မှောက်မှားသောဘုရားများတစ်ဖက်ရှိ သက်သေခံများ
“ယေဟောဝါမိန့်တော်မူသည်ကား ‘သင်တို့သည် ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်’ ဖြစ်ကြ၏။’” —ဟေရှာယ ၄၃:၁၀၊ ကဘ။
၁ စစ်မှန်သောဘုရားသခင်သည် မည်သူဖြစ်ပြီး ယနေ့လူတို့ကိုးကွယ်နေကြသောဘုရားမြောက်မြားစွာတို့ထက် ကိုယ်တော်သည် အဘယ်နည်းဖြင့်အထွတ်အထိပ်ဖြစ်တော်မူသနည်း။
စစ်မှန်သောဘုရားသခင်ကား မည်သူနည်း။ ယနေ့ ဤအရေးအကြီးဆုံးသောမေးခွန်းသည် လောကီသားအပေါင်းတို့ရှေ့ရှိနေသည်။ လူတို့သည် ဘုရားမြောက်မြားစွာကို ကိုးကွယ်နေကြသော်လည်း တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကိုအသက်ရှင်စေနိုင်ပြီး ပျော်ရွှင်သာယာသောအနာဂတ်ကို ပေးနိုင်တော်မူသည်။ ထိုတစ်ပါးတည်းသောအရှင်နှင့်ပတ်သက်၍သာ ဤသို့မြွက်ဆိုနိုင်သည်– “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” (တမန်တော် ၁၇:၂၈) အမှန်မှာ၊ ကိုးကွယ်ထိုက်သောဘုရားသခင် တစ်ပါးတည်းသာရှိသည်။ ဗျာဒိတ်ကျမ်းပါ ကောင်းကင်သံပြိုင်တေးအဖွဲ့ သီဆိုခဲ့သည့်အတိုင်းဖြစ်ပေသည်– “အို [“ယေဟောဝါ၊” ကဘ] ဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကိုခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁။
၂၊ ၃။ (က) ယေဟောဝါ၏ ကိုးကွယ်ခံထိုက်ခြင်းကို စာတန်သည် မည်သို့လိမ်လည်ပြီး စိန်ခေါ်ခဲ့သနည်း။ (ခ) ဧဝနှင့် သူမ၏သားသမီးများအတွက် ဧဝအပြစ်၏အကျိုးရလဒ်ကား အဘယ်နည်း။ ထို့ပြင် စာတန်အတွက်အကျိုးရလဒ်ကား အဘယ်နည်း။
၂ ဧဒင်ဥယျာဉ်တွင် စာတန်သည် ကိုးကွယ်ခံထိုက်သော ယေဟောဝါ၏အခွင့်အရေးကို လိမ်လည်ပြီး စိန်ခေါ်ခဲ့သည်။ မြွေကိုအသုံးပြုပြီး ဧဝအား သူပြောသည်မှာ သူမသာ ယေဟောဝါ၏ပညတ်ကိုဆန့်ကျင်ပြီး ယေဟောဝါတားမြစ်ထားတော်မူသောအသီးကို စားမည်ဆိုလျှင် သူမသည် ဘုရားသခင်နှင့်တူလိမ့်မည်ဟူ၍ဖြစ်သည်။ သူက ဤသို့ဆိုသည်– “ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။” (ကမ္ဘာဦး ၃:၅) ဧဝသည်လည်း မြွေကိုယုံပြီး တားမြစ်ထားသောအသီးကို စားလေသည်။
၃ မှန်ပါသည်၊ စာတန်လိမ်လည်ခဲ့သည်။ (ယောဟန် ၈:၄၄) ဧဝပြစ်မှားရာတွင် “ဘုရားသခင်ကဲ့သို့” သူမဖြစ်လာသည့်နည်းတစ်နည်းတည်းမှာ အမှားအမှန်ဆုံးဖြတ်ရန် ယေဟောဝါအားပေးရမည့်အခွင့်ကို သူမကိုယ်တိုင်ယူလိုက်ခြင်းဖြစ်သည်။ ထို့နောက် စာတန်မည်သို့ပင် မုသားသုံးဦးတော့ နောက်ဆုံးတွင် သူမသေဆုံးခဲ့ရသည်။ သို့ဖြစ်၍ ဧဝ၏အပြစ်ကြောင့် အကျိုးခံစားခဲ့ရသူတစ်ဦးတည်းမှာ စာတန်သာဖြစ်သည်။ အမှန်အားဖြင့်ဆိုလျှင် ဧဝအား အပြစ်ပြုရန် သွေးဆောင်ခဲ့သည့် စာတန်၏မဖော်ပြထားသောရည်ရွယ်ချက်ကား သူကိုယ်တိုင်ဘုရားတစ်ဆူဖြစ်ရန်တည်း။ ဧဝပြစ်မှားသောအခါ သူမသည် လူသားတို့တွင် သူ၏ပထမဦးဆုံးနောက်လိုက်ဖြစ်လာလေသည်။ မကြာမီ အာဒံပါ သူမနောက် လိုက်ပါခဲ့၏။ သူတို့သားသမီးအများစုသည်လည်း “အပြစ်ပါလျက်” မွေးဖွားလာရုံမက စာတန့်သြဇာကိုခံကြပြီး မကြာမီအချိန်တွင် စစ်မှန်သောဘုရားသခင်နှင့်ကင်းကွာသော ကမ္ဘာလောကကြီးတစ်ခုဖြစ်ပေါ်လာလေသည်။—ကမ္ဘာဦး ၆:၅; ဆာလံ ၅၁:၅။
၄။ (က) ဤလောက၏ဘုရားကား မည်သူနည်း။ (ခ) အဘယ်အရာကား အရေးတကြီးလိုအပ်နေသနည်း။
၄ ထိုကမ္ဘာလောကသည် ရေလွှမ်းမိုးချိန်တွင် ပျက်စီးသွားသည်။ (၂ ပေတရု ၃:၆) ရေလွှမ်းမိုးပြီးနောက် ယေဟောဝါနှင့်ကင်းကွာသော ဒုတိယကမ္ဘာလောကတစ်ခု ဖြစ်ပေါ်လာပြန်၍ ယင်းသည် ယနေ့တိုင်ရှိနေသည်။ ယင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “တစ်လောကလုံးသည် မာရ်နတ်၏လက်၌ရှိသည်။” (၁ ယောဟန် ၅:၁၉၊ သမ္မာ) ဤလောကသည် ယေဟောဝါပညတ်၏သဘောတရားနှင့် ဆိုလိုရင်းကို ပြစ်မှားခြင်းအားဖြင့် စာတန့်လိုရာအကျိုး ပြီးမြောက်စေသည်။ သူသည် ယင်း၏ဘုရားဖြစ်သည်။ (၂ ကောရိန္သု ၄:၄) သို့တိုင် သူသည် အမှန်အားဖြင့် စွမ်းဆောင်နိုင်မှုမရှိသောဘုရားဖြစ်သည်။ သူသည် လူတို့အား ပျော်ရွှင်ခြင်းသော်လည်းကောင်း၊ အသက်ရှင်ခြင်းသော်လည်းကောင်း မပေးနိုင်ပါ။ ယေဟောဝါသာလျှင် ထိုသို့ပြုနိုင်တော်မူသည်။ သို့ဖြစ်၍ အဓိပ္ပာယ်ပြည့်ဝသောအသက်တာနှင့် သာ၍ကောင်းသောကမ္ဘာရလိုသူများ ဦးဆုံးသိရှိရမည်ကား ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း၊ ထို့နောက် ကိုယ်တော့်အလိုတော်ကိုဆောင်ရွက်တတ်ရန်လိုကြောင်းဖြစ်သည်။ (ဆာလံ ၃၇:၁၈၊ ၂၇၊ ၂၈; ဒေသနာ ၁၂:၁၃) ထို့ကြောင့် ယုံကြည်သူယောက်ျားမိန်းမများသည် ယေဟောဝါအကြောင်း သက်သေခံရန် သို့မဟုတ် အမှန်တရားကိုကြေညာရန် အရေးတကြီးလိုအပ်နေသည်။
၅။ အဘယ် “များစွာသောသက်သေအပေါင်း” အကြောင်း ပေါလုဖော်ပြသနည်း။ စာရင်း၌ ပါဝင်သူအချို့၏အမည်ကို ဖော်ပြပါ။
၅ ဤလောကတည်သည်ကာလမှစ၍ ထိုသို့သစ္စာရှိသူများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင်ပေါ်ထွန်းခဲ့ကြပြီ။ တမန်တော်ပေါလုက ဟေဗြဲအခန်းကြီး ၁၁ တွင် ဤသူများ၏နာမည်စာရင်းရှည်ကြီးကိုဖော်ပြကာ သူတို့အား “ဤမျှလောက်များစွာသောသက်သေအပေါင်းတို့” ဟုခေါ်ထားသည်။ (ဟေဗြဲ ၁၂:၁) ပေါလု၏စာရင်းတွင် အာဒံနှင့်ဧဝ၏ ဒုတိယသား အာဗေလသည် ထိပ်ဆုံး၌ရှိသည်။ ရေလွှမ်းမမိုးမီအချိန်က ဧနောက်နှင့်နောဧတို့ကိုလည်းဖော်ပြထားသည်။ (ဟေဗြဲ ၁၁:၄၊ ၅၊ ၇) ဂျူးလူမျိုးတို့၏ဘိုးဘေး အာဗြဟံသည် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ‘ယေဟောဝါ၏အဆွေ’ ဟုအခေါ်ခံရသောအာဗြဟံသည် “သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ” ယေရှု၏ဘိုးဘေးဖြစ်လာပါသည်။—ယာကုပ် ၂:၂၃; ဗျာဒိတ် ၃:၁၄။
သမ္မာတရားကို အာဗြဟံသက်သေခံခြင်း
၆၊ ၇။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်းကို အာဗြဟံ၏အသက်တာဘဝနှင့် သူ၏အပြုအမူများသည် အဘယ်နည်းဖြင့်သက်သေခံသနည်း။
၆ အာဗြဟံသည် သက်သေခံတစ်ဦးအဖြစ် မည်သို့အမှုထမ်းသနည်း။ ယေဟောဝါအပေါ် ယုံကြည်ခြင်းခိုင်မြဲပြီး သစ္စာရှိရှိ နာခံမှုတင်ပြခြင်းအားဖြင့်ဖြစ်သည်။ ဥရမြို့ထဲကထွက်ပြီး ဝေးလံသောပြည်၌ သေသည့်တိုင်ရွှေ့ပြောင်းနေထိုင်ရန် မှာကြားခံရသောအခါ အာဗြဟံလိုက်နာခဲ့သည်။ (ကမ္ဘာဦး ၁၅:၇; တမန်တော် ၇:၂-၄) လှည့်လည်စခန်းချသော လူမျိုးနွယ်စုဝင်တို့သည်တစ်ခါတစ်ရံ သူတို့၏အိုးအိမ်မမြဲသောဘဝကိုစွန့်ပြီး လုံခြုံမှုပိုရှိသောမြို့တွင်းနေထိုင်မှုကို ရွေးချယ်ရန်ဆုံးဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အာဗြဟံသည် မြို့ထဲကထွက်ပြီး တဲရှင်ထိုး၍နေထိုင်ရန်ဆုံးဖြတ်ရာတွင် သူသည် ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း အခိုင်အလုံသက်သေထူသည်။ သူ၏နာခံမှုသည် ဘေးကမြင်သူများအတွက် သက်သေခံချက်ဖြစ်သည်။ အာဗြဟံ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါသည် သူ့အား များစွာကောင်းချီးပေးတော်မူခဲ့သည်။ တဲရှင်ထိုး၍ အာဗြဟံနေထိုင်ခဲ့သော်လည်း စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်လာသည်။ လောတနှင့်သူ၏အိမ်ထောင် ဖမ်းသွားခံရသောအခါ သူတို့ကိုလိုက်လံကယ်ဆယ်သော အာဗြဟံအား ယေဟောဝါသည် အောင်မြင်စေတော်မူခဲ့သည်။ အာဗြဟံ၏ဇနီးသည် အသက်ကြီးမှ သားဖွားသည်။ သို့ဖြင့် အာဗြဟံသည် မျိုးနွယ်ရမည်ဟူသော မိမိ၏ကတိတော်ကို ယေဟောဝါသေချာစေတော်မူခဲ့သည်။ ယေဟောဝါသည် ကတိတော်တည်သည့် အသက်ရှင်တော်မူထသောဘုရားသခင်ဖြစ်ကြောင်းကို အာဗြဟံမှတစ်ဆင့် လူအပေါင်းတို့သည် သဘောပေါက်နားလည်လာလေသည်။—ကမ္ဘာဦး ၁၂:၁-၃; ၁၄:၁၄-၁၆; ၂၁:၁-၇။
၇ လောတကိုကယ်ဆယ်ပြီး ပြန်လာသောအခါ “အမြင့်ဆုံးသောဘုရားသခင်သည်အာဗြံအားကောင်းချီးပေးတော်မူပါစေ” ဟုပြောပြီး ရှာလင်မြို့မှ (နောင်တွင် ယေရုရှလင်မြို့ဟုခေါ်) ဘုရင်မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုခဲ့သည်။ သောဒုံဘုရင်သည်လည်း သူ့ကိုကြိုဆို၍ သူ့အား လက်ဆောင်ပဏ္ဏာများ ပေးလိုခဲ့သည်။ သို့သော် အာဗြဟံလက်မခံပါ။ အဘယ်ကြောင့်နည်း။ သူ့အား ကောင်းချီးများပေးသနားတော်မူသောသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေအချာထင်ရှားစေလိုသောကြောင့်ဖြစ်သည်။ သူက ဤသို့ဆိုသည်– “မင်းကြီးသည် ‘အာဗြဟံကို ငါရတတ်စေပြီ’ ဟုပြောစရာမရှိစေခြင်းငှာ . . . မင်းကြီး၏ဥစ္စာ၊ အပ်ချည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဋ္ဌာန်ပြုပါပြီ။” (ကမ္ဘာဦး ၁၄:၁၇-၂၄) အာဗြဟံသည် မည်မျှမွန်မြတ်သော သက်သေခံတစ်ယောက်ပါတကား!
သက်သေခံများဖြစ်သည့် လူမျိုးတစ်မျိုး
၈။ ယေဟောဝါအပေါ် ကြီးမားသောယုံကြည်ခြင်းရှိကြောင်းကို မောရှေ မည်သို့တင်ပြသနည်း။
၈ ပေါလု၏ သက်သေခံများစာရင်းတွင် အာဗြဟံမှဆင်းသက်သူ မောရှေလည်း ပါဝင်သည်။ မောရှေသည် အီဂျစ်စည်းစိမ်ကိုစွန့်လွှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဣသရေလလူမျိုးကို လွတ်မြောက်စေရန် ထိုမဟာကမ္ဘာ့အာဏာစက်၏မင်းကို သတ္တိရှိရှိနှင့်ရင်ဆိုင်ခဲ့သည်။ ထိုသတ္တိကို သူအဘယ်မှရသနည်း။ သူ၏ယုံကြည်ခြင်းမှဖြစ်သည်။ ပေါလုက ဤသို့ဆိုသည်– “[မောရှေသည်] မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။” (ဟေဗြဲ ၁၁:၂၇) အီဂျစ်နိုင်ငံ၏ဘုရားများကို တွေ့မြင်နိုင်၊ ကိုင်တွယ်နိုင်သည်။ ယနေ့တိုင်အောင် ယင်းတို့၏ရုပ်ပုံများသည် လူတို့ကိုစွဲမှတ်စေသည်။ ယေဟောဝါမူကား မျက်မြင်မရဖြစ်သော်လည်း ထိုမှောက်မှားသောဘုရားအားလုံးတို့ထက် မောရှေအတွက် များစွာပို၍အမှန်တကယ်ပင်ဖြစ်တော်မူသည်။ မောရှေသည် ယေဟောဝါရှိတော်မူသည်ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုသူများကို ကိုယ်တော်အကျိုးပေးတော်မူမည်ကိုလည်းကောင်း သူလုံးဝသံသယမရှိပါ။ (ဟေဗြဲ ၁၁:၆) မောရှေသည် ထူးခြားစွာသက်သေခံသူတစ်ဦးဖြစ်လာလေသည်။
၉။ ဣသရေလလူမျိုးသည် ယေဟောဝါကို မည်သို့အမှုထမ်းကြရမည်နည်း။
၉ ဣသရေလလူမျိုးကို လွတ်မြောက်စေပြီးနောက် မောရှေသည် ယေဟောဝါနှင့် ယာကုပ်မှဆင်းသက်သောအာဗြဟံ၏အမျိုးအနွယ်တို့စပ်ကြားဖွဲ့သော ပဋိညာဉ်၏အာမခံဖြစ်ခဲ့သည်။ ယင်းကြောင့် ဣသရေလလူမျိုးသည် ယေဟောဝါ၏အထူးပိုင်ဆိုင်ရာအဖြစ် တည်ရှိလာလေသည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဤတွင် လူမျိုးချီ၍သက်သေခံချက်ကို ပထမအကြိမ် ပေးစရာအကြောင်းပေါ်ခဲ့သည်။ နောင်နှစ်ပေါင်း ၈၀၀ ခန့်တွင် ဟေရှာယမှတစ်ဆင့် ယေဟောဝါမိန့်တော်မူခဲ့သောစကားများသည် ထိုလူမျိုးစတည်ရှိချိန်ကတည်းက အခြေခံမူအရ သက်ဆိုင်သည်– “ထာဝရဘုရား မိန့်တော်မူသည်ကား၊ ‘သင်တို့သည် ငါ့ကိုသိမှတ်ယုံကြည်၍ ငါသည်မှန်ပြီဟု နားလည်မည်အကြောင်း ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။’” (ဟေရှာယ ၄၃:၁၀) ဤလူမျိုးသစ်သည် ယေဟောဝါ၏သက်သေများအဖြစ် မည်သို့အမှုထမ်းကြမည်နည်း။ သူတို့၏ယုံကြည်ခြင်းနှင့် နာခံမှုအပြင် သူတို့အကျိုးအတွက် ယေဟောဝါ၏ပြုမူစီရင်ချက်များအားဖြင့်ဖြစ်သည်။
၁၀။ ဣသရေလလူမျိုးအတွက် ယေဟောဝါပြုတော်မူသော များစွာသောတန်ခိုးတို့က အဘယ်နည်းဖြင့် သက်သေဖြစ်ပြီး အဘယ်အကျိုးရလဒ်ဖြစ်ပေါ်စေသနည်း။
၁၀ ဣသရေလလူမျိုး စတည်ရှိပြီး နှစ်ပေါင်း ၄၀ ခန့်အကြာတွင် သူတို့သည် ကတိထားရာပြည်ကို ဝင်သိမ်းဆည်းကြတော့မည်ဖြစ်သည်။ ယေရိခေါမြို့ကို ကင်းထောက်ရန် သူလျှိုများရောက်သွားပြီး ယေရိခေါမြို့သူ ရာခပ်က သူတို့ကိုကာကွယ်ပေးခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမက ဤသို့ဆိုသည်– “သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့်သြဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း အကျွန်ုပ်တို့ကြားရကြပြီ။ ထိုသတင်းကိုကြားသောအခါ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိအလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူကား သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက်ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ်မြေကြီး၌လည်းကောင်း အစိုးရသောဘုရားသခင်ဖြစ်တော်မူ၏။” (ယောရှု ၂:၁၀၊ ၁၁) ယေဟောဝါ၏များစွာသောတန်ခိုးနှင့်ဆိုင်သောသတင်းက ရာခပ်နှင့် သူမ၏မိသားစုအား ယေရိခေါမြို့နှင့် ယင်း၏မှားယွင်းသောဘုရားတို့ကို စွန့်စေပြီး ဣသရေလလူမျိုးနှင့်အတူ ယေဟောဝါကိုကိုးကွယ်ကြရန် လှုံ့ဆော်ပေးသည်။ ဤတွင် ဣသရေလလူမျိုးအားဖြင့် ယေဟောဝါသည် တန်ခိုးထက်မြက်စွာ သက်သေခံတော်မူခဲ့ကြောင်း ထင်ရှားသည်။—ယောရှု ၆:၂၅။
၁၁။ သက်သေခံခြင်းနှင့်ပတ်သက်၍ ဣသရေလအမျိုး မိဘအားလုံးတွင် အဘယ်တာဝန်ရှိသနည်း။
၁၁ ဣသရေလလူမျိုးသည် အီဂျစ်ပြည်တွင်ရှိနေစဉ်က မောရှေအား ဖာရောထံ ယေဟောဝါစေလွှတ်တော်မူ၍ ဤသို့မိန့်တော်မူသည်– “သင်သည် ဖာရောဘုရင်ထံသို့ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့ ၌ပြခြင်းငှာလည်းကောင်း၊ အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို သင်၏သားမြေးတို့အား ကြားပြောသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာလည်းကောင်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီ။” (ထွက်မြောက်ရာ ၁၀:၁၊ ၂) နာခံမှုရှိသောဣသရေလလူမျိုးတို့သည် သားသမီးများအား ယေဟောဝါ၏တန်ခိုးပါသောအမှုတော်များကို ပြောပြကြမည်။ သားသမီးများကလည်း သူတို့၏သားသမီးများကိုတစ်ဆင့် ထပ်မံပြောပြလိမ့်မည်။ ဤသို့ လူမျိုးတစ်ဆက်မှတစ်ဆက် ပြောပြကြမည်ဖြစ်သည်။ သို့ဖြင့် ယေဟောဝါ၏တန်ခိုးပါသောအမှုတော်များကို မှတ်မိနေကြမည်ဖြစ်သည်။ ယနေ့လည်း မိဘများသည် သားသမီးများကို သက်သေခံရန်တာဝန်ရှိသည်။—တရားဟောရာ ၆:၄-၇; သု. ၂၂:၆။
၁၂။ ရှောလမုန်မင်းကြီးနှင့် ဣသရေလလူမျိုးသည် ယေဟောဝါ၏ကောင်းချီးများကိုခံစားခဲ့ရခြင်းက မည်သို့သက်သေခံချက်ဖြစ်သနည်း။
၁၂ ဣသရေလလူမျိုးသည် သစ္စာရှိစဉ် ယေဟောဝါ၏ကောင်းချီးများကို ကြွယ်ဝစွာခံစားခဲ့ရခြင်းက ဝန်းကျင်ရှိလူမျိုးများအတွက် သက်သေခံချက်ဖြစ်ခဲ့သည်။ ယေဟောဝါကတိထားတော်မူသောကောင်းချီးများကို မောရှေပြန်ရေတွက်ပြပြီးနောက် ပြောသကဲ့သို့ပင်ဖြစ်သည်– “သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည်သိမြင်၍ သင့်ကိုကြောက်ရွံ့ ကြလိမ့်မည်။” (တရားဟောရာ ၂၈:၁၀) ရှောလမုန်သည် သူ၏ယုံကြည်ခြင်းကြောင့် ဉာဏ်ပညာနှင့်စည်းစိမ်ရခဲ့သည်။ သူ၏လက်ထက်တွင် လူမျိုးတစ်မျိုးလုံး ကြီးပွားပြီး ကြာမြင့်စွာငြိမ်းချမ်းမှုရရှိခဲ့သည်။ ထိုအချိန်ကာလအကြောင်း ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ရှောလမုန်မင်း၏ ပညာသတင်းကိုကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သောသူတို့သည် ပညာစကားတော်ကို နားထောင်ခြင်းငှာလာကြ၏။” (၃ ဓမ္မရာဇဝင် ၄:၂၅၊ ၂၉၊ ၃၀၊ ၃၄) ရှောလမုန်ကိုလာဖူးမြင်သူတို့တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးမှာ ရှေဘမိဖုရားဖြစ်သည်။ ယေဟောဝါ၏ကောင်းချီးကိုခံစားရသောလူမျိုးနှင့် ၎င်း၏ရှင်ဘုရင်ကို သူမဖူးမြင်ပြီးနောက် ဤသို့ဆိုသည်– “ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်အရာနှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလအမျိုးကိုချစ် . . . တော်မူပြီ။”—၂ ရာဇဝင်ချုပ် ၉:၈။
၁၃။ ဣသရေလလူမျိုး၏ အထိရောက်ဆုံးသက်သေခံချက်ကား အဘယ်အရာဖြစ်နိုင်သနည်း။ ၎င်း၏အကျိုးကျေးဇူးကို ယနေ့တိုင် ကျွန်ုပ်တို့မည်သို့ခံစားနေကြရသနည်း။
၁၃ ဣသရေလလူမျိုး၏ အထိရောက်ဆုံးသောသက်သေခံချက် ဖြစ်ကောင်းဖြစ်မည့်အရာကို တမန်တော်ပေါလုဖော်ပြသည်။ ဇာတိပကတိဣသရေလလူမျိုးအကြောင်း ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်နှင့်ဆွေးနွေးသောအခါ သူက ဤသို့ဆိုသည်– “ယုဒတို့သည် ဘုရားသခင်၏ဗျာဒိတ်တော်များကို ခံရကြ၏။” (ရောမ ၃:၁၊ ၂) မောရှေမှစတင်သည့် သစ္စာရှိဣသရေလလူမျိုးအချို့သည် ဣသရေလလူမျိုးနှင့် ယေဟောဝါ၏ဆက်ဆံရေးအကြောင်းကိုသာမက ကိုယ်တော်၏သြဝါဒစကားများ၊ ပညတ်တော်များနှင့် ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ရေးသားရန် ဝိညာဉ်တော်တိုက်တွန်းခြင်းခံခဲ့ကြရသည်။ ဤအရေးအသားများအားဖြင့် ဘုရားသခင်တစ်ဆူတည်းသာရှိကြောင်းနှင့် ကိုယ်တော်၏နာမတော်သည် ယေဟောဝါဖြစ်ကြောင်းကို ထိုရှေးခေတ်ကျမ်းတတ်များသည် ယနေ့ ကျွန်ုပ်တို့၏လူမျိုးဆက်ကိုပါအပါအဝင် လူမျိုးအဆက်ဆက်တို့အား သက်သေခံတော်မူခဲ့ပြီ။—ဒံယေလ ၁၂:၉; ၁ ပေတရု ၁:၁၀-၁၂။
၁၄။ ယေဟောဝါအတွက် သက်သေခံသူအချို့သည် အဘယ်ကြောင့် နှိပ်စက်ညှဉ်းဆဲခံခဲ့ကြရသနည်း။
၁၄ ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် မကြာခဏယုံကြည်ခြင်းမရှိဘဲဖြစ်ခဲ့ကြပြီး ထိုအခါ ယေဟောဝါသည် ကိုယ်တော်တိုင်၏လူမျိုးထံ သက်သေခံမည့်သူများကို စေလွှတ်တော်မူခဲ့ရသည်။ သူတို့များစွာသည် နှိပ်စက်ညှဉ်းဆဲခြင်းကို ခံခဲ့ကြရသည်။ အချို့တို့သည် “ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့် စုံစမ်းခြင်းကိုခံရကြ၏” ဟုပေါလုပြောသည်။ (ဟေဗြဲ ၁၁:၃၆) အမှန်ပင် သစ္စာရှိသောသက်သေခံများပါတကား! သူတို့ကိုနှိပ်စက်ကလူပြုသူများသည် များသောအားဖြင့် ယေဟောဝါရွေးချယ်ထားတော်မူသောလူမျိုးအဝင်ဖြစ်ခြင်းက ဝမ်းနည်းစရာပင်ဖြစ်သည်တကား! (မဿဲ ၂၃:၃၁၊ ၃၇) အမှန်မှာ၊ ထိုလူမျိုး၏အပြစ်သည် အလွန်ကြီးလေးလာသဖြင့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေဟောဝါသည် ဗိမာန်တော်နှင့်တကွ ယေရုရှလင်မြို့ကိုပါ ဗာဗုလုန်လူမျိုးအား ဝင်ရောက်ဖျက်ဆီးစေပြီး ကျန်ကြွင်းသောဣသရေလလူမျိုးအများစုကို ပြည်နှင်ခံစေတော်မူခဲ့သည်။ (ယေရမိ ၂၀:၄; ၂၁:၁၀) ယင်းကြောင့် လူမျိုးလိုက် ယေဟောဝါ၏နာမတော်ကို သက်သေခံခြင်း ရပ်စဲသွားသလော။ မရပ်စဲခဲ့ပါ။
ဘုရားများကို စုံစမ်းစစ်ဆေးခြင်း
၁၅။ ဗာဗုလုန်တွင်ပြည်နှင်ခံရစဉ်ပင် မည်သို့သက်သေခံခဲ့သနည်း။
၁၅ ဗာဗုလုန်တွင်ပြည်နှင်ခံရစဉ်ပင် ထိုလူမျိုးမှ သစ္စာရှိသူများသည် ယေဟောဝါ၏ဘုရားသခင်အဖြစ်နှင့် တန်ခိုးတော်အကြောင်းကို သက်သေမခံဘဲမနေကြပါ။ ဥပမာ၊ နေဗုခဒ်နေဇာ၏အိပ်မက်များကို ဒံယေလသည် ရဲရင့်စွာအနက်ပြန်ဆိုခဲ့သည်။ ဗေလရှာဇာအတွက် နံရံပေါ်စာသားကို အဓိပ္ပာယ်ရှင်းပြခဲ့သည်။ ဆုတောင်းခြင်းကိစ္စနှင့်ပတ်သက်၍ ဒါရိရှေ့တွင် အလျှော့ပေးလိုက်လျောရန် ငြင်းဆန်ခဲ့သည်။ ဟေဗြဲလူသုံးဦးတို့သည်လည်း ရုပ်တုရှေ့ဦးမညွတ်ဘဲနေခြင်းအားဖြင့် နေဗုခဒ်နေဇာကို အံ့ဖွယ်သရဲဖြစ်လောက်အောင် သက်သေခံခဲ့ကြသည်။—ဒံယေလ ၃:၁၃-၁၈; ၅:၁၃-၂၉; ၆:၄-၂၇။
၁၆။ ဣသရေလလူမျိုးသည် တိုင်းပြည်ရင်းသို့ ပြန်သွားမည်အကြောင်းကို ယေဟောဝါမည်သို့ကြိုတင်ဟောသနည်း။ ပြန်သွားရခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၁၆ သို့ဖြစ်စေကာမူ ဣသရေလနိုင်ငံတွင်ပင် လူမျိုးချီ၍သက်သေခံခြင်းပြန်ရှိရန် ယေဟောဝါရည်ရွယ်တော်မူသည်။ ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံရသောဂျူးများအလယ် ပရောဖက်ပြုသူယေဇကျေလသည် ပျက်ပြုန်းနေသောတိုင်းပြည်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏သဘောတော်ကို ရေးသားဖော်ပြခဲ့သည်– “သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ကို ငါပြန့်ပွားစေသဖြင့် သူတို့သည် မြို့များ၌နေ၍ ပျက်စီးသောအရပ်များကိုပြုပြင်ကြလိမ့်မည်။” (ယေဇကျေလ ၃၆:၁၀) ယင်းကို ယေဟောဝါအဘယ်ကြောင့်ပြုတော်မူမည်နည်း။ အဓိကအနေနှင့် ကိုယ်တော့်နာမတော်အတွက် သက်သေဖြစ်စေရန်တည်း။ ယေဇကျေလမှတစ်ဆင့် ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကိုငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့ မှာ ရှုတ်ချသောငါ၏နာမမြတ်ကိုသာ ထောက်၍ပြု၏။”—ယေဇကျေလ ၃၆:၂၂; ယေရမိ ၅၀:၂၈။
၁၇။ ဟေရှာယ ၄၃:၁၀ ၏ရှေ့နောက်စကားကား အဘယ်နည်း။
၁၇ ဣသရေလလူမျိုးသည် ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံရပြီးမှ ပြန်လာချိန်အကြောင်းကို ပရောဖက်ပြုရာတွင် ဣသရေလလူမျိုးသည် ယေဟောဝါ၏သက်သေဖြစ်ခဲ့ကြောင်း ဟေရှာယ ၄၃:၁၀ ပါစကားများကို ရေးသားရန် ပရောဖက်ဟေရှာယသည် ဝိညာဉ်တော်တိုက်တွန်းခြင်းခံခဲ့ရသည်။ ဟေရှာယ ၄၃ နှင့် ၄၄ တွင်ယေဟောဝါကို ဣသရေလလူမျိုး၏ ဖန်ဆင်းပြုပြင်တော်မူရှင်၊ ဘုရားသခင်၊ သန့်ရှင်းတော်မူသောအရှင်၊ ကယ်တင်ရှင်၊ ရွေးနုတ်သောသခင်နှင့် ရှင်ဘုရင်ဟူ၍ ဖော်ပြထားသည်။ (ဟေရှာယ ၄၃:၃၊ ၁၄၊ ၁၅; ၄၄:၂) ဣသရေလလူမျိုး ပြည်နှင်ခံရခြင်းသည် ယင်းကဲ့သို့ ဘုရားသခင်ကိုဂုဏ်တင်ရန် သူတို့ကြိမ်ဖန်များစွာပျက်ကွက်ခဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် သူတို့သည် ကိုယ်တော်၏လူမျိုးဖြစ်နေတုန်းပင်။ ယေဟောဝါက သူတို့အား ဤသို့မိန့်တော်မူခဲ့သည်– “မကြောက်နှင့်။ သင်ကို ငါရွေးနုတ်ပြီ။ နာမည်ဖြင့်ခေါ်ပြီ။ သင်သည် ငါနှင့်ဆိုင်၏။” (ဟေရှာယ ၄၃:၁၊ သမ္မာ) ဗာဗုလုန်နိုင်ငံတွင် ဣသရေလလူမျိုး ပြည်နှင်ခံရခြင်းသည် အဆုံးသတ်လိမ့်မည်။
၁၈။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို ဗာဗုလုန်နိုင်ငံမှ ဣသရေလလူမျိုး၏လွတ်မြောက်ရေးက မည်သို့သက်သေထူသနည်း။
၁၈ အမှန်မှာ ယေဟောဝါသည် ဗာဗုလုန်နိုင်ငံမှ ဣသရေလလူမျိုး၏လွတ်မြောက်ခြင်းကို ဘုရားများအား စုံစမ်းစစ်ဆေးခြင်းဖြစ်စေတော်မူခဲ့သည်။ လူမျိုးတို့၏ မှောက်မှားသောဘုရားများအား သူတို့၏သက်သေများကိုဖော်ထုတ်ရန် ကိုယ်တော်စိန်ခေါ်တော်မူသည်။ ဣသရေလလူမျိုးမူကား မိမိ၏သက်သေဖြစ်သည်ဟူ၍ ကိုယ်တော်ဖော်ပြတော်မူသည်။ (ဟေရှာယ ၄၃:၉၊ ၁၂) ဣသရေလလူမျိုးကို ကိုယ်တော်လွတ်မြောက်စေတော်မူသောအခါ ဗာဗုလုန်နိုင်ငံ၏ဘုရားများသည် ဘုရားများ လုံးဝမဟုတ်ကြောင်း၊ ကိုယ်တော်သာ တစ်ဆူတည်းသောဘုရားမှန်ဖြစ်တော်မူကြောင်း ထင်ရှားစေတော်မူသည်။ (ဟေရှာယ ၄၃:၁၄၊ ၁၅) ထိုသို့မဖြစ်ပျက်မီ နှစ်ပေါင်း ၂၀၀ ခန့်က ဂျူးတို့အားလွတ်မြောက်စေမည့် ကိုယ်တော်၏အစေအပါးသည် ပါရှန်းဘုရင် ကုရုမင်းဖြစ်မည်ဟု ဖော်ပြသောအခါ ကိုယ်တော်၏ ဘုရားသခင်အဖြစ်ကို ထပ်ဆင့်သက်သေထူတော်မူသည်။ (ဟေရှာယ ၄၄:၂၈) ဣသရေလလူမျိုးသည် လွတ်မြောက်ရလိမ့်မည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါက ဤသို့ရှင်းပြသည်– “ထိုလူမျိုး [ဣသရေလလူမျိုး] သည်ငါ၏ဂုဏ်ကျေးဇူးကိုပြရလိမ့်မည်။” (ဟေရှာယ ၄၃:၂၁) ယင်းက သက်သေခံရန်အတွက် အခွင့်အရေးထပ်မံရရှိစေဦးမည်ဖြစ်သည်။
၁၉။ ဣသရေလလူမျိုးအား ယေရုရှလင်မြို့သို့ ပြန်သွားရန် ကုရုမင်း၏ဖိတ်ကြားချက်နှင့် ပြန်သွားပြီးနောက် သစ္စာရှိဂျူးများ၏ အပြုအမူများက အဘယ်အကြောင်းအရာကိုသက်သေထူသနည်း။
၁၉ အချိန်ကျရောက်သည့်အခါ ပါရှန်းဘုရင် ကုရုမင်းသည် ပရောဖက်ပြုချက်ရှိသည်အတိုင်း ဗာဗုလုန်နိုင်ငံကို အောင်နိုင်ခဲ့သည်။ ကုရုသည် တိတ္တိကိုးကွယ်သူတစ်ဦးဖြစ်သော်လည်း ဗာဗုလုန်နိုင်ငံရှိ ဂျူးတို့အား မိန့်ကြားချက်ပြုရာတွင် ယေဟောဝါ၏ဘုရားအဖြစ်ကို သူကြွေးကြော်ခဲ့သည်– “သင်တို့တွင် ဘုရားသခင်၏လူ မည်သူမဆိုနှင့်အတူ မိမိ၏ဘုရားသခင်ရှိတော်မူပါစေသော။ ယုဒပြည်၊ ယေရုရှလင်မြို့သို့တက်သွား၍ ဣသရေလလူမျိုး၏ဘုရားသခင် ယေဟောဝါ၏အိမ်တော်ကိုတည်ဆောက်စေ။ ယေရုရှလင်မြို့၌ရှိတော်မူသောဘုရားသည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၏။” (ဧဇရ ၁:၃၊ ကဘ) ဂျူးမြောက်မြားစွာ လိုက်နာခဲ့ကြသည်။ သူတို့သည် ကတိထားရာပြည်သို့ ခရီးကြမ်းနှင်ပြီး ဗိမာန်တော်ဟောင်းရှိရာမြေနေရာတွင် ယဇ်ပလ္လင်တည်ဆောက်လေသည်။ စိတ်ဓာတ်ကျဆင်းမှုနှင့်ပြင်းထန်သော အတိုက်အခံများကြားတွင်ပင် ဗိမာန်တော်နှင့်တကွ ယေရုရှလင်မြို့ကိုပါ ပြီးစီးသည်အထိ ပြန်ဆောက်လုပ်နိုင်ခဲ့ကြသည်။ ဤအမှုအားလုံးတို့သည် ယေဟောဝါကိုယ်တော်တိုင်မိန့်တော်မူသကဲ့သို့ပင် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်” အမှန်ဖြစ်ပျက်ခဲ့သည်။ (ဇာခရိ ၄:၆) အထမြောက်ခဲ့သော ဤအမှုများက ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်းကို ထပ်ဆင့်သက်သေထူသည်။
၂၀။ ဣသရေလလူမျိုးသည် အားနည်းချက်များရှိလင့်ကစား ရှေးလောကတွင် ယေဟောဝါ၏နာမတော်ကိုသက်သေခံခြင်းနှင့်ပတ်သက်၍ ဘာပြောနိုင်သနည်း။
၂၀ သို့ဖြစ်၍ ဣသရေလလူမျိုးသည် တစ်ခါတစ်ရံ ပုန်ကန်တတ်သော မစုံလင်သူများဖြစ်သော်လည်း ယေဟောဝါသည် ၎င်းကို မိမိ၏သက်သေအဖြစ် ဆက်အသုံးပြုတော်မူခဲ့သည်။ ခရစ်ယာန်ခေတ်မတိုင်မီက ဗိမာန်တော်နှင့်တကွ ယဇ်ပုရောဟိတ်များရှိသော ထိုလူမျိုးသည် စစ်မှန်သောဝတ်ပြုရေး၏ ကမ္ဘာ့ဗဟိုဌာနဖြစ်ခဲ့သည်။ ဣသရေလအမျိုးနှင့်ပတ်သက်၍ ယေဟောဝါ၏စီရင်ချက်များအကြောင်းကို ဟေဗြဲကျမ်းစာစောင်များတွင် ဖတ်ရှုသူ မည်သူမဆိုသည် တစ်သဝေမတိမ်းသိရမည်ကား စစ်မှန်သောဘုရားသခင်တစ်ဆူတည်းသာရှိကြောင်းနှင့် ကိုယ်တော်၏နာမတော်သည် ယေဟောဝါဖြစ်ကြောင်းတည်း။ (တရားဟောရာ ၆:၄; ဇာခရိ ၁၄:၉) သို့ရာတွင် ယေဟောဝါ၏နာမတော်ကို ထိုထက်မက အကြီးအကျယ်သက်သေခံရဦးမည်ဖြစ်သည်။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြပါမည်။
သင်မှတ်မိသလော
◻ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်းကို အာဗြဟံ မည်သို့သက်သေခံသနည်း။
◻ မောရှေ၏ အဘယ်ထူးခြားသောအရည်အချင်းက သူ့အား သစ္စာရှိသက်သေခံတစ်ဦး ဖြစ်စေသနည်း။
◻ ဣသရေလလူမျိုးသည် အဘယ်နည်းများဖြင့် ယေဟောဝါကို လူမျိုးလိုက် သက်သေခံသနည်း။
◻ ယေဟောဝါသည် စစ်မှန်သည့် တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော်မူကြောင်းကို ဗာဗုလုန်နိုင်ငံမှ ဣသရေလလူမျိုး၏လွတ်မြောက်ခြင်းက မည်သို့သက်သေထင်ရှားပြသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာဗြဟံသည် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းအားဖြင့် ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်းကို ထူးခြားစွာသက်သေခံခဲ့သည်