ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၂/၁၅ စာ. ၁၈-၂၄
  • ကျွန်ုပ်တို့သည်ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြစို့လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့သည်ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြစို့လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချင်းချင်းကိုယုံကြည်စိတ်ချကြောင်း ဖော်ပြပါ
  • ဘုရားသခင့်နှုတ်မြွက်တော်ကိုသင့်လျော်စွာအသုံးပြုခြင်း
  • ယုံကြည်ခြင်းပုံနမူနာများကို အသက်ဝင်စေခြင်း
  • ယုံကြည်ခြင်း မည်သို့ပိုခိုင်ခံ့လာနိုင်
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၌ ရွှင်လန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၂/၁၅ စာ. ၁၈-၂၄

ကျွန်ုပ်တို့သည်ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြစို့လေ

“ကျွန်ုပ်တို့သည် . . . စိုးလ်ဝိညာဉ်အသက်ရှင်အံ့သောငှာ ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ၏။”—ဟေဗြဲ ၁၀:၃၉၊ ကဘ။

၁။ ယေဟောဝါ၏ သစ္စာရှိကျေးကျွန်တစ်ဦးစီ၏ ယုံကြည်ခြင်းသည် အဖိုးတန်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

ယေဟောဝါအားဝတ်ပြုသူများအပြည့်ရှိ နိုင်ငံတော်ခန်းမတစ်ခုတွင် နောက်တစ်ကြိမ် သင်ရောက်ရှိပါက သင့်ပတ်ပတ်လည်ရှိသူများကို ခေတ္တရပ်၍ကြည့်လိုက်ပါ။ သူတို့ ယုံကြည်ခြင်းတင်ပြသည့် နည်းလမ်းများစွာကို စဉ်းစားကြည့်ပါ။ ဆယ်စုနှစ်များစွာ ဘုရားသခင့်အမှုတော်ဆောင်ခဲ့သည့် အသက်ကြီးသူများ၊ ရွယ်တူချင်းဖိအားကို နေ့စဉ်တွန်းလှန်ခုခံနေရသူ လူငယ်များနှင့် ဘုရားသခင်ကိုကြောက်ရွံ့သည့်ကလေးများဖြစ်လာရန် ကြိုးစားပြုစုပျိုးထောင်နေသည့် မိဘများကို သင်တွေ့ရပေမည်။ တာဝန်များစွာထမ်းဆောင်နေရသည့် အသင်းတော်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများလည်းရှိသည်။ မှန်ပါသည်၊ ယေဟောဝါ၏အမှုတော်ကိုဆောင်ရန် အဟန့်အတားမျိုးစုံကို ဖြေရှင်းကျော်လွှားနေကြရသည့် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မကြီးကြီးငယ်ငယ်ကို သင်တွေ့ရပေမည်။ တစ်ဦးစီ၏ယုံကြည်ခြင်းသည် မည်မျှအဖိုးတန်လှပါသည်တကား!—၁ ပေတရု ၁:၇။

၂။ ဟေဗြဲအခန်းကြီး ၁၀ နှင့် ၁၁ တွင်ပါသော ပေါလု၏ဆုံးမစကားသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အကျိုးရှိသနည်း။

၂ မစုံလင်သည့် လူသားများတွင် ယုံကြည်ခြင်း၏အရေးကြီးမှုကို တမန်တော်ပေါလုထက်နားလည်သူ မရှိသလောက်ဖြစ်သည်။ အမှန်မှာ၊ စစ်မှန်သောယုံကြည်ခြင်းသည် ‘စိုလ်းဝိညာဉ်အသက်ရှင်ခြင်း’ ကိုဖြစ်စေကြောင်း သူဖော်ပြခဲ့သည်။ (ဟေဗြဲ ၁၀:၃၉၊ ကဘ) သို့သော် ဤယုံကြည်ခြင်းကင်းမဲ့သည့်လောကတွင် ယုံကြည်ခြင်းသည် တိုက်ခိုက်၊ တိုက်စားခံရမည်ဖြစ်ကြောင်းကို ပေါလုသိခဲ့သည်။ မိမိတို့၏ယုံကြည်ခြင်းကို ကြိုးစားထိန်းသိမ်းနေကြသည့် ယေရုရှလင်နှင့် ယုဒနယ်တွင်ရှိသော ဟေဗြဲခရစ်ယာန်များအတွက် သူအလွန်စိုးရိမ်ခဲ့သည်။ ဟေဗြဲအခန်းကြီး ၁၀ နှင့် ၁၁ ၏အပိုင်းအချို့ကိုသုံးသပ်စဉ် သူတို့၏ယုံကြည်ခြင်းကို တည်ဆောက်ပေးရန် ပေါလုအသုံးပြုခဲ့သည့် နည်းလမ်းများကို မှတ်သားကြစို့။ ဤသို့ပြုစဉ် ကျွန်ုပ်တို့သည် ကိုယ်ကိုယ်နှိုက်နှင့် ကျွန်ုပ်တို့ပတ်ပတ်လည်ရှိသူများ၏ယုံကြည်ခြင်းကို မည်သို့ပိုမိုခိုင်မြဲစေနိုင်ကြောင်း တွေ့ရှိရပေမည်။

အချင်းချင်းကိုယုံကြည်စိတ်ချကြောင်း ဖော်ပြပါ

၃။ ဟေဗြဲ ၁၀:၃၉ တွင်တွေ့ရသော ပေါလု၏စကားများက ယုံကြည်ခြင်း၌ရှိသော ညီအစ်ကိုညီအစ်မများကို သူစိတ်ချကြောင်း မည်သို့တင်ပြခဲ့သနည်း။

၃ ကျွန်ုပ်တို့မှတ်သားနိုင်သည့် ပထမအချက်မှာ သူ၏ပရိသတ်အပေါ် ပေါလု၏စိတ်ချသောသဘောဖြစ်သည်။ သူကဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရွေ့လျောသွားသည့်လူစားမဟုတ်ဘဲ စိုးလ်ဝိညာဉ်အသက်ရှင်အံ့သောငှာ ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ၏။” (ဟေဗြဲ ၁၀:၃၉၊ ကဘ) ပေါလုသည် သူ၏သစ္စာရှိခရစ်ယာန်ချင်းများအပေါ် အဆိုးဆုံးမဟုတ်ဘဲ အကောင်းဆုံးအမြင်ရှိခဲ့သည်။ “ကျွန်ုပ်တို့” ဟူသောစကားကိုသုံးခဲ့ကြောင်းကိုလည်း သတိပြုပါ။ ပေါလုသည် ဖြောင့်မတ်သောသူဖြစ်သည်။ သို့တိုင် သူ၏ပရိသတ်ထက် ပိုမိုဖြောင့်မတ်သကဲ့သို့ အထက်စီးလေသံဖြင့် မဆက်ဆံခဲ့ပါ။ (ဒေ. ၇:၁၆ နှိုင်းယှဉ်။) ယင်းအစား သူတို့နှင့်အတူ သူ့ကိုယ်သူပါဝင်စေခဲ့သည်။ သူနှင့် သူ၏သစ္စာရှိခရစ်ယာန်စာရှုသူများသည် ၎င်းတို့ရှေ့တွင်ပေါ်လာမည့် စိတ်ပျက်ဖွယ်အတားအဆီးများကို ရင်ဆိုင်ကြမည်၊ ပျက်စီးခြင်းသို့ ရွေ့လျောသွားခြင်းကို ရဲရင့်စွာတွန်းလှန်ကာ ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြောင်း သက်သေထူကြလိမ့်မည်ဟု နှလုံးထဲမှယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့သည်။

၄။ အဘယ်အကြောင်းများကြောင့် ယုံကြည်သူချင်းများကို ပေါလုစိတ်ချခဲ့သနည်း။

၄ ပေါလုသည် ထိုကဲ့သို့သောယုံကြည်စိတ်ချမှု မည်သို့ရှိနိုင်ခဲ့သနည်း။ ဟေဗြဲခရစ်ယာန်များ၏ အပြစ်များကို မသိမမြင်၍လော။ ထိုသို့မဟုတ်ဘဲ သူတို့၏ဝိညာဉ်ရေးအားနည်းချက်များကို အနိုင်ယူနိုင်ရန် အတိအကျဆုံးမပေးခဲ့သည်။ (ဟေဗြဲ ၃:၁၂; ၅:၁၂-၁၄; ၆:၄-၆; ၁၀:၂၆၊ ၂၇; ၁၂:၅) သို့တိုင် ပေါလုသည် သူ၏ညီအစ်ကိုများကိုယုံကြည်စိတ်ချရန် အနည်းဆုံး အကြောင်းကောင်းနှစ်ခုရှိခဲ့သည်။ (၁) ယေဟောဝါအားတုပသူတစ်ဦးအနေနှင့် ပေါလုသည် ဘုရားသခင်၏လူများကို ယေဟောဝါရှုမြင်သကဲ့သို့ရှုမြင်ရန် ကြိုးစားခဲ့သည်။ ဆိုလိုသည်မှာ သူတို့၏အမှားများကိုသာမဟုတ်ဘဲ သူတို့၏အရည်အချင်းကောင်းများနှင့် အနာဂတ်၌ ကောင်းရာကို သူတို့ရွေးချယ်ပြုလုပ်မည့်အလားအလာတို့ကို ရှုမြင်ခြင်းဖြစ်သည်။ (ဆာလံ ၁၃၀:၃; ဧဖက် ၅:၁) (၂) ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို အကြွင်းမဲ့ယုံကြည်ခဲ့သည်။ ယေဟောဝါအား သစ္စာရှိစွာအမှုဆောင်ရန် ကြိုးစားနေသော မည်သည့်ခရစ်ယာန်ကိုမဆို ‘သာမန်ထက်ထူးကဲသောတန်ခိုး’ ကိုယေဟောဝါမပေးနိုင်ရန် အဘယ်တားဆီးမှုကမျှ၊ အဘယ်လူ့အားနည်းချက်ကမျှ မပိတ်ပင်နိုင်ကြောင်း သူသိထားသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ; ဖိလိပ္ပိ ၄:၁၃) ထို့ကြောင့် ညီအစ်ကိုညီအစ်မများအပေါ် ပေါလု၏ယုံကြည်စိတ်ချမှုသည် မှားယွင်း၊ လက်တွေ့မကျ၊ ဇွတ်မှိတ်အကောင်းမြင်ခြင်းမဟုတ်ပါ။ ယင်းသည် ခြေမြစ်ခိုင်လုံပြီး ကျမ်းစာပေါ်အခြေပြုသည်။

၅။ ပေါလု၏ယုံကြည်စိတ်ချမှုကို မည်သို့အတုယူနိုင်ပြီး အဘယ်အကျိုးရရှိနိုင်သနည်း။

၅ ပေါလုပြသခဲ့သည့် ယုံကြည်စိတ်ချမှုသည် အမှန်ပင်ကူးစက်ခဲ့လေသည်။ ဤကဲ့သို့ ပေါလုအားပေးခဲ့ခြင်းသည် ယေရုရှလင်နှင့် ယုဒနယ်တွင်ရှိ အသင်းတော်များအတွက် အလွန်ပင်တာသွားခဲ့ပေမည်။ ဂျူးဆန့်ကျင်သူများ၏ မခံချိမခံသာဖြစ်စေသော ကဲ့ရဲ့ရှုတ်ချမှုများနှင့် ထောင်လွှားသောလျစ်လျူရှုမှုများကြား ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြရန် သန္နိဋ္ဌာန်ချဖို့ ထိုသို့သောစကားများက ဟေဗြဲခရစ်ယာန်များကို ထောက်ကူပေးခဲ့သည်။ ယနေ့ ကျွန်ုပ်တို့လည်း တစ်ဦးကိုတစ်ဦး ထိုသို့ပြုလုပ်နိုင်ကြမည်လော။ အခြားသူများ၏ အပြစ်အနာအဆာများနှင့် ဉာဉ်ဆိုးတသီတတန်းကြီးကို တွေ့မြင်ရန် လွယ်ကူလှပါသည်။ (မဿဲ ၇:၁-၅) သို့တိုင် တစ်ဦးစီပိုင်ဆိုင်သည့် ထူးခြားသောယုံကြည်ခြင်းကို ကျွန်ုပ်တို့သတိပြုတန်ဖိုးထားပါက တစ်ဦးကိုတစ်ဦး ပိုမိုကူညီပေးနိုင်သည်။ ဤသို့သောအားပေးမှုဖြင့် ယုံကြည်ခြင်းသည် ပို၍တိုးပွားလာစရာအကြောင်းရှိသည်။—ရောမ ၁:၁၁၊ ၁၂။

ဘုရားသခင့်နှုတ်မြွက်တော်ကိုသင့်လျော်စွာအသုံးပြုခြင်း

၆။ ဟေဗြဲ ၁၀:၃၈ တွင်မှတ်တမ်းတင်သည့် စကားလုံးများကိုရေးချိန်တွင် မည်သည့်ရင်းမြစ်မှ ပေါလုကိုးကားခဲ့သနည်း။

၆ ပေါလုသည် ကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့်လည်း ဝတ်ပြုကိုးကွယ်သူချင်းတို့၏ ယုံကြည်ခြင်းကို တည်ဆောက်ပေးခဲ့သည်။ ဥပမာ၊ သူကဤသို့ရေးခဲ့သည်– “‘ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။’ သို့သော်လည်း၊ ‘ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိ။’” (ဟေဗြဲ ၁၀:၃၈) ဤတွင်ပေါလုသည် ပရောဖက်ဟဗက္ကုတ်ကို ကိုးကားခဲ့ခြင်းဖြစ်သည်။a အနာဂတ္တိကျမ်းများကို ကောင်းစွာသိခဲ့ကြသော ပေါလု၏ ဟေဗြဲခရစ်ယာန်စာရှုသူများသည် ထိုစကားများနှင့် အကျွမ်းတဝင်ရှိဟန်တူသည်။ စီ.အီး. ၆၁ ခန့်က ယေရုရှလင်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ခရစ်ယာန်များ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန်ဖြစ်သော သူ၏ရည်မှန်းချက်ကိုသုံးသပ်ရာတွင် ဟဗက္ကုတ်၏ပုံသက်သေသည် သင့်လျော်သည့်ရွေးချယ်မှုတစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်နည်း။

၇။ ဟဗက္ကုတ်သည် သူ၏ပရောဖက်ပြုချက်ကို အဘယ်အချိန်တွင် မှတ်တမ်းတင်ခဲ့ပြီး၊ ထိုအချိန်က ယုဒပြည်တွင် အဘယ်အခြေအနေရှိခဲ့သနည်း။

၇ ဟဗက္ကုတ်သည် ဘီ.စီ.အီး. ၆၀၇ တွင်ယေရုရှလင်မြို့မပျက်စီးမီ အနှစ်နှစ်ဆယ်ကျော်စက သူ၏ကျမ်းကိုရေးသားခဲ့ဟန်တူသည်။ ပရောဖက်သည် အဆင်းအာရုံတွင် ‘ပြင်းထန်လျင်မြန်သောလူမျိုး’ ဖြစ်သည့်ခါလဒဲလူမျိုး (သို့မဟုတ်၊ ဗာဗုလုန်လူမျိုး) ယုဒပြည်ထဲဝင်ရောက်လာကာ ယေရုရှလင်မြို့ကိုဖျက်ဆီးပြီး လူများနှင့်တိုင်းနိုင်ငံများကိုဖြိုဖျက်ခဲ့ကြောင်း တွေ့မြင်ခဲ့သည်။ (ဟဗက္ကုတ် ၁:၅-၁၁) သို့သော် ထိုဘေးဆိုးအကြောင်းကို ရာစုတစ်ခုကျော် ကြိုတင်၍ ဟေရှာယအချိန်ကတည်းက ဟောခဲ့ပြီးဖြစ်သည်။ ဟဗက္ကုတ်အချိန်တွင် ယောယကိမ်သည် မင်းကောင်းယောရှိ၏နေရာကိုဆက်ခံပြီး ယုဒပြည်တွင် ဆိုးသွမ်းမှုများ တစ်ဖန်တိုးပွားလာစေခဲ့သည်။ ယောယကိမ်သည် ယေဟောဝါနာမတော်၌ဟောပြောသူများကို နှိပ်စက်ညှဉ်းပန်း၍ သတ်ပင်သတ်ပစ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၅; ယေရမိ ၂၂:၁၇; ၂၆:၂၀-၂၄) ထို့ကြောင့် အလွန်စိတ်ပျက်နေသည့် ပရောဖက်ဟဗက္ကုတ်က ဤသို့ဟစ်ကြွေးခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ– “အိုထာဝရဘုရား . . . အဘယ်မျှကာလပတ်လုံး . . . နည်း။”—ဟဗက္ကုတ် ၁:၂။

၈။ ဟဗက္ကုတ်၏ပုံသက်သေသည် ပထမရာစုနှင့် ယနေ့ခရစ်ယာန်များအတွက် အဘယ်ကြောင့်အထောက်အကူဖြစ်သနည်း။

၈ ယေရုရှလင်မြို့ပျက်စီးမည့်အချိန် မည်မျှနီးကပ်နေကြောင်းကို ဟဗက္ကုတ်မသိခဲ့ပါ။ ထိုနည်းတူ ပထမရာစုခရစ်ယာန်များသည် ဂျူးအစီအစဉ်စနစ်ဆုံးခန်းတိုင်မည့်အချိန်ကို မသိချေ။ ယနေ့ ကျွန်ုပ်တို့လည်း . . . ယေဟောဝါတရားစီရင်မည့် “အချိန်နာရီ” ကိုမသိကြပေ။ (မဿဲ ၂၄:၃၆) သို့ဖြင့် ဟဗက္ကုတ်ကိုယေဟောဝါပေးခဲ့သည့် နှစ်ထပ်ကွမ်းအဖြေကို မှတ်သားကြစို့။ ပထမ၊ အဆုံးသည် အချိန်မီရောက်ရှိလာမည်ဟု ပရောဖက်ကို ကိုယ်တော်စိတ်ချစေခဲ့သည်။ လူ့ရှုထောင့်မှ ကြန့်ကြာနေပုံရှိသော်လည်း “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ဟုဘုရားသခင်မိန့်ဆိုခဲ့သည်။ (ဟဗက္ကုတ် ၂:၃) ဒုတိယ၊ ဟဗက္ကုတ်ကို ယေဟောဝါက ဤသို့သတိပေးခဲ့သည်– “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။” (ဟဗက္ကုတ် ၂:၄) လှပရိုးရှင်းလှသည့် အမှန်တရားပါတကား! အရေးအကြီးဆုံးမှာ အဆုံးသည် အဘယ်အချိန်တွင်ရောက်လာမည်မဟုတ်ဘဲ ယုံကြည်သည့်အသက်တာဖြင့် ကျွန်ုပ်တို့ဆက်အသက်ရှင်နေမနေဖြစ်သည်။

၉။ နာခံမှုရှိသော ယေဟောဝါ၏ကျေးကျွန်များသည် သူတို့၏ယုံကြည်ခြင်းကြောင့် (က) ဘီ.စီ.အီး. ၆၀၇ (ခ) စီ.အီး. ၆၆ တွင်မည်သို့အသက်ဆက်ရှင်ခဲ့ကြသနည်း။ (ဂ) ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၉ ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့လုယက်ဖျက်ဆီးခံရချိန်တွင် ယေရမိ၊ သူ၏စာရေးဗာရုတ်၊ ဧဗဒမေလက်နှင့် သစ္စာရှိသောရေခပ်အမျိုးသားများတို့သည် ဟဗက္ကုတ်ကို ယေဟောဝါပေးခဲ့သည့် ကတိတော်မှန်ကန်ကြောင်း တွေ့မြင်ခဲ့ကြရသည်။ သူတို့သည် ယေရုရှလင်မြို့၏ကြောက်မက်ဖွယ်ပျက်စီးခြင်းကို လွတ်မြောက်ခြင်းအားဖြင့် ‘အသက်ဆက်ရှင်ခဲ့’ ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့၏ယုံကြည်ခြင်းကို ယေဟောဝါဆုချခဲ့ခြင်းကြောင့်ဖြစ်သည်။ (ယေရမိ ၃၅:၁-၁၉; ၃၉:၁၅-၁၈; ၄၃:၄-၇; ၄၅:၁-၅) ထိုနည်းတူပင် ပထမရာစုရှိဟေဗြဲခရစ်ယာန်များသည် ပေါလု၏ဆုံးမစကားကို ကောင်းစွာတုံ့ပြန်ခဲ့ကြပေမည်၊ အကြောင်းမှာ စီ.အီး. ၆၆ တွင်ယေရုရှလင်မြို့ကို ရောမစစ်တပ်တိုက်ခိုက်ပြီး အကြောင်းမဲ့တပ်ခေါက်သွားသောအခါ ထိုသစ္စာရှိခရစ်ယာန်များသည် ထွက်ပြေးရန် ယေရှု၏သတိပေးချက်ကို ဂရုပြုခဲ့ကြသည်။ (လုကာ ၂၁:၂၀၊ ၂၁) သူတို့၏ယုံကြည်ခြင်းကြောင့် သူတို့ဆက်အသက်ရှင်ခဲ့ကြသည်။ အလားတူပင် အဆုံးတိုင်သောအခါ ကျွန်ုပ်တို့ကို သစ္စာရှိနေကြောင်းတွေ့ရှိပါက ဆက်၍အသက်ရှင်နေကြမည်။ ယခုပင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေရန် အရေးကြီးလှသည့်အကြောင်းပါတကား!

ယုံကြည်ခြင်းပုံနမူနာများကို အသက်ဝင်စေခြင်း

၁၀။ ပေါလုသည် မောရှေ၏ယုံကြည်ခြင်းကို မည်သို့ဖော်ပြခဲ့ပြီး၊ ယင်းနှင့်ပတ်သက်၍ မောရှေကို ကျွန်ုပ်တို့မည်သို့အတုယူနိုင်သနည်း။

၁၀ ပေါလုသည် ပုံနမူနာများကို ထိရောက်စွာအသုံးပြုခြင်းဖြင့်လည်း ယုံကြည်ခြင်းကိုတည်ဆောက်ပေးခဲ့သည်။ ဟေဗြဲအခန်းကြီး ၁၁ ကိုသင်ဖတ်ရှုစဉ် ကျမ်းစာဇာတ်ကောင်များ၏ပုံနမူနာများကို သူမည်သို့အသက်ဝင်စေခဲ့ကြောင်း မှတ်သားပါ။ ဥပမာ၊ မောရှေသည် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့တည်ကြည်ခြင်းရှိ၏” ဟုသူပြောသည်။ (ဟေဗြဲ ၁၁:၂၇) တစ်နည်းအားဖြင့်၊ မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ ယေဟောဝါသည် မောရှေအတွက် တကယ်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ထိုသို့ပြောနိုင်သလော။ ယေဟောဝါနှင့်ဆက်ဆံရေးအကြောင်းပြောရန် လွယ်ကူသော်လည်း ထိုဆက်ဆံရေးကိုတည်ဆောက်ဖို့နှင့် ခိုင်ခံ့စေဖို့ရန် လုပ်ကိုင်စရာလိုသည်။ ယင်းကား ကျွန်ုပ်တို့ပြုလုပ်ရမည့် အလုပ်ဖြစ်သည်! အသေးအဖွဲဖြစ်ပုံရှိ ကိစ္စများအပါအဝင် ဆုံးဖြတ်ချက်များချသည့်အခါ ယေဟောဝါအားထည့်စဉ်းစားသည့်အထိ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ပါသလော။ ထိုကဲ့သို့သောယုံကြည်ခြင်းက အဆိုးရွားဆုံးဆန့်ကျင်မှုကိုပင် ခံနိုင်ရန် ထောက်ကူပေးလိမ့်မည်။

၁၁၊ ၁၂။ (က) ဧနောက်၏ယုံကြည်ခြင်းသည် အဘယ်အခြေအနေမျိုးအောက်တွင် စမ်းသပ်ခံခဲ့ရဖွယ်ရှိသနည်း။ (ခ) အဘယ်အားရှိဖွယ်ဆုကျေးဇူးကို ဧနောက်ရရှိခဲ့သနည်း။

၁၁ ဧနောက်၏ယုံကြည်ခြင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူကြုံတွေ့ခဲ့ရသည့် ဆန့်ကျင်မှုကို စိတ်ကူးရခက်သည်။ ထိုအချိန်တွင်အသက်ရှင်နေသည့် လူဆိုးများကိုတရားစီရင်မည်ဟူသော နာကြည်းစူးရှဖွယ်သတင်းကို ဧနောက်ကြေညာခဲ့ရသည်။ (ယုဒ ၁၄၊ ၁၅) ဤသစ္စာရှိသူခံရဖွယ် နှိပ်စက်ညှဉ်းပန်းမှုသည် အလွန့်အလွန်ဆိုးရွား၊ ကြမ်းတမ်းလွန်းသဖြင့် ယေဟောဝါသည် သူ့ကိုရန်သူများလက်ထဲမရောက်မီ အသက်ရှင်ရာမှ သေခြင်းတွင်အိပ်ပျော်နေစေရန် “ဘဝပြောင်းစေတော်မူ” ခဲ့သည်။ ထို့ကြောင့် ဧနောက်သည် သူဟောခဲ့သည့်ပရောဖက်ပြုချက်ပြည့်စုံခြင်းကို မမြင်ခဲ့ရပါ။ သို့ရာတွင် သူသည် တစ်နည်းအားဖြင့် ပို၍ကောင်းမွန်သောဆုကို ရရှိခဲ့သည်။—ဟေဗြဲ ၁၁:၅; ကမ္ဘာဦး ၅:၂၂-၂၄။

၁၂ ပေါလုကဤသို့ရှင်းပြသည်– “သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို [ဧနောက်] ရလေ၏။” (ဟေဗြဲ ၁၁:၅) ယင်းက အဘယ်အရာကိုဆိုလိုသနည်း။ ဧနောက်သည် သေခြင်းတွင်အိပ်မပျော်မီ အဆင်းအာရုံတစ်ခုခု၊ မကြာတော့သောတစ်နေ့တွင် သူပြန်၍နိုးထလာမည့်နေရာ မြေကြီးပရဒိသုကို မြင်တွေ့ခဲ့ခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူ၏သစ္စာရှိလမ်းစဉ်ကို ယေဟောဝါနှစ်သက်တော်မူကြောင်း ဧနောက်အား ကိုယ်တော်အသိပေးခဲ့သည်။ ဧနောက်သည် ယေဟောဝါ၏ စိတ်တော်ကိုရွှင်လန်းစေခဲ့သည်။ (သု. ၂၇:၁၁ နှိုင်းယှဉ်။) ဧနောက်၏ဘဝကို စဉ်းစားခြင်းက စိတ်ထိမိစေသည်မဟုတ်လော။ ထိုသို့သောယုံကြည်ခြင်းဘဝမျိုး သင်နေထိုင်လိုသလော။ သို့ဖြစ်လျှင် ယင်းသို့သောပုံနမူနာများကို စေ့စေ့သုံးသပ်ပါ; သူတို့ကို တကယ့်ပုဂ္ဂိုလ်များအဖြစ် မြင်ယောင်ပါ။ နေ့စဉ်နှင့်အမျှ ယုံကြည်ခြင်းဖြင့်အသက်ရှင်ရန် ဆုံးဖြတ်ထားပါ။ ယုံကြည်ခြင်းရှိသောလူစားသည် ဘုရားသခင့်ကတိတော်အားလုံးကို ယေဟောဝါပြည့်စုံစေမည့် ရက်စွဲ သို့မဟုတ် နောက်ဆုံးကန့်သတ်ချိန်အပေါ်အခြေပြုပြီး ကိုယ်တော့်အမှုဆောင်ကြသူများမဟုတ်ကြောင်းကိုလည်း သတိရပါ။ ယင်းအစား ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို ထာဝစဉ်ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချထားကြသည်! ထိုသို့ပြုခြင်းသည် ဤအစီအစဉ်စနစ်နှင့် လာမည့်စနစ်တွင် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သည်။

ယုံကြည်ခြင်း မည်သို့ပိုခိုင်ခံ့လာနိုင်

၁၃၊ ၁၄။ (က) ဟေဗြဲ ၁၀:၂၄၊ ၂၅ တွင်မှတ်တမ်းတင်ထားသော ပေါလု၏စကားများက ကျွန်ုပ်တို့၏အစည်းအဝေးများကို ပျော်ရွှင်ဖွယ်အခါသမယဖြစ်စေရန် မည်သို့အထောက်အကူပြုသနည်း။ (ခ) ခရစ်ယာန်အစည်းအဝေးများ၏ အဓိကအကြောင်းရင်းကား အဘယ်နည်း။

၁၃ ပေါလုသည် ဟေဗြဲခရစ်ယာန်များအား သူတို့၏ယုံကြည်ခြင်းခိုင်ခံ့စေနိုင်သည့် လက်တွေ့ကျနည်းလမ်းအတော်အတန်ကို ဖော်ပြခဲ့သည်။ နည်းလမ်းနှစ်ခုမျှကို သုံးသပ်ကြည့်ကြစို့။ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရန်အားပေးထားသည့် ဟေဗြဲ ၁၀:၂၄၊ ၂၅ တွင်ပါသော တိုက်တွန်းချက်ကို ကျွန်ုပ်တို့အကျွမ်းတဝင်ရှိကြပေမည်။ သို့သော် ပေါလု၏ ဤမှုတ်သွင်းခံစကားက ထိုအစည်းအဝေးများတွင် ကျွန်ုပ်တို့သည် မလှုပ်မယှက်လေ့လာသူမျှသာဖြစ်ရန် ဆိုလိုနေခြင်းမဟုတ်သည်ကို သတိရပါ။ ယင်းအစား အစည်းအဝေးများကို တစ်ဦးကိုတစ်ဦးသိကျွမ်းလာရန်၊ ဘုရားသခင့်အမှုတော်ကို ပို၍အပြည့်အဝထမ်းဆောင်ရန်နှင့် တစ်ယောက်ကိုတစ်ယောက်တိုက်တွန်းနှိုးဆော်ရန် အခွင့်အလမ်းများအဖြစ် ပေါလုဖော်ပြသည်။ ရယူရန်အတွက်မျှသာမဟုတ်ဘဲ ပေးကမ်းရန် ထိုနေရာသို့ ရောက်ရှိနေကြသည်။ ယင်းက ကျွန်ုပ်တို့၏အစည်းအဝေးများကို ပျော်ရွှင်ဖွယ်အခါသမယများဖြစ်စေရန် အထောက်အကူပြုသည်။—တမန်တော် ၂၀:၃၅။

၁၄ သို့သော် အဓိကအားဖြင့် ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် ခရစ်ယာန်အစည်းအဝေးများကို ကျွန်ုပ်တို့တက်ရောက်ကြသည်။ ဆုတောင်းခြင်းနှင့် သီချင်းဆိုခြင်းတွင်ပါဝင်ခြင်း၊ အာရုံစူးစိုက်နားထောင်ခြင်းနှင့် “နှုတ်ခမ်းအသီး” ကိုပူဇော်ခြင်းဖြစ်သည့် အစည်းအဝေးတွင် ပါဝင်ဖြေဆိုကာ ယေဟောဝါအားချီးမွမ်းခြင်းဖြင့် ထိုသို့ပြုကြသည်။ (ဟေဗြဲ ၁၃:၁၅) ဤအချက်များကို စိတ်ထဲမှတ်သားထားကာ အစည်းအဝေးတိုင်းတွင် ထိုသို့ပြုမူကြပါက ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ပြုမူသည့်အခါတိုင်းတွင် အမှန်ပင်တည်ဆောက်ခံရလိမ့်မည်။

၁၅။ ပေါလုသည် ဟေဗြဲခရစ်ယာန်များကို သူတို့၏အမှုဆောင်လုပ်ငန်းကိုဆုပ်ကိုင်ထားရန် အဘယ်ကြောင့်တိုက်တွန်းခဲ့သနည်း၊ ယနေ့လည်း ယင်းဆုံးမစကားများသည် အဘယ်ကြောင့်သင့်လျော်သနည်း။

၁၅ ယုံကြည်ခြင်းကိုတည်ဆောက်သည့် အခြားနည်းတစ်နည်းမှာ ဟောပြောခြင်းလုပ်ငန်းအားဖြင့်ဖြစ်သည်။ ပေါလုကဤသို့ရေးခဲ့သည်– “မျှော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား ကတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။” (ဟေဗြဲ ၁၀:၂၃) အခြားသူများသည် လက်လွှတ်လိုက်မည့်အန္တရာယ်ရှိပုံပေါ်သည့်အခါ တစ်ခုခုကိုမြဲမြံစွာဆုပ်ကိုင်ထားရန် သင်တိုက်တွန်းလိုပေမည်။ စာတန်သည် ထိုဟေဗြဲခရစ်ယာန်များအား သူတို့၏အမှုဆောင်လုပ်ငန်းကိုလက်လွှတ်လိုက်ရန် အမှန်ပင်ဖိအားပေးခဲ့ပြီး ယနေ့လည်း ဘုရားသခင့်ကျေးကျွန်များကို ဖိအားပေးနေသည်။ ထိုကဲ့သို့ဖိအားပေးခံရပါက ကျွန်ုပ်တို့မည်သို့ပြုလုပ်သင့်သနည်း။ ပေါလု မည်သို့ပြုလုပ်ခဲ့ကြောင်း သုံးသပ်ပါ။

၁၆၊ ၁၇။ (က) ပေါလုသည် အမှုဆောင်ရာတွင် ရဲရင့်ခြင်းမည်သို့ရရှိခဲ့သနည်း။ (ခ) ကျွန်ုပ်တို့၏ခရစ်ယာန်အမှုဆောင်ခြင်း၏ ကဏ္ဍတစ်ခုခုသည် ခက်ခဲပုံရှိပါက အဘယ်အစီအစဉ်များကို ပြုလုပ်သင့်သနည်း။

၁၆ သက်သာလောနိတ်ရှိခရစ်ယာန်များကို ပေါလုကဤသို့ရေးခဲ့သည်– “သင်တို့သိကြသည်နှင့်အညီ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့်ညှဉ်းဆဲခြင်းကိုခံပြီးမှ ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာဟောပြောကြ၏။” (၁ သက်သာလောနိတ် ၂:၂) ပေါလုနှင့်သူ၏အပေါင်းပါတို့သည် ဖိလိပ္ပိမြို့တွင် “ဆင်းရဲခြင်းနှင့်ညှဉ်းဆဲခြင်းကို” မည်သို့ခံခဲ့ကြရသနည်း။ ကျမ်းပညာရှင်အချို့၏အဆိုအရ ပေါလုအသုံးပြုခဲ့သည့်ဂရိစကားလုံးသည် ရိုင်းစိုင်းစွာ၊ ရှက်ဖွယ်ကောင်းစွာ သို့မဟုတ် ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခံရခြင်းကိုဖော်ပြသည်။ ဖိလိပ္ပိအာဏာပိုင်များက သူတို့ကိုကြိမ်လုံးနှင့်ရိုက်၊ ထောင်ချပြီး ထိတ်တုံးခတ်ခဲ့ကြသည်။ (တမန်တော် ၁၆:၁၆-၂၄) ထိုနာကျင်သည့်တွေ့ကြုံမှုက ပေါလုကို မည်သို့ဖြစ်စေခဲ့သနည်း။ သူ၏သာသနာပြုခရီးစဉ်တွင် နောက်မြို့ဖြစ်သည့် သက်သာလောနိတ်၌ ပေါလုသည်ကြောက်ရွံ့၍ ရွေ့လျောခဲ့သလော။ ထိုသို့မဟုတ်ဘဲ “ရဲရင့်စွာဟောပြော” ခဲ့သည်။ ကြောက်ရွံ့မှုကို အနိုင်ယူပြီး ရဲရင့်စွာဆက်ဟောပြောခဲ့သည်။

၁၇ ပေါလုသည် သူ၏ရဲရင့်ခြင်းကို အဘယ်မှရခဲ့သနည်း။ သူ့အတွင်းထဲမှလော။ မဟုတ်ပါ၊ “ဘုရားသခင်ကိုအမှီပြု၍” ရဲရင့်ခဲ့သည်ဟု သူပြောသည်။ ကျမ်းစာဘာသာပြန်များအတွက် ကိုးကားချက်တစ်ခုက ဤဖော်ပြချက်ကို “ဘုရားသခင်သည် ကြောက်ရွံ့မှုကို ကျွန်ုပ်တို့ထဲမှဖယ်ထုတ်လိုက်သည်” ဟုပြန်ဆိုနိုင်ကြောင်းဆိုသည်။ ထို့ကြောင့် သင်အမှုဆောင်ရာတွင် ရဲရင့်ခြင်းမရှိပါက၊ သို့မဟုတ် ယင်း၏ကဏ္ဍတစ်ခုသည် သင့်အတွက် အထူးခက်ခဲပုံရှိနေပါက သင့်ကိုလည်း ထပ်တူကူညီပေးရန် ယေဟောဝါအားတောင်းဆိုပါလေ။ ကြောက်ရွံ့မှုကို သင့်စိတ်မှဖယ်ထုတ်ပေးရန် ကိုယ်တော်အားတောင်းဆိုပါ။ လုပ်ငန်းတော်၌ ရဲရင့်ခြင်းရှိဖို့ကူညီပေးရန် ကိုယ်တော်အားတောင်းဆိုပါ။ ထို့ပြင် အခြားလက်တွေ့ကျအစီအစဉ်အချို့ကို ဆောင်ရွက်ပါ။ ဥပမာ၊ သင်စိုးရိမ်သည့် သက်သေခံနည်းတွင် အထူးကျွမ်းကျင်သည့်သူနှင့်အတူ အမှုဆောင်ရန်စီစဉ်ပါ။ စီးပွားရေးရပ်ကွက်၊ လမ်းပေါ်၊ သို့မဟုတ် အလွတ်သဘောသက်သေခံခြင်း၊ သို့မဟုတ် တယ်လီဖုန်းဖြင့် သက်သေခံခြင်းတို့နှင့်ပတ်သက်ပေမည်။ သင့်အဖော်သည် အစပထမတွင် ဦးဆောင်လိုပေမည်။ သို့ဆိုလျှင် ဂရုတစိုက်ကြည့်ရှုပြီး သင်ယူပါ။ သို့သော် အတုယူစမ်းကြည့်ရန် ရဲရင့်ခြင်းမွေးပါ။

၁၈။ ကျွန်ုပ်တို့အမှုဆောင်လုပ်ငန်းတွင် ရဲရင့်ခြင်းရှိပါက အဘယ်ကောင်းချီးများ ခံစားနိုင်သနည်း။

၁၈ သင်သည် ရဲရင့်ခြင်းမွေးပါက ရရှိနိုင်သည့်ရလဒ်ကိုစဉ်းစားကြည့်ပါ။ စိတ်ပျက်အားလျော့ဖို့ အခွင့်မပေးဘဲ မဆုတ်မနစ်ကြိုးစားသည့်အခါ အမှန်တရားဝေမျှရာတွင် တွေ့ကြုံမှုကောင်းများကို သင်ရရှိနိုင်ပေသည်၊ ထိုသို့မဝေမျှပါက သင်လက်လွတ်ဆုံးရှုံးသွားနိုင်သည့် တွေ့ကြုံမှုများဖြစ်သည်။ (စာမျက်နှာ ၂၁ ရှု။) သင့်အတွက်ခက်ခဲသောအရာကို သင်ပြုလုပ်ခဲ့သည့်အတွက် သင့်ကို ယေဟောဝါနှစ်သက်တော်မူကြောင်းသိရှိခြင်းမှ စိတ်ကျေနပ်မှုရလိမ့်မည်။ သင့်စိုးရိမ်မှုများကိုကျော်လွှားရန် ကြိုးစားရာတွင် ကိုယ်တော်၏ကောင်းချီးနှင့် အကူအညီကို ခံစားရလိမ့်မည်။ သင့်ယုံကြည်ခြင်းသည် ပိုခိုင်ခံ့လာမည်။ အမှန်တွင်၊ သင့်ယုံကြည်ခြင်းကို တည်ဆောက်မပေးဘဲ တစ်ချိန်တည်းတွင် အခြားသူများ၏ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်မည်မဟုတ်ပါ။—ယုဒ ၂၀၊ ၂၁။

၁၉။ “ယုံကြည်ခြင်းရှိသောလူစား” အတွက် အဘယ်အဖိုးတန်ဆုကျေးဇူး သိုမှီးထားသနည်း။

၁၉ သင့်ယုံကြည်ခြင်းနှင့် သင့်ပတ်ပတ်လည်ရှိသူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ဆက်လက်လုပ်ဆောင်နိုင်ပါစေ။ ဘုရားသခင့်နှုတ်မြွက်တော်ကို ကျွမ်းကျင်စွာအသုံးပြုခြင်းအားဖြင့် မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ တည်ဆောက်ပေးခြင်း၊ ယုံကြည်ခြင်းဆိုင်ရာ ကျမ်းစာပုံနမူနာများကို လေ့လာပြီး အသက်ဝင်စေခြင်း၊ ခရစ်ယာန်အစည်းအဝေးများအတွက်ပြင်ဆင်ကာ ပါဝင်ခြင်း၊ လူအများရှေ့အမှုဆောင်ရသည့် အခွင့်ထူးကိုဆုပ်ကိုင်ထားခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်ပါသည်။ ထိုအမှုများကိုသင်ပြုလုပ်နေစဉ် သင်သည် အမှန်တကယ်ပင် “ယုံကြည်ခြင်းရှိသောလူစား” အဝင်တစ်ဦးဖြစ်ကြောင်းစိတ်ချပါလေ။ ဤကဲ့သို့သောသူများသည် အဖိုးတန်ဆုကျေးဇူးရရှိသည်ကိုလည်း သတိရပါ။ သူတို့သည် “စိုးလ်ဝိညာဉ်အသက်ရှင်အံ့သောငှာ ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ၏။”b သင့်ယုံကြည်ခြင်းသည် ဆက်ကြီးထွားပြီး သင့်ကို ယေဟောဝါဘုရားသခင်သည် ထာဝစဉ်အသက်ရှင်ပါလေစေ!

[အောက်ခြေမှတ်ချက်များ]

a ပေါလုက ‘တွန့်ဆုတ်လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိ’ ဟူသောစကားစုပါဝင်သည့် ဟဗက္ကုတ် ၂:၄ ကိုပြန်ဆိုထားသော စက်ပ်တွားဂျင့်ကျမ်းကို ကိုးကားခဲ့သည်။ ဤဖော်ပြချက်သည် တည်ရှိဆဲဟေဗြဲလက်ရေးစာမူများတွင် မပါရှိပါ။ အချို့က စက်ပ်တွားဂျင့်ကျမ်းသည် ယခုမရှိတော့သော အစောပိုင်းဟေဗြဲလက်ရေးစာမူများအပေါ် အခြေခံသည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ပေါလုသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် လွှမ်းမိုးမှုအောက်တွင် ယင်းကို ထည့်သွင်းခဲ့ခြင်းဖြစ်ရာ ဘုရားသခင့်အခွင့်အာဏာပါရှိသည်။

b ယေဟောဝါသက်သေများ၏ သက္ကရာဇ် ၂၀၀၀ အတွက်နှစ်ချုပ်ကျမ်းချက်မှာ ဤသို့ဖြစ်သည်– “ကျွန်ုပ်တို့သည် ရွေ့လျောသွားသည့်လူစားမဟုတ်ဘဲ . . . ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ၏။”—ဟေဗြဲ ၁၀:၃၉၊ ကဘ။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ပေါလုသည် ဟေဗြဲခရစ်ယာန်များကို ယုံကြည်စိတ်ချကြောင်း မည်သို့တင်ပြခဲ့သနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

◻ ပရောဖက်ဟဗက္ကုတ်ကို ပေါလုကိုးကားခြင်းသည် အဘယ်ကြောင့်အလွန်သင့်လျော်သနည်း။

◻ ယုံကြည်ခြင်းဆိုင်ရာ အဘယ်ကျမ်းစာပုံနမူနာများကို ပေါလုအသက်ဝင်စေခဲ့သနည်း။

◻ ယုံကြည်ခြင်းကိုတည်ဆောက်ရာတွင် အဘယ်လက်တွေ့ကျနည်းလမ်းများကို ပေါလုဖော်ပြခဲ့သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ပေါလုသည် ဖိလိပ္ပိမြို့တွင် နာကျင်လှသည့်တွေ့ ကြုံမှုကြုံရပြီးနောက်ဆက်ဟောပြောရန် ရဲရင့်ခြင်းမွေးခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင်သည် သက်သေခံနည်းအမျိုးမျိုးကိုစမ်းကြည့်ရန်ရဲရင့်ခြင်းမွေးနိုင်ပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ