သတ္တိရှိပါ—ယေဟောဝါ သင်နဲ့အတူရှိ
‘သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ။ သင့်ဘုရားသခင် ယေဟောဝါက သင်နဲ့အတူရှိတယ်။’ —ယောရှု ၁:၉၊ ကဘ။
၁၊ ၂။ (က) ဆင်းရဲဒုက္ခတွေကို အောင်မြင်စွာ ဖြေရှင်းဖို့ ဘယ်အရည်အသွေးတွေက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။ (ခ) ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ဥပမာပေးပါ။
ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာလည်း တခြားသူတွေလိုပဲ ပြဿနာတွေရှိတယ်။ ဒါ့အပြင် ‘ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခ’ လည်းခံရနိုင်တယ်။ (၁ ပေ. ၃:၁၄; ၅:၈၊ ၉; ၁ ကော. ၁၀:၁၃) အဲဒီ ဆင်းရဲဒုက္ခတွေကို အောင်မြင်စွာဖြေရှင်းဖို့ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိဖို့လိုတယ်။
၂ ယုံကြည်ခြင်းဆိုတာ ဘာလဲ။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” လို့တမန်တော်ပေါလု ရေးခဲ့တယ်။ (ဟေဗြဲ ၁၁:၁) “စိတ်ချစွာစောင့်မျှော်ခြင်း” လို့ ပြန်ဆိုတဲ့ ဂရိအသုံးအနှုန်းကို စီးပွားရေးလုပ်ငန်းနဲ့ဆိုင်တဲ့ စာချုပ်စာတမ်းတွေမှာ တွေ့ရပြီး အနာဂတ်မှာ တစ်စုံတစ်ခုပိုင်ဆိုင်ခွင့်ရမယ်လို့ အာမခံတဲ့သဘော သက်ရောက်တယ်။ အလားတူပဲ ဘုရားသခင့်ကတိတော်တွေ ပြည့်စုံလာမယ်လို့ ယုံကြည်သူတွေဟာ သူတို့မျှော်လင့်တဲ့အရာတွေကို ရရှိမယ်လို့ အာမခံချက်ရထားတဲ့သူတွေဖြစ်တယ်။ ဘုရားသခင်ကတိပေးထားတာတွေနဲ့ သမ္မာကျမ်းစာမှာ ကိုယ်တော်ပြောထားတာတွေဟာ “မမြင်ရသေးသော်လည်း” အမှန်ဖြစ်လာမယ်ဆိုတာ ကျွန်ုပ်တို့သေချာပေါက် ယုံကြည်စိတ်ချကြတယ်။
၃၊ ၄။ (က) ရဲစွမ်းသတ္တိ ဆိုတာ ဘာလဲ။ (ခ) ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိအရည်အသွေးတွေကို ပိုတိုးတက်အောင်လုပ်နိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၃ ရဲစွမ်းသတ္တိဆိုတာ အခက်အခဲတွေ၊ အန္တရာယ်တွေကြားမှာ ကြောက်ရွံ့မှုမရှိဘဲ ပြောဆို၊ လုပ်ဆောင်စေနိုင်တဲ့ စွမ်းရည်ဖြစ်တယ်။ ရဲစွမ်းသတ္တိရှိခြင်းဆိုတာ ယုံကြည်စိတ်ချမှုနဲ့ ရဲရင့်မှုရှိခြင်းဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံခြင်းဖြစ်တယ်။—မာ. ၆:၄၉၊ ၅၀; ၂ တိ. ၁:၇။
၄ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပိုရှိဖို့လိုအပ်တယ်လို့ ခံစားရနိုင်တယ်။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိတဲ့နေရာမှာ ပုံသက်သေကောင်းတဲ့ ထောင်နဲ့ချီတဲ့သူတွေအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအရည်အသွေးတွေကို ပိုတိုးတက်အောင် လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ ကျမ်းစာမှာပါတဲ့ ပုံသက်သေတချို့ကို အသေအချာ လေ့လာခြင်းဖြစ်တယ်။
ယေဟောဝါ ယောရှုနဲ့အတူရှိခဲ့
၅။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ယောရှုမှာ ဘာလိုအပ်ခဲ့သလဲ။
၅ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ ခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်သုံးသပ်ကြည့်ပါ။ သန်းနဲ့ချီတဲ့ အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ယေဟောဝါ ကယ်နုတ်ခဲ့တာ နှစ်ပေါင်း ၄၀ ရှိပြီ။ ပရောဖက်မောရှေက သူတို့ကို ဦးဆောင်ခဲ့တယ်။ မောရှေ နေဗောတောင်ထိပ်ကိုသွားပြီး ကတိထားရာပြည်ကို လှမ်းကြည့်တဲ့အချိန်မှာ သူ့အသက် ၁၂၀ ရှိပြီ။ နောက်ပိုင်း အဲဒီတောင်ပေါ်မှာပဲ သူသေဆုံးခဲ့တယ်။ အဲဒီနောက် ‘ဉာဏ်ပညာပြည့်ဝသူ’ ယောရှုဟာ အစ္စရေးလူတွေရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ (တရား. ၃၄:၁-၉) အစ္စရေးတပ်ဟာ ခါနာန်ပြည်ကို သိမ်းပိုက်ဖို့ အသင့်ဖြစ်နေပြီ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ယောရှုမှာ ဘုရားသခင်ပေးတဲ့ ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိနဲ့ ယုံကြည်စိတ်ချမှုရှိဖို့ လိုအပ်တယ်။—တရား. ၃၁:၂၂၊ ၂၃။
၆။ (က) ယောရှု ၂၃:၆ အရ ကျွန်ုပ်တို့ ဘယ်အရာကိုလုပ်ဆောင်ဖို့ ရဲစွမ်းသတ္တိရှိရမလဲ။ (ခ) တမန်တော် ၄:၁၈-၂၀ နဲ့ ၅:၂၉ မှာပါတဲ့ စကားတွေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၆ ခါနာန်ပြည်ကို သိမ်းပိုက်နေချိန်အတောအတွင်း ယောရှုပြခဲ့တဲ့ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိနဲ့ ယုံကြည်ခြင်းက အစ္စရေးလူတွေအတွက် ခွန်အားဖြစ်စေခဲ့မှာ အမှန်ပဲ။ သူတို့အနေနဲ့ စစ်မြေပြင်မှာသာမက ဘုရားသခင့်စကား နားထောင်ဖို့လည်း ရဲစွမ်းသတ္တိရှိရမှာဖြစ်တယ်။ ယောရှုမသေဆုံးခင်မှာ သူတို့ကို ဒီလိုပြောခဲ့တယ်– “အခု သင်တို့က မောရှေရဲ့ပညတ်ကျမ်းမှာ ရေးထားသမျှအတိုင်း လိုက်နာကျင့်ကြံဖို့ သတ္တိရှိပြီး ခိုင်ခံ့မြဲမြံကြပါ။ အဲဒါတွေရဲ့ ဘယ်ဘက်ကိုဖြစ်စေ၊ ညာဘက်ကိုဖြစ်စေ ဘယ်တော့မှ မလွဲသွားရဘူး။” (ယောရှု ၂၃:၆၊ ကဘ) ကျွန်ုပ်တို့လည်း ယေဟောဝါကို အချိန်တိုင်း နာခံဖို့ ရဲစွမ်းသတ္တိလိုအပ်တယ်၊ အထူးသဖြင့် လူတွေက ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်တဲ့အရာကိုလုပ်ဖို့ ပြောလာတဲ့အခါမှာဖြစ်တယ်။ (တမန်တော် ၄:၁၈-၂၀; ၅:၂၉ တို့ကိုဖတ်ပါ။) ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့လမ်းညွှန်မှုရဖို့ ဆုတောင်းပြီး ကိုယ်တော့်ကို ယုံကြည်အားကိုးတယ်ဆိုရင် ကျွန်ုပ်တို့လိုအပ်တဲ့ ရဲစွမ်းသတ္တိ ရှိလာမှာဖြစ်တယ်။
သင့်ဘဝလမ်းခရီး အောင်မြင်နိုင်ပုံ
၇။ ရဲစွမ်းသတ္တိရှိရှိလုပ်ဆောင်ပြီး အောင်မြင်ဖို့ ယောရှု ဘာလုပ်ဖို့ လိုအပ်ခဲ့သလဲ။
၇ ဘုရားသခင့်အလိုတော်ကို ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်ဖို့အတွက် ကိုယ်တော့်စကားတော် သမ္မာကျမ်းစာကို လေ့လာပြီး လက်တွေ့ကျင့်သုံးဖို့လိုတယ်။ အဲဒါက မောရှေရဲ့နေရာကို ယောရှုဆက်ခံချိန်မှာ ယေဟောဝါ ပြောခဲ့တဲ့အချက်ဖြစ်တယ်– “သတ္တိသာရှိပါ။ အစွမ်းကုန် ခိုင်ခံ့မြဲမြံပါ။ သင့်ကို ငါ့ကျွန်မောရှေမှာကြားတဲ့ ပညတ်အားလုံးအတိုင်း ဂရုတစိုက်လိုက်နာပါ။ . . . ဒီပညတ်ကျမ်းကို သင့်နှုတ်ကနေ မကွာစေရဘူး။ အဲဒီမှာရေးထားသမျှအတိုင်း ဂရုတစိုက်လိုက်နာနိုင်ဖို့ အဲဒါကို နေ့ညမပြတ် တီးတိုးဖတ်ရမယ်။ ဒါဆိုရင် သင့်ဘဝလမ်းခရီးမှာ အောင်မြင်ပြီး ပညာရှိရှိလုပ်ဆောင်နိုင်လိမ့်မယ်။” (ယောရှု ၁:၇၊ ၈၊ ကဘ) ယောရှုဟာ အဲဒီအကြံပေးချက်အတိုင်း လိုက်နာခဲ့လို့ အောင်မြင်ခဲ့တယ်။ ကျွန်ုပ်တို့လည်း ယောရှုလို လုပ်ဆောင်မယ်ဆိုရင် ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ရဲစွမ်းသတ္တိပိုရှိလာပြီး အောင်မြင်ပါလိမ့်မယ်။
၂၀၁၃ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်– သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ။ သင့်ဘုရားသခင် ယေဟောဝါက သင်နဲ့အတူရှိတယ်။ —ယောရှု ၁:၉၊ ကဘ။
၈။ ၂၀၁၃ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ ဒီကျမ်းစကားတွေက သင့်ကို ဘယ်လိုကူညီပေးမယ်လို့ ထင်သလဲ။
၈ ယေဟောဝါက ယောရှုကို အခုလို ဆက်ပြောတယ်– ‘သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ။ သင့်ဘုရားသခင် ယေဟောဝါက သင်ဘယ်နေရာသွားသွား သင်နဲ့အတူရှိတဲ့အတွက် မထိတ်လန့်နဲ့၊ မကြောက်နဲ့။’ (ယောရှု ၁:၉၊ ကဘ) ယေဟောဝါက ကျွန်ုပ်တို့နဲ့လည်း အတူရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဘယ်လိုဆင်းရဲဒုက္ခတွေပဲ ခံစားနေရပါစေ ကြောက်စရာမလိုဘူး။ ကျွန်ုပ်တို့ ဒီစကားတွေကို အထူးစိတ်ဝင်စားတယ်– ‘သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ။ သင့်ဘုရားသခင် ယေဟောဝါက သင်နဲ့အတူရှိတယ်။’ ယောရှု ၁:၉ ပါ ဒီစကားတွေကို ၂၀၁၃ ခုနှစ်ရဲ့ နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်ထားတယ်။ ယောရှုကိုပြောခဲ့တဲ့ ဒီစကားတွေနဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိပြခဲ့ကြတဲ့ တခြား ကျမ်းစာပုံနမူနာတွေက လာမယ့်လတွေမှာ ကျွန်ုပ်တို့ကို ပိုပြီးယုံကြည်စိတ်ချမှု ရှိစေပါလိမ့်မယ်။
သူတို့ သတ္တိရှိရှိ ရပ်တည်ခဲ့ကြ
၉။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိကြောင်း ရာခပ် ဘယ်လိုပြခဲ့သလဲ။
၉ ယောရှု ခါနာန်ပြည်ကို သူလျှိုနှစ်ယောက်လွှတ်လိုက်တဲ့အချိန်မှာ ပြည့်တန်ဆာရာခပ်က သူလျှိုနှစ်ယောက်ကို ဝှက်ထားပြီး ရန်သူတွေကို လမ်းလွှဲလိုက်တယ်။ သူမရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကြောင့် အစ္စရေးလူတွေ ဂျေရိခိုမြို့ကို ဖျက်ဆီးတဲ့အခါ သူနဲ့ အိမ်သူအိမ်သားတွေ အသက်ရှင်ကျန်ရစ်ခွင့် ရခဲ့ကြတယ်။ (ဟေဗြဲ ၁၁:၃၀၊ ၃၁; ယာ. ၂:၂၅) ရာခပ်က ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ သူမရဲ့ အကျင့်ပျက်ဘဝလမ်းစဉ်ကို စွန့်လွှတ်ခဲ့တယ်ဆိုတာ သေချာတယ်။ ခရစ်ယာန်ဖြစ်လာသူတချို့လည်း ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိခဲ့ကြပြီး ဘုရားသခင်ရဲ့ နှစ်သက်မှုရဖို့ သူတို့ရဲ့အသက်တာကို ပြောင်းလဲခဲ့ကြတယ်။
၁၀။ ဘယ်အခြေအနေမျိုးမှာ ရုသဟာ ယေဟောဝါကို ၀တ်ပြုဖို့ ရွေးချယ်ခဲ့သလဲ။ ယေဟောဝါ သူ့ကို ဘယ်လိုကောင်းချီးပေးခဲ့သလဲ။
၁၀ ယောရှုသေဆုံးပြီးနောက်ပိုင်းမှာ မောဘအမျိုးသမီး ရုသဟာ စစ်မှန်တဲ့ဝတ်ပြုရေးဘက်မှာ ရဲစွမ်းသတ္တိရှိရှိ ရပ်တည်ခဲ့တယ်။ အစ္စရေးလူတစ်ယောက်နဲ့ လက်ထပ်ခဲ့လို့ ယေဟောဝါအကြောင်း သူသိခဲ့မှာပဲ။ သူ့ယောက္ခမနောမိဟာ မောဘပြည်မှာ နေထိုင်ခဲ့တယ်၊ နောမိရဲ့ယောက်ျားနဲ့ သားတွေ သေဆုံးသွားတဲ့အခါ အစ္စရေးပြည်၊ ဗက်လင်မြို့ကို ပြန်ဖို့ဆုံးဖြတ်ခဲ့တယ်။ လမ်းတစ်လျှောက်မှာ နောမိက ရုသကို သူမရဲ့လူမျိုးတွေဆီ ပြန်ဖို့တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ ရုသ ဒီလိုပြန်ပြောတယ်– “အမေ့ကိုထားခဲ့ဖို့၊ အမေ့နောက် မလိုက်ဖို့ ကျွန်မကို မတိုက်တွန်းပါနဲ့။ . . . အမေ့လူမျိုးက ကျွန်မလူမျိုး။ အမေ့ဘုရားက ကျွန်မဘုရားပါပဲ။” (ရု. ၁:၁၆၊ ကဘ) နောက်ပိုင်းမှာ ရုသဟာ နောမိနဲ့ဆွေမျိုးတော်တဲ့ ဗောဇနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ သားတစ်ယောက်မွေးလာပြီး နောက်ပိုင်းမှာ အဲဒီသားကနေ ဒါဝိဒ်နဲ့ ယေရှုဆင်းသက်လာတယ်။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတင်ပြတဲ့သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ အမှန်ပဲ။—ရု. ၂:၁၂; ၄:၁၇-၂၂; မ. ၁:၁-၆။
သူတို့စွန့်စားခဲ့ကြ
၁၁။ ယောယဒနဲ့ ယောရှေဘတို့ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လိုဖော်ပြခဲ့ကြသလဲ။ အဲဒါကြောင့် ဘာ ရလဒ်ရခဲ့သလဲ။
၁၁ ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်ဖို့နဲ့ ညီအစ်ကိုတွေကို ကာကွယ်ဖို့ မိမိတို့ရဲ့အသက်ကို စွန့်စားခဲ့သူတွေနဲ့ ယေဟောဝါအတူရှိတယ်ဆိုတာ မြင်တွေ့ရလို့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပိုပြီးခိုင်ခံ့လာတယ်။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်း ယောယဒနဲ့ သူ့ဇနီး ယောရှေဘတို့အကြောင်း စဉ်းစားကြည့်ပါ။ ဘုရင်အာခဇိသေဆုံးပြီးနောက်ပိုင်းမှာ သူရဲ့မယ်တော်အာသလိဟာ ယောရှကလွဲလို့ ဘုရင့်သားသမီးအားလုံးကို သတ်ပြီး သူ့ကိုယ်သူ ဘုရင်အဖြစ် နန်းတင်ခဲ့တယ်။ ယောယဒနဲ့ ယောရှေဘတို့က သူတို့အတွက် အန္တရာယ်ရှိပေမဲ့ ဘုရင်အာခဇိရဲ့သား ယောရှရဲ့အသက်ကိုကယ်ဖို့ သူ့ကို ခြောက်နှစ်ကြာ ဝှက်ထားခဲ့တယ်။ ခုနစ်နှစ်မြောက်မှာ ယောယဒက ယောရှကို ဘုရင်အဖြစ်တင်မြှောက်ပြီး အာသလိကိုသတ်ဖို့ အမိန့်ပေးလိုက်တယ်။ (၄ ရာ. ၁၁:၁-၁၆) နောက်ပိုင်း ဘုရင်ယောရှ ဗိမာန်တော်ပြုပြင်တဲ့အခါ ယောယဒက ကူညီပေးခဲ့တယ်။ အသက် ၁၃၀ မှာ ယောယဒ သေဆုံးခဲ့ပြီး သူဟာ “အစ္စရေးလူမျိုးအတွက်၊ စစ်မှန်တဲ့ဘုရားသခင်နဲ့ ကိုယ်တော့်အိမ်တော်အတွက် ကောင်းမှုတွေလုပ်ခဲ့လို့” ရှင်ဘုရင်တွေနဲ့အတူ သင်္ဂြိုဟ်ခြင်းခံခဲ့ရတယ်။ (၆ ရာ. ၂၄:၁၅၊ ၁၆၊ ကဘ) ယောယဒနဲ့ သူ့ဇနီး ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်ခဲ့လို့ မေရှိယပေါ်ထွန်းလာမယ့် မျိုးနွယ်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်။
၁၂။ ဧဗဒမေလက်ဟာ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။
၁၂ ဘုရင်ဇေဒကိရဲ့ နန်းတော်က အမှုထမ်းတစ်ယောက်ဖြစ်တဲ့ ဧဗဒမေလက်ဟာ ယေရမိကို အသက်စွန့်ပြီး ကူညီခဲ့တယ်။ ဘုရင်က မတရားစွပ်စွဲတဲ့ ယုဒမင်းညီမင်းသားတွေလက်ထဲ ယေရမိကို အပ်လိုက်တယ်၊ အဲဒီလူတွေက ယေရမိကို သေစေဖို့အတွက် ရွှံ့နွံတွေရှိတဲ့ တွင်းထဲပစ်ချလိုက်တယ်။ (ယေ. ၃၈:၄-၆) ယေရမိကိုကယ်ဖို့ ဧဗဒမေလက်က ဘုရင်ဇေဒကိကို တောင်းပန်ခဲ့တယ်။ ဧဗဒမေလက် အဲဒီလိုလုပ်တာ အရမ်းအန္တရာယ်များတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီမှာရှိတဲ့ လူအများစုက ယေရမိကို မုန်းနေလို့ပဲ။ ဇေဒကိက ယေရမိကိုကယ်ဖို့ သဘောတူလိုက်တယ်၊ လူအယောက် ၃၀ ခေါ်ပြီး ယေရမိကို တွင်းထဲကနေထုတ်ဖို့ ဧဗဒမေလက်ကို ပြောခဲ့တယ်။ ဂျေရုဆလင်မြို့ကို ဗာဗုလုန်လူမျိုးတွေ တိုက်ခိုက်တဲ့အခါ ဧဗဒမေလက် အသက်ဘေးကနေ လွတ်မြောက်လိမ့်မယ်လို့ ယေရမိကတစ်ဆင့် ဘုရားသခင်ကတိပေးခဲ့တယ်။ (ယေ. ၃၉:၁၅-၁၈) ဘုရားသခင်ရဲ့အလိုတော်ကို ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်သူတွေကို ကိုယ်တော် ဆုချတယ်။
၁၃။ ဟေဗြဲလူသုံးယောက်ဟာ ဘယ်လိုနည်းနဲ့ ရဲစွမ်းသတ္တိ တင်ပြခဲ့ကြသလဲ။ သူတို့ဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၁၃ ဘီစီ ခုနစ်ရာစုက ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ဟေဗြဲလူသုံးယောက်ဟာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတင်ပြခဲ့လို့ ဆုချခံခဲ့ရတယ်။ ဘုရင်နေဗုခဒ်နေဇာက ဗာဗုလုန်မှာရှိတဲ့ အရေးပါတဲ့လူတွေကိုစုဝေးပြီး ဧရာမရွှေရုပ်တုကြီးကို ဦးချဝတ်ပြုဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီရုပ်တုကို ဦးမချ ဝတ်မပြုတဲ့သူတိုင်း တောက်လောင်နေတဲ့ မီးဖိုထဲပစ်ချခံရပြီး သေဒဏ်ခံရမှာဖြစ်တယ်။ ဟေဗြဲလူသုံးယောက်က နေဗုခဒ်နေဇာကို ဒီလို လေးလေးစားစား ပြောခဲ့တယ်– “ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။ တောက်လောင်နေတဲ့ မီးဖိုကြီးထဲကနေ၊ အရှင်မင်းကြီးရဲ့လက်ကနေ ကျွန်တော်တို့ကို သူကယ်တင်လိမ့်မယ်။ တကယ်လို့ မကယ်တင်ဘူးဆိုရင်လည်း မင်းကြီးရဲ့ဘုရားတွေကို ကျွန်တော်တို့ မကိုးကွယ်ဘူး။ မင်းကြီးတည်ထားတဲ့ရွှေရုပ်တုကို ကျွန်တော်တို့ ၀တ်ပြုမှာမဟုတ်ဘူးဆိုတာ မင်းကြီးကို သိစေချင်ပါတယ်။” (ဒံ. ၃:၁၆-၁၈၊ ကဘ) ဟေဗြဲလူသုံးယောက်ကို ယေဟောဝါ ကယ်တင်ခဲ့တဲ့ စိတ်လှုပ်ရှားစရာမှတ်တမ်းကို ဒံယေလ ၃:၁၉-၃၀ မှာဖတ်နိုင်ပါတယ်။ တောက်လောင်နေတဲ့ မီးဖိုထဲပစ်ချပြီး အသတ်ခံရမယ်လို့ ခြိမ်းခြောက်တာမျိုး ကျွန်ုပ်တို့ ကြုံရချင်မှ ကြုံရမယ်၊ ဒါပေမဲ့ ယေဟောဝါအပေါ် သစ္စာတည်ကြည်ဖို့ အရမ်းခက်တဲ့အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်။ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိမယ်ဆိုရင် ဘုရားသခင် ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
၁၄။ ဒံယေလ အခန်းကြီး ၆ အရ ဒံယေလ ဘယ်လို ရဲစွမ်းသတ္တိတင်ပြခဲ့သလဲ။ ဘာရလဒ်ရခဲ့သလဲ။
၁၄ ဒံယေလရဲ့ ရန်သူတွေက ဒံယေလကို ဒုက္ခရောက်စေမယ့် ဥပဒေတစ်ခုထုတ်ဖို့ ဘုရင်ကို ကုန်းတိုက်ကြတယ်။ ဒံယေလရဲ့ ရန်သူတွေက ဘုရင်ကို ဒီလိုပြောတယ်– “ရက်သုံးဆယ်အတွင်းမှာ မင်းကြီးကလွဲလို့ တခြားဘုရား ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်ဆီဆုတောင်းသူ ဘယ်သူ့ကိုမဆို ခြင်္သေ့တွင်းထဲ ပစ်ချရမယ်ဆိုတဲ့ အမိန့်နဲ့တားမြစ်ချက်ကို ထုတ်ပြန်အတည်ပြု” ပါ။ အဲဒီအခြေအနေမှာ ဒံယေလဟာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတင်ပြခဲ့တယ်။ အဲဒီအမိန့်ထုတ်ပြန်တာကို သိသိချင်း “အိမ်ပြန်သွားပြီး ဂျေရုဆလင်ဘက်ကိုမျက်နှာမူထားတဲ့ ပြတင်းပေါက်တွေပွင့်နေတဲ့ အိမ်မိုးအထက်ခန်းကို တက်သွားတယ်။ ပြီးတော့ အရင်လုပ်နေကျအတိုင်း ဒူးထောက်ပြီး သူ့ဘုရားသခင်ကို တစ်နေ့သုံးကြိမ် ဆုတောင်းပြီးချီးမွမ်းတယ်။” (ဒံ. ၆:၆-၁၀၊ ကဘ) ရဲစွမ်းသတ္တိရှိတဲ့ ဒံယေလဟာ ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါ သူ့ကို ကယ်တင်ခဲ့တယ်။—ဒံ. ၆:၁၆-၂၃။
၁၅။ (က) အာကုလနဲ့ ပြစ်ကိလဟာ ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ တင်ပြခဲ့ကြသလဲ။ (ခ) ယောဟန် ၁၃:၃၄ မှာပါတဲ့ ယေရှုရဲ့စကားတွေက ဘာကိုဆိုလိုတာလဲ။ အဲဒီလို ချစ်ခြင်းမေတ္တာမျိုးကို ခရစ်ယာန်တွေ ဘယ်လို တင်ပြနေကြသလဲ။
၁၅ အာကုလနဲ့ ပြစ်ကိလတို့ဟာ သူတို့ရဲ့ အသက်ကိုစွန့်စားပြီး ပေါလုကို ကူညီခဲ့ကြတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (တ. ၁၈:၂; ရော. ၁၆:၃၊ ၄) သူတို့ဟာ ရဲစွမ်းသတ္တိရှိရှိနဲ့ ယေရှုမိန့်မှာတဲ့အတိုင်း လုပ်ခဲ့ကြတယ်– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။” (ယော. ၁၃:၃၄) ကိုယ့်ကိုယ်ကိုယ်ချစ်သလို တခြားသူကိုချစ်ဖို့ မောရှေပညတ်မှာ တောင်းဆိုထားတယ်။ (ဝတ်. ၁၉:၁၈) ဒါဆို ယေရှုပေးတဲ့ပညတ်က ဘာကြောင့် ‘အသစ်’ ဖြစ်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ ယေရှုလိုပဲ တခြားသူတွေအတွက် ကျွန်ုပ်တို့ရဲ့ အသက်ကို လိုလိုလားလားပေးပြီး မေတ္တာတင်ပြဖို့ လိုအပ်လို့ပဲ။ ခရစ်ယာန်တွေဟာ သူတို့ရဲ့ ညီအစ်ကိုတွေ အန္တရာယ်မတွေ့အောင်၊ အသတ်မခံရအောင် ရန်သူတွေလက်ကနေ ကာကွယ်ပေးဖို့ သူတို့ရဲ့အသက်ကို စွန့်စားခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ တင်ပြကြတယ်။—၁ ယောဟန် ၃:၁၆ ကိုဖတ်ပါ။
ပထမရာစုခရစ်ယာန်တွေ ရောမဧကရာဇ်မင်းကို ဝတ်ပြုဖို့ ငြင်းဆိုခဲ့ကြ
၁၆၊ ၁၇။ ပထမရာစုက ခရစ်ယာန်တချို့ရဲ့ ယုံကြည်ခြင်း ဘယ်လိုစမ်းသပ်ခံခဲ့ရသလဲ။ ကျွန်ုပ်တို့ခေတ်မှာကော ဘယ်လို စမ်းသပ်ခံရကြသလဲ။
၁၆ ယေရှုလိုပဲ ပထမရာစု ခရစ်ယာန်တွေလည်း ယေဟောဝါကိုပဲ ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်။ (မ. ၄:၈-၁၀) သူတို့ဟာ အမွှေးနံ့သာတွေကို မီးမရှို့ခြင်းအားဖြင့် ရောမဧကရာဇ်မင်းကို ဂုဏ်တင်ဖို့ ငြင်းဆိုခဲ့ကြတယ်။ (ရုပ်ပုံကို ကြည့်ပါ။) သမိုင်းပညာရှင် ဒန်နီယယ် ပီ မန်နစ်က အခုလိုရေးခဲ့တယ်– “အရီနာကွင်း၌ မီးတောက်လောင်နေသော ယဇ်ပလ္လင်တစ်ခုကို ခရစ်ယာန်များအတွက် အသင့်တည်ထားလေ့ရှိသော်လည်း ယုံကြည်ချက်စွန့်လွှတ်သောခရစ်ယာန် အလွန်နည်းသည်။ အကျဉ်းသားတစ်ဦးသည် နံ့သာမှုန့်တစ်ဆိတ်စာကိုယူ၍ မီးထဲဖြန့်ကြဲလိုက်ရုံနှင့် လွတ်မြောက်နိုင်သည်။ ထိုသို့ပြုခြင်းသည် ဘုရင်ကိုကိုးကွယ်ခြင်းမဟုတ်၊ ရောမနိုင်ငံ၏ခေါင်းဆောင်ဖြစ်သော ဧကရာဇ်မင်း၏ ဘုရားအဖြစ်ကို အသိအမှတ်ပြုခြင်းသာဖြစ်သည်ဟု အကျဉ်းသားကို သေချာစွာရှင်းပြသည်။ သို့သော် ထိုလွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံသူခရစ်ယာန်မှာ မရှိသလောက်ဖြစ်သည်။”—Those About to Die.
၁၇ နာဇီချွေးတပ်စခန်းကို အပို့ခံရတဲ့ ခရစ်ယာန်တွေလည်း လွတ်မြောက်ဖို့နဲ့ သေဘေးကိုရှောင်နိုင်ဖို့ အခွင့်အရေး အကြိမ်ကြိမ်ရခဲ့ကြတယ်။ သူတို့လုပ်ရမှာက ယေဟောဝါကို ဆက်ဝတ်မပြုတော့ပါဘူးဆိုပြီး လက်မှတ်ထိုးလိုက်ရုံပဲ။ ဒါပေမဲ့ လူနည်းစုလေးပဲ လက်မှတ်ထိုးခဲ့ကြတယ်။ ရဝမ်ဒါစစ်ပွဲမှာလည်း တူစီနဲ့ ဟူတူ သက်သေခံတွေဟာ အသက်စွန့်ပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးခဲ့ကြတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ဘုရားသခင့်လူမျိုးဟာ ရဲစွမ်းသတ္တိနဲ့ ယုံကြည်ခြင်းရှိဖို့လိုတယ်။
ယေဟောဝါ ကျွန်ုပ်တို့နဲ့ အတူရှိနေတယ်ဆိုတာ သတိရပါ
၁၈၊ ၁၉။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ တင်ပြခဲ့ကြတဲ့ ဘယ်ကျမ်းစာပုံနမူနာတွေက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။
၁၈ ကျွန်ုပ်တို့ဟာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အခွင့်ထူးရရှိထားကြတယ်။ အဲဒီအလုပ်က မြေကြီးပေါ်မှာရှိတဲ့ ကျေးကျွန်တွေကို ဘုရားသခင်ပေးသမျှအလုပ်ထဲမှာ အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံးအလုပ်ပဲ။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယေရှုရဲ့ ကောင်းမြတ်စုံလင်တဲ့ စံနမူနာအတွက် ကျွန်ုပ်တို့ အရမ်းကျေးဇူးတင်ကြတယ်။ သူဟာ “တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ဟောပြော” ခဲ့တယ်။ (လု. ၈:၁) ယေရှုလို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောဖို့ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရှိဖို့လိုတယ်။ ကျွန်ုပ်တို့လည်း ဘုရားသခင်ရဲ့ အကူအညီနဲ့ နောဧလို ရဲစွမ်းသတ္တိရှိနိုင်တယ်။ နောဧဟာ ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးခံရမယ့်သူတွေဖြစ်တဲ့ “ဘုရားတရားမဲ့” သူတွေကို “ဖြောင့်မတ်ခြင်းတရားဟောပြော” ခဲ့တယ်။—၂ ပေ. ၂:၄၊ ၅။
၁၉ ဆုတောင်းခြင်းက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အထောက်အကူဖြစ်စေတယ်။ နှိပ်စက်ညှဉ်းပန်းခံရတဲ့ ယေရှုရဲ့ တပည့်တချို့ဟာ ဆက်ပြီး “တရားစကားတော်ကို အလွန်ရဲရင့်စွာ ဟောပြောနိုင်ခွင့်ပေး” ပါလို့ ဆုတောင်းခဲ့ကြတယ်၊ သူတို့ရဲ့ ဆုတောင်းချက် ဖြေကြားခံရတယ်။ (တမန်တော် ၄:၂၉-၃၁ ကိုဖတ်ပါ။) တကယ်လို့ သင်ဟာ တစ်အိမ်တက်ဆင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ကြောက်နေတယ်ဆိုရင် ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပိုရှိဖို့ ယေဟောဝါထံမှာ ဆုတောင်းပါ၊ ကိုယ်တော် သင့်ကို ကူညီပေးပါလိမ့်မယ်။—ဆာလံ ၆၆:၁၉၊ ၂၀ ကိုဖတ်ပါ။a
၂၀။ ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့မှာ ဘာအကူအညီတွေ ရရှိထားသလဲ။
၂၀ ဒီဆိုးညစ်တဲ့လောကမှာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆက်လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က တစ်ယောက်တည်းမဟုတ်ဘူး။ ဘုရားသခင် ကျွန်ုပ်တို့နဲ့အတူရှိတယ်။ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်တဲ့ ဘုရားသခင့်သားတော်ယေရှုလည်း ကျွန်ုပ်တို့ကို ကူညီပေးနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ၇,၀၀၀,၀၀၀ ကျော်လည်းရှိသေးတယ်။ ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းဆက်တင်ပြပြီး သတင်းကောင်း ဆက်ဟောပြောကြစို့။ အဲဒီလိုလုပ်ဆောင်ဖို့ ၂၀၁၃ ခုနှစ် နှစ်ချုပ်ကျမ်းချက်က ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မယ်– ‘သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ။ သင့်ဘုရားသခင် ယေဟောဝါက သင်နဲ့အတူရှိတယ်။’—ယောရှု ၁:၉၊ ကဘ။
a ရဲစွမ်းသတ္တိတင်ပြခဲ့ကြတဲ့ နောက်ထပ်ပုံနမူနာတွေကို ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂ ကင်းမျှော်စင် မှာပါတဲ့ “သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ” ဆိုတဲ့ဆောင်းပါးမှာ ကြည့်ပါ။