ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၈/၁၅ စာ. ၁၇-၂၂
  • ယေဟောဝါ နှစ်ခြိုက်သော ချီးမွမ်းခြင်းယဇ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ နှစ်ခြိုက်သော ချီးမွမ်းခြင်းယဇ်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ကိုဆုံးမ၍ နှစ်သိမ့်ရန်
  • စင်ကြယ်သန့်ရှင်းသော ယဇ်များကိုပူဇော်ပါ
  • ချီးမွမ်းခြင်းယဇ်များကို စိတ်နှလုံးအကြွင်းမဲ့ပူဇော်လော့
  • ဘုရားသခင်နှင့် လူတို့နှင့်ပေါင်းဖော်ရခြင်း၌ ဝမ်းမြောက်ပါ
  • ကျွန်ုပ်တို့အားစောင့်ကြိုနေသည့် ယေဟောဝါထံတော်မှ ကြွယ်ဝသောကောင်းချီးများ
  • ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘အမှန်တရား၏ အသွင်အပြင်’ ကနေသင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်နှစ်သက်သော ယဇ်များကိုပူဇော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယဇ်ပူဇော်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၈/၁၅ စာ. ၁၇-၂၂

ယေဟောဝါ နှစ်ခြိုက်သော ချီးမွမ်းခြင်းယဇ်များ

‘အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ကြလော့။’—ရောမ ၁၂:၁။

၁။ မောရှေပညတ်အောက်မှ တန်ဖိုးအကန့်အသတ်ရှိသောယဇ်နှင့်စပ်လျဉ်း၍ ကျမ်းစာကအဘယ်သို့ပြောသနည်း။

“ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။” (ဟေဗြဲ ၁၀:၁) ထိုတွင် တမန်တော်ပေါလုက မောရှေပညတ်အောက်၌ပူဇော်သော ယဇ်အားလုံးသည် လူ့ကယ်တင်ခြင်းနှင့်ပတ်သက်၍ တည်မြဲသောတန်ဖိုးမရှိဟူ၍ အထင်အရှားဖော်ပြသည်။—ကောလောသဲ ၂:၁၆၊ ၁၇။

၂။ ပညတ်တရား၏ယဇ်ပူဇော်ခြင်းနှင့် ယဇ်များဆိုင်ရာ ကျမ်းစာထဲမှအသေးစိတ်အချက်အလက်များကို နားလည်ဖို့ကြိုးစားခြင်းသည် အဘယ်ကြောင့်အချည်းနှီးမဖြစ်သနည်း။

၂ ထို့ကြောင့် ပင်တကျွတ်ကျမ်းထဲမှ ပူဇော်သကာများ၊ ယဇ်များနှင့်ပတ်သက်သောအရာများသည် မျက်မှောက်ခေတ်ခရစ်ယာန်များအတွက် တန်ဖိုးမရှိဟုဆိုလိုနေခြင်းလော။ အမှန်မှာ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများ၏ အသင်းတော်များရှိ သီအိုကရက်တစ်အမှုဆောင်ကျောင်းတွင် အမည်စာရင်းပေးသွင်းခဲ့ကြသူများသည် မကြာသေးမီက ကျမ်းစာ၏ပထမငါးစောင်ကို တစ်နှစ်ကျော်ကျော်လေးကာလအတွင်း ဖတ်ရှုခဲ့ကြသည်။ အချို့မှာ ယင်းကိုဖတ်ရှု၍ အသေးစိတ်အချက်အားလုံးကိုနားလည်ဖို့ အပတ်တကုတ်ကြိုးစားခဲ့ကြသည်။ သူတို့၏ကြိုးပမ်းမှုအားလုံး အချည်းနှီးဖြစ်ခဲ့ပြီလော။ မဖြစ်နိုင်သည်မှာ သေချာ၏၊ အကြောင်းမှာ ‘ငါတို့၏တည်ကြည်ခြင်းနှင့် ကျမ်းစာမှရသော နှစ်သိမ့်ခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမ၍ ရေးထား’ သောကြောင့်ဖြစ်၏။ (ရောမ ၁၅:၄၊ ကဘ) သို့ဖြစ်၍ မေးစရာမှာ ပညတ်တရားတွင်ပါသော ပူဇော်သကာများ၊ ယဇ်များနှင့်ဆိုင်သည့် အချက်အလက်များမှ အဘယ် ‘ဆုံးမ’ စကားနှင့် “နှစ်သိမ့်ခြင်း” ရရှိနိုင်သနည်းဟူ၍ဖြစ်သည်။

ကျွန်ုပ်တို့ကိုဆုံးမ၍ နှစ်သိမ့်ရန်

၃။ ကျွန်ုပ်တို့၌ အဘယ်အခြေခံလိုအပ်ချက်ရှိသနည်း။

၃ ပညတ်တော်ပြဋ္ဌာန်းသည့်နည်းဖြင့် ပကတိယဇ်များကို ကျွန်ုပ်တို့ပူဇော်ဖို့မလိုသော်လည်း ကျွန်ုပ်တို့၏အပြစ်များလွှတ်ရန်နှင့် ဘုရားသခင့်မျက်နှာသာခံစားရရန် ယဇ်များက ဣသရေလလူတို့အတွက် အတိုင်းအတာတစ်ခုအထိလုပ်ပေးခဲ့ရာကို ကျွန်ုပ်တို့အလွန်လိုအပ်ဆဲဖြစ်သည်။ ပကတိယဇ်များကို ကျွန်ုပ်တို့မပူဇော်ကြတော့သည့်အတွက် ယင်းသို့သောအကျိုးများကို မည်သို့ရရှိနိုင်သနည်း။ တိရစ္ဆာန်ယဇ်များ၏ ကန့်သတ်မှုများကိုညွှန်ပြပြီးနောက် ပေါလုကဤသို့ကြေညာခဲ့သည်– “ခရစ်တော်သည် ဤလောကသို့ကြွလာသောအခါ၊ ‘အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်’ ဟု လျှောက်ဆို၏။”—ဟေဗြဲ ၁၀:၅-၇။

၄။ ပေါလုသည် ဆာလံ ၄၀:၆-၈ ကိုယေရှုခရစ်နှင့် မည်သို့သက်ဆိုင်စေသနည်း။

၄ ပေါလုက ဆာလံ ၄၀:၆-၈ ကိုကိုးကားလျက် ရေးသားချိန်၌ ဘုရားသခင့်နှစ်သက်လက်ခံမှုကို မရရှိတော့သည့် “ယဇ်နှင့်ပူဇော်သကာ”၊ “မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်” တို့ကိုအမြဲတည်စေဖို့ ယေရှုကြွလာခြင်းမဟုတ်ကြောင်း ညွှန်ပြသည်။ ယင်းအစား ယေရှုသည် ကိုယ်တော်၏ကောင်းကင်ခမည်းတော် ပြင်ဆင်ပေးသည့်ကိုယ်ခန္ဓာ၊ အာဒံကိုဖန်ဆင်းချိန်က ဘုရားသခင်ပြင်ဆင်ခဲ့သောကိုယ်ခန္ဓာနှင့် အဘက်ဘက်တွင် ထပ်တူထပ်မျှဖြစ်သော ကိုယ်ခန္ဓာဖြင့် ကြွလာခဲ့သည်။ (ကမ္ဘာဦး ၂:၇; လုကာ ၁:၃၅; ၁ ကောရိန္သု ၁၅:၂၂၊ ၄၅) ယေရှုသည် ဘုရားသခင်၏စုံလင်သောသားတော်အနေနှင့် ကမ္ဘာဦး ၃:၁၅ ၌ကြိုတင်ဟောထားသည့်အတိုင်း မိန်းမ၏ “အမျိုးအနွယ်” အခန်းကဏ္ဍကိုရရှိထားသည်။ ယေရှုကိုယ်တိုင် ‘ဖနောင့်အကြိတ်ခံရ’ မည်ဖြစ်သော်လည်း ကိုယ်တော်သည် ‘စာတန်၏ခေါင်းကိုကြိတ်’ ရလိမ့်မည်။ ဤနည်းအားဖြင့် ယေရှုသည် အာဗေလခေတ်မှစ၍ ယုံကြည်ခြင်းရှိသူများ စောင့်မျှော်ခဲ့ကြသည့် လူသားတို့၏ကယ်တင်ခြင်းအတွက် ယေဟောဝါပြင်ဆင်ပေးရာဖြစ်လာလေသည်။

၅၊ ၆။ ဘုရားသခင်ထံချဉ်းကပ်ဖို့ အဘယ်သာလွန်သည့်နည်းကို ခရစ်ယာန်များရနိုင်သနည်း။

၅ ယေရှုဆောင်ရွက်ရသော ဤအထူးအခန်းကဏ္ဍနှင့်ပတ်သက်၍ ပေါလုကဤသို့ဆိုသည်– “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” (၂ ကောရိန္သု ၅:၂၁) “အပြစ်ရှိသောသူဖြစ်စေ” သည်ဟူသော အသုံးအနှုန်းကို ‘အပြစ်ဖြေရာယဇ်ဖြစ်စေ’ သည်ဟူ၍လည်းပြန်ဆိုနိုင်သည်။ တမန်တော်ယောဟန်က “ထိုသခင်သည် ငါတို့၏အပြစ်မက၊ လော[က]သားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏” ဟုဆိုသည်။ (၁ ယောဟန် ၂:၂) ထို့ကြောင့် ဣသရေလလူတို့သည် သူတို့၏ယဇ်များအားဖြင့် ဘုရားသခင်ထံ အခိုက်အတန့်ချဉ်းကပ်နည်းရှိသော်လည်း ခရစ်ယာန်များ၌မူ ဘုရားသခင်ထံချဉ်းကပ်ဖို့ သာလွန်သည့်အကြောင်းရင်းတည်းဟူသော ယေရှုခရစ်၏ယဇ်ရှိသည်။ (ယောဟန် ၁၄:၆; ၁ ပေတရု ၃:၁၈) ဘုရားသခင်ပြင်ဆင်ပေးသော ရွေးဖိုးပူဇော်သကာကိုယုံကြည်မည်ဆိုလျှင် ကျွန်ုပ်တို့လည်း အပြစ်များခွင့်လွှတ်ခံရ၍ ဘုရားသခင့်မျက်နှာသာတော်နှင့် ကောင်းချီးခံစားရမည်ဖြစ်သည်။ (ယောဟန် ၃:၁၇၊ ၁၈) ယင်းက နှစ်သိမ့်မှုပေးသည်မဟုတ်ပေလော။ သို့သော် ရွေးနုတ်ဖိုးပူဇော်သကာကို ကျွန်ုပ်တို့ယုံကြည်အားထားကြောင်း မည်သို့တင်ပြနိုင်သနည်း။

၆ ဘုရားသခင်ထံချဉ်းကပ်ဖို့ ခရစ်ယာန်များ၌ သာလွန်သည့်အခြေခံအကြောင်းရင်းရှိကြောင်း ရှင်းပြပြီးနောက် တမန်တော်ပေါလုသည် ဟေဗြဲ ၁၀:၂၂-၂၅ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ဘုရားသခင်၏မေတ္တာပါသော ပြင်ဆင်ပေးချက်ကို ယုံကြည်၊ လေးစားကြောင်းတင်ပြနိုင်သည့်နည်းသုံးနည်း ဖော်ပြသည်။ ပေါလု၏တိုက်တွန်းချက်သည် “သန့်ရှင်းရာဌာနထဲသို့ . . . ဝင်ရသောအခွင့်ရှိ” သူ—ကောင်းကင်ခေါ်တော်မူခြင်းရရှိထားသည့် ဘိသိက်ခံခရစ်ယာန်—များကို အဓိကရည်ရွယ်ပြီးပြောခြင်းဖြစ်သော်လည်း ယေရှု၏အပြစ်ဖြေရာယဇ်မှ အကျိုးခံစားလိုလျှင် လူသားအားလုံး ပေါလု၏မှုတ်သွင်းခံစကားများကို အာရုံစိုက်ဖို့လိုသည်မှာအမှန်။—ဟေဗြဲ ၁၀:၂၀။

စင်ကြယ်သန့်ရှင်းသော ယဇ်များကိုပူဇော်ပါ

၇။ (က) ဟေဗြဲ ၁၀:၂၂ က ယဇ်ပူဇော်ခြင်း၌ပြုလုပ်ခဲ့ရာကို မည်သို့ဖော်ပြသနည်း။ (ခ) ယဇ်တစ်ခုသည် ဘုရားသခင်လက်ခံဖွယ်ဖြစ်ကြောင်း သေချာစွာသိနိုင်ဖို့ အဘယ်အရာပြုလုပ်ခဲ့ရသနည်း။

၇ ဦးဆုံး၊ ပေါလုက ခရစ်ယာန်များကိုဤသို့တိုက်တွန်းသည်– “ငါတို့သည် သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍၊ [စိတ်နှစ်ခွ] နှင့်ကင်းသောယုံကြည်ခြင်း၌တည်လျက်၊ စိတ်နှလုံးကို [ဆိုးညစ်ခြင်း] နှင့်လွတ်အောင်ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့်ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” (ဟေဗြဲ ၁၀:၂၂) ဤတွင်အသုံးပြုထားသော အသုံးအနှုန်းက ပညတ်တရားအောက်ရှိ ပုံဆောင်ယဇ်သကာကို ပူဇော်ရာတွင် အဘယ်အမှုကိုပြုလုပ်ခဲ့ကြောင်း အတိအလင်းထင်ရှားစေသည်။ ၎င်းသည် သင့်လျော်၏၊ အကြောင်းမှာ လက်ခံဖွယ်ယဇ်ဖြစ်ဖို့ရန် ယင်းကို ရည်ရွယ်ချက်မှန်နှင့်ပူဇော်ရပြီး စင်ကြယ်သန့်ရှင်းရာယဇ်ဖြစ်ရမည်။ ပူဇော်သကာယဇ်ကောင်မှာ နွားအုပ်၊ သို့မဟုတ် သိုးအုပ်မှဖြစ်သည်၊ ဆိုလိုသည်မှာ “ကြန်အင်စုံသော” အနာအဆာကင်းသည့် စင်ကြယ်သောတိရစ္ဆာန်များမှဖြစ်သည်။ ငှက်များကိုပူဇော်လျှင် ခို သို့မဟုတ် ချိုးကလေးများဖြစ်ရမည်။ ထိုအတိုင်းဖြစ်မည်ဆိုလျှင် “အပြစ်ဖြေခြင်းအဖြစ် လက်ခံ [ဖို့ဖြစ်သည်]။” (ဝတ်ပြုရာ ၁:၂-၄၊ ၁၀၊ ၁၄၊ သမ; ၂၂:၁၉-၂၅) ဘောဇဉ်ပူဇော်သကာ၌ ဖောက်ပြန်ခြင်းအထိမ်းအမှတ်ဖြစ်သည့် တဆေးမပါသကဲ့သို့ အချဉ်ပေါက်စေသော သကာရည်ကိုဆိုလိုနိုင်သည့် ပျားရည်လည်းမပါပေ။ ယဇ်သကာများ—တိရစ္ဆာန် သို့မဟုတ် အသီးအနှံ—ကို ယဇ်ပလ္လင်ပေါ်ပူဇော်သည့်အခါ တာရှည်ခံစေရန် ဆားခပ်ရသည်။—ဝတ်ပြုရာ ၂:၁၁-၁၃။

၈။ (က) ယဇ်ပူဇော်သူထံမှ အဘယ်အရာတောင်းဆိုခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ယေဟောဝါနှစ်သက်ကြောင်း မည်သို့သေချာစေနိုင်သနည်း။

၈ ယဇ်ပူဇော်သူကော အသို့နည်း။ ပညတ်တရားက ယေဟောဝါရှေ့မှောက် ခစားသူမည်သူမဆိုသည် စင်ကြယ်သန့်ရှင်းရမည်ဟု ဖော်ပြထားသည်။ အကြောင်းတစ်ခုခုကြောင့် ညစ်ညူးခဲ့သူတစ်ဦးသည် ယေဟောဝါရှေ့ သူ၏စင်ကြယ်သောအနေအထားကိုပြန်ရရှိဖို့ အပြစ်ဖြေရာ သို့မဟုတ် ကျူးလွန်မှုဖြေရာယဇ်ကို ဦးဆုံးပူဇော်ရသည်၊ သို့မှသာ သူ၏မီးရှို့ရာယဇ် သို့မဟုတ် မိတ်သဟာယယဇ်ကို ကိုယ်တော်လက်ခံနိုင်မည်ဖြစ်သည်။ (ဝတ်ပြုရာ ၅:၁-၆၊ ၁၅၊ ၁၇) ထို့ကြောင့် ယေဟောဝါရှေ့ စင်ကြယ်သောအနေအထား အစဉ်ရှိခြင်း၏အရေးပါမှုကို သဘောပေါက်ပါသလော။ ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်စေလိုလျှင် ဘုရားသခင့်ပညတ်တော် ချိုးဖောက်မှုမှန်သမျှကို အလျင်အမြန်အမှားပြင်ရမည်။ ဘုရားသခင်ပေးထားရာဖြစ်သည့်—‘အသင်းတော်မှ အသက်ကြီးသူများ’ နှင့် ကျွန်ုပ်တို့၏ “အပြစ်ဖြေစရာအကြောင်း” ယေရှုခရစ်—တို့၏ထောက်မမှုကို ကျွန်ုပ်တို့ရယူရာတွင် မြန်ဆန်သင့်သည်။—ယာကုပ် ၅:၁၄; ၁ ယောဟန် ၂:၁၊ ၂။

၉။ ယေဟောဝါထံပူဇော်သည့်ယဇ်များနှင့် မဟာဗာဗုလုန်ဘုရားသခင်များထံပူဇော်သည့်ယဇ်များ၏ အဓိကကွာခြားချက်ကား အဘယ်နည်း။

၉ ယေဟောဝါထံပူဇော်သည့်ယဇ်များနှင့် ဣသရေလနိုင်ငံဝန်းကျင်ရှိလူတို့ [မဟာဗာဗုလုန်] ဘုရားသခင်များထံပူဇော်သည့် ယဇ်များ၏ အဓိကကွာခြားချက်မှာ အဘယ်ညစ်ညူးမှုမျှမရှိစေခြင်းကို အလေးပေးခြင်းဖြစ်သည်။ မောရှေပညတ်အရ ယဇ်ပူဇော်ခြင်း၏ ဤထူးခြားသောအသွင်အပြင်နှင့်ပတ်သက်၍ ကိုးကားချက်တစ်ခုက ဤသို့ဖော်ပြသည်– “အနာဂတ်ဟောခြင်း သို့မဟုတ် နိမိတ်ဖတ်ခြင်းတို့နှင့် လုံးဝမစပ်ဆိုင်; ဘာသာရေးသွေးရူးသွေးတန်းဖြစ်ခြင်း၊ မိမိကိုယ်အင်္ဂါကို ခုတ်ဖြတ်ခြင်းမရှိကြောင်း၊ ကာမဂုဏ်လွန်ကျူးသည့် မျိုးပွားထုံးစံတို့ကို လုံးဝတားမြစ်ထားရာ မြင့်မြတ်သောပြည့်တန်ဆာလုပ်ငန်းမရှိ; လူကိုပူဇော်ခြင်းမရှိ; သေလွန်သူများအတွက် ယဇ်ပူဇော်ခြင်းမရှိကြောင်း ကျွန်ုပ်တို့သတိပြုမိပေမည်။” ယင်းတို့အားလုံးက ဤဖြစ်ရပ်မှန်တစ်ခုတည်းကို အာရုံစိုက်စေသည်– ယေဟောဝါသည် သန့်ရှင်းတော်မူပြီး မည်သည့်အပြစ်၊ မည်သည့်ဖောက်ပြန်မှုကိုမျှ ကိုယ်တော်ခွင့်မပြု သို့မဟုတ် မနှစ်သက်ပါ။ (ဟဗက္ကုတ် ၁:၁၃) ကိုယ်တော်အား ပေးဆက်သည့် ဝတ်ပြုမှုနှင့်ယဇ်များသည်—ကာယရေး၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဘက် စင်ကြယ်သန့်ရှင်းရမည်။—ဝတ်ပြုရာ ၁၉:၂; ၁ ပေတရု ၁:၁၄-၁၆။

၁၀။ ရောမ ၁၂:၁၊ ၂ တွင်မှတ်တမ်းတင်ထားသည့် ပေါလု၏တိုက်တွန်းချက်နှင့်အညီ မိမိကိုယ်ကို အဘယ်စစ်ဆေးမှုပြုသင့်သနည်း။

၁၀ ယင်းကြောင့် ကျွန်ုပ်တို့၏အမှုတော်ဆောင်ခြင်းကို ယေဟောဝါလက်ခံနိုင်စေဖို့ ကျွန်ုပ်တို့၏ဘဝကဏ္ဍအားလုံးကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးသင့်သည်။ ခရစ်ယာန်အစည်းအဝေးများနှင့် အမှုဆောင်ခြင်းတို့တွင် အသင့်အတင့်ပါဝင်နေသမျှကာလပတ်လုံး ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လျှင် အဘယ်အရာလုပ်လုပ် အကြောင်းမဟုတ်ပါဟု ဘယ်အခါမျှမယူမှတ်သင့်ချေ။ ခရစ်ယာန်လုပ်ငန်းများတွင် ပါဝင်နေသည့်အတွက် ကျွန်ုပ်တို့၏အခြားဘဝကဏ္ဍများ၌ ဘုရားသခင့်ပညတ်တော်များကိုလိုက်နာဖို့မလိုဟူ၍လည်း မယူမှတ်သင့်ပါ။ (ရောမ ၂:၂၁၊ ၂၂) ဘုရားသခင်ရှေ့မှောက် မစင်ကြယ်၊ မသန့်ရှင်းရာတစ်ခုဖြင့် ကျွန်ုပ်တို့၏အတွေးအခေါ် သို့မဟုတ် လုပ်ရပ်များကို ညစ်ညူးစေခွင့်ပြုမည်ဆိုလျှင် ကိုယ်တော်၏ကောင်းချီးနှင့် မျက်နှာသာတော်ရဖို့ မမျှော်လင့်နိုင်ချေ။ ပေါလု၏ဤစကားများကို စိတ်စွဲမှတ်ထားပါ– “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လော[က]ပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—ရောမ ၁၂:၁၊ ၂။

ချီးမွမ်းခြင်းယဇ်များကို စိတ်နှလုံးအကြွင်းမဲ့ပူဇော်လော့

၁၁။ ဟေဗြဲ ၁၀:၂၃ တွင်ဖော်ပြထားသော “လူအများရှေ့ကြေညာချက်” ဟူသောဝေါဟာရ၌ အဘယ်အရာပါဝင်သနည်း။

၁၁ ၎င်းနောက် ဟေဗြဲလူများထံစာရေးရာ၌ ပေါလုသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးပါသောဤကဏ္ဍကို အာရုံစိုက်စေသည်– “ငါတို့၏မျှော်လင့်ခြင်းအကြောင်းနှင့်ဆိုင်ရာ လူအများရှေ့ကြေညာချက်ကို မတိမ်းမယိမ်းဘဲ စွဲကိုင်ကြကုန်အံ့။ အကြောင်းမူကား ကတိထားတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။” (ဟေဗြဲ ၁၀:၂၃၊ သမ္မာ) “လူအများရှေ့ကြေညာချက်” ဟူသောအသုံးအနှုန်းသည် စာသားအရ “ဝန်ခံ” ခြင်းဟူ၍အဓိပ္ပာယ်ရှိပြီး ပေါလုသည် “ချီးမွမ်းခြင်းယဇ်” အကြောင်းလည်းပြောဆိုခဲ့သည်။ (ဟေဗြဲ ၁၃:၁၅) ၎င်းက အာဗေလ၊ နောဧနှင့် အာဗြဟံကဲ့သို့သောသူတို့ ပူဇော်ခဲ့သောယဇ်မျိုးကို သတိရစေသည်။

၁၂၊ ၁၃။ ဣသရေလလူတစ်ဦးသည် မီးရှို့ရာယဇ်ကိုပူဇော်သောအခါ အဘယ်အရာကို သူအသိအမှတ်ပြုသနည်း၊ အလားတူစိတ်ဓာတ်ကိုဖော်ပြရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။

၁၂ ဣသရေလလူတစ်ဦးသည် မီးရှို့ရာယဇ်ကိုပူဇော်သောအခါ “ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာ” ထိုသို့ပြုခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁:၃) ထိုသို့သောယဇ်အားဖြင့် သူသည် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးများနှင့် ကိုယ်တော်၏လူတို့အားပြသည့် ချစ်ခင်ကြင်နာမှုကို အလိုအလျောက်ဝန်ခံသည် သို့မဟုတ် အသိအမှတ်ပြုသည်။ မီးရှို့ရာယဇ်၏ထူးခြားချက်မှာ ယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မီးရှို့ခြင်းဖြစ်ကြောင်း သတိရပါ၊ ယင်းသည် လုံးလုံးလျားလျားဆက်ကပ်အပ်နှံခြင်း၏ ဆီလျော်သောအထိမ်းအမှတ်ဖြစ်၏။ ၎င်းနှင့်အညီ ကျွန်ုပ်တို့သည် “နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်” ကိုယေဟောဝါအား စိတ်လိုကိုယ်လျောက် နှလုံးအကြွင်းမဲ့ပူဇော်ကြသောအခါ ရွေးဖိုးပူဇော်သကာကိုယုံကြည်ကြောင်း၊ ထိုပြင်ဆင်ပေးချက်ကို ကျေးဇူးတင်ကြောင်း တင်ပြကြသည်။

၁၃ ခရစ်ယာန်များသည် တိရစ္ဆာန် သို့မဟုတ် ဟင်းသီးဟင်းရွက်စသည့် ပကတိယဇ်များကိုမပူဇော်ကြသော်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သက်သေခံ၍ ယေရှုခရစ်၏တပည့်များဖြစ်စေဖို့ သူတို့၌တာဝန်ရှိသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) နာခံသောလူသားတို့အတွက် ဘုရားသခင်သိုမှီးထားသော အံ့ဖွယ်ရာများကို သာ၍များစွာသောသူတို့သိလာစေဖို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူသိရှင်ကြားကြေညာခြင်း၌ အသင်သည် အခွင့်အရေးယူ၍ပါဝင်သလော။ စိတ်ဝင်စားသူများကို သွန်သင်ခြင်းနှင့် ယေရှုခရစ်၏တပည့်များဖြစ်လာဖို့ သူတို့ကိုကူညီပေးခြင်းတွင် သင့်အချိန်နှင့်ခွန်အားကို တလိုတလားအသုံးပြုပါသလော။ အမှုဆောင်ခြင်း၌ ကျွန်ုပ်တို့ဇွဲရှိရှိပါဝင်ခြင်းသည် မီးရှို့ရာယဇ်၏မွှေးကြိုင်သောရနံ့ကဲ့သို့ ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈။

ဘုရားသခင်နှင့် လူတို့နှင့်ပေါင်းဖော်ရခြင်း၌ ဝမ်းမြောက်ပါ

၁၄။ ဟေဗြဲ ၁၀:၂၄၊ ၂၅ မှပေါလု၏စကားများသည် မိတ်သဟာယယဇ်နှင့် မည်သို့သဘောတူညီသနည်း။

၁၄ နောက်ဆုံး၌ ပေါလုသည် ဘုရားသခင်အားကျွန်ုပ်တို့ဝတ်ပြုနေကြစဉ် ခရစ်ယာန်ချင်းများနှင့် ကျွန်ုပ်တို့၏ဆက်စပ်မှုကို အာရုံပြုစေသည်။ “ထိုမှတစ်ပါး၊ မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း”၊ “အချင်းချင်းစည်းဝေးခြင်းအမှု” နှင့် “အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်” ဟူသောအသုံးအနှုန်းအားလုံးတို့က ဣသရေလနိုင်ငံတွင် မိတ်သဟာယယဇ်က ဘုရားသခင့်လူမျိုးတော်အတွက် အဘယ်အရာပြုလုပ်ပေးသည်ကို ကျွန်ုပ်တို့အား ပြန်သတိရစေသည်။

၁၅။ မိတ်သဟာယယဇ်နှင့် ခရစ်ယာန်အစည်းအဝေးများစပ်ကြား အဘယ်ဆင်တူချက်ကိုတွေ့ရသနည်း။

၁၅ “မိတ်သဟာယယဇ်” ဟူသောဝေါဟာရကို တစ်ခါတစ်ရံ “ငြိမ်သက်ခြင်းယဇ်” ဟုပြန်ဆိုသည်။ ဤတွင် “ငြိမ်သက်ခြင်း” အတွက်အသုံးပြုသော ဟေဗြဲစကားလုံးမှာ ဗဟုဝုစ်ကိန်းဖြစ်ပြီး ထိုယဇ်တွင်ပါဝင်ခြင်းသည် ဘုရားသခင်နှင့်သော်လည်းကောင်း၊ ဝတ်ပြုသူချင်းတို့နှင့်သော်လည်းကောင်း ငြိမ်သက်ခြင်းရစေကြောင်း ဖော်ပြခြင်းဖြစ်နိုင်သည်။ မိတ်သဟာယယဇ်နှင့်ပတ်သက်၍ ပညာရှင်တစ်ဦးက ဤသို့ဖော်ပြသည်– “အမှန်မှာ ယင်းသည် ပဋိညာဉ်ဖွဲ့သည့်ဘုရားသခင်နှင့် ပျော်ရွှင်ဖွယ်ပေါင်းဖော်ချိန်ဖြစ်သည်၊ ကိုယ်တော်သည် အစဉ်သဖြင့် သူတို့၏အိမ်ရှင်ဖြစ်နေလျက်ပင် ထိုအချိန်အခါ၌ ယဇ်သကာဆိုင်ရာစားပွဲ၌ ဣသရေလလူတို့၏ဧည့်သည်အဖြစ်ကြွလာဖို့ မိမိကိုယ်ကိုနှိမ့်ချခဲ့သည်။” ယင်းက “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်” ဟူသော ယေရှု၏ကတိတော်ကို သတိရစေသည်။ (မဿဲ ၁၈:၂၀) ခရစ်ယာန်အစည်းအဝေးတစ်ခုကို ကျွန်ုပ်တို့တက်ရောက်တိုင်း တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှု၊ အားပေးမှုဖြစ်စေသည့်သွန်သင်မှုနှင့် ကျွန်ုပ်တို့နှင့်အတူ သခင်ယေရှုခရစ်ရှိနေသည်ဟူသောအသိစိတ်တို့မှ အကျိုးခံစားရကြသည်။ ၎င်းက ခရစ်ယာန်အစည်းအဝေးကို အမှန်တကယ်ရွှင်လန်းဖွယ်ဖြစ်စေပြီး ယုံကြည်ခြင်းခိုင်ခံ့စေသော အချိန်အခါဖြစ်စေသည်။

၁၆။ မိတ်သဟာယယဇ်ကို စိတ်စွဲမှတ်ကာ အဘယ်အရာက ခရစ်ယာန်အစည်းအဝေးများကို အထူးရွှင်လန်းဖွယ်ဖြစ်စေသနည်း။

၁၆ မိတ်သဟာယယဇ်တွင် ဆီဥအားလုံး—အူပတ်ဝန်းကျင်ရှိဆီဥ၊ ကျောက်ကပ်များ၊ အသည်းနှင့် ခါးဆစ်များပေါ်၌ရှိသော အမြှေးအပြင် သိုး၏အဆီပေါသောအမြီးကိုပါ—ယဇ်ပလ္လင်အပေါ်တွင် မီးရှို့ခြင်းဖြင့် ယေဟောဝါအားပူဇော်ကြရသည်။ (ဝတ်ပြုရာ ၃:၃-၁၆) ဆီဥသည် တိရစ္ဆာန်တစ်ကောင်၏ အာဟာရအရှိဆုံးနှင့် အကောင်းဆုံးအပိုင်းအဖြစ် ယူမှတ်ခံရသည်။ ယင်းကို ယဇ်ပလ္လင်ပေါ်ပူဇော်ခြင်းက ယေဟောဝါအား အကောင်းဆုံးပေးခြင်းကို ပုံဆောင်သည်။ ခရစ်ယာန်အစည်းအဝေးများကို အထူးရွှင်လန်းဖွယ်ဖြစ်စေသည့်အရာမှာ ကျွန်ုပ်တို့သည် သွန်သင်မှုရရှိသည့်အပြင် ယေဟောဝါအားချီးမွမ်းရခြင်းဖြစ်သည်။ ၎င်းကို နှလုံးပါစွာသီဆိုခြင်း၊ ဂရုတစိုက်နားထောင်ခြင်းနှင့် ဖြစ်နိုင်သည့်အခါ မှတ်ချက်ပေးခြင်းတို့တွင်—နှိမ့်ချစွာဖြင့်၊ သို့သော် အကောင်းဆုံးကြိုးပမ်းလျက်—ပါဝင်ခြင်းအားဖြင့်ပြုလုပ်ကြသည်။ ဆာလံဆရာက ဤသို့ကြွေးကြော်ခဲ့သည်– “ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကိုဆို၍ သန့်ရှင်းသူတို့စည်းဝေးရာ၌ ဂုဏ်တော်ကိုချီးမွမ်းကြလော့။”—ဆာလံ ၁၄၉:၁။

ကျွန်ုပ်တို့အားစောင့်ကြိုနေသည့် ယေဟောဝါထံတော်မှ ကြွယ်ဝသောကောင်းချီးများ

၁၇၊ ၁၈။ (က) ယေရုရှလင်မြို့ရှိ ဗိမာန်တော်အပ်နှံပွဲတွင် ရှောလမုန်သည် အဘယ်ကြီးကျယ်သောယဇ်ကိုပူဇော်ခဲ့သနည်း။ (ခ) ဗိမာန်တော်အပ်နှံပွဲအခမ်းအနားမှ လူတို့အဘယ်ကောင်းချီးများ ရရှိခဲ့ကြသနည်း။

၁၇ ဘီ.စီ.အီး. ၁၀၂၆၊ သတ္တမမြောက်လတွင် ယေရုရှလင်မြို့ရှိ ဗိမာန်တော်အပ်နှံပွဲ၌ ရှောလမုန်ဘုရင်သည် “မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်ကောင်ဆီဥ” ပါဝင်သော ‘ယေဟောဝါရှေ့တော်၌ ကြီးကျယ်သောယဇ်’ ကိုပူဇော်ခဲ့သည်။ ထိုအခါသမယတွင် ဘောဇဉ်ပူဇော်သကာ၌ပူဇော်ရာများအပြင် စုစုပေါင်းနွား ၂၂,၀၀၀ နှင့်သိုး ၁၂၀,၀၀၀ ကိုပူဇော်ခဲ့ကြသည်။—၃ ဓမ္မရာဇဝင် ၈:၆၂-၆၅။

၁၈ ဤအခမ်းအနားကြီးအတွက် လိုအပ်သောကုန်ကျစရိတ်နှင့် အလုပ်ပမာဏကို သင်မှန်းဆနိုင်သလော။ သို့တိုင် ဣသရေလလူမျိုးရရှိခဲ့သော ကောင်းချီးများမှာ အတိုင်းထက်အလွန်ဖြစ်ကြောင်း ထင်ရှားသည်။ ပွဲတော်ကြီးပြီးဆုံးသောအခါ ရှောလမုန်သည် “လူများတို့ကိုလွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကိုကောင်းချီးပေးလျက် ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသောကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ပြန်သွားကြ၏။” (၃ ဓမ္မရာဇဝင် ၈:၆၆) ရှောလမုန်ဖော်ပြခဲ့သည့်အတိုင်းပင် “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။”—သု. ၁၀:၂၂။

၁၉။ ယေဟောဝါထံတော်မှ ကြီးမားသောကောင်းချီးများကို ယခုနှင့်ထာဝစဉ်ခံစားရဖို့ ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။

၁၉ “နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးများ” ကို “ပကတိပုံသဏ္ဌာန်” ဖြင့်အစားထိုးခံရချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ (ဟေဗြဲ ၁၀:၁၊ သမ္မာ) ပုံဆောင်ယဇ်ပုရောဟိတ်မင်းကြီး၏ အခန်းကဏ္ဍတွင် ယေရှုခရစ်သည် ကောင်းကင်ကိုယ်ထဲသို့ဝင်ခဲ့ပြီး မိမိ၏ယဇ်ကို ယုံကြည်ကြောင်းတင်ပြသူအားလုံး၏အပြစ်ကိုဖြေဖို့ မိမိ၏အသွေးတန်ဖိုးကို ပေးဆက်ခဲ့ပြီ။ (ဟေဗြဲ ၉:၁၀၊ ၁၁၊ ၂၄-၂၆) ထိုကြီးမြတ်တော်မူသော ယဇ်သကာပေါ်အခြေပြုပြီး စင်ကြယ်သန့်ရှင်းသော ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်ထံ နှလုံးအကြွင်းမဲ့ပူဇော်ခြင်းအားဖြင့် ယေဟောဝါထံတော်မှ ကြွယ်ဝသောကောင်းချီးများကို ကျွန်ုပ်တို့လည်း စောင့်မျှော်ကာ “ဝမ်းမြောက်ရွှင်လန်း” စွာ ရှေ့ဆက်နိုင်ကြပါသည်။—မာလခိ ၃:၁၀။

သင်မည်သို့ဖြေဆိုမည်နည်း

• ပညတ်တရား၌ပါသော ယဇ်နှင့် ပူဇော်သကာဆိုင်ရာအကြောင်းအချက်မှ အဘယ်ဆုံးမမှုနှင့် နှစ်သိမ့်မှုကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

• နှစ်သက်လက်ခံနိုင်ဖွယ်ယဇ်ဖြစ်ဖို့ ပထမလိုအပ်ချက်ကား အဘယ်နည်း၊ ၎င်းသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

• စိတ်လိုကိုယ်လျောက်ပြုသော မီးရှို့ရာယဇ်နှင့် ဆင်တူသည့် အဘယ်အရာကို ကျွန်ုပ်တို့ပူဇော်နိုင်သနည်း။

• ခရစ်ယာန်အစည်းအဝေးများကို မိတ်သဟာယယဇ်နှင့် အဘယ်နည်းများဖြင့်နှိုင်းယှဉ်နိုင်သနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါသည် လူသားတို့ကယ်တင်ခြင်းရရှိဖို့ ယေရှု၏ရွေးဖိုးပူဇော်သကာကိုပေးခဲ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို ယေဟောဝါနှစ်သက်လက်ခံစေဖို့ အဘယ်ညစ်ညူးမှုမဆို ကင်းစင်ရမည်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အမှုဆောင်ခြင်း၌ ကျွန်ုပ်တို့ပါဝင်သောအခါ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို လူသိရှင်ကြားအသိအမှတ်ပြုကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ