော် ဇာတိဣသရေလလူမျိုးများနှင့်ဖွဲ့သော အာဗြဟံ၏ပဋိညာဉ်ကို အေဒီ ၃၆ အထိ ဆက်၍ တည်ရှိစေခြင်းအားဖြင့် ယေဟောဝါသည် ဂျူးလူမျိုးတို့အား အာဗြဟံမှ ဆင်းသက်လာသူများဖြစ်သည်ကို ထောက်သောကြောင့် အထူးမျက်နှာသာ ပေးတော်မူသည့်အချိန်ကို တိုးချဲ့တော်မူခဲ့သည်။ အာဗြဟံ၏ ပဋိညာဉ်သည် “ဘုရားသခင်၏ ဣသရေလအမျိုး” နှင့်စပ်လျဉ်း၍ ဆက်တည်ရှိသည်။—ဂလာတိ ၃:၇-၉၊ ၁၄-၁၈၊ ၂၉; ၆:၁၆။
အောက်တိုဘာ ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒံယေလ ၁၀–၁၂
“ပေါ်လာမယ့် ဘုရင်တွေအကြောင်း ယေဟောဝါ ကြိုဟောခဲ့”
ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး
၅ ပထမဘုရင်သုံးပါးမှာ မဟာကုရု၊ ဒုတိယမြောက် ကဲမ်ဘိုင်းဆစ္စနှင့် ပထမမြောက် ဒါရိုင်းယပ်စ် (ဟစ္စတာစ်ပက်စ်) တို့ဖြစ်ကြသည်။ ဘာဒီးယား (သို့မဟုတ် ဂေါ်မာတာ အမည်ရှိ မင်းမျိုးမင်းနွယ်မဟုတ်ဘဲ ထီးနန်းအုပ်စီးသူ ဖြစ်ဖွယ်ရှိသူ) သည် ခုနစ်လမျှသာ အုပ်ချုပ်ခဲ့သဖြင့် သူ၏ တိုတောင်းသည့် အုပ်စိုးခြင်းကာလကို ပရောဖက်ပြုချက်က ထည့်သွင်းဖော်ပြခြင်း မပြုချေ။ ဘီ.စီ.အီး. ၄၉၀ ပြည့်နှစ်တွင် တတိယဘုရင်၊ ပထမမြောက် ဒါရိုင်းယပ်စ်က ဂရိကို ဒုတိယအကြိမ် ဝင်ရောက်ကျူးကျော်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ပါးရှားလူမျိုးတို့သည် မာရသွန်အရပ်တွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့သဖြင့် အာရှမိုင်းနားသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။ ဒါရိုင်းယပ်စ်သည် ဂရိကိုတိုက်ခိုက်ရန် နောက်ထပ်စစ်ဆင်ရေးတစ်ရပ်ကို သေသေချာချာ ပြင်ဆင်ရေးဆွဲခဲ့သော်လည်း လေးနှစ်အကြာ သေဆုံးသည့်အချိန်အထိ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ သူ၏ရည်မှန်းချက်ကို သားတော်ဖြစ်သူ ထီးနန်းဆက်ခံသူ “စတုတ္ထ” ဘုရင် ပထမမြောက် ဇားခ်စီးဇ်က အကောင်အထည် ဖော်ခဲ့သည်။ ဤဘုရင်ကား ဧသတာကို ထိမ်းမြားလက်ထပ်သည့် အာရွှေရုမင်းပင်တည်း။—ဧသတာ ၁:၁; ၂:၁၅-၁၇။
၆ ပထမမြောက် ဇားခ်စီးဇ်သည် အမှန်ပင် “ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်းငှာ အရာခပ်သိမ်းကို နှိုးဆော်” ခဲ့သည်။ “ဂရိနိုင်ငံ” ဆိုသည်မှာ သီးခြားလွတ်လပ်သော ဂရိမြို့ပြနိုင်ငံအားလုံးကို ခြုံ၍ခေါ်ဆိုခြင်းဖြစ်သည်။ “ရည်မှန်းချက်ကြီးမားသော နန်းတွင်းသားများ၏ တိုက်တွန်းမှုဖြင့် ဇားခ်စီးဇ်သည် ကြည်းကြောင်းရေကြောင်းဖြင့် လျှပ်တစ်ပြက် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်” ဟု မီးဒီးယားလူမျိုးနှင့် ပါးရှားလူမျိုး—အောင်နိုင်သူများနှင့် သံတမန်များ စာအုပ်ကဆို၏။ ဘီ.စီ.အီး. ပဉ္စမရာစုမှ ဂရိသမိုင်းပညာရှင် ဟီရောဒတပ်စ်က “ဤစစ်ဆင်ရေးနှင့်ယှဉ်လိုက်လျှင် အခြားစစ်ရေးလှုပ်ရှားမှုတို့သည် အသေးအမွှား ဖြစ်သွားလေသည်” ဟူ၍ရေးသားခဲ့သည်။ သူ၏မှတ်တမ်း ဖော်ပြချက်အရ ရေတပ်အင်အား “စုစုပေါင်း ၅၁၇,၆၁၀ ရှိသည်။ ခြေလျင်စစ်သည် အရေအတွက် ၁,၇၀၀,၀၀၀၊ မြင်းစီးသူရဲ ၈၀,၀၀၀ အပြင်၊ ကုလားအုတ်စီး အာရပ်လူမျိုးများနှင့် မြင်းရထားဖြင့်တိုက်ခိုက်သည့် လစ်ဗျားလူမျိုးများလည်း ခန့်မှန်းခြေအားဖြင့် ၂၀,၀၀၀ ခန့်ရှိသေးသည်။ ထို့ကြောင့် ကြည်းရေတပ်ဖွဲ့ အားလုံးပေါင်းလျှင် ၂,၃၁၇,၆၁၀ ရှိသည်။”
ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး
၈ “တန်ခိုးကြီးသောဘုရင်တစ်ပါး အမှန်မုချ မတ်တတ်ထ၍ ကျယ်ပြောသောနိုင်ငံကို အုပ်ချုပ်လျက် အလိုရှိသည်အတိုင်း ပြုလိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ (ဒံယေလ ၁၁:၃၊ ကဘ) ဘီ.စီ.အီး. ၃၃၆ ခုနှစ်တွင် အသက်နှစ်ဆယ်အရွယ်ရှိ အလက်ဇန္ဒားသည် မက်ဆီဒိုးနီးယား ဘုရင်အဖြစ် “မတ်တတ်ထ” လာသည်။ နောက်ပိုင်းတွင် သူသည် “တန်ခိုးကြီးသောဘုရင်”—မဟာ အလက်ဇန္ဒား—အမှန်ပင် ဖြစ်လာခဲ့သည်။ ခမည်းတော် ဒုတိယမြောက် ဖိလစ်ဘုရင်၏ စီမံကိန်းတစ်ရပ်ကို အကောင်အထည် ဖော်သည့်အနေနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပါးရှားတို့၏ လက်နက်နိုင်ငံများကို သိမ်းပိုက်လေ၏။ စစ်သည်အင်အား ၄၇,၀၀၀ ဖြင့် ယူဖရေးတီးစ်မြစ်နှင့် တိုက်ဂရစ္စမြစ်ကိုဖြတ်ကူး၍ ဂေါ်ဂါမီလာအရပ်တွင် တတိယမြောက် ဒါရိုင်းယပ်စ်၏စစ်သည် ၂၅၀,၀၀၀ ကိုကစဉ့်ကရဲ ကွဲလွင့်စေခဲ့သည်။ ၎င်းနောက် ဒါရိုင်းယပ်စ်သည် ထွက်ပြေးလွတ်မြောက်သွားသော်လည်း လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြင့် ပါးရှားမင်းဆက် အဆုံးတိုင်ခဲ့လေသည်။ ထိုအခါ ဂရိသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာပြီး အလက်ဇန္ဒားလည်း ‘ကျယ်ပြောသောနိုင်ငံကို အုပ်ချုပ်လျက် အလိုရှိသည်အတိုင်း ပြုလေ၏။’
ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး
၁၁ အလက်ဇန္ဒားသေဆုံးပြီးနောက် သူ၏နိုင်ငံသည် “အရပ်လေးမျက်နှာသို့ ကွဲလွင့်” သွားခဲ့သည်။ သူ၏များစွာသောဗိုလ်ချုပ်ကြီးတို့သည် နယ်မြေလုယူရာ၌ အချင်းချင်းခိုက်ရန်ဖြစ်ပွားကြသည်။ မျက်လုံးတစ်ဖက်သာရှိသော ဗိုလ်ချုပ်ကြီး ပထမမြောက် အဲန်တစ်ဂနပ်စ်က အလက်ဇန္ဒား၏ အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် သူသည် ဖရစ်ဂျီးယားပြည် အစ်ပ်စပ်စ်ရွာတွင် ဖြစ်ပွားသည့်တိုက်ပွဲ၌ ကျဆုံးသွားသည်။ ဘီ.စီ.အီး. ၃၀၁ ခုနှစ်ရောက်သော် အလက်ဇန္ဒား၏ ဗိုလ်ချုပ်ကြီးလေးဦးသည် ၎င်းတို့၏ စစ်သေနာပတိချုပ် သိမ်းပိုက်ခဲ့သော ကြီးမားကျယ်ပြောသည့်နယ်မြေကို ခွဲဝေစိုးမိုးကြသည်။ ကစဲန်းဒါးသည် မက်ဆီဒိုးနီးယားနှင့် ဂရိပြည်ကိုအုပ်ချုပ်သည်။ လိုင်ဆင်းမကာ့စ်သည် အာရှမိုင်းနားနှင့် သရေးစ်နယ်တို့အပေါ် ဩဇာညောင်းသည်။ ပထမမြောက် စီလူးကပ်စ် နီကေတာသည် မက်ဆိုပိုတေးမီးယားနှင့် ဆီးရီးယားပြည်တို့ကို သိမ်းပိုက်သည်။ တော်လမီ လေးဂပ်စ်သည် အီဂျစ်ပြည်နှင့် ပါလက်စတိုင်းနယ်တို့ကို အုပ်ချုပ်သည်။ ပရောဖက်ပြုချက်နှင့်အညီ အလက်ဇန္ဒား၏ ကြီးမားသောအင်ပါယာသည် ဟေလင်းနစ်နိုင်ငံလေးခုအဖြစ် ကွဲသွားခဲ့လေသည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
က၁၃ ၇/၁၅ ၁၃ ပိုဒ်. ၁၆၊ ဆောင်းပါးအတွက် မှတ်ချက်
“ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်”
“ထိုးထွင်းဉာဏ်ရှိတဲ့သူတွေ [ဘိသိက်ခံခရစ်ယာန်တွေ] က ကောင်းကင်ဟင်းလင်းပြင်လို ထွန်းလင်းတောက်ပနေလိမ့်မယ်” လို့ ဒံယေလ ၁၂:၃ (ကဘ) မှာ ဖော်ပြထားတယ်။ သူတို့တွေဟာ မြေကြီးပေါ်ရှိနေချိန်မှာ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ထွန်းလင်းတောက်ပကြတယ်။ ဒါပေမဲ့ မဿဲ ၁၃:၄၃ က အဲဒီလိုမပြောဘူး။ ကောင်းကင်နိုင်ငံတော်မှာ သူတို့ တောက်ပစွာထွန်းလင်းမယ့်အချိန်ကို ပြောနေတာဖြစ်တယ်။ အရင်တုန်းကတော့ ဒီကျမ်းချက်နှစ်ချက်စလုံးက ဟောပြောခြင်းလုပ်ငန်း အကြောင်းကိုပဲ ပြောတာလို့ ကျွန်ုပ်တို့ ယူဆခဲ့ကြတယ်။
ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
၁၈ ဒံယေလကျမ်းသည် လူသားတစ်ဦးအား ဘုရားသခင် ပေးခဲ့သော အလွန်နှစ်လိုဖွယ်ကောင်းသည့် ကတိတော်တစ်ခုဖြင့် နိဂုံးချုပ်ထားသည်။ ယေဟောဝါ၏ ကောင်းကင်တမန်က ဒံယေလအား “သင်မူကား . . . နေ့ရက်ကာလအဆုံး၌ ကိုယ့်ဝေပုံကိုခံယူရန် မတ်တတ်ထရလိမ့်မည်” ဟုပြောကြားခဲ့၏။ ကောင်းကင်တမန်က ဘာကိုဆိုလိုပါသနည်း။ ယခုလေးတင် ဖော်ပြခဲ့သည့် ‘အနားယူခြင်း’ မှာ သေဆုံးခြင်းဖြစ်သောကြောင့် နောက်ပိုင်းကာလ၌ ဒံယေလ “မတ်တတ်ထ” မည်ဟူသောကတိတော်မှာ တစ်ခုတည်းသောအရာ—ရှင်ပြန်ထမြောက်ခြင်း—ကိုသာရည်ညွှန်းခြင်း ဖြစ်ရပေမည်။ အမှန်ဆိုလျှင် ကျမ်းပညာရှင်အချို့က ဒံယေလကျမ်း အခန်းကြီး ၁၂ သည် ဟေဗြဲကျမ်းပိုင်းတွင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပထမဆုံးအကြိမ် အတိအလင်း ဖော်ညွှန်းသည်ဟု အခိုင်အမာဆိုကြ၏။ (ဒံယေလ ၁၂:၂) သို့သော် သူတို့၏ယူဆချက် မှား၏။ ဒံယေလသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ကောင်းစွာ သိကျွမ်းခဲ့သည်။
အောက်တိုဘာ ၁၆–၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟောရှေ ၁–၇
“ခိုင်မြဲတဲ့မေတ္တာကို ယေဟောဝါ နှစ်သက်—သင်ကော”
ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေ
၁၈ ယေဟောဝါကို ဝတ်ပြုသည့် ယုံကြည်သူချင်းများနှင့် ဆက်ဆံသည့်အခါတိုင်း တည်ကြည်သောမေတ္တာ ထင်ရှားသင့်သည်။ ခက်ခဲသည့် အခြေအနေများအောက်၌ပင် ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုသင့်သည်။ အစ္စရေးလူမျိုး၏ ချစ်ခင်ကြင်နာမှုသည် “စောစောပျောက်တတ်သော နှင်းကဲ့သို့” ဖြစ်သောအခါ ယေဟောဝါ မနှစ်သက်ခဲ့ချေ။ (ဟော. ၆:၄၊ ၆) သို့သော် ချစ်ခင်ကြင်နာမှုကို အမြဲတင်ပြသည်ကို ကိုယ်တော် နှစ်သက်တော်မူသည်။ ယင်းသို့တင်ပြသူကို မည်သို့ ကောင်းချီးပေးကြောင်း သုံးသပ်ကြည့်ပါ။
ဟောရှေကျမ်းမှ ပေါ်လွင်ချက်များ
၆:၆။ အပြစ်ပြုကျင့်နေခြင်းသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသော မေတ္တာမရှိကြောင်း ဖော်ပြရာရောက်သည်။ ထိုပျက်ကွက်မှုကို ဘုရားသခင်နှစ်သက်သော မည်သည့်လုပ်ဆောင်မှုဖြင့်မျှ အစားမထိုးနိုင်ပါ။
သင်၏နာခံမှုကိုယေဟောဝါ တန်ဖိုးထားတော်မူ၏
၇ နာခံခြင်းသည် တိရစ္ဆာန်ယဇ်များ ပူဇော်ခြင်းထက် သာ၍အရေးကြီးသည်ဟု ရှေးခေတ်လူမျိုးတော်ကို ယေဟောဝါ မိန့်ဆိုခဲ့ကြောင်း ပြန်အမှတ်ရပါ။ (သု. ၂၁:၃၊ ၂၇; ဟောရှေ ၆:၆; မဿဲ ၁၂:၇) သို့သော် ယဇ်ပူဇော်ရန် ယေဟောဝါ ကိုယ်တိုင်မိန့်မှာခဲ့ရာ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ အမှန်မှာ လူတစ်ဦး ယဇ်ပူဇော်ရသည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင့်စိတ်တော်နှင့် တွေ့ရန်လော။ သို့မဟုတ် ထုံးစံရှိ၍သာ ပူဇော်ခြင်းလော။ ဘုရားသခင့်စိတ်တော်နှင့် တွေ့လိုသောဆန္ဒ အမှန်တကယ်ရှိသူသည် ကိုယ်တော့်ပညတ်အားလုံးကို နာခံရန် ကြိုးစားပေမည်။ တိရစ္ဆာန်ယဇ်များကို ဘုရားသခင် မလိုအပ်သော်လည်း နာခံခြင်းသည် ကိုယ်တော့်ကို ကျွန်ုပ်တို့ပေးဆက်နိုင်သည့် အဖိုးတန်အရာတစ်ခုဖြစ်၏။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဟောရှေကျမ်းမှ ပေါ်လွင်ချက်များ
၁:၇—အဘယ်အချိန်တွင် ယုဒအမျိုးကို သနားစုံမက်ပြီး ကယ်တင်ခဲ့သနည်း။ ဟေဇကိမင်းလက်ထက် ဘီစီ ၇၃၂ တွင်ဖြစ်သည်။ ကောင်းကင်တမန်တစ်ပါးသည် တစ်ညတည်းတွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကို ကွပ်မျက်လိုက်ခြင်းဖြင့် ယေရုရှလင်မြို့အပေါ် အာရှုရိ၏ခြိမ်းခြောက်မှုကို ယေဟောဝါ အဆုံးတိုင်စေခဲ့၏။ (၄ ဓမ္မရာဇဝင် ၁၉:၃၄၊ ၃၅) ထို့ကြောင့် ယေဟောဝါသည် ယုဒအမျိုးကို “လေး၊ ဓား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့်” မဟုတ်ဘဲ ကောင်းကင်တမန်အားဖြင့် ကယ်တင်ခဲ့သည်။
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် ဟောရှေပရောဖက်ပြုချက်က ကူညီပေး
၁၆ ဘုရားသခင်သည် ဤကတိတော်ကိုလည်း ပြည့်စုံစေခဲ့သည်– “ထိုကာလ၌ ငါသည် သူတို့အတွက် တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့၍ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်ကပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။” (ဟောရှေ ၂:၁၈) မိမိတို့၏ဇာတိမြေကို ပြန်ရောက်ရှိလာကြသော ဂျူးအကြွင်းအကျန်သည် မည်သည့်တိရစ္ဆာန်၏ရန်ကိုမှ မကြောက်ရတော့ဘဲ လုံခြုံစိတ်ချစွာ နေထိုင်ခဲ့ကြသည်။ ဝိညာဉ်ရေးဣသရေလအကြွင်းအကျန်သည် ကမ္ဘာ့ဘာသာရေးအင်ပါယာ မဟာဗာဗုလုန်မှ လွတ်မြောက်လာခဲ့သည့် ၁၉၁၉ ခုနှစ်တွင်လည်း အဆိုပါပရောဖက်ပြုချက် ပြည့်စုံခဲ့၏။ ယခု သူတို့သည် ကမ္ဘာပေါ်တွင် ထာဝစဉ်နေထိုင်ရန် မျှော်လင့်နေကြသော သူတို့၏အပေါင်းအပါများနှင့်အတူ ဝိညာဉ်ရေးပရဒိသု၌ လုံခြုံစွာ နေထိုင်လျက်ရှိကြသည်။ အဆိုပါစစ်မှန်သောခရစ်ယာန်အသိုင်းအဝိုင်းတွင် လူမဆန်သောစရိုက်များ မရှိချေ။—ဗျာ. ၁၄:၈; ဟေရှာယ ၁၁:၆-၉; ဂလာတိ ၆:၁၆။
န၀၅-E ၉/၈ ၁၂ ပိုဒ်. ၂
ကမ္ဘာချီ စည်းလုံးညီညွတ်မှု အမြဲရှိမယ့်အချိန်
ဘုရားသခင်က သစ္စာရှိ တိုင်းသူပြည်သားတွေ ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သွန်သင်ပေးတဲ့အတွက် မြေကြီးပေါ်ရှိ သက်ရှိအားလုံး တစ်ခါမှ မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှုကို ခံစားကြရမယ်။ ဘုရားသခင်က သားရဲတိရစ္ဆာန်အားလုံးနဲ့ “သဘောတူညီချက် ယူမယ်” လို့ ဆိုတာက လူတွေနဲ့ တိရစ္ဆာန်တွေ ငြိမ်းချမ်းစွာ အတူတကွနေမယ်ဆိုတာ ဖော်ပြတယ်။—ဟောရှေ ၂:၁၈။ ကမ္ဘာဦး ၁:၂၆-၂၈။ ဟေရှာယ ၁၁:၆-၈။
အောက်တိုဘာ ၂၃–၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟောရှေ ၈-၁၄
“ယေဟောဝါကို အကောင်းဆုံး ဆက်သပါ”
ဘုရားသခင်နှစ်သက်သော ယဇ်များကိုပူဇော်ခြင်း
ထို့ပြင် ဘုရားသခင်ကိုကျွန်ုပ်တို့ချီးမွမ်းခြင်းသည် ယေဟောဝါထံဆက်သသောပူဇော်ရာယဇ်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ပရောဖက်ဟောရှေက “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်” ဟူသောအသုံးအနှုန်းကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏နှုတ်ခမ်းဖြင့်ဘုရားသခင်အားချီးမွမ်းမှုကို အကောင်းဆုံးပူဇော်ရာယဇ်တစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်တော်မူကြောင်း ဖော်ပြသည်။ (ဟောရှေ ၁၄:၂) တမန်တော်ပေါလုက ဟေဗြဲခရစ်ယာန်များအား ဤသို့တိုက်တွန်း၏– “ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅) ယနေ့ ယေဟောဝါသက်သေတို့သည် လူမျိုးတကာတို့ကို သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတို့တွင် အလုပ်များနေကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သူတို့သည် ဘုရားသခင်အားချီးမွမ်းခြင်းယဇ်ကို ကမ္ဘာတစ်ဝန်း၌ နေ့ရောညပါပူဇော်နေကြသည်။—ဗျာ. ၇:၁၅။
ဘုရားသခင့်မျက်နှာသာက ထာဝရအသက်ရစေ
၁၅ နွားဆိုတာ အစ္စရေးလူတွေ ယေဟောဝါကို ဆက်သတဲ့ ဈေးအကြီးဆုံးတိရစ္ဆာန်ဖြစ်တယ်။ ဒါကြောင့် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်” ဆိုတာက အသေအချာစဉ်းစားထားတဲ့စကားလုံးတွေနဲ့ စစ်မှန်တဲ့ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ချီးမွမ်းတာကို ဆိုလိုတယ်။ အဲဒီယဇ် ဆက်သသူတွေကို ယေဟောဝါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “ငါသည် သူတို့အား အကြွင်းမဲ့ချစ်မည်” လို့ ကိုယ်တော်ပြောခဲ့တယ်။ (ဟော. ၁၄:၄၊ ခမ) ချီးမွမ်းခြင်းယဇ်ဆက်သသူတွေကို ယေဟောဝါခွင့်လွှတ်ပြီး သူတို့ကို မျက်နှာသာပေးပြီး မိတ်ဆွေဖွဲ့ခွင့်ပေးမှာ ဖြစ်တယ်။
jd-E ၈၇ ပိုဒ်. ၁၁
ယေဟောဝါရဲ့ မြင့်မားတဲ့စံနှုန်းနဲ့အညီ အမှုဆောင်ပါ
၁၁ ဖြောင့်မတ်တဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဟောရှေ ၁၄:၉ မှာ ဖော်ပြတယ်။ ဘုရားစံနှုန်းနဲ့အညီ အမှုဆောင်မှ ကောင်းချီးနဲ့ အကျိုးကျေးဇူးတွေ ခံစားရမယ်။ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို အတွင်းကျကျ သိတယ်။ ဘုရားတောင်းဆိုသမျှဟာ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပဲ။ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မော်တော်ကားနဲ့ မော်တော်ကား ပြုလုပ်သူ ဥပမာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ပြုလုပ်သူက သူ့ကားအကြောင်း ကောင်းကောင်းသိတယ်။ မကြာခဏ အင်ဂျင်ဝိုင် လဲပေးရမယ်ဆိုတာ သူသိတယ်။ ကားက သွားနေပါတယ်ဆိုပြီး အင်ဂျင်ဝိုင်မလဲပေးရင် ဘာဖြစ်မလဲ။ မကြာခင် အင်ဂျင်ပျက်သွားလိမ့်မယ်။ လူသားတွေလည်း အဲဒီလိုပဲ။ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို လမ်းညွှန်ချက်တွေ ပေးထားတယ်။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်မှ အကျိုးရှိမယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရားစံနှုန်းအတိုင်း လိုက်လျှောက်တာက အကျိုးရှိတယ်ဆိုတာ သိထားရင် အဲဒီအတိုင်း အသက်ရှင်နေထိုင်ပါလိမ့်မယ်။—ဆာလံ ၁၁၂:၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
‘ထာဝရဘုရားသခင်၏လမ်းတော်တို့သည် ဖြောင့်ကြ၏’
၇ ကျွန်ုပ်တို့သည် အရေခြုံဟန်ဆောင်မှုကင်းပြီး ဖြောင့်မတ်သည့်လမ်းစဉ်အတိုင်း ယေဟောဝါအား ကိုးကွယ်လျှင် ကိုယ်တော်၏ချစ်ခင်ကြင်နာမှု သို့မဟုတ် မြဲမြံသောမေတ္တာ ခံစားရမည်။ ထင်ရာစိုင်းတတ်သော ဣသရေလလူတို့သည် ဤသို့မိန့်ဆိုခံခဲ့ရ၏– ‘ကိုယ်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသောလယ်ကို ထွန်ကြလော့။ ထာဝရဘုရားသခင်သည် ကြွလာ၍ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုးကို ရွာစေတော်မမူမီတိုင်အောင် ကိုယ်တော်ကိုရှာရသောအချိန် ရောက်လေပြီ။’—ဟောရှေ ၁၀:၁၂။
သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
၁၀ မေရှိယဟာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခံရမယ်။ (ဟော. ၁၁:၁) ဟေရုဒ် သတ်မိန့်မထုတ်ခင် ကောင်းကင်တမန်က ယောသပ်၊ မာရိနဲ့ ယေရှုကို အီဂျစ်ပြည်ကိုသွားဖို့ ညွှန်ကြားခဲ့တယ်။ သူတို့က ‘ဟေရုဒ်မင်း ကွယ်လွန်ချိန်အထိ ထိုအရပ်တွင် နေ’ ခဲ့တယ်။ ဟေရုဒ်ကွယ်လွန်ပြီးတဲ့နောက်မှာ ယောသပ်က ယေရှုကို အစ္စရေးပြည်ကို ပြန်ခေါ်လာတယ်။ ဒီအချက်က ‘“ငါ့သားကို အီဂျစ်ပြည်မှ ခေါ်ခဲ့မည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်ဆိုသော ယေဟောဝါ၏စကားပြည့်စုံ’ ဖို့ဖြစ်တယ်။ (မ. ၂:၁၃-၁၅) ယေရှုကိုယ်တိုင် မိမိမွေးဖွားခြင်းနဲ့ အစောပိုင်းအသက်တာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေပြည့်စုံအောင် တမင်ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အောက်တိုဘာ ၃၀–နိုဝင်ဘာ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောလ ၁-၃
“မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်”
“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ဖြင့် လှုံ့ဆော်ခံရ
၄ ယေရုရှလင်မြို့ရှိ တပည့်များသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံကြရပြီဖြစ်ရာ အချိန်ဆွဲမနေဘဲ ၎င်းနံနက်ခင်းတွင် စုရုံးခဲ့ကြသောလူစုနှင့် စတင်၍ ကယ်တင်ခြင်းသတင်းကို အခြားသူများအား ဟောပြောကြလေတော့သည်။ သူတို့၏ ဟောပြောခြင်းလုပ်ငန်းသည် လွန်ခဲ့သော ရှစ်ရာစုက ပေသွေလ၏သား ယောလမှတ်တမ်းတင်ခဲ့သော မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်– “လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍ သင်တို့၏ သားသမီးများသည် ပရောဖက်ပြုလျက် အသက်ကြီးသူတို့သည် အိပ်မက်များကို မြင်မက်လျက် အသက်ငယ်သောသူတို့သည်လည်း [အဆင်း]အာရုံများကို မြင်လျက်နေရကြလိမ့်မည်။ ထိုနေ့ရက်ကာလ၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင် ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ . . . ဖြစ်လိမ့်မည်။”—ယောလ ၁:၁; ၂:၂၈၊ ၂၉၊ ၃၁၊ သမ္မာ; တမန်တော် ၂:၁၇၊ ၁၈၊ ၂၀။
၅ ယင်းကြောင့် ဘုရားသခင်သည် ဒါဝိဒ်၊ ယောလနှင့် ဒေဗောရတို့ကဲ့သို့သော ပရောဖက်အမျိုးသား၊ အမျိုးသမီးများကိုပေါ်လာစေပြီး အနာဂတ်ဖြစ်ရပ်များကို သူတို့အားဟောပြောစေမည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ ယေဟောဝါပြုတော်မူခဲ့ပြီး၊ ပြုလုပ်လုဆဲရှိ “အံ့ဖွယ်သောအမှုတို့” ကိုကြေညာရန် ယေဟောဝါ၏ ဝိညာဉ်တော်က လှုံ့ဆော်ပေးသဖြင့် ခရစ်ယာန် ‘သားသမီးများ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများ’ သည် ပရောဖက်ပြုကြမည်ဟု ဆိုလိုသည်။ သို့ဖြင့် သူတို့သည် အမြင့်မြတ်ဆုံးအရှင်၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် အမှုထမ်းကြပေမည်။ သို့သော် လူအုပ်သည် မည်သို့တုံ့ပြန်ခဲ့သနည်း။—ဟေဗြဲ ၁:၁၊ ၂။
jd-E ၁၆၇ ပိုဒ်. ၄
“လူမျိုးတကာကို ကြေညာလိုက်ပါ”
၄ ဒီကိစ္စကို တခြားရှုထောင့်ကနေ ကြည့်ပါ။ “အဲဒီနောက် စွမ်းအားတော်ကို လူအမျိုးမျိုးအပေါ် ငါသွန်းလောင်းမယ်။ မင်းတို့ရဲ့ သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်။ အသက်ကြီးသူတွေ အိပ်မက် မြင်မက်ကြလိမ့်မယ်။ လူငယ်တွေလည်း စိတ်အာရုံ မြင်ကြလိမ့်မယ်” လို့ ပရောဖက် ယောလကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (ယောလ ၂:၂၈-၃၂) အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ တမန်တော်ပေတရုက ဒီကျမ်းချက် သက်ဆိုင်ပုံကို ဖော်ပြခဲ့တယ်။ အဲဒီနေ့မှာ ဂျေရုဆလင် အထက်ခန်းမှာ စုဝေးနေတဲ့သူတွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခဲ့တယ်။ ပြီးတော့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” သူတို့ ကြေညာခဲ့တယ်။ (တမန်တော် ၁:၁၂-၁၄။ ၂:၁-၄၊ ၁၁၊ ၁၄-၂၁) ကျွန်တော်တို့အချိန်ကိုလည်း သုံးသပ်ကြည့်ပါ။ ၂၀ ရာစု အစောပိုင်းကတည်းက ယောလရဲ့ပရောဖက်ပြုချက် ပြည့်စုံနေတယ်။ ဘိသိက်ခံ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်တွေဟာ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” ကြေညာနေကြတယ်။ အဲဒီထဲမှာ ကောင်းကင်မှာတည်ထောင်ပြီဖြစ်တဲ့ နိုင်ငံတော် သတင်းကောင်းအကြောင်းလည်း ပါဝင်တယ်။
ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ
၂:၃၂၊ ကဘ—“ယေဟောဝါ၏ နာမတော်ကို ခေါ်ခြင်း” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင့် နာမတော်ကို ခေါ်ခြင်းဟူသည် ထိုနာမတော်ကိုသိခြင်း၊ အလွန်ရိုသေလေးစားခြင်း၊ ထိုနာမတော် ပိုင်ဆိုင်ထားသော အရှင်အား ယုံကြည်ကိုးစားခြင်းကို ဆိုလို၏။—ရောမ ၁၀:၁၃၊ ၁၄။
ရှာဖွေလေ့လာ ဘုရားရေးရာ ရတနာ
ယောလနှင့် အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ
၂:၁၂၊ ၁၃။ စစ်မှန်သောနောင်တသည် နှလုံးအကြွင်းမဲ့ဖြစ်ရမည်။ ယင်းတွင် “အဝတ်ကိုမဆုတ်ဘဲ” “နှလုံးကိုဆုတ်” ခြင်းပါဝင်သည်။
ယောလနှင့် အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ
၃:၁၄—“ကွပ်မျက်ရာချိုင့်” ကားအဘယ်နည်း။ ယင်းသည် ဘုရားသခင် တရားစီရင်သော ပုံဆောင်နေရာဖြစ်သည်။ “ယေဟောဝါသည် တရားသူကြီးဖြစ်တော်မူ၏” ဟုအဓိပ္ပာယ်ရသည့် ဘုရင်ယောရှဖတ် အုပ်စိုးချိန်တွင် ယုဒပြည်ကို ဝိုင်းရံထားသော စစ်တပ်များကို ရှုပ်ထွေးစေခြင်းဖြင့် ယုဒပြည်ကို ဘုရားသခင်ကယ်တင်ခဲ့သည်။ ထို့ကြောင့် ထိုနေရာကို “ယောရှဖတ်ချိုင့်” ဟုလည်းခေါ်သည်။ (ယောလ ၃:၂၊ ၁၂) ယနေ့အချိန်တွင် ယင်းသည် စပျစ်သီးနယ်ရာကျင်းရှိ စပျစ်သီးများ နင်းချေခံရသကဲ့သို့ လူမျိုးများဖျက်ဆီးခံရမည့် ပုံဆောင်နေရာကို ဆိုလိုသည်။—ဗျာ. ၁၉:၁၅။