ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၄/၁၅ စာ. ၉-၁၄
  • မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရင်၏အမျက်ကို” သူမကြောက်
  • ဘုရားသခင့်ကတိတွေကို သူယုံကြည်ခဲ့
  • အစ္စရေးလူတွေ ‘ပင်လယ်နီကို ဖြတ်သွားကြ’
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မောရှေ—ယုံကြည်ခြင်းခိုင်ခံ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင်သည် အစ္စရေးလူမျိုးကို ကျွန်ဘဝမှကယ်တင်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၄/၁၅ စာ. ၉-၁၄
၁။ အစ္စရေးလူတွေ တံခါးပေါက်တွေမှာ သွေးတွေကို သုတ်နေ; ၂။ မောရှေက မမြင်ရတဲ့အရှင်ကို မြင်ရသလို အာရုံစိုက်ပြီး ကြည့်နေ; ၃။ အီဂျစ်လူမျိုး အမေတစ်ယောက်က သေနေတဲ့သူ့သားကို ဖက်ထား

မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား

‘သူသည် မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ၏။’—ဟေဗြဲ ၁၁:၂၇။

“မမြင်ရသောအရှင်ကို မြင်ရ” တာက . . .

  • လူကို မကြောက်အောင် ဘယ်လိုကူညီပေးမလဲ။

  • အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ဖို့ ဘယ်လို အားပေးမှုဖြစ်စေ မလဲ။

  • ကြီးစွာသောဒုက္ခအတွင်းမှာ ဆက်သစ္စာရှိနေစေဖို့ ဘယ်လို ကူညီပေးမလဲ။

၁၊ ၂။ (က) မောရှေမှာ အန္တရာယ်ရှိတယ်လို့ ဘာကြောင့် ထင်ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) မောရှေက ဘာကြောင့် ဘုရင့်အမျက်ကို မကြောက်တာလဲ။

ဖာရောဟာ အာဏာရှိတဲ့အုပ်စိုးရှင်ဖြစ်တယ်၊ အီဂျစ်လူတွေက သူ့ကို ဘုရားတစ်ပါးလို ကိုးကွယ်ကြတယ်။ အီဂျစ်လူတွေရဲ့အမြင်မှာ ဖာရောရဲ့ “ဉာဏ်ပညာနဲ့ ဩဇာအာဏာ” က ရှိရှိသမျှလူသားအားလုံးထက် ပိုသာတယ်လို့ စာအုပ်တစ်အုပ် (When Egypt Ruled the East) မှာ ဖော်ပြထားတယ်။ ဖာရောဟာ အီဂျစ်လူတွေ သူ့ကို ကြောက်တာကို လိုချင်တယ်၊ ဒါကြောင့် လူတွေ သူ့ကို ကြောက်လန့်စေဖို့အတွက် ပါးပျဉ်းထောင်နေတဲ့မြွေဟောက်ရုပ်ပါတဲ့ သရဖူကို ဆောင်းထားတယ်။ အဲဒီမြွေဟောက်ရုပ်က ဘုရင်ကိုဆန့်ကျင်သူတွေဟာ ချက်ချင်းဖျက်ဆီးခံရမယ်လို့ သတိပေးနေတာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါက “မင်းကို ဖာရောဆီ ငါစေလွှတ်မယ်။ ငါ့လူမျိုးအစ္စရေးတွေကို အီဂျစ်ပြည်ကနေ မင်းခေါ်ထုတ်လာရမယ်” လို့ပြောတဲ့အခါ မောရှေ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။—ထွ. ၃:၁၀၊ ကဘ။

၂ မောရှေဟာ အီဂျစ်ပြည်ကိုသွားပြီး ဘုရားသခင်ပြောခိုင်းတဲ့စကားတွေကို ဖာရောကို ပြောပြခဲ့တယ်။ အဲဒါကိုကြားတဲ့အခါ ဖာရော အရမ်းဒေါသထွက်သွားတယ်။ အီဂျစ်ပြည်အပေါ် ဘေးဆိုးကိုးခု ကျရောက်ပြီးနောက်မှာ ဖာရောက မောရှေကို ဒေါသတကြီးနဲ့ “ငါ့ရှေ့မှာ ထပ်ပေါ်မလာနဲ့။ ပေါ်လာတဲ့နေ့ မင်းအသေပဲ” လို့ ပြောခဲ့တယ်။ (ထွ. ၁၀:၂၈၊ ကဘ) မောရှေဟာ ဖာရောရှေ့ကနေ ထွက်မသွားခင်မှာ ဘုရင်ရဲ့သားဦး သေရလိမ့်မယ်ဆိုပြီး ကြိုပြောခဲ့တယ်။ (ထွ. ၁၁:၄-၈) အဲဒီနောက်မှာ မောရှေဟာ အစ္စရေးမိသားစုတိုင်းကို ဆိတ် ဒါမှမဟုတ် သိုးထီးတစ်ကောင်ကိုသတ်ပြီး သွေးကို တံခါးပေါက်မှာသုတ်ဖို့ ပြောခဲ့တယ်။ သိုးထီးဆိုတာက အီဂျစ်ဘုရား ရာအတွက် မြင့်မြတ်တဲ့တိရစ္ဆာန်ဖြစ်တယ်။ (ထွ. ၁၂:၅-၇) ဖာရော ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ဖာရောရဲ့တုံ့ပြန်မှုကို မောရှေ မကြောက်ဘူး။ ဘာကြောင့် မကြောက်တာလဲဆိုတော့ မောရှေမှာ ယုံကြည်ခြင်းရှိပြီး ယေဟောဝါပြောတာကို နားထောင်ခဲ့လို့ပဲ။ သူဟာ ဘုရင့်အမျက်ကို မကြောက်ဘူး။ အကြောင်းကတော့ မမြင်ရတဲ့အရှင်ကို မြင်ရသလို ဆက်တည်ကြည်လို့ပဲ။—ဟေဗြဲ ၁၁:၂၇၊ ၂၈ ကိုဖတ်ပါ။

“ဘုရားသခင်ကို မြင်ရ” သလို ဖြစ်တဲ့အထိ သင့်ရဲ့ယုံကြည်ခြင်း ခိုင်ခံ့ပါသလား

၃။ မမြင်ရတဲ့အရှင်ကို မောရှေယုံကြည်တာနဲ့ ပတ်သက်ပြီး ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၃ “ဘုရားသခင်ကို မြင်ရ” သလိုဖြစ်တဲ့အထိ သင့်ရဲ့ယုံကြည်ခြင်း ခိုင်ခံ့ပါသလား။ (မ. ၅:၈) မမြင်ရတဲ့အရှင်ကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် မြင်ရတဲ့အထိ ယုံကြည်ခြင်းခိုင်ခံ့ဖို့အတွက် မောရှေရဲ့ပုံနမူနာကို ဆွေးနွေးကြည့်ကြစို့။ ယေဟောဝါကိုယုံကြည်ခြင်းက လူကိုမကြောက်အောင် မောရှေကို ဘယ်လို ကူညီပေးခဲ့သလဲ။ ဘုရားသခင့်ကတိတွေကို သူ တကယ်ယုံကြည်တယ်ဆိုတာ ဘယ်လိုပြသခဲ့သလဲ။ မောရှေနဲ့ သူ့လူမျိုး အန္တရာယ်ကြုံတွေ့နေရချိန်မှာ မမြင်ရတဲ့အရှင်ကို မြင်ရတာက မောရှေကို ဘယ်လို ခွန်အားရှိစေခဲ့သလဲ။

“ဘုရင်၏အမျက်ကို” သူမကြောက်

၄။ ယုံကြည်ခြင်းမရှိသူတွေက ဖာရောဆီ မောရှေသွားတာကို ဘယ်လိုထင်မလဲ။

၄ ယုံကြည်ခြင်းမရှိသူတွေကတော့ မောရှေက ဖာရောကို နိုင်မှာမဟုတ်ဘူးလို့ ထင်မှာပဲ။ မောရှေရဲ့အသက်နဲ့ အနာဂတ်က ဖာရောရဲ့လက်ထဲမှာ ရှိနေပုံပေါက်တယ်။ မောရှေကိုယ်တိုင်က “ဖာရောမင်းဆီသွားပြီး အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာဖို့ ကျွန်တော့်မှာ အစွမ်းအစမရှိပါဘူး” လို့ပြောခဲ့တယ်။ (ထွ. ၃:၁၁၊ ကဘ) လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်တုန်းက မောရှေဟာ အီဂျစ်ပြည်ကနေ ထွက်ပြေးခဲ့ရတယ်။ ‘ငါ အီဂျစ်ပြည်ကို ပြန်ပြီး ဘုရင့်ဒေါသကို သွားဆွတာက ပညာရှိရာရောက်ပါ့မလား’ လို့ သူစဉ်းစားမိနိုင်တယ်။

၅၊ ၆။ ဖာရောကို မဟုတ်ဘဲ ယေဟောဝါကိုကြောက်ဖို့ မောရှေကို ဘာက ကူညီပေးခဲ့သလဲ။

၅ မောရှေ အီဂျစ်ပြည်ကို ပြန်မသွားခင်မှာ ဘုရားသခင်က သူ့ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ အဲဒီသင်ခန်းစာကို နောက်ပိုင်းမှာ မောရှေက ယောဘကျမ်းမှာ ထည့်ရေးခဲ့တယ်။ အဲဒါကတော့ ‘ယေဟောဝါကို ကြောက်ရွံ့ခြင်းက ဉာဏ်ပညာပဲ’ ဆိုတဲ့အချက်ဖြစ်တယ်။ (ယောဘ ၂၈:၂၈) ယေဟောဝါကိုကြောက်ရွံ့ပြီး ပညာရှိရှိလုပ်ဆောင်နိုင်အောင် မောရှေကို ကူညီပေးရာမှာ ယေဟောဝါက မိမိနဲ့ လူသားတွေရဲ့ ကွာခြားမှုကို ဒီလိုဖော်ပြခဲ့တယ်– “လူ့နှုတ်ကို ဘယ်သူဖန်ဆင်းသလဲ။ ဆွံ့အသူ၊ နားမကြားသူ၊ မျက်စိမြင်သူ၊ မျက်စိမမြင်သူကို ဘယ်သူဖန်ဆင်းသလဲ။ ငါယေဟောဝါပဲ မဟုတ်လား။”—ထွ. ၄:၁၁၊ ကဘ။

ယေဟောဝါနဲ့ယှဉ်လိုက်ရင် ဖာရောမှာ ဘာတန်ခိုးမှမရှိပါဘူး

၆ သင်ခန်းစာက ဘာလဲ။ မောရှေကို စေလွှတ်သူက ယေဟောဝါဖြစ်တယ်၊ ဒါကြောင့် သူကြောက်ဖို့မလိုဘူး။ ဖာရောကို ဘုရားသခင့်သတင်းစကား ပြောပြဖို့ မောရှေကို ဘုရားသခင် တန်ခိုးပေးမှာဖြစ်တယ်။ ဒါ့အပြင် ဘုရားသခင့်ကျေးကျွန်တွေ အီဂျစ်ပြည်မှာ အန္တရာယ်ကြုံရတာ ဒါ ဦးဆုံးအကြိမ်မဟုတ်ဘူး။ အရင် ဖာရောဘုရင်တွေ လက်ထက်တုန်းက အာဗြဟံ၊ ယောသပ်နဲ့ သူကိုယ်တိုင်ကို ယေဟောဝါ ဘယ်လို ကာကွယ်ခဲ့တယ်ဆိုတာ မောရှေ ပြန်စဉ်းစားမိမှာပဲ။ ယေဟောဝါနဲ့ယှဉ်လိုက်ရင် ဖာရောမှာ ဘာတန်ခိုးမှမရှိပါဘူး။ (က. ၁၂:၁၇-၁၉; ၄၁:၁၄၊ ၃၉-၄၁; ထွ. ၁:၂၂-၂:၁၀) မောရှေဟာ မမြင်ရတဲ့အရှင်ကို မြင်တဲ့အတွက်ကြောင့် ဖာရောဆီကို သတ္တိရှိရှိသွားပြီး ယေဟောဝါပြောခိုင်းတာကို တစ်ခွန်းမကျန် ပြောပြခဲ့တယ်။

၇။ ယေဟောဝါကိုယုံကြည်ခြင်းက ညီအစ်မတစ်ယောက်ကို ဘယ်လို ကူညီပေးခဲ့သလဲ။

၇ ယေဟောဝါကိုယုံကြည်ခြင်းက လူကိုမကြောက်ဖို့ အယ်လာလို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ကို ကူညီပေးခဲ့တယ်။ သူဟာ ၁၉၄၉ ခုနှစ်တုန်းက အက်စတိုးနီးယားမှာ ကေဂျီဘီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ကေဂျီဘီတွေက ညီအစ်မရဲ့အဝတ်အစားအားလုံးကို ချွတ်လိုက်တယ်။ ရဲအရာရှိငယ်တွေက ညီအစ်မကို ပြူးတူးပြဲတဲ ဝိုင်းကြည့်ကြတယ်။ “ကျွန်မ အရမ်းရှက်သွားတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းပြီးနောက်မှာတော့ တဖြည်းဖြည်း စိတ်ငြိမ်သက်လာတယ်” လို့ သူပြောပြတယ်။ အဲဒီနောက်မှာ အယ်လာကို မှောင်မဲနေတဲ့အခန်းကျဉ်းထဲမှာ တစ်ယောက်ထဲ သုံးရက်ကြာ ထည့်ထားလိုက်တယ်။ “အရာရှိတွေက ‘အက်စတိုးနီးယားမှာ ယေဟောဝါဆိုတဲ့နာမည်ပျောက်သွားအောင် လုပ်ပစ်မယ်။ မင်းကို ချွေးတပ်စခန်းပို့ပစ်မယ်၊ တခြားသူတွေကို ဆိုက်ဘေးရီးယား ပို့ပစ်မယ်။ မင်းရဲ့ ယေဟောဝါ ဘယ်မှာလဲ’ ဆိုပြီး မခံချင်အောင် ပြောကြတယ်” လို့ သူပြောပြတယ်။ အယ်လာဟာ လူကိုကြောက်ခဲ့သလား၊ ဒါမှမဟုတ် ယေဟောဝါကို ယုံကြည်အားကိုးခဲ့သလား။ စစ်ဆေးမေးမြန်းခံရတဲ့အချိန်မှာ သူက မကြောက်မရွံ့ဘဲ ဒီလိုပြောခဲ့တယ်– “ဒီကိစ္စကို ကျွန်မ သေချာစဉ်းစားပြီးပြီ။ လွတ်မြောက်ပြီး ဘုရားသခင့်မျက်နှာသာ အဆုံးရှုံးခံမယ့်အစား ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းပြီး ထောင်ထဲမှာပဲနေမယ်။” အယ်လာအတွက် ယေဟောဝါဟာ သူ့ရှေ့မှာ ရပ်နေတဲ့ တကယ့်လူတစ်ယောက်လို ဖြစ်ခဲ့တယ်။ သူ့မှာ ယုံကြည်ခြင်းရှိတဲ့အတွက်ကြောင့် ယေဟောဝါအပေါ် ဆက်သစ္စာရှိခဲ့တယ်။

ဘုရားသခင်ကို ယုံကြည်တယ်ဆိုရင် လူကိုကြောက်တဲ့စိတ်ကို ဖယ်ရှားနိုင်ပါတယ်

၈၊ ၉။ (က) လူကိုကြောက်တဲ့စိတ်ကို ဖယ်ရှားဖို့ ဘာလုပ်ရမလဲ။ (ခ) လူကိုကြောက်တဲ့စိတ် ဝင်လာတဲ့အခါ ဘယ်သူ့ကို ရှင်းရှင်းလင်းလင်း မြင်ယောင်နေသင့်သလဲ။

၈ ယေဟောဝါကို ယုံကြည်တယ်ဆိုရင် ကြောက်စိတ်ကို ဖယ်ရှားနိုင်ပါတယ်။ ဘုရားသခင်ကို ဆက်ဝတ်မပြုဖို့ အာဏာပိုင်တွေက တားမြစ်တယ်ဆိုရင် ကိုယ့်အသက်နဲ့ အနာဂတ်က သူတို့လက်ထဲမှာ ရှိနေတဲ့ပုံပေါက်နေပါလိမ့်မယ်။ အဲဒီအခါ ‘ယေဟောဝါကို ဆက်ဝတ်ပြုတာ၊ အာဏာပိုင်တွေကို စိတ်ဆိုးအောင်လုပ်တာက တကယ်မှန်ကန်ရဲ့လား’ လို့ စဉ်းစားမိနိုင်တယ်။ ဒီအချက်ကို သတိရပါ– ဘုရားသခင်ကို ယုံကြည်တာက လူကိုကြောက်တဲ့စိတ်ကို ဖျောက်ဖျက်နိုင်ပါတယ်။ (သုတ္တံ ၂၉:၂၅ ကိုဖတ်ပါ။) ယေဟောဝါက “သေမျိုးဖြစ်တဲ့လူကို၊ မြက်စိမ်းလို ညှိုးနွမ်းသွားမယ့်လူသားကို သင်တို့ ဘာကြောင့် ကြောက်ရမှာလဲ” လို့ မေးတယ်။—ဟေရှာ. ၅၁:၁၂၊ ၁၃၊ ကဘ။

၉ အနန္တတန်ခိုးရှင်ဖခင်ကိုပဲ အမြဲ ရှင်းရှင်းလင်းလင်း မြင်ယောင်နေပါ။ မတရားဆက်ဆံခံရတဲ့သူတွေကို ကိုယ်တော် မြင်တယ်။ သူတို့ကို ကိုယ်တော် သနားကြင်နာပြီး ကူညီပေးတယ်။ (ထွ. ၃:၇-၁၀) အာဏာရှင်တွေအရှေ့မှာ သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ရမယ်ဆိုရင်တောင် ကျမ်းစာမှာ ဒီလိုပြောတယ်– “မည်သို့ပြောရမည်၊ အဘယ်အရာပြောရမည်ကို မစိုးရိမ်ကြနှင့်။ သင်တို့ပြောရမည့်စကားကို ထိုအချိန်နာရီတွင် သိကြရလိမ့်မည်။” (မ. ၁၀:၁၈-၂၀) လူ့အုပ်စိုးရှင်တွေမှာ ယေဟောဝါကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။ အခုချိန်မှာ ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ထားတယ်ဆိုရင် ယေဟောဝါဟာ သင့်ကိုကူညီဖို့ ထက်သန်တဲ့ တကယ့်ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

ဘုရားသခင့်ကတိတွေကို သူယုံကြည်ခဲ့

၁၀။ (က) ဘီစီ ၁၅၁၃၊ နိသန်လမှာ အစ္စရေးလူတွေကို ယေဟောဝါ ဘယ်ညွှန်ကြားချက်တွေ ပေးခဲ့သလဲ။ (ခ) ဘုရားသခင့်ညွှန်ကြားချက်တွေကို မောရှေ ဘာကြောင့် နာခံခဲ့သလဲ။

၁၀ ဘီစီ ၁၅၁၃၊ နိသန်လမှာ ယေဟောဝါက အစ္စရေးလူတွေကိုပြောဖို့ မောရှေနဲ့အာရုန်ကို ဒီလိုညွှန်ကြားခဲ့တယ်– အနာအဆာမရှိတဲ့ သိုးထီး ဒါမှမဟုတ် ဆိတ်ထီးတစ်ကောင်ကိုယူပြီး သတ်ရမယ်၊ ပြီးတဲ့နောက် သွေးကိုယူပြီး တံခါးပေါက်မှာ သုတ်ရမယ်။ (ထွ. ၁၂:၃-၇) အစ္စရေးလူတွေ အဲဒီလို တစ်ခါမှမလုပ်ဖူးပေမဲ့ ပေါလုက မောရှေရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ဖျက်ဆီးသောသူသည် ဘုရားသခင့်လူတို့၏သားဦးများကို မထိခိုက်စေရန် မောရှေသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကိုကျင်းပ၍ အသွေးကိုဖျန်းလေ၏။” (ဟေဗြဲ ၁၁:၂၈) ယေဟောဝါရဲ့ကတိတွေ တကယ်ပြည့်စုံလာမယ်၊ အီဂျစ်လူမျိုးရဲ့သားဦးတွေအားလုံး သေရမယ်ဆိုတာ မောရှေ ယုံကြည်ခဲ့တယ်။

၁၁။ မောရှေ ဘာကြောင့် တခြားသူတွေကို သတိပေးခဲ့သလဲ။

၁၁ မောရှေရဲ့သားတွေက မိဒျန်ပြည်မှာရှိနေလို့ အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ သူက တခြားအစ္စရေးမိသားစုတွေရဲ့ သားဦးတွေ “ဖျက်ဆီးသောသူ” ရဲ့အန္တရာယ်ကနေ ကာကွယ်ခံရဖို့ ဘုရားသခင်မိန့်မှာတဲ့အတိုင်း သူတို့ကို သတိပေးခဲ့တယ်။ (ထွ. ၁၈:၁-၆)a မောရှေဟာ အစ္စရေးအမျိုးသားချင်းတွေကို ချစ်တယ်။ အဲဒါကြောင့် “အစ္စရေးအကြီးအကဲတွေကို ချက်ချင်းခေါ်ပြီး . . . ‘ပသခါယဇ်ကောင်ကို သတ်ရမယ်’” လို့ပြောခဲ့တယ်။—ထွ. ၁၂:၂၁၊ ကဘ။

၁၂။ ဘယ်သတင်းကိုကြေညာဖို့ ယေဟောဝါ မိန့်မှာထားသလဲ။

၁၂ ယေဟောဝါရဲ့လူတွေဟာ ကောင်းကင်တမန်တွေရဲ့ အကူအညီနဲ့ အရေးကြီးတဲ့ ဒီသတင်းကို ကြေညာနေကြတယ်– “ဘုရားသခင်အား ကြောက်ရွံ့၍ ဘုန်းတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော် တရားစီရင်တော်မူရာအချိန် ကျရောက်ပြီ။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် စမ်းရေများကို ပြုလုပ်တော်မူသောအရှင်အား ကိုးကွယ်ကြလော့။” (ဗျာ. ၁၄:၇) အဲဒီသတင်းကို ကြေညာရမယ့်အချိန်က အခုအချိန်ပဲ။ လူတွေကို မဟာဗာဗုလုန်ဖြစ်တဲ့ အယူမှားဘာသာထဲကနေထွက်ဖို့ သတိပေးရမယ်၊ အဲဒါမှ ‘သူခံရမယ့်ကပ်ဘေးတွေကို’ လူတွေ မခံရမှာဖြစ်တယ်။ (ဗျာ. ၁၈:၄) “အခြားသိုး” တွေဟာ ဘိသိက်ခံခရစ်ယာန်တွေနဲ့ ပူးပေါင်းပြီး လူတွေကို ဘုရားသခင်နဲ့မိတ်ဖွဲ့ဖို့ အရေးတကြီး ဟောပြောနေတယ်။—ယော. ၁၀:၁၆; ၂ ကော. ၅:၂၀။

ကောင်းကင်တမန်တွေက ဖျက်ဆီးခြင်းလေကို ထိန်းထားတယ်ဆိုတာ မြင်ယောင်မိတဲ့အခါ ယေဟောဝါသက်သေတစ်ယောက် အမှုဆောင်ထွက်ဖို့ အသင့်ဖြစ်နေ

ယေဟောဝါကို ယုံကြည်တယ်ဆိုရင် သတင်းကောင်း ဟောပြောလိုတဲ့ဆန္ဒ ပိုပြင်းပြလာပါလိမ့်မယ် (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ သတင်းကောင်းဟောပြောလိုတဲ့ဆန္ဒ ပိုပြင်းပြလာအောင် ဘာက ကူညီပေးမလဲ။

၁၃ ‘တရားစီရင်ရာအချိန်’ မှာ အသက်ရှင်နေတယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ ယေဟောဝါပြောသလို ဟောပြောခြင်းလုပ်ငန်းက အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ ရူပါရုံတစ်ခုမှာ တမန်တော်ယောဟန်က ‘ကောင်းကင်တမန်လေးပါးဟာ မြေကြီးစွန်း လေးထောင့်ပေါ်ရပ်ပြီး မြေကြီးပေါ်၊ ပင်လယ်ပေါ်၊ ဘယ်သစ်ပင်ပေါ်မျှ လေမတိုက်စေဖို့ မြေကြီးရဲ့ လေးမျက်နှာလေတွေကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကိုမြင်’ ခဲ့တယ်။ (ဗျာ. ၇:၁) အဲဒီကောင်းကင်တမန်လေးပါးဟာ ဒီလောကအပေါ် ကြီးစွာသောဒုက္ခ ဖျက်ဆီးခြင်းလေကိုလွှတ်ဖို့ အသင့်ဖြစ်နေတာကို သင်မြင်ပါသလား။ အဲဒီကောင်းကင်တမန်တွေကို သင့်ရဲ့ယုံကြည်ခြင်းမျက်စိနဲ့ မြင်တယ်ဆိုရင် သတင်းကောင်းကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဟောပြောနိုင်ပါလိမ့်မယ်။

၁၄။ လူဆိုးကို ‘ဆိုးညစ်တဲ့လမ်းစဉ်ကနေ ပြန်လှည့်လာ’ ဖို့ ဘာကြောင့် သတိပေးချင်တာလဲ။

၁၄ ကျွန်ုပ်တို့မှာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ထာဝရအသက် မျှော်လင့်ချက်လည်း ရှိထားတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ လူဆိုးကို ‘ဆိုးညစ်တဲ့လမ်းစဉ်ကနေ ပြန်လှည့်လာပြီး အသက်ဆက်ရှင်နိုင်အောင် သတိပေး’ ပေးရမယ့်တာဝန်လည်း ရှိတယ်ဆိုတာ သိထားတယ်။ (ယေဇကျေလ ၃:၁၇–၁၉ ကိုဖတ်ပါ။) ဒါပေမဲ့ တာဝန်ရှိတာတစ်ခုတည်းကြောင့် ကျွန်ုပ်တို့ ဟောပြောကြတာမဟုတ်ပါဘူး။ ယေဟောဝါနဲ့ လူတွေကိုချစ်လို့ ဟောပြောတာဖြစ်တယ်။ ရှမာရိလူ ပုံဥပမာမှာ ယေရှုက မေတ္တာနဲ ကြင်နာမှုပြတာက အမှန်တကယ် ဘာကိုဆိုလိုသလဲဆိုတာ သင်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးနိုင်တယ်– ‘ငါက ရှမာရိလူနဲ့တူသလား၊ ဒါမှမဟုတ် ယဇ်ပုရောဟိတ်နဲ့၊ လေဝိလူနဲ့ တူသလား။ ငါ အမြဲ ဟောပြောချင်စိတ် ရှိသလား ဒါမှမဟုတ် ဆင်ခြေတွေပေးပြီး မဟောဘဲနေသလား။ (လု. ၁၀:၂၅-၃၇) ဘုရားသခင့်ကတိတွေကို ယုံကြည်တယ်၊ လူတွေကိုချစ်တယ်ဆိုရင် အချိန်မနှောင်းခင် လူတွေကို အတတ်နိုင်ဆုံးဟောပြောချင်စိတ် ရှိပါလိမ့်မယ်။

အစ္စရေးလူတွေ ‘ပင်လယ်နီကို ဖြတ်သွားကြ’

၁၅။ အစ္စရေးလူတွေဟာ လွတ်လမ်းမရှိတော့ဘူးလို့ ဘာကြောင့် ယူဆခဲ့ကြသလဲ။

၁၅ အစ္စရေးလူတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက်ပိုင်းမှာ အန္တရာယ်ကြုံတွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာ “မမြင်ရသောအရှင်” အပေါ်ထားရှိတဲ့ ယုံကြည်ခြင်းက မောရှေကို ကူညီပေးခဲ့တယ်။ “အီဂျစ်တွေ လိုက်မီလာတာကို အစ္စရေးတွေလှမ်းမြင်တဲ့အခါ ကြောက်လွန်းလို့ ယေဟောဝါဘုရားကို အော်ဟစ်အကူအညီ တောင်းကြတယ်” လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ထွ. ၁၄:၁၀-၁၂၊ ကဘ) အဲဒီလိုဖြစ်မယ်လို့ အစ္စရေးလူတွေ မျှော်လင့်ထားသင့်တယ်။ ယေဟောဝါက အခုလို ကြိုပြောပြီးသားပဲ– “ဖာရော ခေါင်းမာတာကို ငါခွင့်ပြုတဲ့အတွက် နောက်ကနေ သူလိုက်လာလိမ့်မယ်။ ဖာရောနဲ့ သူ့စစ်တပ်ကို ငါရှုံးနိမ့်စေမယ်။ ဒီနည်းနဲ့ ငါ့ဘုန်းကို ထင်ရှားစေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ အီဂျစ်တွေ ကောင်းကောင်းသိရလိမ့်မယ်။” (ထွ. ၁၄:၄၊ ကဘ) ယေဟောဝါ သတိပေးနေတဲ့ကြားက အစ္စရေးလူတွေဟာ ယုံကြည်ခြင်းမရှိကြဘူး။ သူတို့ရှေ့မှာ ပင်လယ်နီခံနေတာ၊ သူတို့နောက်မှာ ဖာရောရဲ့ စစ်ရထားတွေလိုက်လာတာ၊ အသက် ၈၀ ရှိတဲ့ သိုးထိန်းက သူတို့ကို ဦးဆောင်နေတာကိုပဲ မြင်နေကြတယ်။ သူတို့မှာ လွတ်လမ်းမရှိတော့ဘူးလို့ ယူဆခဲ့ကြတယ်။

၁၆။ ယုံကြည်ခြင်းက ပင်လယ်နီမှာ မောရှေကို ဘယ်လို အားရှိစေခဲ့သလဲ။

၁၆ မောရှေကတော့ မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခြင်းမျက်စိက ပင်လယ်နီ ဒါမှမဟုတ် ရန်သူထက် ပိုတန်ခိုးကြီးတဲ့အရာကို မြင်နေလို့ပဲ။ မောရှေဟာ ယေဟောဝါ ဘယ်လိုကယ်တင်မယ်ဆိုတာကို မြင်တွေ့နေတယ်၊ ကိုယ်တော်က အစ္စရေးလူတွေဘက်ကနေ တိုက်ခိုက်ပေးမယ်ဆိုတာ သူသိတယ်။ (ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄ ကိုဖတ်ပါ။) မောရှေရဲ့ယုံကြည်ခြင်းက ဘုရားသခင့်လူတွေကို အားရှိစေခဲ့တယ်။ ကျမ်းစာမှာ “သူတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေပြင်ကဲ့သို့ ဖြတ်သွားကြ၏။ ထိုသို့ဖြတ်သွားဝံ့သော အီဂျစ်လူတို့မူကား ရေနစ်သေဆုံးကြ၏” လို့ဖော်ပြထားတယ်။ (ဟေဗြဲ ၁၁:၂၉) အဲဒီနောက်မှာ လူတွေဟာ “ယေဟောဝါကို ကြောက်ရွံ့လာတယ်။ ယေဟောဝါနဲ့ ကျွန်မောရှေကို ယုံကြည်လာတယ်။”—ထွ. ၁၄:၃၁၊ ကဘ။

၁၇။ အနာဂတ်မှာ ဘယ်အဖြစ်အပျက်က ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို စမ်းသပ်မလဲ။

၁၇ မကြာခင်မှာ ကျွန်ုပ်တို့ဟာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရမယ့်ပုံရှိတယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ်ရောက်တဲ့အခါ အုပ်စိုးရှင်တွေက ကျွန်ုပ်တို့ထက်ပိုအင်အားများတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးပြီးသားဖြစ်ပါလိမ့်မယ်။ (ဗျာ. ၁၇:၁၆) ပရောဖက်ပြုချက်တစ်ခုမှာ ကျွန်ုပ်တို့ဟာ “အကာအကွယ်မဲ့နေတဲ့ရွာတွေ၊ . . . မြို့ရိုးတွေ၊ ကန့်လန့်တန်းတွေ၊ ဂိတ်တံခါးတွေ မရှိတဲ့ရွာတွေ” နဲ့တူနေလိမ့်မယ်လို့ ယေဟောဝါက ပြောတယ်ဆိုပြီး ဖော်ပြထားတယ်။ (ယေဇ. ၃၈:၁၀-၁၂၊ ကဘ၊ ယေဇ. ၃၈:၁၄-၁၆) ယေဟောဝါကို မယုံကြည်တဲ့သူတွေကတော့ ကျွန်ုပ်တို့မှာ လွတ်မြောက်နိုင်မယ့်အလားအလာ မရှိဘူးလို့ ထင်နေပါလိမ့်မယ်။ သင် ဘယ်လို တုံ့ပြန်မလဲ။

၁၈။ ကြီးစွာသောဒုက္ခအတွင်းမှာ ကျွန်ုပ်တို့ ဘာကြောင့် ဆက်သစ္စာရှိနိုင်သလဲဆိုတာ ရှင်းပြပါ။

၁၈ ကျွန်ုပ်တို့ ကြောက်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက မိမိရဲ့လူတွေ တိုက်ခိုက်ခံရမယ်၊ ဒါပေမဲ့ သူတို့ ကယ်တင်ခံရမယ်လို့ ကြိုပြောထားလို့ပဲ။ “အချုပ်အခြာအာဏာရှင် ယေဟောဝါ ဒီလိုပြောတယ်– ‘အစ္စရေးပြည်ကို ဂေါဂမင်း ကျူးကျော်တဲ့နေ့မှာ ငါ့ဒေါသမီးတွေ တဟုန်းဟုန်း တောက်လိမ့်မယ်။ ငါက မီးလိုတောက်လောင်တဲ့ဇွဲနဲ့ ဒေါသတကြီးပြောမယ်။’” (ယေဇ. ၃၈:၁၈-၂၃၊ ကဘ) ယေဟောဝါဟာ မိမိရဲ့လူမျိုးကို အန္တရာယ်ပြုချင်သူအားလုံးကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ‘ယေဟောဝါရဲ့ ကြောက်မက်ဖွယ်နေ့ကြီး’ အတွင်းမှာ ကိုယ်တော် ကာကွယ်မယ်လို့ ယုံကြည်တယ်ဆိုရင် သင်ဟာ ယေဟောဝါ ဘယ်လိုကယ်တင်မယ်ဆိုတာကို မြင်တွေ့နိုင်ပြီး ဆက်သစ္စာရှိနေနိုင်မှာဖြစ်တယ်။—ယောလ ၂:၃၁၊ ၃၂။

၁၉။ (က) ယေဟောဝါနဲ့ မောရှေ ဘယ်လောက်အထိ ရင်းနှီးသလဲ။ (ခ) “သင့်လမ်းစဉ်တိုင်းမှာ” ယေဟောဝါကို နာခံတယ်ဆိုရင် ဘာကောင်းချီးရမလဲ။

၁၉ “မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ” ခြင်းအားဖြင့် စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေအတွက် အခုကစပြီး ကြိုတင်ပြင်ဆင်ပါ။ မှန်မှန် လေ့လာခြင်း၊ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ပိုရင်းနှီးအောင်လုပ်ပါ။ မောရှေဟာ ယေဟောဝါနဲ့ ရင်းနှီးပြီး ကိုယ်တော့်အလိုတော် ပြည့်စုံဖို့အတွက် အံ့ဖွယ်နည်းနဲ့ အသုံးပြုခြင်းခံခဲ့ရတယ်။ အဲဒါကြောင့် ကျမ်းစာမှာ ယေဟောဝါက မောရှေကို “ရင်းရင်းနှီးနှီးသိကျွမ်း” တယ်လို့ ဖော်ပြထားတယ်။ (တရား. ၃၄:၁၀၊ ကဘ) မောရှေဟာ တကယ့်ကိုထူးခြားတဲ့ ပရောဖက်တစ်ယောက်ပါပဲ။ သင်လည်း ယုံကြည်ခြင်းရှိတယ်ဆိုရင် မောရှေလို ယေဟောဝါနဲ့ရင်းနှီးပြီး ကိုယ်တော့်ကို တကယ်မြင်တွေ့ရသလို ဖြစ်ပါလိမ့်မယ်။ “သင့်လမ်းစဉ်တိုင်းမှာ” ကိုယ်တော့်ကို နာခံတယ်ဆိုရင် “သင့်လမ်းတွေကို ကိုယ်တော် ဖြောင့်ဖြူးစေလိမ့်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်၊ ဆိုလိုတာက ကိုယ်တော် သင့်ကို ကောင်းချီးပေးမယ်၊ လမ်းညွှန်မယ်။—သု. ၃:၆၊ ကဘ။

a ယေဟောဝါဟာ အီဂျစ်သားဦးတွေကိုသတ်ဖို့ ကောင်းကင်တမန်တွေကို စေလွှတ်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။—ဆာ. ၇၈:၄၉-၅၁။

စကားလုံး တချို့ရဲ့ အဓိပ္ပာယ်

  • လူကိုကြောက်ရွံ့ခြင်း– ယေဟောဝါရဲ့အမှုဆောင်နေလို့ လူတွေ သင့်ကို ဘယ်လိုထင်မလဲ၊ သင့်ကို ဘာများလုပ်မလဲဆိုတာကို ကြောက်ရွံ့ခြင်း

  • “မမြင်ရသောအရှင်ကို မြင်ရ” ခြင်း– ယေဟောဝါဟာ ကျွန်ုပ်တို့ကို ကူညီပေးလိုတဲ့ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာကို သိနားလည်ခြင်း၊ ကိုယ်တော့်ကတိတွေအားလုံး ပြည့်စုံလာမယ်ဆိုတာကို သတိရနေခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ