သမ္မာတရားတွင်အခြေခံသော ယုံကြည်ခြင်းကို ကျင့်သုံးလော့
“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။
၁၊ ၂။ အာဒံ၏ယုံကြည်ခြင်းမည်သို့စမ်းသပ်ခံခဲ့ရ၍ ရလဒ်ကားအဘယ်နည်း။
ယုံကြည်ခြင်းသည်ဘုရားရှင်တည်ရှိသည်ဟု ယုံကြည်သည်ထက်မကလိုအပ်သည်။ ပထမလူသားအာဒံသည် ယေဟောဝါဘုရားတည်ရှိကြောင်းကို သံသယမဝင်ခဲ့ချေ။ ဘုရားရှင်သည် အာဒံနှင့်မိမိ၏သားတော်နှုတ်ကပါဌ်တော်အားဖြင့် ဆက်သွယ်ခဲ့ပုံရသည်။ (ယောဟန် ၁:၁-၃။ ကောလောသဲ ၁:၁၅-၁၇) သို့သော်လည်း၊ အာဒံသည်ထာဝရအသက် အလားအလာဆုံးရှုံးခဲ့သည်။ အကြောင်းမှာ၊ သူသည်ယေဟောဝါကိုနာခံ၍ ကိုယ်တော်၌ယုံကြည်ခြင်းကျင့်သုံးရန် ပျက်ကွက်ခဲ့သောကြောင့်ဖြစ်သည်။
၂ အာဒံ၏ဇနီးဧဝသည် ယေဟောဝါကိုနာမခံခဲ့သောအခါ အာဒံ၏အနာဂတ်မျှော်လင့်ချက်သည် ဘေးသင့်ပုံရခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမအားဆုံးရှုံးခြင်းတည်းဟူသော အတွေးကိုယ်နှိုက်က ပထမလူသား၏ယုံကြည်ခြင်းအပေါ် စမ်းသပ်မှုဖြစ်ခဲ့ပါသည်တကား။ အာဒံ၏ပျော်ရွှင်မှုနှင့်ကောင်းကျိုး ဆက်လက်ရပ်တည်နေရန်အတွက် ဘုရားရှင်သည်ဤပြဿနာကို ဖြေရှင်းနိုင်မည်လော။ ဧဝနှင့်ကျူးလွန်မှုတွင်ပူးပေါင်းခြင်းဖြင့် အာဒံသည်ထိုသို့မယုံကြည်ကြောင်း တင်ပြခဲ့သည်။ သူသည်ဘုရားရေးရာလမ်းညွှန်မှုကို အားတက်သရောရှာဖွေမည့်အစား ပြဿနာကိုသူ့နည်းလမ်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ယေဟောဝါ၌ယုံကြည်ခြင်းကျင့်သုံးရန် ပျက်ကွက်ခဲ့သောကြောင့်အာဒံသည် သူ့ကိုယ်နှိုက်နှင့်သူ၏သားစဉ်မြေးဆက်အပေါ် သေခြင်းကိုသက်ရောက်စေခဲ့သည်။—ရောမ ၅:၁၂။
ယုံကြည်ခြင်းကားအဘယ်နည်း
၃။ ယုံကြည်ခြင်းအပေါ်သမ္မာကျမ်းစာ၏ရှင်းပြချက်သည် အဘိဓာန်တစ်ခုရှင်းပြသည်နှင့် မည်သို့ကွာခြားသနည်း။
၃ အဘိဓာန်တစ်အုပ်ကယုံကြည်ခြင်းကို “သာဓကမရှိသောအရာတစ်ခုအပေါ် အခိုင်အမာယုံကြည်ခြင်း” ဟုဖော်ပြထားသည်။ ထိုသဘောကိုထောက်ခံမည့်အစား သမ္မာကျမ်းစာကယင်းနှင့်ဆန့်ကျင်ဘက်ကိုတင်ပြသည်။ ယုံကြည်ခြင်းကို မုချရှိသည်များ၊ ဖြစ်ရပ်မှန်များ၊ အမှန်တရားအပေါ်အခြေခံထားသည်။ ကျမ်းစောင်များက “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း [သေချာသောမျှော်လင့်ချက်၊ NW] ဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း [သာဓကတင်ပြချက်၊ NW] ဖြစ်၏” ဟုဆိုထားသည်။ (ဟေဗြဲ ၁၁:၁) ယုံကြည်ခြင်းရှိသူတစ်ဦးသည် ဘုရားရှင်ကတိပြုသမျှ ပြည့်စုံနေသကဲ့သို့ဖြစ်ကြောင်း အာမခံချက်ရှိသည်။ မမြင်ရသောဖြစ်ရပ်မှန်၏ သေချာသောသာဓကသည် ခိုင်မာလှသောကြောင့် ယုံကြည်ခြင်းကိုယင်းအထောက်အထားနှင့်ညီမျှသည်ဟုဆိုသည်။
၄။ ယုံကြည်ခြင်းအပေါ် သမ္မာကျမ်းစာ၏ရှင်းပြချက်ကို ရည်ညွှန်းထားချက်တစ်ခုကမည်သို့ ထောက်ခံထားသနည်း။
၄ New World Translation တွင်အကြောင်းပြသောဟေဗြဲကြိယာ á·man’ကိုတစ်ခါတစ်ရံ “ယုံကြည်ခြင်း” ဟုပြန်ဆိုသည်။ Theological Wordbook of the Old Testament အရ “အရင်းခံအဓိပ္ပာယ်သည် . . . မျက်မှောက်ခေတ် ယုံကြည်ခြင်း၏ခံယူချက်ဖြစ်သော မသေချာ၊ ဖြစ်နိုင်ဖွယ်ရှိခြင်း၊ မှန်ဖို့မျှော်လင့်နိုင်သည်တို့နှင့်ဆန့်ကျင်လျက် သေချာသောသဘောဖြစ်သည်။” ယင်းက “အရင်းခံဖြစ်သော ‘āmēn ‘အမှန်စင်စစ်’ ကိုဓမ္မသစ်ကျမ်းတွင် amēn ဟုဖော်ပြပြီး၊ အင်္ဂလိပ်စကားလုံးမှာ ámeń ဖြစ်သည်။ ယေရှုသည် ကိစ္စတစ်ခု၏သေချာမှုကို လေးနက်စေရန် ယင်းစကားလုံးကို မကြာခဏအသုံးပြုခဲ့သည်။ (မဿဲ ၅:၁၈၊ ၂၆ စသည်များ)” ခရစ်ယာန်ဂရိကျမ်းစောင်များတွင် “ယုံကြည်ခြင်း” ဟုဖော်ပြထားသောစကားလုံးသည် မုချအကြောင်း သို့မဟုတ် အမှန်တရားအပေါ်အခိုင်အမာအခြေပြုထားသော ယုံကြည်မှုကိုလည်းဆိုလိုသည်။
၅။ ဟေဗြဲ ၁၁:၁ တွင်ဂရိမှပြန်ဆိုထားသော “သေချာသောမျှော်လင့်ချက်” စကားလုံးကို ရှေးစီးပွားရေးလုပ်ငန်းစာရွက်စာတမ်းများတွင် မည်သို့အသုံးပြုထားပြီး၊ ယင်းသည်ခရစ်ယာန်များအပေါ် မည်သို့သဘောသက်ရောက်သနည်း။
၅ ဟေဗြဲ ၁၁:၁ (hy·po’sta·sis) တွင် “သေချာသောမျှော်လင့်ချက်” ဟုဖော်ပြထားသော ဂရိစကားလုံးကို ရှေးစီးပွားရေးလုပ်ငန်းကျူစာရွက်စာတမ်းများတွင် အနာဂတ်ပိုင်ဆိုင်မှုကိုအာမခံသော သဘောသက်ရောက်စေရန် အသုံးပြုခဲ့ကြသည်။ ပညာတတ်များဖြစ်သော မောလ်တန်နှင့်မီလီဂန်က “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများ၏ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်း ဖြစ်သည်” ဟုဖော်ပြထားသည်။ (Vocabulary of the Greek Testament) ထင်ရှားသည်မှာ၊ လူတစ်ဦးသည် ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများပိုင်ဆိုင်ထားလျှင် တစ်နေ့သောအခါတွင် သူရရှိရန်မျှော်လင့်သည်များ အကောင်အထည်ပေါ်လာမည်ကို “သေချာသောမျှော်လင့်ချက်” ရှိနိုင်သည်။
၆။ ဟေဗြဲ ၁၁:၁ တွင်ဂရိစကားလုံးမှ ပြန်ဆိုထားသော “သာဓကတင်ပြချက်” ၏ထူးခြားချက်ကားအဘယ်နည်း။
၆ ဟေဗြဲ ၁၁:၁ တွင်ဂရိစကားလုံးကိုပြန်ဆိုထားသော “သာဓကတင်ပြချက်” (e’leg·khos) သည်အရာတစ်ခုကိုတင်ပြရန် သာဓကပြခြင်းသဘောဆောင်၍ အထူးသဖြင့်ဖြစ်ပုံရသည်နှင့်ဆန့်ကျင်လျက် သာဓကပြခြင်းဖြစ်သည်။ မုချဖြစ်သော သို့မဟုတ် အကယ်စင်စစ်ဖြစ်သော အထောက်အထားက ယခင်ကမပိုင်းခြားနိုင်သည်ကို ရှင်းလင်းစေကာ၊ ဖြစ်ပုံရသည်ကို ချေဖျက်ပစ်လိုက်သည်။ ထို့ကြောင့်၊ ဟေဗြဲနှင့်ဂရိစာစောင်နှစ်ခုလုံးတွင် ယုံကြည်ခြင်းသည် “သာဓကမရှိသော အရာတစ်ခုအပေါ် အခိုင်အမာယုံကြည်ခြင်း လုံးဝမဟုတ်ချေ။” ယင်းနှင့်ဆန့်ကျင်လျက် ယုံကြည်ခြင်းသည် အမှန်တရားအပေါ်အခြေခံလေသည်။
အခြေခံသမ္မာတရားများအပေါ်အခြေပြု
၇။ ပေါလုနှင့်ဒါဝိဒ်သည် ဘုရားရှိကြောင်းငြင်းဆန်သူများအား မည်သို့ဖော်ပြသနည်း။
၇ တမန်တော်ပေါလုသည် ဖန်ဆင်းရှင်၏ “ဖန်ဆင်းတော်မူသော အရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏” ဟုရေးသားခဲ့စဉ် အခြေခံသမ္မာတရားများကို ဖော်ပြခဲ့သည်။ (ရောမ ၁:၂၀) မှန်ပါသည်၊ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍” “မြေကြီးသည်ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။” (ဆာလံ ၁၉:၁။ ၁၀၄:၂၄) သို့သော်လူတစ်ဦးသည် အထောက်အထားကို သုံးသပ်လိုစိတ်မရှိလျှင်ကော။ ဆာလံဆရာဒါဝိဒ်က ဤသို့ဆိုခဲ့သည်။ “မတရားသောသူသည်မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ။ ‘ဘုရားသခင်မရှိ’ ဟုအစဉ်အောက်မေ့တတ်ပါ၏။” (ဆာလံ ၁၀:၄။ ၁၄:၁) ယုံကြည်ခြင်းသည် ဘုရားရှိသည်ဟူသည့် အခြေခံသမ္မာတရားပေါ်တွင် အခြေပြုလေသည်။
၈။ ယေဟောဝါသည် ယုံကြည်ကိုးစားထိုက်ကြောင်း အသိပညာက ယုံကြည်ခြင်းကိုမည်သို့ ထိခိုက်နိုင်သနည်း။
၈ ယေဟောဝါသည် အသက်ရှိရုံရှိခြင်းသာမဟုတ်ဘဲ ကိုယ်တော်သည်ယုံကြည်စိတ်ချဖွယ်ရာလည်းဖြစ်ကာ ကျွန်ုပ်တို့သည်ကိုယ်တော်၏ ကတိတော်များအပေါ်ကိုးစားနိုင်သည်။ ကိုယ်တော်က “ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်းတည်ရလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ဟေရှာယ ၁၄:၂၄။ ၄၆:၉၊ ၁၀) ယင်းတို့သည် အဓိပ္ပာယ်မဲ့စကားများမဟုတ်ချေ။ ဘုရားနှုတ်ကပါဌ်တော်တွင်မှတ်တမ်းတင်ထားသော ရာပေါင်းများစွာသော ပရောဖက်ပြုချက်များပြည့်စုံခဲ့သည့် ရှင်းနေသောသာဓကရှိလေသည်။ ယင်းကိုသိမြင်လျက် ယုံကြည်ခြင်းကျင့်သုံးသူများသည် ပြည့်စုံနေသောအခြားများစွာသော သမ္မာကျမ်းပရောဖက်ပြုချက်များကိုလည်း ပိုင်းခြားနိုင်လေသည်။ (ဧဖက် ၁:၁၈) ဥပမာ၊ သူတို့သည်ယေရှု၏ရောက်ရှိခြင်း “နိမိတ်” ဖြစ်သည့်တည်ထောင်ပြီဖြစ်သော နိုင်ငံတော်ဟောပြောခြင်း အရှိန်အဟုန်တိုးမြှင့်လာပုံနှင့် တင်ကြိုဟောထားသော စစ်မှန်သောဝတ်ပြုရေးတိုးမြှင့်ခြင်း ပြည့်စုံလာသည်ကို မြင်တွေ့နေသည်။ (မဿဲ ၂၄:၃-၁၄။ ဟေရှာယ ၂:၂-၄၊ ၆၀:၈၊ ၂၂) မကြာမီ၊ တိုင်းနိုင်ငံများသည် “ငြိမ်ဝပ်ခြင်းရှိ၏။ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏” ဟုကြွေးကြော်လျက် ယင်းနောက်မကြာမီ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ကိုသူတို့သိကြ၏။” (၁ သက်သာလောနိတ် ၅:၃။ ဗျာဒိတ် ၁၁:၁၈) ပရောဖက်ပြုချက်သမ္မာတရားတွင် ယုံကြည်ခြင်းကိုအခြေခံရခြင်းသည် မည်မျှကောင်းချီးပါတကား။
သန့်ရှင်းသောဝိညာဉ်တော်အသီးတစ်သီး
၉။ ယုံကြည်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ ဆက်စပ်မှုကားအဘယ်နည်း။
၉ ယုံကြည်ခြင်းကို အခြေခံထားသောသမ္မာတရားကို သမ္မာကျမ်းစာတွင်တွေ့ရပြီး၊ ယင်းသည်ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ထုတ်လုပ်ရာဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၂၃:၂။ ဇာခရိ ၇:၁၂။ မာကု ၁၂:၃၆) ထို့ကြောင့်၊ ယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုမှ ကင်းကွာ၍မနေနိုင်ကြောင်းမှာ ဆင်ခြင်တုံတရားနှင့်ညီညွတ်လေသည်။ ထို့ကြောင့်ပင်၊ တမန်တော်ပေါလုက “ဝိညာဉ်အသီး . . . ယုံကြည်ခြင်း [ပါဝင်သည်]” ဟုရေးသားနိုင်ခဲ့သည်။ (ဂလာတိ ၅:၂၂။ NW) သို့သော်အများသည် သမ္မာတရားတော်ကိုငြင်းပယ်ကာ၊ သူတို့၏အသက်တာကို သွေးသားဆန္ဒနှင့်ဘုရားသခင့်ဝိညာဉ်တော်ကို စိတ်နာစေသောအမြင်များဖြင့် ညစ်စွန်းစေသည်။ သို့ဖြင့်၊ “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်” ချေ၊ အကြောင်းမှာသူတို့တည်ဆောက်ရန် အခြေခံမရှိသောကြောင့်ဖြစ်သည်။—၂ သက်သာလောနိတ် ၃:၂။ NW။ ဂလာတိ ၅:၁၆-၂၁။ ဧဖက် ၄:၃၀။
၁၀။ ယေဟောဝါ၏ရှေးခေတ်ကျေးကျွန်အချို့သည် သူတို့ယုံကြည်ခြင်းကိုကျင့်သုံးကြောင်း မည်သို့ပြသခဲ့သနည်း။
၁၀ သို့သော်အာဒံမှဆင်းသက်သူတို့မှ အချို့သည်ယုံကြည်ခြင်းတင်ပြခဲ့သည်။ ဟေဗြဲ အခန်းကြီး ၁၁ က ယုံကြည်ခြင်းအားဖြင့် . . . သက်သေခံ” ခဲ့သော အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်၊ မောရှေ၊ ရာခပ်၊ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိတ်၊ ရှမွေလနှင့်အတူ အခြားအမည်မဖော်ပြသော ယေဟောဝါ၏ကျေးကျွန်များအကြောင်း ဖော်ပြထားလေသည်။ “ယုံကြည်ခြင်းအားဖြင့်” ဘာပြုလုပ်သည်ကို သတိပြုပါ။ အာဗေလသည်ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်အား ပူဇော်” ၍နောဧသည် “သင်္ဘောကိုတည်လေ၏ ။” ယုံကြည်ခြင်းအားဖြင့် အာဗြဟံသည် “နားထောင်၍ [အမွေခံရမည့်နေရာသို့] ထွက်သွားလေ၏။” ယုံကြည်ခြင်းအားဖြင့်မောရှေသည် “အဲဂုတ္တုပြည်ကို စွန့်သွား၏ ။”—ဟေဗြဲ ၁၁:၄၊ ၇၊ ၈၊ ၂၇၊ ၂၉၊ ၃၉။
၁၁။ တမန်တော် ၅:၃၂ ကဘုရားကိုနာမခံသူများနှင့်စပ်လျဉ်း၍ မည်သို့ဆိုသနည်း။
၁၁ ထိုယေဟောဝါ၏ကျေးကျွန်များအားလုံးသည် ဘုရားရှိကြောင်းယုံကြည်သည်ထက် ပိုမိုလုပ်ဆောင်ကြောင်းထင်ရှားသည်။ ယုံကြည်ခြင်းကျင့်သုံးလျက်၊ သူတို့သည်ကိုယ်တော်ထံ “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” သောပုဂ္ဂိုလ်အဖြစ် ကိုးစားကြသည်။ (ဟေဗြဲ ၁၁:၆) သူတို့သည်ဘုရားသခင့်ဝိညာဉ်တော်ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ခဲ့ကြပြီး၊ ထိုအချိန်ကအကန့်အသတ်နှင့်သာရရှိခဲ့သော်လည်း ရရှိခဲ့သည့်တိကျမှန်ကန်သည့် သမ္မာတရားအသိပညာအပေါ်ကျင့်သုံးခဲ့ကြသည်။ သမ္မာတရားအပေါ်အခြေခံသောယုံကြည်ခြင်း သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ညွှန်ကြားချက်နှင့်အညီ မလုပ်ဆောင်သည့် အာဒံနှင့်မည်မျှကွာခြားလှပါဘိ။ ဘုရားရှင်ကိုမနာခံသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဦးဆောင်မခံရချေ။—တမန်တော် ၅:၃၂။
၁၂။ (က) အာဗေလသည် မည်သည့်အရာအပေါ်ယုံကြည်ခဲ့ပြီး၊ ယင်းကိုသူမည်သို့တင်ပြခဲ့သနည်း။ (ခ) ယုံကြည်ခြင်းရှိလင့်ကစား၊ ယေဟောဝါ၏ခရစ်ယာန်သက်သေများခေတ်မတိုင်မီ သက်သေများသည် ဘာကိုမရရှိခဲ့သနည်း။
၁၂ မိမိ၏ဖခင်အာဒံနှင့်ကွာခြားလျက် ဘုရားရေးစိတ်ရှိသော အာဗေလသည် ယုံကြည်ခြင်းရှိခဲ့သည်။ မိမိ၏မိဘများထံမှ ပထမဆုံးမိန့်ကြားခဲ့သော ပရောဖက်ပြုချက်ကိုသူကြားခဲ့ခြင်းဖြစ်နိုင်သည်။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမအမျိုးအနွယ်ကိုလည်းကောင်း၊ ငါ [ယေဟောဝါ] သည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) ထို့ကြောင့်ဘုရားရှင်သည် မတရားမှုကိုဖျက်ဆီး၍ ဖြောင့်မတ်ခြင်းကိုတည်ထောင်ရန် ကတိပြုတော်မူခဲ့၏။ ယင်းကတိတော်သည် မည်သို့ပြည့်စုံလာမည်နည်း။ အာဗေလမသိခဲ့ချေ။ သို့သော်ဘုရားရှင်သည် ကိုယ်တော်အားထက်သန်စွာရှာနေသူများအား ဆုချသည်ဟူသောယုံကြည်ခြင်းက သူ့အားပူဇော်သက္ကာပြုရန်လှုံ့ဆော်ခဲ့သည်။ သူသည်ပရောဖက်ပြုချက်ကို အတော်အတန်စဉ်းစားခဲ့မည်ဖြစ်ပြီး၊ ကတိတော်ပြည့်စုံရန်နှင့် လူသားတို့ကိုစုံလင်ခြင်းသို့ပို့ဆောင်ရန် သွေးသွန်းလောင်းရန်လိုအပ်ကြောင်း ယုံကြည်ခဲ့သည်။ အာဗေလ၏တိရစ္ဆာန်ပူဇော်သက္ကာသည် လျောက်ပတ်ခဲ့သည်။ သို့သော်လည်းသူတို့သည်ယုံကြည်ခြင်းရှိလင့်ကစား၊ အာဗေလနှင့်ယေဟောဝါ၏ခရစ်ယာန်သက်သေများခေတ်မတိုင်မီ အခြားသူများသည် “ကတိတော်အတိုင်းအကျိုးကျေးဇူး [ပြည့်စုံချက်] ကိုမခံရ” ကြချေ။—ဟေဗြဲ ၁၁:၃၉။
ယုံကြည်ခြင်းကိုစုံလင်စေခြင်း
၁၃။ (က) အာဗြဟံနှင့်ဒါဝိဒ်သည် ကတိတော်၏ပြည့်စုံချက်နှင့်အကြောင်း ဘာသိရှိခဲ့ကြသနည်း။ (ခ) “သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း” ဟုအဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၃ ရာစုနှစ်များတစ်လျှောက်အခါအားလျော်စွာ၊ ဘုရားရှင်သည် ‘မိန်းမ၏အမျိုးနွယ်’ နှင့်စပ်လျဉ်း၍ မည်သို့ပြည့်စုံလာမည့်အကြောင်း ထပ်ဆင့်သမ္မာတရားများ ဖွင့်ပြခဲ့သည်။ အာဗြဟံကို “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈) နောက်ပိုင်းတွင်၊ ဘုရင်ဒါဝိဒ်အား ကတိတော်ထားရာမျိုးနွယ်တော်သည် သူ၏မင်းမျိုးမင်းနွယ်မှလာမည့်အကြောင်း မိန့်ကြားခဲ့သည်။ စီအီး၂၉ ခုနှစ်တွင် မျိုးနွယ်တော်သည် ခရစ်တော်ယေရှုအဖြစ်ပေါ်ထွန်းလာသည်။ (ဆာလံ ၈၉:၃၊ ၄။ မဿဲ ၁:၁။ ၃:၁၆၊ ၁၇) ယုံကြည်ခြင်းမဲ့သောအာဒံနှင့်ဆန့်ကျင်လျက် “နောက်ဆုံးဖြစ်သောအာဒံ” ယေရှုခရစ်သည်ယုံကြည်ခြင်းတင်ပြရာတွင် ပုံသက်သေပြခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၅) ကိုယ်တော်သည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသော အသက်တာအတိုင်းအသက်ရှင်ကာ မေရှိယကိုတင်ကြိုဟောထားသော ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေခဲ့သည်။ သို့ဖြင့်ယေရှုသည် ကတိထားရာမျိုးနွယ်တော်နှင့်စပ်လျဉ်းသော သမ္မာတရားကိုပိုမိုရှင်းလင်းစေကာ မောရှေပညတ်ကပုံတင်ပြထားသည်များကို အကောင်အထည်ပေါ်စေခဲ့သည်။ (ကောလောသဲ ၂:၁၆၊ ၁၇) ထို့ကြောင့် “သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း” ဟုဆိုနိုင်လေသည်။—ယောဟန် ၁:၁၇။
၁၄။ ပေါလုကဂလာတိသားများအား ယုံကြည်ခြင်းသည် အတိုင်းအတာအသစ်ကိုယူဆောင်ကြောင်း မည်သို့ပြသခဲ့သနည်း။
၁၄ ယခုတွင်သမ္မာတရားသည် ယေရှုခရစ်အားဖြင့် လာသောကြောင့် “ကတိတော်” တွင်ယုံကြည်ခြင်းကိုအခြေပြုနိုင်သော အခြေခံပိုမို၍ကျယ်ပြန့်လာခဲ့သည်။ ယုံကြည်ခြင်းကိုပိုမိုခိုင်ခံ့စေပြီး၊ အတိုင်းအတာအသစ်ဖြစ်စေခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလုကဘိသိက်ခံချင်းတို့အား ဤသို့ဆိုခဲ့သည်။ “ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ကတိတော်ကိုရမည်အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကိုအပြစ်၌ ချုပ်ထား၏။ ယုံကြည်ခြင်းတရားမရောက်မီ ပညတ်တရားသည်စောင့်နေသည်ဖြစ်၍ ထိုအခါငါတို့သည်နောက်၌ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမျှော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။ ထို့ကြောင့်ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ငါတို့၏ အထိန်းဖြစ်သတည်း။ ယုံကြည်ခြင်းတရားသည်ရောက်လာသောအခါ ငါတို့သည်ထိုအထိန်းလက်မှလွတ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကိုယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။”—ဂလာတိ ၃:၂၂-၂၆။
၁၅။ ယုံကြည်ခြင်းသည် မည်သို့အားဖြင့်သာ စုံလင်ပြည့်စုံနိုင်သနည်း။
၁၅ ဣသရေလများသည် ပညတ်ပဋိညာဉ်အားဖြင့် မိမိတို့အားဘုရားရှင်ဆက်ဆံပုံတွင် ယုံကြည်ခြင်းကျင့်သုံးခဲ့သည်။ သို့သော်ယခုတွင်ယင်းယုံကြည်ခြင်းကို တိုးပွားစေရန်လိုအပ်သည်။ မည်သို့နည်း။ ပညတ်တော်ကပို့ဆောင်ပေးသော ဝိညာဉ်တော်ဘိသိက်ခံယေရှုတွင် ယုံကြည်ခြင်းကျင့်သုံးခြင်းဖြင့်ဖြစ်သည်။ ထိုနည်းအားဖြင့်သာလျှင် ခရစ်ယာန်ခေတ်မတိုင်မီယုံကြည်ခြင်းကို စုံလင်စေနိုင်မည်။ ကနဦးခရစ်ယာန်များအားလုံးသည် ‘ကိုယ်စားလှယ်ချုပ်နှင့် သူတို့၏ယုံကြည်ခြင်းကို စုံလင်စေသော ယေရှုကို စေ့စေ့ကြည့်ရှု’ ရန်မည်မျှအရေးကြီးလှပါသည်တကား။ (ဟေဗြဲ ၁၂:၂။ NW) အမှန်ပင်ခရစ်ယာန်အားလုံးလုပ်သင့်ပေသည်။
၁၆။ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့တိုးပွားများပြားစွာလာသနည်း။ အဘယ်ကြောင့်နည်း။
၁၆ သမ္မာတရားတော်ကို ပိုမိုသိကျွမ်းလာသောကြောင့်နှင့် ယုံကြည်ခြင်းကို ပိုမိုစုံလင်စေသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း အရှိန်အဟုန်တိုး၍သက်ရောက်ရန်ဖြစ်ပါသလော။ မှန်ပါသည်။ ၃၃ စီအီးပင်တေကုတ္တေပွဲနေ့တွင်၊ ယေရှုမိန့်ဆိုခဲ့သော ကတိပြုခဲ့သည့်အထောက်အကူဖြစ်သော ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်တော်၏တပည့်များအပေါ် သွန်းလောင်းခဲ့သည်။ (ယောဟန် ၁၄:၂၆။ တမန်တော် ၂:၁-၄) ထိုအခါတွင်သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ဘိသိက်ခံညီအစ်ကိုများအဖြစ် သူတို့အပေါ်လုံးဝနည်းသစ်ဖြင့် လှုပ်ရှားခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အသီးဖြစ်သည့် သူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်။ ယင်းကရှေ့တွင်ရှိသော ကြီးမားလှသည့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် သူတို့အားအသင့်ပြင်ဆင်ပေးခဲ့သည်။—မဿဲ ၂၈:၁၉၊ ၂၀။
၁၇။ (က) သမ္မာတရားသည် မည်သို့ရောက်ရှိလာပြီး၊ ၁၉၁၄ ခုနှစ်မှစ၍ ယုံကြည်ခြင်းကိုမည်သို့ စုံလင်ပြည့်စုံစေခဲ့သနည်း။ (ခ) ၁၉၁၉ မှစ၍သန့်ရှင်းသောဝိညာဉ်တော်သည် လှုပ်ရှားနေကြောင်း မည်သည့်အထောက်အထား ကျွန်ုပ်တို့ရရှိထားသနည်း။
၁၇ လွန်ခဲ့သည့်နှစ်ပေါင်း ၁၉၀၀ တွင်ယေရှုကိုယ်နှိုက်သည် ခန့်အပ်ခံဘုရင်အဖြစ်ရောက်ရှိလာသောအခါ ယုံကြည်ခြင်းရောက်ရှိလာခဲ့သည်။ သို့သော်ယခုတွင်ကိုယ်တော်သည် ကောင်းကင်ဘုရင်အဖြစ်စိုးစံနေသောကြောင့် ကျွန်ုပ်တို့၏အခြေခံယုံကြည်ခြင်း—ဖွင့်ပြခဲ့သောသမ္မာတရား—သည်အလွန်အမင်းတိုးပွားလာကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုစုံလင်စေခဲ့သည်။ အလားတူပင်၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုသည် ပိုမိုတိုးပွားလာခဲ့သည်။ ၁၉၁၉ ခုနှစ်တွင်ယင်း၏ထင်ရှားသော အထောက်အထားရှိခဲ့သည်။ မလှုပ်မယှက်နီးပါးအခြေအနေမှ ဘုရားရှင်၏အပ်နှံခံကျေးကျွန်များကို သန့်ရှင်းသောဝိညာဉ်တော်က ပြန်လည်လှုပ်ရှားခဲ့စဉ်ကဖြစ်သည်။ (ယေဇကျေလ ၃၇:၁-၁၄။ ဗျာဒိတ် ၁၁:၇-၁၂) သို့နှင့်ဝိညာဏပရဒိသုအတွက် အုတ်မြစ်ချမှတ်ခဲ့၍ နောက်ပိုင်းဆယ်စုနှစ်များတွင် ပိုမိုထင်ရှားလာကာ တစ်နှစ်ပြီးတစ်နှစ်ပိုမိုထွန်းလင်းလာသည်။ သန့်ရှင်းသောဝိညာဉ်တော် လှုပ်ရှားနေကြောင်းထို့ထက်ပိုမိုကြီးကျယ်သော သာဓကရှိနိုင်ပါမည်လော။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အဘယ်ကြောင့်သုံးသပ်
၁၈။ ဣသရေလထောက်လှမ်းသူများသည် ယုံကြည်ခြင်းတွင် တစ်ဦးနှင့်တစ်ဦး မည်သို့ကွာခြားသနည်း။
၁၈ ဣသရေလများကို အီဂျစ်ကျွန်ဘဝမှကယ်လွှတ်ခဲ့ပြီးမကြာမီပင် ခါနာန်ပြည်အားထောက်လှမ်းရန်လူ ၁၂ ဦးစေလွှတ်ခဲ့သည်။ သို့သော်၊ သူတို့အထဲမှ ၁၀ ဦးသည်ယုံကြည်ခြင်းမဲ့ကာ ဣသရေလများကိုနယ်မြေပေးမည်ဟူသည့် ယေဟောဝါ၏ကတိတော်ကို ပြည့်စုံစေနိုင်သည့် ကိုယ်တော်၏စွမ်းရည်ကို သံသယဖြစ်ကြသည်။ သူတို့သည် မျက်မြင်ရရုပ်ပိုင်းဆိုင်ရာများဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ၁၂ ဦးထဲမှ၊ ယောရှုနှင့်ကာလက်သာမျက်မြင်ရ၍မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်သူတို့သည် လျှောက်လှမ်းခဲ့ကြောင်း ပြသခဲ့သည်။ (၂ ကောရိန္သု ၅:၇နှင့်နှိုင်းယှဉ်) ယုံကြည်ခြင်းကျင့်သုံးသောကြောင့် ကတိတော်ထားရာပြည်ထဲသို့ ကယ်လွှတ်ခံခဲ့ရသော သူများထဲတွင်သူတို့သာပါဝင်ခဲ့သည်။—တောလည်ရာ ၁၃:၁-၃၃။ ၁၄:၃၅-၃၈။
၁၉။ ယုံကြည်ခြင်းကိုတည်ဆောက်ရန်အုတ်မြစ်သည် မည်သို့ယခင်ကထက်ပို၍နက်ရှိုင်းလာပြီး၊ ကျွန်ုပ်တို့ဘာလုပ်လျက်ရှိရဦးမည်နည်း။
၁၉ ယနေ့ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်သော ကမ္ဘာသစ်နယ်နိမိတ်တွင် ရပ်နေကြသည်။ ကျွန်ုပ်တို့ထိုအထဲသို့ဝင်ဖို့ဆိုလျှင် ယုံကြည်ခြင်းသည် အရေးပါသည်။ ပျော်ရွှင်ဖွယ်ကား၊ ထိုယုံကြည်ခြင်းကိုအခြေခံရမည့် သမ္မာတရားသည်ဤမျှတစ်ခါမှ မနက်ရှိုင်းခဲ့ချေ။ ကျွန်ုပ်တို့တွင် ဘုရားနှုတ်ကပါဌ်တော်တစ်အုပ်လုံး၊ ယေရှုခရစ်နှင့်ကိုယ်တော့်ဘိသိက်ခံနောက်လိုက်များ၏ပုံသက်သေ၊ သန်းပေါင်းများစွာသော ဝိညာဏညီအစ်ကို၊ ညီအစ်မများ၏အထောက်အကူနှင့် တစ်ခါကမျှနှင့်မတူသောအတိုင်းအတာဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ထောက်မမှုများရရှိထားသည်။ သို့ပင်ငြားလည်း၊ ကျွန်ုပ်တို့သည်မိမိတို့၏ယုံကြည်ခြင်းကို သုံးသပ်သင့်ပြီး၊ ကျွန်ုပ်တို့ပြုလုပ်နိုင်သေးစဉ် ယင်းကိုခိုင်ခံ့အောင်လုပ်ဆောင်ဖို့ဖြစ်လေသည်။
၂၀။ ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းများမေးရန် လျောက်ပတ်မည်နည်း။
၂၀ ‘အိုး၊ ဒါကိုသမ္မာတရားအဖြစ် ကျွန်တော်ယုံကြည်ပါတယ်’ ဟုသင်ဆိုပေမည်။ သို့သော်သင်၏ယုံကြည်ခြင်းသည် မည်မျှခိုင်မြဲပါသနည်း။ သင့်ကိုယ်ကိုမေးပါ။ ‘ယေဟောဝါ၏ကောင်းကင်အစိုးရသည် ငါ့အတွက်လူ့အစိုးရကဲ့သို့ တကယ့်အရာဖြစ်ပါသလော။ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့်၄င်း၏အုပ်ချုပ်ရေးအဖွဲ့ကို ငါအသိအမှတ်ပြုပြီး၊ အပြည့်အဝထောက်မပါသလော။ ယုံကြည်ခြင်းမျက်စိနဲ့ငါဟာ တိုင်းနိုင်ငံတွေ အာမဂေဒုန်အတွက် နောက်ဆုံးအဆင့်ထဲကို ကြိုးဆွဲခံနေရတယ်ဆိုတာ မြင်ရသလား။ ငါ့ရဲ့ယုံကြည်ခြင်းဟာ ဟေဗြဲအခန်းကြီး ၁၁ မှာဖော်ပြထားတဲ့ “များစွာသောသက်သေအပေါင်း” နဲ့တူပါတယ်ဆိုပြီး၊ နှိုင်းယှဉ်နိုင်ပါသလား။—ဟေဗြဲ ၁၂:၁။ ဗျာဒိတ် ၁၆:၁၄-၁၆။
၂၁။ ယုံကြည်ခြင်းသည် ယင်းကိုပိုင်ဆိုင်သူများအားမည်သို့လှုံ့ဆော်ပေးပြီး၊ သူတို့သည်မည်သို့ကောင်းချီးခံစားရသနည်း။ (လေးထောင့်ကွက်မှမှတ်ချက်များ ပါဝင်စေပါ။)
၂၁ သမ္မာတရားတွင်အခြေခံထားသော ယုံကြည်ခြင်းပိုင်ဆိုင်သူတို့သည် လှုပ်ရှားရန်လှုံ့ဆော်ခံရသည်။ အာဗေလဆက်သခဲ့သော နှစ်သက်ဖွယ်ယဇ်ကဲ့သို့ သူတို့၏ချီးမွမ်းခြင်းယဇ်သည် ဘုရားရှင်ကိုနှစ်သက်စေသည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဘုရားရှင်ကိုနာခံခဲ့သော ဖြောင့်မတ်ခြင်းတရားကိုဟောပြောသောနောဧကဲ့သို့၊ သူတို့သည်နိုင်ငံတော်ဟောပြောသူများအဖြစ် ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်လျှောက်ကြသည်။ (ဟေဗြဲ ၁၁:၇။ ၂ ပေတရု ၂:၅) အာဗြဟံကဲ့သို့၊ သမ္မာတရားတွင် အခြေခံသောယုံကြည်ခြင်းရှိသူများသည် သက်သောင့်သက်သာမရှိသည့်အခါများနှင့်သူတို့ သို့မဟုတ် သူတို့ချစ်မြတ်နိုးသူများ၏ အသက်ကိုလိုအပ်လျှင်စွန့်လွှတ်သည့်တိုင် ယေဟောဝါကိုနာခံကြသည်။ ရှေးခေတ်ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များကဲ့သို့ ယနေ့ယုံကြည်ခြင်းရှိသူများသည် ကြွယ်ဝစွာကောင်းချီးခံစားရပြီး၊ သူတို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်၏ စောင့်ရှောက်မှုခံရသည်။—မဿဲ ၆:၂၅-၃၄။ ၁ တိမောသေ ၆:၆-၁၀။
၂၂။ ယုံကြည်ခြင်းကိုမည်သို့ ခိုင်ခံ့စေနိုင်သနည်း။
၂၂ သင်သည်ယေဟောဝါ၏ကျေးကျွန်ဖြစ်လျက် တစ်နည်းနည်းတွင် ယုံကြည်ခြင်းအားနည်းပုံရလျှင် သင်ဘာပြုလုပ်နိုင်သနည်း။ ဘုရားနှုတ်ကပါဌ်တော်ကို အပတ်တကုတ်လေ့လာခြင်းဖြင့် သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ၊ သင့်နှလုံးကိုပြည့်စေသည့် သမ္မာတရားရေများဖြင့် သင်၏နှုတ်ကို ပလုံစီထစေပါ။ (သု၊ ၁၈:၄) သင်၏ယုံကြည်ခြင်းကို မှန်မှန်မခိုင်ခံ့စေလျှင် ယင်းသည်အားနည်း၊ ချည့်နဲ့လာကာ သေပင်သေဆုံးသွားနိုင်သည်။ (၁ တိမောသေ ၁:၁၉။ ယာကုပ် ၂:၂၀၊ ၂၆) ထိုသို့သင့်ယုံကြည်ခြင်း ဘယ်တော့မျှမဖြစ်ရန် စိတ်ပိုင်းဖြတ်ထားပါလေ။ ယေဟောဝါ၏အကူအညီကိုတောင်းခံပြီး၊ “ယုံကြည်ခြင်းလိုအပ်နေသည့်နေရာတွင် ကျွန်ုပ်အားကူညီတော်မူပါ” ဟုတောင်းလျှောက်ပါလေ။—မာကု ၉:၂၄၊ NW ။
သင်၏အဖြေများကားအဘယ်နည်း
▫ ယုံကြည်ခြင်းကားအဘယ်နည်း။
▫ ယုံကြည်ခြင်းသည် သမ္မာတရား၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကင်းကွာ၍အဘယ်ကြောင့်မတည်ရှိနိုင်သနည်း။
▫ ယေရှုခရစ်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုစုံလင်ပြည့်စုံစေရာ မည်သို့ဖြစ်လာခဲ့သနည်း။
▫ ကျွန်ုပ်တို့၏ယုံကြည်ခြင်း မည်မျှခိုင်မြဲကြောင်း အဘယ်ကြောင့်သုံးသပ်သင့်သနည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
ယုံကြည်ခြင်းရှိသူများသည် . . .
▫ ယေဟောဝါအကြောင်းပြောသည်။
▫ ယေရှုလုပ်သည့်လုပ်ငန်းများကိုလုပ်သည်။
▫ အခြားသူများအတွက် အားပေးရာအရင်းအမြစ်များဖြစ်သည်။—ရောမ ၁:၈၊ ၁၁၊ ၁၂။
▫ လောကကိုအောင်သည်။—၁ ယောဟန် ၅:၅။
▫ ကြောက်ရွံ့စရာအကြောင်းမရှိ။—ဟေရှာယ ၂၈:၁၆။
▫ ထာဝရအသက်ရရန် အကြောင်းရှိသည်။ —ယောဟန် ၃:၁၆။