ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၂/၁ စာ. ၂၃-၂၅
  • “ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ရဲ့ မုန်းတီးခြင်း
  • မုန်းသင့်တဲ့အချိန်
  • ချစ်ခြင်းနဲ့ မုန်းခြင်းအပေါ် မျှတတဲ့အမြင်ထားပါ
  • မုန်းတီးမှုကို အမြစ်မှနုတ်ပစ်ရန် တစ်ခုတည်းသောနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မတရားသောအမှုကို ခရစ်တော်မုန်းတော်မူ၏—အသင်ကော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • လူတွေ ဘာကြောင့် ဒီလောက်တောင် အမုန်းပွားနေကြသလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၂/၁ စာ. ၂၃-၂၅

“ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်”

“ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။” တချို့နိုင်ငံက လူတွေဟာ အဲဒီကျမ်းစကားကို ဘောင်သွင်းပြီး သူတို့ရဲ့ အိမ်နံရံမှာ ချိတ်ဆွဲထားကြပါတယ်။ ဘုရားသခင်ရဲ့အထင်ရှားဆုံး အရည်အသွေးက မေတ္တာဖြစ်တယ်ဆိုတာ အဲဒီစကားစုက ဖော်ပြတယ်။

အဲဒီစကားစုကို သမ္မာကျမ်းစာထဲက ယူထားတယ်ဆိုတာကိုတော့ လူအတော်များများ မသိကြပါဘူး။ အဲဒီစကားတွေကို တမန်တော်ယောဟန် ရေးသားခဲ့တာဖြစ်ပြီး ဒီလိုဖတ်ရပါတယ်– “ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ဒီလောကကို ဘုရားသခင် ဘယ်လောက်ချစ်သလဲဆိုတာကိုလည်း ဒီလိုရေးခဲ့တယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

တချို့က အဲဒီအချက်ကို စိတ်စွဲပြီး ကိုယ်ဘာပဲလုပ်လုပ် ဘုရားသခင်က မသိကျိုးကျွန်ပြုမှာပါဆိုပြီး တွေးထင်မိနိုင်တယ်။ ကိုယ်ဘယ်လိုပဲပြုမူကျင့်ကြံပါစေ ဘုရားသခင်က စာရင်းရှင်းမှာ မဟုတ်ဘူးဆိုပြီး ယူမှတ်ထားကြတယ်ဆိုတာ လူတွေရဲ့ အသက်ရှင်နေထိုင်ပုံက ဖော်ပြနေပါတယ်။ ဒါပေမဲ့ အဲဒီလိုတွေးထင်တာ မှန်ကန်ပါသလား။ လူကောင်းကိုရော လူဆိုးကိုပါ ဘုရားသခင် တကယ်ချစ်ပါသလား။ ဘုရားသခင် မုန်းတဲ့အချိန်ဆိုတာ ရှိပါသလား။

ဘုရားသခင်ရဲ့ မုန်းတီးခြင်း

ပညာရှိဘုရင် ရှောလမုန် ဒီလိုပြောဆိုခဲ့တယ်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ . . . ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်းရှိ၏။” (ဒေ. ၃:၁၊ ၈) ဒီမူကိုထောက်ရှုရင် ဘုရားသခင်ဟာ မေတ္တာရှိပြီး ကြင်နာပေမဲ့ ကိုယ်တော် မုန်းတဲ့အချိန်လည်း ရှိတယ်ဆိုတာ ဖော်ပြပါတယ်။

ဦးဆုံးအနေနဲ့ ကျမ်းစာမှာသုံးထားတဲ့ “မုန်း” တယ်ဆိုတဲ့ စကားလုံးက ဘာအဓိပ္ပာယ်ရှိပါသလဲ။ အကိုးအကားစာအုပ်တစ်အုပ်က ဒီလိုပြောတယ်– “ကျမ်းစောင်တွေမှာ သုံးတဲ့ ‘မုန်းသည်’ ဆိုတဲ့ စကားလုံးမှာ ဆင့်ပွားအဓိပ္ပာယ်တွေ အများကြီးရှိတယ်။ အလွန့်အလွန် ရန်လိုမုန်းတီးမှုနဲ့ ဒွန်တွဲလေ့ရှိတဲ့ တေးမှတ်ထားခြင်းကိုလည်း ဆိုလိုနိုင်တယ်။ အဲဒီလိုမုန်းတီးစိတ်က လူတစ်ဦးကို သူမုန်းတဲ့သူကို ထိခိုက်အောင်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်တယ်။” အဲဒီအဓိပ္ပာယ်ကို ကျွန်ုပ်တို့ အကျွမ်းတဝင်အရှိဆုံးဖြစ်ပြီး အဲဒီလိုမုန်းတီးမှုရဲ့ အကျိုးဆက်တွေကို ကမ္ဘာတစ်ဝန်းမှာ တွေ့မြင်နေရတယ်။ ဒါပေမဲ့ အဲဒီအကိုးအကားစာအုပ်ကပဲ အခုလို ဆက်ပြောတယ်– “‘မုန်းသည်’ ဆိုတဲ့စကားလုံးက ထိခိုက်နာကျင်စေလိုတဲ့ ဆန္ဒမရှိဘဲ စက်ဆုပ်ရွံရှာတဲ့အတွက် မတွေ့မြင်ဖို့ ရှောင်နေခြင်းကိုလည်း ဆိုလိုနိုင်တယ်။”

ဒုတိယအဓိပ္ပာယ်က အခု ကျွန်ုပ်တို့ ဆွေးနွေးနေတဲ့အရာဖြစ်တယ်။ မုန်းတီးခြင်းဆိုတာ အလွန့်အလွန် စက်ဆုပ်ရွံရှာခြင်းဖြစ်တယ်၊ ဒါပေမဲ့ မလိုတမာစိတ်၊ အငြိုးထားတဲ့စိတ် ဒါမှမဟုတ် ထိခိုက်နာကျင်စေပြီး ဒုက္ခရောက်စေလိုတဲ့စိတ်နဲ့တော့ မဟုတ်ဘူး။ ဘုရားသခင်မှာ အဲဒီလိုမုန်းတီးမှုမျိုး ရှိနိုင်ပါသလား။ ကျမ်းချက်တစ်ချက်မှာ ပြောထားတာကို သတိပြုကြည့်ပါ– ‘ယေဟောဝါဘုရားသခင် မုန်းတော်မူသောအရာ ခြောက်ခုမက စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ခုဟူမူကား၊ ထောင်လွှားသော မျက်နှာ၊ မုသာ၌ကျင်လည်သော လျှာ၊ အပြစ်မရှိသော သူ၏အသက်ကိုသတ်သော လက်၊ မကောင်းသောအကြံကို ကြံစည်သော နှလုံး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေ၊ မုသာစကားကိုပြော၍ မမှန်သောသက်သေ၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ ဖြစ်သတည်း။’—သု. ၆:၁၆-၁၉။

ကျွန်ုပ်တို့ ဖတ်ခဲ့ရတဲ့အတိုင်း ဘုရားသခင်ဟာ အမူအကျင့်တချို့ကို မုန်းတယ်။ ဒါပေမဲ့ ကိုယ်တော်က အဲဒီအမူအကျင့် ပြုလုပ်တဲ့ပုဂ္ဂိုလ်ကိုတော့ မမုန်းပါဘူး။ အသွေးအသားကိုယ်ခန္ဓာရဲ့ အားနည်းမှု၊ ဝန်းကျင်၊ ကြီးပြင်းလာပုံနဲ့ အသိသုတမရှိမှုလိုမျိုး သက်ညှာလို့ရတဲ့ အခြေအနေတွေကို ကိုယ်တော် ထည့်တွက်ပေးပါတယ်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂) ဒီအချက်ကို ပညာရှိဆိုရိုးစကားတွေပါတဲ့ ကျမ်းစောင်ကို ရေးသူက အခုလို ဥပမာပေးတယ်– ‘ဖခင်သည် မိမိဂုဏ်ယူစရာဖြစ်သည့် သားကို ဆုံးမတတ်သကဲ့သို့ ထာဝရ ဘုရားသခင်သည်လည်း မိမိချစ်မြတ်နိုးသူတို့အား အပြစ်ဒဏ်ခတ်တော်မူတတ်၏။’ (သု. ၃:၁၂၊ ခမ) ကလေးရဲ့မနာခံတဲ့လုပ်ရပ်က မုန်းစရာကောင်းပါတယ်၊ ဒါပေမဲ့ အဖေဖြစ်သူက ကလေးကိုချစ်တဲ့အတွက် ကလေးရဲ့မကောင်းတဲ့အကျင့် ပျောက်အောင် ပဲ့ပြင်ဆုံးမပြီး ကိုယ့်ကလေးကို ကူညီမှာဖြစ်တယ်။ အပြစ်ပြုမိတဲ့ လူသားဟာ ပြန်ကောင်းလာနိုင်တဲ့ အခြေအနေမှာရှိရင် မေတ္တာပြည့်ဝတဲ့ ဖခင် ယေဟောဝါဘုရားသခင်ကလည်း ခုနက ဖခင်လို လုပ်ဆောင်မှာဖြစ်ပါတယ်။

မုန်းသင့်တဲ့အချိန်

ဒါပေမဲ့ လူတစ်ယောက်က ဘုရားသခင့်အလိုတော်ကို သိပေမဲ့ အဲဒီအတိုင်း မလုပ်ဘူးဆိုရင်ကော။ အဲဒီလူက ဘုရားသခင့်မေတ္တာကို ခံစားရမှာမဟုတ်ဘဲ ဘုရားသခင် မုန်းတာကို ခံရမှာဖြစ်ပါတယ်။ ယေဟောဝါ မုန်းတဲ့အရာကို သိသိကြီးနဲ့ ပြုကျင့်နေတယ်ဆိုရင် ဘုရားသခင် မုန်းတာကို ခံရမှာဖြစ်တယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုပြောတယ်– ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်း နှစ်သက်သောသူကို မုန်းတော်မူ၏။’ (ဆာလံ ၁၁:၅၊ သမ္မာ) နောင်တမယူဘဲ ပြုကျင့်နေသူတစ်ဦးအတွက် ခွင့်လွှတ်မှုဆိုတာ မရှိပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး တမန်တော်ပေါလုက ဟေဗြဲခရစ်ယာန်တွေဆီ ရေးတဲ့စာမှာ အခုလို ရှင်းပြပါတယ်– “အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို သိပြီးနောက် စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေမည်ဆိုလျှင် အပြစ်ဖြေရာယဇ် ရှိတော့မည်မဟုတ်ဘဲ၊ တရားစီရင်ခံရမည့် ကြောက်မက်ဖွယ်အလားအလာနှင့် ဆန့်ကျင်သူတို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးတို့သာရှိ၏။” (ဟေဗြဲ ၁၀:၂၆၊ ၂၇) မေတ္တာရှင်ဘုရားသခင်က ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ။

လူတစ်ယောက်က အပြစ်ကို စိတ်လိုကိုယ်လျောက် ပြုကျင့်မယ်ဆိုရင် အရမ်းဆိုးသွမ်းတဲ့သူတစ်ဦး ဖြစ်လာနိုင်ပြီး ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တော့တဲ့အထိ ဖြစ်နိုင်တယ်။ သူဟာ ပြုပြင်ပြောင်းလဲပေးလို့ကို မရအောင် ကိုယ်ကျင့်တရား ပျက်ပြားသည်ထက် ပျက်ပြားလာနိုင်တယ်။ ကျမ်းစာမှာ အဲဒီလိုလူကို ကိုယ်ပေါ်က အစက်အပျောက်တွေကို မပြောင်းလဲနိုင်တဲ့ ကျားသစ်တစ်ကောင်နဲ့ နှိုင်းယှဉ်ထားတယ်။ (ယေရမိ ၁၃:၂၃) “ထာဝရအပြစ်” လို့ ကျမ်းစာခေါ်ဆိုတဲ့ အပြစ်ကို ပြုကျင့်သူဟာ နောင်တယူလို့ မရနိုင်တော့တဲ့သူဖြစ်ပြီး သူ့အတွက် ခွင့်လွှတ်မှုဆိုတာ မရှိပါဘူး။—မာကု ၃:၂၉။

အဲဒီအချက်က အာဒံ၊ ဧဝနဲ့ ယုဒရှကာရုတ်တို့အဖြစ်မှာ မှန်ကန်ခဲ့ပါတယ်။ အာဒံနဲ့ ဧဝတို့ဟာ ပြီးပြည့်စုံလင်တဲ့ အခြေအနေနဲ့ ဖန်ဆင်းခံခဲ့ရတယ်၊ ဘုရားသခင်ရဲ့ ရှင်းလင်းတဲ့ အမိန့်ကိုလည်း နှစ်ယောက်စလုံး နားလည်ကြတယ်။ ဒါကြောင့် သူတို့အပြစ်လုပ်တယ်ဆိုတာ စိတ်လိုကိုယ်လျောက်၊ တမင်တကာပြုကျင့်တာဖြစ်ပြီး ဆင်ခြေပေးလို့ မရပါဘူး။ သူတို့အပြစ်ပြုပြီးတဲ့နောက် ဘုရားသခင်ပြောတဲ့စကားမှာလည်း နောင်တယူပါဆိုတဲ့ ကမ်းလှမ်းချက် မရှိဘူး။ (ကမ္ဘာဦး ၃:၁၆-၂၄) ယုဒက မစုံလင်ပေမဲ့ ဘုရားသခင့်သားတော် ယေရှုနဲ့ အနီးကပ် ပေါင်းသင်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ယေရှုကို သူသစ္စာဖောက်ခဲ့တယ်။ ယေရှုက သူ့ကို “ပျက်စီးခြင်း၏သား” လို့ ခေါ်ဆိုခဲ့တယ်။ (ယောဟန် ၁၇:၁၂) စာတန်ကိုလည်း စိတ်လိုကိုယ်လျောက် အပြစ်ပြုလုပ်ရာမှာ ရာဇဝင်ရှိသူဆိုပြီး ကျမ်းစာက ဖော်ပြတယ်။ သူလည်း ဖျက်ဆီးခံရဖို့ပဲ ရှိပါတယ်။ (၁ ယောဟန် ၃:၈; ဗျာ. ၁၂:၁၂) သူတို့တွေက ဘုရားသခင် မုန်းတာကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ အပြစ်ပြုကျင့်တဲ့သူတိုင်း နောင်တယူလို့ မရတဲ့သူတွေ မဟုတ်ဘူး ဆိုတာသိရလို့ စိတ်သက်သာရာရစေတယ်။ ယေဟောဝါက အရမ်းစိတ်ရှည်ပြီး မသိနားမလည်လို့ အပြစ်ပြုကျင့်မိသူကို မဖျက်ဆီးချင်ပါဘူး။ (ယေဇကျေလ ၃၃:၁၁) အဲဒီလိုလူတွေကို နောင်တယူပြီး ခွင့်လွှတ်မှုရယူဖို့ ကိုယ်တော် ကမ်းလှမ်းတဲ့အကြောင်း ဒီလိုဖတ်ရတယ်– ‘ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားသခင် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။’—ဟေရှာယ ၅၅:၇။

ချစ်ခြင်းနဲ့ မုန်းခြင်းအပေါ် မျှတတဲ့အမြင်ထားပါ

ဘုရားသခင်ကို တုပသူတွေအနေနဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ “ချစ်ရသောအချိန်” နဲ့ “မုန်းရသောအချိန်” ရှိတယ်ဆိုတာကို နားလည်ဖို့ လိုအပ်တယ်ဆိုတာ ရှင်းနေပါတယ်။ စိတ်ခံစားမှုပိုလွန်းခြင်းက ချစ်ခြင်းနဲ့ ကြင်နာခြင်းအပေါ်ထားတဲ့ ရှုမြင်ပုံကို ဟန်ချက်ပျက်သွားစေနိုင်တယ်။ တပည့်ဖြစ်သူ ယုဒရဲ့စကားက မေတ္တာပြတာနဲ့ အပြစ်ကို မုန်းတာ နှစ်ခုစပ်ကြား သင့်လျော်တဲ့ဟန်ချက်ညီမှု တင်ပြတတ်အောင် ကျွန်ုပ်တို့ကို အခုလို ကူညီပေးပါတယ်– ‘ကြောက်ရွံ့သောသဘောဖြင့် သူတစ်ပါးအပေါ် [သနားကြင်နာမှု] ထားမြဲထားကြလော့။ သွေးသားအညစ်အကြေးနှင့် စွန်းထင်းနေသည့် အတွင်းဝတ်လုံကိုမူ ရွံမုန်းကြလော့။’ (ယုဒ ၂၂၊ ၂၃) ဒါကြောင့် ကျွန်ုပ်တို့က မကောင်းတဲ့ အကျင့်အကြံတွေကို မုန်းသင့်ပြီး ပြုကျင့်သူကိုတော့ မမုန်းသင့်ပါဘူး။

ခရစ်ယာန်တွေဟာ ကိုယ့်ရန်သူတွေအပေါ် ကောင်းမှုတင်ပြခြင်းဖြင့် မေတ္တာပြတဲ့အတွက် ချီးမွမ်းခံထိုက်ပါတယ်။ “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ ဆုတောင်းပေးကြလော့” လို့ ယေရှုပြောတယ်။ (မဿဲ ၅:၄၄) ဒါကြောင့် ယေဟောဝါသက်သေတွေဟာ လူတွေကို၊ တုံ့ပြန်မှုမရှိတဲ့သူ တချို့ကိုတောင် ထပ်ခါတလဲလဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောနေကြတာဖြစ်ပါတယ်။ (မဿဲ ၂၄:၁၄) သက်သေခံတွေဟာ ကိစ္စရပ်တွေကို ကျမ်းစာအမြင်နဲ့ ကြည့်တဲ့အခါ လူတိုင်းကို ဘုရားသခင်ရဲ့မေတ္တာနဲ့ ကြင်နာမှုရနိုင်တဲ့ သူတွေအဖြစ် ယူမှတ်ထားကြတယ်။ သူတို့ရဲ့ကူညီပေးမှုကို လူတွေ တန်ဖိုးမထားတဲ့အခါ ဒါမှမဟုတ် ငြင်းဆန်တဲ့အခါ၊ နှိပ်စက်ညှဉ်းပန်းခံရရင်တောင် တမန်တော်ပေါလုရဲ့ ဒီအကြံပြုချက်ကို လိုက်နာကြတယ်– “သင်တို့ကို ညှဉ်းဆဲသူတို့အား ကောင်းချီး ပေးမြဲပေးကြလော့။ ကျိန်ဆဲခြင်းကို မပြုကြနှင့်၊ ကောင်းချီးပေးကြလော့။ . . . မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။” (ရောမ ၁၂:၁၄၊ ၁၇) ယေဟောဝါဘုရားသခင် ချစ်တာ ဘယ်သူခံထိုက်တယ်၊ မုန်းတာ ဘယ်သူခံထိုက်တယ်ဆိုတာကို ဘုရားသခင်ပဲ ဆုံးဖြတ်မယ်လို့ သူတို့ စိတ်စွဲမှတ်ထားကြတယ်။ ကိုယ်တော်ပဲ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်ပေးမယ့်သူ ဖြစ်ပါတယ်။—ဟေဗြဲ ၁၀:၃၀။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဆိုတာ အမှန်ပါပဲ။ ကျွန်ုပ်တို့အနေနဲ့ကတော့ ဘုရားသခင့်မေတ္တာကို လေးမြတ်တန်ဖိုးထားတယ်၊ ကိုယ်တော့်အလိုတော် ဘာလဲဆိုတာ ကြိုးစားရှာဖွေပြီး အဲဒီအတိုင်း လုပ်ဆောင်ကြမှာဖြစ်တယ်။ ဘုရားသခင့်အလိုတော်က ဘာလဲ၊ အဲဒီအတိုင်း ဘယ်လိုအသက်ရှင်နိုင်မလဲဆိုတာကို သမ္မာကျမ်းစာကနေ သင် သိရှိလာအောင် ဒေသခံယေဟောဝါသက်သေတွေက ကူညီပေးပါလိမ့်မယ်။ အဲဒီလိုနည်းနဲ့ ဘုရားသခင်ရဲ့ မုန်းတီးခြင်းကို မဟုတ်ဘဲ ချစ်တာကို ခံရပါလိမ့်မယ်။

[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]

‘ယေဟောဝါဘုရားသခင် မုန်းတော်မူသောအရာ ခြောက်ခုမက စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ခုဟူမူကား၊ ထောင်လွှားသော မျက်နှာ၊ မုသာ၌ကျင်လည်သော လျှာ၊ အပြစ်မရှိသော သူ၏အသက်ကိုသတ်သော လက်၊ မကောင်းသောအကြံကို ကြံစည်သော နှလုံး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေ၊ မုသာစကားကိုပြော၍ မမှန်သောသက်သေ၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ ဖြစ်သတည်း။’ —သု. ၆:၁၆-၁၉

[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]

“အမှန်တရားနှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို သိပြီးနောက် စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်နေမည်ဆိုလျှင် အပြစ်ဖြေရာယဇ် ရှိတော့မည်မဟုတ်ဘဲ၊ တရားစီရင်ခံရမည့် ကြောက်မက်ဖွယ်အလားအလာနှင့် ဆန့်ကျင်သူတို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးတို့သာရှိ၏။”—ဟေဗြဲ ၁၀:၂၆၊ ၂၇

[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]

‘ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားသခင် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။’—ဟေရှာယ ၅၅:၇

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မေတ္တာရှိတဲ့မိဘက သူ့ကလေးကို ကူညီတဲ့အနေနဲ့ ဆုံးမပဲ့ပြင်

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

အကျဉ်းသားအတော်များများ ဘုရားသခင့်မေတ္တာနဲ့ ကြင်နာမှုကနေ အကျိုးခံစားခဲ့ရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ